Friday, April 9, 2010

၃ ရက်တာ...

ပထမနေ့

အတော်ပင်ပန်းပါတယ်။
စရောက်ရောက်ချင်း ဘာလုပ်ရမှန်း မသိဘူး။
တကယ်တော့ နည်းနာတွေက တခါမှသာ မလုပ်ဖူးတာ စာအုပ်တွေထဲကနေ နည်းအမျိုးမျိုးကို အလွတ်တောင် ရနေပြီ ဆိုရမယ်။ ဒါပေမဲ့လည်း တကယ်လုပ်တော့မယ်ဆိုတော့ ဘယ်ကစလို့ ဘာလုပ်ရမယ် မသိဘူး။ ဒီတိုင်း ငြိမ်ငြိမ်လေးပဲ ထိုင်နေတယ်။ ဒါပေမဲ့ စိတ်တွေက လွင့်နေတယ်။

"လူက ငြိမ်ငြိမ်လေး ထိုင်နေပေမဲ့ ကိုယ့်စိတ်တွေ လွင့်နေတယ်" ဆိုတဲ့ ရေးခဲ့ဖူးတဲ့ လွမ်းချင်းတစ်ပုဒ်ကိုတောင် သတိရမိတယ်။

ဝင်လာတာတွေဟာ အများကြီးပဲ။ တခါမှ မတွေးခဲ့ဖူးဘူးလို့ ထင်ခဲ့တဲ့ အကြောင်းအရာတွေတောင်မှ ဝင်လာတယ်။ ကျောင်းတုန်းက 0 1, 1 0 တွေလည်း ပါသေးတယ်။ အတော် စွဲခဲ့တာကိုး။

၁ဝ နာရီမှာ ဆရာတော် တရားဟောပြီး၊ အသစ်တွေကို သပ်သပ် ထိုင်နည်းပြောပြတယ်။ ကိုယ်သိပြီးသားဆိုလည်း ဆရာတော်ပြောမှ လိုက်လုပ်တတ်သလို ဖြစ်နေတယ်။

စင်္ကြံလျှောက်နေတုန်း "ခုနောက်ပိုင်း game တွေ မကစားဖြစ်တာ တော်သေးတယ်" လို့ တွေးမိတယ်။ ၁ဝ တန်းအောင်ပြီး game တွေ သဲကြီးမဲကြီး ဆော့နေတဲ့ကာလမှာ ဥပုသ်စောင့်တော့ နားနေတဲ့ခဏမှာ မျက်စေ့ထဲ game အကွက်လိုက်၊ အကောင်လိုက်တွေ မြင်လာတာကိုး။

နောက်ပိုင်းမှာ game နဲ့ မပတ်သတ်မိအောင် နေခဲ့တာ fb က game တွေတောင် သွားမစဘူး။ invitation တွေ ရာချီ ရောက်လဲ အကုန် ignore လုပ်ခဲ့တယ်။ ခုဆို မသိတဲ့လူတွေကိုတောင် friend list ကနေ အကုန် ဖြုတ်ချလိုက်ပြီ။ fb က check ချင်တဲ့လူကို check ဖို့ထားရုံမျှသာပါပဲ။ :)

ပတ်သတ်ဆက်စပ်ခဲ့တာတွေ များတာဟာ မကောင်းဘူး။ ကိစ္စဝိစ္စတွေ များတာဟာ မကောင်းဘူး။ ကိစ္စများတော့ အတွေးများတယ်။ ဒီလိုအချိန်မှာ ဒုက္ခပေးတာပဲ။ လောလောဆယ် မပတ်သတ်တဲ့ game ကိုတောင် အရင်က ပတ်သတ်ခဲ့ဖူးတာ ပြန်တွေးမိပြီး ခေါင်းထဲ ပေါ်ဖြစ်အောင် ပေါ်လာသေးတယ်။

အဲဒီနေ့က ပထမဆုံးနေ့ ဖြစ်တာရော၊ ထမီဝတ်ထားရတဲ့ tension ကြောင့်ရော အတော်ကို ခံစားရတယ်။ လူတကိုယ်လုံးက မီးထတောက်တော့မယ့် အတိုင်းပဲ။ ထိုင်ရင်လည်း ဘယ်လောက်မှ မထိုင်နိုင်ဘူး။ လျှောက်ရင်လည်း ဘယ်လောက်မှ မလျှောက်နိုင်ဘူး။ ၁၅ မိနစ်လောက် ထိုင်လိုက်၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်နဲ့ အတော်ကို ဂဏာမငြိမ်ပါလားလို့ တွေးမိတယ်။

ထိုင်တဲ့အခါ လက်ကို ခွေပြီး တင်ထား၊ ဒါမှမဟုတ်လည်း ဒူးပေါ် ဆန့်ထားတယ်။ ဘယ်လိုမှ မခံစားနိုင်အောင် လက်ထဲက အောင့်လာတယ်။ ဝေဒနာကို ရှုဖို့ဆိုတာ တကယ်တော့ ဘယ်လိုမှ မလွယ်တဲ့ အလုပ်ပဲ။ ဒါတောင် အကျင့်မရှိတဲ့ ကိုယ်အမူအရာကို အကြာကြီး လုပ်နေရလို့ ဖြစ်တဲ့ ဝေဒနာ။ ကျန်းမာရေး ချို့တဲ့၊ အားအင်ကုန်ခန်း
ပြီးမှ ရတဲ့ ဝေဒနာမဟုတ်ဘူး။ အဲဒီလို အခြေအနေမျိုး ရောက်မှသာ ဒီအလုပ် စလုပ်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဘယ်နေရာကဝေဒနာကို စူးစိုက်ပြီး ရှုရမယ်မှန်း မသိအောင်ကို တကိုယ်လုံးက
နေရာလပ်မကျန်အောင် နာနေတယ်။ ကိုယ် အရမ်းပြန်ချင်တယ်။ လှဲအိပ်လိုက်ချင်တယ်။

ပြန်ရတော့မယ် ဆိုတော့ အတော်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်သွားတယ်။
လမ်းပေါ်ရောက်တော့ ခုနက ဝေဒနာတွေ အလိုလို ပျောက်သွားတယ်။


မမသီတာ၊ အကိုဧရာတို့နဲ့တွေ့တယ်။ ခဏလေး နှုတ်ဆက်ရုံလေးပါပဲ။


ညဘက် ဆာပေမယ့် နေနိုင်ပါတယ်။ မေ့ပြီး သီချင်းဖွင့်မိတယ်။ အဲဒါကိုလည်း သတိမထားမိဘူး။


***

ဒုတိယနေ့


ထမီ ဘယ်လိုမှ ဆက်မဝတ်နိုင်တော့ဘူး။ ဝတ်ထားတဲ့ နေရာက ပူပြီး၊ ဆုတ်ဆွဲထားသလို ခံစားရတယ်။ ချည်သားဘောင်းဘီတွေ ရှိတော့ အဲဒါတွေနဲ့ အဆင်ပြေသွားတယ်။

I don't know why our ancestors adopted the others' culture, ထမီ!

ထိုင်ရတာ မနေ့ကထက် ပို အဆင်ပြေလာတယ်။ မနက်ပိုင်း တရားမဟောခင်ထိ ကောင်းကောင်းထိုင်နိုင်တယ်။

ထမင်းစားချိန်ရောက်တော့ ဟင်းတခွက်က ဒန့်သလွန်သီးပါတဲ့ သီးစုံဟင်း။ ရုတ်တရက် cbox နဲ့ kkmg ကို တွဲသတိရပြီး ပြုံးစိစိ ဖြစ်သွားသေးတယ်။ စိတ်ထဲမှာ ဘာလို့မှန်းမသိ ရယ်ချင်သွားတာ။ ရယ်ချင်နေတာကို စိတ်ထဲမှာ အမှတ်ထားပြီး ဆက်စားဖြစ်သွားပါတယ်။

ကြက်သားဟင်း လုံးဝ မတို့ပါဘူး။ တခြားဟင်းရံတွေပဲ စားနေမိတယ်။ ရောင့်ရဲနေတာတော့ မဟုတ်ဘူး။ ကိုယ်စားချင်တာ ရွေးစားတာပါ။ ကြက်သား၊ ဝက်သားက ကိုယ့်ဘာကိုယ် စားနေရလို့။ တဏှာ၊ တဏှာ... ရသတဏှာက အဲဒီထိအောင် စွဲနေသေးတယ်။ အလှူရှင်တွေက ဟင်းတွေ အတင်းလာထည့်ပေးကြတယ်။

စားနေတုန်းမှတ်ရတာ ပိုခက်တယ်။ မြန်မြန် ဖျတ်ဖျတ်နဲ့ စားနေကျဆိုတော့ အဲလို ခဏခဏ စားမိတယ်။ ဖြည်းဖြည်းဆေးဆေး အမှတ်နဲ့ စားရတာ အတော်ခက်ပါတယ်။

စားပြီး တစ်နာရီပြည့်အောင် လျှောက်နိုင်တယ်။ ပြီးတော့ တစ်နာရီပြည့်အောင် ပြန်ထိုင်နိုင်တယ်။ ပထမနေ့ကလို မဟုတ်တော့ဘူး။ ဒါပေမဲ့ စိတ်ကတော့ ဖမ်းရခက်တုန်းပဲ။ ရန်ကုန်က တနေရာကို ခဏခဏ ရောက်သွားတယ်။ အသံတချို့ကို ကြားမိတယ်။

အပြန်ကျ SSC မှာ shopping ကြသေးတယ်။ ဘာမှတော့ ဝယ်မလာဖြစ်ဘူး။ တကယ်တော့ မလုပ်သင့်ဘူး။ အာရုံအသစ်တွေကို ထပ်မရှာသင့်တာ။

အဲဒီနေ့ အိမ်ပြန်ရောက် ကွန်ပျူတာ ဖွင့်တော့မှ သတိထားမိတယ်။ မနေ့က သီချင်းနားထောင်လိုက်သေးတယ် ဆိုတာကို...

***
တတိယနေ့

အိပ်ရေးနည်းနည်း ပျက်ခဲ့တယ်။
မနက်တပိုင်းလုံး အဆင်ပြေပေမယ့် နေ့လည် ထိုင်တော့ အိပ်ငိုက်မိတယ်။ ဒါနဲ့ မျက်လုံးကို တ​ဝက်ဖွင့်ထားမိတယ်။ မှတ်စိတ်တွေ သိပ်တိုးတက်လာတယ်လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ လုပ်ချင်စိတ် ရှိနေတယ်။ ကိုယ့်သာသာ တော်တော်မလွယ်တဲ့ဟာပါလား လို့ သိလာတယ်။

လမ်းလျှောက်တဲ့အခါမှာ ပြန်လှည့်လိုက်တဲ့ အချိန်မှာပဲ အာရုံက လှစ်ခနဲ လွင့်တတ်တယ်။
ခြေလှမ်း ၁ဝ လှမ်းစာ သတိမပြတ်ရှိနေဖို့ဟာ မလွယ်ဘူး။
တစ်နေရာမှာ စူးစိုက်နေနိုင်ရင် ကျန်တာတွေက အလိုလို မှိန်သွားတယ်။

အဲဒီနေ့က စောပြီး ပြန်ခဲ့တယ်။
နောက်နေ့ ရုံးပြန်တက်ဖို့လည်း ရှိနေတော့...

နောက်ကြုံရင် သွားကြဖို့တော့ တိုင်ပင်မိတယ်။

အတူတူထိုင်တဲ့ ညီမလေးတစ်ယောက်က "ဆရာတော်ဟောတဲ့ထဲမှာ ဝင်သက်မဆုံးခင် ထွက်သက်မဆုံးခင်မှာပဲ သေသွားနိုင်တယ်လို့ ပါပေမဲ့ စင်္ကြံလျှောက်တော့ ငါ့နေရာလို့ စွဲနေတယ်" လို့ ပြောတယ်။ ဟုတ်တယ် တခါတခါ ကိုယ့်အတွက် အသုံးမဝင်နိုင်ဘူးဆိုတာ သိရက်နဲ့တောင် မစွန့်နိုင်တာတွေ ရှိနေတယ်။

***
သတိကို အမြဲ မပြတ်ကပ်လို့ စိတ်ကို စောင့်ထိန်းရတဲ့ အလုပ်ဟာ လုပ်ဖူးခဲ့သမျှ
မှာ အခက်ခဲ အပင်ပန်းဆုံးပဲ။ ထပ်ကြိုးစားကြည့်ဦးမယ်။

***

14 comments:

khin oo may said...

အားကျမိတယ်။

sonata-cantata said...

ဆရာတော်ကို စာရွက်တွေ ကပ်စရာရှိလို့ ခဏလေး လာလိုက်တာ...
သတိကို အမြဲ မပြတ်ကပ်လို့ စိတ်ကို စောင့်ထိန်းရတဲ့ အလုပ်ဟာ လုပ်ဖူးခဲ့သမျှမှာ အခက်ခဲ အပင်ပန်းဆုံးပဲ။ ထပ်ကြိုးစားကြည့်ဦးမယ်။
အဖိုးတန်တဲ့ ပို့စ် အဆုံးသတ်လေးပါ...

မြတ်နိုး said...

ကောင်းတယ်..
လုပ်.
သေရင်ကိုယ့်နောက်ပါမှာ..ဒါနနဲ့ ဘာဝနာပဲ။

စုချစ် said...

မရီတာ... SMC ၃ရက်စခန်း ၀င်ခဲ့တယ်နဲ့ တူတယ်...
သာဓု... သာဓု... သာဓု...

အတ္တ said...

သာဓုဗျာ... သာဓု.... သာဓု...


ကိုယ့်အတွေ့အကြံလေးကို ပြန်ပြောပြတော့ မလုပ်ဖြစ်သေးသူတွေလည်း လုပ်ဖို့ စိတ်ဝင်စားလာတာပေါ့...။

လုပ်ဖူးသားလူတွေလည်း ပြန်လုပ်ဖို့ သတိပေးသလိုပါပဲ..

သာဓု ပါ ညီမလေးရေ... သာဓု... သာဓု...

Vista said...

သာဓု သာဓု သာဓုပါ
ကိုယ်ကတော့မြန်မာပြည်မှာပဲတရားစခန်းဝင်ဖြစ်တယ် ၁ ပတ် တို့ ၉ ရက်တို့ ပေါ့ ။ အိမ်ပြန်မလာချင်တော့ဘူး ၊အပြတ် ရရက်ဆိုလည်းအဲမှာပဲနေချင်တယ် ၊ ထိုင်နေမကျတဲ့ လူကအစမှာခက်ပါတယ် ။ ကြိုးစားပါရီတာ အားပေးပါတယ်။ ကုသိုလ်ဘာညာ အသာထား ကျန်းမာရေးလည်းကောင်း စိတ်လည်းချမ်းသာတယ်။

Shinlay said...

သာဓုပါ။ သတိကို အမြဲ မပြတ်ကပ်လို့ စိတ်ကို စောင့်ထိန်းရတဲ့ အလုပ်ဟာ လုပ်ဖူးခဲ့သမျှမှာ အခက်ခဲ အပင်ပန်းဆုံးပဲ။ ကျမလည်း တဖြေးဖြေး ကြိုးစားနေပါတယ်။

san said...

ိမ“ မ ရဲ့ ပို့ကိုဖတ်ပြီး အရင်က ချမ်းမြေ့ကျောင်းမှာ ဝင်ခဲ့တာတောင် သတိရတယ်။ သတိကို ကပ်ရတာ တော်တော်ခက်တယ်နော်.မြန်မာစာ fontကို မရိုက်တတ်ပဲနဲ့ ကြိုးစားပြီးရေးလိုက်တယ်။ အလုပ်မလျှောက်ပဲ ရေးနေ ဖတ်နေ လို့ ညီမ ကိုမဆူနဲ့နော် ဟဲဟဲ..နောက်ဆို မသေချာလို့လေ။
ချစ်တဲ့...

little brook said...

အဟားဟားဟား အမ ထမင်းစားပွဲးဝိုင်းကြီးမှာ ရုပ်တည်နဲ့ မျက်လွှာလေးချ .. မျက်တောင်ဖျားလေးအဆုံးမှာ မြင်လိုက်ရတာက ဒန့်ဒလွန်သီးထိုးထိုးထောင်ထာင်လေး .. အသံက အခွိဆိုပြီးထွက်လာ .. ဟားဟားဟား
ကျွန်တော်တကယ်ပြေးမြင်တယ် .. :D

ဇွန်မိုးစက် said...

သာဓုပါ ရီတာရေ။ သာဓု....သာဓု။

၇ရက်တစ်ပတ်ဝင်တာတောင် ထွက်ခါနီးမှ သမာဓိရပြီး စိတ်ငြိမ်သွားတယ်။ ပထမ ၃၊ ၄ရက်လောက်မှာ စိတ်တွေသိပ်ပျံ့လွင့်တာပဲ။ စိတ်ကိုနိုင်အောင်ချုပ်ရတာ၊ စိတ်နဲ့စစ်ပွဲတွေဆင်နွှဲရတာလောက် ပင်ပန်းတာမရှိတော့ဘူး ရီတာရေ။

ကိုယ်နိုင်သလောက် လုပ်ဖြစ်တာ ၀မ်းသာမိတယ် ရီတာရေ။ နောက်လည်းကြုံဦးမှာပါ။း)

Kyaw Hnin Se Lwin said...

ရီတာရေ
သာဓုပါ
အမလည်း ရီတာရေးတာကြည့်ပြီး ၀င်ကြည့်ချင်သားနော်။
အတွေ့ကြုံလေးတွေ ပညာယူသွားပါတယ်။

SHWE ZIN U said...

မရီတာ ရေ သာဓု ပါ
ကျနော်တော့ အခုထိမိုက်တွင်းနက်တုန်း

ခင်တဲ့
ရွှေစင်ဦး

Rita said...

သာဓုလာခေါ်ကြတော့ ကိုယ်နဲ့ မတန်ဘူး ထင်မိပါတယ်။ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့လို့ပါ။

ဒါပေမဲ့ ကုသိုလ် ရသလောက်လေးကို share လုပ်ရတာပေါ့ တွေးမိတော့လည်း ဝမ်းသာမိပါတယ်။

1st time မှာ ကိုယ်ဘာလုပ်ခဲ့တယ်၊ ဘာဖြစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းထားချင်လို့ပါ။

Phyo Maw said...

နေရာစွဲလိုပဲ ကိုယ့်အတွက်ဆိုပြီး တခုမဟုတ် တခု စွဲနေတာ လူအများမှာ ရှိသလိုပဲ
ဥပမာ
ကော်ဖီသောက်ရင် ဒီခွက်က ကိုယ့်ခွက်ဆိုတာမျိုး
လူ၂ ယောက် ထမင်း အတူတူစားပြီးလို့ စားပြီးသားပန်းကန်ကို ကိုယ်နဲ့ဝေးရာတွန်းထုတ်ပြီး ကိုယ့်ရှေ့ကနေရာကို ကိုယ့်နေရာလို့ မြင်နေတာမျိုး လုပ်တတ်တာမျိုး အစွဲ ဆိုတာ လောဘကြောင့်များလား..
မသိတော့ပါဘူး ရေးရင်း =D