Saturday, May 22, 2010

အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း

ကျောင်းပြီးခါနီး၊ ကျောင်းပြီးကာစ အချိန်တွေမှာ လုပ်ငန်းနဲ့ လုပ်ငန်းခွင်တွေအကြောင်း ဖတ်ဖြစ်လာပါတယ်။

ဖတ်ခဲ့ရတာတွေ တချို့လည်း မေ့ကုန်ပါပြီ။ တချို့သဘောတရားတွေကျ မေ့သွားတယ် ထင်ပေမယ့် တကယ်က မသိစိတ်ထဲမှာ ကျန်ခဲ့ပြီး၊ ဆက် apply လုပ်နေမိတယ်။ တချို့အကြောင်းအရာတွေကျ ဘယ်တော့မှ မမေ့ဘဲ အမြဲသတိရနေတတ်ပေမယ့် တကယ်တမ်းကျ apply လုပ်နိုင်တဲ့ အခြေအနေမှာ ရှိချင်မှ ရှိမယ်။ ရှိလည်း လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။

အမြဲသတိရနေမိတဲ့ အကြောင်းတစ်ခု စိတ်ထဲမှာ ရှိနေတယ်။
အဲဒါဟာ ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရတယ်လို့ ထင်တယ်။ source တွေ သိပ် မမှတ်မိတော့ဘူး။ "အခွင့်အလမ်း" ဂျာနယ် ဖြစ်မယ်။ နောက် 2004 ပတ်ဝန်းကျင် ဖြစ်မယ်။ ရေးသူက ဓန မှာလား၊ မြန်မာ့ဓန မှာလား "စွန့်ဦးတီထွင်" ဆောင်းပါးတွေ ရေးခဲ့တဲ့ ဦးရဲမြင့် (ရဲမြင့် - စွန့်ဦးတီထွင်) ပါ။

လုပ်ငန်းခွင်တွေရဲ့သဘော နဲ့ လုပ်ငန်းခွင်ထဲက လူမှုဆက်ဆံရေးတွေအကြောင်းပါ။
မြန်မာပြည်မှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေ ဟိုကုမ္ပဏီကနေ ဒီကူး၊ ဒီကနေ ဟိုကူး ဖြစ်ကြတာတွေနဲ့ ပတ်သတ်ပါတယ်။

ဘာမှမသိနားမလည်သေးတဲ့ လူငယ်တစ်ယောက်ကို ခန့်လိုက်တယ်၊ ကိုယ့်ကုမ္ပဏီက အချိန်ကုန်ခံပြီး သင်ပေးလိုက်တယ်၊ အဲဒီနောက် တတ်သွားလို့ အားကိုးရမယ်မှ မကြံသေးဘူး၊ ပိုရတဲ့ နောက်အလုပ်တစ်ခုကို ပြောင်းသွားရောဆိုတာကို ဘယ်လုပ်ငန်းရှင်မှ လိုလားမယ်မဟုတ်ဘူး။ (ဒါပေမဲ့ အလုပ်လုပ်တဲ့ လူငယ်တွေ နေရာက ကြည့်တော့လည်း ဒါကို အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။)

ကိုယ် ဘယ်တော့မှ မမေ့တဲ့ အကြောင်းက စာရေးသူ ဦးရဲမြင့် လုပ်ခဲ့တဲ့ ကုမ္ပဏီကလား၊ တခြား ပတ်သတ်ရာ ပတ်သတ်ကြောင်း ကုမ္ပဏီကလား လူကြီးတစ်ယောက် ပြောတဲ့စကားပါ။ သူဟာ သူ့ကုမ္ပဏီက ထွက်သွားတဲ့ လူငယ်တစ်ယောက်ကို တတ်သွားပြီးမှ ထွက်သွားတာကိုပဲ လိုလားပါတယ်တဲ့။

သူ့ကုမ္ပဏီက သင်ပေးလိုက်ရပေမယ့်၊ တတ်သွားပြီး ထွက်သွားတဲ့အခါ ကုမ္ပဏီအတွက် ဆုံးရှုံးတယ်လို့ ထင်ရပေမယ့် အဲဒီလူငယ်ဟာ ဒီအဖွဲ့အစည်းထဲမှာပဲ ဆက်ရှိနေတာဖြစ်လို့၊ ဒါကို အနုတ်လက္ခဏာအဖြစ် သူ မယူဆပါဘူး။ အဖွဲ့အစည်းထဲမှာ တတ်တဲ့လူငယ်တစ်ယောက် ရှိနေတာဟာ အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဖြစ်ပါတယ် တဲ့။ နောက်ဆုံး အဲဒီလူငယ်ကလေး မြန်မာပြည်ထဲမှာ မနေတော့ဘဲ နိုင်ငံခြားထွက်သွားတယ် ဆိုရင်တောင်၊ နိုင်ငံတကာမှာ ကိုယ့်တိုင်းပြည်က ကျွမ်းကျင်တတ်မြောက်တဲ့ လူငယ်တွေရှိတာဟာ လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာပါပဲ တဲ့။


အဲဒါကိုဖတ်ပြီး ကိုယ်ဟာ အဲဒီထဲက အလုပ်ရှင်လို လူမျိုးနဲ့ သိပ်ကို ကြုံချင်ခဲ့တယ်။
ကံကောင်းထောက်မ, တော့ ကြုံရပါတယ်။ နောက်ဆုံးနဲ့ အကြာဆုံးလုပ်ခဲ့တဲ့ မြန်မာပြည်က အလုပ်ဟာ အဲလို လူကြီးမျိုးတွေ ရှိတဲ့ နေရာပါပဲ။ ကိုယ်သိစရာ တတ်စရာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ပုံကိုင်နည်းတွေ အများကြီး သိစေတတ်စေခဲ့တဲ့ နေရာပါ။ သူတို့ပေးသလောက် ကိုယ် မယူနိုင်ခဲ့တာကတော့ တပိုင်းပေါ့။ နောက်ဆုံး ကိုယ် နိုင်ငံခြားထွက်တော့ ကိုယ့်အတွက် လေယာဉ်ခသီးသန့် ပေးလိုက်တဲ့ နေရာလည်းဖြစ်တယ်။

ထားပါတော့... ဒီသဘောထားဟာ ကိုယ့်စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။

ကိုယ် စာဖတ်တာကို ဝါသနာပါတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
တကယ်တော့ လူတွေအကြောင်းကို စိတ်ဝင်စားတာပါ။ အဘယ်သို့သော ကိစ္စကို ဘယ်လိုလူမျိုးတွေ ဘယ်လို ဘယ်ပုံ တုန့်ပြန် စီမံကြသလဲ ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ ဒါကြောင့် ဇာတ်လမ်းအသားပေး ဖွဲ့နွဲ့နေတာတွေထက်၊ စရိုက်သဘာဝကို ပီပြင်အောင် သရုပ်ဖော်တဲ့ စာမျိုးကို ပိုသဘောကျမိတတ်တယ်။ ဒါကြောင့်ပဲ အလုပ် မဝင်ခင်မှာ စီးပွားရေးလုပ်ငန်း သဘောတရား ဘာ ညာတွေထက်၊ လုပ်ငန်းခွင် ဆက်ဆံရေးအကြောင်းတွေ ပိုဖတ်မိခဲ့တာပါပဲ။

ကိုယ်ဟာ ဖတ်ခဲ့တဲ့ စာတွေနဲ့ တွက်ရင် ဒီ့ထက်မက ရင့်ကျက်သင့်ပါတယ်။ ဒါပေမဲ့ စာဖတ်သလောက် ရင့်ကျက်တဲ့သူတော့ ဖြစ်မလာခဲ့ဘူး။ လူချင်းတူရင် ကိုယ့်လောက် စာမဖတ်ခဲ့သူထက် လူ့သဘောတွေကို ကိုယ် ပိုလို့ ရိပ်မိချင် ရိပ်မိမယ်။ ရိပ်မိတဲ့အတိုင်း သည်းမခံနိုင်စရာ ဖြစ်လာတဲ့အခါမှာ ကိုယ့်လောက် မသိတဲ့သူလောက်မှ ခွင့်လွှတ်တတ်ဖို့ မကြိုးစားနိုင် ဖြစ်လေ့ရှိတယ်။ ဒါကလည်း ရှင်းပါတယ်။ သူများစိတ်ကိုသိတာနဲ့ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်တာဟာ ဘာမှမဆိုင်တဲ့ အရည်အချင်းကိုး။

ခုလောလောဆယ်လည်း online ပေါ်မှာ ကြုံလာရတဲ့ ကိစ္စတချို့ ရှိတယ်။
တချို့တွေဟာ တစုံတရာကို ဆန့်ကျင်ဘက်သာ ပြုနေတာ၊ သူတို့ ဆန့်ကျင်ဘက်ပြုနေတဲ့ အရာနဲ့ သူတို့ လုပ်နေတဲ့ လုပ်ရပ်တွေ တထပ်တည်း ဆိုတာကို ကိုယ် အစောကြီးကတည်းက နားလည်တယ်။ ဒီလိုပဲ ရှေ့မှာ ဖြေကြည့်သူများရော၊ ဗေဒင် ယတြာရော ရေးခဲ့တာမှာ ဗမာလို ရှင်းအောင်ရေးတာတောင် ဆိုလိုရင်း မမိတဲ့ လူတွေ ရှိတယ် ဆိုတာ ကြုံပြီးပြီ။

ဒါပေမဲ့ ကိုယ့်ဘာသာ မကြည့်ချင်၊ မမြင်ချင်လို့ မကြာခင် ဖြုတ်ပစ်မယ်လို့ ကြိုကြေညာပြီးမှ ဖြုတ်ပစ်လိုက်တဲ့ post ကို print screen ဖမ်းထားတယ်လို့ ပြောတော့ အဲဒီလို လူမျိုးဆီမှာ ဘာအာဏာမှမရှိဘဲနဲ့တောင် ဒီလောက် ခြိမ်းခြိမ်းခြောက်ခြောက် လုပ်ချင်နေတာ ဆိုတဲ့ point ကို ထောက်ပြချင်မိတယ်။

အဲဒီ blog မှာ တင်ထားတဲ့ ပုံတွေကို ပိုင်ရှင်နဲ့ ညှိပြီးတင်၊ ကိုယ့် blog ကို credit ပေးထားတာကို ဖြုတ်လို့ ရှင်းအောင် ရေးပါရက်နဲ့ အဲဒါ ပုံတွေ မတင်နဲ့ လို့ ပြောတာ၊ သူ့ဓါတ်ပုံလည်း မဟုတ်ဘဲနဲ့ ဆိုပြီး လိုရာအဓိပ္ပါယ်ကောက်တာတွေကို စတင်ကတည်းက အီးမေးလ်ထဲရောက်လာတဲ့ post အဟောင်းကို ပြပြီး တလွဲပြောတဲ့သူ၊ တလွဲတွေးတဲ့သူ တသက်လုံး ကျွန်ခံကြေး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ သတ်သေကြေး လောင်းကြေးထပ်ရဲလား မေးချင်မိတယ်။

ဒီနေရာမှာ လိုအပ်လို့ ကိုယ့်အမြင်ကိုတော့ ပြောချင်သေးတယ်။ comment လာရေးတဲ့ လူကမှ တိုက်ရိုက်ကျလို့ ယောက်ျားပီသသေးတယ်လို့ ပြောနိုင်တယ်။ ကိုယ်မသိဘဲ နောက်ကွယ်မှာ အတင်းပြောတာနဲ့ တူတာကတော့ ယောက်ပြားပီသတယ်လို့ပဲ ပြောလို့ရမယ်။ မမ KOM သာ email နဲ့ အဲဒီ blog က link ကို လာမပြောရင် သိတောင် သိလိုက်မှာ မဟုတ်ဘူး။

တကယ်တော့ ဓါတ်ပုံဖြုတ်လို့ ရေးတာမဟုတ်ဘဲ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဆိုတာနဲ့၊ ပေးထားတဲ့ credit ကို ဖြုတ်ဆိုတာ ဒီလောက် ရှင်းအောင် ရေးထားတဲ့ဟာကို တလွဲဖြစ်အောင် ဖတ်တာ၊ အဓိပ္ပါယ်ဖော်တာ ဘယ်လိုမှ စဉ်းစားလို့ကို မရဘူး။ ဒါ့ထက်မက ဓါတ်ပုံပိုင်ရှင်နဲ့ ညှိရန် ဆိုတဲ့ စာကြောင်းပါ အတိအကျပါသေးတယ်။ ဒေါ်ခင်မျိုးချစ် ပြောသွားတဲ့ ငါတော့ ဉာဏ်ကို မမီဘူး ဆိုတာ ခဏခဏ သတိရတယ်။

ကိုယ့်ဘလော့က ကိုယ်ပိုင်စာ ကိုယ်ပိုင်ပုံတွေကိုတော့ နိုင်ငံရေး အမည်ခံ ဘလော့တွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်လို့ ခွင့်ကို လာမတောင်းနဲ့ လို့ ရေးတာက နောက်ကိစ္စ တပိုင်း။ သင်္ကြန်တုန်းက ရေကစားနေတဲ့ ကောင်လေးနှစ်ယောက်ပုံရဲ့ အောက်မှာ "... ကိုတော့ မကြောက်ဘူး" ဆိုတဲ့ caption နဲ့ တင်လိုက်လို့ ပြဿနာတက်တာ ဘယ်လို ဘလော့ အမျိုးအစားလဲဆိုတာ တွေးကြည့်လိုက်ဦး။ impressive ဖြစ်စရာမဟုတ်လို့ ယူဆရင် ပတ်ကို မပတ်သတ်ချင်ဘူး။ ဒါ ကိုယ့် အခွင့်အရေးပဲ။

ဖြေကြည့်သူများ မှာလား မသိ ဆိုလိုရင်းကို တလွဲကောက်ပြီး ဂဂျိုးဂဂျောင်လာရေးတဲ့ comment တစ်ခုကို လူကသာ ဒီမို ဟိုမို အော်နေတာ ဗမာစာတောင် အမြီးမှန်း ခေါင်းမှန်းမသိမှတော့ ဘာသွားသုံးစားမလဲ လို့ ပြန်ရေးခဲ့ဖူးတယ်။

နောက် ညီလင်းဆက် ရဲ့ fb မှာ ဒီနေ့ပဲ မင်းသမီးနဲ့ သတင်းထောက်ကိစ္စကို "သိန်း ၅၀ လောက် လျော်လိုက်တာနဲ့ အဲဒီ သတင်းထောက်က မမထက် မမထက် ဖြစ်သွားမှာ" ဆိုတဲ့ ယောက်ျားတန်မဲ့ comment လာရေးတဲ့ လူကို သည်းမခံနိုင်ဖြစ်မိတယ်။ နှစ်ယောက်လုံး မှားပြီး၊ နှစ်ယောက်လုံး နစ်နာတဲ့ ကိစ္စမှာတောင် သူတို့မှာ မိန်းမတွေဖြစ်တဲ့အတွက် နောက်ပိုင်း စိတ်အခြေအနေဘယ်လို ရှိမယ် မတွေးတတ်တာကို ဘယ်လို နားလည်ပေးရမှန်း မသိဘူး။

ဒါတွေနဲ့ ကြုံလာပတ်သတ်ရင်း အထက်မှာ ပြောခဲ့တဲ့ အဆိုကို ကိုယ် သတိရမိတယ်။
အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း ကိစ္စ။

ကိုယ့် blog နဲ့ ပတ်သတ်တဲ့ ကိစ္စဟာ ကိုယ့်ကိစ္စဖြစ်လို့ ကိုယ်ဟာ အတ္တနဲ့သာ ယှဉ်စဉ်းစားပါတယ်။
အဲဒါရဲ့ နောက်မှာ ဒေါသ၊ မောဟ၊ မာန်မာနက သေချာပေါက်ပါလာပြီး အဲဒါတွေနဲ့ စဉ်းစားတယ်။

ဒါပေမဲ့ အဲဒါတွေ အားလုံးက ကိုယ့်နိုင်ငံက လူတွေသာ ဖြစ်နေတော့ နိုင်ငံလို့ စဉ်းစားလိုက်တာနဲ့ ဗမာပြည်အဖွဲ့အစည်းအနေနဲ့တော့ အနုတ်လက္ခဏာပဲ လို့ တွေးမိတယ်။

အဲဒီအနုတ်လက္ခဏာ အတွေးက ခေါင်းထဲရောက်လာတဲ့ အခါတိုင်း၊ ကိုယ့် ဒေါသ နေရာမှာ ဘာကိုမှန်းမသိတဲ့ တစုံတခုကို ဆုံးရှုံးလိုက်ရတဲ့ feeling ဝင်ဝင်လာတယ်။

***
စာတွေ များများဖတ်ဖြစ်ခဲ့ပြီး၊ လူ့သဘောတွေ ကြိုပြီးတော့တောင် ရိပ်မိလေ့ရှိတယ်လို့ ကိုယ့်ဘာသာယူဆတဲ့ ကိုယ့်အနေနဲ့လည်း သိနားလည်ပြီးသား သဘောထားတွေကို ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူ၊ အနုတ်တွေကို အပေါင်းဖြစ်လာအောင် မလုပ်နိုင်တဲ့သူသာ ဖြစ်နေလို့ ကိုယ် ကိုယ်တိုင်လည်းပဲ ဗမာစာ နားမလည်ဘဲ ရမ်းသမ်းပြောတတ်တဲ့ လူတွေနဲ့ တန်းတူ ကိုယ့် အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာပါပဲ။

***

7 comments:

ZT said...

Post တစ်ခုလုံးမှာ အရင်ဆုံး သတိထားမိတာတော့ မကျေနပ်စိတ်ပဲ - လူတစ်ယောက်က ယုံကြည်ချက် တစ်ခုကို ကိုင်စွဲလိုက်ပြီဆိုရင် ဘယ်တော့မှ တော်ယုံနဲ့ လက်မလွှတ်ချင်ကြဘူး - အဲ့ကြားထဲက ကိုယ့်ယုံကြည်ချက်က + လက္ခဏာ ပြတယ်ဆိုတာ ကိုယ်ကိုယ်တိုင် သေချာနေရင် ပိုပြီး ဆိုးသွားတယ်။
အရာရာတိုင်းကို ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ ရဲတင်းစိတ် ဝင်လာတယ်။

ယုံကြည်ချက်ကို ဖော်ထုတ်ရင်ဆိုင်တာ - သက်ရောက်လာတဲ့ Action တိုင်းကို တုံ့ပြန်တာ ကောင်းတာတော့ ကောင်းတယ်။ ဒါပေမယ့် ယုံကြည်ချက်တစ်ခုကို ရင်ဆိုင်တဲ့နေရာမှာ သွေးအေးဖို့လိုတယ်။ ကိုယ့်ရဲ့ဆန့်ကျင်ဘက်မှာ ရပ်နေသူက ကိုယ့်ဘက်လူ ဖြစ်မလာနိုင်ရင်တောင် - နောက်တစ်ကြိမ် ကိုယ့်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေသူဆက်ဖြစ်မနေဖို့လိုတယ်။ ဒါမှ ကိုယ့်ယုံကြည်ချက်ကို တင်ပြမှုက သူ့အတွက်ရော ကိုယ့်အတွက်ရော အကျိုးရှိနိုင်မှာပေါ့။ ယုံကြည်ချက် ( ၂ ) ခု ယှဉ်ပြိုင်တဲ့ အခါ မကျေနပ်စိတ် များတဲ့သူရဲ့ ယုံကြည်ချက်က အနှုတ်လက္ခဏာ ဖြစ်သွားတတ်တယ်။ မှန်ကန်တဲ့ ယုံကြည်ချက် ကို ဆုပ်ကိုင်ထားသူတွေ အောင်ပွဲခံစေချင်လို့ပါ။

ZT.

Rita said...

ယောက်ပြားတွေကိုတော့ ကိုယ့်ဘက်မှာ မရပ်တည်စေချင်တာ အမှန်ပဲ ကိုZT.

ကိုယ့်ဘက်မှာ မပြောနဲ့ သူများဘက်မှာတောင် မရှိစေချင်လို့ ညလဆကို လှမ်းသတိပေးရတာသာ ကြည့်တော့။ ယောက်ပြားတစ်ယောက်က ချဉ်းကပ်ပြီး ကြောင်တာ သူ ခံရမစိုးလို့။

Moe Tain Nyo said...

မရီတာရေ။ ဒါမျိုးတွေ လည်း ဖြစ်တတ်ပါတယ်။
လူအမျိုးမျိုး စိတ် အထွေထွေကိုးဗျ။ တစ်ခါတစ် လေကြတော့ မှန်တာ မှားတာ အပထား ဥပက္ခာ ပြုလိုက် တာ စိတ်ချမ်းသာပါတယ်။

Kyaw Hnin Se Lwin said...

ရီတာရေ
အရင်က ကိုယ်လည်းသိပ်နားမလည်ခဲ့ပါဘူး
ခုတော့ နိုင်ငံရပ်ခြားထွက်ကြည့်လိုက်တဲ့အခါကျတော့ ယေဘုယျအားဖြင့် ခြုံငုံယှဉ်ထိုးကြည့်နိုင်တဲ့ နှစ်ရပ်(အကျင့်ကြံပြုမူပုံ၊ စဉ်းစားတွေးခေါ်နည်း၊ ယဉ်ကျေးမှု၊ အသိုင်းဝန်းရဲ့ဆက်ဆံမှုပုံသဏာန်)တွေကို ယှဉ်ကြည့်လို့ရသွားတယ်။
အရင်ကတော့ ကိုယ့်လူမျိုးမှကိုယ့်လူမျိုး ဆတ်ဆတ်ထိမခံတတ်ပေမဲ့ သွေးအေးလာတဲ့အခါမတော့ အများကြီး ယှဉ်သုံးသပ် ဆင်ခြင်လာနိုင်တယ်။

ဒါကြောင့် အနားပတ်လည်ကိုပြန်ကြည့်လိုက်တဲ့အခါ ဘေးချော်နေတာတွေအများကြီးကို ဘေးချော်နေတယ်လို့ခံစားတတ်လာတယ်။

ဒါကြောင့်စိတ်ထဲသိပ်မထားပါနဲ့။
ဒေါကန်ရတဲ့မိမိရဲ့စိတ်နဲ့အချိန်တွေဟာ နှမြောစရာပါ...

မြတ်နိုး said...

ညီမ..အမတို့ညီမတို့ဆိုတာ ဒေါကန်စရာရှိရင် ပေါက်ကွဲပစ်လိုက် ပီးရင် ခေါင်းထဲတည့်မထားတတ်သလို ပက်ပက်သက်သက်ကိုမလုပ်တတ်တာ အကျင့်ပဲဆိုတော့ ..

လုပ်ချင်ရာတာလုပ်ပလိုက် စိတ်ချမ်းသာတယ်။ မြှောက်ပေးသွားတာ..။

တခါတလေမှာ လူတချို့ကို ခွင့်လွှတ်စရာတော့ မလိုသလို နောက်ထပ်ပက်သက်စရာလဲမလိုဘူးဆိုတာ မမေ့နဲ့ညီမ။

SHWE ZIN U said...

မရီတာ ရေ

မြတ်နိုး ပြောတာနားထောင်.. ဟား..

ဟို ဘိန်းဘုရင် တွေ စီးပွားရေး လုပ်တာ ကို အင်တာဗျူးပြီး စွန့်းဦးတီထွင် ဆောင်းပါးတွေ ရေးခဲ့ တဲ့ ဆောင်းပါးရှင် နဲ့ ညီမ ပြောတဲ့ မြန်မာ့ဓန မှာလား "စွန့်ဦးတီထွင်" ဆောင်းပါးတွေ ရေးခဲ့တဲ့ ဦးရဲမြင့် (ရဲမြင့် - စွန့်ဦးတီထွင်) နဲ့ အတူတူ လားတော့ မသိဘူး..



ချမ်းမြေ့ပါစေ
ရွှေစင်ဦး

Rita said...

ဟုတ်ရင်လဲ ဟုတ်မယ်အစ်မ။ ဘာလို့ဆို သူအဲဒါတွေ ရေးတုန်းက ခေါင်းစဉ်တွေသာ ရင်းနှီးတာ ဖတ်မကြည့်ခဲ့ဘူး။ ဖတ်ကြည့်လဲ အဲဒီအရွယ်က အဲဒါတွေ နားလည်မှာ မဟုတ်ဘူး။ နားလည်လဲ ဘိန်းဘုရင်မှန်း သိမှာမဟုတ်ဘူး။ အဲဒီတုန်းက ဓန မြန်မာ့ဓနမှာ ဖတ်တာဆိုလို့ အီကြာကွေးပဲ ရှိတယ်။

ဒါပေမဲ့ ကျောင်းပြီးတော့ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်မှာ ၄ လတိတိ ဝင်လုပ်ခဲ့သေးတယ်။ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ကြိုက်ရင် ဆက်လုပ်ဖြစ်မှာ၊ ဒါပေမဲ့ ဝင်လုပ်ခဲ့တဲ့ ဌာနက ဆရာသမားတစ်ယောက်ပြောဖူးတဲ့ လူငယ်တွေအတွက် ခြေသုတ်ဖုံနှင့်တူသောဌာန ဆိုတာမျိုးဖြစ်လို့ ထွက်လာခဲ့တာ။

မမြတ်နိုးပြောတဲ့အတိုင်းပါပဲ။
ဒါပေမဲ့ သူ့ကိုယ်သူ မိန်းမတစ်ယောက်နဲ့ တန်းညှိပြီး၊ cbox တွေ comment တွေ ဖွင့်တာကို ဂုဏ်လုပ်ပြောတတ်ပေမယ့်၊ ပြောထားတဲ့ကိုယ့်စကားကိုယ် တာဝန်ယူကြဖို့ တသက်လုံး ကျွန်ခံကြေး၊ ကိုယ့်ဘာသာ သတ်သေကြေး၊ လူလည်ကောင်နားရင်းအုပ်ခံကြေးလို့ စိန်ခေါ်တော့ ပါးစပ်ကိုပိတ် အသံကို တိတ်သွားတဲ့ ယောက်ပြားကောင်ကို ပန်ဆယ်ဟီးလ် စီးထားတဲ့ ခြေထောက်နဲ့ ဖိနပ်မချွတ်ဘဲ ဖနောင့်နဲ့ပေါက်လိုက်ရရင် သိပ်အရသာရှိမှာပဲလို့တော့ တွေးနေမိတယ်။

ယောက်ပြားပီပီ သူ့စကားသူ တာဝန်မယူနိုင်တာကို ကွယ်ပြီး ပြန်တော့ချေချင်ချေလိမ့်မယ်။ ယောက်ပြားတို့က အဲလို ရင့်ရင့်သီးသီးမိုက်မိုက်ရိုင်းရိုင်း ပြောတတ်တဲ့ မိန်းမမျိုးကို အဖက်မလုပ်ချင်လို့ ဘာမှ ပြန်မပြောတာ၊ အဲဒီမိန်းမနေရာမှာ တိုတိုညင်းဆက် လို လူ ဆိုရင်တော့ ပြန်ပြောမှာပေါ့လို့ ဆိုပြီး...

(ဟားဟားဟား ရိုက်ရင်းနဲ့ ရီချင်တယ် အစ်မရယ်။ အဲဒီယောက်ပြားက အဲဒီ နိုင်ငံရေးလိုလို ဘာလိုလို ဒီလိုလို ဟိုလိုလို မိုမိုတွေရေးတဲ့ဆိုဒ်ကိုတော့ အပြတ် ထောက်ခံတယ်။ ဘယ်လိုဟာမျိုးကို ဘယ်လိုဟာမျိုးက ထောက်ခံနေကြလဲတော့မသိဘူး။ ယောက်ပြားတွေထောက်ခံတဲ့ ပါတီတွေ ဘာတွေများ ထောင်ကြဦးမလားပဲ)

မှတ်ချက်။ ။ မိန်းမရှာများ၊ gay များ၏ စိတ်ဓါတ်အဆင့်အတန်းအား စော်ကားရန် စိတ်ကူးမရှိ။
ယောက်ပြားများ၏ စိတ်ဓါတ်အဆင့်အတန်းကိုသာ ဖော်ထုတ်ချင်တာဖြစ်သည်။

ယောက်ပြား နဲ့ မိန်းမရှာ အဆင့်အတန်းအားဖြင့်မတူ။ ယောက်ပြားက မိန်းမရှာနှင့် မနှိုင်းယှဉ်သာအောင် နိမ့်ကျစုတ်ပြတ်သည်။