လက်ထပ်စာချုပ် နဲ့ မြို့
သိပ်တော့မဆိုင်သလို ထင်ရပေမယ့် ယောက်မ ပို့စ် ကွန်မန့်တွေ ရေးရင်း ကျင်လည်ကြီးပြင်းခဲ့ရာ အတွေ့အကြုံတွေကလည်း ခံစားမှုကို လွှမ်းမိုးပြုပြင်တယ်လို့ ဆက်တွေးမိတယ်။ (အမှန်တော့ ပြောဖြစ်တာက အနုပညာ ဘာညာကွိကွ အကြောင်းပါ)
အလယ်တန်းလောက်မှာ bestseller စာရေးသူတစ်ယောက်ရဲ့ ဝတ္ထုတအုပ် ကျောင်းပိတ်ရက် အိမ်ပြန်ချိန်မှာ ဖတ်မိတယ်။ ၇ တန်း၊ ၈ တန်း ဖြစ်မှာပါပဲ။ အကြောင်းအရာက အမျိုးသားဇာတ်ကောင်က ငယ်ငယ်ကတည်းက စည်းတွေဘောင်တွေကြားမှာ ကြီးခဲ့ရလို့၊ လူလားမြောက်တော့ လူ့လောက က စည်းဘောင်တွေကြားမှာကို မနေတော့ဘူး ဆိုတာမျိုး စထားတယ်။
နောက် ကောင်မလေးနဲ့ ချစ်သူဖြစ်၊ မိန်းကလေးဘက်က သဘောမတူ၊ နှစ်ဦးသဘောတူ လက်ထပ်ကြမယ်ဆိုတော့ စာချုပ်တွေ မလိုဘူးလို့ သူ (အမျိုးသားဇာတ်ကောင်) က ဆိုတယ်။ သူက ချုပ်ချယ်တာတွေ၊ စည်းတားတာတွေ မကြိုက်သူမို့၊ သူ့ကိုချစ်ရင် သူ့ကိုယုံရင် သူတို့ကြားမှာ စာချုပ်ဆိုတာ မလိုဘူးလို့ ဆိုတယ်။ (စာချုပ်ဆိုတာ ချုပ်နှောင်တာအပြင်၊ ယုံကြည်မှု မရှိကြလို့သာ လိုတဲ့အရာလို့ သူက ယူဆပုံမျိုး ရေးထားတယ်)။ လိုရင်းကတော့ ဒါနဲ့ပဲ သူတို့နှစ်ယောက် ကွဲရော။
စာရေးသူက လူနှစ်ယောက် လက်ထပ်တာမှာ စာချုပ်ကိစ္စကို အလေးပေးရေးတာလည်း သူ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံအရ ဖြစ်မှာပဲ။ ဇာတ်ကြောင်းကလည်း ဇာတ်ကောင်ရဲ့ ငယ်ငယ်က အတွေ့အကြုံတွေနဲ့ သူ ကြီးပြင်းအရွယ်ရောက်လာတော့ အဲဒါတွေရဲ့ လွှမ်းမိုးမှုအရ တုန့်ပြန်ပုံကို ရေးထားတဲ့သဘောလို ဖြစ်နေပြန်တယ်။
ကိုယ့်အနေနဲ့ ကြိုက်တာ မကြိုက်တာထက် (ကိုယ်ပိုင်အတွေ့အကြုံနဲ့ လွှမ်းမိုးခံခဲ့ရတာတွေအရ ပြောရမယ်ဆိုရင်) ဇာတ်ကောင်မိန်းကလေးအတွက် လန့် လောက်စရာဖြစ်သွားတဲ့ ဇာတ်ကောင်အမျိုးသားရဲ့ လက်ထပ်စာချုပ်နဲ့ဆိုင်တဲ့ အတွေးအခေါ် (စာရေးသူက လက်ထပ်စာချုပ်ဆိုတာကိုပဲ အထူးသဖြင့် ပြောသွားတယ်) က ကိုယ် ဖတ်တော့ ဘာမှမဟုတ်ဘူး။ (ကိုယ့် ခံစားမှုကို ဘာမှ မသက်ရောက်စေလိုက်ဘူး)။
(တကယ် ရေးချင်တာက ဖတ်ဖူးတဲ့ အဲဒီဝတ္ထုကြောင်းလည်း မဟုတ်၊ ကိုယ့်အယူအဆကြောင်းလည်း မဟုတ်၊ အနုပညာကြောင်းလည်း မဟုတ်၊ ငယ်ဘဝနဲ့ လွှမ်းမိုးခံရတာလည်း မဟုတ်။ တကယ် ရေးချင်တဲ့ အကြောင်းက ခဏနေမှ လာမှာ။ ရေးလက်စနဲ့ အတွေးတွေနောက်လိုက်ပြီး ဆက်ရေးလိုက်ဦးမယ်)
ဂျူး ဝတ္ထုတိုတွေကို နားလည်နိုင်စွမ်း မရှိခင်မှာပဲ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည်တယ်။ အဲဒါကလည်း အတွေ့အကြုံက ခံစားမှုကို လွှမ်းမိုးလို့ပါပဲ။ ခုချိန်မှာ ပြန်တွေးမိတာတစ်ခုလည်း ရှိတယ်။ ဂျူး ဟာ အညာမှာ ကြီးပြင်းခဲ့ရလို့ကို အဲဒီဝတ္ထုကို အဲဒီတင်ပြပုံနဲ့ ရေးဖြစ်တာ။ မဟုတ်ရင် အဲဒီ ဝတ္ထုရဲ့ presentation က တခြား တပုံစံ ဖြစ်ကောင်းဖြစ်နေမှာပဲ ဆိုတာ... (ဟုတ် မဟုတ်ကတော့ စမ်းကြည့်လို့မရဘူး။ အထင်အမြင်တွေပါပဲ။ အနုပညာဖြစ်နေတာကိုး)
အဲလိုပဲ။ ကိုယ်လည်း ကိုယ် ကြီးပြင်းထိတွေ့လာရတဲ့ ပတ်ဝန်းကျင်ကြောင့် အထက်က ဘတ်ဆဲလားစာရေးသူ အဲဒီဝတ္ထုကို ရေးသလို ရေးနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် လက်ထပ်စာချုပ် ကိစ္စကို ဘယ်လိုမှ သူတွေးသလိုတွေးပြီး သူရေးသလို ရေးဖြစ်မှာမဟုတ်ဘူး။ အဲဒီဝတ္ထုကို ဖတ်တဲ့အခါမှာလည်း တလျှောက်လုံး သယ်လာတဲ့ ဇာတ်ကောင်စရိုက်က စာရေးသူ အထူးသဖြင့်ပြောသွားတဲ့ လက်ထပ်စာချုပ် ကိစ္စအရောက်မှာ ကိုယ့်အတွက် nothing ပဲ ဖြစ်သွားပြီ။
10 တန်းရောက်တော့ ရန်ကုန်ရောက်ပြီ။ 10 တန်းမှာ အတော် ခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ အဲဒီ စာအုပ်အကြောင်း ပြောဖြစ်ကြတယ်။ အဲဒီ ဘတ်ဆဲလားစာရေးသူ ပစ်တဲ့ အချက်က သူ့ကိုတော့ ထိတယ်။ လက်ထပ်စာချုပ်ဆိုတာကြောင့် ဇာတ်ကောင်စရိုက်က သူ့ခံစားမှုမှာ တိမ်းစောင်းမသွားဘူး။ အဲလိုသာ စာချုပ်မချုပ်ချင်တဲ့ လူတယောက်နဲ့များ သူ တွေ့ရရင် ဒုက္ခပါပဲ ဆိုတာမျိုးထိ သူ ခံစားရပုံပဲ။ (တကယ်တော့ အကြားအမြင်လည်း မများတဲ့ အရွယ်တွေမို့လို့ပါ)
***
ခုတလော ဒေါက်တာ ခင်မောင်ဝင်း အညာကြောင်းရေးတဲ့ ဆောင်းပါးတွေ ဖတ်ရရင် သိပ်ကြိုက်တာပဲ။ အညာမို့လို့ဆိုတာမျိုး မဟုတ်ဘဲနဲ့ကို သူ စာရေးပုံ၊ အကြောင်းအရာတွေကို ကြိုက်တာမျိုးပါပဲ။
အဲဒီမတိုင်ခင်တည်းက မြို့အကြောင်းရေးဦးမှလို့ တွေးနေမိတာ။ သူ့ဆောင်းပါးတွေ ဖတ်ရတဲ့အခါတိုင်း ကိုယ်သိတာတွေလည်း ချရေးထားဦးမှလို့ ခဏခဏ တွေးမိတယ်။ တွေးသာတွေးတာ၊ သိတာကလည်း ဘာမှ မရှိဘူး။ သိအောင် အားထုတ်ချင်စိတ်ကို မရှိတာ ဆိုရင် ပိုမှန်မယ်။ နှစ်တိုင်း မြို့ကိုပြန်ဖြစ်တယ် ဆိုပေမယ့် ပြန်သွားတဲ့ တခဏမှာ စားဖို့၊ အိပ်ဖို့၊ စာဖတ်ဖို့၊ သူငယ်ချင်းဟောင်းတွေနဲ့ လည်ဖို့ ပတ်ဖို့လောက်ပဲ ဆိုတော့ သိသမျှတောင် မေ့ကုန်ပြီ။ မသေချာတဲ့ အချက်အလက်တွေ မေးမယ်ဆိုတာမျိုးတောင်မှ မလုပ်ဖြစ်ဘူး။
ဒါပေမဲ့ မြို့အကြောင်းကို ရေးဦးမှ လို့ စဉ်းစားတိုင်းမှာ လက်ထပ်စာချုပ်ကိစ္စနဲ့အတူ ဖတ်ခဲ့ဖူးတဲ့ အဲဒီစာအုပ်ရယ်၊ စာတအုပ်တည်းဖတ်ပြီး တုန့်ပြန် ခံစားရပုံချင်းမတူတဲ့ 10 တန်းတုန်းက သူငယ်ချင်းရယ် အရင်ဆုံး အတွေးထဲ ဝင်လာတယ်။
"ဖေဖေနဲ့ မေမေမှာလည်း လက်ထပ်စာချုပ်မရှိဘူး" လို့ ကိုယ်ပြောတော့ အဲဒီ သူငယ်ချင်းက အင်မတန် အံ့သြတယ်။
ကိုယ် ကျင်လည်ကြီးပြင်းခဲ့ရုံတင်မက ဆင်းသက်လာတဲ့မြို့လို့ ဆိုနိုင်ပေမယ့် မသိတာတွေ၊ အမှတ်တမဲ့နေခဲ့တာတွေ၊ နီးလွန်းလို့ ဝါးသွားတာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ခုတော့ သေချာသိတယ်။ မြို့မှာ လက်ထပ်တယ်၊ မင်္ဂလာဆောင်တယ် ဆိုတာကို ဘယ်လိုပုံစံနဲ့ပဲ လုပ်လုပ် ရုံးတက်လက်မှတ်ထိုးပြီး စာချုပ်ချုပ်တာတော့ ဘယ်သူ့မှာမှ ထုံးစံမရှိဘူး။
လွန်ခဲ့တဲ့ အနှစ် 30 လောက်ကဆို ဖိတ်စာမှာ သတို့သား၊ သတို့သမီး ဘာဘွဲ့ရရ ထည့်လည်း မရိုက်ကြဘူး။ ထည့်ရိုက်ရင်လည်း အတော်ကို ကြောင်တဲ့ကိစ္စ ဖြစ်သွားမှာပဲ။ အဲလိုပြောရင် ခေတ်အခါနဲ့ အနေအထားကို သေချာမသိရတဲ့သူ၊ နယ်မှာ မကြီးပြင်းဖူးတဲ့သူတွေက ကြောင်တယ်ဆိုတာကို ခံစားလို့ ရချင်မှ ရမှာ။
အညာက မြို့နယ်အဆင့် မြို့ကလေးမှာ တသက်လုံး မွေးစကနေ သေသည်ထိ ဒီလူ ဒီလူ၊ ဒီပတ်ဝန်းကျင် ဒီပတ်ဝန်းကျင်၊ မြို့တောင်ဖျားက လူတစ်ယောက်နာမည် ပြောလိုက်တာနဲ့ မြောက်ဖျားကရော၊ အရှေ့ဖျား အနောက်ဖျားကရော၊ မြို့လယ်ကောင်ကရော အားလုံးသိတဲ့ အပြင်၊ အဲဒီလူတင်မက အဲဒီလူရဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ပါ ရာဇဝင်ကြောင်းနဲ့တကွ အကုန်အစင်သိနိုင်လောက်တယ်။ အနှစ် 20/30 လောက် နီးနီးနားနားနေလာတဲ့ မှတ်ဉာဏ်လည်းကောင်းတဲ့ ရပ်ဆွေရပ်မျိုးတယောက်ယောက်ကို မေးလိုက်မိလို့ကတော့ မူလတန်းတုန်းက ဘာဖြစ်တာ၊ အလယ်တန်းတုန်းက ဘာဖြစ်တာကစ အသေးစိတ်တောင် ပြောပြနိုင်လိမ့်မယ် ထင်တယ်။
အဲဒီလိုအနေအထားမျိုးမှာ လက်ထပ်ထိမ်းမြားတော့မယ့် လူနှစ်ယောက်အတွက် နှစ်ပေါင်းများစွာ သိမှတ်ကျွမ်းဝင်လာတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူအများထက် ပိုပြီး၊ စာချုပ်စာတမ်းပေါ်က စာလုံးတွေက အရေးမပါနိုင်ဘူးဆိုတာ အံ့သြစရာတော့ မရှိဘူး။
***
နှစ်တွေ ကြာလာတော့လည်း တချို့ကိစ္စတွေ ပြောင်းလဲကုန်ပြီ။
မင်္ဂလာဆောင်ဖိတ်စာတွေ ကြည့်လိုက်ရင်၊ နောက်က အမြီးတွေ မထည့်မဖြစ် ထည့်လာကြပြီ။ ဟိုးတနှစ်ဆီက အိမ်ပြန်တုန်းမှာ ကိုယ့် မောင်ဝမ်းကွဲတယောက် ဘာတက်နေတယ်ဆိုတာ ကိုယ့် သူငယ်ချင်း အရင်းခေါက်ခေါက်တယောက်က ကိုယ်နဲ့တွေ့မှ မေးရင်း ပြောရင်းနဲ့ သိပြီး တအံ့တသြ ဖြစ်သွားတာလည်း ကြုံဖူးတယ်။ 10 တန်းအောင်တယ်၊ တက္ကသိုလ်တက်တယ်ဆိုတာလည်း ထူးခြားဖြစ်စဉ်မှ မဟုတ်တော့တာလေ။ ဘယ်သူ ဘယ်နှစ်က ဘယ်လိုအောင်လို့၊ ဘာကျောင်းတက်ပြီး ဘာနဲ့ပြီးသွားတယ်ဆိုတာ တော်ရုံမသိကြတော့ဘူး။
မနှစ်ကတော့ အညာကို ရောက်တုန်း ကိုယ့် 3rd cousin နဲ့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းကို မေးကြည့်မိတယ်။ နင်တို့ မင်္ဂလာဆောင်တော့ လက်ထပ်စာချုပ်ချုပ်သလားလို့။ သူက ပြောတယ်။ "ထုံးစံမရှိတာတွေ... ဒီလူနဲ့ ဒီလူ ဘာစာချုပ် ချုပ်စရာလိုသလဲ" တဲ့။
***
အထက်မှာ ပြောခဲ့တဲ့ဝတ္ထုက ပစ်သွားတဲ့အချက် ကိုယ့်ကို မထိတာလည်း အံ့သြစရာ မရှိဘူးပေါ့။
***
(မှတ်ချက် - နယ်မြို့တော်တော်များများ အဲဒီတိုင်းပဲလို့ ထင်ပါတယ်)
ဖတ်မိတာလေး
Showing posts with label အညာ. Show all posts

Tuesday, January 4, 2011
Wednesday, June 23, 2010
သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့
သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့
မြစ်လို့ စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ အရင်းနှီးဆုံး ပေါ်လာတာက သလ္လာဝတီ။ အဲဒီမြစ်ရဲ့ တောင်ဘက်ကမ်းကတော့ ကိုယ်တို့မြို့ပေါ့။ အဝေးပြေးကားလမ်းမမှာ မတည်ရှိတဲ့ မြို့တွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျတဲ့ မြို့ကလေး။
တမြို့လုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ စီးဆင်းပို့ဆောင်မှု အများစုကလည်း မြစ်ပေါ်မှာ တည်မှီပြန်တယ်။ ဟိုးအရင်ကတော့ အညာက လူတွေရဲ့ ထုံးစံ ပိုက်ဆံ ဘယ်လောက်ရှိလည်းပဲ ကိုယ်ပိုင်ကားကို ဇိမ်ခံစီးလေ့ မရှိကြ၊ ကုန်းတွင်းပိုင်းကျတဲ့ မြို့ကလေးရဲ့ ထုံးစံအတိုင်း ကားလမ်းနဲ့ လိုင်းကားတွေကလည်း မကောင်းလှတော့ ခရီးသွားရင်လည်း မြစ်ကိုပဲ အားထားကြတယ်။ ဒီတော့ မြစ်ကမ်းနားတလျှောက်က ကုန်စည်အဝင်အထွက်ရယ်၊ ခရီးသွားတွေရယ်နဲ့ မြို့ရဲ့ တခြား အစိတ်အပိုင်းတွေထက် စည်ကားတယ်။
မြစ်ကမ်းနဲ့ နီးတဲ့ ရပ်ကွက်က မြို့မရပ်လို့ အမည်တွင်တယ်။ နောက်တော့ မြို့မှာ မီးအကြီးအကျယ်လောင်တော့ ပြောင်းကြ ရွှေ့ကြရင်းနဲ့ လောလောဆယ် မြို့လည်ကျတဲ့ အပိုင်းက လူနေပိုများလာပြန်တယ်။ ကျေးဇူးတင်စရာတစ်ခုက မြို့ရဲ့ စီးပွားရေးတွေက မြစ်ပေါ်မှာ တည်မှီနေတာကြောင့်၊ တနည်းအားဖြင့် အဲဒီအချိန်မှာ မြစ်ပြင်ပေါ် ရောက်နေတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ခပ်မြန်မြန် နလန်ပြန်ထူနိုင်ခဲ့ကြတာပါပဲ။
ငယ်ငယ်ကတော့ ကိုယ်တို့ ပြောင်းနေပြီ ဖြစ်တဲ့ မြို့လည်ခေါင်မှာ ကတ္တရာလမ်း အပြည့်ခင်းပြီး၊ လမ်းမခင်းရသေးဘဲ မြေလမ်းပဲ အများစု ရှိနေသေးတဲ့ မြစ်ကမ်းနံဘေးက မြို့မရပ်ထဲ သွားရတဲ့အခါ ကိုယ်က ဒီဘက်က လမ်းတွေက မကောင်းဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီအခါတိုင်း မေမေက အရင်ကဆို ဒီအပိုင်းကမှ အစည်ကားဆုံးအပိုင်း၊ မြို့မပိုင်း၊ မီးလောင်ပြီးတဲ့နောက် လူတွေ ပြောင်းရွှေ့ကုန်ကြလို့သာ စိတ္တသုခတို့၊ ရန်ကင်းတို့ဆိုတာ ဖြစ်လာတာ။ အရင်ကဆို အဲဒီနေရာတွေ ဘာမှတောင် မရှိဘူး လို့ ပြန်ပြောတတ်တယ်။ သူက မြို့မရပ်သူကိုး။
အညာကလူတွေဟာ ဘာမဟုတ်တာလဲပဲ အစွဲကို ကြီးတယ်။ ပထမတော့ စိတ်ထဲမှာ ဘာမှ မရှိဘဲ ရိုးရိုးပြောတာပါ။ နောက်တော့ မေမေ့ကို စချင်လို့ မြို့မရပ်က မကောင်းတာတွေ တမင် ရှာပြောလေ့ရှိတယ်။ ပြောမယ့်သာပြောတာပါ။ ကိုယ့်ကိုလည်း မြို့မရပ်မှာပဲ ချက်မြှုပ်ခဲ့တာ။ :) အဲဒီဘက်ကို ရောက်တိုင်း အိမ်ဟောင်းရဲ့ ဘယ်နေရာလေးမှာ သမီးကို ချက်မြှုပ်ခဲ့တာဆိုတာကို မေမေက ပြတတ်တယ်။
အစွဲကြီးတတ်တဲ့ အညာကလူတွေ မီးလောင်ပြီးတဲ့ နောက်မှာ နေရာဟောင်းကို ဘာဖြစ်လို့ စွန့်ခွာကြတာလဲ၊ အိမ်နေရာဟောင်းမှာ အိမ်သစ်ပြန်မဆောက်ဘဲ နေရာသစ်တည်ကြတာလဲ ဆိုတာ ခု ဒီစာရေးရင်းမှ ကိုယ် စဉ်းစားနေမိတယ်။ အဖြေတော့ မရပါဘူး။ မီးလောင်တယ် ဆိုပေမယ့် မြေနေရာက ကိုယ်ပိုင်မြေနေရာအဖြစ် ကျန်နေရစ်တာပဲ။
မြို့မှာ ရေတွင်းကတော့ အိမ်တိုင်းလိုလို ရှိကြတယ်။ ဒါပေမဲ့ ထုံးဓါတ်ပါတဲ့ ရေစေးမို့ ဆေးကြောရုံ၊ ချိုးရေ သောက်ရေ လုပ်ရုံလောက်ပဲ သုံးပြီး၊ လျှော်လို့ ဖွပ်လို့ မကောင်းတော့ အဝတ်လျှော်၊ ခေါင်းလျှော်တာမျိုးလုပ်ဖို့ မြစ်ရေကို သီးသန့် ဝယ်သုံးရတယ်။ အိမ်မှာ ကူလုပ်တဲ့ အစ်မတွေ ရေစည်မှာဖို့လို့ တကူးတက အပြင်သွားကြရတယ်။ တခါတလေလည်း ဈေးကအပြန် အိမ်ကို ရေစည်လာပေးပါလို့ အကြုံဝင်ပြောရတယ်။ မြစ်ရေစည်တွန်းပြီး သွားလာ စီးပွားရှာနေကြသူတွေကလည်း မြို့ရဲ့ မြင်ကွင်းတစ်ခုပေါ့။
ကိုယ်တို့ လူမှန်းသိတဲ့အချိန်မှာ မြစ်နဲ့ မနီးတဲ့ မြို့လည်ပိုင်းကို ရောက်နေပြီ ဆိုပေမယ့်၊ မြစ်ကို ရင်းနှီးနေတုန်းပဲ။ ဆွေမျိုးသားချင်းတချို့ ခရီးသွားရင်လိုက်ပို့ရတဲ့ နေရာ၊ ရပ်ဝေးကနေ ပြန်ရောက်လာမယ့် ဆွေမျိုးတွေကို ကြိုဆိုရတဲ့ နေရာ၊ မြို့မရပ်မှာပဲ ဆက်နေ နေကြသေးတဲ့ မိတ်ဆွေဟောင်းတွေဆီ သွားလည်တိုင်း တကူးတက ဖြစ်နေပစေ ဝင်ကြည့်ရတဲ့ နေရာ ဖြစ်နေတုန်းပါပဲ။ ကိုယ်တိုင်လည်း မြစ်ကို ဖြတ်လို့ မကြာမကြာ ခရီးသွားရဖူးတာပေါ့။ မြစ်ကိုဖြတ်လို့ သွားရတဲ့ ခရီးတစ်ခုမှာ ဒီမြစ်ကိုကျော်ပြီး ဧရာဝတီထဲ အဝင် မြစ်နှစ်ခုကို ခြားထားတဲ့ ရေစည်းကြောင်း (ရေစီးကြောင်း မဟုတ်) တစ်ခုကို ထူးထူးခြားခြား မြင်ခဲ့ရဖူးတယ်။
ကလေးဘဝမှာ မြစ်ကို အချစ်ခင်ဆုံး၊ အစွဲလမ်းဆုံးနဲ့ အမှတ်တရ အရှိဆုံး အချိန်ကတော့ ဝါဆို ဝါခေါင် ရေကြီးတဲ့ အချိန်ပေါ့။ ကိုယ်အတူနေတဲ့ ဖေဖေ့ဘက်က အဘိုးအဘွားအိမ်က အမြင့်ပိုင်းကျလို့ ရေမဝင်ပေမယ့်၊ မေမေ့ဘက်က အဘိုးအဘွားတွေအိမ်က ရေဝင်တယ်။ အဲဒီတုန်းက အုတ်ခုံမြင့်မြင့်နဲ့ ခြေတံရှည် ပျဉ်ထောင်အိမ်။ (ရေဝင်တဲ့အပိုင်းဆိုတော့ ခြေတံ မရှည်လို့ မရဘူး)
ရေကြီးချိန်ကျလို့ ဘယ်အပိုင်းမှာ ရေတွေ ရောက်နေပြီတဲ့ လို့ ကြားလိုက်ရရင်ပဲ အူထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပျော်လာရတဲ့ အပျော်ကို ခုတော့ ဘယ်လိုအရာတွေကို ပိုင်ဆိုင်ရလို့မှ ပြန်ရနိုင်မယ် မထင်တော့ဘူး။ အိမ်နောက်ဘက် ခြံဝင်းတံခါး အစပ်ကို ရေရောက်လာပြီဆိုရင်တော့ ရေ ဆိုတဲ့အရာကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာဦးလူလို အထူးအဆန်းလုပ်ပြီး ကြည့်ဖို့ ပြေးတော့တာပဲ။
တဖြည်းဖြည်းနဲ့ အိမ်ဝိုင်းထဲကို ရေဝင်လာရင်တော့ လူကြီးတွေနဲ့ ကလေးတွေဟာ တဆူဆူ ဖြစ်တော့တာပဲ။ ရေထဲ မဆင်းစေချင်တဲ့ လူကြီးတွေရယ်၊ ရေထဲကိုမှ ဆင်းဆော့ချင်နေတဲ့ ကလေးတွေရယ်... ကိုယ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေအတွက်ကတော့ နေရာတကာကို ဖြတ်လာတဲ့ မသန့်ရှင်းတဲ့ မြစ်ရေ၊ သူတို့ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ မြစ်ရေ။ ကလေးတွေအတွက်တော့ ကစားစရာနေရာအသစ်၊ စွန့်စားခန်းအသစ်၊ မြင်ကွင်းအသစ်၊ လက်ပစ်ကူးရမယ့် ကမ္ဘာသစ်ကြီးပေါ့။
ကျောင်းကလည်း ဖွင့်ကာစ အချိန်။ အညာမှာတော့ ဇွန်၊ ဇူလိုင်က ပူတုန်းမို့ အဲဒီချိန်တွေဆို မနက်ပိုင်းလေးပဲ ကျောင်းတက်ရတယ်။ ကလေးတွေဟာ အချိန်ရှိသရွေ့ မြစ်ရေနားမှာချည်းပဲ။ သံပီပါကို ဒေါင်လိုက်ခြမ်းထားတဲ့ထဲကိုဝင်ပြီး လှေလုပ်စီးနေသူတွေ ရှိမယ်။ တကယ့်သစ်သားလှေကို စီးနေသူတွေ ရှိမယ်။ ရေထဲကို တကိုယ်လုံးဆင်းပြီး တဗွမ်းဗွမ်း ကူးနေသူတွေ ရှိမယ်။ ကိုယ့်လို လူကြီးတွေက ထိန်းထားလို့ ခြေထောက်ကလေးပဲ ရေစွတ်ရုံ ဆင်းရတဲ့သူတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် မြစ်ရေကြီးချိန်ဟာ ရေကိုမြင်နေ ကြည့်နေရရုံနဲ့ ကလေးတွေကို ပျော်ရွှင်မြူးထူးစေတဲ့ ထူးခြားတဲ့ ပွဲတော်ချိန်တစ်ခုပါပဲ။
ညနေတိုင်ရင်တော့ မြို့အဝင်လမ်းမှာ မြစ်ရေလာကြည့်တဲ့ လူတွေနဲ့ စည်ကားတယ်။ ထန်းတောတွေ ရှိတဲ့ အုံ့အုံ့ဆိုင်းဆိုင်း မြေကွက် အကျယ်ကြီးထဲမှာ မြစ်ရေတွေက ထန်းပင်တွေကို ဖြတ်ပြီး တလွင့်လွင့်စီးနေတဲ့ မြင်ကွင်းက မြစ်ကမ်းနဖူးမှာ တည်တဲ့မြို့၊ အိမ်ဝိုင်းထဲထိ ရေဝင်တတ်တဲ့မြို့က မြို့သူမြို့သားတွေ တကူးတက လာကြည့်ရလောက်အောင် ထိုက်တန်လို့ပါပဲ။
ဒီလိုနဲ့ မေမေ့ဘက်က အဘိုးအဘွားအိမ်ကို ပြင်ဆောက်လိုက်ကြတယ်။ ခြံဝန်းရှေ့ပိုင်းကို မြင့်သွားအောင် မြေဖို့လိုက်ကြတယ်။ ဒါကြောင့် ရေကြီးချိန်ကျ ရေက အိမ်နောက်ဘက်ကိုပဲ ဝင်ရတော့တယ်။ အရင်လို အိမ်ရှေ့ကို ပတ်ပြီး စီးလာတာ မတွေ့ရတော့ဘူး။ ကိုယ်လည်း မိဘတွေပြောင်းတဲ့ အောက်အရပ်ကို ရောက်လာတယ်။ နွေရာသီဆိုရင် အညာကို အလည် ခဏပြန်ရောက်ပြီး၊ ရေကြီးချိန်ရောက်တာနဲ့ ကျောင်းဖွင့်ပြီမို့ ပြန်ရတယ်။
အရင်လို ရေကြီးချိန်ကို လူကိုယ်တိုင် မကြုံရတော့ပေမယ့် တယ်လီဖုန်းနဲ့ သတင်းလှမ်းမေးရင်း အိမ်နောက်မှာ ရေတွေရောက်နေပြီတဲ့ လို့ ကြားရင်၊ အတွေးနဲ့ မြင်ယောင်ရင်း ပျော်ရွှင်ရင်း လွမ်းဆွတ်လာခဲ့ရတာ ကလေးဘဝမကုန်ခင် တလျှောက်လုံးပါပဲ။
ခုတော့ မြစ်ရေကို အိမ်အရောက် ရေပိုက်လိုင်းနဲ့ သွယ်လိုက်ကြပြီ။ မြစ်ရေလိုချင်ရင် ရေစည်ရောင်းသူကို ခေါ်စရာ မလိုတော့ဘူး။ အိမ်ရှေ့ စဉ့်အိုးကြီးတွေထဲက ရေကို သုံးမယ့်နေရာထိရောက်အောင် သယ်စရာမလိုတော့ဘူး။ မြစ်ရေပိုက်ခေါင်းလေးကို ဖွင့်ချလိုက်ရုံပဲ။ ဒါကို အရင်တည်းက ဖြစ်ချင်ခဲ့ဖူးတယ်။ တွင်းထဲကရေလိုပဲ မြစ်ရေကိုလည်း ရေပိုက်ခေါင်းလေး လှည့်ရုံနဲ့ ရချင်ခဲ့တာ။
လုပ်ငန်းရှင်တွေကလည်း ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ဖို့ ဆယ်ဘီးကားတွေ၊ ရှစ်ဘီးကားတွေကို ကိုယ်ပိုင်ထားပြီး အဓိက သုံးလာကြတယ်။ ကားလမ်းတွေက မြစ်ကြောင်းထက် အများကြီး ပိုမြန်တယ်လေ။ မြို့မှာလည်း လူစီးကား အမျိုးမျိုးကို မြင်နေရပြီ။ နောက် အညာသူတွေ ကိုယ်တိုင်က ဆိုင်ကယ်ကို ဖိနပ်လို သဘောထားစီးနေကြတယ်။ ဒီတခေါက်ပြန်တော့ သူငယ်ချင်းတစ်ယောက် ပုဂံ၊ ညောင်ဦးထိ ဆိုင်ကယ်နဲ့ သွားလို့ အားလုံး ဝိုင်းအော်ခဲ့ကြသေးတယ်။
***
အလယ်တန်းလောက်က ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ် ဖတ်ရင်း တွေးဖူးတယ်။ ကဗျာက လျှပ်စစ်မီးတွေနဲ့ မြို့ပြအလယ်မှာ လရောင်ကို တမ်းတမိတာ၊ လေအေးစက်တပ်ထားတဲ့ အခန်းတွေအလယ်မှာ နွေရာသီရဲ့ လေပြည်လေးနဲ့ ယပ်တောင်ကလေးတစ်ချောင်းကို တမ်းတမိတာ ဆိုတဲ့ အကြောင်းပါ။
ကိုယ်တွေးမိတယ်။ ဆရာ့နှယ် ဘာလုပ်ဖို့လဲ။ လရောင်ကို တမ်းတရင် တအိမ်လုံးကို မီးမှိတ်လိုက်ပေါ့။ အဲယားကွန်းတွေ ပိတ်ပြီး ယပ်တောင်လေး ခပ်နေပေါ့။ ဒါမှ မကျေနပ်သေးရင် သဘာဝနဲ့ ပိုနီးတဲ့ နယ်ကို ခဏ ခရီးထွက်လိုက်။ ဘယ့်နှယ် ကိုယ်တိုင် စက်မှုတက္ကသိုလ်က ဆင်းပြီး၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရက်နဲ့ လျှပ်စစ်မီးနဲ့ အဲယားကွန်းကို မကြည်ဖြူနိုင် ဖြစ်နေတယ်။ ဒါတွေ ဖြစ်လာဖို့ လူတွေမှာ ဘယ်လောက် တီထွင်ခဲ့ရသလဲ။
***
ဒီတခေါက် ပြန်တော့ မေမေက ပြောတယ်။ မြစ်ကို ရေကာတာတွေ ပြင်ဆောက်လိုက်တော့ ရေမတက်တော့ဘူးတဲ့။ အိမ်နောက်ဘက်ကို နောက်ဆို ဘယ်တော့မှ ရေဝင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူ သနပ်ခါးပင်တွေ စိုက်တော့မယ် ဆိုတယ်။
အိမ်ထဲကို ရေမဝင်တော့ဘူး။ ကိုယ်တို့မြို့မှာ မြစ်ရေကြီးချိန်ဆိုတာ နောက်ထပ် ဘယ်တော့မှ မရှိတော့ဘူး။ အဲဒီစကားအဆုံးမှာ ကိုယ့်အတွက်တော့ တခုခုကို ဆုံးရှုံးသွားသလိုပါပဲ။
ဘာပဲဖြစ်ဖြစ်လေ... ကိုယ့်အိမ်ထဲ ရေမရောက်ခင်ကတည်းက ဘယ်နေရာထိ မြစ်ရေတွေ တက်လာပြီ ဆိုတဲ့ သတင်းကြားနဲ့တင် အူလိုက်သည်းလှိုက် ပျော်တတ်ခဲ့ရတဲ့ ကလေးဘဝက ဝါဆို ဝါခေါင်အချိန်တွေကတော့ အသေအချာကို ကုန်လွန်သွားခဲ့ပြီ။

Labels:
childhood,
Essay,
remembrance,
အညာ
Subscribe to:
Posts (Atom)