Sunday, May 30, 2010

Beauty or Old Lady ?


ပုံ (၁) - Beauty





ပုံ (၂) - Old Lady




ပုံ (၃) - Beauty or Old Lady?



ဒီပုံလေးတွေ စမြင်ဖူးတာ '93/4 လောက်က သင့်ဘဝ မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာပါ။
ဘယ်သူရေးသလဲ မသိတော့ပါဘူး။

ဆောင်းပါးမှာ ပြောသွားတာ တစ်ချက်ကိုတော့ မှတ်မိနေပါတယ်။
အနောက်နိုင်ငံတစ်ခုမှာ အထက်က ပုံ (၃) ပုံကို အသုံးပြုပြီး
သုတေသန လုပ်ပါတယ်။

ပထမအုပ်စုကို မိန်းမငယ်လေးမှန်း သိသာစေတဲ့ ပုံ (၁) ကို ပြလို့ စေ့စေ့ကြည့်စေတယ်။
ဒုတိယအုပ်စုကိုတော့ အဘွားအိုမှန်း သိသာတဲ့ ပုံ (၂) ကို ပြ
လို့ စေ့စေ့ကြည့်စေတယ်။

အဲဒီ အုပ်စုနှစ်ခုလုံးအတွက် ပုံ (၃) ကို အတူတူ ပြတဲ့အခါမှာတော့ ပထမအုပ်စုက မိန်းကလေးပါ လို့ မြင်ပြီး၊ ဒုတိယအုပ်စုက အဘွားအိုမှ အဘွားအိုဆိုပြီး သူတို့ အငြင်းအခုန် ဖြစ်ကြပါသတဲ့။

***
မနေ့က ညစာစားရင်း ဉာဏ်ထွန်းက သူ့ဖုန်းထဲကနေ ပုံ (၃) ကို ထုတ်ပြပြီး၊ အဲဒါ မိန်းကလေးလား၊ အဘွားကြီးလားလို့ လာမေးပါတယ်။

ကိုယ်က ဆရာကြီးဒီဇိုင်းနဲ့ ပြန်ပြောပါတယ်။ "အဲဒါ မိန်းကလေးနဲ့ အဘွားအိုနဲ့ ပေါင်းထားတဲ့ ပုံဟေ့" လို့။

ဆရာသမား အတော် အံ့သြသွားပုံပဲ။ ကျောင်းတုန်းက သူ့ကို အမြဲ ဆရာတင်ရတဲ့သူက သူ ဘယ်လိုမှ ကြည့်လို့ မမြင်တဲ့ ပုံကို သေချာတောင် မကြည့်ဘဲ စားရင်းသောက်ရင်း မှန်အောင် ပြောနိုင်လိုက်လို့။

သူက ပြောပါတယ်။ အဲဒီပုံနဲ့ တွဲလျက်လာတဲ့ စာမှာ အဲဒီ ပုံကို ယောက်ျားလေးတွေကြည့်ရင် မိန်းကလေးပုံလို့ မြင်ပြီး၊ မိန်းကလေးတွေ ကြည့်ရင် အဘွားအိုပုံလို့ မြင်ကြတယ် လို့ ဆိုထားတယ် တဲ့။ သူကလည်း အဲဒါကို မိန်းကလေးပုံလို့ပဲ မြင်တယ် တဲ့။ နင်က မိန်းကလေးဖြစ်ပြီး ဘာလို့ နှစ်မျိုးလုံး မြင်ရတာလဲ တဲ့။

"အေး ငါက ပညာရှိမို့လို့" လို့။ သူက ပြန်ပြောတယ်။ "နင် နှစ်မျိုးလုံးရောပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတာရော မဖြစ်နိုင်ဘူးလား" တဲ့။ ကိုယ်က "မဖြစ်နိုင်ဘူး" လို့။ "ဘာလို့ဆို ခုနေ လက်ဆွဲပြဆို ငါက ပြနိုင်တယ်။ နင်က ပြစရာ မရှိဘူး။ အဲဒီတော့ ဟိုမရောက် ဒီမရောက်က ငါ မဟုတ်ဘူး" လို့။ ;)

အိမ်ပြန်ရောက်တော့မှ ဒါကို post တင်ဖို့ အကြံရတော့ သူ့ကို ပုံလှမ်းတောင်းရတယ်။
သူကလည်း ဖုန်းထဲက pdf file မို့ ပို့ရင် အလုပ်ရှုပ်တယ် ပြောတယ်။
ကိုယ်က သူ့ဆီမှာ ၃ ပုံစလုံး ရှိတယ် မှတ်တာ။ တကယ်က သူ့မှာ ပုံ (၃) တစ်ပုံပဲ ရှိတာပါ။
ဒါနဲ့ သူ့ကို အဲဒါ (၃) ပုံ ရှိတယ် ဆိုတာ၊ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကိုယ် တစ်ခါ တွေ့ခဲ့ဖူးတယ် ဆိုတာ ပြန်ပြောရတယ်။

သူ့အကူအညီနဲ့ပဲ သူပြောတဲ့ key words တွေနဲ့ google ကြည့်တော့ သင့်ဘဝမဂ္ဂဇင်းထဲမှာ ကိုယ်တွေ့ခဲ့ဖူးတဲ့ ပုံ (၃) ပုံလုံး ထွက်လာပါတယ်။
(နောက်ဆုံးတော့ ဆရာက ဆရာပါပဲ ဆရာရယ်)

***
မဂ္ဂဇင်းပါ ဆောင်းပါးရဲ့ ဆိုလိုရင်းနဲ့ မူရင်း သုတေသနရဲ့ result က "လူတွေဟာ သူတို့ကို ပထမဆုံး လွှမ်းမိုးလိုက်တဲ့ အချက်အလက်တွေကို ကျော်လွန်ပြီး မတွေးနိုင်ကြဘူး" ဆိုတာပါ။

***

Friday, May 28, 2010

လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ (၂) - မောင်သစ်ဆင်း

ကျွန်တော် စတင် လှုပ်ရှား၏။
ပထမလ... အကြောင်းမထူးပါ။
ဒုတိယလ... သိပ်မဟုတ်သေး။
တတိယလ... တစ်ခုခုတော့ လိုနေပြီ။
စတုတ္ထလ... ငါ ဘာမှားနေသလဲ။
ပဉ္စမလ... ဆဋ္ဌမလ....
စိတ်ဓါတ်သည် အောက်အဝီစိကို ဖောက်ထွက်သွားတော့မည် ထင်ရ၏။

ဆေးရုံ အဖွဲ့၏ သနားသော အကြည့်ကို ပြင်းပြစွာ ခံယူနေရချိန်၊ မအောင်မြင်မှုဖြင့် ခြေကုန်လက်ပမ်း ကျနေချိန်၊ မိမိ၏ စိတ်ကူးယဉ်မှုအပေါ် နောင်တ တရား ရလုလု ဖြစ်နေချိန်တွင် ကျောင်းဆရာနှင့် ကျွန်တော် စတင် ဆုံဆည်းခဲ့ရလေသည်။

လေကြီးမိုးကြီး ကျရောက်လျက်ရှိသော ညတစ်ည၌ ကျွန်တော့်ဆေးရုံသို့ ထမ်းစင်တစ်ခုဖြင့် သူ ရောက်ရှိ၍ လာ၏။ တောလည်သွားရင်းက ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရကာ သူခေါ်သွားသည့် ခွေးက သူ့ကို ပြန်ကိုက်လိုက်သဖြင့် ခြေထောက်တွင် ပြင်းစွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ သူ့ရွာမှ လူတွေက တောမှောက်သည်ဟု ဆိုကာ နတ်ဆရာနှင့် ကုသရန် ပြင်ဆင်ကြ၏။ သူက ဆေးရုံသို့ ဇွတ်အတင်း ပို့ခိုင်းသဖြင့် လာပို့ကြခြင်း ဖြစ်သည်။ သူကံကောင်းပါသည်။ ဒဏ်ရာက အရေးကြီးသော သွေးကြောများကို မထိ။ ထို့ပြင် ခွေးရူးကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးအချို့ ဆေးရုံမှာ ကျန်ရှိနေသည်။ သုံးပတ်ခန့်ကြာသော် ဆေးရုံမှ သူ ကောင်းမွန်စွာ ဆင်းနိုင်ခဲ့သည်။

ဆေးရုံပေါ် ရှိနေစဉ် အတွင်း သူနှင့် ကျွန်တော် မကြာခဏ စကားပြောဖြစ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ထူးခြားသူတစ်ယောက်မှန်း သိရှိလာခဲ့ရ၏။ သူ၏ ပြောဆိုပုံ ဟန်ပန်၊ စကားလုံးရွေးချယ်မှု၊ ထူးဆန်းသော အတွေးများ၊ နက်ရှိုင်းသော ဟာသများက ကျွန်တော့်ကို နှစ်သက်စွာ အံ့အားသင့်စေမိတော့သည်။ အချို့သောညများ၌ ညလုံးပေါက်နီးနီး ကျွန်တော်တို့ စကားပြောဖြစ်ကြ၏။ အတွေးအမြင်ဖြင့် ဌာပနာသော စကားတစ်ခွန်းကို ပြောဆိုရ၊ ကြားနာရလျှင် ရွှင်လန်းသွားတတ်သည့် ကျွန်တော့်အဖို့ သူနှင့် စကားပြောရသည်မှာ ကတ္တီပါစပေါ် လမ်းလျှောက်ရသည့်နှယ် အရသာရှိလှသည်။ သူ့ရွာက လူတွေကတော့ သူတို့၏ ကျောင်းဆရာ ဤမျှ စကားပြောသည်ကို ယခုမှပင် တွေ့မြင်ဖူးဟန်ဖြင့် အံ့သြတကြီး ရှိကြလေသည်။

"ဆရာက ဆရာဝန်ဆိုတော့ ဆရာဝန် စာရေးဆရာတွေကို ကြိုက်မှာပေါ့။ ချက်ကော့တို့၊ ကရိုနင်တို့၊ ဆမ်းမားဆက်မွန်တို့ "

"ကြိုက်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးက မိုရေးဗီးယားဗျ၊ ခင်ဗျား Two Women ဖတ်ဖူးလား"

"ဖတ်ဖူးတယ် ရုပ်ရှင်လည်း ကြည့်ဖူးတယ်၊ အတော် ကောင်းတာပဲ"

""သူယုံတာ ဘာလဲ"

"လူ့အသိဉာဏ်တဲ့ဗျာ"

"ဖြစ်မှ ဖြစ်ရပလေ။ မေတ္တာ စေတနာ မပါဘဲနဲ့ လူ့အသိဉာဏ်က ဘယ်လောက် စိတ်ချရမလဲ"

"အလို ကျောင်းဆရာရဲ့၊ အသိဉာဏ်ကြီး တစ်ခုလုံးထဲမှာ မေတ္တာစေတနာဆိုတာ ပါပြီးသားပဲဗျ"

"မဖြစ်နိုင်ဘူးဗျာ၊ ဒါက သီးခြားကိစ္စတွေ"

"ဘယ့်နှယ် သီးခြားရမလဲ၊ မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး"

"သက်သေပြ"

"ပြမယ်"

ဤကဲ့သို့သော နေ့မျိုးတွင် ကျွန်တော် စားဝင် အိပ်ပျော် ဖြစ်ရလေသည်။ ဆေးရုံအဖွဲ့၏ မသိမသာ မေးငေါ့ ပြုံးရယ်မှုများကိုမူ လစ်လျူရှုထားလိုက်၏။

သူ ဆေးရုံမှ မဆင်းမီညတွင် ကျွန်တော့်အခန်းသို့ ပုလင်းတစ်လုံးနှင့် ရောက်လာ၏။ နှုတ်ဆက်ပွဲ ကျင်းပမည်ဟု ဆိုသည်။

"ကဲ ဆရာသမား ရှိတဲ့ အမြည်း ထုတ်ပေတော့"

"အင်း ကဗျာဆရာ မောင်ချောနွယ်ကတော့ ဘဝကို ပါးပါးလှီး အရက်နဲ့ မြည်းသတဲ့။ ကျုပ်တို့က ဘာကိုလှီးပြီး မြည်းရပါ့"

"ရူပဗေဒကို လှီးကြည့်ရအောင်ဗျာ"

"အရက်နဲ့ လိုက်ပါ့မလား"

"သိပ်လိုက်တာပေါ့၊ အခုခေတ်ပေါ် ရူပဗေဒဆရာတွေ ကြံစည်နေကြတဲ့ တီအိုအီး ဆိုရင် ချိုချဉ်စပ်ကလေး၊ နောက်ဆုံးမှ ခါးတဲ့အရသာ ပေါ်လာတာ။ သိတယ် မဟုတ်လား တီအိုအီး"

"ဖတ်ဖူးပါတယ်။ Theory of Everything ! စကြဝဠာမှာ ဖြစ်တည်နေတဲ့ အရာအားလုံး မည်သို့မည်ပုံ ဖြစ်တည်နေပါတယ် ဆိုတာကို သင်္ချာဘာသာစကားနဲ့ ရှင်းပြနိုင်မယ့် သီအိုရီတဲ့၊ ကျွန်တော်ကတော့ ပရမတ္တသီအိုရီ လို့ ဘာသာပြန်တယ်။ သင့် မသင့် မပြောတတ်ဘူး"

"အဲဒီ သီအိုရီ ဖြစ်နိုင်ပါ့မလား"

"အင်း သေက္ဈတောင် ဆရာတော် ဦးတိလောကရဲ့ ပဏ္ဍိတဝေဒနိယကျမ်း အလိုအရ ဆိုရင်တော့ မဖြစ်နိုင်ဘူးဗျ"

"အဲဒါ ဖြစ်နိုင်တယ်"

"ပြောရဲလှချည်လား ကျောင်းဆရာ"

"မဟုတ်ပါဘူး မဖြစ်နိုင်ဘူး ဆိုတာ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ သူတို့လည်း ငြင်းကြခုန်ကြတုန်းပဲ"

"ဒါဖြင့်ရင်လည်း သူတို့ ငြင်းကြခုန်ကြဖို့ ထားခဲ့ပါဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့က ရှေ့ဆက် သွားရအောင်"

"ဘယ်ကို သွားမှာလဲ"

"ခင်ဗျား ရွာကိုပေါ့"

ကျွန်တော်၏ မအောင်မြင်သော စီမံကိန်းကြီးကို ချပြလိုက်သောအခါ ပထမ သူ အံ့သြသလို ဖြစ်သွား၏။ နောက်တော့ ဟက်ဟက်ပက်ပက် ရယ်လေသည်။

"ဖြစ်ရလေဗျာ၊ ဆရာ့ဟာက ရေလိုက်လွဲနေတာပဲ"

"ဆိုစမ်းပါဦး"

"ဆရာ စည်းရုံးရမှာက တခြားလူတွေကို မဟုတ်ဘူး။ နတ်ဆရာကို စည်းရုံးရမှာ"

"အောင်မလေးဗျ၊ ဟုတ်ပေသားပဲ။ နို့ပေမယ့် လွယ်ပါ့မလား"

"အညှာသိရင် လွယ်ပါတယ်"

"ဒါဖြင့် အညှာကိုပြ၊ ပါးပါးလေး လှီးလိုက်မယ်၊ အဲဒီလို လုပ်စမ်းပါ ကိုယ့်လူရယ်၊ ကျုပ်က မြို့ပေါ်မှာ မှိုတက်လာခဲ့တဲ့ အကောင်၊ ခင်ဗျားလည်း အတူတူပဲ၊ တောကြီးမျက်မည်းထဲမှာ အလကားနေရင်း မှိုတက်နေတာ၊ ကျုပ်တို့ရဲ့ မှိုမွေးမြူရေးကြီးကို ရပ်ကြဖို့ တော်ပြီ။ ကိုယ်ပေါ်က မှိုတွေကို တစ်နည်းနည်းနဲ့ တိုက်ချွတ်ကြစို့ရဲ့"

"အင်း ဆရာဖေမြင့်ရဲ့ ဝတ္ထုတိုလေးတစ်ပုဒ် သတိရလှသဗျာ၊ ဝတ္ထုနာမည်ကတော့ မေ့နေပြီ။ သဘောပြောရရင်တော့ မဖွံ့ဖြိုးသေးတဲ့ ဒေသ တစ်ခုကို ရောက်သွားတဲ့ ကျောင်းဆရာတစ်ယောက်၊ ရွာသူရွာသားတွေရဲ့ အသိဉာဏ်ကို ပွင့်လင်း ဖွံ့ဖြိုးလာစေမဟဲ့ ဆိုပြီး လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းဟာ အဲဒီလူတွေရဲ့ နေ့စဉ်ဘဝနဲ့ မလိုက်မဖက်တွေ ဖြစ်ကုန်ရော၊ နောက်ဆုံး သူ ရွာက ထွက်သွားရတယ်။ ဝတ္ထုဆုံးပုံလေး သိပ်ကောင်းသဗျ။ 'နောက်ဆုံးတော့ ရွာကလေးသည် မူလအတိုင်းပင် အကောင်းပကတိ ကျန်ရစ်ခဲ့လေသည်' တဲ့၊ ကျွန်တော်ဖြင့် ရယ်လိုက်ရတာ အူကို နာနေတာပဲ"

"ကျုပ်တို့ ကိစ္စကတော့ အူနာရမယ့် ကိစ္စ မဟုတ်ဘူးနော်။ ဝတ္ထုထဲက ကျောင်းဆရာကို အားကျမနေနဲ့၊ သူက ခင်ဗျားလို အညှာသိတာ မဟုတ်ဘူး။ ဒီကိစ္စက ခင်ဗျားပါမှ ဖြစ်မှာ၊ ခင်ဗျားလည်း အခရာပဲ။ ခင်ဗျားရွာကို စံပြရွာ သတ်မှတ်ပြီး စရမှာ၊ ဘယ်နှယ့်လဲ"

"ကဲပါလေ ဖြစ်ရပါစေ့မယ်။ ဘယ်တော့ စချင်သလဲ"

အစက ဒီလောက် လွယ်ကူလိမ့်မည် မထင်ခဲ့။ နတ်ဆရာ၏ အညှာမှာ ရမ်တစ်လုံး၊ ခေါင်ရည်တစ်အိုး၊ စီးကရက် တစ်ဗူးနှင့် ကြက်နှစ်ကောင် ဖြစ်လေသည်။ ဤသည်ပင် များနေသေး၏။ နတ်ဆရာနှင့် အတူ ကျွန်တော်တို့ သုံးရက်တိတိ ဝိုင်းဖွဲ့လိုက်ရုံဖြင့် အပြန်အလှန် နားလည်မှု ရရှိကြတော့သည်။

သူ၏ ကုသမှုကို ကျွန်တော်က ပိတ်ပင်သည်မဟုတ်ဘဲ ကူညီဆွေးနွေး အကြံပေးခြင်းဖြင့် သိပ္ပံဆေးပညာအပေါ် သူ စိတ်ဝင်စားစ ပြုလာသည်။ တဖြည်းဖြည်းနှင့် တကိုယ်ရေ ကျန်းမာရေး အကြောင်းမှ စကာ ပိုးမွှားသန့်စင်နည်း၊ အနာဆေးထည့်နည်း၊ ပတ်တီးစည်းနည်း အစရှိသည်တို့ကို သင်ပြပေးရသည်။ သူ့ထံမှလည်း အနီးတဝိုက် အလွယ်တကူ ရရှိတတ်သော ဆေးပင် ဆေးမြစ်တို့၏ အံ့မခန်းအာနိသင်တို့ကို သိရှိရပြန်သည်။ ကျွန်တော် အသေအချာ မှတ်တမ်းပြုထားပါ၏။ တချိန်ချိန်တွင် ဆေးလောကအတွက် အကျိုးရှိလာမည် ဖြစ်သည်။

ဤသို့ဖြင့် နှစ်ဦးနှစ်ဦး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးထူးပုံကို လက်တွေ့ သိမြင်လာသောအခါ နတ်ဆရာသည် ဆေးရုံပို့သင့်သည်ဟု ကျွန်တော် အကြံပြုသော လူနာများအား ဆေးရုံသို့ တွင်တွင် ပို့တော့သည်။ ကျွန်တော်တို့ လုပ်ငန်းစ၍ နှစ်လလောက် အတွင်း၌ပင် သားဖွားလူနာ၊ လည်ပင်းကြီးလူနာ၊ ငှက်ဖျားလူနာများဖြင့် ကျွန်တော့်ဆေးရုံသည် စည်စည်ကားကား ဖြစ်လာလေသည်။ အံ့သြနေကြသည့် ဆေးရုံအဖွဲ့အား ကျွန်တော်က ကြွားကြွားကြီး ပြုံးပြလိုက်၏။ တောင်ပေါ်မှာ ကျွန်တော် ပျော်သွားပြီ။ ယခုတော့ ကျောင်းဆရာ၏ စံပြရွာသို့ တစ်ပတ်တစ်ကြိမ် မှန်မှန်သွားရင်း တောင်တန်းကြီးများသည် ပိုမို လှပလာသည် ထင်ရ၏။

***
တောအုပ်ကလေးကို ကျွန်တော် စတင် ဖြတ်သန်းနေပြီ ဖြစ်သည်။

မြေနီလမ်းသည် အသစ်ကျရောက်သော နှင်းတို့၏ ပတ်ဖွဲ့မှုဖြင့် စေးထန်းပျော့အိလျက်ရှိကာ နင်းလိုက်တိုင်း ပြတ်သားသည့် ဖိနပ်ရာတို့ကို ထင်ကျန်စေခဲ့သည်။ အလင်းရောင်က အားနည်းစပြုလာ၏။ နှင်းမြူများ သိပ်သည်းလာသဖြင့် ရှေ့ဝါးနှစ်ရိုက်ခန့်အကွာလောက်ကိုပင် သိပ် ကွဲကွဲပြားပြား မမြင်ရတော့။ ဦးထုပ်ဖြူဆောင်းတောင်ထွတ်များမှာ နှင်းမြူတို့ကြား၌ ပျောက်ကွယ်နေလေသည်။ ခပ်လှမ်းလှမ်းမှ သစ်နွယ်ခြုံတန်းတို့ကို အရိပ်အယောင်အဖြစ်မျှသာ မြင်ရ၏။ ရုတ်တရက် လှုပ်ခတ်လိုက်သည့် လေထုကြောင့် စိမ့်တက်လာသည့် အအေးဓါတ်သည် ခွဲစိတ်ဓါးတစ်ချောင်းကို သတိရစေတော့သည်။

ဂျာကင်အင်္ကျီကော်လံကို နားရွက်ဖုံးအောင် ထောင်မတ်လိုက်ပြီး ကျွန်တော် လျှောက်လာသည်။ တခေါ်လောက်ဆီရှိ ကညင်ပင်ကြီး တစ်ပင်ပေါ်က မျောက်တစ်အုပ်၏ အထိတ်တလန့် ဆူညံအော်ဟစ်သံများ ကြားရသည်။ ထို့နောက် တောအုပ်သည် တိတ်ဆိတ်သွား၏။ ချုံနွယ်ပိတ်ပေါင်းများထဲက ပုစဉ်းရင်ကွဲ အော်မြည်သံများ ပြန်လည်ထွက်ပေါ်လာသည်။

လုပ်ငန်း အောင်မြင်မှုများကို တစိမ့်စိမ့် စမြုံ့ပြန်ရင်းနှင့် ကျွန်တော့်အတ္တသည် အတော်ကလေး နေလို့ ထိုင်လို့ ကောင်းနေသည်။ မီးဖွားရာတွင် အချင်းကပ်နေ၍ ခက်ခက်ခဲခဲ လုပ်ဆောင်ပေးခဲ့ရသည့် နတ်ဆရာ၏ တူမသည် ရင်သွေးကို ပိုက်လျက် ဆေးရုံမှ ကျန်းမာပကတိ ဆင်းလာသောအခါ အံ့သြဝမ်းသာသွားခဲ့သည့် နတ်ဆရာ၏ မျက်နှာကြီးကို ပြန်လည်မြင်ယောင်လျက် ကျွန်တော် အသံထွက်အောင် ရယ်မောလိုက်သည်။ ကျောင်းဆရာ၏ အံ့မခန်း စာအုပ်ပုံကြီးအား သတိရလိုက်သည့်အခါတွင်ကား ရယ်ရွှင်မြူးဖွယ် တေးသွားတစ်ပုဒ်ကို လေချွန်မိရက်သား ဖြစ်သွားတော့သည်။

ရှေ့မှာ တောအုပ်၏ အဆုံးကို လှမ်းမြင်နေရပြီ။

လေချွန်သံကို စည်းချက်လိုက်နေသည့် ခြေလှမ်းများသည် နှေးကွေး၍ လာကြ၏။ ကျွန်တော့်လေချွန်သံကလည်း တဖြည်းဖြည်း တိုးညင်း၍လာကာ နောက်ဆုံး လုံးဝ ထွက်ပေါ်မလာတော့။ ထိုအချိန်တွင် ကျွန်တော့် ခြေထောက်တို့က ရပ်တန့်ပြီး ဖြစ်နေသည်။

ထူးဆန်းစွာပင် ကျွန်တော့်စိတ်တွေ တမျိုးကြီး ဖြစ်လာ၏။ ရုတ်ချည်းပေါ်ပေါက်လာသော ဖြန်းကနဲ ကြက်သီးထမှုကို ကျွန်တော် နားမလည်နိုင်ပါ။

တစ်နေရာရာမှ တစ်စုံတစ်ယောက်၏ ချောင်းမြောင်း ကြည့်ရှုနေခြင်းကို ခံစားသိရှိနေရသလိုလို။

ကျွန်တော် နောက်ကျောမလုံ ဖြစ်လာ၏။
ကိုယ်ကို တပတ်ပြည့်အောင် လှည့်၍ ကြည့်လိုက်သည်။ ဝေဆိုင်းနေသော မြူနှင်းများ၊ တောရိပ်တောင်ရိပ်မည်းမည်းများ၊ ချုံပုတ်ခင်တန်းများ၊ မြေနီလမ်းကလေး။ ပြီးတော့ ပုစဉ်းရင်ကွဲ မအော်မြည်တော့သည့် တိတ်ဆိတ်ဝန်းကျင်။

ဘာလဲ။ ငါ ဘာဖြစ်နေတာလဲ။ ဘာမှလဲ မဟုတ်ဘဲနဲ့။ စိတ်ခန္ဓာကို အားတင်းထိန်းသိမ်းလျက် ကိုယ့်အဖြစ်ကိုယ် လှောင်ပြောင်ရယ်မောရန် ကြိုးစားသည်။ သို့ရာတွင် လေးလံသောစိတ်က သိသိသာသာကြီး လျော့ပါးမသွား။ ဘယ်လိုလဲကွာ၊ ဒုက္ခပါပဲ။

ကျွန်တော် ရှေ့သို့ ဆက်၍ လှမ်းသည်။
ကိုးလှမ်း၊ ဆယ်လှမ်းအရောက်တွင် လေချွန်မည်ပြုသည်။ စုချွန်လာသော ကျွန်တော့် နှုတ်ခမ်းများသည် ရုတ်ချည်းပင် ပြန်လည်ပြားကပ်၍ သွား၏။

အလို... ရှေ့မှာ ရှေ့မှာ...
ကျွန်တော့် ရှေ့တည့်တည့် ဝါးနှစ်ရိုက်အကွာ မြေနီလမ်းပေါ်တွင် သဏ္ဌာန်ကြီးတစ်ခုကို ဘွားခနဲ မြင်တွေ့လိုက်ရ၏။

ခြေလှမ်းများ တုံ့ဆိုင်းကာ ကျွန်တော် ကြောင်နေ၏။ မြူနှင်းများကြောင့် သဲကွဲစွာ ကျွန်တော် မမြင်ရ။ ဘာလဲ ဘာကြီးလဲ။

လေက သုတ်ခနဲ တစ်ချက် ဖြတ်တိုက်လိုက်သဖြင့် မြူနှင်းတို့ ခေတ္တခဏ လွင့်ပါးသွားကြသည်။ ထိုအချိန်တွင် ထိုသဏ္ဌာန်ကို ပီပြင်စွာ တွေ့လိုက်ရ၏။

လုံးဝန်းသော ဦးခေါင်း၊ တိုဝိုင်းသော နားရွက်၊ စူးလက်သည့် မျက်လုံးအစုံ၊ ရှည်သွယ် ခန္ဓာကိုယ်ပေါ်က အဝါရောင် အစင်းကြီးများ၊ မြေပြင်ကို တဘုတ်ဘုတ် ပုတ်နေသည့် အမြီး တုတ်တုတ်ကြီး။

ဟာ အဲဒါ ကျ ကျ ကျားကြီး ကျားကြီး။
ရုတ်တရက်ပင် မျက်လုံးများ ပြာဝေကာ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွား၏။ ဒူးအစုံသည် ခွေညွှတ်သွားမတတ် တဆတ်ဆတ်တုန်ယင်၍ လာကြသည်။ အာခေါင်များလည်း ခြောက်သွေ့လာ၏။ မြေနီလမ်းကျဉ်းကလေးပေါ်တွင် ကျွန်တော်သည် ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင် တွေ့ကြုံနေရပါပြီ။

ကျားဆိုသည့် သတ္တဝါကို တိရစ္ဆာန်ရုံ လှောင်အိမ်များအတွင်း၌သာ အမှတ်တမဲ့ မြင်တွေ့ခဲ့ဖူးသော ကျွန်တော်သည် ယခုကဲ့သို့ လမ်းကျဉ်းကလေးပေါ်၌ ရင်ဆိုင်တွေ့ကြုံနေရသည့် ကျားကြီးတစ်ကောင်နှင့် မည်သို့မည်ပုံ ဆက်ဆံရမည်ကို လုံးဝ မသိရှိပါ။

ကျွန်တော် နည်းနည်းကလေးမှ မလှုပ်ရှားဘဲ တောင့်တောင့်ကြီး ရပ်နေမိ၏။

ကျားသည် ကျွန်တော့်ကို ကြည့်နေ၏။
ကျွန်တော်သည် ကျားကို ကြည့်နေ၏။
သူ ဘာလုပ်တော့မှာလဲ။ ငါ့ကို ခုန်အုပ်တော့မှာလား။ သွားချွန်ချွန်ကြီးတွေက ငါ့လည်ပင်းကို...။ အမလေးနော်၊ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ။

ကျား၏ စိုလက်နီရဲသော လျှာကြီးက နှုတ်ခမ်းကို တစ်ချက်သပ်လိုက်၏။ အစွယ်ကြီးများကို လှစ်ခနဲ မြင်လိုက်ရသည်။ ခေါင်းထဲတွင် ညိုးညိုးညံညံ အသံများဖြင့် ဆူဝေနေ၏။ နားတွေ အူလာသည်။ ခြေထောက်တွေ ယိုင်လာသည်။ အို... ဘုရားသခင်။

ခုန်အုပ်ဖို့ နောက်ခြေနှစ်ချောင်းကို ညွှတ်ချအားယူလိုက်ပြီလား။ သူ့မျက်လုံးတွေ ဝင်းတောက်လာပြီလား။ ငါ သေရတော့မှာလား။ အား... မသေဘူး။ ငါ လုံးဝ မသေချင်ဘူး။ ဦးနှောက်ထဲတွင် တစ်စုံတစ်ရာက လက်ခနဲ ဖြစ်သွား၏။

"ထန်မောင်"

အမည်တစ်ခုသည် ကျွန်တော့် နှုတ်ဖျားက လွင့်ထွက်၍ လာ၏။ ကျားသည် နေရာက ရုတ်တရက် ထလိုက်သည်။

ကျွန်တော် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ကျားသည် နောက်သို့ တစ်လှမ်းဆုတ်သွား၏။

"ထန်မောင်"
ကျွန်တော် ရှေ့သို့ ခပ်သွက်သွက် လှမ်းလိုက်သည်။

ကျားသည် နောက်သို့ အမြန် ဆုတ်သွား၏။ ဟင်းကနဲ မာန်သွင်းသံကြီးကိုလည်း ကြားလိုက်သလို ရှိ၏။

"
ထန်မောင်... ထန်မောင်... ထန်မောင်... "

နောက်ပိုင်း ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို အသေးစိတ် မမှတ်မိတော့ပါ။

"ထန်မောင်" ဟူသော အမည်ကို အော်ဟစ်မြည်တမ်းလျက် ကျားကြီးထံသို့ ကျွန်တော် ပြေးဝင်သွားခြင်း၊ ကျားကြီး ဒရောသောပါး နောက်သို့ဆုတ်ကာ ချုံပုတ်တစ်ခု၏ နောက်သို့ ကျွမ်းပစ်၍ ပြေးဝင်သွားခြင်း၊ လမ်းကလေးပေါ်တွင် ကျွန်တော် တစ်ယောက်တည်း မောဟိုက်တုန်ရီလျက် ကျန်ရစ်ခဲ့ခြင်း၊ ဘောင်းဘီ အောက်ပိုင်းတစ်ခုလုံး ရစရာ မရှိအောင် စိုရွှဲနေခြင်းတို့ကိုသာ ပြန်လည် အမှတ်ရမိပါတော့သည်။

***
ဆေးရုံအဖွဲ့သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြလေ၏။ ဘုရားတသူတ၊ ရင်ဘတ်ဖိသူဖိနှင့် နောက်ဆုံးတော့ ကျွန်တော့်ကို ကရုဏာဒေါသော အပြစ်တင်ကြတော့သည်။ စံပြရွာသို့ နောက်နောင် ဘယ်သောအခါမှ မသွားတော့ရန်လည်း တညီတညွတ်တည်း ဝိုင်းဝန်း တားမြစ်ကြလေ၏။

ကျွန်တော်ကတော့ ထိုအဖြစ်အပျက်ကို တစ်ပတ်လုံးလုံး စဉ်းစား အဖြေရှာကြည့်နေမိသည်။ အထူးသဖြင့် ထိုအချိန်က ဖြစ်ပျက်ခဲ့သော ကျွန်တော့် စိတ္တဗေဒကို ခွဲခြမ်းစိတ်ဖြာ ကြည့်နေခြင်းဖြစ်၏။

အဘယ့်ကြောင့် ကျွန်တော် ထန်မောင်ဟု ခေါ်လိုက်ရသလဲ။

ထန်မောင်သည် အမှန်တကယ်ပင် ကျားဘဝ ကူးပြောင်းသွားသည်ဟု ကျွန်တော် ယုံကြည်လက်ခံ သွားခဲ့မိ၍လား။

ထိုသို့လည်း မဟုတ်ပါ။ ထန်မောင် ကျားဖြစ်၊ မဖြစ် ကျွန်တော် စိတ်မဝင်စားပါ။ ယုံလည်း မယုံကြည်ပါ။

ဒါဖြင့် အဘယ်ကြောင့် ထန်မောင် အမည်ကို သုံးစွဲပြီး ကျွန်တော် ကျားဆီ ပြေးဝင်ခဲ့ရပါလိမ့်။ ကျားကြီး ထွက်ပြေးသည်ကတော့ ဤကဲ့သို့ အခြေအနေမျိုးနှင့် မကြုံကြိုက်ဖူး၍ ရုတ်တရက် လန့်ဖျတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။ ဆန်းသည်ဟု မဆိုသာ။ ပြောစရာရှိသည်က ကျွန်တော့် အပြုအမူပင် ဖြစ်သည်။

နောက်ဆုံးတော့ ကျွန်တော် အဖြေတစ်ခု ရလိုက်၏။ ကျွန်တော် ကြောက်ကန်ကန်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိသည်ပင်ဖြစ်စေ၊ ထိုအပြုအမူသည် မှန်ကန်ကြောင်း အသက်မသေ ရှိနေခြင်းက သက်သေပြလိုက်ခြင်းပင် ဖြစ်၏။ ကျောင်းဆရာကို ပြောပြလျှင် သူ မည်သို့ တုန့်ပြန်မည်လဲ။ သိချင်စမ်းပါဘိ။

နောက်ရက်များတွင် ကျားနှင့် ပတ်သတ်သော သတင်းများမှာ ဆိုးဝါးကြမ်းတမ်း၍ လာပါသည်။ စံပြရွာသို့ သွားရမည့်ရက်တွင် မသွားနိုင်တော့။ တစ်ပတ် ကျော်သွားပြီ။ တစ်ရက်၊ နှစ်ရက်။ ကျောင်းဆရာကတော့ မျှော်နေမှာပဲ။ သုံးရက်၊ လေးရက်။ သူလည်း ကျားသတင်း ကြားရမှာပါ။ ငါးရက်၊ ခြောက်ရက်။ အပြောင်းအလဲမရှိသော တောင်တန်းများ၊ လူနာများ၊ ဝန်ထမ်းများ၊ စကားများ၊ နှင်းမြူများ၊ အရက်ပုလင်းများ၊ ငြီးငွေ့မှုက ပြန်လည် လောင်မြိုက်စ ပြုလာ၏။

နှစ်ပတ်။ ထို့နောက် တစ်ရက်။ ကျားကြီးသတင်း ပြန်လည် ငြိမ်သက်စ ပြုလာသည်။ ကျွန်တော့် စိတ်ထဲက ငြီးငွေ့မှု ကျားကတော့ မငြိမ်မသက် ဟိန်းဟောက်နေပြီ ဖြစ်၏။ နှစ်ရက်၊ သုံးရက်။ ကျားကြီးကို အသေမိသွားသလိုလို သတင်းများ ပေါ်ထွက်လာပြန်သည်။ လေးရက်၊ ငါးရက်။ ထိုကျားသည် ကျွန်တော့်ရင်ထဲသို့ ပြောင်းရွှေ့သောင်းကျန်းနေသည်ဟု ထင်ရ၏။ ကျွန်တော့် ခြေထောက်တွေ ယားနေပြီ။ ခြောက်ရက်။ နောက်ထပ် တစ်ပတ်။ ဆေးရုံအဖွဲ့အား မပြောခဲ့တော့ဘဲ စံပြရွာသို့ ကျွန်တော် ထွက်လာခဲ့တော့သည်။

***
ဟန်သစ် မဂ္ဂဇင်း၊ အမှတ် (၂၄)

***

လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ (၁) - မောင်သစ်ဆင်း

ကျွန်တော်တို့သည် အချေအတင် အပြင်းအထန် ပြန်လှန် ငြင်းခုန်ကြ၊ စကားလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြရင်း တောင်ခြေ တောလမ်းကလေးအတိုင်း လျှောက်လာကြသည်။

"သောကဆိုတာ အလကားပါ" ဟု ကျွန်တော် ပြောသောအခါ ကျောင်းဆရာက ပုခုံးတွန့်သည်။

"'ဒါဖြင့် ခင်ဗျားမှာ သောကဟူ၍ မြူမျှမရှိဘူးပေါ့"

"ဘဝမှာ သောကရယ်လို့ ဖြစ်စရာ နှစ်ချက်ပဲ ရှိတယ်"

"အလိုလေး ဘာတွေများပါလိမ့်"

"ကျန်းမာရေး ကောင်းနေမလား ဆိုးသွားမလား ဒါပဲ"

"သြ ဒါက ဆရာဝန်မို့ ဆရာဝန်စကားပြောတာပဲ"

"မဟုတ်ဘူး အမှန်တရားကို ပြောနေတာ။ ဘဝမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အသိပညာရေး တိုးတက်ကောင်းမွန်ဖို့ရာ ကျန်းမာရေးသည်သာ အခြေခံမူလ၊ ခင်ဗျား ငြင်းမလား"

"မငြင်းပါဘူး"

"ဘယ်ငြင်းလို့ ရမလဲ၊ ဘုရားဟောတာပဲ၊ ခင်ဗျားမှာ ကျန်းမာရေးကောင်းမွန်နေတယ်ဆိုရင် ဘဝမှာ သောကဖြစ်စရာ နတ္ထိ"

"ကျန်းမာရေး ဆိုးဝါးနေပြီတဲ့ဗျာ"

"ကျန်းမာရေး ဆိုးဝါးနေရင်လည်း သောကဖြစ်စရာက နှစ်ချက်ပဲ ရှိတာပဲ"

"လုပ်ပြန်ပြီ"

"ရောဂါ ပျောက်ကင်းလာမလား၊ သေသွားမလား၊ ဒါပဲ။ ရောဂါပျောက်သွားရင် သောကဖြစ်စရာ နတ္ထိ"

"သေသွားရင်ကောဗျာ"

"အင်း သေသွားရင်လည်း သောကဖြစ်စရာက နှစ်ချက်ပဲ ရှိတာပဲ"

"ဟာ မပြီးသေးပါလား"

"နိဗ္ဗာန်ရောက်မလား၊ ငရဲကျမလား၊ ဒါပဲ၊ နိဗ္ဗာန်ရောက်သွားရင် သောကဖြစ်စရာ နတ္ထိပေါ့"

"ခင်ဗျားက သေချာပေါက် ငရဲရောက်မှာ"

"မပူနဲ့၊ ငရဲရောက်ရင်လည်း မိတ်ဟောင်းဆွေဟောင်း ပေါင်းဟောင်းသင်းဟောင်းတွေနဲ့ မနားတမ်း လက်ဆွဲနှုတ်ဆက်နေရတာနဲ့ကို သောကဖြစ်စရာ အချိန်ရမှာ မဟုတ်ဘူး။ ကဲ... ဘယ်မလဲ သောက"

ကျောင်းဆရာက တသိမ့်သိမ့်ရယ်လေသည်။

"မဆိုးပါဘူး၊ အဲဒါ ဘယ်သူပြောတာလဲ၊ ခင်ဗျား ဘယ်က ကောက်ရခဲ့သလဲ"

"ဟားဟား ခင်ဗျား ကြိုက်သွားပြီ မဟုတ်လား၊ ဘယ်သူပြောမှန်း မသိဘူးဗျ၊ ရန်ကုန်က သူငယ်ချင်းတစ်ယောက် အိမ်မှာ ချိတ်ထားတာတွေ့တာနဲ့ သဘောကျလို့ မှတ်ထားတာ၊ မဆိုးဘူးနော်၊ တစ်နေ့တစ်ကြိမ် ဖတ်သွားရင် ဘဝမှာ ဗီတာမင်မလိုဘူး"

"အရက်တော့ လိုတယ်ပေါ့"

ကျွန်တော်တို့ ရယ်သံများက နှင်းငွေ့များဖြင့် ပျစ်ခဲနေသည့် တောင်ပေါ်လေထုတွင် ပျော်ဝင်အေးခဲသွားကြသည်။ ပတ်ဝန်းကျင် အပူရှိန်သည် တိတ်တဆိတ် ကျဆင်းလျက်ရှိ၏။ ဟိုး... အဝေးဆီတွင် တောင်စွယ်တောင်ထွတ်တို့သည် နှင်းမြူကြား၌ မှုန်ပျပျ။ တောလမ်းကလေး ပေါ်တွင် ကျွန်တော်တို့ ရယ်မော ပြောဆိုနေကြသံနှင့် သစ်ရွက်များပေါ်သို့ နှင်းစက်ကျသံ တဖောက်ဖောက်တို့သည်သာ အကျယ်လောင်ဆုံး ဖြစ်နေသည်။

ကျွန်တော်က လက်နှစ်ဘက်ကို လေထဲတွင် ဝေ့ဝဲလျက် အေးစိမ့်စိမ့်လေကို တဝရှူလိုက်သည်။ ထို့နောက် တောင်မြောက်ဝဲယာသို့ လှည့်ပတ်၍ ကြည့်သည်။

"ကြည့်စမ်းဗျာ၊ သဘာဝတရားကြီး လှပနေပုံ"

ကျောင်းဆရာက မကြည့်ပါ။ လှောင်ပြုံးကလေး တစ်ချက်သာ သူ့မျက်နှာ၌ ပေါ်လာသည်။

"အင်း အပေါ်စီး ခပ်ဝေးဝေးက ကြည့်ရင်တော့ ဟုတ်ပေမပေါ့။ ဒါပေမဲ့ အနီးကပ် ကြည့်ရင်တော့ သဘာဝဟာ ရက်စက်ကြမ်းတမ်းတယ်နော"

"ထားပါတော့၊ ဒါပေမဲ့ အခုလို သဘာဝ တောလမ်းကလေးပေါ်မှာ လျှောက်ရတာကတော့ တယ်ကောင်းသဗျာ၊ ဒါဟာ ကျုပ်အတွက်တော့ အမှန်တရားပဲ"

"လူတစ်ယောက်ဟာ တစ်ယောက်တည်း လမ်းလျှောက်ထွက်ရတာကို ကြိုက်ကောင်း ကြိုက်နိုင်ပေမယ့် အယူအဆတစ်ခုဘက်မှာ တစ်ယောက်တည်း ရပ်ဖို့ကျတော့ အတော်ဝန်လေးသတဲ့။ ဂျော့ဆန်တာယာနာ က ပြောဖူးသဗျ"

"ဒီမှာ လွတ်လပ်စွာ ယူဆခွင့်ကို လွတ်လပ်စွာ ယုံကြည်ရင် ဘာမှ ဝန်လေးစရာမရှိဘူး"

"လူဟာ တကယ်တော့ လွတ်လပ်လို့လား"

"တကယ် မလွတ်လပ်ဘူးလို့ ခင်ဗျား ဘယ်ရှုထောင့်က ပြောမလဲ"

"နက္ခတ်ဗေဒင် ရှုထောင့်က ပြောမယ်လေ။ လူ့ဘဝ ဖြစ်စဉ်ကြီးတစ်ခုလုံး ဘယ်တော့ဘာဖြစ်မယ်ဆိုတာ အားလုံး စီစဉ်ပြီး ချမှတ်ပြီး၊ ပြဋ္ဌာန်းပြီးသားတဲ့ ကဲ"

"တော်ပါဗျာ ဖီလိုဆိုဖီမှာ အယူသည်းမှု မပါဘူး။"

"အလိုဗျာ လူတိုင်းဟာ တစ်မျိုးစီ အယူသည်းနေကြတာပဲ မဟုတ်ဘူးလား"

"ဟိုး တော်ပြီ ခင်ဗျားနဲ့ ကျုပ်နဲ့ သဘောမတူတာတွေ များလွန်းနေပြီ၊ အရက်နဲ့ မိန်းမအကြောင်းက လွဲလို့"

နှစ်ယောက်သား ရယ်လိုက်ကြပြန်သည်။
ကျွန်တော်တို့ တစ်ပတ်စာ ရယ်နေကြခြင်း ဖြစ်၏။
ကျွန်တော်တာဝန်ကျသည့် တောင်ပေါ်မြို့ကလေးမှ သုံးမိုင်းခန့် ကွာဝေးသော ကျောင်းဆရာ၏ ရွာသို့ တစ်ပတ်တစ်ကြိမ် မှန်မှန် ကျွန်တော်သွားသည်။ သွားသည့် ကိစ္စမှာ ထိုရွာက လူတွေ၏ ကျန်းမာရေးအတွက်ဟူသော ခေါင်းစဉ်အောက်မှာ ရှိသော်လည်း၊ ထိုကိစ္စနှင့် တန်းတူ အရေးကြီးသည့် ကိစ္စရပ်များလည်း ရှိနေသေးသည်။ ၎င်းမှာ ကျောင်းဆရာနှင့် အတူ ခေါင်ရည်သောက်ရန်၊ ကြီးကြီးကျယ်ကျယ် တောင်ပြောမြောက်ပြောများ ပြောဆိုငြင်းခုန်ကြရန်နှင့် ပြည့်သိပ်ကျပ်ခဲနေသည်များ ရင်ထဲက လွင့်စင်သွားအောင် ပက်ပက်စက်စက် ရယ်မောပစ်ရန် အစရှိသည်တို့ ဖြစ်သည်။

ညနေရောက်လျှင်တော့ ကျောင်းဆရာက ကျွန်တော့်ရွာမှ မိုင်ဝက်ခန့်အကွာ တောလမ်းကလေးအဆုံးထိ လိုက်ပို့မြဲဖြစ်သည်။ ခေါင်ရည်တယစ်ယစ် စကားတဖောင်ဖောင်ဖြင့် အပြန်လမ်းသည် ဝေးကွာသည် မထင်ရ။ တောင်ပေါ်လေသည် အေးလာသည် မထင်ရ။ တောလမ်းကလေးမှာ ကျွန်တော်တို့၏ ယိမ်းယိုင်ပေါ့ပါးသော ခြေလှမ်းများ၊ ကြောင်စီလေးလံသော စကားများကို တစ်ပတ်လျှင် တစ်ကြိမ် မှန်မှန်ကြီး ကြုံတွေ့နေရလေတော့သည်။

ရှေ့တွင် တောလမ်းကလေး၏ အဆုံးကို မြင်နေရပြီ ဖြစ်၏။ ထိုနေရာတွင် လမ်းက တောင်ကုန်းကလေးတစ်ခုကို လှမ်းကျော်ဖြတ်၍ တက်သွားသည်။ ကျွန်တော်တို့ လမ်းခွဲကြရမည့် နေရာဖြစ်သည်။

ကျောင်းဆရာ၏ အရယ်မျက်နှာသည် တစ်စုံတစ်ရာကို သတိရဟန်ဖြင့် ရုတ်တရက် တည်ငြိမ်သွား၏။

"အင်း အယူသည်းတယ်ဆိုလို့ ပြောရဦးမယ်၊ ခင်ဗျား ဟိုဘက်ရွာက ထန်မောင်ကိုသိလား"

"ထန်မောင်... သြော်... ဟို... စိတ်သိပ်မနှံ့တဲ့ ထန်မောင်လား။ သိသားပဲ၊ ကျွန်တော့်လူနာပဲ၊ ဟိုတလောက ငှက်ဖျားထလို့ ကုပေးခဲ့ရသေးတယ်။ ဘာဖြစ်လို့လဲ"

ကျောင်းဆရာက နဖူးကြောများရှုံ့၍ ခေတ္တမျှ စဉ်းစားနေသည်။ ပြီးမှ သက်ပြင်းတစ်ချက်ချ၏။

"ဒီလိုဗျ ဒီနယ်တစ်ဝိုက်မှာ ထန်မောင်တို့ အမျိုးအနွယ်က သီးသန့်မျိုးနွယ်၊ အဲ... ရှားပါးသွားပြီဖြစ်တဲ့ မျိုးနွယ်တဲ့၊ အဲဒီမျိုးနွယ်က လူတွေဟာ အသက် ၃၅ နှစ် ပြည့်တဲ့အချိန် လကွယ်ညမှာ ကျားဘဝကို ကူးပြောင်းသွားကြတယ်လို့ ဒီနယ်ကလူတွေ အစွဲရှိတယ်။ ထန်မောင်က နောက်ဆုံးမျိုးဆက်၊ အဲဒါ မျိုးဆက်ပြတ်အောင်ဆိုပြီး ထန်မောင်ကို ဘယ်မိန်းကလေးကမှ လက်မထပ်ကြဘူး။ ကျားမျိုးဆက် ဖြတ်တယ်ပေါ့ဗျာ"

"နေစမ်းပါဦး၊ ကျွန်တော်တို့ ကြားဖူးထားတဲ့ သမန်းကျားဆိုတာမျိုးလား"

"ဟုတ်မယ်ထင်ပါရဲ့ဗျာ၊ အဲဒါ ပြီးခဲ့တဲ့ လကွယ်ညက ထန်မောင် ရွာက ပျောက်သွားတယ်။ ဒီနှစ်ကလည်း သူ့အသက် ၃၅ နှစ် ပြည့်တဲ့နှစ်တဲ့"

"စိတ်မှ မနှံ့ဘဲဗျာ သူသွားချင်ရာ လျှောက်သွားမှာပေါ့"

"ဒါက ကျုပ်တို့ အတွေးကိုး၊ ထန်မောင်ပျောက်သွားပြီး နှစ်ရက်လောက်ကြာတော့ ကျားတစ်ကောင်ပေါ်လာတယ်။ ရွာသုံးရွာက နွားငါးကောင် ခြောက်ကောင် အဆွဲခံရသတဲ့"

"တောပြောင်းလာတဲ့ ကျားနဲ့ တူပါတယ်ဗျာ"

"မပြောတတ်ဘူး၊ အရင်က ဒီနယ်မှာ ကျားမရှိတာ ကြာပြီတဲ့၊ အခုမှ ကျားကလည်းပေါ်လာ၊ ထန်မောင်ကလည်း ပျောက်သွားဆိုတော့ အယူသည်းချင်စရာ ဖြစ်နေတာပေါ့"

"အင်း ၂၁ ရာစု ရောက်တော့မယ်။ ကမ္ဘာကြီးမှာ အယူသည်းတာတွေ ရှိနေတုန်းပဲ"

"လမ်းပန်းဆက်သွယ်ရေးလေဗျာ"


"အိုး... ဒါက အကြောင်းပေါင်းများစွာထဲက အကြောင်းတစ်ချက်ပါ။ အဓိက က ပညာရေးပဲ၊ ခင်ဗျားတို့ ပညာရေးဝန်ထမ်းတွေမှာ တာဝန် အများကြီး ရှိတယ်။ ခင်ဗျားတို့ ညံ့လို့"

"အလိုလေး နေရင်းထိုင်ရင်းတော့ တရားခံမဖြစ်ပါရစေနဲ့ဗျာ၊ မဆိုင်လိုက်တာ"

"ဆိုင်တယ်"

"မဆိုင်ပါဘူး"

ပြုံးစိစိ မျက်နှာပေးများဖြင့် ငြင်းကြခုန်ကြရင်း တောလမ်းကလေး အဆုံးတွင် ကျွန်တော်တို့ ရပ်လိုက်ကြသည်။

"ကိုင်း ဒီတပတ်တော့ တော်ကြဦးစို့ရဲ့၊ ကျားကိစ္စက သက်ဆိုင်ရာ လူကြီးတွေနဲ့ မုဆိုးတွေရဲ့ တာဝန်၊ ဒီနယ်ကလူတွေ ကျုပ်ရဲ့ ဆေးရုံကို လာရကောင်းမှန်းသိဖို့က ခင်ဗျားနဲ့ ကျုပ်ရဲ့တာဝန်၊ ဒါပဲ မဟုတ်လား၊ ကဲ... နောက်တပတ်ကျမှ ဆုံကြဦးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့"

"ပိုပြီး ပျော်ရအောင် ရမ်တစ်လုံးလောက် ရနိုင်ရင် ဆွဲခဲ့ပါလား၊ အပြောင်းအလဲလေးပေါ့"

"အိုကေ ကြိုးစားကြည့်မယ် ဂွတ်လပ်"

ကျောင်းဆရာက ဆလံတစ်ချက် ရိုက်လိုက်၏။

***
ကျောင်းဆရာနှင့် ခွဲခဲ့ပြီး ဆင်ခြေလျှောလမ်းကို စတက်လိုက်ချိန်သည် ညနေ လေးနာရီခွဲတိတိအချိန် ဖြစ်သည်။ နေကို မမြင်ရသော်လည်း အလင်းရောင်က ကောင်းစွာရှိနေ၏။ ဆေးရုံသို့ ငါးနာရီ သုံးဆယ့်ငါးမိနစ်တွင် ရောက်မည်ဟု မှန်းမိသည်။ သည်လမ်း သည်ခရီးအတွက် တစ်နာရီ ငါးမိနစ်သည် ကျွန်တော့်အတွက် ပုံမှန်စံချိန်ဖြစ်သည်။

တောင်ကုန်းထိပ်သို့ ရောက်လျှင် တစ်ဖက်သို့ ပြန်ဆင်းရဦးမည်။ နှစ်ဖာလုံခန့် ဆက်လျှောက်ပြီးလျှင် တောအုပ်ကလေးတစ်ခုကို စ၍ ဖြတ်ရမည်။ တောအုပ်ကို လွန်၍ နောက်ထပ် ငါးဖာလုံ ကျော်ကျော် သွားမိလျှင် လမ်းသည် မြို့သို့သွားရာ ကားလမ်းမနှင့် တွေ့ဆုံသွားတော့သည်။ ထိုနေရာမှ ကြည့်လျှင် မြို့ကလေးကို ကောင်းစွာ လှမ်းမြင်နေရပြီဖြစ်၏။ ဆေးရုံကို ရောက်၍ နာရီကို ကြည့်လိုက်လျှင် ကျွန်တော် လမ်းလျှောက်လာချိန်သည် တစ်နာရီနှင့် ငါးမိနစ် အတိဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

တောင်ကုန်းထိပ်တွင် ကျွန်တော် ခဏ နားလိုက်သည်။ မြူနှင်းကြားက တောင်ပေါ်ရှုခင်းသည် လှပပါပေ၏။ ကင်မရာတစ်လုံးလောက် အလွယ်ရှိလျှင် ဖလင် သုံးလေးလိပ်တော့ အသာလေး ကုန်သွားနိုင်သည်။ သဘာဝအလှ၌ ခေတ္တခဏ နစ်မျောခံစားပြီးသော် ကျွန်တော် အောက်သို့ စတင် ဆင်းသက်ခဲ့သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲနှင့် တောင်တွေကို ကျွန်တော်ချစ်သည်။ လွင်ပြင်ကို ဖြတ်သန်း၍ ခရီးသွားရတိုင်း အဝေးမှ တောင်စဉ်တောင်တန်းတို့ကို လှမ်း၍ မြင်ရလျှင် ကျွန်တော် ရင်ခုန်သည်။ လွမ်းသလိုလို အားတက်သလိုလိုနှင့် မျိုးမည်မသိ ဝေဒနာတစ်ရပ်ကို အမြဲ ခံစားရသည်။ ထို့ပြင် သူတို့၏ အနိမ့်အမြင့် အမို့အမောက် အပြေအလျှောတို့ကို လက်ဖြင့်လှမ်း၍ ညင်သာဖွဖွ သုံးသပ်ကြည့်ချင်စိတ်ကလည်း အမြဲ ပေါ်ပေါက်သည်။ ငယ်စဉ်က ကားဖြင့်ဖြစ်စေ၊ မီးရထားဖြင့် ဖြစ်စေ၊ ခရီးသွားရစဉ် တောင်တန်းကြီးများကို ပြတင်းပေါက်မှ လှမ်းလို့ မြင်ရတိုင်း "ဟိုတောင်တန်းကြီးတွေဆီ သွားချင်လိုက်တာ မေမေရာ"
ဟု ပူဆာသလို ကျွန်တော်ပြောတတ်သည်။ မေမေက အသာအယာပြုံးလျက် ကျွန်တော့်ဆံပင်များကို ဖွဖွကလေး ပွတ်သပ်ကာ "သားလေး ကြီးလာတော့ သွားရမှာပေါ့ကွယ်" ဟု နှစ်သိမ့်သလို ပြောတတ်စမြဲ ဖြစ်သည်။

မေမေ့စကား မှန်ပါသည်။ ယခုအခါ နိုင်ငံ အစွန်အဖျား ဝေးသီခေါင်မြင့်လှသည့် တောင်တန်းကြီး၏ တစ်နေရာ မြို့နယ်ကလေး တစ်မြို့သို့ ကျွန်တော် ရောက်ရှိနေပါပြီ။

ထိုမြို့ကလေးသို့ ကျွန်တော် ပြောင်းရွှေ့ရန် အမိန့်ကျလာသောအခါ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များက ကျွန်တော့်အတွက် ဝမ်းနည်းကြလေသည်။ သူတို့လည်း အသီးသီး ပြောင်းရွှေ့ကြမည်ဖြစ်သော်လည်း ကျွန်တော့်လောက် မဝေးကွာကြ။ ကျွန်တော်ကတော့ ထူးထူးခြားခြား ဝမ်းနည်းတုန်လှုပ် မဖြစ်မိပါ။ အရွယ်ကောင်းတုန်း နောက်ဆံငင်စရာ သံယောဇဉ် အနှောင်အဖွဲ့မရှိတုန်း ဒေသသစ်တစ်ခုသို့ သွားရမည်မှာ ဘဝအတွေ့အကြုံတိုးတာပေါ့ ဟူ၍သာ အောက်မေ့မိပါသည်။

ဤသည်မှာ ပထမအချက်ဖြစ်၍ ဒုတိယအချက်မှာ မြို့ပြကို ကျွန်တော် ငြီးငွေ့နေခြင်းပင်ဖြစ်သည်။ ရန်ကုန်ကို ကျွန်တော်ရွံ၍ မန္တလေးကို ကျွန်တော် စိတ်ကုန်ကာ၊ ဇာတိမြို့ကိုမူ ကျွန်တော် စိတ်ပျက်လှပါသတည်း။ နံနက်လင်းသည်နှင့် လူသံ၊ ယာဉ်သံ တညံညံဖြင့် ခုန်ဆွ ခုန်ဆွ လုပ်လာတတ်သည့် မြို့ပြ။ ရွှေဒင်္ဂါးနှစ်ပြားကို မျက်မှန်လုပ်လျက်၊ ငွေစက္ကူတစ်ချပ် လျှာမှာကပ်ကာ စွာကျယ် စွာကျယ် လုပ်တတ်သည့် မြို့ပြ။ အခြေအနေ အငွေ့အသက်ကို လိုက်၍ ရက်စက်လွန်းသည့် မြို့ပြ။ ဖော်ရွေလွန်းသည့် မြို့ပြ။ နံနက်ခင်းမှာ လက်ဖက်ရည်ဖြင့် အားမွေး၍ ညနေခင်းမှာ သူရာရည်ဖြင့် အပန်းဖြေသောမြို့ပြ။ ကျွန်တော် မပျော်ပါ။

နောက်ဆုံး တတိယအချက်မှာ ကျွန်တော့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် ပတ်သတ်သည်။ မြို့ပြဆင်ခြေဖုံးအရပ်၌ တည်ရှိသည့် ကျွန်တော့် ဆေးခန်းကလေးမှာ စီးပွားရေးအရ တတိယတန်းမှာတစ်နေရာ အဆင့်က မတက်နိုင်ခဲ့။ (ဆယ်တန်း တဘုန်းဘုန်းကျ၍) ကြက်သွန်ပွဲရုံပိုင်ရှင် ဖြစ်လာသူ သူငယ်ချင်း တစ်ယောက်က မှန်လုံကားပြောင်းစီးရန် စိတ်ကူးနေချိန်တွင် မကြာခဏ အကြွေးကျလွန်းသဖြင့် တဖြည်းဖြည်း ယိုင်နဲ့လာသော ဆေးခန်းကလေးအား ပိတ်ပစ်ရန် သင့်မသင့် ကျွန်တော် စဉ်းစား ချိန်ဆနေရ၏။ ထို့ပြင် လူနာမလာလျှင် စိတ်တင်းကျပ်ရ၊ လူနာလာလျှင်လည်း စိတ်ပင်ပန်းရသည့် ကိုယ်ပိုင်ဆေးခန်းဆိုသောအရာ၏ ဖိစီးမှုအောက်ကလည်း ခေတ္တခဏပဲဖြစ်ဖြစ် လွတ်မြောက်ချင်နေပြီ ဖြစ်သည်။

ဤသို့ဖြင့် ကျွန်တော် ပြောင်းရွှေ့ရမည့် မြို့ကလေးအား မြေပုံကားချပ်ပေါ်တွင် လက်ထောက်၍ ရှာဖွေရင်း၊ တောင်ပေါ်မြို့ကလေးတစ်မြို့အဖြစ် သိရသည့်အခါ ကျွန်တော် အံ့သြပျော်ရွှင်သွားပါသည်။ အချိန်ဖြုန်း၍ မနေတော့ဘဲ စီစဉ်ဖွယ်ရှိသည်တို့ကို အမြန်စီစဉ်၍ တောင်တန်းများဆီသို့ ကျွန်တော် ထွက်ခွာလာခဲ့ပါတော့သည်။ တစ်စစီ ပြိုကွဲလုနီး ဖြစ်နေသည့် ကျွန်တော့်ကိုယ် ကျွန်တော် တောင်ပေါ်လေကို ရှူရှိုက်ရင်း ပြန်လည်တည်ဆောက်ယူရန်၊ သဘာဝ အလှဖြင့် ပြီးပြည့်စုံသည့် တောရိပ်တောင်ရိပ်ဝယ် ခိုနားရင်း မိမိ၏ စိတ်ဝိဉာဉ်ကို သန့်ပြီး တောက်ပြောင်သွားအောင် ပြုလုပ်ရန် အစရှိသည့် စိတ်ကူးစိတ်သန်းများသည် အိပ်ရာလိပ်နှင့် အဝတ်အစားများ၊ စာအုပ်များနှင့် အတူ လိုက်ပါခဲ့ကြလေသည်။

သို့ရာတွင် စိတ်ကူးသည် စိတ်ကူးသာလျှင် ဖြစ်ခဲ့၏။

မြို့နှင့်အတူ သေးကွေးလှသော ကျွန်တော့် ဆေးရုံကလေးမှာ ဆေးရုံတက်လူနာ များများစားစား မရှိ။ ပြင်ပလူနာ ဌာနတွင်လည်း တစ်ရက် တစ်ရက် ရှိလှမှ လူနာ လေးငါးခြောက်ယောက်။ သည်နယ်က လူတွေ ကျန်းမာရေးကောင်းလှချည်လားဟု ကျွန်တော် အံ့သြသောအခါ သူ့နေရာသို့ ရောက်လာ၍ ကျွန်တော့်အား အလုပ်တာဝန်များ လွှဲအပ်နေသည့် ပြောင်းရွှေ့ရတော့မည့် ဆရာဝန်က ပြုံးလေသည်။

သည်နယ်တဝိုက်တွင် ဆေးရုံထက် ရိုးရာနတ်ဆရာကို ပိုမိုအားကိုးကြကြောင်း၊ နတ်ဆရာ ကု၍ မရတော့မှ သို့မဟုတ် နတ်ဆရာက ဆေးရုံသို့ သွားရန် ညွှန်ကြားမှ လာရောက်ပြသလေ့ရှိကြောင်း၊ ထို့ကြောင့် ဆေးရုံလူနာများတွင် အထူးတလည် ဆေးကုရန်မလိုသော အပရိက ရောဂါနှင့်၊ ဘယ်လိုမှ ကုသ၍ မရနိုင်အောင် ကျွမ်းနေပြီဖြစ်သော ရောဂါဟူ၍ အုပ်စုနှစ်မျိုးကိုသာ ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း၊ ထို့ကြောင်း ဤဆေးရုံ၌ ဆေးပညာကို နင်လား ငါလား စွမ်းစွမ်းတမံ ဆောင်ရွက်ရန် အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ကြောင်း အစရှိသည်တို့ကို ရယ်ရွှန်းပက်ရွှန်း ဟာသနှော၍ ပြောပြသောအခါ ကျွန်တော့မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ ပါးစပ်ဟ၍သာ နေရတော့သည်။

"မပူပါနဲ့ဗျာ၊ နောက်တော့ နေတတ်သွားမှာပါ၊ ဒီရောက်လာတဲ့ ဆရာဝန်တိုင်းလိုလို အသနားခံစာ တွင်တွင်တင်ပြီး၊ အရက် တွင်တွင် သောက်ကြတာပဲ။ ကျွန်တော်တောင် နှစ်နှစ်အတွင်း အတော်လေး လက်တက်နေပြီ။ ခင်ဗျား သောက်တတ်သလား"

"ဟိုတုန်းကတော့ အတော်လေး သောက်ဖြစ်တယ်"

"အခု ပြတ်နေပြီပေါ့"

"အင်း... လျှော့နေပါပြီ"

တဟားဟား ရယ်လိုက်သည့် ဆရာဝန်၏ စကားများ မှန်ကန်ကြောင်း သုံးလေးလ အကြာတွင် ကျွန်တော် သိရှိလာရသည်။

မြို့ကလေးမှာ ရုပ်ရှင်ရုံမရှိ။ ဗွီဒီယိုမရှိ။ လက်ဖက်ရည်ဆိုင် မရှိ။ စာအုပ်ဆိုင်မရှိ။ အဆိုးဆုံးမှာ ကျွန်တော်နှင့် စကားပြောဖော်မရှိခြင်း ဖြစ်သည်။ နိစ္စဓူဝ တာဝန်စကားများ၊ အပေါ်ယံ အလ္လာပ သလ္လာပများ၊ စိတ်ပျက်ဖွယ် ဘဝ ညည်းခြင်းများ၊ အပေါစား ဟာသများ၊ ဆန်ဈေး၊ ဆီဈေး၊ ဆားဈေး အစရှိသည်တို့ကို ပြောဆို ကြားနာနေရဖန် များလာသည့်အခါ ကျွန်တော့် စိတ်ဝိဉာဉ်သည် ထုံကျင်နာ စွဲကပ်စ ပြုလာ၏။ ဆိုဗီယက်အပြောင်းအလဲ၊ ဘော့စနီးယားမှ သွေးစက်များ၊ ဓါတ်ကြီးလေးပါးနှင့် သိပ္ပံသီအိုရီများ၊ ဂရေဟမ်ဂရင်း၏ မောဆီညာကွိဇုတ်၊ ဂျူး၏ နောက်ဆုံးထုတ်ဝတ္ထု၊ ဒပ်စတင် ဟော့ဖ်မင်း ပါဝင်သော ဗွီဒီယိုဇာတ်ကားအကြောင်း အစရှိသည်တို့နှင့် ဝေးလံ စိမ်းကားလွန်းလှသည့် ပတ်ဝန်းကျင် နယ်မြေ၌ ကျွန်တော်သည် တဖြည်းဖြည်း ပေါသွပ်၍ လာ၏။ ကြာရင် ငါတော့ တုံးသွားတော့မှာပဲ ဟူသော အတွေးဖြင့်လည်း ထိတ်လန့်စပြုလာ၏။

ပါလာသမျှ စာအုပ်များမှာ ပျင်းပျင်းရှိတိုင်း ကောက်လှန်နေသဖြင့် အလွတ်ရခမန်း ဖြစ်နေပြီ။ သတင်းစာကိုပင် ဆယ်ရက်တစ်ခါ စုပြုံဖတ်နေရသော အရပ်၌ စာအုပ်သစ်တစ်အုပ် ရရှိဖတ်ရှုရန်မှာ အိပ်မက်ပင် မမက်နိုင်။ ရေဒီယိုနှင့် အရက်သာမရှိလျှင် ကျွန်တော့် အခြေအနေမှာ တွေးဝံ့စရာပင်မရှိ။

ဤကဲ့သို့ စိတ်ပျက်ငြီးငွေ့ခြင်း၏ လောင်မြိုက်မှုဖြင့် ကျွန်တော့် ရုပ်နာမ်နှစ်ပါး တွန့်လိမ်ကောက်ကွေးစ ပြုလာချိန်တွင် ကျွန်တော် ဆုံးဖြတ်မှုတစ်ခု ပြုခဲ့သည်။ ကျွန်တော် တစ်ခုခု လုပ်ရတော့မည်။ တောင်ပေါ်ဒေသရှိ သိုင်းရွိုက်ရောဂါအကြောင်း စာတမ်းတစ်ခု ရေးမလား။ ဆေးရုံကို သူတို့လာအောင် ပညာပေး စည်းရုံးမလား။ နောက်ဆုံးအချက်ကို ကျွန်တော် ရွေးချယ်လိုက်သည်။

နာဂတောင်တန်းများပေါ်သို့ ရောက်ရှိခဲ့ဖူးသည့် ဆရာဝန်ကြီးတစ်ယောက်အကြောင်း ကျွန်တော် ကြားဖူးထားသည်။ သူ့ဦးခေါင်းကို အာမခံထား၍ လည်ပင်းကြီး ရောဂါသည်များအား ခွဲစိတ်ကုသ ပေးခဲ့လေသတဲ့။ တစ်စုံတစ်ရာ မှားယွင်း ချွတ်ချော်သွားသည်နှင့် မနက်မှာ မျက်နှာသစ်စရာ မရှိဘဲ ဖြစ်သွားနိုင်သည်။ သို့သော် သူ အောင်မြင်ခဲ့၏။ သူ့အကြောင်း ဆေးလောကတွင် ပြောစမှတ် ဖြစ်ခဲ့ကြဖူးသည်။ ကျွန်တော် သူ့လောက် စွန့်စားစရာမလို။ ပါးနပ် လိမ္မာစွာ လှုပ်ရှားဖို့သာ လိုသည်။ ပြီးတော့ ဒီတစ်နည်းသာလျှင် အာဟာရ ချို့တဲ့ပြီး ပိန်ကြုံသော ကျွန်တော့အတ္တကို ထွားကြိုင်းသန်မာလာစေနိုင်မည်။

ဘယ်လို ကြိုးစားလို့မှ မအောင်မြင်လျှင်လည်း ညစဉ် ဦးချပြီး အရက်သောက်နေရုံသာ။ ဘယ်ဘက်က ကြည့်ကြည့် အရှူံးမရှိနိုင်။

***
အပိုင်း (၂) သို့

***

Saturday, May 22, 2010

အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း

ကျောင်းပြီးခါနီး၊ ကျောင်းပြီးကာစ အချိန်တွေမှာ လုပ်ငန်းနဲ့ လုပ်ငန်းခွင်တွေအကြောင်း ဖတ်ဖြစ်လာပါတယ်။

ဖတ်ခဲ့ရတာတွေ တချို့လည်း မေ့ကုန်ပါပြီ။ တချို့သဘောတရားတွေကျ မေ့သွားတယ် ထင်ပေမယ့် တကယ်က မသိစိတ်ထဲမှာ ကျန်ခဲ့ပြီး၊ ဆက် apply လုပ်နေမိတယ်။ တချို့အကြောင်းအရာတွေကျ ဘယ်တော့မှ မမေ့ဘဲ အမြဲသတိရနေတတ်ပေမယ့် တကယ်တမ်းကျ apply လုပ်နိုင်တဲ့ အခြေအနေမှာ ရှိချင်မှ ရှိမယ်။ ရှိလည်း လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။

အမြဲသတိရနေမိတဲ့ အကြောင်းတစ်ခု စိတ်ထဲမှာ ရှိနေတယ်။
အဲဒါဟာ ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရတယ်လို့ ထင်တယ်။ source တွေ သိပ် မမှတ်မိတော့ဘူး။ "အခွင့်အလမ်း" ဂျာနယ် ဖြစ်မယ်။ နောက် 2004 ပတ်ဝန်းကျင် ဖြစ်မယ်။ ရေးသူက ဓန မှာလား၊ မြန်မာ့ဓန မှာလား "စွန့်ဦးတီထွင်" ဆောင်းပါးတွေ ရေးခဲ့တဲ့ ဦးရဲမြင့် (ရဲမြင့် - စွန့်ဦးတီထွင်) ပါ။

လုပ်ငန်းခွင်တွေရဲ့သဘော နဲ့ လုပ်ငန်းခွင်ထဲက လူမှုဆက်ဆံရေးတွေအကြောင်းပါ။
မြန်မာပြည်မှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေ ဟိုကုမ္ပဏီကနေ ဒီကူး၊ ဒီကနေ ဟိုကူး ဖြစ်ကြတာတွေနဲ့ ပတ်သတ်ပါတယ်။

ဘာမှမသိနားမလည်သေးတဲ့ လူငယ်တစ်ယောက်ကို ခန့်လိုက်တယ်၊ ကိုယ့်ကုမ္ပဏီက အချိန်ကုန်ခံပြီး သင်ပေးလိုက်တယ်၊ အဲဒီနောက် တတ်သွားလို့ အားကိုးရမယ်မှ မကြံသေးဘူး၊ ပိုရတဲ့ နောက်အလုပ်တစ်ခုကို ပြောင်းသွားရောဆိုတာကို ဘယ်လုပ်ငန်းရှင်မှ လိုလားမယ်မဟုတ်ဘူး။ (ဒါပေမဲ့ အလုပ်လုပ်တဲ့ လူငယ်တွေ နေရာက ကြည့်တော့လည်း ဒါကို အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။)

ကိုယ် ဘယ်တော့မှ မမေ့တဲ့ အကြောင်းက စာရေးသူ ဦးရဲမြင့် လုပ်ခဲ့တဲ့ ကုမ္ပဏီကလား၊ တခြား ပတ်သတ်ရာ ပတ်သတ်ကြောင်း ကုမ္ပဏီကလား လူကြီးတစ်ယောက် ပြောတဲ့စကားပါ။ သူဟာ သူ့ကုမ္ပဏီက ထွက်သွားတဲ့ လူငယ်တစ်ယောက်ကို တတ်သွားပြီးမှ ထွက်သွားတာကိုပဲ လိုလားပါတယ်တဲ့။

သူ့ကုမ္ပဏီက သင်ပေးလိုက်ရပေမယ့်၊ တတ်သွားပြီး ထွက်သွားတဲ့အခါ ကုမ္ပဏီအတွက် ဆုံးရှုံးတယ်လို့ ထင်ရပေမယ့် အဲဒီလူငယ်ဟာ ဒီအဖွဲ့အစည်းထဲမှာပဲ ဆက်ရှိနေတာဖြစ်လို့၊ ဒါကို အနုတ်လက္ခဏာအဖြစ် သူ မယူဆပါဘူး။ အဖွဲ့အစည်းထဲမှာ တတ်တဲ့လူငယ်တစ်ယောက် ရှိနေတာဟာ အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဖြစ်ပါတယ် တဲ့။ နောက်ဆုံး အဲဒီလူငယ်ကလေး မြန်မာပြည်ထဲမှာ မနေတော့ဘဲ နိုင်ငံခြားထွက်သွားတယ် ဆိုရင်တောင်၊ နိုင်ငံတကာမှာ ကိုယ့်တိုင်းပြည်က ကျွမ်းကျင်တတ်မြောက်တဲ့ လူငယ်တွေရှိတာဟာ လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာပါပဲ တဲ့။


အဲဒါကိုဖတ်ပြီး ကိုယ်ဟာ အဲဒီထဲက အလုပ်ရှင်လို လူမျိုးနဲ့ သိပ်ကို ကြုံချင်ခဲ့တယ်။
ကံကောင်းထောက်မ, တော့ ကြုံရပါတယ်။ နောက်ဆုံးနဲ့ အကြာဆုံးလုပ်ခဲ့တဲ့ မြန်မာပြည်က အလုပ်ဟာ အဲလို လူကြီးမျိုးတွေ ရှိတဲ့ နေရာပါပဲ။ ကိုယ်သိစရာ တတ်စရာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ပုံကိုင်နည်းတွေ အများကြီး သိစေတတ်စေခဲ့တဲ့ နေရာပါ။ သူတို့ပေးသလောက် ကိုယ် မယူနိုင်ခဲ့တာကတော့ တပိုင်းပေါ့။ နောက်ဆုံး ကိုယ် နိုင်ငံခြားထွက်တော့ ကိုယ့်အတွက် လေယာဉ်ခသီးသန့် ပေးလိုက်တဲ့ နေရာလည်းဖြစ်တယ်။

ထားပါတော့... ဒီသဘောထားဟာ ကိုယ့်စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။

ကိုယ် စာဖတ်တာကို ဝါသနာပါတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
တကယ်တော့ လူတွေအကြောင်းကို စိတ်ဝင်စားတာပါ။ အဘယ်သို့သော ကိစ္စကို ဘယ်လိုလူမျိုးတွေ ဘယ်လို ဘယ်ပုံ တုန့်ပြန် စီမံကြသလဲ ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ ဒါကြောင့် ဇာတ်လမ်းအသားပေး ဖွဲ့နွဲ့နေတာတွေထက်၊ စရိုက်သဘာဝကို ပီပြင်အောင် သရုပ်ဖော်တဲ့ စာမျိုးကို ပိုသဘောကျမိတတ်တယ်။ ဒါကြောင့်ပဲ အလုပ် မဝင်ခင်မှာ စီးပွားရေးလုပ်ငန်း သဘောတရား ဘာ ညာတွေထက်၊ လုပ်ငန်းခွင် ဆက်ဆံရေးအကြောင်းတွေ ပိုဖတ်မိခဲ့တာပါပဲ။

ကိုယ်ဟာ ဖတ်ခဲ့တဲ့ စာတွေနဲ့ တွက်ရင် ဒီ့ထက်မက ရင့်ကျက်သင့်ပါတယ်။ ဒါပေမဲ့ စာဖတ်သလောက် ရင့်ကျက်တဲ့သူတော့ ဖြစ်မလာခဲ့ဘူး။ လူချင်းတူရင် ကိုယ့်လောက် စာမဖတ်ခဲ့သူထက် လူ့သဘောတွေကို ကိုယ် ပိုလို့ ရိပ်မိချင် ရိပ်မိမယ်။ ရိပ်မိတဲ့အတိုင်း သည်းမခံနိုင်စရာ ဖြစ်လာတဲ့အခါမှာ ကိုယ့်လောက် မသိတဲ့သူလောက်မှ ခွင့်လွှတ်တတ်ဖို့ မကြိုးစားနိုင် ဖြစ်လေ့ရှိတယ်။ ဒါကလည်း ရှင်းပါတယ်။ သူများစိတ်ကိုသိတာနဲ့ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်တာဟာ ဘာမှမဆိုင်တဲ့ အရည်အချင်းကိုး။

ခုလောလောဆယ်လည်း online ပေါ်မှာ ကြုံလာရတဲ့ ကိစ္စတချို့ ရှိတယ်။
တချို့တွေဟာ တစုံတရာကို ဆန့်ကျင်ဘက်သာ ပြုနေတာ၊ သူတို့ ဆန့်ကျင်ဘက်ပြုနေတဲ့ အရာနဲ့ သူတို့ လုပ်နေတဲ့ လုပ်ရပ်တွေ တထပ်တည်း ဆိုတာကို ကိုယ် အစောကြီးကတည်းက နားလည်တယ်။ ဒီလိုပဲ ရှေ့မှာ ဖြေကြည့်သူများရော၊ ဗေဒင် ယတြာရော ရေးခဲ့တာမှာ ဗမာလို ရှင်းအောင်ရေးတာတောင် ဆိုလိုရင်း မမိတဲ့ လူတွေ ရှိတယ် ဆိုတာ ကြုံပြီးပြီ။

ဒါပေမဲ့ ကိုယ့်ဘာသာ မကြည့်ချင်၊ မမြင်ချင်လို့ မကြာခင် ဖြုတ်ပစ်မယ်လို့ ကြိုကြေညာပြီးမှ ဖြုတ်ပစ်လိုက်တဲ့ post ကို print screen ဖမ်းထားတယ်လို့ ပြောတော့ အဲဒီလို လူမျိုးဆီမှာ ဘာအာဏာမှမရှိဘဲနဲ့တောင် ဒီလောက် ခြိမ်းခြိမ်းခြောက်ခြောက် လုပ်ချင်နေတာ ဆိုတဲ့ point ကို ထောက်ပြချင်မိတယ်။

အဲဒီ blog မှာ တင်ထားတဲ့ ပုံတွေကို ပိုင်ရှင်နဲ့ ညှိပြီးတင်၊ ကိုယ့် blog ကို credit ပေးထားတာကို ဖြုတ်လို့ ရှင်းအောင် ရေးပါရက်နဲ့ အဲဒါ ပုံတွေ မတင်နဲ့ လို့ ပြောတာ၊ သူ့ဓါတ်ပုံလည်း မဟုတ်ဘဲနဲ့ ဆိုပြီး လိုရာအဓိပ္ပါယ်ကောက်တာတွေကို စတင်ကတည်းက အီးမေးလ်ထဲရောက်လာတဲ့ post အဟောင်းကို ပြပြီး တလွဲပြောတဲ့သူ၊ တလွဲတွေးတဲ့သူ တသက်လုံး ကျွန်ခံကြေး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ သတ်သေကြေး လောင်းကြေးထပ်ရဲလား မေးချင်မိတယ်။

ဒီနေရာမှာ လိုအပ်လို့ ကိုယ့်အမြင်ကိုတော့ ပြောချင်သေးတယ်။ comment လာရေးတဲ့ လူကမှ တိုက်ရိုက်ကျလို့ ယောက်ျားပီသသေးတယ်လို့ ပြောနိုင်တယ်။ ကိုယ်မသိဘဲ နောက်ကွယ်မှာ အတင်းပြောတာနဲ့ တူတာကတော့ ယောက်ပြားပီသတယ်လို့ပဲ ပြောလို့ရမယ်။ မမ KOM သာ email နဲ့ အဲဒီ blog က link ကို လာမပြောရင် သိတောင် သိလိုက်မှာ မဟုတ်ဘူး။

တကယ်တော့ ဓါတ်ပုံဖြုတ်လို့ ရေးတာမဟုတ်ဘဲ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဆိုတာနဲ့၊ ပေးထားတဲ့ credit ကို ဖြုတ်ဆိုတာ ဒီလောက် ရှင်းအောင် ရေးထားတဲ့ဟာကို တလွဲဖြစ်အောင် ဖတ်တာ၊ အဓိပ္ပါယ်ဖော်တာ ဘယ်လိုမှ စဉ်းစားလို့ကို မရဘူး။ ဒါ့ထက်မက ဓါတ်ပုံပိုင်ရှင်နဲ့ ညှိရန် ဆိုတဲ့ စာကြောင်းပါ အတိအကျပါသေးတယ်။ ဒေါ်ခင်မျိုးချစ် ပြောသွားတဲ့ ငါတော့ ဉာဏ်ကို မမီဘူး ဆိုတာ ခဏခဏ သတိရတယ်။

ကိုယ့်ဘလော့က ကိုယ်ပိုင်စာ ကိုယ်ပိုင်ပုံတွေကိုတော့ နိုင်ငံရေး အမည်ခံ ဘလော့တွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်လို့ ခွင့်ကို လာမတောင်းနဲ့ လို့ ရေးတာက နောက်ကိစ္စ တပိုင်း။ သင်္ကြန်တုန်းက ရေကစားနေတဲ့ ကောင်လေးနှစ်ယောက်ပုံရဲ့ အောက်မှာ "... ကိုတော့ မကြောက်ဘူး" ဆိုတဲ့ caption နဲ့ တင်လိုက်လို့ ပြဿနာတက်တာ ဘယ်လို ဘလော့ အမျိုးအစားလဲဆိုတာ တွေးကြည့်လိုက်ဦး။ impressive ဖြစ်စရာမဟုတ်လို့ ယူဆရင် ပတ်ကို မပတ်သတ်ချင်ဘူး။ ဒါ ကိုယ့် အခွင့်အရေးပဲ။

ဖြေကြည့်သူများ မှာလား မသိ ဆိုလိုရင်းကို တလွဲကောက်ပြီး ဂဂျိုးဂဂျောင်လာရေးတဲ့ comment တစ်ခုကို လူကသာ ဒီမို ဟိုမို အော်နေတာ ဗမာစာတောင် အမြီးမှန်း ခေါင်းမှန်းမသိမှတော့ ဘာသွားသုံးစားမလဲ လို့ ပြန်ရေးခဲ့ဖူးတယ်။

နောက် ညီလင်းဆက် ရဲ့ fb မှာ ဒီနေ့ပဲ မင်းသမီးနဲ့ သတင်းထောက်ကိစ္စကို "သိန်း ၅၀ လောက် လျော်လိုက်တာနဲ့ အဲဒီ သတင်းထောက်က မမထက် မမထက် ဖြစ်သွားမှာ" ဆိုတဲ့ ယောက်ျားတန်မဲ့ comment လာရေးတဲ့ လူကို သည်းမခံနိုင်ဖြစ်မိတယ်။ နှစ်ယောက်လုံး မှားပြီး၊ နှစ်ယောက်လုံး နစ်နာတဲ့ ကိစ္စမှာတောင် သူတို့မှာ မိန်းမတွေဖြစ်တဲ့အတွက် နောက်ပိုင်း စိတ်အခြေအနေဘယ်လို ရှိမယ် မတွေးတတ်တာကို ဘယ်လို နားလည်ပေးရမှန်း မသိဘူး။

ဒါတွေနဲ့ ကြုံလာပတ်သတ်ရင်း အထက်မှာ ပြောခဲ့တဲ့ အဆိုကို ကိုယ် သတိရမိတယ်။
အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း ကိစ္စ။

ကိုယ့် blog နဲ့ ပတ်သတ်တဲ့ ကိစ္စဟာ ကိုယ့်ကိစ္စဖြစ်လို့ ကိုယ်ဟာ အတ္တနဲ့သာ ယှဉ်စဉ်းစားပါတယ်။
အဲဒါရဲ့ နောက်မှာ ဒေါသ၊ မောဟ၊ မာန်မာနက သေချာပေါက်ပါလာပြီး အဲဒါတွေနဲ့ စဉ်းစားတယ်။

ဒါပေမဲ့ အဲဒါတွေ အားလုံးက ကိုယ့်နိုင်ငံက လူတွေသာ ဖြစ်နေတော့ နိုင်ငံလို့ စဉ်းစားလိုက်တာနဲ့ ဗမာပြည်အဖွဲ့အစည်းအနေနဲ့တော့ အနုတ်လက္ခဏာပဲ လို့ တွေးမိတယ်။

အဲဒီအနုတ်လက္ခဏာ အတွေးက ခေါင်းထဲရောက်လာတဲ့ အခါတိုင်း၊ ကိုယ့် ဒေါသ နေရာမှာ ဘာကိုမှန်းမသိတဲ့ တစုံတခုကို ဆုံးရှုံးလိုက်ရတဲ့ feeling ဝင်ဝင်လာတယ်။

***
စာတွေ များများဖတ်ဖြစ်ခဲ့ပြီး၊ လူ့သဘောတွေ ကြိုပြီးတော့တောင် ရိပ်မိလေ့ရှိတယ်လို့ ကိုယ့်ဘာသာယူဆတဲ့ ကိုယ့်အနေနဲ့လည်း သိနားလည်ပြီးသား သဘောထားတွေကို ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူ၊ အနုတ်တွေကို အပေါင်းဖြစ်လာအောင် မလုပ်နိုင်တဲ့သူသာ ဖြစ်နေလို့ ကိုယ် ကိုယ်တိုင်လည်းပဲ ဗမာစာ နားမလည်ဘဲ ရမ်းသမ်းပြောတတ်တဲ့ လူတွေနဲ့ တန်းတူ ကိုယ့် အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာပါပဲ။

***

'အ' သုံးလုံး (သို့မဟုတ်) ထမီ

တခါတခါကျ နိုင်ငံခြားမှာ လာနေလို့ ဗမာစာကို နားမလည်နိုင်ကြတာလား။
ဗမာပြည်မှာတည်းက ဗမာစာနားလည်နိုင်စွမ်း နည်းနေကြတာလား ဆိုတာ ကိုယ်လည်း ဉာဏ်မမီလို့ မသိဘူး။

ရေ post က ဓါတ်ပုံမှာ ဓါတ်ပုံယူမသုံးနဲ့ လို့ ပြောထားတာလား။ ဓါတ်ပုံဟာ ဒီ blog က မဟုတ်လို့ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိလို့ ပြောထားတာလား ဆိုတာတောင် နားလည်နိုင်စွမ်း မရှိတာ အံ့သြမိတယ်။ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဟူသော စာကြောင်း အတိအကျ ပါသည်။
(ဒီ blog က ကိုယ်ပိုင် ပုံတွေ၊ စာတွေကိုတော့ နိုင်ငံရေးအမည်ခံ blog တွေကို လုံးဝ ယူသုံးခွင့် ပြုမှာမဟုတ်ဘူး။ ယူစရာအကြောင်းလဲ မရှိဘူး။)

အဲဒါကို အတောင် ၃ဝ ဝတ် ယောက်ျားကြီး ဆိုသူများ နှုတ်သီးကောင်းလျှာပါးနဲ့ စာ သေချာမဖတ်ဘဲ ကွန်မန့်လာရေးလိုရေး၊ ဘလော့ပေါ်တင်လိုတင် (အမှန်တော့ အဲဒီဘလော့ သိတောင်မသိဘူး။ ရင်းနှီးနေတဲ့ မမ KOM က email ကနေ link လာပေးလို့ ဖတ်လိုက်ရတယ်)။

စိတ်ဝင်စားလျှင် ဖတ်နိုင်သည်။

ယောက်ျားတန်မဲ့ သူကတော့ cbox တွေ comment တွေ ဖွင့်တယ်လို့ ဂုဏ်လုပ် ပြောလိုပြော။

ဒုက္ခ

ဗမာစာကျေအောင် 'အ' သုံးလုံးသင်တန်းပေးပြီး၊ ထမီဝတ်ထားစေချင်မိတယ်။

***
မှတ်ချက်။ ဒီ blog အား ပြည်ပရောက် နိုင်ငံရေးသမား ဆိုသူ၏ နာမည်နှင့် ပြုလုပ်ထားသော site မှာ credit ပေးခြင်းအတွက်၊ ပြန်ဖြုတ်ခိုင်းသော post တခု တင်ဖူးသည်။ ၄င်း post အား blog တွင် မထားလိုသဖြင့် ဖြုတ်ပစ်ပြီး ဖြစ်သည်။

ထို post ကို ဖြုတ်ပစ်ရကောင်းလား ဟု ရေးလာသော comment တစ်ခုလဲ လာသည်။ တင်ပေးလိုက်သည်။
တစ်နာရီကြာလျှင် ပြန်ဖြုတ်မည်ဟု ကြေညာပြီး တစ်နာရီနောက်ပိုင်း ပြန်ဖြုတ်လိုက်သည်။ ထို comment တွင်လည်း ဓါတ်ပုံကိစ္စ ဘာလို့ တွန့်တိုရသလဲ မေးထားပြန်သည်။ ဖြုတ်ပစ်လိုက်သည့် post ကို print screen ဖမ်းထားသည် ဟုလည်း ခြိမ်းခြောက်လိုက်သေးသည်။

ဓါတ်ပုံကို မသုံးခိုင်းတာ မဟုတ်ဘူး။ ဓါတ်ပုံပိုင်ရှင်နှင့် ညှိလို့ ဗမာလို ရေးထားတာ print screen လုပ်ထားတာရှိရင် ပြန်ဖတ်ဟု ပြောလိုက်သည်။

အမှန်တော့ ထို comment တင်ထားလိုက်လျှင် သူ ဦးနှောက်မရှိတာ၊ လက်ထဲမှာ ဘာလက်နက်မှ ကိုင်မထားနိုင်ဘဲနဲ့တောင် print screen ဖမ်းထားလိုက်နိုင်ရုံလေးနဲ့ ကိုင်ပြီး ခြိမ်း၂ခြောက်၂ လုပ်ချင်တာကို သိသာစေနိုင်သည်။ သို့သော် မြင်ကို မမြင်ချင်သဖြင့် ဖျက်လိုက်သည်။ ဖတ်ချင်သေးလျှင် comment ကနေ ဝင်လာသော email တော့ ရှိ၏။ နာမည်ကတော့ ကျော်ထင် ဆိုလား...

ဒါမျိုး စာမကျေတာ တစ်ယောက်ပဲ ရှိမည်ဟုသာ မှတ်၏။ သို့သော် တစ်ယောက်မက။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ အကျိုးရှိရာ ရှိကြောင်း လုပ်နေကြပါလား။ ဘာလို့ မသိနားမလည်၊ ဉာဏ်နည်းသည်ဟု ကိုယ်သတ်မှတ်ယူဆသော မိန်းမ တစ်ယောက်နှင့် ယှဉ်ပြီး စကားပြောနေချင်သနည်း။ ဒီလို ယောက်ပြားတွေ မြင်ရတာ ဗိုလ်ချုပ် ပြောမသွားလိုက်ရတဲ့ စကားတစ်ခွန်း ကိုယ်က ပြောချင်တယ်။ ယောက်ပြားတွေဟာ ဘာလို့ မဟုတ်တဲ့နေရာမှာ တလွဲဆံပင်ကောင်းနေကြတာလဲ။

(မှတ်ချက်။ တိုတိုညီလင်းဆက်ကိုကျတော့ တအား ချီးကျူးထားတယ်။ သူပြောချင်တဲ့ထဲမှာ တိုတိုညီလင်းဆက်တော့ မပါဘူးပေါ့လေ။ ထည့်မရေးရင် အထင်လွဲသွားမှာ စိုးလို့ ပေါ့လေ။ ပြောချင်တာက တိုတိုမဟုတ်ပါဘူး။ သူ့ဓါတ်ပုံမဟုတ်ဘဲ တွန့်တိုနေတဲ့ မိန်းမတစ်ယောက်ကိုပါပေါ့လေ)

အဲဒါကြောင့် ကိုယ်ကလည်း ခု post ကို သူသိပ်ကြိုက်တဲ့ တိုတို၊ သူသိပ်ချီးကျူးတဲ့ တိုတို ရေးထားဖူးတဲ့ "တခါလေး တင်မိပါတယ်" ဆိုတဲ့ post က စတိုင်လေး အတိုင်း သူအကြိုက်တွေ့အောင် ရေးလိုက်ရပါတယ်။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ ကိုယ်မကျေညက်သည့် အသုံးလုံး ကျေအောင်ကျက်နေပါလား။ ဒါမှမဟုတ် ထမီ ပို့လိုက်ရမလား။ ထိုသို့ အပြောခံရပါက ယောက်ပြားပီပီ မိန်းမလို မိန်းမရ ဆတ်ဆတ်ခါအောင် နာဦးမည်။ ယောက်ျားဖြစ်ပြီး ယောက်ျားပီပီ တည်တည်တံ့တံ့ မနေနိုင်တာ၊ ရေးထားတဲ့စာ အဓိပ္ပါယ်ပေါက်အောင် မဖတ်နိုင်တာ၊ ကိုယ့်ကိစ္စ ကိုယ်မလုပ်တာကျ မြင်မည်မဟုတ်။

***
ဒီ post အားလည်း ကြာကြာမမြင်ချင်လို့ သိပ်မကြာခင် ဖျက်မည်။ အချိန်တော့ သိပ်မသေချာ။ Print Screen ဖမ်းထားလိုသူများ မဖျက်ခင် ဖမ်းထားကြရန် သတိပေးလိုသည်။

အော် ဟိုရက်က ဖြုတ်ပစ်လိုက်သော post ကို Print Screen မဖမ်းလိုက်ရသေးသော ပြည်ပရောက် နိုင်ငံရေးသမားဆိုသူများ၊ နိုင်ငံရေးသမားဟု အတိအလင်း အမည်မခံသော်လည်း၊ နိုင်ငံရေးလိုလို ဘာလိုလို ဟိုလိုလို ဒီလိုလို ဖြစ်နေသူများ လိုချင်ပါက email address ကို comment တွင် ရေးခဲ့ပြီး တောင်းပါ။

***
မဖျက်ခင်မှာ အောက်က label ဘယ်လို တပ်ထားသလဲဆိုတာပါ မြင်အောင် ကြည့်သွားပါရန်။

Update:
Gay လို့ တပ်ထားကို ဖျက်ပစ်လိုက်ပြီ။ Gay တွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို စော်ကားသလို ဖြစ်မှာစိုးလို့။

***

Friday, May 21, 2010

ပျော်သလိုနဲ့ ငိုချင်တယ်

ပျော်သလိုနဲ့ ငိုချင်တယ် (တေးရေး - မင်းချစ်သူ/ တေးဆို - ခိုင်ဆုဝေ)

လမ်းခွဲခဲ့ တို့တွေဟာ
ကံစီမံခြင်း အစမှာ
ဝေဒနာတွေကို ရင်မှာသိမ်းရင်း
နှုတ်ဆက်ခဲ့ လက်တွေဟာ
ချည်နှောင်ခဲ့သော ကြိုးကို
ပြေလည်အောင် မဖြေနိုင်တော့
ဝေဒနာတွေ ကျန်နေပေါ့
ပြန်လည်ကာ ဆုံ တွေ့ ကြ တော့ လေ

CHO:
* (ဝမ်းနည်း ဝမ်းလည်းသာ
တွေ့လိုက်တဲ့ အခိုက်အတန့် ခဏမှာ
ဆို့နင့်တဲ့ နှုတ်ခမ်းလေးများ ဘာမှ မပြောနိုင်

ဝမ်းနည်း ဝမ်းလည်းသာ
အတိတ်က သမုဒယလက်ကျန်
အဟောင်းများ အသစ်မဖြစ်ဖို့ရန်
ချုပ်ထိန်းရင်းနဲ့
ပျော်သလိုနဲ့ ငိုချင်တယ်)

ဟိုးတုန်းကလို ဆက်ဆံရန်
အခြေအနေတွေ မပေးမှန်းကို
သေချာတောင် ရင်တွေကခုန်
အခုတော့ ဘဝတွေ ခြားကုန်ပြီ
ဒါ အမှန်တရားပဲနော်
ကြင်နာတာ ယုံလိုက်တုန်း
ရင်ခုန်တာဟာ ဒါ နောက်ဆုံး
ကျီစယ်သူ ကံတရားကြောင့် ကိုယ်လေ... *()

မျက်လှည့်ပြတာမျိုးတွေလို
မယုံနိုင်တဲ့ အပြောင်းအလဲကို
မရေရာ မမျှော်လင့်လို့
အဆုံးသတ်တော့ အဖြစ်မှန်အတိုင်း
မလွန်ဆန်နိုင်ကြတော့နော်
ရာဇဝင်အိုကို အသက်သွင်း
ပြန်ဆုံတာဟာ နာကျင်ခြင်း
ဝေဒနာတွေ တရေးနိုးပြီလေ... *()

***
ကျောင်းပြီးကာစမှာ နားထောင်ဖြစ်တာတွေထဲက တစ်ပုဒ်။
အဆိုရှင်က Sony သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဆုရတဲ့သူလို့ ပြောပါတယ်။ ကိုယ်တော့ သေချာမသိပါ။ you tube မှာ ရှာပေမယ့်လည်း မတွေ့ဘူး။ မကြာခင် မေ့သွားတော့မှာမို့လို့ ချရေးထားလိုက်တယ်။ စာသားတွေ နည်းနည်းတော့ အတိမ်းအစောင်း ရှိနိုင်ပါတယ်။

မင်းချစ်သူ စာသားလေးတွေ အတော်ကောင်းတယ်။
ဂျူး ရဲ့ ဝတ္ထုတိုတစ်ပုဒ်မှာလည်း ဖတ်ခဲ့ဖူးတယ်။ "ကိုယ့်ကို အလွယ်တကူ ချည်နှောင်နိုင်မယ့် ဘယ်ကြိုးတစ်ချောင်းကိုမှ အနီးနားမှာ မရှိစေနဲ့" တဲ့။

နားထောင်ကာစကဆို အတော် ဆွေးတာ။
(မှတ်ချက်။ ဘာတခုမှ မတိုက်ဆိုင်ပါ)

***

Wednesday, May 19, 2010

ကမ္မဖလ နဲ့ မတရားမှု

zizawa blog မှာ ရေးဖြစ်တဲ့ comment ပါ။ မတရားမှု နဲ့ ပတ်သတ်တဲ့ post series တွေကို ခုရက်ပိုင်း အဲဒီမှာ ဖတ်နေဖြစ်ပါတယ်။ မတရားမှုကို ဘာကြောင့် မလုပ်သင့်တာလဲ ဆိုတဲ့ post ကို ဖတ်ပြီးတော့ ကိုယ့်ခေါင်းထဲကို ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်းပဲ တန်းဝင်လာပါတယ်။

* တင့်တယ် ရဲ့ ကမ္မဖလ
* Cronin ရဲ့ The Stars Look Down

ပြီးတော့ ဒီ post ကို blog ပေါ် မရွှေ့ခင် သတိရမိတဲ့
* Leo Tolstoy ရဲ့ God Sees the Truth, but Waits (ဒါကိုတော့ ပြန်ရေးထားတဲ့ short stories စာအုပ်ဖတ်တာပါ)

ဒါနဲ့ပဲ အဲဒီ comment ကို blog ပေါ် ပြန်ရွှေ့ဖို့ စိတ်ကူးမိတယ်။ မူရင်း post ကိုပဲ အဓိကထား မှတ်ချက်ရေးခဲ့တာမို့ စာအုပ်အကြောင်း review နဲ့တော့ သိပ်တူမယ် မထင်ဘူး။ ကိုလူထွေးရဲ့ အကြံပေးချက်အရရော၊ လိုအပ်မယ်ထင်လို့ရော ဇာတ်လမ်းအကျဉ်းချုပ်ကိုတော့ နည်းနည်း ရေးပါမယ်။

ကမ္မဖလ
လူတစ်ယောက်က ရန်ငြိုးကြောင့် အရွယ်စုံ လူ (၇) ယောက်တိတိကို ပိပိရိရိ ကြံစည်ပြီး သတ်နိုင်ခဲ့တယ်။ ဘယ်လောက်တောင် ပိရိသလဲဆိုရင် သူကိုယ်တိုင်ကမှ ဖြောင့်ချက်မပေးရင် ဘယ်လိုမှ မရိပ်မိနိုင် မပေါ်နိုင်ဘူး။ နောက်တော့ လုံးဝ မကျူးလွန်တဲ့ လူသတ်မှုနဲ့ သူ ကြိုးမိန့်ကျတယ်။ အဲဒီအမှုကိုကျတော့ သူ လုံးဝ မကျူးလွန်ပေမယ့် ဘယ်လိုမှ ပြေးမလွတ်အောင်ကို ကန်ရာရှိခဲ့တယ်။ သက်သေ သက္ကာယ အားလုံးက ဒီလူသတ်မှုကို သူကျူးလွန်ကြောင်း ထောက်ပံ့အားပေးနေသလို ဖြစ်နေတယ်။ သူဘယ်လိုမှ မလွတ်နိုင်တော့ဘူး။

နောက်တော့ သူ စွပ်စွဲခံရတဲ့ အမှုကို တကယ်ကျူးလွန်ခဲ့တဲ့ တရားခံက ဖြောင့်ချက်ပေးလိုက်လို့ ကြိုးစင်တက်ရတော့မယ့်ဆဲဆဲမှာ သူ လွတ်သွားတယ်။ ဒါပေမဲ့ သူတကယ် ကျူးလွန်ခဲ့တဲ့ လူ (၇) ယောက်ကို သတ်မှုက ပေါ်လာပြီး အဲဒီညနေမှာပဲ သူ ပြန် ကြိုးပေးခံရတယ်။

ဒီစာအုပ်ကို နောက်ဆုံးနှစ်မှာ ကျောင်းစာကြည့်တိုက်ကပဲ ငှားဖတ်ခဲ့တယ်။

The Stars Look Down
ဒါကိုတော့ အကျဉ်းပြောဖို့ ခက်တယ်။ ဘာလို့ဆို ကမ္မဖလလို ဇာတ်လမ်းဆင်ထားတာ မရှိဘဲ၊ စရိုက်သဘာဝတွေကိုသာ အထူးပြု သရုပ်ဖော်ထားတာ ဖြစ်လို့ပါ။ ဇာတ်လမ်းအသားပေးတဲ့ ဝတ္ထု မဟုတ်ဘူး။ ကျောင်းပြီးလို့ ၂ နှစ်လောက်ရှိမှ ဖတ်ခဲ့ရတယ်ထင်တယ်။ အဲဒီအချိန်မှာ ဖတ်ခဲ့ရတဲ့ စာအုပ်တွေဆို သိပ်မမှတ်မိတော့ဘူး။ နောက် ကိုယ်တိုင်ကလည်း သေးသည့်အမှုသာ ကြီးအောင် လုပ်နိုင်တာ၊ ကြီးသည့်အမှု သေးအောင် မလုပ်တတ် ဖြစ်နေတယ်။ အကျဉ်းရေးဖို့ ခက်ပါတယ်။

အင်္ဂလန်နိုင်ငံက ကျောက်မီးသွေးတွင်းတူး အလုပ်သမားလူတန်းစားတွေ၊ ပိုင်ရှင်လူတန်းစားတွေ အဲဒီခေတ်အခါက လူတန်းစားအမျိုးမျိုးရဲ့ အခြေအနေ စရိုက်သဘာဝတွေကို အပီပြင်ဆုံး ရေးပြထားတယ်။ တကယ်တော့ Cronin ရေးသမျှစာတွေမှာ မပီပြင်ဘူး ဆိုတာ မရှိပါဘူး။ ထူးခြားတာက ကမ္မဖလ မှာလို စာရေးသူက ဇာတ်လမ်းထဲကို ဝင်မပါခဲ့ဘူး။

ဒီဝတ္ထုရဲ့ ဇာတ်သိမ်းမှာ လူရှုပ်လူပွေ အမှိုက်တစ်ကောင်က ခေတ်ပျက်သူဌေးဖြစ်၊ ကျောက်မီးသွေးတွင်း ပိုင်ရှင် ဖြစ်လာပြီး၊ ကျောက်မီးသွေးတွင်း အလုပ်သမားရဲ့သားကနေ အမတ်ဖြစ်ခဲ့တဲ့သူ နဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင်ဟောင်းရဲ့ သားက ကျောက်မီးသွေးတွင်းတူး အလုပ်သမားတွေအဖြစ်နဲ့ ကျောက်မီးသွင်းတွင်းဆီ ဆင်းသွားကြတာနဲ့ သိမ်းထားတယ်။ ဒီလို တစ်ကြောင်းထဲ ရေးလိုက်တော့ အနိမ့်အမြင့် အတက်အကျက သိပ်ကို သိသာလွန်းတယ် ထင်ရပေမယ့်၊ တကယ့် စာအုပ်ထဲမှာကျတော့ ဖြစ်ပျက်ပြောင်းလဲမှုတွေက သိပ်ကို ယုတ္တိတန်တယ်။ ခေတ်အခြေအနေ၊ စရိုက်သဘာဝတွေနဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပေးထားတာမှာ စာရေးဆရာကို လုံးဝ မမြင်ခဲ့ရဘူး။ ဇာတ်လမ်းတစ်ခုလုံးမှာ စောဒကတက်စရာ မရှိအောင်ကို သူ့သဘောသူဆောင်သွားကြတယ်။

God Sees the Truth, but Waits
ကမ္မဖလ နဲ့ ခပ်ဆင်ဆင်ပါပဲ။ လူသတ်မှုနဲ့ မှားယွင်းထောင်ကျခဲ့တဲ့ လူတစ်ယောက်အကြောင်း။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် အမှုမှန်ပေါ်လို့ သူ့ကို ထောင်ကလွှတ်တဲ့စာ ထုတ်ပြန်တဲ့နေ့မှာပဲ သူ ဆုံးသွားတယ်။

***
Comment

RITA // 18/05/2010 at 03:18
(ရုပ်ရှင်တွေထဲမှာဆိုလည်း မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတဲ့ ရုပ်ရှင်တွေ မရှိသလောက် ရှားတယ်။ zizawa)

ရုပ်ရှင်တွေနဲ့ နည်းနည်း အလှမ်းဝေးပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဝတ္ထုတွေမှာကျ မတရားမှုက အသာရပြီး ဇာတ်သိမ်းသွားတာ အတော်များများ ရှိတယ်။ ဒီ post ဖတ်ပြီး သတိရလိုက်မိတဲ့ ဝတ္ထုက AJ Cronin ရဲ့ The Stars Look Down.

ပြီးတော့ ဆက်ပြီး သတိရမိတာ တင့်တယ် “ကမ္မဖလ”။ နှစ်ခုလုံးကို အသက် 22/3 ပတ်ဝန်းကျင်ကျမှ ဖတ်ခဲ့ရတယ်။ တင့်တယ် စာအုပ်ကို အလယ်တန်းလောက်က စ ကြားဖူးပေမယ့် တကယ် ဖတ်ဖြစ်တော့ ကျောင်းပြီးခါနီးနေပါပြီ။

ဇာတ်ကြောင်း နှစ်ခုလုံးရဲ့ ဇာတ်သိမ်းကတော့ ဆန့်ကျင်ဘက်ပဲ။ တင့်တယ် မှာက ဇာတ်ကောင်ဟာ သူပြုသမျှ ကံ ကို သူ ပြန်ခံသွားရတယ်။ Cronin မှာက ပြောင်းပြန်။ နောက်ဆုံးဇာတ်သိမ်းမှာ ဇောက်ထိုးမိုးမျှော်ပဲ။

ဝန်ခံရရင် ကမ္မဖလ ကို ဖတ်ရတာဟာ Stars look down ကို ဖတ်ရတာထက် အားရကျေနပ်ဖြစ်မိတယ်လို့ ပြောလို့မရဘူး။

ကမ္မဖလ မှာ စာရေးသူက ဝင်ပါထားတာကို သိသိသာသာ မြင်နေရပြီး၊ Stars မှာက စာရေးသူကို လုံးဝမှ မမြင်မိအောင် ဖြစ်ရတယ်။

ကမ္မဖလ မှာ စာရေးသူရဲ့ ရည်ရွယ်ချက်ကို မကောင်းဘူးလို့ မပြောနိုင်ပေမဲ့ (တကယ်က ကောင်းပါတယ်) သူပေးချင်တဲ့ msg က တကယ့်လက်တွေ့ဘဝမှာ မြင်တွေ့နေရတာတွေနဲ့ အမြဲ မကိုက်ညီနိုင်ဘူး။ အဲဒီအခါ ဇာတ်လမ်းက သူဆင်ထားသလို ဖြစ်နေတယ်။ ဒါကို ဖတ်ပြီး ကျေနပ်တယ် ဆိုရင် ဖြေတွေးသလို၊ နှစ်သိမ့်သလိုပဲ ဖြစ်နေမှာပဲ။ (တရားကို နတ်စောင့်တယ် ဆိုတာ မတရားမှုက တရားမှုကို အနိုင်ရမှာကို မဖြစ်စေချင်လို့ ပေါ်လာတဲ့ စကားလို့ ထင်တယ်) ဆိုတာမျိုးလို။

နောက် ကမ္မဖလ ကို ဝေဖန်ရတာ နဲနဲတော့ ကျောချမ်းတယ်။ (Update: Air Con က နောက်ကျော တည့်တည့်မှာ မို့လို့) ဘယ် ဘုရားမှ အကျိုးဝိပါက်(ကမ္မဖလ) တိုင်းဟာ မျက်မှောက်ဘဝမှာတင် အထင်အရှား ဖြစ်လိမ့်မယ်၊ မြင်တွေ့ရမယ် မဟောဘူး။ အဲဒီ ကမ္မဖလ ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ အဖြစ်အပျက်ဟာ ချွင်းချက် အဖြစ်မျိုးသာ ဖြစ်နိုင်တယ်။

“နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးပမာ” ဆိုတာဟာ တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်နဲ့ ဖတ်တော့… Cronin ရဲ့ စာအုပ်ကမှ တကယ့် လောကကို ထင်ဟပ်နိုင်တယ် လို့ ဘဝင်ကျမိတယ်။

အဲဒီတော့ (တရားမှုဟာ ကိုယ့်ဘက်မှာ လောလောဆယ် ရှိချင်မှ ရှိမယ်၊ ဘယ်တော့မှ မရှိဘဲ နေသွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒိအတွက် ကိုယ်ဟာ တရားမှုပေါ်မှာ ကောင်းမှုပေါ်မှာ သစ္စာမဖောက်သင့်ဘူး။) ဆိုတဲ့ အဆိုကိုပါ အင်မတန် ဘဝင်ကျစွာ လက်ခံပါတယ်။

ဒါပေမဲ့ ခုပြောသွားတဲ့ထဲမှာ “တစ်ဘဝထဲ ဖြတ်တွေးဆုံးဖြတ်လိုက်လို့ မရဘူး လို့ ခံယူတဲ့ စိတ်” ဆိုတာပါနေတော့ ကိုယ်လုပ်မိတဲ့ မတရားမှု(မကောင်းမှု) က တချိန်ချိန်၊ (သံသရာ) တကွေ့ကွေ့မှာ လိုက်လာဦးမှာ ဆိုတဲ့ ကိုးကွယ်ရာ ဘာသာတရားကပေးတဲ့ အသိကြီးတော့ ပါနေတယ်။ ဆိတ်ကွယ်ရာမရှိဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဆင်နေတယ်။

(မတရားမှုဖြစ်နေတဲ့ အတွက်ကို မလုပ်သင့်တာ)
(အကြောင်းပြချက် ပေးစရာမလိုတဲ့ မေးခွန်းတခု)

အင်မတန် စိတ်ဝင်စားမိပါတယ်။ ဒီခေါင်းစဉ်တွေကို။

***
တိုက်ရိုက်မဆိုင်တာတွေ ဝင်ပြောသလိုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီ post ဖတ်ပြီးပြီးချင်း ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေ ချရေးလိုက်မိတာ။ တင့်တယ် ရဲ့ ကမ္မဖလ ebook ရှိမလား ရှာကြည့်ပေမယ့် မတွေ့မိဘူး။ အောက်က လင့်ခ် မှာတော့ ဇာတ်လမ်းအကျဉ်း ရှိပါတယ်။ မဖတ်ရသေးတဲ့ စိတ်ဝင်စားတဲ့သူတွေအတွက်။

http://friendyay.multiply.com/journal/item/73

***
ဒါကတော့ အထက်က comment ကို စာရေးသူ ပြန်ထားတဲ့ comment ကို reply ထပ်လုပ်ထားတာပါ။

RITA // 18/05/2010 at 06:14
ဘာသာတရားက လူကို ပြုပြင်ခဲ့သလား၊ လူက ဘာသာတရားကို ပြုပြင်ခဲ့သလား ဆိုတာပါ စဉ်းစားမိသွားပြီ။

***

Saturday, May 15, 2010

ရေ

ဒီလို ဘယ်သူ ဖြစ်ချင်ပါ့မလဲ
Today at 12:16am

ရေဆိုတာ လွယ်လွယ်ရရင် တန်ဖိုးမထားကြသလို လိုအပ်လာရင်လည်း ဘယ်လောက် ဒုက္ခရောက်ရလည်းဆိုတာ အားလုံး နားလည်သိရှိပြီးသားဖြစ်ကြမှာပါ။ သောက်ရေ တစ်ရက်မသောက်ရရင် ဘယ်သူမှ မနေနိုင်ပါဘူး။ ဒါပေမဲ့ ခုတော့ အဲ့လိုဖြစ်နေပြီ။ ရာသီဥတုကြီးက အရမ်းပူနေတဲ့အချိန်မှာ ကန်ရေတွေ တွင်းရေတွေ သိုလှောင်ရေကန်တွေဟာ ရာသီဥတု အပူဒဏ်ကြောင့် ရေတစ်ပေါက်တောင် မရှိတော့ဘဲ ကျေးရွာနေ မိသားစုဝင်များ ခုလို ဒုက္ခရောက်နေရခြင်းကို အားလုံး ကျွန်တော်တို့တွေနဲ့အတူ လှူဒါန်းမှုများ ပြုလုပ်နိုင်အောင် ခုလို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

သူငယ်ချင်း ညီအစ်ကိုမောင်နှမများအနေနဲ့ တတ်နိုင်မယ်ဆိုရင် ရေမရောက်ရှိသေးသော ကျေးရွာများကို စုံစမ်းပြီး လှူဒါန်းစေချင်ပါတယ်။ နေရာတိုင်း ရေလိုနေတဲ့ ပုံစံမျိုး ခုချိန်မှာ ဖြစ်ပေါ်နေသောကြောင့် မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်တဲ့နေရာတွေကို စုံစမ်းပြီး တစ်တပ်တစ်အား ဝိုင်းဝန်း ကူညီပေးနိုင်တဲ့ အကျိုးရှိတဲ့ လူတွေ ဖြစ်ကြပါစေလို့ ရေငတ်မွတ်မှု ဒုက္ခ ခံစားနေရတဲ့ ဒေသခံတွေအားလုံးရဲ့ကိုယ်စား ဆုတောင်းပေးလျက်။

(ရေဘယ်လောက်တောင် ငတ်မွတ်နေလဲဆိုတာ ဒီပုံလေးကိုကြည့်ရင် နားလည်သွားမှာပါ ရေစည်ပေါက်နေတဲ့ အောက်ကနေ ရေစက်လေး တွေကို လာသောက်နေတဲ့ ကလေးတွေရဲ့ ဘဝဟာလည်း တော်တော် ခံစားရခက်ပါတယ်။)

(အသက်အရွယ်နဲ့ မလိုက်အောင် ရေလိုချင်လွန်းလို့ သူ့မှာ ကြိုးစားရှာရတယ်။ သူနိုင်မယ်ထင်လား။ နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူ ရေတပုံး သယ်သွားရင် သူ့မိဘတွေ နဲ့ သူ့မိသားစု သောက်ဖို့ရေ ရပြီလေ။ အဲဒါကြောင့် သူကြိုးစားရှာတယ်။

ရေသယ်ဖို့ ပြေးလာတဲ့ ရေဒုက္ခရောက်နေတဲ့ ကလေးတွေရော လူကြီးတွေရောရဲ့ ခြေလှမ်းတွေကိုကြည့်ရင် သူတို့ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာကို သိနိုင်ပါတယ်။)

(နေရတဲ့အိမ်နဲ့ ရေလှူတာနဲ့ ဘယ်လောက်ပဲ ဝေးနေပါစေ သူတို့ ရအောင်လာယူကြတယ် ဘာလို့လဲဆိုတော့ သူတို့ ရေမရှိရတဲ့ဘဝမှာ ဘယ်လိုနေမကြမလဲ ထမင်းမစားဘဲ နေနိုင်တယ်။ ဒါပေမဲ့ ရေမသောက်ဘဲ မနေနိုင်ဘူးလေ။)

(ကျွန်တော်တို့တွေ ရန်ကုန်မှာ ဒီလိုထမ်းစရာ မလိုဘူးနော်။ ဒါပေမဲ့ သူတို့အရွယ်လေးတွေနဲ့ ရန်ကုန်က ကလေးတွေ အဲ့လိုအချိန် Game ဆော့နေကြမှာ။ သူတို့မှာတော့ မနိုင်ဝန် ထမ်းနေရတယ်။)

(ရေလှူကားတွေ တွေ့ပြီဆိုတာနဲ့ ခုလိုပဲ အုံးအုံးကြွက်ကြွက် ဝင်နေရာယူ တန်းစီကြတာလည်း ဝမ်းနည်းစရာပါ။)

(နေတွေ အရမ်းပူနေတဲ့ ကွင်းပြင်ကြီးမှာ တန်းစီနေရတာလည်း မသက်သာ။)

(ရေလှူကား ရေကုန်လို့ ပြန်သွားတဲ့အခါ ခုလို ရေမရဘဲ ကျန်ခဲ့တာတွေကို ကြည့်ရင်း စိတ်မကောင်းဖြစ်မိပြန်ပါတယ်။)

(အလုံအလောက်ပေးချင်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ အရမ်းများတယ်။)


(ရေလှူကားတွေ မသွားနိုင်ကြတာလည်း မပြောနဲ့လေ။ ခရီးက အဝေးကြီး။ ဒါပေမဲ့ ရအောင်တော့ လှူဖြစ်ခဲ့တယ်။)

***
သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန် ***
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 50 43302

***
http://www.facebook.com/note.php?note_id=122588104432268&id=1421180538#! မှ ကိုရဲဟိန်း ခွင့်ပြုချက်ဖြင့် တိုက်ရိုက်ကူးယူ ဖော်ပြပါသည်။

link
စတင် share ပေးခဲ့တဲ့ July Dream အားလည်း ကျေးဇူးတင်ပါတယ်။

***
Update : (16th May '09 2:00 PM)

Just came back from Pyay!
The whole day 15 hrs driving :(
I've seen there were just few villages suffered for water. Most of the places still okie.
You cant help them all, (in the long run) it's not match with donation programme.
It shows that we need to care much on global warming.
Donation is not good for people everytime when they get troubles, it can make them to rely on others. (Just my thoughts)
So tired, i need to take rest.
Some expert say that rain can come only after July.

(email from one of my friends from Myanmar)

***

Wednesday, May 12, 2010

စာရေးဖော် သူငယ်ချင်း

2008 ခုနှစ် ကုန်ခါနီး လောက်မှာ သူ့ကို စ သတိထားခဲ့မိသည် ထင်ပါသည်။

အဲဒီတုန်းက blog တွေ စဖတ်ချိန်။ သိပ်အများကြီးလည်း မဖတ်မိသေး။ ဖတ်မိသမျှကိုလည်း မှန်မှန် မရောက်ဖြစ်သေး။ သို့သော် ဖတ်ခဲ့မိသမျှ နေရာတွေမှာ သူ့နာမည်နဲ့ comment တချို့ကို တွေ့ရသည်။ မှတ်မိလွယ်တဲ့ နာမည်မျိုးနဲ့။ ဘာဖြစ်လို့မှန်း မသိ pen name ကို ကြည့်ပြီး သူ့ blog ကို နိုင်ငံရေး blog လို့ (မဆီမဆိုင်) ထင်သွားသေး၏။ နာမည်ရင်းမဟုတ်မှန်း သိသာစေတဲ့ pen name နဲ့ တက်ခဲ့တဲ့ ကျောင်းနာမည်ကို ထည့်ထားခြင်းက ထင်သွားစေခဲ့တာလည်း ဖြစ်နိုင်သည်။ ကိုယ်တိုင်က အာရုံအမှားတွေ ရတတ်တာကြောင့်လည်း ဖြစ်နိုင်သည်။

နောက်တော့ သူ့စာတွေ ဖတ်ဖြစ်ပါသည်။
သိုင်းဝိုင်းဖွင့်ဆိုလေ့ရှိသော စာများ။ ကြိုက်တာလည်းရှိ၊ မကြိုက်တာလည်းရှိ။ ဒါပေမဲ့ အမြဲတော့ ဖတ်ဖြစ်ခဲ့သည်။ ကိုယ်တွေလို ပြောရိုးပြောစဉ်ပုံစံနဲ့ ရေးလေ့မရှိ။ ဘယ်တော့မဆို မဂ္ဂဇင်းတစ်စောင်စောင်ကို ပို့တော့မည့်ဟန်ဖြင့် ရေးသည် ထင်မိသည်။ သူရေးသော အကြောင်းအရာ၊ စကားလုံးတို့ထက် သူရပ်တည်သည့် ရှုထောင့်ကို ကိုယ် ပိုနှစ်သက်ပါသည်။

သူ့အဇ္ဈတ္တကို သူ့စာတွေထဲမှာ ရိုးရှင်းစွာပင် မြင်နိုင်သည်။ သူရေးသောစာတွေ ဘယ်လိုပင် သွယ်ဝိုက်လည်း သူ့မှာ မာယာ ပရိယာယ်ရှိသည့် အငွေ့အသက်ကို မခံစားရ။ သူ့ ကွေ့ဝိုက်ခြင်းသည် သူညွှန်းဆိုရာ အရာတစ်ခုကို တိုက်ရိုက်ထိမှန်သွားမည် စိုးသော ညှာတာချင်သည့် အတွင်းစိတ်ကြောင့်ဟု ကိုယ်ကတော့ ယုံမှတ်၏။ မစားဘဲရှောင်သော အစားအသောက်တစ်ခုခု၏ အနံ့အသက်ကို ရလျှင် ချက်ချင်းပင် ရိပ်မိသကဲ့သို့၊ ကိုယ့်မှာ မရှိသော အရည်အသွေးတစ်ခု သူ့ဆီမှာ ရှိတာကို စာဖတ်ရင်းက အကဲဖမ်းမိခဲ့ပါသည်။

မနှစ်ဆီက သူရေးသော ပို့စ်တစ်ခုကို ကိုယ် ပြန်လှန်ချေပ ရေးခဲ့ဖူးသည်။
ရန်တွေ့ဟန်ပါသည်ဟု ပြောနိုင်သော်လည်း တကယ်တော့ စကားနိုင်လုခြင်းသာ ဖြစ်ပါသည်။ (သူရေးသော ပို့စ်ကို အစာမကြေသည့်၊ သူနဲ့ရော ကိုယ်နဲ့ပါ သိသည့် စီနီယာ အစ်မတစ်ယောက်က ကိုယ်ပြန်ရေးသော ပို့စ်က အားပျော့သည် ဆိုသည်။ ကိုယ်က အဲဒါ တကယ် ရန်တွေ့ချင်လို့ မဟုတ်ပါဘူး လို့ ပြန်ပြောရသည်) ဒါကို သူလည်း နားလည်သည်ဟု တထစ်ချ ယုံကြည်သည်။

အဲဒီ ပို့စ်နောက်ပိုင်း သူနဲ့ကိုယ် gtalk မှာ တခါတရံ စကားပြောဖြစ်ခဲ့ပါသည်။ အဲဒီအခါတိုင်း ကိုယ် သူ့ကို ရည်ရွယ်ရေးသော ပို့စ်နှင့်ပတ်သတ်လို့ စိတ်ဆိုးဟန် မရှိပါ။ ကိုယ်ကမှ စကားစပ်လို့ ပြောဖြစ်သေး၏။ အဲဒီပို့စ်ရေးတုန်းက ပရိယာယ် မသုံးဘူး (ဟန်ဆောင်စေချင်သည့်သဘော မဟုတ်ပါ။ ရိုးရိုးစင်းစင်းပြတာထက်၊ ခပ်ပါးပါးတင်ပြတတ်ဖို့ ဆရာလုပ်ခြင်းမျှသာ)၊ ကိုယ်ရေးတဲ့စာကို မကာကွယ်တတ်ဘူး စသဖြင့်... ကိုယ်ပြောတော့ သူက ပြန်ပြောသည်။ ကိုယ့်ဘာသာကိုယ်တောင် မကာကွယ်တတ်ဘူး။ ရေးတဲ့စာဆို ပြောမနေနဲ့တော့ တဲ့။

ကိုယ့်အနေနဲ့တော့ သူရေးတဲ့ အဲဒီ ပို့စ် အတွက် မကျေမနပ်ဖြစ်လှတယ် မရှိပါ။ အကျင့်ပါနေသော စိတ်ဖြင့် ပြန်ကလိခြင်းမျှသာ။ မကျေမနပ်ဖြစ်တယ် ဆိုရင်တောင် သူ့ကိုဝေဖန်ကြသော အမျိုးသမီးအများစုကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ comment page ပိတ်ပစ်ပြီး နှုတ်ဆိတ်သွားခြင်းအတွက်သာ ဖြစ်မည်။ လုပ်ရပ်တစ်ခုကို လူနှစ်ယောက် အတူတူလုပ်သည့်တိုင်အောင် သက်ရောက်မှု ကွဲပြားမည် ထင်သည်။ ဥပမာ ကိုယ်လိုလူမျိုးက ထိုသို့ လုပ်ပါက ငါတကော ကောတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ လုပ်တော့ ဆိတ်ဆိတ်နေချင်လို့ လို့ ကိုယ် ကိုယ်တိုင်က မှတ်ယူမိသည်။

သူ့စာတွေမှာ ဒေါသသံကို မတွေ့ဖူးပါ။ သူ စိတ်ပျက်တာတွေ့လျှင် ခပ်ညည်းညည်း ပြောမည်။ သူ့ကိုယ်သူ အမှတ်မရှိသူဟု ခပ်ပါးပါး ပြောမည်။ သူက ရန်လိုမည့်အစား ဥပေက္ခာပြုမည့်သူသာ ဖြစ်၏။ သူ ဖြောင့်မတ်ကြောင်းကို သူ့စာတွေက တဆင့် ကိုယ် သိပါသည်။

စာဖတ်လျှင် စာရေးသူကို သိသည် ဟု ကိုယ်ပြောတော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတစ်ယောက်က အမှန်အတိုင်း မသိနိုင်ဘူး ဟု ငြင်းဖူး၏။ စာရေးတဲ့လူတွေဟာ သူတို့ ဖြစ်နေတာထက် သူတို့ ဖြစ်ချင်တဲ့ပုံစံ၊ လိုချင်တဲ့ပုံစံကိုသာ စံပြုရေးသည်ဟု သူ ပြောခဲ့သည်။ မင်းသိင်္ခ ရေးတာတွေ ဖတ်ပြီး သူ့ကို လူထူးဆန်းကြီး၊ လူစွန့်စားကြီးလို့ ထင်သလား ဟု သူငယ်ချင်းက ကိုယ့်ကို မေးခဲ့ဖူးသည်။ အဲဒီလို မဟုတ်ဘူး ဟုသာ ကိုယ် ပြန်ဖြေခဲ့သည်။ သူငယ်ချင်းကို သေချာ ရှင်းမပြခဲ့မိ။ အဲဒီအချိန်က စကားလုံးရှာမနေချင်တာရယ်။ အပြင်က သူငယ်ချင်းဆိုတော့ ဘယ်ချိန်ပြန်ပြောပြော ပြောလို့ရတာရယ်နဲ့ ဒီတိုင်း ပစ်ထားလိုက်သည်။ "လူတစ်ယောက်ကို သူရေးတဲ့စာတွေ ဖတ်ပြီး သိလို့ရတယ်" ဆိုတာ ကိုယ့်ဆိုလိုရင်းက ရေးထားတဲ့အတိုင်း အမှန်ထင် ယုံမှတ်ပြီး သိနိုင်တယ် ပြောချင်တာ မဟုတ်ပါ။

ဒါပေမဲ့ သူ့ကိုတော့ဖြင့် ကိုယ်သိပါသည်။ သူ ဖြောင့်မှန်ပြီး ဟန်မဆောင်တတ်တာ၊ အေးဆေးသော စိတ်သဘောထားကောင်းရှိတာ၊ ကူညီတတ်တာ (ကူညီလိုက်လို့ သူစိတ်ညစ်ညူးရ အကြည်ဓါတ်ပျက်ရသည့် အနေအထားမျိုးကြုံရင်တောင် ရန်လိုစကား မပြောတာ) တွေ ကိုယ် သိနေပါသည်။ မှန်ပါသည်။ ကိုယ့်သူငယ်ချင်း အဆိုအရ ဒါတွေက စာမျက်နှာပေါ်မှာ ဟန်လုပ်ရေးလို့ ရနိုင်ပါသည်။ အကောင်းအမွန်တွေချည်း ရေးလို့ စာရေးသူဟာ သူရေးထားတဲ့ စာတွေအတိုင်းပဲဟု ယုံကြည်မည့်သူ ကိုယ် မဟုတ်ပါ။ သို့သော် သူ့ကိုတော့ ယုံပါသည်။

အားလုံးနဲ့ ဆိုင်တဲ့ ပြဿနာတစ်ခု ဖြစ်တုန်းက အကုန်လုံး တစ်ယောက်တစ်ပေါက်နဲ့ ထကြွ ပူညံ ယိုင်နဲ့နေကြသလောက် သူ့ဆီက ဘာတစ်ခွန်းမှ မကြားရ။ ကိုယ်က ဖြေရှင်းမှ ရမည့် ပြဿနာကြီးတစ်ခုပမာ အတင်း စကားစပ်ပြီး သူ့ကို ပြောမိသည်။ သူက ဘာမှဖြစ်ပြမနေနဲ့ ပြောသည်။ တင်ပေးရင် စင်ပေါ်တက်ပြေးနေလိမ့်မယ် တဲ့။ ဒီတိုင်းသာ ထားလိုက် ဟု ပြောသည်။ ကိုယ်က စိန်ခေါ်သည် ထင်လျှင် တိမ်ပေါ်လိုက်ချင်သည့် စိတ်နှင့် သွေးကြွတတ်၊ ကိုယ့်ဘာသာ (ဘာမှမဟုတ်ဘဲ) ထင်တစ်လုံး ရှိတတ်တော့ တစ်ခုခု လုပ်ချင် သက်သေပြချင်နေသည်။ ကိုယ့်ကို သူ သေချာ သတိပေးပါသည်။ အရမ်းကာရော စွတ်မလုပ်ပါနဲ့။ တစ်ဖက်က အငြိုးအတေးကြီးသူ ဖြစ်လိမ့်မည်တဲ့။

အဲဒီကိစ္စတွေအားလုံး ပြီးသွားချိန်မှာ ပြန်စဉ်းစားကြည့်တော့ သူ မှန်ပါသည်။ ဘာမှမဟုတ်တာတွေ အဟုတ်လုပ်မိကြသည်။ သူက အေးဆေးပေမယ့် ယိုင်နဲ့တတ်သူ မဟုတ်။ တိတ်ဆိတ်ပေမယ့် မဆိုင်သလို နေမည့်သူ မဟုတ်။ ပြီးတော့ သူ ခန့်မှန်းတာ မှန်ပါသည်။ အငြိုးတကြီး ဖြစ်တာ ခံရလိမ့်မည် တဲ့။ :) ကိုယ်ကတော့ လုပ်ချင်တာ လုပ်ပြီးသွားရင် ဘာကိုမှ မမှုပါ။ ဒါပေမဲ့ သူသိရင် ဘာများပြောဦးမလဲတော့ သိချင်မိသည်။ စေတနာကောင်းဆိုတာဟာ အသိဉာဏ်က တိုက်ရိုက် လာသလား၊ စိတ်နှလုံးက တဆင့်ခံ လာသလား ကိုယ်မသိပါ။ ဒါပေမဲ့ သူ့ချင့်ချိန်နိုင်စွမ်းကိုရော၊ မထိခိုက်စေလိုသည့် စိတ်သဘောကိုပါ ကိုယ် ခံစားလို့ ရပါသည်။

ကိုယ် လူကဲခတ်လျှင်တော့ လွဲခဲပါသည်။ အဲဒါ တော်ခြင်း၊ မတော်ခြင်းနှင့် ဘာမှ မဆိုင်ပါ။ လူတယောက်ချင်းစီမှာ ပါလာတတ်တဲ့ မတူညီတဲ့ အားသာချက်တစ်ခုစီပဲ ဖြစ်မည်။ ထိုအချက်အားဖြင့် သူ့ကို အကဲဖြတ်မိပါသည်။ စိတ်သဘောထား မှန်ကန်သည်။ ဖြောင့်မှန်သည်။ ပရိယာယ်မရှိ စသဖြင့်...

ဒီလိုနဲ့ တစ်လတိတိ သူ့ကို မတွေ့မိတော့။ သူ့ contact acct. တစ်ခုကို ကြေညာပြီး ဖျက်လိုက်သည်။ အစကတော့ အမှတ်တမဲ့ပါပဲ။ ခဏတဖြုတ် နေမှာပဲ ထင်မိသည်။ နောက်တော့ တစ်ယောက်က သူ့အကြောင်းလာမေးတော့မှ ကိုယ် နည်းနည်း သံသယနှင့် စဉ်းစားမိလာသည်။ ဘာများ ဖြစ်ပါလိမ့်။ သူနဲ့နီးစပ်သည် ထင်မိတဲ့လူတွေကို လိုက်မေးကြည့်တော့ သူတို့လည်း မသိ။ ဖုန်းနံပါတ်ကိုပါ ခေါ်မရတော့ဘူး ပြောလာတော့ တစ်ခုခု အဆင်မပြေဖြစ်ခဲ့သလား၊ ဖြစ်နေသလား တွေးလာမိပါသည်။

သူ့ဘာသာ အေးအေးနေချင်လို့ အားလုံးကို သူ့စိတ်ကြိုက် အဆက်အသွယ်ဖြတ်သွားတယ် ဆိုရင်ဖြင့် သူနဲ့ စကားမပြောရမှာကိုလည်း ကိုယ် မပူပါ။ ကိုယ့်စာတွေ သူ လာမဖတ်တော့မှာကိုလည်း ကိုယ် မပူပါ။ သူနဲ့ကိုယ့်ကြားမှာ စစ်မှန်သော်ငြား ရှုပ်ထွေးမနေသော ကြိုးများသာရှိသည်။ အချိန်မရွေး ဖြေချလိုက်နိုင်သော စာရေးဖော်ဟူသည့် ပတ်သတ်မှုကြိုး။

သို့သော် တိတ်ဆိတ်နေတတ်သော သူ့အတွက် ပြဿနာတစ်စုံတစ်ရာကို တစ်ယောက်တည်း ခံစားနေရမှာတော့ စိုးမိသည်။ ကိုယ့်ဘက်က တစ်ခုခုလုပ်ပေးနိုင်တာ ရှိရက်သားနဲ့ မသိလိုက်ရလို့ လုပ်မပေးလိုက်နိုင်မှာ စိုးမိသည်။ သူ စိတ်မချမ်းသာစရာ ကြုံနေရသလား ဆိုတာ ဒီ ၃/၄ ရက်မှာ ကိုယ် တွေးနေမိသည်။

ဆုတောင်းတာကို ကိုယ်မယုံပါ။ သို့သော် ရုတ်တရက် အဆက်အသွယ်ဖြတ်သွားတဲ့ ဘာမှန်းမသိတဲ့ အကြောင်းရင်းအတွက် စိုးရိမ်မကင်းဖြစ်ရင်း သူ့ကို အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့စေချင်သည့် ဆန္ဒတော့ ပြင်းပြင်းပြပြ ဖြစ်နေမိပါသည်။

***

Friday, May 7, 2010

မီ - Myanmar Books Catalogue

အဲဒီ စာအုပ်ကတော့ ကိုယ့်မှာ ကိုယ်ပိုင်ရှိတယ်။ ကျောင်းပြီးကာစ အလုပ်မဝင်ခင်မှာ ဖတ်ခဲ့ရတာ။ ကြည်အေးစာတွေကိုတော့ စွဲလမ်းနှစ်သက်မိပါတယ်။(အပြင်ကလူ ကလွဲရင်။ အဲဒီ အပြင်ကလူ ကို ခံစားလို့ မရဘူး)
(Camus ရဲ့ The Outsider လို စာမျိုးလည်း မကြိုက်ခဲ့ဘူးကိုး)
မီ ကတော့ တအုပ်လုံး စာလုံးတွေ အားလုံးလို့တောင် ပြောလို့ရတယ်။ နှစ်ခြိုက်မိပါတယ်။ဒါပေမဲ့ ပြန် ပြန် ဖတ်ချင်သော်လည်း အဲဒီလို ဖတ်ရမှာကို ကြောက် ကြောက်နေမိတဲ့ ဝတ္ထုလဲ ဖြစ်ပြန်ပါတယ်။ (ကြောက် ကြောက်နေမိတယ် ဆိုပေမယ့် ပြန် ပြန်ဖတ်မိတာပါပဲ)
ပထမဆုံး တစ်ခေါက် ဖတ်ပြီးပြီးချင်းမှာပဲ လူက မောပြီး ကျန်ခဲ့တယ်။ စိတ်ထဲမှာလဲ မီ က ပူးဝင်ပြီးတော့လေ။ ပြီးတော့ မှတ်မှတ်ရရ ကိုယ်တိုင်လဲ စိတ်က နည်းနည်း depress ဖြစ်နေတဲ့ အချိန်...မိုးတွင်းကြီး မိုးတွေ စွေပြီး ရွာနေတဲ့ အချိန်။ (မိုးရာသီက ကိုယ့်စိတ်အာရုံအပေါ်မှာ လွှမ်းမိုးနိုင်တာတော့ အမှန်ပဲ)။ ပြီးတော့ ဘေးနားမှာ ဘယ်သူမှ ရှိမနေဘူး လို့ ခံစားနေမိတဲ့ အချိန်...

ခု review သဘောရေးတာတောင် အဲဒီ စာအုပ်ဖတ်မိတဲ့ feeling နည်းနည်း ပြန်ရနေသေးတယ်။
ဒီစာအုပ်မှာတော့ စွဲကျန်ခဲ့တဲ့ အကြောင်းတစ်ခု ပြောဖို့ တော်တော် ခက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ တအုပ်လုံးကို စွဲနေခဲ့မိလို့ပါ။

နောက်တခုက စာရေးသူနဲ့ ပတ်သတ်လို့ပါ။ ကြည်အေးဟာ သိပ်ကို pioneer ဖြစ်တယ်လို့ ကိုယ်တော့ ထင်မိပါတယ်။ ၁၉၄ဝ ကျော် ၁၉၅ဝ ပတ်ဝန်းကျင် တဝိုက်က အမျိုးသမီး တစ်ယောက်ရေးတဲ့စာ ဆိုပြီးတော့လဲ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒါတောင် အဲဒီ
မီ ဖတ်ခဲ့ချိန်မှာ ကြည်အေး တော်တော်များများကို ဖတ်ပြီး ရင်းနှီးနေပါပြီ။ သူ့စာတွေ ဖတ်ပြီးတိုင်းလဲ အဲလိုပဲ အမြဲ အံ့သြရတတ်ပါတယ်။

နောက်ဆုံး
မီ ဆုံးကာနီး အရေးအသားနဲ့ အမည်တစ်ခုကို မီ ရေရွတ်သွားပုံရေးထားတာ ကိုယ့်နှလုံးသားတွေ ဆွဲခါလှုပ်ယမ်းပစ်တာ ခံလိုက်ရသလိုပဲ။ ဒီနာမည်က မီ့ချစ်သူ ခင်ပွန်း (ဦးသော်ဆွေ) တောင် မသိတဲ့ နာမည်။ ဒါပေမယ့် အဲဒီအချိန်မှာ အဲဒါတွေ ဘာမှလဲ အရေးမကြီးတော့ဘူးလေ။

"နောင်ဘဝမှာ
မီ ပြန်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့" ဆိုပြီး ဇာတ်သိမ်းလိုက်ချိန်မှာ ကိုယ်တော့ ခွေကျသွားတာပဲ။ ရက်တော်တော်ကြာထိ အဲဒီ feeling က စွဲပြီး ကျန်ရစ်ခဲ့သေးတာ။
(Update : မစွဲချင်ဘဲ စွဲကျန်နေရစ်ခဲ့ရတဲ့ feeling မျိုးဆိုရင် ပိုပြီး မှန်လိမ့်မယ်။)

မီ
ကို ဖတ်ရင်း သတိရမိတဲ့ ဝတ္ထုကတော့ ဒဂုန်တာရာ ရဲ့ မေ ပါပဲ။
ကြည်အေးဟာ
မီ ကို နိုင်ငံခြား ဝတ္ထု တစ်ပုဒ်က အနည်းငယ် မှီးခဲ့တယ် လို့ ဒဂုန်တာရာရဲ့ အမှာ မှာ ဖတ်ရပါတယ်။

***

25th January 2009 တုန်းက ဒီစာအုပ်အကြောင်းကို Myanmar Books Catalogue ရဲ့ ဒီနေရာမှာ ရေးခဲ့တယ်။ (အဲဒီတုန်းက စာအုပ်တွေအကြောင်းရေးတာမှာ အရမ်းကာရော အပေါ်ယံရှပ်ပြီး ရေးခဲ့မိသလိုပဲ။)

"နောင်ဘဝမှာ
မီ ပြန်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့" လို့ ဝတ္ထုမှာ ဆိုပေမယ့် ကိုယ်ကတော့ ပြန်ဖတ်တိုင်း ဖတ်တိုင်းမှာ ကြိမ်ဖန်များစွာ မီ ဖြစ်နေခဲ့ရတယ်။

ဦးသော်ဆွေနဲ့ လက်ထပ်ပြီး မီ က ဒီအချိန်ဟာ သူ့ရဲ့ အပျော်ရွှင်ဆုံးအချိန်၊ အထွတ်အထိပ်အချိန်မို့ ဒီအချိန်မှာ သူသေသွားရင်တော့ ဘဝကို အနိုင်နဲ့ ပိုင်းလိုက်ရသလို နေမှာပဲလို့ ပြောတဲ့ ဒဿနကို ကြိုက်မိတယ်။ သို့သော်လည်း ကိုယ်ကတော့ သွေးကြောင်သူ ဖြစ်နိုင်တယ်။ ဘဝမှာနေပျော်တယ် ထင်မိတဲ့ အခိုက်မှာ သေ ချင် ရဲ ဖို့ မပြောနဲ့ သေခြင်းတရားကို သတိတောင်မှ မရတတ်ဘူး။

လကို ကြောက်တယ် လို့ မီ ပြောတဲ့စကား...
ကြယ်တွေကလည်း သူ့ကိုကြည့်ပြီး မျက်စေ့မှိတ်ပြနေသလိုပဲ လို့ မီ ပြောတဲ့စကား...
အဲဒီစကားလုံးတွေက စာနည်းနည်းကလေးနဲ့ အထီးတည်းဖြစ်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပြက်ပြက်ထင်ထင်ရှိစေတယ် လို့ ခံစားမိတယ်။ ပြီးတော့ အထီးတည်း ဖြစ်နေတယ်လို့ ကိုယ့်ဘာသာ မှတ်ယူနေမိတဲ့ အချိန်မှာဖြစ်တော့ ပိုလို့ ပြက်ပြက်ထင်ထင် ဖြစ်ခဲ့ရတယ်။

***
သူ့ ဘဝ ဇာတ်ကြောင်းကို မျိုးစုံပြောပြီး အသိရခက်တဲ့၊ လောကအလယ်မှာ အထီးတည်းဖြစ်ခဲ့တဲ့ မိန်းမဆိုးလေး။

မီ
လူသတ်ခဲ့တဲ့ သေနတ်
သက်သေခံပစ္စည်းကို ဦးသော်ဆွေ ရေထဲ လွှင့်ပစ်ပေးလိုက်တဲ့အတွက် ထိန်းချုပ်ဆောက်တည်ရာခက်ပြီး ငိုတဲ့ အခန်း။

ဦးသော်ဆွေနဲ့ အဆက်ပြတ်ပြီး၊ တခါ မီ တက်နေတဲ့ ဆေးရုံမှာ လာတွေ့လို့ ပြန်ဆုံတဲ့အခိုက် ချစ်သူပြောတဲ့ မယုံသင်္ကာစကားတစ်ခွန်းမှာ စိတ်ထိခိုက်တဲ့ အခန်း။ (အလုံးစုံကိုတော့ ကိုယ် မမှတ်မိတော့ဘူး)

ကိုယ်တော့ မီ ဆိုတာကို အဲဒီ နှစ်ခန်းမှာပဲ သေချာ တွေ့ခဲ့တယ် (လို့ ထင်တယ်)။

***
ပြီးတော့ အရေးအသားပိုင်းမှာ ထူးခြားတယ် မြင်မိတာ တစ်ပုဒ်လုံး ဦးသော်ဆွေ နေရာက ရေးလာပေမယ့် စာဖတ်သူအာရုံထဲမှာ မီ ကိုသာ တချိန်လုံး ခံစားမိစေတယ်။

ပြီးတော့ ဇာတ်လမ်း နဲ့ ဇာတ်ကောင်အကြောင်းမှာ ဘာကိုမှ အထူးတလည် တရှည်တလျား ရေးထားတာ မရှိဘဲ တို့ထိရုံနဲ့ နှလုံးသားကို ဆုတ်ညှစ်သွားနိုင်တယ် လို့ ခံစားရတယ်။

***
ကြည်အေး ရဲ့ လက်ရာတွေနဲ့ ပတ်သတ်လို့ သူ့ဝတ္ထုတိုစာအုပ်တစ်အုပ် ဖတ်တဲ့အချိန်မှာ ဝင်လာတဲ့ အတွေးတစ်ခု ရှိတယ်။ ဝတ္ထုတိုတွေကို နှစ်အလိုက် စီပြီး ထားတော့ ကိုယ်ကလည်း စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်ချင်တယ်။ ဝတ္ထုတိုလိုမျိုးကို အဲဒီလို စဉ်ပေးထားရင်တော့ ဆိုဖွယ်ရာမရှိပြီပဲ။

ဖတ်တဲ့အခါမှာ စာအုပ်ရှေ့မှာပါတဲ့ ကြည်အေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းက နှစ်ကာလတွေနဲ့ ယှဉ်လို့ ဖတ်မိတယ်။ (အဲဒါ လိုတာထက် ပိုပြီး စပ်စုတယ်လို့ ခေါ်တယ်)။ အဲဒီမှာ တစ်ခု သွားတွေ့တာ ဆရာမကြီးဟာ အိမ်ထောင်မကျခင် ခပ်ငယ်ငယ်ဘဝမှာ ရေးတဲ့ ပုံစံနဲ့ အိမ်ထောင်ကျပြီး လူလတ်ပိုင်းအရွယ်မှာ ရေးတဲ့ ပုံစံ ကွာရုံသာမက၊ အဲဒီဝတ္ထုတွေကနေ စာဖတ်သူကို ပေးတဲ့ ခံစားမှုကပါ အတော် ကွာခြားတယ် ဆိုတာပါပဲ။


(Update (Sat May 8 2009 11:57 PM) : ပထမပိုင်းတွေမှာ လောကထဲက မွန်းကြပ်ပိတ်လှောင်နေတဲ့ ဇာတ်ကောင်တွေနေရာကနေ စိတ်ခံစားမှုတွေနဲ့ အများဆုံးရေးခဲ့ပြီး၊ နောက်ပိုင်းတွေမှာ လောကအပြင်ကို ခဏထွက်ရပ်ပြီး ကြည့်ထားတဲ့ သူတစ်ယောက်နေရာကနေ အတွေးအမြင်တွေနဲ့ ရေးခဲ့တယ်လို့ ယူဆမိတယ်)

ဝတ္ထုရှည်တွေမှာပါ အဲဒီလို သက်ရောက်မှုမျိုး ရှိတယ်လို့ ခံစားမိတယ်။
ဥပမာ - အစောပိုင်းလက်ရာ နွမ်းလျအိမ်ပြန် နဲ့ မီနောက်ပိုင်းလက်ရာ - မောင် ကိုကို နှင့် မြနန္ဒာ


ပထမ ၂ ပုဒ်ကို မလူးသာ မလွန့်သာ ခံစားပြီး ဖတ်ခဲ့ရပေမယ့်၊ မောင် ကိုကို နဲ့ မြနန္ဒာ ကျတော့ လွင့်မျောရွေ့လျားပြီး ခံစားခဲ့ရသလိုပဲ။

သူ့ဘဝရဲ့ အချစ်က ဆရာမကြီးရဲ့ စိတ်အာရုံတွေကို အတော်ပဲ ပြောင်းလဲစေနိုင်ခဲ့သလား ဆိုတာ ဆက်ပြီး စဉ်းစားမိစေပါတယ်။ (အဲဒါလည်း လိုတာထက် ပိုပြီး စပ်စုတယ်လို့ ခေါ်တယ်)

ကိုယ်နှစ်သက်စွဲလမ်းတဲ့ စာရေးသူတွေရဲ့ သမိုင်းကြောင်းကို တနံတလျား သိချင်တတ်ပါတယ်။
ပြီးရင် ဘယ်တော့မှ မငြီးငွေ့စတမ်း စမြုံ့ပြန်လို့ နေချင်တယ်။ သူတို့ရေးတဲ့ စာတွေကို ဖတ်တိုင်း သူတို့ စိတ်ကွန့်မြူးရာ ရင်းမြစ်ကို သိချင်တတ်တယ်။


***
မစွဲချင်ဘဲ စွဲကျန်နေရစ်ခဲ့ရတဲ့ feeling မျိုးနဲ့ စာအုပ်မို့ ဒီတခေါက် အိမ်ပြန်တော့ အဲဒီ မီ ကို ယူချင်ရဲ့သားနဲ့ ချန်ထားပစ်ခဲ့တယ်။

***

Thursday, May 6, 2010

ယင်ကောင်တို့သည် အညှီကိုသာ ကြိုက်တတ်ကြကုန်၏ (၂) - မောင်သစ်ဆင်း

ဦးခေါင်းတစ်ခုလုံး ခဲကိုက်နေသည်။

ကမ္ဘာကြီး တစ်ခုလုံး ကိုယ်ခန္ဓာပေါ်သို့ ဖိစီးထားသလိုလည်း လေးလံလွန်းလှသည်။ ငါ ဘယ်ရောက်နေပါလိမ့်ဟု မစဉ်းစားမိနိုင်မီ "ဂျာနော (၄)" ကို ဦးဆုံး သတိရလိုက်၏။ ကျန်ရှိနေသေးသမျှ အားအင်တို့ကို စုစည်းကာ ကြိုးစားရုန်းထကြည့်သည်။ မရ။ မျက်စိကို ဇွတ်အတင်း ဖွင့်ကြည့်သည်။ စိတ်ထဲတွင် ပွင့်သွားသည် ထင်၏။ သို့စေကာမူ သူ ဘာကိုမှ မမြင်ရ။ အားလုံးသည် အမိုက်တိုက် ဖြစ်နေ၏။ အမှောင်ထုထဲဝယ် သူ ဖျစ်ညှစ်ရုန်းကန်နေသည်။

ငါ့လက်တွေ ဘယ်မှာလဲ။ ငါ့ခြေထောက်တွေ အို ငါ့ တစ်ကိုယ်လုံးရော ရှိသေးရဲ့လား။ မွန်းကြပ်လာသည်။ မောလာ၏။ ရင်ဝနေရာက အလွန်တရာ ပူလောင်နေကြောင်း သတိပြုမိလာသည်။ ရေအေးအေးတစ်ခွက်ကို တောင့်တမိ၏။ တံတွေးမျိုချရန် ကြိုးစားကြည့်မိသည်။ လည်ချောင်းတစ်လျှောက်လုံးသည် ခဲကပ်လျက်ရှိကာ လုံးဝ လှုပ်ရှား၍ မရ။ ရေသောက်ချင်သည်။ ရေ ရေ ပေးပါ။ အသံကုန် အော်ဟစ်သည်။ အသံက ထွက်မလာ၊ အကြောဆွဲသလို သူ တစ်ချက် တွန့်သွားသည်။

"... စိုး ... ကိုစိုး၊ ကို ... စိုး..."

ဝေးလွန်းသော အရပ်ဆီမှ အသံဟု ထင်သည်။ နောက်တော့ တဖြည်းဖြည်း နီးလာကာ သူ့ဘေးနားမှ ဖြစ်ကြောင်း သိလာ၏။ သူ အလွန် ရင်းနှီးခဲ့ဖူးသည့် အသံ။ ရှိုက်သံ တချို့တဝက်ကိုပါ ကြားမိသလို ရှိ၏။

အို... မွန်၊ မွန် မွန်၊ အချစ်၊ မွန်မွန် ငိုနေသလားကွယ်။
ရင်ထဲက စစ်ခနဲ နာကျင်သွား၏။ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်နေသလို ခံစားနေရသည်။ ဝေဝါးနေသော အသိစိတ်ထဲတွင် တစ်ပိုင်းတစ်စ အတွေးစဉ်များ၊ ပုံရိပ်များ၊ အားလုံးသည် ချာချာလည်နေ၏။

စမ်းသပ် ဖန်ပြွန်ထဲက ဝါကျင့် ဆေးရည်၊ စီးကရက်မီးခိုး၊ ဂျာနော (၄)။
ကျွန်တော် ဖျားနေတယ် ဆရာ။
အယ်လ်ကာလွိုက် ထုတ်ယူခြင်း အဆင့်ဆင့် လုပ်ငန်း။
အတူတူ နေချင်ပြီပေါ့ မွန်မွန်ရယ်။
ဒါပေမဲ့ ...
သလိပ်ထဲက သွေးစများ။ ကျွန်တော် မစောင့်နိုင်တော့ဘူး ဆရာ။ ပိုင်ရိုဂျင် ဖရီး။ ဒီ ဓါတ်မှန်ကို ကျွန်တော် မသင်္ကာဘူး ကိုစိုးကျော်။ ဂျာနောပင်၏ ဆေးဝါး အာနိသင်။ ခေါင်းထဲက တရိပ်ရိပ် မူးလာသည်။

မွန်မွန် မင်းဘယ်မှာလဲ။ မငိုနဲ့ကွယ်။

မွန်မွန်က စိုးကျော် လက်ကို ဆုတ်ကိုင်ထားသည်။ လက်ဖဝါးများက အေးစက် စေးထန်းနေ၏။ ဒရစ်ပုလင်းမှ ဆေးရည်များသည် ပိုက်ကြိုးမှ တဆင့် သူ့တံတောင်ဆစ် သွေးပြန်ကြော အတွင်းသို့ လျင်မြန်စွာ ကျဆင်းနေသည်။ ရောင်အမ်းအမ်း မျက်နှာတွင် မျက်လုံးအစုံက အတွင်းသို့ သိသိသာသာ ချိုင့်ဝင်နေသည်။ ဆေးလိပ် သောက်လွန်းသဖြင့် ညိုညစ်နေသော နှုတ်ခမ်းများမှာ ခြောက်သွေ့မည်းနက်ကာ အက်ကြောင်းများ ပေါ်နေ၏။ အထက်သို့ လန်တက်နေသော နှာခေါင်းဝတွင် သွေးခဲစအချို့က ကပ်တွယ်နေသည်။ ခက်ခဲစွာ အသက်ရှူနေရဟန်ဖြင့် ရင်ဘတ်သည် ဖိုလှိုက်နေလေသည်။

မကြည့်ရက်တော့သဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ ဖြစ်ရလေ ကိုကိုရယ်။ ကျွန်မသာ ကိုကို့နားမှာ ရှိနေရင် ကိုကို ဒီလို မဖြစ်ရပါဘူး။ ခုတော့ကွယ်...

မကြာသေးခင်က ကိုကိုနှင့် ရန်ဖြစ်ခဲ့ကြသည်ကို သတိရနေ၏။ ရန်ဖြစ်ရသည်မှာလည်း ကိုကိုကြောင့်၊ ကိုကို့စကားကြောင့်။

တို့နှစ်ယောက် အစကတည်းက မပွင့်လင်းခဲ့ကြရင် ကောင်းမှာပဲနော် တဲ့။ ဘာဖြစ်လို့လဲဟင် ဟု နားမလည်နိုင်စွာ မေးသောအခါ မွန်မွန်ကို ချစ်လွန်းလို့ သနားလွန်းလို့ပေါ့ကွယ်။ ကိုကိုနဲ့ လက်ထပ်မယ်ဆိုရင် မွန်မွန်တော့ ကံဆိုးတော့မှာပဲ။ ဘာတွေပြောနေတာလဲ ကိုကို ဟု စိတ်လှုပ်ရှားစွာ ပြန်မေးမိသည်။ ကိုကိုက မျက်နှာကို မကြည့်ရဲသလို တစ်ဖက်သို့ လွှဲထားသည်။

အချက်နှစ်ချက် ရှိတယ်။
ပထမအချက်အနေနဲ့က ကိုကို့မှာ လုပ်ချင်တာတွေ လုပ်စရာတွေ အများကြီး ရှိနေပြီ။ ကိုကို စီးပွားရေးကို စိတ်မဝင်စားနိုင်တော့ဘူး။ ဒါကြောင့် သာယာသော အိမ်ထောင်ကို ထူထောင်နိုင်မှာ မဟုတ်ဘူး။ အိမ်ထောင့်တာဝန် မကျေပွန်နိုင်ဘူးကွယ်။ ဒီတော့ မွန်မွန့်ကို နှိပ်စက်ညှင်းဆဲနေသလို မဖြစ်ပေဘူးလား။ ကိုကို တကိုယ်ကောင်းဆန်ရာ မကျပေဘူးလား။ မွန်မွန့်ကို ကိုကို့ဘဝထဲ ဆွဲမသွင်းရက်ဘူး။ နောက်တစ်ခုကတော့ ...

စကားမဆုံးမီပင် တော်ပြီ ကိုကို၊ တော်ပြီ။ ကိုကို ကျွန်မကို နားမလည်ဘူး။ အထင်သေးလွန်းတယ်။ ကျွန်မ သိပ်ဝမ်းနည်းတယ်။ ပြောပြောဆိုဆိုပင် ကိုကို့ရှေ့မှာ မျက်ရည်တွေတွေကျကာ အဆောင်ထဲသို့ ပြေးဝင်ခဲ့သည်။ ထိုစဉ်က အဆောင်ရှေ့ ရေတမာပင်အောက်တွင် ငေးငိုင်ကာ ကျန်ရစ်ခဲ့သော ကိုကို့အသွင်ကို ပြန်မြင်လာမိသည်။ ထိန်းချုပ်ထားသည့်ကြားက ရှိုက်သံ အချို့တဝက် ထွက်သွားမိ၏။ မျက်ရည် နှစ်စက်သည် ကိုကို့ လက်ဖျံပေါ်သို့ ကျဆင်းလာသည်။ ကိုကိုရယ်...

ရောဂါဗေဒ ဆရာဝန်ကြီးက အနီးသို့ လာရပ်သဖြင့် မွန်မွန် ရှိုက်သံကို ပြန်ထိန်းလိုက်သည်။ သူနာပြုဆရာမလေးက ဒရစ်ပုလင်း အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေးသွားသည်။

ဆရာဝန်ကြီးသည် စိုးကျော်ကို တွေဝေစွာ ကြည့်နေလေသည်။ မွန်မွန်သည် ဆရာဝန်ကြီးကို အားကိုးမျှော်လင့်စွာ ကြည့်နေလေသည်။

အခန်းအပြင်ဘက်မှ လူသံသူသံ အချို့ကို ကြားလိုက်ရပြီး မကြာမီတွင် တိုင်းရင်းဆေးရုံ သုတေသနမှူး ဆရာဦးဝင်းရှိန် အမောတကော ဝင်လာသည်။ ဘယ်လိုဖြစ်တာလဲဟင်၊ ဘာဖြစ်ကုန်တာလဲ ဟု မေးရင်း စိုးကျော် ခုတင်အနီးသို့ အပြေးတပိုင်းဖြင့် ကပ်သွား၏။ စိုးကျော်ကို အသေအချာကြည့်ကာ ခြေမျက်စိသွေးနှင့် နားသီးအရင်းရှိ သွေးကို စမ်းကြည့်သည်။ မျက်နှာပျက်သွားသော ဆရာ့ကို ကြည့်ကာ မွန်မွန်သည် မထိန်းနိုင်တော့ဘဲ ငိုချလိုက်လေသည်။

"ဘယ်လိုဖြစ်ရတာလဲဗျာ။ ကျွန်တော် ဘာမှ မသိလိုက်ရဘူး။ အခု ကြားကြားချင်း ဆေးရုံကို ပြေးလာခဲ့တာပါပဲ"

ဆရာဝန်ကြီးက သူ့လက်ထဲက ပစ္စည်းကလေး တစ်ခုကို ဆရာ့ထံ လှမ်းပေးလိုက်သည်။

"အဲဒါကို သူ့ကိုယ်သူ အင်ဂျက် လုပ်သတဲ့ဗျာ။ သုံးရက်မြောက် ထိုးလိုက်တဲ့အခါ အခုလို ရှော့ခ် ဆန်ဆန် ဖြစ်သွားတယ် လို့ သိရတာပဲ"

ဆရာက လှမ်းယူပြီး ကြည့်သည်။ တစ်ဆယ်စီစီဝင် မိုးရေပုလင်းထဲမှ ဝါကျင့်ကျင့် ဆေးရည်။ ပုလင်းတွင် ကပ်ထားသည့် လေးထောင့် စာရွက်ဖြူပေါ်တွင် စာရေးထားသည်။ ဂျာနော (၄)။

"ဟင် စိုးကျော်၊ မင်း ဒါကို ထိုးလိုက်တယ်"

ဆရာသည် ပုလင်းလေးကို ကိုင်ကာ ငေးနေလေသည်။

"ဂျာနော (၄) ဆိုတာ ဘာလဲ ဆရာ။ တချို့ကို ကျွန်တော် ဓါတ်ခွဲခန်း ပို့ထားတယ်။ လက္ခဏာကတော့ စထရစ်ခ်ျနင်း အဆိပ်သင့်တဲ့ လက္ခဏာနဲ့ အချို့တစ်​ဝက် တူသလို ရှိပေမယ့် အတိအကျ မသိရတော့ ခက်နေတယ်။ ဆရာတို့တော့ သိမလားပဲ။ လောလောဆယ်တော့ ဒရစ်ခ်ျပဲ ပေးထားတယ်။ အိပ်စရေးလည်း ရိုက်ထားတယ်။ ပြဿနာက ဂျာနော (၄) ဆိုတာ ဘာမှန်း မသိတာပဲ။"

ဆရာသည် သက်ပြင်းတစ်ချက်ကို လေးပင်စွာချကာ ဆရာဝန်ကြီးကို ရှင်းပြရသည်။

ဂျာနော (၄) သည် ကချင်ပြည်နယ်တွင် ပေါက်ရောက်သော ဒေသအခေါ် ဂျာနော အမည်ရှိ အပင်၏ အမြစ်မှ ထုတ်ယူထားသော အယ်လ်ကာလွိုက်တစ်ခုဖြစ်သည်။ သို့သော် အယ်လ်ကာလွိုက်၏ အမည်ကိုတော့ ဖော်ထုတ်ရန် မစွမ်းနိုင်ခဲ့ပါ။

ကချင် ဆေးဆရာကြီးတစ်ဦး၏ ကုထုံးတစ်ခုကို အကြောင်းပြု၍ ဂျာနောမြစ်ကို ကင်ဆာအတွက် စမ်းသပ်ကြည့်ခဲ့သည်။ သားမြတ်ကင်ဆာနှင့် အခြား ပြင်ပမှ တွေ့ထိသိရှိနိုင်သော ကင်ဆာအနာ တချို့အတွက် တစ်ပင်တိုင် မြနန်းနွယ်၏ ဥနှင့်အတူ တွဲစပ်ကုသခဲ့ရာ ကျေနပ်ဖွယ်ရာပင် အောင်မြင်ခဲ့သည်။ သို့သော် အတွင်းအင်္ဂါ ကင်ဆာများဖြစ်သော အဆုတ်၊ အသည်း စသည့် ကင်ဆာများအတွက်မူ သက်သာရုံမှတပါး ထိရောက်မှု နည်းနေသေးသည်။ လိမ်းဆေး သောက်ဆေးအဖြစ်နှင့် သိပ် မထက်မြက်လှ။ ဤတွင် စိုးကျော် အကြံတစ်ခုပြုသည်။

"အင်ဂျက်ရှင်း လုပ်ကြည့်ရအောင်လား ဆရာ"

"မလွယ်ပါဘူးကွာ။ ဘယ်မှာလဲ ပစ္စည်းကိရိယာ၊ ဘယ်မှာလဲ တတ်ကျွမ်းသူ ပညာရှင်၊ ပြီးတော့ တို့မှာ တရားဝင် လုပ်လို့ မရသေးဘူးလေ။ ဆရာဝန်က သွေးဆေးတို့ လျက်ဆားတို့ သုံးစွဲတာ ဘာမှ မဖြစ်ပေမယ့် တိုင်းရင်းဆရာကျတော့ အပ်ကိုင်လို့ မရဘူးလေကွာ"

"အပြင်က မြန်မာဆရာတွေတော့ ဒီလိုပဲ လုပ်ကြတာပဲ ဆရာ၊ ကိုယ့်ဆေး ကိုယ့်ချက်ပြီး ထိုးနေကြာတာပဲ။ ပိုင်ရိုဂျင် ဖရီး (အနည်အမှုန်ကင်းစင်ခြင်း) မဖြစ်လို့ ချမ်းတာ တုန်တာ ဖျားတာလောက်ကလွဲလို့ တခြား ဘာသံမှ မကြားရသေးဘူး"

"ဟ တို့က သူတို့လို သွားလုပ်လို့ မရဘူးလေ။ မတူဘူး။ အေး လုပ်လို့ရပြီ ဆိုရင်လည်း စနစ်တကျကို လုပ်ကြရမှာ"

"ကျွန်တော်တော့ စိတ်မရှည်ချင်တော့ဘူး ဆရာ။ ကိုယ်စွမ်းနိုင်သလောက် လုပ်ပြီး စမ်းကြည့်ချင်တယ်။ သဘောလောက်ပေါ့"

"အပျင်းပြေ လုပ်ချင်သပဆိုလည်း လုပ်ကြည့်ပေါ့ကွာ။ အော် ဒါနဲ့ တို့ ဂျာနောမြစ် အစီရင်ခံစာ ရေးရဦးမယ်နော်။ အထက်က စိတ်ဝင်စားတယ် ဆိုရင်တော့ မင်းလုပ်ချင်တာတွေ မင်း လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒီကြားထဲ လိုအပ်မယ့် စာအုပ်စာတမ်းတွေ ရှာထားဦး။ ဟာ ဟေ့ကောင် ချောင်းကလည်း ဆိုးလှချည်လား။ မင်းနေကောင်းရဲ့လား။ ခုတလော မင်းကြည့်ရတာ နုံးခွေခွေနဲ့ မျက်နှာတွေလည်း အမ်းနေသလိုပဲ"

"နေကောင်းပါတယ် ဆရာ။ ခုတလော အိပ်ရေးပျက်တတ်လို့ပါ"

"သိပ်လည်း အပင်ပန်း မခံနဲ့ကွာ။ ဆေးလိပ်သောက်လည်း လျော့ပေးဦး။ မင်းသောက်တာ လွန်တယ်"

နောက် ရက်အနည်းငယ်ကြာသော် ပုလင်းကလေး တစ်လုံးကို လာ၍ ပြတော့သည်။

"လုပ်လိုက်ရလေ ဆရာရယ်။ တက္ကသိုလ် ဓါတုဗေဒ ဌာနက သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး လုပ်ရတယ်။ ပိုင်ရိုဂျင်ဖရီးဖြစ်အောင်နဲ့ အယ်လ်ကာလွိုက် အပြည့်ရအောင် အဆင့် လေးဆင့်လောက် လုပ်ယူရတယ်။ ဒါကို ကျွန်တော် ဂျာနော (၄) လို့ နာမည်ပေးထားတယ် ဆရာ"

ပုလင်းလေးထဲတွင် ဝါကျင့်ကျင့် ဆေးရည်များ။

ဆရာက လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ဆရာဝန်ကြီးကို ဆက်ပြောနေသည်။

"အဲဒါပဲ ဆရာ၊ ရည်ရွယ်တာကတော့ ဂျာနောမြစ် အစီရင်ခံစာကို အထက်တင်ပြီး လိုအပ်သမျှ ဘီပီအိုင်လို နေရာမျိုးမှာ ဆက်လုပ်ဖို့ပါပဲ။ အစီရင်ခံစာကိုလည်း တင်ထားပြီးပါပြီ။ အဲဒါကို သူက ဘာဖြစ်လို့..."

"ကျွန်တော် ရှင်းပြီ ဆရာ၊ သိပြီ။ ကိုစိုးကျော်ဟာ သူ့ကိုယ်သူ စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ဖားကလေးတစ်ကောင်လို သဘောထားလိုက်တာပဲ"

ဆရာဦးဝင်းရှိန်က နားမလည်စွာကြည့်သည်။

"ဟုတ်တယ်ဆရာ၊ အဖြစ်က ဒီလို"

လွန်ခဲ့သော နှစ်လလောက်က ရောဂါဗေဒ ဆရာဝန်ကြီးထံ စိုးကျော် ရောက်လာသည်။ ဓါတ်မှန်တစ်ချပ်ကို ပြသည်။ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ယခင်ကလည်း တိုင်းရင်းဆေးသိပ္ပံအတွက် ဓါတ်မှန်များ၊ ဓါတ်ခွဲခန်းမှတ်ချက်များကို ကြည့်ရှု၍ ရောဂါ သတ်မှတ်ချက်များ ပေးရလေ့ရှိရာ ယခုလည်း ထုံးစံအတိုင်းပင် ဓါတ်မှန်ကို ကြည့်ရသည်။

ဓါတ်မှန်ထဲ၌ အဆုတ်ညာဘက် အထက်ထောင့်တွင် မညီညာသော အရိပ်သဖွယ် ကြက်ဥခန့် အကွက်ကို တွေ့ရ၏။ ဘေးတိုက် ဓါတ်မှန်ကော်ပြားတွင်ကား ရေဘဝဲတစ်ကောင်၏ လက်တံများသဖွယ် အတန်းများက အဆုတ်ကို ဖမ်းညှစ်နေကြသလို တွေ့ရလေသည်။ ဆက်လက်၍ သေချာစွာကြည့်ရာ ရင်ဘတ် အလယ်နားတွင် ခပ်ပြန့်ပြန့် အရိပ်တစ်ခု တွေ့ရသေး၏။ လေပြွန်မကြီး၏ နံဘေး တစ်ဘက်တစ်ချက်၌ ဖြစ်၍ ထိုနေရာမှ အဆုတ်နှင့် ဆိုင်ရာ လင့် အကျိတ်တို့ တည်နေရာပင် ဖြစ်လေသည်။

ဘယ်ဘက်တွင်လည်း သွေးလွှတ်ကြောခုံး အထက်နားတွင် နောက်ထပ် အရိပ်တစ်ခု။ လေပြွန်မကြီးမှ အဆုတ်သို့ သွားရာ ဘယ်ဘက် လေပြွန်သည် အကျိတ်ကြောင့် အတော် ပိတ်ဆို့နေပြီ ဖြစ်သည်။ ဤလူနာသည် ချောင်း တရစပ် ဆိုးနေပေတော့မည်။

"ကင်ဆာမဟုတ်လား ဆရာ"
စိုးကျော်က မေးသည်။

"ဟုတ်တယ်၊ အဆုတ်ကင်ဆာပေါ့။ တော်တော် အခြေအနေဆိုးနေတဲ့ ကင်ဆာနဲ့ တူတာပဲ။ Large Cell Anaplastic Carcinoma မျိုး ဖြစ်ဖို့များတယ်။ ဂလင်းအကျိတ်က စဖြစ်တာပဲ။ စီးကရက်သောက်တာနဲ့ ဆက်စပ်လေ့ရှိတယ်။ ရောဂါဗေဒ ဓါတ်ခွဲခန်းက အစီရင်ခံစာနဲ့မှ အသေးစိတ် အတိအကျ ပြောလို့ရမယ်။ ဒီကင်ဆာမျိုးကတော့ ခွဲစိတ်ကုသလို့ အကျိုးမထူးဘူး။ ရေဒီယို သာရပီပဲ ပေးရမှာပဲ။ ခင်ဗျားတို့တော့ ဘယ်လို လုပ်ကြမယ် မသိဘူးပေါ့လေ။ ကြိုးစားကြည့်ကြဦးပေါ့"

"ကျွန်တော်တို့ လုပ်ကြည့်ဦးမယ် ဆရာ" ဟု စိုးကျော်က ပြောသွားခဲ့၏။

"အဲဒီ ဓါတ်မှန်ဟာ သူ့ဓါတ်မှန်ပဲ ဆရာ။ ကျွန်တော်လည်း အခုမှ သိတယ်။ သူ့မှာ အဆုတ်ကင်ဆာ ဖြစ်နေတာ။ သူ့ကိုယ်သူ မသင်္ကာလို့ ဓါတ်မှန်ရိုက်ပြီး သေချာအောင် ကျွန်တော့်ဆီ လာပြတာပဲ။ သူ့ဓါတ်မှန်မှန်းသိရင် ကျွန်တော် ကင်ဆာလို့ မပြောပါဘူး။ ဒါပေမဲ့ သူလည်း ဒါတော့ သိမှာပေါ့။

သို့သော် ဒီ ဂျာနော (၄) ဆိုတာဟာ စိတ်ဝင်စားစရာတော့ ကောင်းနေပြီ။ အခု သူ့ကို ဓါတ်မှန် ထပ်ရိုက်ကြည့်တယ်။ သူ့ကင်ဆာကျိတ်ဟာ ငယ်သွားပြီး ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့နေရတယ်။ ဒါပေမဲ့ သူခံမှာ မဟုတ်တော့ဘူး။ ဆေးပမာဏ လွန်ကဲ သွားလို့လား၊ ဆေးအာနိသင် ပြင်းလွန်းသွားတာလား ဆိုတာတော့ မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခုလောက်ထိတော့ မစွန့်စားသင့်ပါဘူးဗျာ။ ရူးတယ်လို့လည်း မဆိုရက်ပါဘူးလေ"

ဆရာသည် စိုးကျော်ကို ငေးစိုက်ကြည့်နေမိသည်။

ဂျာနောပင်နှင့် ပတ်သတ်၍ အစီရင်ခံစာ ရေးကြရင်းက ရောဂါဆိုးတစ်ခုနှင့် အနာဂတ်လမ်းဆုံးကို မျှော်တွေးခဲ့ကြသေးသည်။ ဂျာနောပင်သည် ကင်ဆာအတွက် ကမ္ဘာက ကြိုးစားနေသော အင်တာဖရွန် အစရှိသည့် ဆေးဝါးများထက် မနှိုင်းယှဉ်သာအောင် ကုန်ကျစရိတ် နည်းပါးလှသည်။ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရမည်။ အခြေအနေကောင်းပါက နိုင်ငံခြားဝင်ငွေ ရလာနိုင်မည်။ နိုင်ငံတကာနှင့် ချီ၍ အသုံးပြုလာလျှင် ကင်ဆာနှင့် ပတ်သတ်၍ အသိသစ်များ တိုးဝင်လာနိုင်မည် စသည်ဖြင့် ရောက်တတ်ရာရာ စိတ်ကူးယဉ်ခဲ့ကြသည်။

ပြောရင်းဆိုရင်း သူတက်ကြွလာဟန်တူသည်။ ကျွန်တော် မစောင့်နိုင်တော့ဘူးဆရာ၊ အရှုံးမရှိပါဘူး၊ မအောင်မြင်ရင်လည်း အရင်းပေါ့ ဟု ပြောခဲ့သည်ကို အလေးအနက် မထားမိခဲ့။ တပည့်ရယ် စောစောကတည်းက ဆရာ့ကို ပြောပါဦးလား။ ပြောရင် ဆရာက တားမှာ စိုးလို့လား၊ တားရမှာပေါ့တပည့်ရယ်၊ ခုတော့...

စိုးကျော် ဆတ်ခနဲ တွန့်သွားသည်။ မွန်မွန်က သူ့ရင်ကို အသာ ဖိပေးထားကာ စိုးရိမ်တကြီး ကြည့်နေ၏။ သူ့အသိစိတ်ထဲဝယ် ပြိုးကနဲ ပြက်ခနဲ အရောင်များကို မြင်နေသည်။ အမှောင်ထုထဲမှာ ကင်ဆာမြစ်များ ကုတ်တွယ်နေသော လူ့အဆုတ်တစ်ခုကို သူ မြင်ရသည်။ ကင်ဆာဆဲလ် တစ်ခုသည် ဘီလူးကြီးတစ်ကောင်လို ကြီးထွားလာကာ သူ့အား တိုက်ခိုက်ရန် ပြေးလာနေ၏။

ဂျာနော (၄) ပေးပါ။
ကင်ဆာကို သတ်ရမယ်။
မွန်မွန်ရေ...

ထိုခဏ၌ တခဲနက်သော အမှောင်ထုသည် သူ့ထံသို့ ပြေးဝင်လာလေ၏။
သူ ငြိမ်သက်သွားသည်။

***
နိဗ္ဗာန်ယာဉ်နှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ပင် သုသာန်ဝင်းအတွင်းမှ ထွက်ခွာသွားကြလေပြီ။ သုသာန် ဇရပ်ထဲမှ သံဃာတော်များ၏ သရဏဂုံတင်သံကို တစ်ချက်တစ်ချက်၌ ကြားနေရ၏။ ဇရပ်နှင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် (တိုင်းရင်း) ဆေးကျောင်းသားတစ်စု ထိုင်နေကြသည်။ အုတ်ဂူတစ်လုံးကို မှီ၍ ထိုင်နေသော ကျောင်းသားတစ်ယောက်က ပြောလိုက်၏။

"နှစ်ယောက်စလုံးကတော့ လူတော်ချည်းပဲ။ ဒါပေမဲ့ ဦးစိုးကျော်က ကြောင်လွန်းပါတယ်ကွာ။ စာတွေ ဖတ်လွန်း အားကြီးရင် ကြောင် သွားတတ်သတဲ့ကွ။ ငါတော့ ဆရာညိုကို နှမြောတယ်။ ဂျီပီ သိပ်ကောင်းတယ်နော်။ အောင်မြင်နေတုန်းမှာ ခုလို ဖြစ်ရတာ ရင်နာစရာပဲ"

ဆရာ ဦးဝင်းရှိန်သည် သစ်ပင်အောက်မှ ထွက်လာခဲ့မိသည်။ သုသာန်ဝင်း အပြင်သို့ ဦးတည်နေသော ခြေလှမ်းများသည် လေးလံလာသည် ထင်ရ၏။ အမှတ်မထင် မိုးကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

မိုးအုံ့နေသဖြင့် နေမသာသေးပေ။

***
(စပယ်ဖြူ မဂ္ဂဇင်း - February 1986)

***