Thursday, April 22, 2010

ပုဂံသူရဲကောင်းများ - Myanmar Books Catalogue

ဒီ post ကို ပြန်တင်မယ် ဆိုတော့ ကိုယ် အသိဉာဏ်မရှိ ဖြစ်ခဲ့တာကို ရှက်မိပါတယ်။ ဘာဖြစ်လို့များ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ် ဝင်သွားရသလဲ မစဉ်းစားတတ်အောင်ပါပဲ။

တကယ်တော့ ဝတ္ထုဇာတ်လမ်း နဲ့ သမိုင်းကြောင်းဆိုတာရဲ့ တန်ဖိုးကွာခြားမှုကို ကွဲကွဲပြားပြား မသိခဲ့တာ။ သိအောင်လည်း မစဉ်းစားခဲ့၊ စိတ်မဝင်စားခဲ့တာ။

ဒေါက်တာ မတင်ဝင်းတို့ ရေးတဲ့ "အို ရာဇကုမာရ် မင်းသားလေးဟာ ဘယ်လို သိမ်မွေ့ ရိုကျိုးလို့ ..." ဆိုတာမျိုး၊ "ကျန်စစ်သားဟာ ဘယ်လို နိုင်ငံတော်နဲ့ အရှင်သခင်ကို သစ္စာစောင့်သိတာ" ဆိုတာမျိုး၊ ပြီးတော့ "ရာမ နဲ့ လက္ခဏ ညီအစ်ကို နှစ်ယောက်မှာ လက္ခဏဟာ ဘယ်လို" ဆိုတာမျိုး၊ ဒါတွေနဲ့ အလားတူ အချက်အလက် မှန်ကန်တဲ့ သမိုင်းကြောင်း မဟုတ်ဘဲ ဝတ္ထုဇာတ်လမ်းသက်သက်သာ ဖြစ်တဲ့ ခု "ပုဂံသူရဲကောင်းများ" လို ဟာတွေဖတ်ပြီး ဖတ်ကောင်းရုံနဲ့ ကျေနပ်နေတာလည်း ပါတယ်။

တကယ်လည်း အဲလို အရေးအသားတွေဟာ ဝတ္ထုဇာတ်လမ်းကို ဇာတ်လမ်းလိုသာ ရေးတာဖြစ်လို့၊ ဇာတ်လမ်းအနေနဲ့ အရေးအသားကောင်း ဖတ်ကောင်းတဲ့ စာအုပ်တွေ၊ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

သမိုင်းအနေနဲ့ ကြည့်ရင်တော့ ဘာမှ ခိုင်မာခြေမြစ်မှု မရှိဘူး။ သမိုင်းတန်ဖိုးနဲ့ ယှဉ်တွက်လို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။


***
အဲဒီ စာအုပ်ကိုလည်း ကျောင်းပြီးကာနီး မှော်ဘီကျောင်း EC Major ရဲ့ library ကပဲ ငှားဖတ်ခဲ့တာပါပဲ။ ဒေါ်ခင်မျိုးချစ်က English ဘာသာနဲ့ ရေးပြီး ဆရာသော်တာဆွေက ဘာသာပြန်ခဲ့တာပါ။ ဒါနဲ့ ပတ်သတ်လို့လဲ စိတ်ထဲမှာ စွဲထင်နေတာလေး တစ်ခု ရှိပါတယ်။ အနော်ရထာနဲ့ ကျန်စစ်သားလို့ ထင်တယ်။

ထားပါတော့။ ဘုရင်နဲ့ တစုံတယောက် ရဲ့ dialogue လေး (လူတွေရဲ့ အစွဲတွေနဲ့ ပတ်သတ်ဆက်နွယ်ပြီး ရေးထားတာလို့ ခံစားရပါတယ်) မြစ်ကမ်းစပ်မှာ ရှည်မျောတဲ့ ကျောက်စရစ် ကလေးတွေ အများအပြားရှိသတဲ့။ အဲဒီ ဒေသက လူတွေက ဘုရားရှင် လက်ထက်တော်က ဘုရားရှင်နဲ့ နောက်ပါ သံဃာများ အဲဒီ မြစ်ကမ်းရောက်တဲ့ အခိုက် သပိတ်တော်များ ရေဆေးကြောရင်း ကျန်ခဲ့တဲ့ ဆွမ်းဆန်တွေက ကြာလာတော့ ကျောက်ဖြစ်သွားတာလို့ ယုံကြည်ကြတယ် ဆိုတာပါ။
ဒီတော့ ဘုရင်က ပြောပါတယ်။ "မောင်မင်းရယ် ငါ ကိုယ်တော်လဲ ဘုရင် ဆိုတဲ့ စည်းစိမ်ထက် ဟောဒီ မြင်နေရတဲ့ ကျောက်စရစ်ခဲလေးတွေဟာ ဘုရားရှင်ရဲ့ ဆွမ်းဆန်တော်တွေလို့ ယုံကြည်စွဲမှတ်ပြီး ကြည်ညိုသဒ္ဓါ ပွားနေရတဲ့ လူသာ ဖြစ်ချင်စမ်းပါဘိ" တဲ့။ (စာသားများ အတိအကျ မဟုတ်ပါ)
ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာ တစ်ခုပြောရရင် သုတေသန သမားများ၊ အမှန်စင်စစ်ကိုသာ လိုလားသူများနဲ့ ထသတ် ရချင် သတ်ရနိုင်ပါတယ်။
ခုနောက်ပိုင်း ကျန်စစ်သား ကောင်းတာ မကောင်းတာ ဘာညာ ဘာညာ ငြင်းပြီး အဲဒီ ကျန်စစ်မင်း မကောင်းတာကို မကောင်းပါဘူးလို့ အမှန်တရားကြီး ဘွားကနဲ သိလိုက်ရပြီ ထားပါတော့။ သမိုင်းစာအုပ်တွေ ပြင်လိုက်ရပြီ ထားပါတော့။ ဒီနေ့ခေတ်ကို ဘာများ ကောင်းကျိုးတွေ ရရှိစေနိုင်မလဲ လို့ စဉ်းစားမိပါတယ်။ (ကိုယ့် ဉာဏ်နှင့် မမီလောက်၍လည်း သေချာ မစဉ်းစားနိုင်တာ ဖြစ်နိုင်ကောင်းပါသည်။ အကျိုးရှိနိုင်သည် ဆိုလျှင်တော့လည်း ဆက်လက်ဖော်ထုတ် သုတေသနပြုသင့်ပါသည်)
အမှန်ကို သိလို့ အကျိုးမများနိုင်သည့် အတူတူ (မှန် မမှန် မသေချာသည့် အတူတူ) သမိုင်းဟာ ဒီလိုလေးလို့သာ ယုံကြည်သွားတာကောင်းမယ် ထင်မိပါတယ်။ ဟင် ဒီမင်းက ဒီလိုကြီးတဲ့ လို့ ပြောင်းပြီး ယုံရမှာ ခက်လှပါသည်။ (တဦးတည်း အတွေးမျှသာ) ကိုယ်တိုင်ကိုက လက်တွေ့မကျ စိတ်ကူးသာ ယဉ်ချင်သူမို့လဲ ဖြစ်နိုင်ပါသည်။
အမှန်ကို အမှန် အတိုင်း စကတည်းက သိခဲ့ရင်လည်း ကောင်းသား။ မပြင်နိုင်သည့် အတူတူ ပြင်လည်း ထူးပြီး အကျိုးမများနိုင်ဘူး ဆိုရင် ဒီတိုင်းသာ ထားလိုက်ချင်ပါတယ်။

(ဒီ post ကို 24th Jan 2009 မှာ Myanmar Books Catalogue ရဲ့ ဒီနေရာ မှာ ရေးခဲ့တယ်။)
***
တကယ်တော့ သမိုင်းဆိုတာ နားထောင်ကောင်းရုံ ရေးရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါ့အပြင် သမိုင်းကြောင်းကို အချက်အလက် မှန်ဖို့ ကြိုးစားတာ လတ်တလော အကျိုးရှိ၊ မရှိကို တိမ်တိမ်လေး စဉ်းစားလိုက်လို့လည်း မရဘူး။
မှားတာကို မှားတဲ့အတိုင်း၊ မကောင်းတာကို မကောင်းတဲ့အတိုင်း လက်ခံနိုင်စွမ်းဟာ လိုကို လိုတယ်။ ကျန်စစ်သား ကောင်းတယ်လို့ တလျှောက်လုံး သင်လာခဲ့ရတာဟာ မှားတယ် ဆိုရင် မှားတယ်လို့ အမှန်တိုင်း သိချင်တယ်။ ကျန်စစ်သား မကောင်းရင်လည်း မကောင်းတဲ့အတိုင်းပဲ သိချင်တယ်။ ကောင်းရင်လည်း ကောင်းတဲ့အတိုင်းပဲ သိချင်တယ်။
သမိုင်းဟာ အမှန်ဖြစ်ဖို့ မဖြစ်မနေ လိုအပ်တယ်။
***

16 comments:

SHWE ZIN U said...

သမိုင်းဟာ အမှန်ဖြစ်ဖို့ မဖြစ်မနေ လိုအပ်တယ်။

ဆိုမှ

သမိုင်း ခဏခဏ ပြင်တဲ့ ရွှေစင်ဦး နဲ့ တွေ့နေတယ်...

ခင်တဲ့
ရွှေစင်

lamintayar said...

စာတွေလာဖတ်သွားတယ်အစ်မ နှစ်သစ်မှစပြီး ထာဝရပျော်ရွင်ပါစေ...

★Craton said...

အတွေးတချို့ လာကူးသွားပါတယ်။

shanlay said...

ကြားဖူးတာတော့ သမိုင်းဆိုတာ နိုင်တဲ့သူက ရေးတာတဲ့ အမရဲ့ ...
ကျန်စစ်သားလား ကောင်းမကောင်းစိတ်တော့မ၀င်စား
သူ ဘုရင်ဖြစ်ရင် သူ့နိုင်ငံအတွက်လုပ်ပေးရမှာ သူ့တာဝန် .. အဲ့မှာပြောကြဆိုကြရင်း မေးလာတဲ့မေးခွန်းက တိုင်းပြည်တည်ထောင်တုန်းက တွဲလာတဲ့ သုံးယောက်က ဘယ်ပျောက်သွားတာတုန်းတဲ့ သူတစ်ယောက်တည်း ကျန်ပြီး ကျန်တဲ့သူတွေ ဇာတ်လမ်းထဲ ပါမလာတော့ဘူးတဲ့ (little brook)

Rita said...

အင်း ဒါကြောင့်လဲ ပုဂံရာဇဝင် တုတ်ထမ်းငြင်းရတယ် ပြောကြတာ။ ဒါပေမဲ့ မသိနိုင်တဲ့ အကြောင်းအရာတွေကို ဝတ္ထုလို လုပ်ရေးတာကတော့ ရှော့ခ် မရှိပါဘူး။ သမိုင်းကြောင်းကိုတော့ စိတ်ကူးနဲ့ လုပ်ရေးလို့ မတော်ဘူး မဟုတ်လား။ ဒေါက်တာမတင်ဝင်း ရေးတဲ့ ကျန်စစ်သားအကြောင်းတချို့ကျတော့ ကိုယ်လည်း ခုမှ သမိုင်းတန်ဖိုးနဲ့ ချိန်ကြည့်မိတယ်။ သူ ဝတ္ထုပဲ ရေးဖို့ကောင်းတာလို့။

ဇွန်မိုးစက် said...

ဇွန်မဖတ်ဖူးသေးဘူး။ သမိုင်းရာဇ၀င်တွေ ဖတ်အားနည်းတယ်။ ငယ်ငယ်က သမိုင်းမှာ သင်ရသလောက်နဲ့ တစ်ချို့ရုပ်ပြ၀တ္ထုတွေမှာ ပါတာလောက်ပဲ ဖတ်ဖူးတယ်။ မွန်သူရဲကောင်း လဂွန်းအိမ်ရယ်၊ ဒေါက်တာနိုင်ပန်းလှရေးတဲ့ နောက်တစ်အုပ် ဖတ်ဖူးတယ်။ ရာဇဓိရာဇ်လား၊ အနှစ်လေးဆယ်စစ်ပွဲလား မမှတ်မိတော့ဘူး။ ကိုယ်ငယ်ငယ်တည်းက သဘောကျခဲ့တဲ့ မင်းသားကတော့ ရာဇကုမာရ်။ (အရင်းကအဖျားဖြစ်သွားလို့ သနားပြီး သဘောကျသွားတယ် ထင်ပါရဲ့း))

ရီတာပြောသလို သမိုင်းကို မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိခွင့်ရချင်တယ်၊ သိလည်းသိသင့်တယ်။ ဘယ်သူမှ perfect မဖြစ်နိုင်တော့ အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေမှာပါပဲ။ အမှန်အတိုင်း သိခွင့်ရဖို့ သမိုင်းရေးသူ၊ တင်ပြသူတွေအပေါ် အများကြီးမူတည်သွားတယ်။

စူး said...

အမကတော့ သမိုင်းတွေအားလုံးအမှန်အတိုင်းဖြစ်တာကိုပိုလိုလားတယ်..
သုတေသီတွေ၇ှာဖွေတာ အမှန်အကန်ကို၇ှာဖွေနိုင်ခဲ့ရင် နောက်နှစ်တွေအများကြီးကြာတဲ့အခါတွေအတွက်အမှန်တ၇ားဟာမရှိမဖြစ်လိုအပ်တယ်။

ခုလက်ရှိအနေနဲ့လက်ခံနိုင်ဖို့ခဲယဉ်းပေမဲ့ နောင်မသိတဲသူတွေ..ထားပါတော့ ဥပမာအမတို့တွေက အမှန်ကိုမသိပဲ အမှတ်မှားခဲ့သလို နောင်လူတွေကိုပါ အဲလိုမှတ်စေချင်လို့လား..သေချာတွေးပါ။ ကိုယ့်တယောက်ထဲအတွက်တော့ မှန်ပေမဲ့ နောင်လာမဲ့နှ်ပေါင်းများစွာအတွက် အင်မတန်အရေးကြီးပါတယ်။ ဒါဟာလိုအပ်တယ်လို့ အမတော့ယူဆတယ်. အမက သမိုင်းကိုစိတ်ဝင်စားတယ်။

Bino said...

Mostly, I've read Dr.Than tun's articals related Myanmar history.

BINO

Ko Paw said...

ဒေါက်တာမတင်ဝင်းဆိုလို့ နည်းနည်းလောက် ဝင်ပြောလိုက်ဦးမယ်။

ကျနော်တို့ မြန်မာပြည်မှာ ကျောင်းသားအရွယ်တုန်းက ဒေါက်တာမတင်ဝင်းရဲ့ သမိုင်းဆောင်းပါးတွေ မဂ္ဂဇင်းတစောင်ထဲမှာ လစဉ်ပါတယ်။ ဘာတဲ့... ခေါင်းစဉ်က “ရာဇဝင်ထဲက မိန်းမသား” ထင်ရဲ့။

အဲဒီဆောင်းပါးတွေရေးနေရင်း တစ်လမှာ ပုဂံခေတ်က မိဖုယား စောလုံ အကြောင်းရောက်လာတယ်။ စောလုံဆိုတာ နရသီဟပတေ့မင်းရဲ့ မိဖုယားငယ်တပါးပေါ့။ မိဖုယားခေါင်ကြီးက ဖွားစောလေ။

ရာဇဝင်ထဲမှာ နရသီဟပတေ့မင်းက စောလုံကို ချစ်တဲ့အလျောက် ကျီစယ်ချင်လို့ မောင်းမတယောက်ကို ခေါ်ပြီး စောလုံကို ခေါင်းကစလို့ တကိုယ်လုံး ရွှဲရွှဲစိုအောင် ရေလောင်းခိုင်းတယ်။ ဒါကို စောလုံက သူ့ကို အရှက်ခွဲတယ်မှတ်ပြီး စိတ်အနာကြီးနာလို့ နရသီဟပတေ့ရဲ့ စားတော်ပွဲမှာ အဆိပ်ခတ်ပြီး လုပ်ကြံဖို့ ကြိုးစားတယ်။ နရသီဟပတေ့မင်းဟာ တရုတ်ကို မနိုင်လို့ တရုတ်ပြေးမင်းလို့သာ အမည်တွင်တယ်။ ဘုန်းကတော့ ကြီးဆိုပဲ။ သူ့မှာ ဖျားခြင်းနှာခြင်း၊ နှာစေးချောင်းဆိုး မဖြစ်ဘူးလို့ဆိုတယ်။ သူ ပွဲတော်တည်ကာနီးမှာ နန်းတော်အောက်က ခွေးချေတာကို ကြားရတဲ့အခါ သံသယရှိလို့ ပွဲတော်အုပ်ကို မစားဘဲ ခွေးကျွေးတဲ့အခါ အဆိပ်ခတ်ထားတာဆိုတော့ ခွေးမာလကီးယားသွားတယ်။ အဲသည်မှာ စအဖ လက်ကို အမှုအပ်လိုက်တော့ စောလုံလက်ချက်ဆိုတာပေါ်လာတယ်။ စောလုံကလည်း စိတ်ကြီးသူဆိုတော့ “ဟုတ်တယ်၊ ယူ့လို ပန်းကပ်သည်မြေးကောင်းစားလာပြီး မင်းဖြစ်လာတဲ့အကောင်က အိုင့်ကို အသားလွတ်စော်ကားတာကို မခံနိုင်လို့ လုပ်တယ်။ ဘာဖြစ်လဲ”လို့ဆိုတော့ စောလုံကို နရသီဟပတေ့က သတ်ခိုင်းတော့တာပေါ့။ ဘာတဲ့ သံလှောင်အိမ်ထဲမှာ ထည့်ပြီး မီးကျီးနဲ့ မြှိုက်သတ်တာဆိုလား။ ရက်စက်ပါ့။

စောလုံကလည်း ခေသူမဟုတ်။ အဓိဋ္ဌာန်နဲ့ ပုတီးစိတ်တော့ သုံးကြိမ်တိတိ သတ်ပေမယ့် စောလုံကို မီးမကူးဘူးဆိုပဲ။ နောက်ဆုံး စောလုံစိတ်လျှော့လိုက်မှ သတ်လို့ရတယ်ဆိုပဲ။

ဒါတွေက ဦးဖိုးကျားရေးတဲ့ ခေတ်မီမြန်မာရာဇဝင်အကျဉ်းချုပ်ဆိုတာလေးမှာ ငယ်ငယ်က ဖတ်ဘူးခဲ့တာပါ။ တခြား ရာဇဝင်တွေထဲမှာလည်း အလားတူ ပါမှာပေါ့။

ရာဇဝင်ဆိုတာ မှန်တာမှားတာ အပထားလို့ ပြောချင်တာက “စောလုံ” ဆိုတာ မြန်မာရာဇဝင်ထဲမှာ မထင်မရှားမဟုတ်။ တော်တော်များများ ကြားဖူးတဲ့နာမည်။ ကျနော်လို့ ဇနပုဒ်က မွေးခဲ့တဲ့လူတောင် ကြားဖူးတယ်။

အဲဒါကို ဒေါက်တာမတင်ဝင်းကြီးက ဆောင်းပါးမှာ အမည်မသိတဲ့ မထင်မရှား မိဖုယားငယ်တပါးဆိုပြီး ရမ်းတုပ်လိုက်တယ်။ အဲသည်လို ရမ်းတုပ်တာကို နောက်တလမဂ္ဂဇင်းထဲမှာ (မောင်သွေးချွန်ထင်ရဲ့) စာရေးဆရာတယောက်က ရာဇဝင်အထောက်အထားအကိုးအကားတွေနဲ့ အဲဒီမိဘုရားရဲ့ နာမည်ဟာ စောလုံဖြစ်ကြောင်း၊ အမည်မသိ မထင်မရှားမဟုတ်ရကြောင်း၊ ဒါကို ဒေါက်တာမတင်ဝင်းလို အထင်ကရ သမိုင်းဆောင်းပါးတွေ ရေးနေသူတယောက်အနေနဲ့ မသိရကောင်းလားဆိုပြီး လှမ်းကလိလိုက်တယ်။

အဲဒီမှာ ဒေါက်တာမတင်ဝင်းက သူမှားသွားပါတယ်လို့ ရိုးရိုးဝန်ခံလိုက်ရင် ကိစ္စပြီးမယ့်ဟာကို နောက်တလမှာ ကက်ကက်လန်အောင် နှုတ်ခမ်းတလန် ပန်းတလန် ပြန်ရန်တွေ့တဲ့ ဆောင်းပါး မဂ္ဂဇင်းထဲမှာပါလာတယ်။ အဲဒီကစပြီး ဒေါက်တာမတင်ဝင်းအပေါ်မှာ ထားတဲ့ ရှိစုမဲ့စု လေးစားစိတ်ကလေး ရေစုန်မျောသွားတော့တယ်။ နောက်ပိုင်း ထိုင်းနဲ့မြန်မာ ပြဿနာဖြစ်တော့ သတင်းစာထဲမှာ ဒေါက်တာမတင်ဝင်းဆောင်းပါးတွေ ရေးတယ်ဆိုတာတွေ ကြားရတော့ အော့နှလုံးနာတဲ့ အဆင့်အထိတောင် ရောက်သွားပါလေရော။

အဲ..... ရာဇဝင်ထဲက ဒေါက်တာမတင်ဝင်းအကြောင်း စပ်မိလို့ ကွန်မင့်ပေးသွားခြင်းပါ။

Rita said...

ဟုတ်တယ် ထိုင်းနဲ့ မြန်မာ ကိစ္စမှာ ရေးတာတွေ နည်းနည်းပဲ ဖတ်မိပါတယ်။ မကြုံကြိုက်လို့။ ဒါပေမဲ့ အလုပ်မဟုတ်ဘူးလို့တော့ ခံစားမိတယ်။ ပြီးတော့ ဒေါက်တာမတင်ဝင်း ရဲ့ ရပ်တည်မှုကို စာဖတ်ရင်း သံသယရှိနေတာ အဲဒီမှာ သေချာသွားတာ။

sonata-cantata said...

ကျောင်းသားဘ၀က ကောင်းကင်မှာ လင်းလင်းလက်လက်ဖြစ်နေတာကို လူတွေဝိုင်း လက်အုပ်ချီနေကြတာ တွေ့ဖူးတယ်။ ဒါတွေက ကောင်းကင်မှာတွေ့ရတတ်တဲ့ Phenomenon တစ်မျိုးဆိုတာကို ရှင်းပြသင့်တယ်လို့ ရူပဗေဒဌာနကဆရာကို ပြောတော့… ဆရာက “အခုခေတ်မှာ ကုသိုလ်နဲ့ အကုသိုလ် … ကုသိုလ်ဖြစ်ဖို့က ခက်တယ်ကွ။ ဒီတော့ကွာ သူတို့ဟာ သူတို့ သဒ္ဓါစိတ်လေးနဲ့ ကုသိုလ်ဖြစ်နေကြတာ နေပါစေကွာ” လို့ပြောတယ်။ ဒီအယူအဆကို သိပ်ဘ၀င်မကျပေမယ့် ဆရာ့ ကရုဏာနဲ့ စေတနာကိုတော့ လေးစားမိခဲ့တယ်။ (ကိုယ်တိုင်လည်း တခါတရံမှာ ဆရာ့ထုံးကို လိုက်ဖြစ်တာတွေရှိတယ်)။ လူတချို့အတွက် အမှန်ကို အမှန်, အမှားကို အမှားလို့ လက်ခံနိုင်ဖို့ သိပ်ခက်သေးတာကိုး။ (ဒီအထဲကိုယ်တိုင်လည်း ပါမှာပါ)။

အသိဉာဏ်နည်းသေးတယ့် ကလေးသူငယ်တွေဖတ်မယ့် သမိုင်းကို ဖုံးသင့်တာလေးတွေ ဖုံး, မြှောက်သင့်တာလေး မြှောက်ပြီး ၀တ္ထုဆန်ဆန်ရေးတာ လက်ခံနိုင်ပေမယ့်၊ (အထက်တန်းကျောင်းသား အရွယ်ကစလို့) လူကြီးတွေဖတ်မယ့် သမိုင်းကိုတော့ အမှန်ကို အမှန်အတိုင်း အဂတိကင်းကင်း ကြိုးစားပြီး ရေးသင့်, လက်ခံသင့်ပါတယ်။

ဧရာ

Rita said...

ဒါပေမဲ့ အံ့သြစရာ သမိုင်းသင်ရိုးကိုတောင် အလယ်တန်းကလေးတွေအတွက် ခုနောက်ပိုင်းမှာ အသစ် ပြဋ္ဌာန်းထားတယ်။ ကျွန်မ ဖတ်ပြီး လွှင့်ပစ်ချင်စိတ် ပေါက်သွားတဲ့ သင်ရိုး။ အဲဒါ ဖတ်မိတဲ့အချိန်မှာ ဒါမျိုး ပြဋ္ဌာန်းဖို့ အိုင်ဒီယာရကြတာ အတော်ပဲ အံ့သြမိတယ်။

shanlay said...

အဟဲ အမဖတ်ဖူးသွားပြီကိုး အဲ့သင်ရိုးစာအုပ်ကို အဟိ
ထိုင်းနဲ့ မြန်မာဆက်ဆံရေးအတွက် သီးသန့်ရှယ်ထုတ်ထားတဲ့ စာအုပ်နော် (little brook)
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက တော်တာပါ :)

ဇွန်မိုးစက် said...

ဟုတ်လား.. အလယ်တန်းစာအုပ်မှာ အသစ်ပြဠာန်းထားတာ ဇွန်မသိဘူး။ ထိုင်းမြန်မာနဲ့ပတ်သက်ပြီးတော့လား။

သူများတွေပြောတာတွေ့လို့ စကားစပ်လို့ ကိုယ်လည်း သူ့အကြောင်းပြောချင်သွားလို့။ (သမိုင်းနဲ့တော့ မပတ်သတ်ဘူးနော်) အရင်က သူ့စာအုပ်တွေဖတ်တယ်။ ကြိုက်တယ်။ “လူငယ်များနှင့် စကားပြောခြင်း” စာအုပ်ဆို ကြိုက်လို့ အပိုင်ဝယ်ထားသေးတယ်။

တစ်ခါ ကိုယ်ဆရာမဂျူးဆီ စာမူသွားတောင်းတုန်းက ဆရာမလည်း မရောက်သေးတော့ ဆရာမအဖေဘဘက ကိုယ်တို့ကို စကားပြောပြီး ဧည့်ခံခဲ့တာ။ ပြောရင်းနဲ့ စကားစပ်ပြီး သူ့အကြောင်းနဲနဲပါသွားတယ်။ သူတို့ကတစ်နယ်တည်း၊ နာမည်ကလည်းတူ၊ စာရေးတာလည်း တူနေချိန်မှာ ဂျူးနဲ့ပတ်သတ်ပြီး သူ့ဘက်က ပြောလိုက်တာ ဘဘဆို တော်တော်စိတ်မကောင်းဖြစ်သွားလို့ ရင်ဖွင့်ခဲ့တယ်။ တကယ်ဆို ဘဘဆိုလိုတာက တစ်နယ်သားချင်း ရိုင်းပင်းသင့်တယ်။ အသက်အရွယ်ကလည်း ကွာတယ်လေ။ အဲလိုမဖြစ်ဘဲ သူ့ဘက်က အဆိပ်အတောက်ရေးတဲ့ ဆရာမနဲ့ နာမည်ချင်းတူတာ သူ့ဘက်က နာပါသတဲ့။ (စကားရင်းက ဒီ့ထက်ပိုဆိုးပါတယ်) အမှန်အတိုင်းပြောရရင် ကိုယ်လည်း အဲဒီ့နောက်ပိုင်း သူ့အပေါ်မှာရော၊ သူရေးတဲ့စာအပေါ်မှာပါ အရင်လိုစိတ်မျိုး မထားနိုင်တော့ဘူး။

သူများအကြောင်း (အထူးသဖြင့် မကောင်းကြောင်း) ပြောရမှာ ၀န်လေးပေမယ့် ခုတော့ ပြောလိုက်မိပြီ။း(

Rita said...

ကိုယ်လည်း ဇွန့်လိုပဲ။ အရင်က သူ့စာတွေ အလေးအနက် ဖတ်ခဲ့တာပါ။ ကိုယ်တချက် ထင့်ကနဲ ဖြစ်သွားတဲ့ နေရာက သူ့သမီးလေးကားချင်းချိတ်မိတဲ့ ကိစ္စကိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရတုန်းက။ အဲဒါက လူမျိုးခြားကားနဲ့ ချိတ်မိတာ။ လူမျိုးခြားဆိုပေမဲ့ မြန်မာပြည်က လူမျိုးခြား။ သူကတော့ နှစ်ကူးမောင်မယ်တွေလို့ ရေးထားတယ်။

ဇာတ်ကြောင်းကတော့ တကယ်တမ်း လူမျိုးခြားဘက်က အမှားပါပဲ။ ဒါပေမဲ့ အဲဒီမှာ သူသုံးပစ်လိုက်တဲ့ အသုံးက တချိန်လုံး အကောင်းထင်လာတဲ့ စိတ်ကို ထင့်သွားစေတာပဲ။ ကိုယ်ပြန်မပြောချင်တော့ဘူး။

တကယ်တော့ လူငယ်ဆိုတာ role model ကို လိုချင်ကြတာမို့လား။ အဲဒီချိန်မှာ ကိုယ်က role model လို့ သတ်မှတ်ပြီး အထင်ကြီးနေတဲ့ လူတယောက်က စံတွေနဲ့ သွေဖည်ပြီး တခုခု လုပ်လိုက်တဲ့ အခါ စိတ်ထဲမှာ အတော် ခုမိတာ။

ဒါမျိုး ကိုယ်သာ ပြောချင်ပြောမယ်လေ။ ကိုယ်လေးစားတဲ့သူကိုတော့ ပြောမထွက်စေချင်ဘူး။

နောက်တော့ သူ့ရပ်တည်ချက်တွေက ရှင်းသထက် ရှင်းသွားတာပါပဲ။ သတင်းစာထဲက ဆောင်းပါးတွေကတော့ အရှင်းဆုံးပေါ့။ (ဒါတောင် မဆိုစလောက်လေး ဖတ်ဖူးတာပါ)

ဂျူးနဲ့ ကိစ္စကတော့ ခုမှ ကြားဖူးတာပါ။

mabaydar said...

အင်း... ဒေါက်တာမတင်ဝင်းဆိုတာကိုတော့ ကြားဖူးတယ်... ဒါပေမဲ့ စာဖတ်တာ ၀ါသနာမပါတော့ သူ့စာအုပ်တွေတော့ မဖတ်ဖူးဘူး...

သမိုင်းနဲ့ပတ်သတ်လို့ကတော့ သမိုင်းဆိုတာ မှန်ဖို့လိုတယ်ဆိုတာကို ထောက်ခံပါတယ်... စာဖတ်ပျင်းပင်မဲ့ မဗေဒါရဲ့ဖေဖေက စာအလွန်ဖတ်ပြီး သမိုင်းတွေကို ပုံပြောသလို ပြန်ပြန်ပြောပြတော့ သမိုင်းတော့ နည်းနည်းသိပါတယ်...

အရင်ခေတ်က အာဏာရှင်ဘုရင်တွေ ရေးခဲ့တဲ့ သမိုင်းတွေထက် သက်သေထောက်ထားနဲ့ သေချာရှာဖွေတဲ့ သမိုင်းအစစ်တွေကို ပိုစိတ်ဝင်စားလက်ခံတယ်...

ခက်တာက သမိုင်းဆိုတာ အာဏာရှိတဲ့လူတွေက သူတို့ကောင်းကြောင်းတွေ ပိုရေးပြီး အဖြစ်မှန်ဟုတ်မဟုတ်ဆိုတာက မှန်းရခက်တယ်...

ဥပမာ... ဒီခေတ်သမိုင်းကို နောက်လူတွေ ပြန်သင်ရရင် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရအောင် လုပ်ခဲ့တဲ့သူပါဆိုတာကို သိချင်မှတောင် သိတော့မယ်... ဘာလို့လဲဆိုတော့ စာမေးပွဲနီးလို့ spot ထွက်လာရင် ဗိုလ်ချုပ်အောင်ဆန်း အထင်ကရဖြစ်မဲ့ ဟာမှန်သမျှက အရေးမကြီးတဲ့ ထဲပါပါသွားတယ်... ငယ်ငယ်က ၂တန်းလား ၃တန်းလားမှာ သင်ရတဲ့ အောင်ဆန်းဇာနည်ကဗျာ.... နောက်လူမပြောနဲ့ မဗေဒါ အဲဒိအရွယ်တုန်းကတောင် လုံးဝ မသင်တဲ့ အထဲမှာပါနေပြီ... ဒီတော့ သမိုင်းဆိုတာ မှန်ဖို့ ဘလော့ဂါတွေပဲ အားကိုးရတော့မလိုလို... :)