Friday, May 28, 2010

လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ (၂) - မောင်သစ်ဆင်း

ကျွန်တော် စတင် လှုပ်ရှား၏။
ပထမလ... အကြောင်းမထူးပါ။
ဒုတိယလ... သိပ်မဟုတ်သေး။
တတိယလ... တစ်ခုခုတော့ လိုနေပြီ။
စတုတ္ထလ... ငါ ဘာမှားနေသလဲ။
ပဉ္စမလ... ဆဋ္ဌမလ....
စိတ်ဓါတ်သည် အောက်အဝီစိကို ဖောက်ထွက်သွားတော့မည် ထင်ရ၏။

ဆေးရုံ အဖွဲ့၏ သနားသော အကြည့်ကို ပြင်းပြစွာ ခံယူနေရချိန်၊ မအောင်မြင်မှုဖြင့် ခြေကုန်လက်ပမ်း ကျနေချိန်၊ မိမိ၏ စိတ်ကူးယဉ်မှုအပေါ် နောင်တ တရား ရလုလု ဖြစ်နေချိန်တွင် ကျောင်းဆရာနှင့် ကျွန်တော် စတင် ဆုံဆည်းခဲ့ရလေသည်။

လေကြီးမိုးကြီး ကျရောက်လျက်ရှိသော ညတစ်ည၌ ကျွန်တော့်ဆေးရုံသို့ ထမ်းစင်တစ်ခုဖြင့် သူ ရောက်ရှိ၍ လာ၏။ တောလည်သွားရင်းက ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရကာ သူခေါ်သွားသည့် ခွေးက သူ့ကို ပြန်ကိုက်လိုက်သဖြင့် ခြေထောက်တွင် ပြင်းစွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ သူ့ရွာမှ လူတွေက တောမှောက်သည်ဟု ဆိုကာ နတ်ဆရာနှင့် ကုသရန် ပြင်ဆင်ကြ၏။ သူက ဆေးရုံသို့ ဇွတ်အတင်း ပို့ခိုင်းသဖြင့် လာပို့ကြခြင်း ဖြစ်သည်။ သူကံကောင်းပါသည်။ ဒဏ်ရာက အရေးကြီးသော သွေးကြောများကို မထိ။ ထို့ပြင် ခွေးရူးကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးအချို့ ဆေးရုံမှာ ကျန်ရှိနေသည်။ သုံးပတ်ခန့်ကြာသော် ဆေးရုံမှ သူ ကောင်းမွန်စွာ ဆင်းနိုင်ခဲ့သည်။

ဆေးရုံပေါ် ရှိနေစဉ် အတွင်း သူနှင့် ကျွန်တော် မကြာခဏ စကားပြောဖြစ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ထူးခြားသူတစ်ယောက်မှန်း သိရှိလာခဲ့ရ၏။ သူ၏ ပြောဆိုပုံ ဟန်ပန်၊ စကားလုံးရွေးချယ်မှု၊ ထူးဆန်းသော အတွေးများ၊ နက်ရှိုင်းသော ဟာသများက ကျွန်တော့်ကို နှစ်သက်စွာ အံ့အားသင့်စေမိတော့သည်။ အချို့သောညများ၌ ညလုံးပေါက်နီးနီး ကျွန်တော်တို့ စကားပြောဖြစ်ကြ၏။ အတွေးအမြင်ဖြင့် ဌာပနာသော စကားတစ်ခွန်းကို ပြောဆိုရ၊ ကြားနာရလျှင် ရွှင်လန်းသွားတတ်သည့် ကျွန်တော့်အဖို့ သူနှင့် စကားပြောရသည်မှာ ကတ္တီပါစပေါ် လမ်းလျှောက်ရသည့်နှယ် အရသာရှိလှသည်။ သူ့ရွာက လူတွေကတော့ သူတို့၏ ကျောင်းဆရာ ဤမျှ စကားပြောသည်ကို ယခုမှပင် တွေ့မြင်ဖူးဟန်ဖြင့် အံ့သြတကြီး ရှိကြလေသည်။

"ဆရာက ဆရာဝန်ဆိုတော့ ဆရာဝန် စာရေးဆရာတွေကို ကြိုက်မှာပေါ့။ ချက်ကော့တို့၊ ကရိုနင်တို့၊ ဆမ်းမားဆက်မွန်တို့ "

"ကြိုက်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးက မိုရေးဗီးယားဗျ၊ ခင်ဗျား Two Women ဖတ်ဖူးလား"

"ဖတ်ဖူးတယ် ရုပ်ရှင်လည်း ကြည့်ဖူးတယ်၊ အတော် ကောင်းတာပဲ"

""သူယုံတာ ဘာလဲ"

"လူ့အသိဉာဏ်တဲ့ဗျာ"

"ဖြစ်မှ ဖြစ်ရပလေ။ မေတ္တာ စေတနာ မပါဘဲနဲ့ လူ့အသိဉာဏ်က ဘယ်လောက် စိတ်ချရမလဲ"

"အလို ကျောင်းဆရာရဲ့၊ အသိဉာဏ်ကြီး တစ်ခုလုံးထဲမှာ မေတ္တာစေတနာဆိုတာ ပါပြီးသားပဲဗျ"

"မဖြစ်နိုင်ဘူးဗျာ၊ ဒါက သီးခြားကိစ္စတွေ"

"ဘယ့်နှယ် သီးခြားရမလဲ၊ မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး"

"သက်သေပြ"

"ပြမယ်"

ဤကဲ့သို့သော နေ့မျိုးတွင် ကျွန်တော် စားဝင် အိပ်ပျော် ဖြစ်ရလေသည်။ ဆေးရုံအဖွဲ့၏ မသိမသာ မေးငေါ့ ပြုံးရယ်မှုများကိုမူ လစ်လျူရှုထားလိုက်၏။

သူ ဆေးရုံမှ မဆင်းမီညတွင် ကျွန်တော့်အခန်းသို့ ပုလင်းတစ်လုံးနှင့် ရောက်လာ၏။ နှုတ်ဆက်ပွဲ ကျင်းပမည်ဟု ဆိုသည်။

"ကဲ ဆရာသမား ရှိတဲ့ အမြည်း ထုတ်ပေတော့"

"အင်း ကဗျာဆရာ မောင်ချောနွယ်ကတော့ ဘဝကို ပါးပါးလှီး အရက်နဲ့ မြည်းသတဲ့။ ကျုပ်တို့က ဘာကိုလှီးပြီး မြည်းရပါ့"

"ရူပဗေဒကို လှီးကြည့်ရအောင်ဗျာ"

"အရက်နဲ့ လိုက်ပါ့မလား"

"သိပ်လိုက်တာပေါ့၊ အခုခေတ်ပေါ် ရူပဗေဒဆရာတွေ ကြံစည်နေကြတဲ့ တီအိုအီး ဆိုရင် ချိုချဉ်စပ်ကလေး၊ နောက်ဆုံးမှ ခါးတဲ့အရသာ ပေါ်လာတာ။ သိတယ် မဟုတ်လား တီအိုအီး"

"ဖတ်ဖူးပါတယ်။ Theory of Everything ! စကြဝဠာမှာ ဖြစ်တည်နေတဲ့ အရာအားလုံး မည်သို့မည်ပုံ ဖြစ်တည်နေပါတယ် ဆိုတာကို သင်္ချာဘာသာစကားနဲ့ ရှင်းပြနိုင်မယ့် သီအိုရီတဲ့၊ ကျွန်တော်ကတော့ ပရမတ္တသီအိုရီ လို့ ဘာသာပြန်တယ်။ သင့် မသင့် မပြောတတ်ဘူး"

"အဲဒီ သီအိုရီ ဖြစ်နိုင်ပါ့မလား"

"အင်း သေက္ဈတောင် ဆရာတော် ဦးတိလောကရဲ့ ပဏ္ဍိတဝေဒနိယကျမ်း အလိုအရ ဆိုရင်တော့ မဖြစ်နိုင်ဘူးဗျ"

"အဲဒါ ဖြစ်နိုင်တယ်"

"ပြောရဲလှချည်လား ကျောင်းဆရာ"

"မဟုတ်ပါဘူး မဖြစ်နိုင်ဘူး ဆိုတာ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ သူတို့လည်း ငြင်းကြခုန်ကြတုန်းပဲ"

"ဒါဖြင့်ရင်လည်း သူတို့ ငြင်းကြခုန်ကြဖို့ ထားခဲ့ပါဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့က ရှေ့ဆက် သွားရအောင်"

"ဘယ်ကို သွားမှာလဲ"

"ခင်ဗျား ရွာကိုပေါ့"

ကျွန်တော်၏ မအောင်မြင်သော စီမံကိန်းကြီးကို ချပြလိုက်သောအခါ ပထမ သူ အံ့သြသလို ဖြစ်သွား၏။ နောက်တော့ ဟက်ဟက်ပက်ပက် ရယ်လေသည်။

"ဖြစ်ရလေဗျာ၊ ဆရာ့ဟာက ရေလိုက်လွဲနေတာပဲ"

"ဆိုစမ်းပါဦး"

"ဆရာ စည်းရုံးရမှာက တခြားလူတွေကို မဟုတ်ဘူး။ နတ်ဆရာကို စည်းရုံးရမှာ"

"အောင်မလေးဗျ၊ ဟုတ်ပေသားပဲ။ နို့ပေမယ့် လွယ်ပါ့မလား"

"အညှာသိရင် လွယ်ပါတယ်"

"ဒါဖြင့် အညှာကိုပြ၊ ပါးပါးလေး လှီးလိုက်မယ်၊ အဲဒီလို လုပ်စမ်းပါ ကိုယ့်လူရယ်၊ ကျုပ်က မြို့ပေါ်မှာ မှိုတက်လာခဲ့တဲ့ အကောင်၊ ခင်ဗျားလည်း အတူတူပဲ၊ တောကြီးမျက်မည်းထဲမှာ အလကားနေရင်း မှိုတက်နေတာ၊ ကျုပ်တို့ရဲ့ မှိုမွေးမြူရေးကြီးကို ရပ်ကြဖို့ တော်ပြီ။ ကိုယ်ပေါ်က မှိုတွေကို တစ်နည်းနည်းနဲ့ တိုက်ချွတ်ကြစို့ရဲ့"

"အင်း ဆရာဖေမြင့်ရဲ့ ဝတ္ထုတိုလေးတစ်ပုဒ် သတိရလှသဗျာ၊ ဝတ္ထုနာမည်ကတော့ မေ့နေပြီ။ သဘောပြောရရင်တော့ မဖွံ့ဖြိုးသေးတဲ့ ဒေသ တစ်ခုကို ရောက်သွားတဲ့ ကျောင်းဆရာတစ်ယောက်၊ ရွာသူရွာသားတွေရဲ့ အသိဉာဏ်ကို ပွင့်လင်း ဖွံ့ဖြိုးလာစေမဟဲ့ ဆိုပြီး လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းဟာ အဲဒီလူတွေရဲ့ နေ့စဉ်ဘဝနဲ့ မလိုက်မဖက်တွေ ဖြစ်ကုန်ရော၊ နောက်ဆုံး သူ ရွာက ထွက်သွားရတယ်။ ဝတ္ထုဆုံးပုံလေး သိပ်ကောင်းသဗျ။ 'နောက်ဆုံးတော့ ရွာကလေးသည် မူလအတိုင်းပင် အကောင်းပကတိ ကျန်ရစ်ခဲ့လေသည်' တဲ့၊ ကျွန်တော်ဖြင့် ရယ်လိုက်ရတာ အူကို နာနေတာပဲ"

"ကျုပ်တို့ ကိစ္စကတော့ အူနာရမယ့် ကိစ္စ မဟုတ်ဘူးနော်။ ဝတ္ထုထဲက ကျောင်းဆရာကို အားကျမနေနဲ့၊ သူက ခင်ဗျားလို အညှာသိတာ မဟုတ်ဘူး။ ဒီကိစ္စက ခင်ဗျားပါမှ ဖြစ်မှာ၊ ခင်ဗျားလည်း အခရာပဲ။ ခင်ဗျားရွာကို စံပြရွာ သတ်မှတ်ပြီး စရမှာ၊ ဘယ်နှယ့်လဲ"

"ကဲပါလေ ဖြစ်ရပါစေ့မယ်။ ဘယ်တော့ စချင်သလဲ"

အစက ဒီလောက် လွယ်ကူလိမ့်မည် မထင်ခဲ့။ နတ်ဆရာ၏ အညှာမှာ ရမ်တစ်လုံး၊ ခေါင်ရည်တစ်အိုး၊ စီးကရက် တစ်ဗူးနှင့် ကြက်နှစ်ကောင် ဖြစ်လေသည်။ ဤသည်ပင် များနေသေး၏။ နတ်ဆရာနှင့် အတူ ကျွန်တော်တို့ သုံးရက်တိတိ ဝိုင်းဖွဲ့လိုက်ရုံဖြင့် အပြန်အလှန် နားလည်မှု ရရှိကြတော့သည်။

သူ၏ ကုသမှုကို ကျွန်တော်က ပိတ်ပင်သည်မဟုတ်ဘဲ ကူညီဆွေးနွေး အကြံပေးခြင်းဖြင့် သိပ္ပံဆေးပညာအပေါ် သူ စိတ်ဝင်စားစ ပြုလာသည်။ တဖြည်းဖြည်းနှင့် တကိုယ်ရေ ကျန်းမာရေး အကြောင်းမှ စကာ ပိုးမွှားသန့်စင်နည်း၊ အနာဆေးထည့်နည်း၊ ပတ်တီးစည်းနည်း အစရှိသည်တို့ကို သင်ပြပေးရသည်။ သူ့ထံမှလည်း အနီးတဝိုက် အလွယ်တကူ ရရှိတတ်သော ဆေးပင် ဆေးမြစ်တို့၏ အံ့မခန်းအာနိသင်တို့ကို သိရှိရပြန်သည်။ ကျွန်တော် အသေအချာ မှတ်တမ်းပြုထားပါ၏။ တချိန်ချိန်တွင် ဆေးလောကအတွက် အကျိုးရှိလာမည် ဖြစ်သည်။

ဤသို့ဖြင့် နှစ်ဦးနှစ်ဦး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးထူးပုံကို လက်တွေ့ သိမြင်လာသောအခါ နတ်ဆရာသည် ဆေးရုံပို့သင့်သည်ဟု ကျွန်တော် အကြံပြုသော လူနာများအား ဆေးရုံသို့ တွင်တွင် ပို့တော့သည်။ ကျွန်တော်တို့ လုပ်ငန်းစ၍ နှစ်လလောက် အတွင်း၌ပင် သားဖွားလူနာ၊ လည်ပင်းကြီးလူနာ၊ ငှက်ဖျားလူနာများဖြင့် ကျွန်တော့်ဆေးရုံသည် စည်စည်ကားကား ဖြစ်လာလေသည်။ အံ့သြနေကြသည့် ဆေးရုံအဖွဲ့အား ကျွန်တော်က ကြွားကြွားကြီး ပြုံးပြလိုက်၏။ တောင်ပေါ်မှာ ကျွန်တော် ပျော်သွားပြီ။ ယခုတော့ ကျောင်းဆရာ၏ စံပြရွာသို့ တစ်ပတ်တစ်ကြိမ် မှန်မှန်သွားရင်း တောင်တန်းကြီးများသည် ပိုမို လှပလာသည် ထင်ရ၏။

***
တောအုပ်ကလေးကို ကျွန်တော် စတင် ဖြတ်သန်းနေပြီ ဖြစ်သည်။

မြေနီလမ်းသည် အသစ်ကျရောက်သော နှင်းတို့၏ ပတ်ဖွဲ့မှုဖြင့် စေးထန်းပျော့အိလျက်ရှိကာ နင်းလိုက်တိုင်း ပြတ်သားသည့် ဖိနပ်ရာတို့ကို ထင်ကျန်စေခဲ့သည်။ အလင်းရောင်က အားနည်းစပြုလာ၏။ နှင်းမြူများ သိပ်သည်းလာသဖြင့် ရှေ့ဝါးနှစ်ရိုက်ခန့်အကွာလောက်ကိုပင် သိပ် ကွဲကွဲပြားပြား မမြင်ရတော့။ ဦးထုပ်ဖြူဆောင်းတောင်ထွတ်များမှာ နှင်းမြူတို့ကြား၌ ပျောက်ကွယ်နေလေသည်။ ခပ်လှမ်းလှမ်းမှ သစ်နွယ်ခြုံတန်းတို့ကို အရိပ်အယောင်အဖြစ်မျှသာ မြင်ရ၏။ ရုတ်တရက် လှုပ်ခတ်လိုက်သည့် လေထုကြောင့် စိမ့်တက်လာသည့် အအေးဓါတ်သည် ခွဲစိတ်ဓါးတစ်ချောင်းကို သတိရစေတော့သည်။

ဂျာကင်အင်္ကျီကော်လံကို နားရွက်ဖုံးအောင် ထောင်မတ်လိုက်ပြီး ကျွန်တော် လျှောက်လာသည်။ တခေါ်လောက်ဆီရှိ ကညင်ပင်ကြီး တစ်ပင်ပေါ်က မျောက်တစ်အုပ်၏ အထိတ်တလန့် ဆူညံအော်ဟစ်သံများ ကြားရသည်။ ထို့နောက် တောအုပ်သည် တိတ်ဆိတ်သွား၏။ ချုံနွယ်ပိတ်ပေါင်းများထဲက ပုစဉ်းရင်ကွဲ အော်မြည်သံများ ပြန်လည်ထွက်ပေါ်လာသည်။

လုပ်ငန်း အောင်မြင်မှုများကို တစိမ့်စိမ့် စမြုံ့ပြန်ရင်းနှင့် ကျွန်တော့်အတ္တသည် အတော်ကလေး နေလို့ ထိုင်လို့ ကောင်းနေသည်။ မီးဖွားရာတွင် အချင်းကပ်နေ၍ ခက်ခက်ခဲခဲ လုပ်ဆောင်ပေးခဲ့ရသည့် နတ်ဆရာ၏ တူမသည် ရင်သွေးကို ပိုက်လျက် ဆေးရုံမှ ကျန်းမာပကတိ ဆင်းလာသောအခါ အံ့သြဝမ်းသာသွားခဲ့သည့် နတ်ဆရာ၏ မျက်နှာကြီးကို ပြန်လည်မြင်ယောင်လျက် ကျွန်တော် အသံထွက်အောင် ရယ်မောလိုက်သည်။ ကျောင်းဆရာ၏ အံ့မခန်း စာအုပ်ပုံကြီးအား သတိရလိုက်သည့်အခါတွင်ကား ရယ်ရွှင်မြူးဖွယ် တေးသွားတစ်ပုဒ်ကို လေချွန်မိရက်သား ဖြစ်သွားတော့သည်။

ရှေ့မှာ တောအုပ်၏ အဆုံးကို လှမ်းမြင်နေရပြီ။

လေချွန်သံကို စည်းချက်လိုက်နေသည့် ခြေလှမ်းများသည် နှေးကွေး၍ လာကြ၏။ ကျွန်တော့်လေချွန်သံကလည်း တဖြည်းဖြည်း တိုးညင်း၍လာကာ နောက်ဆုံး လုံးဝ ထွက်ပေါ်မလာတော့။ ထိုအချိန်တွင် ကျွန်တော့် ခြေထောက်တို့က ရပ်တန့်ပြီး ဖြစ်နေသည်။

ထူးဆန်းစွာပင် ကျွန်တော့်စိတ်တွေ တမျိုးကြီး ဖြစ်လာ၏။ ရုတ်ချည်းပေါ်ပေါက်လာသော ဖြန်းကနဲ ကြက်သီးထမှုကို ကျွန်တော် နားမလည်နိုင်ပါ။

တစ်နေရာရာမှ တစ်စုံတစ်ယောက်၏ ချောင်းမြောင်း ကြည့်ရှုနေခြင်းကို ခံစားသိရှိနေရသလိုလို။

ကျွန်တော် နောက်ကျောမလုံ ဖြစ်လာ၏။
ကိုယ်ကို တပတ်ပြည့်အောင် လှည့်၍ ကြည့်လိုက်သည်။ ဝေဆိုင်းနေသော မြူနှင်းများ၊ တောရိပ်တောင်ရိပ်မည်းမည်းများ၊ ချုံပုတ်ခင်တန်းများ၊ မြေနီလမ်းကလေး။ ပြီးတော့ ပုစဉ်းရင်ကွဲ မအော်မြည်တော့သည့် တိတ်ဆိတ်ဝန်းကျင်။

ဘာလဲ။ ငါ ဘာဖြစ်နေတာလဲ။ ဘာမှလဲ မဟုတ်ဘဲနဲ့။ စိတ်ခန္ဓာကို အားတင်းထိန်းသိမ်းလျက် ကိုယ့်အဖြစ်ကိုယ် လှောင်ပြောင်ရယ်မောရန် ကြိုးစားသည်။ သို့ရာတွင် လေးလံသောစိတ်က သိသိသာသာကြီး လျော့ပါးမသွား။ ဘယ်လိုလဲကွာ၊ ဒုက္ခပါပဲ။

ကျွန်တော် ရှေ့သို့ ဆက်၍ လှမ်းသည်။
ကိုးလှမ်း၊ ဆယ်လှမ်းအရောက်တွင် လေချွန်မည်ပြုသည်။ စုချွန်လာသော ကျွန်တော့် နှုတ်ခမ်းများသည် ရုတ်ချည်းပင် ပြန်လည်ပြားကပ်၍ သွား၏။

အလို... ရှေ့မှာ ရှေ့မှာ...
ကျွန်တော့် ရှေ့တည့်တည့် ဝါးနှစ်ရိုက်အကွာ မြေနီလမ်းပေါ်တွင် သဏ္ဌာန်ကြီးတစ်ခုကို ဘွားခနဲ မြင်တွေ့လိုက်ရ၏။

ခြေလှမ်းများ တုံ့ဆိုင်းကာ ကျွန်တော် ကြောင်နေ၏။ မြူနှင်းများကြောင့် သဲကွဲစွာ ကျွန်တော် မမြင်ရ။ ဘာလဲ ဘာကြီးလဲ။

လေက သုတ်ခနဲ တစ်ချက် ဖြတ်တိုက်လိုက်သဖြင့် မြူနှင်းတို့ ခေတ္တခဏ လွင့်ပါးသွားကြသည်။ ထိုအချိန်တွင် ထိုသဏ္ဌာန်ကို ပီပြင်စွာ တွေ့လိုက်ရ၏။

လုံးဝန်းသော ဦးခေါင်း၊ တိုဝိုင်းသော နားရွက်၊ စူးလက်သည့် မျက်လုံးအစုံ၊ ရှည်သွယ် ခန္ဓာကိုယ်ပေါ်က အဝါရောင် အစင်းကြီးများ၊ မြေပြင်ကို တဘုတ်ဘုတ် ပုတ်နေသည့် အမြီး တုတ်တုတ်ကြီး။

ဟာ အဲဒါ ကျ ကျ ကျားကြီး ကျားကြီး။
ရုတ်တရက်ပင် မျက်လုံးများ ပြာဝေကာ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွား၏။ ဒူးအစုံသည် ခွေညွှတ်သွားမတတ် တဆတ်ဆတ်တုန်ယင်၍ လာကြသည်။ အာခေါင်များလည်း ခြောက်သွေ့လာ၏။ မြေနီလမ်းကျဉ်းကလေးပေါ်တွင် ကျွန်တော်သည် ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင် တွေ့ကြုံနေရပါပြီ။

ကျားဆိုသည့် သတ္တဝါကို တိရစ္ဆာန်ရုံ လှောင်အိမ်များအတွင်း၌သာ အမှတ်တမဲ့ မြင်တွေ့ခဲ့ဖူးသော ကျွန်တော်သည် ယခုကဲ့သို့ လမ်းကျဉ်းကလေးပေါ်၌ ရင်ဆိုင်တွေ့ကြုံနေရသည့် ကျားကြီးတစ်ကောင်နှင့် မည်သို့မည်ပုံ ဆက်ဆံရမည်ကို လုံးဝ မသိရှိပါ။

ကျွန်တော် နည်းနည်းကလေးမှ မလှုပ်ရှားဘဲ တောင့်တောင့်ကြီး ရပ်နေမိ၏။

ကျားသည် ကျွန်တော့်ကို ကြည့်နေ၏။
ကျွန်တော်သည် ကျားကို ကြည့်နေ၏။
သူ ဘာလုပ်တော့မှာလဲ။ ငါ့ကို ခုန်အုပ်တော့မှာလား။ သွားချွန်ချွန်ကြီးတွေက ငါ့လည်ပင်းကို...။ အမလေးနော်၊ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ။

ကျား၏ စိုလက်နီရဲသော လျှာကြီးက နှုတ်ခမ်းကို တစ်ချက်သပ်လိုက်၏။ အစွယ်ကြီးများကို လှစ်ခနဲ မြင်လိုက်ရသည်။ ခေါင်းထဲတွင် ညိုးညိုးညံညံ အသံများဖြင့် ဆူဝေနေ၏။ နားတွေ အူလာသည်။ ခြေထောက်တွေ ယိုင်လာသည်။ အို... ဘုရားသခင်။

ခုန်အုပ်ဖို့ နောက်ခြေနှစ်ချောင်းကို ညွှတ်ချအားယူလိုက်ပြီလား။ သူ့မျက်လုံးတွေ ဝင်းတောက်လာပြီလား။ ငါ သေရတော့မှာလား။ အား... မသေဘူး။ ငါ လုံးဝ မသေချင်ဘူး။ ဦးနှောက်ထဲတွင် တစ်စုံတစ်ရာက လက်ခနဲ ဖြစ်သွား၏။

"ထန်မောင်"

အမည်တစ်ခုသည် ကျွန်တော့် နှုတ်ဖျားက လွင့်ထွက်၍ လာ၏။ ကျားသည် နေရာက ရုတ်တရက် ထလိုက်သည်။

ကျွန်တော် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ကျားသည် နောက်သို့ တစ်လှမ်းဆုတ်သွား၏။

"ထန်မောင်"
ကျွန်တော် ရှေ့သို့ ခပ်သွက်သွက် လှမ်းလိုက်သည်။

ကျားသည် နောက်သို့ အမြန် ဆုတ်သွား၏။ ဟင်းကနဲ မာန်သွင်းသံကြီးကိုလည်း ကြားလိုက်သလို ရှိ၏။

"
ထန်မောင်... ထန်မောင်... ထန်မောင်... "

နောက်ပိုင်း ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို အသေးစိတ် မမှတ်မိတော့ပါ။

"ထန်မောင်" ဟူသော အမည်ကို အော်ဟစ်မြည်တမ်းလျက် ကျားကြီးထံသို့ ကျွန်တော် ပြေးဝင်သွားခြင်း၊ ကျားကြီး ဒရောသောပါး နောက်သို့ဆုတ်ကာ ချုံပုတ်တစ်ခု၏ နောက်သို့ ကျွမ်းပစ်၍ ပြေးဝင်သွားခြင်း၊ လမ်းကလေးပေါ်တွင် ကျွန်တော် တစ်ယောက်တည်း မောဟိုက်တုန်ရီလျက် ကျန်ရစ်ခဲ့ခြင်း၊ ဘောင်းဘီ အောက်ပိုင်းတစ်ခုလုံး ရစရာ မရှိအောင် စိုရွှဲနေခြင်းတို့ကိုသာ ပြန်လည် အမှတ်ရမိပါတော့သည်။

***
ဆေးရုံအဖွဲ့သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြလေ၏။ ဘုရားတသူတ၊ ရင်ဘတ်ဖိသူဖိနှင့် နောက်ဆုံးတော့ ကျွန်တော့်ကို ကရုဏာဒေါသော အပြစ်တင်ကြတော့သည်။ စံပြရွာသို့ နောက်နောင် ဘယ်သောအခါမှ မသွားတော့ရန်လည်း တညီတညွတ်တည်း ဝိုင်းဝန်း တားမြစ်ကြလေ၏။

ကျွန်တော်ကတော့ ထိုအဖြစ်အပျက်ကို တစ်ပတ်လုံးလုံး စဉ်းစား အဖြေရှာကြည့်နေမိသည်။ အထူးသဖြင့် ထိုအချိန်က ဖြစ်ပျက်ခဲ့သော ကျွန်တော့် စိတ္တဗေဒကို ခွဲခြမ်းစိတ်ဖြာ ကြည့်နေခြင်းဖြစ်၏။

အဘယ့်ကြောင့် ကျွန်တော် ထန်မောင်ဟု ခေါ်လိုက်ရသလဲ။

ထန်မောင်သည် အမှန်တကယ်ပင် ကျားဘဝ ကူးပြောင်းသွားသည်ဟု ကျွန်တော် ယုံကြည်လက်ခံ သွားခဲ့မိ၍လား။

ထိုသို့လည်း မဟုတ်ပါ။ ထန်မောင် ကျားဖြစ်၊ မဖြစ် ကျွန်တော် စိတ်မဝင်စားပါ။ ယုံလည်း မယုံကြည်ပါ။

ဒါဖြင့် အဘယ်ကြောင့် ထန်မောင် အမည်ကို သုံးစွဲပြီး ကျွန်တော် ကျားဆီ ပြေးဝင်ခဲ့ရပါလိမ့်။ ကျားကြီး ထွက်ပြေးသည်ကတော့ ဤကဲ့သို့ အခြေအနေမျိုးနှင့် မကြုံကြိုက်ဖူး၍ ရုတ်တရက် လန့်ဖျတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။ ဆန်းသည်ဟု မဆိုသာ။ ပြောစရာရှိသည်က ကျွန်တော့် အပြုအမူပင် ဖြစ်သည်။

နောက်ဆုံးတော့ ကျွန်တော် အဖြေတစ်ခု ရလိုက်၏။ ကျွန်တော် ကြောက်ကန်ကန်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိသည်ပင်ဖြစ်စေ၊ ထိုအပြုအမူသည် မှန်ကန်ကြောင်း အသက်မသေ ရှိနေခြင်းက သက်သေပြလိုက်ခြင်းပင် ဖြစ်၏။ ကျောင်းဆရာကို ပြောပြလျှင် သူ မည်သို့ တုန့်ပြန်မည်လဲ။ သိချင်စမ်းပါဘိ။

နောက်ရက်များတွင် ကျားနှင့် ပတ်သတ်သော သတင်းများမှာ ဆိုးဝါးကြမ်းတမ်း၍ လာပါသည်။ စံပြရွာသို့ သွားရမည့်ရက်တွင် မသွားနိုင်တော့။ တစ်ပတ် ကျော်သွားပြီ။ တစ်ရက်၊ နှစ်ရက်။ ကျောင်းဆရာကတော့ မျှော်နေမှာပဲ။ သုံးရက်၊ လေးရက်။ သူလည်း ကျားသတင်း ကြားရမှာပါ။ ငါးရက်၊ ခြောက်ရက်။ အပြောင်းအလဲမရှိသော တောင်တန်းများ၊ လူနာများ၊ ဝန်ထမ်းများ၊ စကားများ၊ နှင်းမြူများ၊ အရက်ပုလင်းများ၊ ငြီးငွေ့မှုက ပြန်လည် လောင်မြိုက်စ ပြုလာ၏။

နှစ်ပတ်။ ထို့နောက် တစ်ရက်။ ကျားကြီးသတင်း ပြန်လည် ငြိမ်သက်စ ပြုလာသည်။ ကျွန်တော့် စိတ်ထဲက ငြီးငွေ့မှု ကျားကတော့ မငြိမ်မသက် ဟိန်းဟောက်နေပြီ ဖြစ်၏။ နှစ်ရက်၊ သုံးရက်။ ကျားကြီးကို အသေမိသွားသလိုလို သတင်းများ ပေါ်ထွက်လာပြန်သည်။ လေးရက်၊ ငါးရက်။ ထိုကျားသည် ကျွန်တော့်ရင်ထဲသို့ ပြောင်းရွှေ့သောင်းကျန်းနေသည်ဟု ထင်ရ၏။ ကျွန်တော့် ခြေထောက်တွေ ယားနေပြီ။ ခြောက်ရက်။ နောက်ထပ် တစ်ပတ်။ ဆေးရုံအဖွဲ့အား မပြောခဲ့တော့ဘဲ စံပြရွာသို့ ကျွန်တော် ထွက်လာခဲ့တော့သည်။

***
ဟန်သစ် မဂ္ဂဇင်း၊ အမှတ် (၂၄)

***

10 comments:

သစ်သစ် said...

စားနိုင်ချင်တာလား ရီတာ.....း)
စီဘောက်မရှိလို့ ဒီမှာရေးသွားတယ် ဆော...ဆော...

Rita said...

အေးလေ သစ် မစားနိုင်သလောက် ကိုယ် စားနိုင်ရင် တော်ပါပြီ

သိင်္ဂါကျော် said...

ထမံသီ ကျား အကြောင်း ပုံပြင်တွေမှာ အပြောများကြတယ်.. တကယ် ဟုတ်မဟုတ်တော့ မပြောနိုင်ဘူးနော်..

မန်းကိုကို said...

ိုဆိုးတာပဲဗျ၊ ဖတ်ရင်း ဖတ်ရင်း အဆုံးရောက်သွားတယ်။ ရိုးရိုးလေးနဲ့ ကောင်းပါတယ်ဗျာ၊ ကျနော်က တော်ရုံဇာတ်လမ်းတွေ သိပ်မဖတ်မိဘူးလေ။

Rita said...

ကိုယ်မြင်လိုက်တာက စာရေးဆရာ ပေးချင်တာ ဟုတ်ချင်မှတော့ ဟုတ်မယ်။ လူတွေဟာ ချက်ချင်းလက်ငင်း မဖြစ်မနေ တုန့်ပြန်ရတော့မယ့် အခိုက်အတန့်မှာ ရွေးချယ်စရာလည်း ဘာမှ မရှိတော့ဘူးဆိုရင်... ဘာလုပ်ကြသလဲ။ ဘယ်လို တုန့်ပြန်ကြသလဲ...

ရွေးချယ်စရာရှိတဲ့ အေးအေးဆေးဆေး သာတောင့်သာယာရှိတဲ့ အခြေအနေမှာ
အယူသီးတယ်လို့ သူတို့ သတ်မှတ်ပြစ်တင်တဲ့ နည်းလမ်းကို ရုတ်တရက် သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရွေးချယ်သွားကြတယ်။

ZT said...

တင်ပြပုံ ရိုးရိုးရှင်းရှင်းလေးနဲ့ ဖတ်လို့ ကောင်းတယ် - သဘောအကျဆုံးကတော့ သဘာဝအလှတွေတွေကို စာရေးဆရာက မြင်သာအောင် သုံးနှုန်းထားတဲ့ စကားလုံး သိပ်သည်းမှုတွေပဲ - A. J. Cronin ဆိုလို့ သူရေးထားတဲ့ The Citadel တို့ Adventures in Two Worlds တို့ကိုတောင် သတိရမိသေး - အဲတာတွေလည်း ဝတ္ထုကောင်းတွေပဲ -

ZT.

Ko Paw said...

မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ မိုရေးဗီးယား ဝတ္ထုတိုများကို မောင်ထွန်းသူဘာသာပြန်ထားတာ လမ်းပြကြယ်မှာ ရှိတယ်။ ကျနော် တော်တော်လေးကြိုက်တယ်။

AZURE said...

Rita blog ကိုလာတဲ့သူတော်တော်များများ က စာဖတ်ဝါသနာပါတဲ့သူတွေများမယ်ထင်ပါတယ်..။ အခု လည်း ကျွန်တော် ဖတ်နေကျ ပုံတောင် တောင်ကြား ဆိုတဲ့ နေရာလေး တစ်ခု ကို တခြား စာဖတ်တာဝါသနာပါတဲ့ သူများ သိ အောင် အခုလို Comment မှာဝင်ရေး ခဲ့တယ်..။
ဝေမျှခြင်းသက်သက် တစ်ခု အဖြစ် ပါ..။ စာရေးတော်တော်ကောင်း ကြ တဲ့ အပြင် ဗဟုသုတလည်း ရစရာ တွေလည်း တော်တော်များတယ်..။
http://www.pondaungvalley.com/

Rita said...

@ Azure

ကျေးဇူးတင်ပါတယ်။
သွားဖတ်ကြည့်လိုက်ပါဦးမယ်။
ဒေသစွဲတစ်ခုနဲ့တင်ကို စိတ်ဝင်စားမိပါတယ်။

Phyo Maw said...

ရွှေဥဒေါင်းနဲ့ ဒဂုန်ရွှေများ ဖတ်တာများသွားတော့ ဇာတ်လမ်းများ ဘယ်လိုဆက်မလဲ တွေးနေသေးတာ။

ဖတ်လို့ ကောင်းတယ်။
စာရေးဆရာမောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဖတ်ပြီးပြီးချင်း မမရီတာရေးထားတာတွေ သတိရလို့ ပြန်လာဖတ်ဖြစ်တာ။
ကြိုက်မိရင် အကုန်ရှာဖတ်ချင်တာလည်း တစ်ဒုက္ခ

မနေ့ကလည်း စီးတီးဟော မှာ မြင်သာမြင်ပြီး မဝယ်နိုင်
ဝယ်သော်ငြား ထားစရာနေရာရယ် အိမ်ပြောင်းရင် သယ်ရခက်တာရယ်နဲ့ အကြောင်းပြရရင်
ဆရာဝန်ပြောသလိုပြောရရင် လူလည်း မှိုတက်နေပြီ