Friday, May 7, 2010

မီ - Myanmar Books Catalogue

အဲဒီ စာအုပ်ကတော့ ကိုယ့်မှာ ကိုယ်ပိုင်ရှိတယ်။ ကျောင်းပြီးကာစ အလုပ်မဝင်ခင်မှာ ဖတ်ခဲ့ရတာ။ ကြည်အေးစာတွေကိုတော့ စွဲလမ်းနှစ်သက်မိပါတယ်။(အပြင်ကလူ ကလွဲရင်။ အဲဒီ အပြင်ကလူ ကို ခံစားလို့ မရဘူး)
(Camus ရဲ့ The Outsider လို စာမျိုးလည်း မကြိုက်ခဲ့ဘူးကိုး)
မီ ကတော့ တအုပ်လုံး စာလုံးတွေ အားလုံးလို့တောင် ပြောလို့ရတယ်။ နှစ်ခြိုက်မိပါတယ်။ဒါပေမဲ့ ပြန် ပြန် ဖတ်ချင်သော်လည်း အဲဒီလို ဖတ်ရမှာကို ကြောက် ကြောက်နေမိတဲ့ ဝတ္ထုလဲ ဖြစ်ပြန်ပါတယ်။ (ကြောက် ကြောက်နေမိတယ် ဆိုပေမယ့် ပြန် ပြန်ဖတ်မိတာပါပဲ)
ပထမဆုံး တစ်ခေါက် ဖတ်ပြီးပြီးချင်းမှာပဲ လူက မောပြီး ကျန်ခဲ့တယ်။ စိတ်ထဲမှာလဲ မီ က ပူးဝင်ပြီးတော့လေ။ ပြီးတော့ မှတ်မှတ်ရရ ကိုယ်တိုင်လဲ စိတ်က နည်းနည်း depress ဖြစ်နေတဲ့ အချိန်...မိုးတွင်းကြီး မိုးတွေ စွေပြီး ရွာနေတဲ့ အချိန်။ (မိုးရာသီက ကိုယ့်စိတ်အာရုံအပေါ်မှာ လွှမ်းမိုးနိုင်တာတော့ အမှန်ပဲ)။ ပြီးတော့ ဘေးနားမှာ ဘယ်သူမှ ရှိမနေဘူး လို့ ခံစားနေမိတဲ့ အချိန်...

ခု review သဘောရေးတာတောင် အဲဒီ စာအုပ်ဖတ်မိတဲ့ feeling နည်းနည်း ပြန်ရနေသေးတယ်။
ဒီစာအုပ်မှာတော့ စွဲကျန်ခဲ့တဲ့ အကြောင်းတစ်ခု ပြောဖို့ တော်တော် ခက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ တအုပ်လုံးကို စွဲနေခဲ့မိလို့ပါ။

နောက်တခုက စာရေးသူနဲ့ ပတ်သတ်လို့ပါ။ ကြည်အေးဟာ သိပ်ကို pioneer ဖြစ်တယ်လို့ ကိုယ်တော့ ထင်မိပါတယ်။ ၁၉၄ဝ ကျော် ၁၉၅ဝ ပတ်ဝန်းကျင် တဝိုက်က အမျိုးသမီး တစ်ယောက်ရေးတဲ့စာ ဆိုပြီးတော့လဲ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒါတောင် အဲဒီ
မီ ဖတ်ခဲ့ချိန်မှာ ကြည်အေး တော်တော်များများကို ဖတ်ပြီး ရင်းနှီးနေပါပြီ။ သူ့စာတွေ ဖတ်ပြီးတိုင်းလဲ အဲလိုပဲ အမြဲ အံ့သြရတတ်ပါတယ်။

နောက်ဆုံး
မီ ဆုံးကာနီး အရေးအသားနဲ့ အမည်တစ်ခုကို မီ ရေရွတ်သွားပုံရေးထားတာ ကိုယ့်နှလုံးသားတွေ ဆွဲခါလှုပ်ယမ်းပစ်တာ ခံလိုက်ရသလိုပဲ။ ဒီနာမည်က မီ့ချစ်သူ ခင်ပွန်း (ဦးသော်ဆွေ) တောင် မသိတဲ့ နာမည်။ ဒါပေမယ့် အဲဒီအချိန်မှာ အဲဒါတွေ ဘာမှလဲ အရေးမကြီးတော့ဘူးလေ။

"နောင်ဘဝမှာ
မီ ပြန်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့" ဆိုပြီး ဇာတ်သိမ်းလိုက်ချိန်မှာ ကိုယ်တော့ ခွေကျသွားတာပဲ။ ရက်တော်တော်ကြာထိ အဲဒီ feeling က စွဲပြီး ကျန်ရစ်ခဲ့သေးတာ။
(Update : မစွဲချင်ဘဲ စွဲကျန်နေရစ်ခဲ့ရတဲ့ feeling မျိုးဆိုရင် ပိုပြီး မှန်လိမ့်မယ်။)

မီ
ကို ဖတ်ရင်း သတိရမိတဲ့ ဝတ္ထုကတော့ ဒဂုန်တာရာ ရဲ့ မေ ပါပဲ။
ကြည်အေးဟာ
မီ ကို နိုင်ငံခြား ဝတ္ထု တစ်ပုဒ်က အနည်းငယ် မှီးခဲ့တယ် လို့ ဒဂုန်တာရာရဲ့ အမှာ မှာ ဖတ်ရပါတယ်။

***

25th January 2009 တုန်းက ဒီစာအုပ်အကြောင်းကို Myanmar Books Catalogue ရဲ့ ဒီနေရာမှာ ရေးခဲ့တယ်။ (အဲဒီတုန်းက စာအုပ်တွေအကြောင်းရေးတာမှာ အရမ်းကာရော အပေါ်ယံရှပ်ပြီး ရေးခဲ့မိသလိုပဲ။)

"နောင်ဘဝမှာ
မီ ပြန်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့" လို့ ဝတ္ထုမှာ ဆိုပေမယ့် ကိုယ်ကတော့ ပြန်ဖတ်တိုင်း ဖတ်တိုင်းမှာ ကြိမ်ဖန်များစွာ မီ ဖြစ်နေခဲ့ရတယ်။

ဦးသော်ဆွေနဲ့ လက်ထပ်ပြီး မီ က ဒီအချိန်ဟာ သူ့ရဲ့ အပျော်ရွှင်ဆုံးအချိန်၊ အထွတ်အထိပ်အချိန်မို့ ဒီအချိန်မှာ သူသေသွားရင်တော့ ဘဝကို အနိုင်နဲ့ ပိုင်းလိုက်ရသလို နေမှာပဲလို့ ပြောတဲ့ ဒဿနကို ကြိုက်မိတယ်။ သို့သော်လည်း ကိုယ်ကတော့ သွေးကြောင်သူ ဖြစ်နိုင်တယ်။ ဘဝမှာနေပျော်တယ် ထင်မိတဲ့ အခိုက်မှာ သေ ချင် ရဲ ဖို့ မပြောနဲ့ သေခြင်းတရားကို သတိတောင်မှ မရတတ်ဘူး။

လကို ကြောက်တယ် လို့ မီ ပြောတဲ့စကား...
ကြယ်တွေကလည်း သူ့ကိုကြည့်ပြီး မျက်စေ့မှိတ်ပြနေသလိုပဲ လို့ မီ ပြောတဲ့စကား...
အဲဒီစကားလုံးတွေက စာနည်းနည်းကလေးနဲ့ အထီးတည်းဖြစ်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပြက်ပြက်ထင်ထင်ရှိစေတယ် လို့ ခံစားမိတယ်။ ပြီးတော့ အထီးတည်း ဖြစ်နေတယ်လို့ ကိုယ့်ဘာသာ မှတ်ယူနေမိတဲ့ အချိန်မှာဖြစ်တော့ ပိုလို့ ပြက်ပြက်ထင်ထင် ဖြစ်ခဲ့ရတယ်။

***
သူ့ ဘဝ ဇာတ်ကြောင်းကို မျိုးစုံပြောပြီး အသိရခက်တဲ့၊ လောကအလယ်မှာ အထီးတည်းဖြစ်ခဲ့တဲ့ မိန်းမဆိုးလေး။

မီ
လူသတ်ခဲ့တဲ့ သေနတ်
သက်သေခံပစ္စည်းကို ဦးသော်ဆွေ ရေထဲ လွှင့်ပစ်ပေးလိုက်တဲ့အတွက် ထိန်းချုပ်ဆောက်တည်ရာခက်ပြီး ငိုတဲ့ အခန်း။

ဦးသော်ဆွေနဲ့ အဆက်ပြတ်ပြီး၊ တခါ မီ တက်နေတဲ့ ဆေးရုံမှာ လာတွေ့လို့ ပြန်ဆုံတဲ့အခိုက် ချစ်သူပြောတဲ့ မယုံသင်္ကာစကားတစ်ခွန်းမှာ စိတ်ထိခိုက်တဲ့ အခန်း။ (အလုံးစုံကိုတော့ ကိုယ် မမှတ်မိတော့ဘူး)

ကိုယ်တော့ မီ ဆိုတာကို အဲဒီ နှစ်ခန်းမှာပဲ သေချာ တွေ့ခဲ့တယ် (လို့ ထင်တယ်)။

***
ပြီးတော့ အရေးအသားပိုင်းမှာ ထူးခြားတယ် မြင်မိတာ တစ်ပုဒ်လုံး ဦးသော်ဆွေ နေရာက ရေးလာပေမယ့် စာဖတ်သူအာရုံထဲမှာ မီ ကိုသာ တချိန်လုံး ခံစားမိစေတယ်။

ပြီးတော့ ဇာတ်လမ်း နဲ့ ဇာတ်ကောင်အကြောင်းမှာ ဘာကိုမှ အထူးတလည် တရှည်တလျား ရေးထားတာ မရှိဘဲ တို့ထိရုံနဲ့ နှလုံးသားကို ဆုတ်ညှစ်သွားနိုင်တယ် လို့ ခံစားရတယ်။

***
ကြည်အေး ရဲ့ လက်ရာတွေနဲ့ ပတ်သတ်လို့ သူ့ဝတ္ထုတိုစာအုပ်တစ်အုပ် ဖတ်တဲ့အချိန်မှာ ဝင်လာတဲ့ အတွေးတစ်ခု ရှိတယ်။ ဝတ္ထုတိုတွေကို နှစ်အလိုက် စီပြီး ထားတော့ ကိုယ်ကလည်း စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်ချင်တယ်။ ဝတ္ထုတိုလိုမျိုးကို အဲဒီလို စဉ်ပေးထားရင်တော့ ဆိုဖွယ်ရာမရှိပြီပဲ။

ဖတ်တဲ့အခါမှာ စာအုပ်ရှေ့မှာပါတဲ့ ကြည်အေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းက နှစ်ကာလတွေနဲ့ ယှဉ်လို့ ဖတ်မိတယ်။ (အဲဒါ လိုတာထက် ပိုပြီး စပ်စုတယ်လို့ ခေါ်တယ်)။ အဲဒီမှာ တစ်ခု သွားတွေ့တာ ဆရာမကြီးဟာ အိမ်ထောင်မကျခင် ခပ်ငယ်ငယ်ဘဝမှာ ရေးတဲ့ ပုံစံနဲ့ အိမ်ထောင်ကျပြီး လူလတ်ပိုင်းအရွယ်မှာ ရေးတဲ့ ပုံစံ ကွာရုံသာမက၊ အဲဒီဝတ္ထုတွေကနေ စာဖတ်သူကို ပေးတဲ့ ခံစားမှုကပါ အတော် ကွာခြားတယ် ဆိုတာပါပဲ။


(Update (Sat May 8 2009 11:57 PM) : ပထမပိုင်းတွေမှာ လောကထဲက မွန်းကြပ်ပိတ်လှောင်နေတဲ့ ဇာတ်ကောင်တွေနေရာကနေ စိတ်ခံစားမှုတွေနဲ့ အများဆုံးရေးခဲ့ပြီး၊ နောက်ပိုင်းတွေမှာ လောကအပြင်ကို ခဏထွက်ရပ်ပြီး ကြည့်ထားတဲ့ သူတစ်ယောက်နေရာကနေ အတွေးအမြင်တွေနဲ့ ရေးခဲ့တယ်လို့ ယူဆမိတယ်)

ဝတ္ထုရှည်တွေမှာပါ အဲဒီလို သက်ရောက်မှုမျိုး ရှိတယ်လို့ ခံစားမိတယ်။
ဥပမာ - အစောပိုင်းလက်ရာ နွမ်းလျအိမ်ပြန် နဲ့ မီနောက်ပိုင်းလက်ရာ - မောင် ကိုကို နှင့် မြနန္ဒာ


ပထမ ၂ ပုဒ်ကို မလူးသာ မလွန့်သာ ခံစားပြီး ဖတ်ခဲ့ရပေမယ့်၊ မောင် ကိုကို နဲ့ မြနန္ဒာ ကျတော့ လွင့်မျောရွေ့လျားပြီး ခံစားခဲ့ရသလိုပဲ။

သူ့ဘဝရဲ့ အချစ်က ဆရာမကြီးရဲ့ စိတ်အာရုံတွေကို အတော်ပဲ ပြောင်းလဲစေနိုင်ခဲ့သလား ဆိုတာ ဆက်ပြီး စဉ်းစားမိစေပါတယ်။ (အဲဒါလည်း လိုတာထက် ပိုပြီး စပ်စုတယ်လို့ ခေါ်တယ်)

ကိုယ်နှစ်သက်စွဲလမ်းတဲ့ စာရေးသူတွေရဲ့ သမိုင်းကြောင်းကို တနံတလျား သိချင်တတ်ပါတယ်။
ပြီးရင် ဘယ်တော့မှ မငြီးငွေ့စတမ်း စမြုံ့ပြန်လို့ နေချင်တယ်။ သူတို့ရေးတဲ့ စာတွေကို ဖတ်တိုင်း သူတို့ စိတ်ကွန့်မြူးရာ ရင်းမြစ်ကို သိချင်တတ်တယ်။


***
မစွဲချင်ဘဲ စွဲကျန်နေရစ်ခဲ့ရတဲ့ feeling မျိုးနဲ့ စာအုပ်မို့ ဒီတခေါက် အိမ်ပြန်တော့ အဲဒီ မီ ကို ယူချင်ရဲ့သားနဲ့ ချန်ထားပစ်ခဲ့တယ်။

***

10 comments:

ဇွန်မိုးစက် said...

ကိုယ်လည်း မီ ဖတ်ပြီး ဇာတ်သိမ်းပိုင်းမှာ နွမ်းလျသွားတယ်လို့ပဲ ပြောရမလား။ ဟုတ်တယ် ... ဦးသော်ဆွေနေရာက ရေးပေမယ့် တစ်လျှောက်လုံး မီ နေရာကနေ ခံစားခဲ့ရတာ။ အဲလို ခံစားရတာကို သဘောကျမိတာတစ်ပိုင်း၊ မီ့အတွက် ခံစားရတာတစ်ပိုင်း ခံစားချက်နှစ်မျိုးကွဲနေပေမယ့် ကြည်အေးဝတ္ထုတွေထဲမှာ မီ ကိုကြိုက်တယ်။

Vista said...

ကြည်အေး ကို အရမ်းသဘောကျတယ် ..တစ်ချို့ စာကြောင်းတွေ အလွတ်တောင်ရရဲ့။

Bino said...

I like all of ကြည်အေးဝတ္ထု.

Thanks for your review related မီ.

BINO

ကိုလူထွေး said...

အခုလိုတင်ပြပေးတာကို သဘောကျပါတယ်...

ဒါပေမယ့် စာတပုဒ်မှာ ပြောချင်တဲ့ ပွိုင့်တွေကို ဆွဲမထုတ်ခင် အဲဒီဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကို သဘောလောက် ရေးပြရင် မဖတ်ဖူးသေးသူတွေအတွက် အကျိုးဖြစ်မယ်ထင်ပါတယ်...

းဝ)

Rita said...

ကျေးဇူးပါ ကိုလူထွေး။

ဇာတ်လမ်းအကျဉ်းရေးရင်ကောင်းမလားတော့ တွေးဖြစ်သေးတယ်။

ဒါပေမဲ့ အဲဒါတွေကို ဟိုဘက် site မှာ ရေးတုန်းက မဖတ်ဖူးသေးတဲ့သူတွေ အတွက်ထက် ဖတ်ဖူးပြီးသားသူတွေနဲ့ discuss လုပ်တဲ့ ပုံစံမျိုးပဲ ရေးချင်ခဲ့တယ်။ (discuss လုပ်တဲ့ ပုံစံမျိုးတော့ ဝင်မသွားဘူး။ ကိုယ်ပြောချင်ရာ ပြောလိုက်တဲ့ ပုံစံမျိုးပဲ ဝင်သွားတယ်)

ပြီးတော့ ကိုယ်တိုင်လည်း မဖတ်ရသေးတဲ့စာအုပ်ကိုဆို ဇာတ်လမ်းအကျဉ်းဖတ်ပြီးမှဆိုရင် တကယ်ဖတ်တဲ့အခါကျ လျော့သွားတယ်လို့ ထင်မိတတ်တယ်။ တချို့ဆို အကျဉ်းချုပ်ရေးတာ သိပ်ကောင်းတယ်။ ဒါပေမဲ့ အဲဒါဖတ်ပြီး ပြည့်စုံသွားတယ်လို့ ခံစားရတာနဲ့ တကယ့် မူရင်းစာအုပ်ကို ဖတ်ကြည့်ဖို့ကျ သိပ်စိတ်မဝင်စားတော့ဘူး။ (ဥပမာတခုပြောရရင် အောင်ဖြိုး ဘလော့ဂ်မှာ မကြာခင်ကမှ ဖတ်ခဲ့မိတဲ့ ခင်ခင်ထူး ရဲ့ မင်္ဂလာလှည်း)

ဒါ့ပြင် အဲလို အကျဉ်းပြန်ရေးဖို့က ကျွမ်းကျင်ဖို့လည်း လိုတယ် ထင်မိတယ်။ (သူများ အကျဉ်းချုပ်ရေးတာတွေ ဖတ်ကြည့်ရင် ဘာမှ မဟုတ်ဘူး ထင်ရပေမယ့် တကယ်တမ်း ရေးကြည့်ရင် မလွယ်ဘူး)။ ဆိုတော့... ကိုယ်ရေးလိုက်မှ ပျက်သွားမှာထက်စာရင် ဘာမှ မရေးတာ ပိုကောင်းမလားလို့။

အဓိကကတော့ ကိုယ့်အကြိုက်နဲ့ ယှဉ်ပြီး ရေးဖြစ်တာပါပဲ။ မဖတ်ရသေးတဲ့ စာအုပ်ကိုဆို ဇာတ်လမ်းအကုန် ကြိုမသိချင်တတ်လို့ပါ။ ကြိုသိပြီးလို့ ပြည့်စုံသွားရင်လည်း မဖတ်ချင်တော့လို့ပါ။

Rita said...

ထပ်ပြောချင်လာလို့။ :)

ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်းရေးတာရဲ့ နောက်မှာ ရှိတဲ့ဆန္ဒက ကိုယ်ဒါကို ဘယ်နားမှာ ဘယ်လိုကြည့်မြင်ခံစားတယ်ဆိုတာ ပြောချင်တာ အပြင်၊ သူများတွေ ဘယ်နားမှာ ဘယ်လိုကြည့်မြင်ခံစားတယ်ဆိုတာ သိချင်မိတယ်။

ကိုယ်ကြည့်မြင်ပြီးသား အရာတစ်ခုကို နောက်ထပ် သူများ မျက်စေ့နဲ့ ဝင်ကြည့်ချင်တာ၊ သူများ စိတ်နဲ့ ဝင်ကြည့်ချင်မိတာလို့ ပြောရမလားမသိဘူး။

လွန်ခဲ့တဲ့ ၁ ရက် ၂ ရက်ကပဲ fb မှာ အောင်ဖြိုးနဲ့ ခင်နှင်းယု စာအုပ်တွေ အကြောင်းပြောမိတော့ သူမြင်တာတွေ ပြောပြလို့ သိလိုက်ရတာ သိပ်အရသာရှိတာပဲ။

ကမာဝက်သူ said...

(မီ လူသတ်ခဲ့တဲ့ သေနတ်ကို ဦးသော်ဆွေ ရေထဲ လွှင့်ပစ်ပေးလိုက်တဲ့အတွက် ထိန်းချုပ်ဆောက်တည်ရာခက်ပြီး ငိုတဲ့ အခန်း။)
မရီတာ အဲဒီအခန်းက ရင်ထိုးလေးကို ဦးသော်ဆွေက အင်းလျားရေကန်လယ်ထဲ လွှင့်ပစ်ခဲ့တယ် မဟုတ်လား။
အသေအချာတော့မမှတ်မိဘူး။ အဲလိုထင်တာပဲ။

ခင်တဲ့
mon

Rita said...

ဟုတ်လား မွန်။
ဖြစ်နိုင်တယ် ကိုယ်မေ့နေပြီ။
သက်သေပစ္စည်းတစ်ခုကို ဖျောက်ပေးလိုက်တာပဲ မှတ်မိတော့တယ်။ သေနတ် ထင်နေလို့။

ကိုလူထွေး said...

ဖတ်ဖူးပြီးတဲ့သူ အချင်းချင်းသာ ဆွေးနွေးလိုလို့ရေးတာဆိုရင်တော့ ဒီစာအုပ်တွေကို မဖတ်ဖူးတဲ့သူက အလိုလို စည်းအပြင်ဘက်ကို ရောက်သွားတော့မှာပေါ့...

စာတပုဒ်လုံးကို ဖတ်ပြီး မြင်တတ်ခံစားတတ်တဲ့ အဆင့်ကိုတောင် ရောက်နေပြီ ဆိုမှတော့ ရီတာ အကျဉ်းချုပ်ရေးလို့လည်း မူရင်း အဓိပ္ပာယ် ပျောက်သွားလိမ့်မယ် မထင်ပါဘူး...

နောက်ပြီး အကျဉ်းချုပ်ဟာ ဇာတ်လမ်းရဲ့ အဖြစ်အပျက် အကြောင်းကိုသာ အကျဉ်းချုပ်ထားမှာမို့ မူရင်းဝတ္ထုတပုဒ်ကိုဖတ်ရသလို ပြည့်စုံသွားမယ်လို့ မမျှော်လင့်မိဘူးလေ...

တကယ်လို့ စာဖတ်သူက စာပေရဲ့ ရသကို မခံစားလိုဘဲ ဇာတ်လမ်းကျောရိုးကိုပဲ သိချင်လို့ ဖတ်တာဆိုရင်တော့ တမျိုးပေါ့...

တချို့စာအုပ်တွေဆိုရင် နှစ်ခေါက်သုံးခေါက် ဖတ်ပြီးသားပေမယ့် အဆင်သင့်တိုင်း ထပ်ထပ်ပြီး ပြန်ဖတ်ချင်နေတာမျိုး... ပြန်ဖတ်တိုင်းလည်း ပထမဦးဆုံးဖတ်ရသလို ပြန်ပြန်ပြီး ခံစားရသလိုမျိုး...
(ကြောက် ကြောက်နေမိတယ် ဆိုပေမယ့် ပြန် ပြန်ဖတ်မိတာပါပဲ)

ရီတာ့ရဲ့ review ကိုဖတ်ပြီး မူရင်းစာအုပ်ကို ဖတ်ကြည့်ချင်တဲ့စိတ် တဖွားဖွားပေါ်စေလိုတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုရင်တော့ အဲဒီရည်ရွယ်ချက် အောင်မြင်တယ် ဆိုရမှာပေါ့...

ဘာပဲဖြစ်ဖြစ် တိုတိုလေးပဲဖြစ်ဖြစ် နှစ်ကြောင်း သုံးကြောင်းပဲဖြစ်ဖြစ် အကျဉ်းချုပ်လေးတော့ ပါစေချင်တယ်ဆိုတာ ဆန္ဒပြုတာပါ...

းဝ)

Rita said...

ကြိုးစားကြည့်ပါဦးမယ်။
အကြံပေးတာ ကျေးဇူးပါ ကိုလူထွေး။
:)