Sunday, September 7, 2008

လတ်တလော စဉ်းစားမိတာတွေ...

ကျွန်မဟာ ကိုယ့်ကိုကိုယ် မေ့လွယ်ပျောက်လွယ် ရှိလွန်းသူ လို့ အရင်က ထင်ခဲ့မိပါတယ်...

၉ တန်းအောင်ပြီးကတည်းက မိသားစုနဲ့ အဝေးမှာ အဒေါ်ဖြစ်သူနဲ့ နေ
လာခဲ့ပြီး နိုင်ငံခြားကို တစ်ယောက်တည်း ထွက်လာခဲ့တဲ့ထိ (တစ်နှစ်တစ်ခါ မှန်မှန် အိမ်ပြန်သော်ငြား) လွမ်းလှချည်ရဲ့ တမ်းတလှချည်ရဲ့ တခါမှ မရှိခဲ့ပါ... ဇာတိရပ်ရွာကို ချစ်ပေမယ့်လည်း အဲဒီမှာ ကျွန်မဘ၀ မရှိဘူး လို့ ခံယူသူဖြစ်ပါတယ်...

ဒါပေမယ့် ခုတော့ ငယ်ငယ်က အကြောင်းတွေကို ခဏခဏ သတိရနေမိတယ်...
ပိုင်နက်တစ်ခုတည်းရဲ့ အောက်မှာ ရှိစဉ်တုန်းက မထူးခြားခဲ့တဲ့
ကျွန်မမွေးဖွား ကြီးပြင်းခဲ့ရာ နေရာက အငွေ့အသက်တွေဟာ မိုင်ပေါင်းများစွာ ဝေးတဲ့ ပင်လယ်ရပ်ခြား ဒေသတစ်ခုကို ရောက်ခါမှ အရှိန်ပြင်းပြင်း လာရောက်ရိုက်ခတ်နေပါတယ်...

ပြီးတော့.....ကလေးဘ၀က ပုံရိပ်တွေ..

ကျွန်မအာရုံထဲကို ပထမဆုံး တိုးဝင်လာတဲ့ အရိပ်တစ်ခု ကတော့...

ဖေဖေရယ် မေမေရယ် ကျွန်မရယ် စက်ဘီးတစ်စီးနဲ့ ညဘက်ကြီး တနေရာကိုသွားကြတယ်..
ငယ်ငယ်တုန်းကတော့ ကျွန်မဟာ မေမေ့ကို သိပ်တွယ်တာတာပဲ...မေမေ စက်ဘီးနောက်မှာ ပါလာတယ်မှန်း သိနေပေမယ့်..ရှေ့ခုံကနေ လက်နောက်ပြန်ပြီး မေမေ့လက်ကို လှမ်းကိုင်ထားတတ်တယ်... စက်ဘီးရှေ့
ခုံမှာ ထိုင်ပြီး လိုက်တဲ့ ၃, ၄ နှစ်အရွယ်တုန်းက ဆိုပေမယ့် အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ မေမေ မတော်တဆ ပြုတ်ကျ ကျန်နေခဲ့မလားလို့ စိုးရိမ်စိတ်ရှိနေခဲ့မိတာကို ခုချိန်ထိ မှတ်မိနေပါတယ်...
(အဲဒီလို စိုးရိမ်တတ်တဲ့ ကလေးမလေးဟာ အသက် ၁၆ နှစ်လောက် အရောက်မှာ အိမ်နဲ့ဝေးရာကို ထွက်ခဲ့ပြီး အသိုက်အ၀န်း အမျိုးမျိုးမှာ ဘာကိုမှ တမ်းတမ်းတတ သတိမရဘဲ ဘယ်လိုများ နေတတ်နိုင်ခဲ့ပါသလဲ)

အညာမှာ မိုးရွာပြီးရင် ရေအိုင်တွေ နေရာအနှံ့ ကျန်နေခဲ့တတ်တယ်...အဲဒီ ရေအိုင်တွေပေါ် ဖေဖေ စက်ဘီးဖြတ်နင်းတဲ့အခါ ထွက်လာတတ်တဲ့ ရေသံကို ကျွန်မက သိပ်သဘောကျတယ်...ဒါကို ဖေဖေကသိတော့ ရေအိုင်ရှိတဲ့ နေရာက တမင်ဖြတ်နင်းပေးတတ်တယ်...

မေမေ့လက်ကို ဆွဲကိုင်ထားရင်း ဖေဖေပြောတဲ့ စကားတွေနားထောင်ရင်း စက်ဘီးရှေ့ခုံလေးမှာ ထိုင်လိုက်ခဲ့တဲ့ အဲဒီ ပုံရိပ်ကလေးဟာ ခုတလော ကျွန်မအာရုံထဲကို မကြာခဏ ၀င်ဝင်လာတဲ့ အရိပ်တစ်ခုပဲ ဖြစ်ပါတယ်...

ဘ၀ဟာ ရထား တစ်စင်းလိုပဲတဲ့ .. ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရနိုင်တော့ဘူးနော်...

3 comments:

GreenGirl said...

ဟုတ်တယ်... ငယ်ငယ်တုန်းက အပြစ်ကင်းတဲ့ အချိန်လေးတွေကို ဘယ်တော့မှ ပြန်မရတော့ဘူး...

Anonymous said...

"ဘ၀ဟာ ရထား တစ်စင်းလိုပဲတဲ့ .. ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရနိုင်တော့ဘူးနော်..."

ဖြတ်ကျော်လာခဲ့တဲ့ နေရာတွေကို ပြန်သွားချင်ရင် အပြန်ရထား စီးသွားပေါ့ မမရယ်။

နောက်တာနော် ဘွာတေး။

Sein Lyan Tun said...

သြော် ဒီပိုစ့်လေးက သတိရစရာတွေကိုလွမ်းမိသွားပြန်ပီး..
ရေအိုင်ကိုဖြတ်ရင်ထွက်လာတဲ့အသံကိုသဘောကျတယ်လား..
ကျနော်က ကားတို့ ဆိုင်ကယ်တို့ မောင်းရင် အဲဒီရေအိုင်တွေကို ဖြတ်မောင်းရတာသဘောကျတယ်ဗျ