Wednesday, May 19, 2010

ကမ္မဖလ နဲ့ မတရားမှု

zizawa blog မှာ ရေးဖြစ်တဲ့ comment ပါ။ မတရားမှု နဲ့ ပတ်သတ်တဲ့ post series တွေကို ခုရက်ပိုင်း အဲဒီမှာ ဖတ်နေဖြစ်ပါတယ်။ မတရားမှုကို ဘာကြောင့် မလုပ်သင့်တာလဲ ဆိုတဲ့ post ကို ဖတ်ပြီးတော့ ကိုယ့်ခေါင်းထဲကို ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်းပဲ တန်းဝင်လာပါတယ်။

* တင့်တယ် ရဲ့ ကမ္မဖလ
* Cronin ရဲ့ The Stars Look Down

ပြီးတော့ ဒီ post ကို blog ပေါ် မရွှေ့ခင် သတိရမိတဲ့
* Leo Tolstoy ရဲ့ God Sees the Truth, but Waits (ဒါကိုတော့ ပြန်ရေးထားတဲ့ short stories စာအုပ်ဖတ်တာပါ)

ဒါနဲ့ပဲ အဲဒီ comment ကို blog ပေါ် ပြန်ရွှေ့ဖို့ စိတ်ကူးမိတယ်။ မူရင်း post ကိုပဲ အဓိကထား မှတ်ချက်ရေးခဲ့တာမို့ စာအုပ်အကြောင်း review နဲ့တော့ သိပ်တူမယ် မထင်ဘူး။ ကိုလူထွေးရဲ့ အကြံပေးချက်အရရော၊ လိုအပ်မယ်ထင်လို့ရော ဇာတ်လမ်းအကျဉ်းချုပ်ကိုတော့ နည်းနည်း ရေးပါမယ်။

ကမ္မဖလ
လူတစ်ယောက်က ရန်ငြိုးကြောင့် အရွယ်စုံ လူ (၇) ယောက်တိတိကို ပိပိရိရိ ကြံစည်ပြီး သတ်နိုင်ခဲ့တယ်။ ဘယ်လောက်တောင် ပိရိသလဲဆိုရင် သူကိုယ်တိုင်ကမှ ဖြောင့်ချက်မပေးရင် ဘယ်လိုမှ မရိပ်မိနိုင် မပေါ်နိုင်ဘူး။ နောက်တော့ လုံးဝ မကျူးလွန်တဲ့ လူသတ်မှုနဲ့ သူ ကြိုးမိန့်ကျတယ်။ အဲဒီအမှုကိုကျတော့ သူ လုံးဝ မကျူးလွန်ပေမယ့် ဘယ်လိုမှ ပြေးမလွတ်အောင်ကို ကန်ရာရှိခဲ့တယ်။ သက်သေ သက္ကာယ အားလုံးက ဒီလူသတ်မှုကို သူကျူးလွန်ကြောင်း ထောက်ပံ့အားပေးနေသလို ဖြစ်နေတယ်။ သူဘယ်လိုမှ မလွတ်နိုင်တော့ဘူး။

နောက်တော့ သူ စွပ်စွဲခံရတဲ့ အမှုကို တကယ်ကျူးလွန်ခဲ့တဲ့ တရားခံက ဖြောင့်ချက်ပေးလိုက်လို့ ကြိုးစင်တက်ရတော့မယ့်ဆဲဆဲမှာ သူ လွတ်သွားတယ်။ ဒါပေမဲ့ သူတကယ် ကျူးလွန်ခဲ့တဲ့ လူ (၇) ယောက်ကို သတ်မှုက ပေါ်လာပြီး အဲဒီညနေမှာပဲ သူ ပြန် ကြိုးပေးခံရတယ်။

ဒီစာအုပ်ကို နောက်ဆုံးနှစ်မှာ ကျောင်းစာကြည့်တိုက်ကပဲ ငှားဖတ်ခဲ့တယ်။

The Stars Look Down
ဒါကိုတော့ အကျဉ်းပြောဖို့ ခက်တယ်။ ဘာလို့ဆို ကမ္မဖလလို ဇာတ်လမ်းဆင်ထားတာ မရှိဘဲ၊ စရိုက်သဘာဝတွေကိုသာ အထူးပြု သရုပ်ဖော်ထားတာ ဖြစ်လို့ပါ။ ဇာတ်လမ်းအသားပေးတဲ့ ဝတ္ထု မဟုတ်ဘူး။ ကျောင်းပြီးလို့ ၂ နှစ်လောက်ရှိမှ ဖတ်ခဲ့ရတယ်ထင်တယ်။ အဲဒီအချိန်မှာ ဖတ်ခဲ့ရတဲ့ စာအုပ်တွေဆို သိပ်မမှတ်မိတော့ဘူး။ နောက် ကိုယ်တိုင်ကလည်း သေးသည့်အမှုသာ ကြီးအောင် လုပ်နိုင်တာ၊ ကြီးသည့်အမှု သေးအောင် မလုပ်တတ် ဖြစ်နေတယ်။ အကျဉ်းရေးဖို့ ခက်ပါတယ်။

အင်္ဂလန်နိုင်ငံက ကျောက်မီးသွေးတွင်းတူး အလုပ်သမားလူတန်းစားတွေ၊ ပိုင်ရှင်လူတန်းစားတွေ အဲဒီခေတ်အခါက လူတန်းစားအမျိုးမျိုးရဲ့ အခြေအနေ စရိုက်သဘာဝတွေကို အပီပြင်ဆုံး ရေးပြထားတယ်။ တကယ်တော့ Cronin ရေးသမျှစာတွေမှာ မပီပြင်ဘူး ဆိုတာ မရှိပါဘူး။ ထူးခြားတာက ကမ္မဖလ မှာလို စာရေးသူက ဇာတ်လမ်းထဲကို ဝင်မပါခဲ့ဘူး။

ဒီဝတ္ထုရဲ့ ဇာတ်သိမ်းမှာ လူရှုပ်လူပွေ အမှိုက်တစ်ကောင်က ခေတ်ပျက်သူဌေးဖြစ်၊ ကျောက်မီးသွေးတွင်း ပိုင်ရှင် ဖြစ်လာပြီး၊ ကျောက်မီးသွေးတွင်း အလုပ်သမားရဲ့သားကနေ အမတ်ဖြစ်ခဲ့တဲ့သူ နဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင်ဟောင်းရဲ့ သားက ကျောက်မီးသွေးတွင်းတူး အလုပ်သမားတွေအဖြစ်နဲ့ ကျောက်မီးသွင်းတွင်းဆီ ဆင်းသွားကြတာနဲ့ သိမ်းထားတယ်။ ဒီလို တစ်ကြောင်းထဲ ရေးလိုက်တော့ အနိမ့်အမြင့် အတက်အကျက သိပ်ကို သိသာလွန်းတယ် ထင်ရပေမယ့်၊ တကယ့် စာအုပ်ထဲမှာကျတော့ ဖြစ်ပျက်ပြောင်းလဲမှုတွေက သိပ်ကို ယုတ္တိတန်တယ်။ ခေတ်အခြေအနေ၊ စရိုက်သဘာဝတွေနဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပေးထားတာမှာ စာရေးဆရာကို လုံးဝ မမြင်ခဲ့ရဘူး။ ဇာတ်လမ်းတစ်ခုလုံးမှာ စောဒကတက်စရာ မရှိအောင်ကို သူ့သဘောသူဆောင်သွားကြတယ်။

God Sees the Truth, but Waits
ကမ္မဖလ နဲ့ ခပ်ဆင်ဆင်ပါပဲ။ လူသတ်မှုနဲ့ မှားယွင်းထောင်ကျခဲ့တဲ့ လူတစ်ယောက်အကြောင်း။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် အမှုမှန်ပေါ်လို့ သူ့ကို ထောင်ကလွှတ်တဲ့စာ ထုတ်ပြန်တဲ့နေ့မှာပဲ သူ ဆုံးသွားတယ်။

***
Comment

RITA // 18/05/2010 at 03:18
(ရုပ်ရှင်တွေထဲမှာဆိုလည်း မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတဲ့ ရုပ်ရှင်တွေ မရှိသလောက် ရှားတယ်။ zizawa)

ရုပ်ရှင်တွေနဲ့ နည်းနည်း အလှမ်းဝေးပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဝတ္ထုတွေမှာကျ မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတာ အတော်များများ ရှိတယ်။ ဒီ post ဖတ်ပြီး သတိရလိုက်မိတဲ့ ဝတ္ထုက AJ Cronin ရဲ့ The Stars Look Down.

ပြီးတော့ ဆက်ပြီး သတိရမိတာ တင့်တယ် “ကမ္မဖလ”။ နှစ်ခုလုံးကို အသက် 22/3 ပတ်ဝန်းကျင်ကျမှ ဖတ်ခဲ့ရတယ်။ တင့်တယ် စာအုပ်ကို အလယ်တန်းလောက်က စ ကြားဖူးပေမယ့် တကယ် ဖတ်ဖြစ်တော့ ကျောင်းပြီးခါနီးနေပါပြီ။

ဇာတ်ကြောင်း နှစ်ခုလုံးရဲ့ ဇာတ်သိမ်းကတော့ ဆန့်ကျင်ဘက်ပဲ။ တင့်တယ် မှာက ဇာတ်ကောင်ဟာ သူပြုသမျှ ကံ ကို သူ ပြန်ခံသွားရတယ်။ Cronin မှာက ပြောင်းပြန်။ နောက်ဆုံးဇာတ်သိမ်းမှာ ဇောက်ထိုးမိုးမျှော်ပဲ။

ဝန်ခံရရင် ကမ္မဖလ ကို ဖတ်ရတာဟာ Stars look down ကို ဖတ်ရတာထက် အားရကျေနပ်ဖြစ်မိတယ်လို့ ပြောလို့မရဘူး။

ကမ္မဖလ မှာ စာရေးသူက ဝင်ပါထားတာကို သိသိသာသာ မြင်နေရပြီး၊ Stars မှာက စာရေးသူကို လုံးဝမှ မမြင်မိအောင် ဖြစ်ရတယ်။

ကမ္မဖလ မှာ စာရေးသူရဲ့ ရည်ရွယ်ချက်ကို မကောင်းဘူးလို့ မပြောနိုင်ပေမဲ့ (တကယ်က ကောင်းပါတယ်) သူပေးချင်တဲ့ msg က တကယ့်လက်တွေ့ဘဝမှာ မြင်တွေ့နေရတာတွေနဲ့ အမြဲ မကိုက်ညီနိုင်ဘူး။ အဲဒီအခါ ဇာတ်လမ်းက သူဆင်ထားသလို ဖြစ်နေတယ်။ ဒါကို ဖတ်ပြီး ကျေနပ်တယ် ဆိုရင် ဖြေတွေးသလို၊ နှစ်သိမ့်သလိုပဲ ဖြစ်နေမှာပဲ။ (တရားကို နတ်စောင့်တယ် ဆိုတာ မတရားမှုက တရားမှုကို အနိုင်ရမှာကို မဖြစ်စေချင်လို့ ပေါ်လာတဲ့ စကားလို့ ထင်တယ်) ဆိုတာမျိုးလို။

နောက် ကမ္မဖလ ကို ဝေဖန်ရတာ နဲနဲတော့ ကျောချမ်းတယ်။ (Update: Air Con က နောက်ကျော တည့်တည့်မှာ မို့လို့) ဘယ် ဘုရားမှ အကျိုးဝိပါက်(ကမ္မဖလ) တိုင်းဟာ မျက်မှောက်ဘဝမှာတင် အထင်အရှား ဖြစ်လိမ့်မယ်၊ မြင်တွေ့ရမယ် မဟောဘူး။ အဲဒီ ကမ္မဖလ ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ အဖြစ်အပျက်ဟာ ချွင်းချက် အဖြစ်မျိုးသာ ဖြစ်နိုင်တယ်။

“နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်နဲ့ ဖတ်တော့… Cronin ရဲ့ စာအုပ်ကမှ တကယ့် လောကကို ထင်ဟပ်နိုင်တယ် လို့ ဘဝင်ကျမိတယ်။

အဲဒီတော့ (တရားမှုဟာ ကိုယ့်ဘက်မှာ လောလောဆယ် ရှိချင်မှ ရှိမယ်၊ ဘယ်တော့မှ မရှိဘဲ နေသွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒိအတွက် ကိုယ်ဟာ တရားမှုပေါ်မှာ ကောင်းမှုပေါ်မှာ သစ္စာမဖောက်သင့်ဘူး။) ဆိုတဲ့ အဆိုကိုပါ အင်မတန် ဘဝင်ကျစွာ လက်ခံပါတယ်။

ဒါပေမဲ့ ခုပြောသွားတဲ့ထဲမှာ “တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်” ဆိုတာပါနေတော့ ကိုယ်လုပ်မိတဲ့ မတရားမှု(မကောင်းမှု) က တချိန်ချိန်၊ (သံသရာ) တကွေ့ကွေ့မှာ လိုက်လာဦးမှာ ဆိုတဲ့ ကိုးကွယ်ရာ ဘာသာတရားကပေးတဲ့ အသိကြီးတော့ ပါနေတယ်။ ဆိတ်ကွယ်ရာမရှိဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဆင်နေတယ်။

(မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ)
(အကြောင်းပြချက် ပေးစရာမလိုတဲ့ မေးခွန်းတခု)

အင်မတန် စိတ်ဝင်စားမိပါတယ်။ ဒီခေါင်းစဉ်တွေကို။

***
တိုက်ရိုက်မဆိုင်တာတွေ ဝင်ပြောသလိုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီ post ဖတ်ပြီးပြီးချင်း ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေ ချရေးလိုက်မိတာ။ တင့်တယ် ရဲ့ ကမ္မဖလ ebook ရှိမလား ရှာကြည့်ပေမယ့် မတွေ့မိဘူး။ အောက်က လင့်ခ် မှာတော့ ဇာတ်လမ်းအကျဉ်း ရှိပါတယ်။ မဖတ်ရသေးတဲ့ စိတ်ဝင်စားတဲ့သူတွေအတွက်။

http://friendyay.multiply.com/journal/item/73

***
ဒါကတော့ အထက်က comment ကို စာရေးသူ ပြန်ထားတဲ့ comment ကို reply ထပ်လုပ်ထားတာပါ။

RITA // 18/05/2010 at 06:14
ဘာသာတရားက လူကို ပြုပြင်ခဲ့သလား၊ လူက ဘာသာတရားကို ပြုပြင်ခဲ့သလား ဆိုတာပါ စဉ်းစားမိသွားပြီ။

***

34 comments:

သက်ပိုင်သူ said...

ကမ္မဖလကို ကြိုက်လွန်းလို့ ၀ယ်သိမ်းဖူးတယ်။ အခုတော့ ပြန်ရှာမတွေ့တော့ဘူး.. ၉တန်းလောက်က ဖတ်တာထင်တယ်။ မြန်မာဂန္ဓ၀င်ဝတ္ထုတွေထဲမှာ ပါတယ်။ ဇာတ်အိမ်မြင့်တယ်။ အမျိုးသားစာပေစုအတွက် ပေးချင်ပေမယ့် အဲဒီလို သတ်တာဖြတ်တာတွေ များလွန်းလို့ အပယ်ခံရတယ် ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမယ့် အတော့်ကို ကောင်းတဲ့ ၀တ္ထုပါ

Rita said...

ဟုတ်တယ် စာပေဗိမာန်စာမူဆု အတွက်လား၊ အမျိုးသားစာပေဆု အတွက်လား မသိဘူး အပယ်ခံရတယ် လို့ အမှာစာမှာ တင့်တယ် ကိုယ်တိုင် ရေးထားတယ်။ အကြောင်းပြချက်က သပသ ပြောသလိုပဲ "အဲဒီ ဝတ္ထုမှာ သတ်တာဖြတ်တာတွေများလို့" တဲ့။

အဲဒီမှာ အကြောင်းပြချက်က "အကျိုးဝိပါက်တိုင်းဟာ ဒီဝတ္ထုမှာ ဖော်ပြသလို မျက်မှောက်ဘဝမှာတင် ထင်ရှားတွေ့နိုင်တာ မဟုတ်လို့" ဆိုရင် ပိုပြီး ကောင်းမယ် ထင်တယ်နော်။ ဘယ်လိုထင်သလဲ သပသ :)

ဝတ္ထုက သူ့ချည်းသက်သက်ဆို ကောင်းပါတယ်။ နောက် တင့်တယ် ရဲ့ ဇာတ်အိမ်ဖွဲ့တဲ့ အရည်အချင်းကလည်း ရှာမှရှားပဲ။ လုပ်နိုင်ခဲတဲ့ အရာပါ။ ဒါပေမဲ့ ဇာတ်လမ်းကို စာရေးသူက ချယ်လှယ်တာကိုတော့ မြင်နေရတယ်။

သေချာတာကတော့ ငယ်ငယ်က ဖတ်ခဲ့ရရင် ဘာမှ မတွေးဘဲ ကြိုက်ခဲ့မယ့် စာတစ်ပုဒ်ပါပဲ။ ကျောင်းပြီးခါနီးကျတော့ လက်တွေ့ဘဝမှာ မြင်ရတာတွေက များလာပြီလေ။ ဒီတော့ ဒီဇာတ်လမ်းမှာ စာရေးသူရဲ့ စွက်ဖက်မှုကို မြင်သာလောက်အောင်လည်း စာတတ်သွားပြီ။ :)

တရားမှုက အမြဲတမ်း အနိုင်မရပါဘူး လို့ နားလည်လက်ခံတဲ့ စိတ်နဲ့ဖတ်တော့ ဒီဝတ္ထုက ပေးချင်တဲ့ msg ဟာ လက်တွေ့ဘဝကို အမြဲ ကိုယ်စားမပြုနိုင်ဘူးလို့ပဲ ခံစားမိတယ်။

စာရေးသားခြင်း အတတ်ပညာနဲ့ အနုပညာအရတော့ အပြစ် အနာအဆာ မရှိအောင် ကောင်းမွန်ပါတယ်။

ဇွန်မိုးစက် said...

ကမ္မဖလကို မဖတ်ဖူးခဲ့ဘူး။ ခုအရမ်းစိတ်ဝင်စားသွားတယ်။
တော်စတွိုင်းရဲ့ “ဘုရားသခင်သည် အမှန်တရားကို သိမြင်တော်မူသည်။ သို့သော်...” အဲဒါဖတ်ဖူးတယ်။ ၁၈၊ ၁၉နှစ်လောက်က ဖြစ်မယ်ထင်တယ်။ ဖတ်ပြီး ဘုရားသခင်ကို အလိုမကျသလိုလို... စိတ်ဆိုးသလို ဖြစ်မိသေးတယ်။
အေဂျေခရိုနင်ဆိုတဲ့ စာရေးဆရာနာမည်ကို တော်တော်ရင်းနှီးပေမယ့် သူ့ဘယ်စာအုပ်တွေဖတ်ဖူးလည်း ကိုယ်မမှတ်မိတော့ဘူး။

တစ်ခါတစ်လေမှာ ကောင်းတာတွေလုပ်နေပေမယ့် မကောင်းတာတွေ ဖြစ်တတ်သလို၊ မကောင်းတာတွေလုပ်နေပေမယ့် အကျိုးမပေးမချင်း ကောင်းတာတွေ ဖြစ်နေတတ်သေးတယ်။ ဗုဒ္ဓဘာသာအရပြောကြည့်မယ်ဆိုရင် ဥပမာ - သတ္တ၀ါတစ်ကောင်ကို သတ်မိတိုင်း ပါဏာတိပါတာကံ မမြောက်ဘူး၊ အကြောင်းအချက် ၅ ပါးစုံမှ မြောက်တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်သတ်ချင်တဲ့ စေတနာရှိရမယ်၊ သတ်ဖို့လည်း ကြိုးစားတယ်။ သတ်မိသွားတယ်။ တစ်ဖက်က တကယ်လည်း သေသွားတယ်.. စသဖြင့်။ ပြုသူရဲ့ စေတနာ (ကံ) တာရင်တာသလောက် အကျိုးပေးသွားပါတယ်။ ပြုသူရဲ့ ကံက အခုဘ၀မှာ မလိုက်ရင်တောင်မှ သေခါနီးမှာ ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်အားပြိုင်ပြီး အကျိုးပေးမှာမို့ နောက်ဘ၀မှာ ဆက်ခံရမှာ အသေအချာပါပဲ။
ဘာသာရေးဘက် သိပ်ဆန်သွားပြီထင်တယ်။း)

ခုလောက်အသက်အရွယ်ရောက်မှ မတရားမှုပါတဲ့စာတွေ ပြန်ဖတ်ကြည့်ရင် ဘယ်လိုနေမလဲမသိဘူး။ ဇာတ်သိမ်းကို တရားသဘောနဲ့ ဆင်ခြင်ပြီးပဲ ကြည့်မိမလားပဲ။ ငယ်ငယ်ကတော့ မတရားသူကို မတရားတဲ့အတိုင်း ပြန်ခံစေချင်၊ ဇာတ်သိမ်းစေချင်တာလေ။

Kyaw Hnin Se Lwin said...

ဘာသာတရားက လူကို ပြုပြင်ခဲ့သလား၊ လူက ဘာသာတရားကို ပြုပြင်ခဲ့သလား ဆိုတာပါ စဉ်းစားမိသွားပြီ။

ရီတာရေ အဲဒီစာစုလေးသဘောကျတယ် သိလား

တကယ်တော့နှစ်မျိုးလုံးမှန်နေတာပါ

တဖြည်းဖြည်းနဲ့လူကပြင်တာတွေများလာတဲ့အခါ သာသနာကွယ်မယ် ဆိုတာ ဒါမျိုးပဲလို့ထင်တယ်နော်

စကားမစပ် ရီတာ့ပို့စ်ကို သူများတွေကွန်မန့်မရေးထားရင် တို့က ကွန်မန့်စရေးလို့မရဘူး။
ဘာကိုနှိပ်ရသလဲဟင်
:D

အရင်ပို့စ်လည်းကြိုက်တယ်
a ha ha

Rita said...

ဟုတ်လား။

အရင် post (ရေ ပို့စ် နဲ့ ဖျက်လိုက်တဲ့ ပို့စ်) ကတော့ comment ပိတ်ထားလိုက်တာ။ ရေ ပို့စ်ကတော့ share ပေးရုံသက်သက်ပဲ ဆိုတော့လေ။ comment ရေးနေရမယ့်သူတွေကို အားနာလို့ပါ။ ဖျက်လိုက်တဲ့ post ကတော့ ဇယားရှုပ်မှာစိုးလို့ ပိတ်လိုက်တာ။

ဒီ စာကြောင်းလေးကိုမှ တကူးတက နားလည်ပေးတာ ကျေးဇူးပါပဲ။ တကယ်တမ်း အရိုးစွဲနေကြတဲ့ စိတ်နဲ့သာဆိုရင် ဘာသာတရားကို ဘာလာစော်ကားသလဲ ဆိုတာမျိုးနဲ့ အငြင်းအခုန်သာဖြစ်ကြဖို့ ရှိတာ။ နားလည်ပေးနိုင်တဲ့သူ ရှိတာကို သိရလို့ ကျေးဇူးတင်ကျေနပ်မိပါတယ်။

ချစ်ကြည်အေး said...

ညီမ ရီတာရေ ဒီစာအုပ်တွေ မဖတ်ဖူးလို့ ဝင်မဆွေးနွေးနိုင်ပေမဲ့ ရှည်လျားလှတဲ့ သံသရာတလျှောက်လုံးမှာ ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေအတွက် ခုလက်ရှိဘဝတခုတည်းအပေါ် အကျိုးပေးမပေး ဖြတ်ကြည့်လို့ မရဖူးဆိုတာကိုတော့ ဘုရားဟောတရား လက်ခံသူမို့ သိတ်သဘောကျမိတယ်။ အမ အနေနဲ့တော့ ဘာသာတရားကသာ လူကိုပြုပြင်ပြောင်းလဲစေနိုင်တယ်လို့ မြင်ပါတယ် ညီမရေ...လူက ဘာသာတရားအပေါ် ဘယ်လိုပြောင်းလဲစေနိုင်တာလဲ...ဆိုတာ သိချင်မိပါတယ်...

Rita said...

(လူက ဘာသာတရားအပေါ် ဘယ်လိုပြောင်းလဲစေနိုင်တာလဲ)

အပေါ်က ကွန်မန့်မှာ မကျော်နှင်းဆီလွင် က နားလည်ပေးလို့ ကျေးဇူးတင်မိသလိုပဲ။ မမက ပွင့်ပွင့်လင်းလင်း မေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။

လူက ပြင်လာကြတယ် ဆိုတာမှာ... လတ်တလော အထင်ရှားဆုံးကို ပြောရရင် မဟာယနပါပဲ။ သူတို့က ကာလာမသုတ်ကို ကိုင်စွဲလို့ သူတို့လိုရာ ပြင်ခဲ့ကြတယ် ဆိုတယ်။

ဒါဖြင့် ထေရဝါဒကရော ဘာမှ အပြုအပြင် မရှိပါဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလို့ ယူဆမိပါတယ်။ မဟာယနလိုတော့ လူကပြင်တာ မသိသာဘူး ရှိကောင်းရှိပါလိမ့်မယ်။ မကျော်နှင်းဆီ ပြောသွားတာလည်း လက်ခံမိပါတယ်။

နောက်ပိုင်း သာသနာကွယ်တယ်ဆိုတာမှာ သာသနာရဲ့ အဆုံးအမကို လူတွေက မလိုက်နာနိုင်လို့ ဆိုတာလည်း ဖြစ်နိုင်သလို၊ လိုသလို ပြင်ပြီး လိုက်နာကြလို့ ကွယ်တာလည်း ဖြစ်နိုင်မှာပဲ။ ဒါက နောက်ပိုင်းဖြစ်နိုင်ချေကို တွေးကြည့်တာပါ။

သာသနာရဲ့ ရှေ့ပိုင်းမှာရော... အားလုံးသော ဖတ်ခဲ့ရတဲ့ ကျမ်း၊ နာခဲ့ရတဲ့ တရားတွေက ဘယ်ဓမ္မကထိက၊ ဘယ်ဆရာတော်ဘုရားရဲ့ ကိုယ်ပိုင် အာဘော်မှ မပါဘဲ ဘုရားဟော စစ်စစ်ပါလို့ အာမခံနိုင်သူ မရှိဘူးလို့ ထင်ပါတယ်။ သိပ်သိသာတဲ့ ပြင်ဆင်မှုမျိုး၊ လူပြိန်းနားလည်နိုင်တဲ့ ပြုပြင်မှုမျိုးကို မဆိုလိုပါဘူး။

အဲဒီလို အခြေအနေတွေကို ကြိုမြင်လို့ မြတ်စွာဘုရားက ကာလာမသုတ်ကို ဟောခဲ့တာလား လို့လည်း တွေးမိပါတယ်။ ဒီနေရာမှာရော ကာလာမသုတ်ကို ဘယ်သူမှ ပြုပြင်မထားခဲ့ပါဘူးလို့ ဘယ်လိုယုံကြည်စိတ်နဲ့ ညီမ ဘယ်လိုပြောနိုင်ပါလိမ့်။ အမှန်တော့ ယုံကြည်စိတ်ဆိုတဲ့ အဆင့်မြင့်တဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ အရိုးစွဲစိတ်နဲ့ ယုံကြည်နေတာပါ။

အလေးအနက် ပြောချင်တာကတော့ ယုံမှားသံသယ ကိစ္စပါပဲ။ ထေရဝါဒ အရတော့ ဘာသာတရားနဲ့ ပတ်သတ်တဲ့ ယုံမှားသံသယဆိုတာ သောတာပန်အဆင့်မှသာ ပယ်နိုင်တယ် ဆိုပါတယ်။ ... ဆိုတော့ လူသာမန်တစ်ယောက်က ယုံမှားသံသယကင်းတယ်ဆိုရင်တော့ တကယ်ကင်းတာ မဟုတ်ဘဲ အဲဒါ အရိုးစွဲစိတ်ပဲ ဖြစ်ဖို့များပါတယ်။

ညီမအနေနဲ့ ဘာမှ မသိသေးပါဘူး။ သိအောင် (ရံဖန်ရံခါ) လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ညီမမှာ ယုံမှားသံသယတချို့ မလွဲမသွေ ရှိပါတယ်။ အဲဒီအခါမှာ သာသနာအစက လူတွေဟာ သာသနာကို လိုသလိုပြုပြင်မှု ရှိကောင်းရှိခဲ့နိုင်တယ် ဆိုတာကို တွေးမိပါတယ်။ (သာသနာ အစရယ်လို့ မဟုတ်ပါဘူး။ အစ၊ အလယ်၊ အဆုံး ကိုယ် မသိမမီလိုက်တဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်)

တချို့ ကြားဖူးတဲ့ အတွေးအခေါ်တချို့မှာဆိုရင် "လူတွေဟာ အကြောက်တရားကြောင့် ဘာသာရေးကို တီထွင်ခဲ့တယ်" ဆိုတာကို။ ဒါ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ထိတော့ ညီမအနေနဲ့ ဉာဏ်မမီပါဘူး။ ဒါပေမဲ့ ယုံမှားသံသယ ကင်းပြီးသူ မဟုတ်တဲ့ သာမန်ပုထုဇဉ် ဘယ်သူမှာမဆို ရှိကောင်းရှိနေနိုင်တဲ့ အတွေးပါပဲ။

zizawa blog က စာရေးသူ အစ်ကို ရေးတဲ့ မူရင်း post ကိုရော၊ ညီမ အဲဒီမှာ ရေးခဲ့တဲ့ comment ကို သူပြန်ထားတဲ့ reply ကိုရော တွဲဖတ်ရင် ညီမတို့ ဆွေးနွေးဆိုလိုရင်းကို မမ ပိုနားလည်ပါလိမ့်မယ် ထင်ပါတယ်။

Rita said...

အဲဒီ zizawa blog မှာ ရေးခဲ့တဲ့ comment post ကို သေချာဖတ်မိရင် စကားလုံးတွေကို သတိထားမိလိမ့်မယ် ထင်ပါတယ်။

(ဘယ် ဘုရားမှ အကျိုးဝိပါက်(ကမ္မဖလ) တိုင်းဟာ မျက်မှောက်ဘဝမှာတင် အထင်အရှား ဖြစ်လိမ့်မယ်၊ မြင်တွေ့ရမယ် မဟောဘူး။) ဆိုတဲ့ ဝါကျက လွဲလို့၊ အဲဒီဝါကျမှာတော့ အခိုင်အမာ ပုံစံပေါက်နေပေမယ့်...

(“နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ "ခံယူတဲ့ စိတ်" နဲ့ ဖတ်တော့)

(ကိုယ်လုပ်မိတဲ့ မတရားမှု(မကောင်းမှု) က တချိန်ချိန်၊ (သံသရာ) တကွေ့ကွေ့မှာ လိုက်လာဦးမှာ ဆိုတဲ့ ကိုးကွယ်ရာ "ဘာသာတရားကပေးတဲ့ အသိကြီး" တော့ ပါနေတယ်) ဆိုတာတွေမှာ "ခံယူတဲ့ စိတ်" တို့၊ "ဘာသာတရားကပေးတဲ့ အသိကြီး" တို့ လို့ပဲ သုံးခဲ့ပါတယ်။ "ယုံကြည်စိတ်" လို့ မသုံးခဲ့ပါဘူး။

ဆိုခဲ့ပြီးတဲ့ သဘောတရားတွေက ဘုရားဟောစင်စစ်ဖြစ်တာ မဖြစ်တာကို ထားလိုက်ဦး။ ဒီသဘောတရားတွေ မှန်ပါတယ်လို့ သံသရာတလျှောက် လိုက်ကြည့်လို့ မရပါဘူး။ ဒါ့အပြင် သံသရာတလျှောက်ကို လိုက်မကြည့်ဘဲ မှန်ပါတယ်လို့ တထစ်ချ ယုံကြည်နိုင်တဲ့ အသိဉာဏ်နဲ့လည်း မပြည့်စုံသေးပါဘူး။

အဲဒီအခါမှာ အဲဒီလို အသိဉာဏ်ထဲမှာ လူနဲ့ဘာသာတရား အပြန်အလှန် ပြုပြင်နေကြတာ ဖြစ်နိုင်ကောင်းတယ် ဆိုတဲ့ အတွေးက အလွယ်တကူပဲ ဝင်နိုင်ပါတယ်။

ဇွန်မိုးစက် said...

အပြန်အလှန် အမြင်တွေဖတ်ရတာ စိတ်ဝင်စားစရာပဲ။

zizawa blog မှာ အရင်သွားဖတ်ဖြစ်တယ်။ တွေးစရာ၊ စိတ်ဝင်စားစရာကောင်းတယ်။

လူနဲ့ဘာသာတရား ပြုပြင်မှုမှာ နှစ်ခုစလုံး လက်ခံနိုင်စရာရှိတယ်။ ဘာသာတရားပြုပြင်မှုဘက်ကိုတော့ ရာခိုင်နှုန်းပိုပေးမိတယ်။ ရီတာပြောသလို.. မဟာယနကတော့ လူကပြုပြင်ပြောင်းလဲလိုက်တဲ့ ဘာသာတရားပဲ။ အခြားဘာသာဝင်တွေမှာလည်း အဲလိုရှိတယ်။ အစွန်းရောက်နဲ့ အလယ်အလတ်လမ်းစဉ်လိုက်သူတွေကွဲပြီး ဘာသာကွဲတွေ အများကြီးထွက်လာတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် စတဲ့ဘာသာတရားအဆုံးအမကို လက်ခံလိုက်နာသူတွေအတွက် ဘာသာတရားက ပြုပြင်ပြောင်းလဲပေးတယ်လို့ ဆိုနိုင်ပါတယ်။
သာသနာဆုတ်ကပ်ရောက်လာပြီဆိုတော့ လူကပြုပြင်တဲ့ ဘာသာတရားတွေဟာ သာသနာကွယ်ရာ အရင်းအမြစ်ပဲလို့ ယူဆမိတယ်။

(ဇွန်တို့တွေ ရခဲလှတဲ့လူ့ဘ၀မှာ စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရတာ သိပ်ကို ကံကောင်းလှပါတယ်။)

မြတ်နိုး said...

မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ

လက်တွေ့အကျဆုံးပဲ။
ကိုယ်ကတော့ ဒီလိုနေရာတွေမှာ ဘာသာတရားးမပါပဲနဲ့ကို

မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ
ဆိုတာကို ကျေကျေနပ်နပ်ထောက်ခံတယ်။

Rita said...

yes Sis, you got the zizawa's blogger point.

ပြောချင်တဲ့ လိုရင်းက အဲဒါပဲ။

တခါတခါကျတော့ သာမန်ပုထုဇဉ်တွေအတွက် ဘာသာတရားက အကြောင်းပြချက်တစ်ခု ဖြစ်သွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပြန်ချုပ်ကိုင်လိုက်တဲ့အရာ ဖြစ်သွားနိုင်တယ်။

ဒီလိုကိစ္စမျိုးအတွက် ဘာအချုပ်အနှောင်မှ မပါဘဲ၊ ဘယ်လို လွှမ်းမိုးမှုမှ မပါဘဲ၊ ဘယ် အကြောင်းပြချက်မှ မပါဘဲ မတရားမှုဖြစ်နေလို့ကို မလုပ်ဘူး ဆိုတာ ဖြစ်ရမယ်။

သံသရာ ရှိရှိ မရှိရှိ၊ ကိုယ်ပြုတဲ့ ကောင်းခြင်း ဆိုးခြင်း ကိုယ့်ဆီ ပြန် လာလာ၊ မလာလာ မတရားမှုဖြစ်နေလို့ကို မလုပ်ဘူး ဆိုတာ ဖြစ်ရမယ်။

ဇွန်မိုးစက် said...

ဘာသာတရားက အထိန်းအကွပ်တစ်ခုပါပဲ။ ကလေးတွေကို ဆုံးမတဲ့အခါမျိုးမှာ ဘာကြောင့်မလုပ်သင့်ဘူးဆိုတာ ဘာသာတရားအသိနဲ့ ယှဉ်ပြီးပြောပြပေးရင် ပိုနားလည်လွယ်လိမ့်ထင်တယ်။

တစ်ချို့ဘာသာမဲ့ပေမယ့် အကျိုးအပြစ်ကို မြင်တာသိတာထက် မတရားတာ၊ မကောင်းတာမှန်သမျှ မလုပ်သင့်မလုပ်ထိုက်လို့ ယူဆပြီး မလုပ်ဘဲနေကြ၊ သီလရှိကြတာမြင်တော့ အံ့သြမိတာ အမှန်ပဲ။ ကိုယ်သာဘာသာမဲ့ဆို အဲလိုနေနိုင်ချင်မှ နေနိုင်မှာ။ :)

Rita said...

မှန်တယ် ဇွန်။
(ကိုယ်သာ ဘာသာမဲ့ဆို အဲလိုနေနိုင်ချင်မှ နေနိုင်မှာ။)
ဒီအကြောင်းတွေကို ရေးရင်း တေဇာ့ ဆီမှာ ဖတ်ခဲ့ရတာကိုလည်း သတိရမိတယ်။

http://www.tazar.co.cc/2010/01/blog-post_3876.html အဲဒီ လင့်ခ်က "မျောက်တို့၏မာယာ" ဆိုတဲ့ပို့စ်မှာ၊

ကိုယ်သတိရမိတဲ့ အပိုင်းက မူရင်း ပို့စ်ထဲမှာ မဟုတ်ဘူး။ Chan myay thar yar ရဲ့ comment တစ်ခုကို ပြန်ထားတဲ့ နေရာမှာ။ (Janauary 13, 2010 8:00 PM) မှာ။

သူ ဒီလို ရေးထားတယ်။
"သဒ္ဓါတရားနဲ့ ပတ်သတ်လို့ နည်းနည်းလေး ပြောချင်ပါတယ်။ 2008 ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Warren Buffet ဟာ 2006 ခုနှစ်မှာ သူ့ပိုင်ဆိုင်မှုတွေရဲ့ 83% ရာခိုင်နှုန်းကို Bill & Melinda Gates Foundation ကို လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဝမ်းနည်းစရာက Warren Buffet ဟာ ခရစ်ယာန် မဟုတ်ပါဘူး။ ဘာသာမဲ့တစ်ဦးသာဖြစ်ပါတယ်။ ဒီထက်ပိုပြောရရင် Bill Gates ဟာလည်း မည်သည့်ဘာသာဝင်မှ မဟုတ်ပါဘူး။ ဒါဟာ သဒ္ဓါတရားကို "ဘာသာရေး" အနားကွပ်မှု ရှိ မရှိ ချိန်ထိုးကြည့်နိုင်အောင် သာဓက အနည်းငယ်မျှ ပြခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ သေရင် ကိုယ့်နောက်ပါအောင် လှူဒါန်းနေကြတာ မဟုတ်တာတော့ ထင်ရှားပါတယ်"

(အဲဒီ comment မှာ နောက်ပိုင်း တစ်လုံး နှစ်လုံး ပျက်နေလို့ ကိုယ့်ဘာသာ ဖြည့်ရေးလိုက်တယ်)

ဇွန် ပြောချင်တာနဲ့ ဆင်နေလို့ ထည့်ပေးလိုက်တာ။

ကိုယ့်အယူအဆကို ပြောရရင် Zizawa blog မှာ ပြောထားတာဟာ အကြောင်းပြချက်တစ်ခုခုကြောင့် မကောင်းမှုကိုမလုပ်တာဆိုတာနဲ့ နှိုင်းယှဉ်ရင် ဘာအကြောင်းပြချက်မှ မရှိဘဲ မကောင်းမှုဖြစ်လို့ကို မလုပ်တာ ဆိုတာကမှ ပို ဖြစ်သင့်ဖြစ်ထိုက်တယ် လို့ ဆိုလိုတယ်လို့ ယူဆမိတယ်။

Kyaw Hnin Se Lwin said...

ရီတာရေ ဇီဇ၀ါဘာလော့ဂ်လည်းသွားဖတ်မိတယ်။
ဘလော့ဂ်မှာ စာရေးသူရဲ့

ကိုယ်ရတဲ့ အဖြေကတော့ မတရားမှု
ဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာလို့ ဖြေရမယ်ထင်တယ်။
ဆိုတာလေးကိုအတော်သဘောကျမိတယ်။

အလှူနဲ့ပတ်သတ်ရင် အကျိုးမျှော်လှူဒါန်းမှုတွေနဲ့ပတ်သက်လို့ စိတ်ထဲမနှစ်မလို ဖြစ်နေခဲ့တာလည်း အတော်ကြာပြီ

ဒီပို့စ်လေးမှာ အတော်များများ ၀င်ဆွေးနွေးတာမို့ အတွေးကိုယ်စီ သိရပြီး အတော်လေးကောင်းပါတယ်။

မြတ်နိုး said...

ဒီက ဂျပန်တွေလည်း လှူတဲ့သူတွေဟာ သိလို့လှူတာ မဟုတ်ဘူး
အများအားဖြင့် ဘာသာမဲ့ပဲ။ အခို့်က ခရစ္ယာန္ပဲ

လှူတာ ကောင်းကျိုးလုပ်တယ်လို့ သူတို့ကယူဆတယ်
လိုအပ်နေသူကို လှူလို့ တစုံတရာမျှော်လင့်ချက်နဲ့ လုပ်တာလဲမဟုတ်သလို ဘာသာရေးကြောင့်မဟုတ်ဘူး

zizawa said...

Thanks for leaving comments on our blog and giving me an opportunity to raise more questions regarding my subject of inquiry with your feedback. To be honest, I was struggling to find a good enough reason as to why we should refrain from unjust acts. An inquiry into that question would take a good few pages (perhaps a whole book) and yet we may not come up with a satisfactory explanation. Perhaps the Philosophy I understand isn't designed to answer such questions convincingly even though it may help clarify the mist that surrounds them. I think I can see glimpses of you having an interest in contemplative subjects. And it's a virtue not many people have!!!
Here's my suggestion if you want to know more about the nature of the subject.
http://books.google.co.uk/books?id=TShGJmPlN2YC&printsec=frontcover&dq=truth+and+meaning&source=bl&ots=agW42zcNCK&sig=4kCxyInwb66q-gPVgxOD2vEtwR4&hl=en&ei=KabzS9u4NKf60wTE5-mODQ&sa=X&oi=book_result&ct=result&resnum=2&ved=0CBsQ6AEwAQ#v=onepage&q&f=false

watote

Oh btw, your site looks well maintained and I'm registering my interest.

Moe Tain Nyo said...

အဲဒီ စာအုပ် မဖတ်ဖူးဘူးဗျ။ ဖတ်ချင်လိုက်တာ။

zizawa said...

ဘာသာ တရားက လူကို ပြုပြင်သလား၊ လူက ဘာသာတရားကို ပြုပြင်သလားဆိုတဲ့ မေးခွန်းနဲ့  ပတ်သက်လို့  တခု ၀င်ပြောချင်ပါတယ်။ ယုံကြည်မှု တခု၊ အဆုံးအမတခုကို လက်ခံတယ်ဆိုတာ လက်ခံသူတွေရဲ့ စရိုက်သဘာဝနဲ့ အဲ့ဒိယုံကြည်မှုနဲ့ က ကိုက်ညီမှု အတိုင်းအတာတခုထိ ရှိလို့ သာ လက်ခံနိုင်တယ်လို့  ကျနော်က ယူဆတယ်။ ဥပမာ ခိုးဆိုးလုယက်ပြီး အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်စားတာမျိုးက ထုံးစံလို ဖြစ်နေတဲ့ လူ့ အဖွဲ့ အစည်း တခုမှာ ကိုယ်ချင်းစာ တရားထားရှိဖို့ သွန်သင်တဲ့ အဆုံးအမမျိုးဟာ မရှင်သန်နိုင်ဘူး။ ဘာသာတရားတွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ ကာလလောက်က
နေ ကနေ့ ထိ ရှင်သန်လာနေတာကိုက ဒီဘာသာတရားတွေရဲ့  အဆုံးအမကို လူတွေက လက်ခံနိုင်နေသေးတယ်၊ တနည်းအားဖြင့် လူတွေရဲ့ စရိုက်နဲ့ အလှမ်းမကွာသေးတဲ့ အတွက် လက်ခံနေသေးတာလို့ ယူဆတယ်။ ဘာသာတရားကို လူက ပြုပြင် ယူတယ် ဆိုတာထက် လူတွေက သူတို့ စရိုက် သဘာဝ အမူအကျင့်နဲ့ ကိုက်ညီတဲ့ ကိုးကွယ် ယုံကြည်မှု အယူအဆကို ရွေးချယ်တယ်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ ဘာသာတရားတွေရဲ့ သွန်သင်ချက်တွေ ကောင်းတယ် မကောင်းဘူး၊ မှန်တယ် မမှန်ဘူး ဆိုတာထက် ဘာသာတရားတွေကို လူတွေက ဘာ့ကြောင့်လက်ခံယုံကြည်သလဲဆိုတာကို ကျနော့်ဘလော့မှာ ပြောထားတာ ဖြစ်ပါတယ်။ ဒီကနေ ဆက်စဉ်းစားချင်စရာတွေ အများကြီးပါ။ နောက်ပိုင်းမှာ ဆက်ရေးပါအုံးမယ်။

ဝတုတ်

SM said...

research shows atheists are as morale as religious people in society and also they have about same percentage in divorces, teen pregnancies etc. And generally they have higher IQ.

George Barna research အရ Faith နဲ့ပက်သက်ပြီး အသက် 13 နှစ်မတိုင်ခင် ယုံအောင်လမ်းပြပေးထားရင် တသက်လုံး ယုံသွားတက်တယ်။ ဒါကြောင့် မိရုံးဖလာ ဘာသာရေးက အလုတ်ဖြစ်နေတာပေါ့။ Religious အရမ်းမဖြစ်တောင်မှ တခြားဘာသာပြောင်းသွားတယ်ဆိုတာ တော်တော်နည်းပါတယ်။

Rita said...

ဟိုတလောလေးက စဉ်းစားမိတာ တစ်ခုရှိတယ်။
ဘယ် (မိရိုးဖလာ)ဘာသာဝင်မဆို ဘာမှန်းမသိခင်မှာ လွှမ်းမိုးခံလိုက်ရတာပဲ လို့။ ဘာမှန်းသိတဲ့အချိန်မှာ အဲဒီအစွဲတွေကနေ ဖောက်ထွက်တွေးမယ်ဆိုလည်းပဲ 100% ကျော်လွန်ပြီး တွေးဖို့ဆိုတာ အများစုမှာတော့ မဖြစ်နိုင်တော့ဘူး။ SM ပြောတာ အလွန် သဘာဝကျတယ်။

အဲဒါကြောင့် ဒီနေရာမှာ အရိုးစွဲယုံကြည်မှု လို့ သုံးခဲ့တာ။ တင့်တယ် ပေးချင်တဲ့ msg ကို လက်မခံတာဟာ လက်တွေ့လောကမှာ မျက်ဝါးထင်ထင် မြင်နေရတာတွေနဲ့ ယှဉ်ပြီးကြည့်နိုင်တာမို့ လက်မခံတာပဲ။ ဒီအချက်က ဘယ်သူ့အတွက်မဆို အရမ်းရှင်းတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှာမဆို မျက်မြင်ကိုယ်တွေ့ တွေ့နိုင်တယ်။

အဲဒါကို ကိုယ်က (“နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး) တွေ၊ ဘာတွေ နဲ့ ထပ်ယှဉ်ပြီး ပြောထားပြန်တယ်။ အဲဒီအချက်ကို တကယ် ယုံကြည်သလားလို့ ကိုယ့်ကိုမေးလာလို့၊ တကယ်ယုံကြည်ပါတယ်လို့ ကိုယ် ဖြေရင် အဲဒါ ညာတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ကိုယ့်ဘာသာ မသိနားမလည်တာပဲ ဖြစ်မယ်။

အဲဒီအချက်ကို ယုံကြည်တယ်ဆိုတာ တကယ်တော့ အရိုးစွဲစိတ်နဲ့ ယုံကြည်တာပဲ။ တနည်းအားဖြင့် စိတ်သက်သာရာရလိုမှုအတွက် လိုလိုချင်ချင် လက်ခံထားလိုက်တာမျိုးပဲ ဖြစ်မယ်။ ဘဝင်ကျလောက်တဲ့ သက်သေ သက္ကာယပြစရာ အဖြစ်မျိုးကို ကိုယ်တိုင်နားလည်ပြီး ဉာဏ်နဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ကိုယ့်ရဲ့ လက်ရှိအနေအထားမှာ မဖြစ်နိုင်ဘူး။

(ပေရှည်သွားတယ်)
Thank you so much for ur comment!

မြတ်နိုး said...

I agree with SM 's point.

Kyaw Hnin Se Lwin said...

(၁)
ဇီဇ၀ါပြောတာလေးကိုဆင့်ပွားဆွေးနွေးခွင့်ပြုပါ ဇီဇ၀ါရေ

‘‘ ဘာသာတရားကို လူက ပြုပြင် ယူတယ် ဆိုတာထက် လူတွေက သူတို့ စရိုက် သဘာဝ အမူအကျင့်နဲ့ ကိုက်ညီတဲ့ ကိုးကွယ် ယုံကြည်မှု အယူအဆကို ရွေးချယ်တယ်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

ဒါဟာတစိတ်တပိုင်းတော့မှန်မယ်လို့ယူဆပါတယ်.
‘‘ရီတာကို ကိုယ်ဆိုခဲ့ဖူးသော
ဘာသာတရားကိုလူကပြုပြင်တယ်ဆိုခြင်းရဲ့အကြောင်းရင်းတွေဟာ မူရင်းကနေ လက်ဆင့်ကမ်းဆင်းသက်လာသော ပေထက်အက္ခရာတွေ ကို ထပ်ဆင့်လူတွေကပြုပြင်မှုကြောင့်လည်းရှိသလို၊ နောက်တစ်ခုကတော့ လူ့အတွေးခေါ် တနည်းဆိုရရင် လိုရာစွဲပြီးတွေးခေါ်သတ်မှတ်လိုက်ခြင်းကြောင့်လည်း ပြောင်းလဲသွားတာမျိုးပါ။

ဒါကြောင့်လည်း ဘုရားဟောတရားကိုပဲ အဓိပါယ်အမျိုးမျိုးကောက်ပြီး ငြင်းခုန်နေတဲ့လူတွေကို အတော်များများတွေ့ရတာဖြစ်မယ်လို့ထင်ပါတယ်။

Kyaw Hnin Se Lwin said...

(၃)
ဒါပေမဲ့ ဘာသာတရားအရ ဘုရားဟောတရား ကံကံရဲ့အကျိုးရှိတာကြောင့် မတရားမှုမလုပ်ရဖူးဆိုတဲ့
လူတိုင်းနားလည်လွယ်တဲ့ ကိုယ်ချင်းစာတရားသဘောနွယ်တဲ့ ဆုံးမစာမျိုးအနေဖြင့်ပြောမယ်ဆိုရင်တော့
အယူဝါဒစွဲတွေကိုလည်း စော်ကားရာ ငြင်းခုန်ရာမရောက်ဘူး
သိပ်ကိုရှင်းလင်းတဲ့ ဆုံးမစကားမျိုးဖြစ်သွားပါတယ်.
ဥပမာ
သင့်နှင့် သင့်မိသားစုတွေအသက်ခံရတာ သင်မကြိုက်သလို သူများတွေကိုလည်းသင်မသတ်သင့်ဘူး
သင့်ကို....လုပ်တာသင်မကြိုက်သလို သူများတွေကိုလည်းသင်မလုပ်သင့်ဘူး
စသဖြင့်ပေါ့
ဒါကြောင့်ဘာသာတရား တနည်းအားဖြင့် ယင်းသို့ ဆုံးမစာတွေဟာ အလွန်ကိုလိုအပ်ပါတယ်။

ကံကံရဲ့အကျိုးဆိုတာ လူအတော်များများအလွဲထင်နေတာရှိပါတယ်။
ကံဆိုတာ သတ်မှတ်ဖန်ဆင်းခံရခြင်း အလိုလိုဖြစ်သောအရာရယ်လို့ပေါ့။
ကံရဲ့ အနက်ကိုက အလုပ် ဆိုတဲ့အဓိပါယ်ပါ။
ကိုယ်လုပ်တာကိုယ်ရမယ် ကိုယ်လုပ်ရင်ကိုယ်ခံ ဒီလိုသဘောမျိုးပါ။

အတိတ်ဘ၀ နောက်ဘ၀ စတဲ့ မမြင်နိုင် မသိနိုင် လက်တွေ့သက်သေမပြနိုင်တဲ့ အရာတွေကို မပြောလိုပါဘူး။
ကံကံရဲ့အကျိုးဆိုတာ ကိုယ်တို့ပစ္စုပန် မျက်မှောက်မှာပဲ လက်တွေ့ကျတာဆိုရမယ်ဆို
စာကျက်တယ်ဆိုတဲ့အလုပ်ကို လုပ်ရင် စာမေးပွဲအောင်တယ်ဆိုတဲ့အကျိုးဖြစ်မယ်
ဒါဘယ်သူမှငြင်းမရတဲ့ လက်တွေ့နိယာမပါ။ ဘုရားဟောတရားရဲ့အခြေခံကလည်းဒါပါပဲ။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်
ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်
ဒါကြောင့်ဒီသဘောကို ကိုယ်ကတော့လက်ခံပါတယ်။
ဒါကြောင့် ဘာသာတရားဟာ လူ့ဘောင်အတွက်မရှိမဖြစ်လိုအပ်သောအရာလို့ကိုယ်ကတော့ယူဆပါတယ်။

Kyaw Hnin Se Lwin said...

(၂)
နောက်တချက်က ကိုယ့်အမြင်ကိုဆိုရရင်

မကောင်းမှုဟာ မကောင်းမှုဖြစ်လို့ မလုပ်တာဆိုတဲ့ အသိတရား

ဒါဟာသိပ်ကိုမြင့်မြတ်ပါတယ်။
သို့ငြား မကောင်းမှုဟာ မကောင်းမှုဖြစ်ကြောင်းမသိသူ (သို့)သုံးသပ်လက်ခံနားလည်နိုင်စွမ်းမရှိသူ (သို့)အယူလွဲသူ အနေဖြင့်ဆိုရင်ကော...

ဥပမာ ဟစ်တလာဟာ လူမျိုးရေးမုန်းတီးမှုနှင့် လူတွေအစုပြုံလိုက်သတ်ဖြတ်ခဲ့တယ် တကမ္ဘာလုံးက (သို့) ခံရသူဘက်ကကြည့်ရင် ဒါဟာ မကောင်းမှုပါ။ ဒါပေမဲ့ ဟစ်တလာဘက်ကကြည့်ရင် သူတို့လူမျိုးစုလိုက် ဂျူးတွေဆီမှာ အနှိမ်ခံ အစော်ကားခံရတယ်လို့ မြင်တဲ့အတွက် သူ့လူမျိုးစုတွေအတွက်တော့ သူဟာ သူရဲကောင်း ဒါကြောင့်လည်း သူ့လူထုထောက်ခံမှုအပြည့်နဲ့ အဲလောက်အင်အားအာဏာ တမဟုတ်တွင်းကြီးထွားလာခဲ့ရတာပေါ့

ဒီလိုနေရာမျိုးမှာ မင်း မကောင်းမှုလုပ်နေတာ ရပ်လို့ ဘယ်လိုတရားချလို့မှ မရနိုင်ဘူးလေ။
အယူုစွဲ ၀ါဒစွဲ ကွဲပြားမှုဟာ စစ်ပွဲကြီးတွေဖြစ်ပွားစေသည်အထိ ကြောက်ဖို့ကောင်းတဲ့
တဖက်နဲ့တဖက်မလျှော့နိုင်တဲ့ကွဲပြားမှုပါ။

Kyaw Hnin Se Lwin said...

(၄)
ဒါ့အပြင် ဘာသာတရားတိုင်းကိုလေးစားပါတယ်။
မူရင်းဘာသာဟာ ဘယ်ဘာသာကမှမကောင်းတာလုပ်ဖို့ မညွှန်ပါဘူး။
လူတွေက မကောင်းတဲ့ဘက်ကို စွဲတွေးသွားတာမျိုးပဲရှိပါမယ်။
ဥပမာ မွတ်စလင်ဘာသာဝင်တွေ ဘာကြောင့်ကြက်တို့နွားတို့ ဟာလာ(လည်ပင်းဖြတ်ပြီး)လုပ်ပြီးမှစားတာလည်း
ဘာလို့သူတို့ဘုရားကအဲလိုသင်တာလည်း။ ဒါမကောင်းတာမဟုတ်ဘူးလားလို့မေးစရာရှိလာကောင်းရှိလာနိုင်ပါတယ်။
သဲကန္တာရပိုင်းတွေမှာနေကြသူတွေ ခရီးသွားတဲ့အခါရိက္ခာအတွက် သတ္တ၀ါတွေကိုသတ်ပြီးယူသွားလို့မရပါဘူး။
ချက်ချင်းပုပ်သွားလို့ပါ။ အဲတော့သူတို့ အရှင်ယူသွားတယ်။ စားတဲ့အခါသတ်စားတယ်။
အဲဒီလိုဒေသမှာ သတ္တ၀ါအသက် မသတ်ရဘူးလို့ တရားသွားဟောရင် ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးလေ
အဲဒီတော့ သတ်တဲ့အခါ နာကျင်ဒုက္ခခံစားရမှုအနည်းဆုံး သတ်နည်းကိုသုံးရမယ်လို့ ဆုံးမစာဟာ
အဲလိုအခြေခံဆင့်ပွားလာသလိုမျိုးပေါ့။
ဒီလိုပါပဲ Result တိုင်းမှာ ကိုယ်မသိတာသာရှိမယ် Reasonတခုကတော့ရှိနေပါတယ်။

ဘယ် (မိရိုးဖလာ)ဘာသာဝင်မဆို ဘာမှန်းမသိခင်မှာ လွှမ်းမိုးခံလိုက်ရတာပဲ လို့။ ဘာမှန်းသိတဲ့အချိန်မှာ အဲဒီအစွဲတွေကနေ ဖောက်ထွက်တွေးမယ်ဆိုလည်းပဲ 100% ကျော်လွန်ပြီး တွေးဖို့ဆိုတာ အများစုမှာတော့ မဖြစ်နိုင်တော့ဘူး။
ဆိုတာကိုလည်း သဘောကျမိတယ်။

သို့ငြား ဘယ်အရာမဆို မိမိဆင်ခြင်ဥာဏ်၊အတွေ့ကြုံ၊ အတွေးခေါ်ဗဟုသုတတွေပေါင်းစပ်ပြီး
သဟဇာတညီမျှအောင် လိုသလိုချိန်ညှိသွားသင့်တယ်လို့ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အားလုံးရဲ့တူညီသောစိတ်ဆန္ဒပန်းတိုင်က အကောင်းဘက်ကိုဦးတည်တာမို့ ဘာလှေစီးသလည်းဆိုတာထက် ဒီခရီးပန်းတိုင်ကိုရောက်သွားဖို့လိုပါတယ်။

ဒါကြောင့်အားလုံးအမြင်ကိုယ်စီနှင့်
မှားတယ်လို့လည်းမဆိုနိုင်ပါဘူး။

အရှည်ကြီးရေးမိလို့ အချိန်တွေ ခွင့်လွှတ်ပေးပါလို့
:P

Rita said...

တကယ်တော့ အရှည်ကြီး ရေးသွားလို့ ကျေးဇူးတောင် တင်ပါတယ်။ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်လို့ တစ်ချက်သိလိုက်ရတာအတွက်လည်း ပိုပြီး ကျေးဇူးတင်ပါတယ်။

အဲဒီလို ဘာသာကွဲတွေ အကြောင်း စဉ်းစားရင်း၊ နောက် ကိုယ့်ဘာသာကို သူများက ဝေဖန်ထားတာကို ဖတ်မိရင်းကနေ...

"ဘယ် (မိရိုးဖလာ)ဘာသာဝင်မဆို ဘာမှန်းမသိခင်မှာ လွှမ်းမိုးခံလိုက်ရတာပဲ လို့။ ဘာမှန်းသိတဲ့အချိန်မှာ အဲဒီအစွဲတွေကနေ ဖောက်ထွက်တွေးမယ်ဆိုလည်းပဲ 100% ကျော်လွန်ပြီး တွေးဖို့ဆိုတာ အများစုမှာတော့ မဖြစ်နိုင်တော့ဘူး။" ဆိုတဲ့ အချက်ကို တွေးခဲ့မိတယ်။

အတိအကျပြောရရင် ဟိုတလောက ဘာသာရေးနဲ့ ပတ်သတ်ပြီး လှုပ်သွားအောင် ရေးလိုက်တဲ့ blog တစ်ခုကို ဖတ်ရင်းနဲ့။ အဲဒီမှာ သူ့ဦးနှောက်တိမ်တိမ်လေးနဲ့ တွေးပြီး စော်ကားထားတာတွေ မပါဘူးလား ဆိုတော့ ပါတာပေါ့။ ဒါပေမဲ့ ကိုယ် လုံးဝ ဒေါသမထွက်ဘူး။ ဘာမှ မလောက်လေးမလောက်စား ဂရုစိုက်စရာမလိုဘူးလို့ပဲ အောက်မေ့မိတယ်။ မြင်းမိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်နေတာပဲ၊ လှည့်ကို ကြည့်စရာလို့ မထင်ဘူး။ သူပြောတဲ့ စကားတွေကြောင့် ကိုယ့်ဘာသာတရားကိုတော့ သူများဘာသာဝင်တွေ တမျိုးထင်ခံရတော့မှာပဲလို့ တွေးတဲ့လူတွေကိုတောင် ကိုယ့်ဘာသာတရားကို လျှော့တွက်လှချည့်၊ အထင်သေးလှချည့်လို့ မြင်ခဲ့သေးတယ်။ သို့သော်...

တချို့ သူစွပ်စွဲတဲ့ အချက်တွေကိုတော့ စိတ်ဝင်စားမိတယ်။ ကိုယ်တွေ တသက်လုံးက အရိုးစွဲလို့ ကြည့်မြင်လာခဲ့တဲ့ အကြောင်းအရာတချို့ကို သူတပါး မျက်စေ့နဲ့ ဝင်ကြည့်ရတော့ ဒီလိုပါလား ဆိုတာ သိလိုက်ရလို့။ သူပြောတာတွေထဲမှာ တချို့သော အချက်အလက်တွေက ကိုယ့်ဘာသာတရားအပေါ် သူများဘာသာဝင်တွေက တလွဲတွေးကောင်းတွေးနေနိုင်တဲ့ ရှုထောင့်မျိုးပဲ။ ဒါကို ကိုယ်တွေအနေနဲ့ ပြန်ချေပစရာ မရှိဘူးလား ဆိုတော့ ရှိတာပေါ့။ သူတို့အနေနဲ့ ကိုယ်တွေလို စေ့စေ့စပ်စပ်မသိလို့ ကြားဖူးနားဝနဲ့ ပြောနေတာပဲ။ ကိုယ်တို့မှာ ခိုင်လုံတဲ့ အကြောင်းတွေရှိတယ်။ (ဒါပေမဲ့ သူတို့က ကိုယ့်ဘာသာတရားအပေါ် ပြောရကောင်းလားလို့တော့ မဖြစ်ဘူး။ အဲဒီကိစ္စမျိုး စိတ်ထဲကို မရှိတာ။)

အဲဒီမှာ တခုတွေးမိတယ်။
ကိုယ်တွေအနေနဲ့ သူများဘာသာအပေါ်မှာ နားမလည်နိုင်တာ၊ အထင်အမြင်လွဲနေတာတချို့ကရော သူတို့ ကိုယ့်ဘာသာတရားအပေါ် စေ့စေ့စပ်စပ်မသိလို့ နားမလည်နိုင်တာ၊ အထင်အမြင်လွဲနေတာမျိုးနဲ့ တူမနေနိုင်ဘူးလား ဆိုတာ...

ခု မကျော်နှင်းဆီ ပြောသွားတဲ့ထဲက ဟာလာလုပ်တဲ့ ကိစ္စမျိုးပေါ့။ ကိုယ်တို့ကလဲ တသက်လုံးက လွှမ်းမိုးခံလာရတဲ့ သူတပါးအသက်ကို သတ်ဖြတ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ချိန်ထိုးပြီး တွေးကြတာပဲလေ။ ဒါပေမဲ့ သူတို့မှာလည်း ခိုင်လုံတဲ့ အချက်အလက်ရှိနေတာပဲ။ ဒီလိုပဲ သူတို့အနေနဲ့လည်း ကိုယ်တို့ဘာသာရဲ့ တချို့သော အချက်တွေကို သူတို့ တသက်လုံးက လွှမ်းမိုးခံလာရတဲ့ အချက်တွေနဲ့ ချိန်ထိုး ဆုံးဖြတ်မိမှာပဲ။ အဲဒီလိုနဲ့ အထက်က ပြောခဲ့တဲ့အချက်ကို တွေးမိတယ်။

ဒီခေါင်းစဉ်မျိုးကို စိတ်ဝင်စားတဲ့သူ အများကြီးရှိမယ်လို့ မမျှော်လင့်ပါဘူး။ တကယ်လည်း မရှိပါဘူး။ ခုလို စိတ်ဝင်စားတဲ့သူတွေနဲ့ ဆွေးနွေးရတော့ အမျိုးတွေနဲ့ စကားပြောရသလိုပဲ။

(ဒါက စကားချပ်ပါ။ နောက်ချင်လို့။
စာကျက်တာ မကျက်တာထက် စာမေးပွဲကို ဝင်မဖြေဘဲ အောင်တဲ့လူတွေ ရှိတယ်နော်။ ကံ ကံ၏အကျိုးတွေ ခုခေတ်မှာ ပိုဆန်းပြားလာတယ်။)

Rita said...

အေးလေ ဗုဒ္ဓဘာသာအရတော့ ဒါဟာလည်း သူ့မှာ ဘဝအဆက်ဆက်က ပါလာတဲ့ အကြောင်းပါပဲ။

zizawa said...

အဲဒါကို ကိုယ်က (“နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး) တွေ၊ ဘာတွေ နဲ့ ထပ်ယှဉ်ပြီး ပြောထားပြန်တယ်။ အဲဒီအချက်ကို တကယ် ယုံကြည်သလားလို့ ကိုယ့်ကိုမေးလာလို့၊ တကယ်ယုံကြည်ပါတယ်လို့ ကိုယ် ဖြေရင် အဲဒါ ညာတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ကိုယ့်ဘာသာ မသိနားမလည်တာပဲ ဖြစ်မယ်။

အဲဒီအချက်ကို ယုံကြည်တယ်ဆိုတာ တကယ်တော့ အရိုးစွဲစိတ်နဲ့ ယုံကြည်တာပဲ။ တနည်းအားဖြင့် စိတ်သက်သာရာရလိုမှုအတွက် လိုလိုချင်ချင် လက်ခံထားလိုက်တာမျိုးပဲ ဖြစ်မယ်။ ဘဝင်ကျလောက်တဲ့ သက်သေ သက္ကာယပြစရာ အဖြစ်မျိုးကို ကိုယ်တိုင်နားလည်ပြီး ဉာဏ်နဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ကိုယ့်ရဲ့ လက်ရှိအနေအထားမှာ မဖြစ်နိုင်ဘူး။

This is an honest assessment, I think. We think we know a lot of things, but at closer scrutiny, there's a deep contradiction between what we think we know and what we really know. So my question is what is knowledge? What can we know? What do we really know when we say, 'I believe in the law of Kamma or there's a God who created us'? The is the next topic I have raised in my blog. Welcome to everyone.

And Ma Kyaw Hinn Se Lwin's examplification of Hitler is also illuminating regarding the previous blog.

sincerely,

Watote

khin oo may said...

အတော်ဆွေးနွေးထားကြတာဘဲ။

Kyaw Hnin Se Lwin said...

ရီတာရေ
ပါဝင်ဆွေးနွေးသူတွေကို တကယ်ပဲအမျိုးလို့ တင်စားတောင် မမှားပါဘူး။

တို့လည်း ပို့စ်တခုမှာ ခုလိုအရှည်ကြီးဝင်ရေးတာ ပထမဆုံးလို့ဆိုရမယ်။

များသောအားဖြင့် တခုခုကိုဖတ်လို့ အတွေးမတူတဲ့အခါ သိပ်ဝင်ပြောလေ့မရှိလို့ပါ။ ၀င်ရောက်ဆွေးနွေးပြောဆိုခြင်းဟာ အခြေနေ၊ အချိန်ခါ၊ အရပ်ရပ်ကို သုံးသပ်ဆင်ခြင်ရွေးချယ်ပြီးမှ လုပ်သင့်တဲ့အရာမျိုးထင်လို့ပါ။
တခါလေအတွက်တော့မကောင်းဘူးပေါ့လေ။

တကယ်တော့ဒီလိုပို့စ်တင်တာ ပို့စ်ရှင်အတွက်လည်း အလွန်ကိုတာဝန်ကြီးပါတယ်။ လေးပါတယ်။ ၀င်ဆွေးနွေးသူတွေအားလုံးဟာလည်း တဖက်နဲ့တဖက် ပုဂ္ဂိုလ်ရေးအသွင်မရှိပဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး
တဖတ်သတ်မကျပဲ အပြန်လှန်လေးစားခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းမျိုးမို့ တို့ကလည်း စကားလုံးအသစ် အတွေးသစ်တွေ အများကြီးသိခွင့်ရတာမို့ ရီတာ၊ဇီဇ၀ါနှင့်တကွ အားလုံးကိုကျေးဇူးတင်ကြောင်းပါ
:)

TnT said...

"ကိုယ်တို့ကလဲ တသက်လုံးက လွှမ်းမိုးခံလာရတဲ့ သူတပါးအသက်ကို သတ်ဖြတ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ချိန်ထိုးပြီး တွေးကြတာပဲလေ။"

So we can/should kill other beings with the concrete reason behind to do so????

Rita said...

ပြောထားတဲ့ သဘောတရားချင်းက တခြားစီဖြစ်တယ် ဆိုတာ ခေါင်းသုံးပြီး အရင်တွေးပါ။

နောက်တခု သတ်ရလောက်အောင် ခိုင်လုံတဲ့ အကြောင်းပြချက် ရပြီလားဆိုတာ ခေါင်းသုံးပြီး အရင်တွေးပါ။

ရပြီဆိုရင် လာပြောပါ။ ဘယ်လို အကြောင်းပြချက်မျိုးလဲ ဆိုတာ... ခိုင်လုံ၏ မခိုင်လုံ၏ ဆိုတာကို ကိုယ်ဆုံးဖြတ်ပေးမယ်။ ကိုယ် မဆုံးဖြတ်နိုင်ဘူး ထင်ရင် ကိုယ့်ထက် အတွေးအခေါ်ကောင်းတဲ့သူကို မေးပေးမယ် ဟုတ်ပြီလား။

နောက်တခု ကိုယ့်ပယောဂနဲ့ ယှဉ်လို့ (ကိုယ့်မှာတော့ ပါဏာတိပါတာ မကျရောက်နိုင်ပေမယ့်) သေကြရတဲ့ သားသတ်ရုံက သတ္တဝါတွေကို သတ်ပေးမဲ့သူမရှိရင် ကိုယ့်ဘာသာ သတ်စားနေမလား၊ အသီးအရွက်ပဲ စားနေမလား ဆိုတာ အရင်ဖြေပါ။

ကိုယ့်ကိုမေးရင်တော့ ကိုယ်က ဒုတိယတစ်ခုကိုပဲ ရွေးမယ်။

ရှင်းတယ်နော်။

post က မဆိုလိုတဲ့ သဘောတရားတွေကို ကိုယ့်ဘာသာ အထင်အမြင်နဲ့ ဆက်တွေးပြီး၊ post ရေးတဲ့ သူကပဲ ဆိုလိုသယောင်ယောင် လာမရေးပါနဲ့။ ဒါနောက်ဆုံးဖြစ်ပါစေ။

ခုကိုပဲ အဲဒီလို post က မဆိုလိုတဲ့ သဘောတရားတွေကို ကိုယ့်ဘာသာ အထင်အမြင်နဲ့ ဆက်တွေးပြီး၊ post ရေးတဲ့ သူကပဲ ဆိုလိုသယောင်ယောင် လာရေးတဲ့ သူတွေကို ယောက်ပြားစာရင်းသွင်းနေတာမို့ နောက်တခါလာရေးရင် အဲဒီစာရင်းထဲ ပါချင်လို့လို့ ယူဆမှာဖြစ်တယ်။

ခုလာရေးတဲ့လူက မိန်းမဆိုရင်တော့ ဆောရီးပဲ။

TZA said...

တင့်တယ် ရဲ့ ကမ္မဖလကို လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က ဖတ်ခဲ့ဖူးတယ်၊ အရေးအသားနဲ့ ဇာတ်အိမ်တည်ထားပုံကို သဘောအရမ်းကျတယ်၊ ဒါပေမဲ့ ဒီလောက် ပိပိရိရိ အလုပ်လုပ်တဲ့ လူတစ်ယောက်က သူ့အကြောင်းတွေအားလုံး ချရေးထားတဲ့ စာအုပ်ကိုမှ မေ့ကျန်ခဲ့ရသလား ဆိုပြီး ဇာတ်သိမ်းကို လက်မခံချင်ဘူး၊ ရီတာပြေသလို စာရေးဆရာ ခြယ်လှယ်တယ်ဆိုတာ ဒီအချက်လည်း ပါသလားလို့။

Rita said...

@TZA သေချာတာပေါ့ :)