Sunday, April 11, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁၂) - အဆုံး

24th Feb 2010

တစ်ယောက်တည်း ကျန်ခဲ့တယ်။
ဒီတခေါက်ပြန်တာမှာ ခရီးထွက်မသွားခင်တည်းက တစ်ယောက်တည်းပဲ ၄/၅ ခါ မက ဟိုဟိုဒီဒီ သွားခဲ့ရတယ်။ ဒါပေမဲ့ အနီးမှာရှိနေတာဆိုတဲ့ အသိနဲ့ အဝေးရောက်နေတာဆိုတဲ့ အသိ မတူဘူး။

***

ဝက်သားတုတ်ထိုး :D


တစ်ခါတည်းပါ...


မြန်မာပြည်ရောက်ရဲ့သားနဲ့မှ တခါလေးတောင် မစားရရင် ကိုယ်တော့ သေမှာပဲ။

ညနေဘက်မှာ အလုံက အမျိုးတွေဆီ သွားတယ်။
ကိုယ့်ဦးလေး ဝမ်းကွဲမိသားစုက ကလေးတွေ ကျောင်းတက်တော့ ရန်ကုန်မှာ လာနေ။
ဆေးလာပြတဲ့ ကိုယ့်အဘိုးလေး၊ အဘွားလေးကို သွားတွေ့တာ...

ငယ်ငယ်တုန်းကလို့ အစချီပြီး ပြောတော့ စိတ်က အတိတ်ကို ပြန်ပြေးတယ်။

အဘွားတွေ ရင်ခွင်ထဲ ပြန်ဝင်လို့ အိပ်ရာဝင်ပုံပြင်တွေ နားထောင်ချင်သေးပေမဲ့လည်း နေပါစေတော့... သူငယ်တန်းကစပြီး ကျောင်းပြန်တက်နေရဦးမယ်။
ဘာကိုမှ ဆုတ်ကိုင်မထားချင်ပါဘူး။ လက်ညောင်းလို့ ဆိုတာလိုဖြစ်နေပြီ။

***
ဗိုလ်ချုပ်ဈေး



၁ဝ တန်းလောက်အထိတော့ ကြီးကျယ်ခမ်းနားတဲ့ ဈေးလို့ ထင်ခဲ့မိတယ်။
နောက်တော့လည်း ဘာမှ မဟုတ်ပါလား...



ဗိုလ်ချုပ်ဈေးက နောက်ပိုင်းတော့ သိပ်ရောက်ဖြစ်တော့တဲ့ ဈေး မဟုတ်ဘူး။



စင်ကာပူရုံးက လူတွေအတွက် လက်ဆောင်ဝယ်ဖို့ သွားတာပါ။ Jade key chain ဝယ်တော့ လုပ်ပေးတာကို စောင့်ဝယ်ဖြစ်တယ်။ ခဏထိုင်နေရင်း ဆိုင်နီးနားချင်းတွေ စကားပြောကြတာ နားထောင်ခဲ့ရတယ်။


"သမီး ဒီနှစ် ဘယ်အခန်းရလဲ"
"A ခန်း မရဘူး"
"ဟုတ်လား"
"ဟုတ်တယ်။ သူ့ထက် လပတ်တွေမှာ အမှတ်နည်းတဲ့ ကလေးတွေက A ရကြလို့... ဒါနဲ့ သမီးကို ပြောရတယ်။ သမီးရေ မာမီ သမီးတို့ ကျောင်းအုပ်ဆီကို ဖုန်းလှမ်းဆက်ရင် တချက်ပဲ။ ကျောင်းတုန်းက ကိုယ့်ထက် အငယ်တန်းကလေ။ ကိုယ်က သူ့စီနီယာ။ ဒါပေမဲ့ မာမီ ဒါမျိုးကို အရမ်းရှက်တယ်။ ဘယ်တော့မှ မလုပ်ဘူးလို့။"

တကယ်တော့ ကိုယ် အဲလို အရေးကိစ္စတွေနဲ့ မိဘတွေရဲ့ တုံ့ပြန်စီမံပုံကို စိတ်ဝင်စားတယ်။
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ အလုပ်မဟုတ်တာ အရေးမပါတာတွေနဲ့ ရှုပ်နေတာပဲ။ လွယ်တာကို မခက် ခက်အောင် လုပ်နေကြရတယ်။ ဘယ်နေရာဖြစ်ဖြစ်။

စိတ်ကုန်...






ဒီတခါတော့ ဘယ်သူ့မှ hate လို့ မရဘူး။ ကိုယ့်ဘာသာပဲ hate တယ်။
တယောက်တည်း သွားခဲ့ရတော့ ဘယ်နား ဘာရှိမှန်းလဲ မသိဘူး။ သိလဲ မသွားချင်ဘူး။
ဗိုက်ပြည့်ပြီးရောပဲ စားရတော့တယ်။


ပြီးတော့ Beauty Saloon ကို တခါ ထပ်သွားတယ်။ တာမွေဘက်မှာ။ အဲဒါလည်း ရုံးက အစ်မတွေ သွားနေကျဆိုင်။ ဒီလိုကိစ္စမျိုးတွေနဲ့ အစားအသောက်ကိစ္စတွေဆို သူများနောက်ပဲ လိုက်တယ်။ ဘယ်သူ့နောက်ပဲ လိုက်လိုက် သိပ်ပြဿနာ မရှိလှဘူး။ ဘာမှ ဇီဇာမကြောင်တတ်လို့။

အောင်ဆန်းကွင်းဘေးက ဖြတ်သွားတုန်း တခုခုကို ဖျတ်ခနဲ သတိရလိုက်တယ်။
ဘယ်လောက်တောင် အာရုံက ပျံ့လွင့်နေသလဲဆိုရင် ချက်ချင်းပဲ ဘာကို သတိရလိုက်တာလဲဆိုတာ သတိမရတော့ဘူး။ ခုပြန်စဉ်းစားလဲ မသိတော့ဘူး။

***
ရွှေတိဂုံ



ဆံပင်ကိစ္စပြီးတော့ ညနေ ဆရာဝန်ပြဖို့ရှိတယ်။
အဲဒီသွားဖို့ကလည်း စောနေသေးတော့ ဘုရားကို ရောက်တယ်။



ဆွမ်းဆန်စိမ်းအတွက် ငွေလှူခဲ့တယ်။
ဘယ်လိုပုဂ္ဂိုလ်ကို လှူတာ၊ ဘယ်လိုအလှူမျိုးကို ပြုတာတွေက ဘယ်လိုပိုလို့ အကျိုးရှိတယ်ဆိုတာတွေ ဘယ်လိုဖတ်ခဲ့ဖူးလဲပဲ ရွှေသင်္ကန်းကပ်ရတာထက် ဆွမ်းဆန်စိမ်းလို အလှူမျိုးကို လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်တယ်။ လှူပြီးသွားရင်လည်း စိတ်ထဲမှာ ပိုအားရနေမိတယ်။

ဒီတခေါက်အပြန်ခရီးမှာ ကိုယ် ကျောင်းတုန်းက ကိုင်တဲ့ 992S - scientific calculator ကို မန္တလေး - ကွန်ပျူတာ တက္ကသိုလ်တက်နေတဲ့ တကယ်ကို လိုနေတဲ့ ကျောင်းသားတစ်ယောက်ကို ပေးလိုက်နိုင်တာကိုလည်း စိတ်ထဲ သိပ်အားရနေမိတယ်။

တကယ်တော့ အသိ(နားလည်မှု)နဲ့ လုပ်ရပ်ဟာ တထပ်တည်းကျဖို့ မလွယ်ဘူး။ အကျိုးအကြောင်း အဆိုးအကောင်း သဘောတရားတွေသိလည်း မျက်စေ့ရှေ့မှာ သိသိသာသာ အကျိုးကျေးဇူးတစ်ခု (အဲဒီအကျိုးဟာ ကိုယ့်အတွက် ဖြစ်စရာမလိုဘူး) ချက်ချင်းလက်ငင်း ရသွားတာ၊ ရမှာ သေချာတာကိုပဲ လုပ်ချင်တယ်။ ဒါဆို ကိုယ်က ရုပ်ဝါဒီလား။











1999 မှာ လေ့လာခဲ့တယ်။ ခုထိ နားလည်တယ် မထင်ဘူး။



အဲဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း စိတ်ထဲမှာ အတော် အေးအေးချမ်းချမ်း ဖြစ်လာတယ်။ တစ်ယောက်တည်းကျန်ခဲ့တာကို အလိုမကျတဲ့စိတ် ပျောက်သွားတယ်။ (တကယ်တော့ တစ်လလုံး ခရီးသွားရမယ့် အခြေအနေ။ ကိုယ်ကလည်း ဒီလပဲ ပြန်လာမယ် ဆိုတော့ နောက်အကျဆုံး ရွှေ့ပေးထားတာ။ သွားပါ လို့လည်း ပြောခဲ့မိပါတယ်။ ဒါပေမဲ့လည်း...)

အရာရာကို ခွင့်လွှတ်ချင်လာတယ်။ ဒီ့ထက်ပိုကြာကြာနေရင် ခွင့်မလွှတ်ဘူးလို့ ဆုံးဖြတ်ထားတာတွေကို ခွင့်လွှတ်မိသွားမှာစိုးလို့ ဘုရားပေါ်က မြန်မြန် ပြန်ဆင်းလာခဲ့တယ်။

အဝိဇ္ဇာတွေ...

***

ကြေးအိုး


ရွှေဘုံသာလမ်း နောက်ဘေးလမ်းက ဘာလမ်းလဲ မမှတ်မိတော့ဘူး။ အဲဒီက...

သေချာရိုက်ချင်စိတ်လည်း မရှိဘူး။
အဲဒီတုန်းမှာ ဖုန်းလာတယ်။

***
ဆေးခန်း



တစ်ယောက်တည်း.....
ဒေါက်တာ့ကို နက်ဖန်ပြန်ရတော့မှာ ပြောတော့ ဆေးဆက်သောက်ပါ ပြောတယ်။
ပြီးတော့ ဆေးတွေအကြောင်းရှင်းပြနေသေးတယ်။

ပြောတယ်မို့လား စကားကို သူလိုလားမှ ပြောမယ့်ပုံစံလို့...
soothing effect တို့၊ burning effect တို့၊ ဘယ်ဆေးကတော့ ဘယ်လိုတို့...
chemical term တွေ၊ medical term တွေ ကိုယ်ဘာသိမှာလဲ။ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ လိုက်လုပ်လာတာ။ ဒေါက်တာကလဲ ဆရာဈာန်ဝင်သွားလား မသိဘူး။ စာရှင်းသလို ရှင်းနေတယ်။ ကိုယ်လဲ စာသင်ရသလိုပဲ ဘာမှန်းမသိတာတွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့... (ကျောင်းတုန်းကအတိုင်းပဲ။
အကျင့်က)

ချုပ်ရရင်တော့ ဆေးတစ်လစာ ဝယ်ပြီး ပြန်လာတယ်။

***


ဆေးခန်းကနေ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပါပြီ။ သူငယ်ချင်းတချို့ အိမ်လာစောင့်နေကြတယ်။ သူတို့သာ လာမစောင့်ရင် လုံးဝ တွေ့ရမှာ မဟုတ်ဘူး။ ဒါနဲ့ အပြင်ထွက်ပြီး လမ်းဘေးဆိုင် ထိုင်ပြန်တယ်။ လေတဖြူးဖြူးနဲ့ မီးမှိန်မှိန်နဲ့... စကားတွေ ဟိုရောက် ဒီရောက်ပြောဖြစ်တယ်။

ကျောင်းတုန်းကလိုပဲ။ ဒါပေမဲ့ ကျောင်းတုန်းက စိတ်နှလုံးကို ပြန်မရနိုင်တော့ဘူး။ ကျောင်းတက်နေဆဲလူတွေ ဘာကွာလဲမေးရင်တော့ သိချင်ရင် ကျောင်းပြီးကြည့်လိုက်လို့ပဲ ပြောရမယ်။

ဒါ ဝိုင်းကျူရှင်နဲ့ တွဲမိတဲ့ သူငယ်ချင်းတွေ...
တခြားတအုပ်စုကိုတော့ လုံးဝမှ မတွေ့ခဲ့ရတော့တာ။ တကယ်ပဲ ကိုယ်ဟာ နှမ်းဖြူးတတ်သူပါ။

အဲဒီထဲက သူငယ်ချင်းတစ်ယောက်ကိုတော့ ရင်ထဲကစကား ပြောခဲ့တယ်။
"ငါ မြန်မာပြည်ကို ပြန်လာရတာ ပျော်လှတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်ရတော့မယ်ဆိုတော့ ဝမ်းနည်းတယ်"

***
ဘိန်းမုန့်

ဒီက သူငယ်ချင်းတစ်ယောက်က လျှာရှည်ခွာရှည်နဲ့ စားချင်လှချည်ရဲ့ လှမ်းမှာလို့... ရန်ကုန်က သူငယ်ချင်းခမျာ တကူးတကနဲ့ ဘိန်းမုန့်တွေမှာပြီး ပလပ်စတစ်ထမင်းဗူးနဲ့ အပြည့် ၃ ဗူး ထည့်ပေးလိုက်တယ်။ ကီလိုမပိုဘဲ ဘယ်နေပါ့မလဲ။ ဓါတ်ပုံတော့ မရိုက်လိုက်ရဘူး။

***

26th Feb 2010

လေယာဉ်ပေါ်မတက်ခင် ကိုယ့်ကို တိုက်ရိုက် အလုပ်ခန့်ခဲ့တဲ့၊
ကိုယ်နဲ့ မတွေ့ခဲ့ရတဲ့ ရုံးက ကိုယ့်ဒါရိုက်တာဆီကို ဖုန်းခေါ်တယ်။ မတွေ့လိုက်ရတဲ့ ဆရာတပည့်နှစ်ယောက် အတော် စကားပြောလိုက်ရပါတယ်။

***
ပြီးတော့... ဖုံးနံပါတ်တစ်ခုကို ထပ်ခေါ်တယ်။ မရဘူး။
ထပ်ကာ ထပ်ကာ ခေါ်တယ်။ မရဘူး။

နောက်တော့ ကဒ် ပြောင်းထည့်လိုက်တယ်။ အဲဒါ မှားသွားတယ် လို့ ဒီပြန်ရောက်ပြီးမှ သိတယ်။ ကိုယ်ခေါ်လို့ မရပေမဲ့ သူခေါ်နေနိုင်သေးတာ မတွေးမိလိုက်ဘူး။ တခါတခါ ဘာမဟုတ်တာလေးကို အကျိုးသင့် အကြောင်းသင့် မတွေးနိုင်တာ အတော် အံ့သြဖို့ကောင်းတယ်။


နေရစ်တော့ မြန်မာပြည်...

***
မရောက်ဖြစ်ခဲ့တဲ့ နေရာတွေ

1) ရန်ကုန်က သူငယ်ချင်းတွေ အိမ် (ဘယ်သူ့အိမ်မှ မရောက်ဖြစ်ဘူး)
လာတွေ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမေကျန်းမာရေး မကောင်းတာ သိရက်နဲ့ကို မရောက်ခဲ့နိုင်ဘူး။
2) အီးစီ ဌာနမှူးဆီ
3) စိမ်းလန်းစိုပြေက zephyr
4) MES (သက်တမ်းသွားတို့ဖို့ ရှိတာကို မရောက်ဖြစ်ခဲ့ဘူး)
5) Baldwin Library
6) ပခုက္ကူ

***

Nothingness





ဒီရေမွှေး မြင်တိုင်း ကိုဘ ကို စိတ်နာလွန်းလို့။


ညဘက်ကြီး ပြန်ရောက်တယ်။ စောစောထဖို့ ဘယ်တော့မှ စိတ်မဝင်စားလို့ မနက်လေယာဉ်မစီးဘူး။

ပြန်ရောက်ရောက်ချင်း အမေးခံရတဲ့ မေးခွန်းက
"အဆင်ပြေခဲ့ရဲ့လား"
ဘယ်သူတွေနဲ့လဲ။ ဘာကိစ္စလဲ။ ဘာအတွက်လဲ။
ပြန်မမေးပါဘူး။ ပြန်လည်း မဖြေဘူး။

Polar မှာ ထိုင်စားပြီးမှ ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ ၁၁ နာရီလောက် ရှိနေပါပြီ။

***
Poor Fish

"ပြင်ဦးလွင်မှာ မြနန္ဒာနှင့် သားနှင့် အနားယူပြီး နန္ဒာအလိုကျ တစ်ဘဝနေလိုက်သည်မှာ ပျော်စရာ မှန်ပေမယ့် ခွင့်ရသည့် လကုန်၍ ဆေးရုံရှိရာ၊ အလုပ်ခွင်ရှိရာ ပြန်ရမည်ဆိုတော့ ကိုကိုသည် လက်များ တုန်ရီအောင် ဝမ်းသာသည်။ အားလပ်ပျင်းရိနေသော သူ့လက်ချောင်းများသည် အလုပ်လုပ်ချင်ခြင်းဖြင့် ယားလှပြီ။

သူ့ဘဝမှာ နှာခေါင်းယဉ်၍ မွှေးသည်ဟုပင် ထင်သော ဆေးရုံက ပိုးမွှားကင်းစင်သော အနံ့တို့ကို မွှေးယောင်လာသည်။ ဘာမှ စဉ်းစားတွေးတောနေချိန် မရအောင် တဒင်္ဂမှ နောက်တဒင်္ဂသို့ လျှင်မြန်စွာ ကူးပြောင်း၍ အကြောင်းခြင်းရာများစွာ ဖြစ်ပေါ်နေသော ခွဲစိတ်ခန်းသို့ သူပြန်ချင်ပြီ။"


(မောင် ကိုကို နှင့် မြနန္ဒာ - ကြည်အေး)

Feb 27 နဲ့ 28 အလုပ်ပြန်ဝင်ဖို့ စောင့်နေချိန် အထက်က စာသားတွေ ပြန်ဖတ်မိတော့ ကိုယ့်ဘာသာ သနားလိုက်တာ။ နိုင်ငံခြားမှာ နေနိုင်ရုံ၊ ပိုက်ဆံရှာနိုင်ရုံနဲ့ပဲ ကိုယ်လိုမလုပ်နိုင်တဲ့ လူတွေကို သနားဖို့အကြောင်း ကိုယ့်အတွက်တော့ မလုံလောက်သေးဘူး။

နိုင်ငံခြား မထွက်ခင်
မြန်မာပြည်မှာ အလုပ်လုပ်နေတုန်း သင်္ကြန်ပိတ်ရက် အိမ်ပြန်တဲ့အခါ ၂ ပတ်ကျော် ၃ပတ်လောက် ဘာမှ မလုပ်ဘဲ ထိုင်နေပြီးတဲ့နောက်မှာ လုပ်ငန်းခွင်ရှိတဲ့နေရာ၊ သင်တန်းတွေနဲ့ လေ့လာစရာတွေ ရှိတဲ့နေရာကို တကယ်ကို စိတ်ထက်ထက်သန်သန်နဲ့ ပြန်ချင်ခဲ့ဖူးပါတယ်။

***
1st Mar 2010


အလုပ်ထဲ ပြန်ရောက်တယ်။
လူတွေ အသံတွေ ကိန်းဂဏန်းနဲ့ အတိုင်းအတာတွေ schedule တွေ...
ကန်တင်းနဲ့ စားသောက်စရာ...
နေ့ရက်တွေနဲ့
ပြန်လည်ရမယ့် သံသရာ...

နေ့လည်စာ စားပြီးတော့ မေမေ့ဆီ ဖုန်းလှမ်းဆက်ရင်း ကိုယ် ဝမ်းနည်းလာတယ်။

***
1st March မှာ ရန်ကုန်ပြန်ရောက်ပြီ။ ညကျ ဖုန်းပြောဖြစ်တယ်။
"ဒီမှာ ကိုယ်တစ်ယောက်တည်း" လို့။






လူတွေ အများကြီး ရှိပေမယ့် ကိုယ် တစ်ယောက်တည်းပါပဲ။

***
တွက်ရေးခက်တဲ့ ပုစ္ဆာ
ခုချိန်ထိလည်း အဖြေမထွက်ဘူး။


***
(ဒီတပိုင်း ရေးရတာ စိတ်မပါဘူး။)

***

20 comments:

SHWE ZIN U said...

မရီတာရေ

လာဖတ်သွားတယ်..တခါတလေတော့ အများကြီး ကိုယ့်ဘေးမှာ ရှိပေမဲ့ တယောက်ထဲ

တခါတလေတော့..တယောက်ထဲ ရှိပေမဲ့ လုံခြုံနွေးထွေးမှု့ အပြည့်နဲ့

ခင်တဲ့
ရွှေစင်

သစ်သစ် said...

အပြန်ခံစားချက်ကတော့ အများအားဖြင့် တူကြပါတယ် ရီတာ...
သစ်လည်း တစ်ယောက်တည်းပါပဲ ဘယ်လိုပဲစိတ်ကိုဖြေဖျောက်ထားထား တစ်ခုခုဆို တစ်ယောက်တည်းဆိုတဲ့ အားငယ်စိတ်က၀င်လာတတ်စမြဲပါ...
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းပဲ ဆိုတော့ မှားတယ်ထင်ရင်လည်း ကိုယ့်ဘာသာပဲ ကြိတ်မှိတ်ခံရမှာပါပဲလေ ...
ပျော်ရွှင်ပါစေ ရီတာ..

ချစ်ကြည်အေး said...

ထောပတ်ဘိန်းမုန့် ကြိုက်တယ် အရင်က...။ ရီတာရေ အားလုံး တယောက်ထဲပါပဲ ညီမရယ်... :)

Wunna said...

တစ်ယောက်ထဲဆိုတဲ့လူတွေ အများကြီးပဲနော်။ တစ်ယောက်ထဲ----ထမင်းစားရတာမုန်းတယ်။ အခန်းပြန်ရောက်လို့---ဘယ်သူမှမရှိတာမုန်းတယ်။ စာတွေများ၊ အလုပ်တွေရှုပ်၊ စိတ်ညစ်တာကိုပေါက်ကွဲဖို့ နားထောင်ပေးမယ့်သူမရှိတာမုန်းတယ်။ ----မုန်းတယ်။ ---မုန်းတယ်။ တကယ့်ကိုနားလည်စွာ သက်ပြင်းချပြန်သွားပါတယ်။ (အိမ်တော့ပြန်ချင်သေးတယ်။)။

khin oo may said...

ပျော်ရွင်ပါစေ rita

khin oo may said...

တို့ထပ်ကြွားပိုစ်ကလေးလာဖတ်ပေးပါဦး.

khin oo may said...

ိစိတ်နာသူကြီးကို ရှမ်းဝက်အူချောင်းလေး အမှတ်မရှိမှာလိုက်ပါဦး...

ဇွန်မိုးစက် said...

ဘိန်းမုန့် စားချင်တယ်။

ရီတာ့ shawl နဲ့ တို့ shawl တော်တော်ဆင်တူတယ်။း) အစင်းကြောင်းလေးတွေနဲ့။ ဇွန့်ဟာက ရေညှိစိမ်းရောင်အခံ။

လူတွေအများကြီး...ဒါပေမယ့် တစ်ယောက်တည်း၊ ဒီလိုပဲ ခံစားရတယ်။

jeujue said...

ဂျူးရေးတာလား ဘာလားမမှတ်မိတော့ဘူး။ သုံးသွားတာလေးကိုကြိုက်လို့။ မောင်အနားမှာမရှိတော့ လူများပေမယ့်ပွဲမစည်ပါဘူးမောင်ရယ်တဲ့။ အတိအကျတော့မဟုတ်ပါဘူး။

JeuJue

Thet Oo said...

တယောက်တည်း မဟုတ်ပါဘူး။ ရေးထားတာဖတ်ပြီး နှုတ်ဆက်နေသူတွေ ရှိနေသေးတာပဲ။

ကြည်ဖြူပိုင် said...

သန္တာမြင့်ကတော့ အရင်ကအတိုင်းပါပဲလား
လုံးဝကိုမပြောင်းလဲဘူးကိုး...
မြနန္ဒာကိုဖတ်မိတော့ တို့သူငယ်ချင်းမြနန္ဒာကိုလွမ်းသွားတယ်
ခပ်အေးအေးးလေးနဲ့ ဘာတွေလုပ်နေတယ်မသိ
ကျေးဇူးသူငယ်ချင်း
သူငယ်ချင်းအချို့ကိုပြန်မြင်ခွင့်ရခဲ့တယ်

စူး said...

တယောက်တည်း..ဒါပေမဲ့..လဲ..တယောက်တည်းးးးပါပဲ

sonata-cantata said...

ရီတာရေ...
ဆရာကြီး ဒေါက်တာဆွေမြင့်ကို သတိရသွားတယ်။
အိမ်မှာ အမေကစလို့ ညီအမလေးယောက်မှ အမကလွဲလို့ ကျန်သူအားလုံး သူ့လူနာချည်းလေ...ဆေးခန်းသွားရင် အမက အဖော်အဖြစ်ပါသွားတာ...
ဆရာကြီး သူ့ဇနီး အေး အကြောင်းပြောပြတာတွေပါ အမှတ်ရသွားတယ်...
အဲ့ဒီတုန်းက ဆရာကြီးလည်း သူတယောက်ထဲဖြစ်နေတဲ့အကြောင်း ပြောချင်ဟန်တူပါရဲ့...

မသီတာ

Rita said...

အော် ဆရာကြီးလည်း တစ်ယောက်တည်းကိုး...

ခဏလေး ဆေးကုခဲ့ရပေမယ့် နှစ်လိုမိပါတယ်။ စင်ကာပူမှာ ဘာလုပ်တာလဲ ဘာလဲ ကြာပြီလားတွေ မေးသေးတယ်။ ပထမဆုံးနေ့ကတော့ ခပ်တည်တည်နဲ့ စကား သိပ်မပြောဘူး။
:)

:) said...

ပထမဆုံးပုံက ဝက်သားတုတ်ထိုးကို ပြချင်တာလား၊ ဆိုင်တိုင်ကို ပြချင်တာလား..စဉ်းစားနေဒယ်...။

ဒီတိုင်ကိုမြင်တော့ "တိုင်ဖက်မငြင်းနဲ့"လို့ ပြောတဲ့ ဒဒလကကမ ကိုသတိရပြီး ပြုံးမိသေး...။

ချစ်သူအနားမှာရှိနေပေမယ့် သဘောချင်း တိုက်ဆိုင်မနေတဲ့ အချိန်မျိုးမှာ တစ်ယောက် တည်း လိုပဲ။ တစ်ခါတလေ မိဘတွေနဲ့ နီးနီးလေးနေနေပေမယ့် တစ်ယောက်တည်း ဖြစ်နေတာတွေရှိသေးတယ်။

လူတွေ အများကြီးကြားမှာ အထီးကျန်သွားပြီ အားလုံး တစိမ်းဆန်ဆန်... (သိပ်မဆိုင်ပါဘူး..သီချင်းလေး သတိရလို့)

Kyaw Hnin Se Lwin said...

ရီတာရေ
ဝက်သားတုတ်ထိုးမြင်တော့စားချင်လိုက်တာ။
တုတ်ထိုးများဆို မြေနီကုန်းရော လှည်းတန်းရော
အင်းလျားလည်းမကျန်အောင်ကို ကြိုက်ပါတယ်။
ကိတ်မကြိုက်ပေမဲ့ ဘိန်းမုန့်လည်း သိပ်ကြိုက်တော့ ဒီပို့စ်လေးဖတ်ရင်း လွမ်းမိတယ်။
မဆီမဆိုင်...
တယောက်တည်းကပိုလွတ်လပ်ပါတယ်။
;)

Phyo Maw said...

ပက်ဝန်းကျင်မှာ လူတွေအများကြီးပဲ...
၁ယောက်တည်းပါပဲ XD

ဇွန်မိုးစက် said...

ရေလာလောင်းတာ...

ှနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။

ဗွမ်းးးးးးးး

Ko Boyz said...

သူ့ဟာသူ ဘယ်အမျိုးအစား သေချာ ခွဲမပြောပဲ မှာလိုက်တာကျတော့ မပြောဘူး။
ဒီမှာ အမိ အားအားရှိတိုင်း စိတ်နာမနေနဲ့။
စိတ်ချမ်းချမ်းသာသာလေးဖြစ်အောင် နေဦး...။ :)

Rita said...

ကိုဘ ပြန်ရောက်ပြီ မို့လား။
ဘယ်မလဲ ရှမ်းဝက်အူချောင်း။ ဒီတစ်ခါတော့ ဘာအမျိုးအစားမှ ခွဲစရာမလိုတော့ဘူး။
(သေနတ်နဲ့ ပစ်တဲ့ပုံ)