Friday, April 2, 2010

ကျိန်စာ (၂) - မောင်သစ်ဆင်း

ဖေဖေသည် အိပ်ခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော မေမေ့ကို မှုန်ရီစွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။

ညသည် တိတ်ဆိတ်စွာ ရွေ့လျားလျက်ရှိသည်။

စက္ကန့်များကမူ အရေးတကြီး ပြေးလွှားနေဆဲ။

ဖေဖေသည် ဧည့်ခန်းတွင်း ကုလားထိုင်ပေါ်၌ ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်နေလေသည်။

အနီးအနား အိမ်တစ်အိမ်ဆီမှ မြန်မာပိုင်း အစီအစဉ် ပြီးဆုံးသွားသည့် တီးလုံးသံကို ကြားရသည်။

အပြင်ဘက်၌ လေထန်နေဆဲ။

ဖေဖေသည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။ မျက်လုံးများ နီရဲနေသည်။ ထိုမျက်လုံးများသည် နံရံပေါ်ရှိ မှန်ဘောင်သွင်း စက္ကူချပ်ပေါ်သို့ ရောက်ရှိသွားသည်။ စာရွက်ထိပ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ တံဆိပ်အမှတ်အသားကို ဖေဖေ့နေရာမှပင် ထင်ရှားစွာ မြင်နိုင်သည်။

ဖေဖေ နေရာမှ ဖြုတ်ခနဲ ထကာ မှန်ဘောင်သွင်း စာရွက်ရှေ့ တည့်တည့်သို့ သွားရောက်၍ ရပ်သည်။ စာရွက်ကို စူးစိုက်၍ ကြည့်သည်။ စာရွက်တွင် ပါရှိသော စာသားများကို တစ်လုံးချင်း ဖတ်ရှုနေသည့်နှယ် ဖေဖေ့နှုတ်ခမ်းများက ရွရွ လှုပ်နေသည်။ မကြာခင် အသံ တဖြည်းဖြည်း ကျယ်လာ၏။

"ကိုင်း ဘယ့်နှယ်ရှိစ။ ဘာတတ်နိုင်သေးလဲ။ ဘာပြောချင်သေးလဲ။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ဖေဖေသည် စာရွက်ပေါ်က စာကြောင်းများအတိုင်း မှန်သားပြင်ပေါ်မှ အသာအယာ ပွတ်သတ်နေလေသည်။ ဖေဖေ့အသံသည် တဖြည်းဖြည်း တိုးညင်းသွားပြန်သည်။ နှုတ်ခမ်းများကတော့ တရွရွ လှုပ်ဆဲ။

အိမ်ရှေ့တံခါးသည် အသံမမြည်ဘဲ ပွင့်ဟ၍ လာသည်။ သားလတ်သည် စွေ့ကနဲ ဝင်လာကာ တံခါးကို ပြန်စေ့လိုက်သည်။ သူ့ကို ကျောပေးလျက် နံရံပေါ်မှ မှန်ဘောင်သွင်း စက္ကူချပ်ကို စူးစိုက်ငေးမောနေလေသော ဖခင်ဖြစ်သူအား မြင်လိုက်ရသောအခါ အသာ ကိုယ်ရှိန်သတ်လိုက်သည်။ ထို့နောက် တံခါးဝမှနေ၍ မျက်တောင်ပုတ်ခတ်လုပ်ကာ ဖခင်ကို ကြည့်နေလေသည်။ ကြည့်နေရင်းနဲ့ သားလတ်မျက်နှာ ပြုံးလာသည်။ ဖေဖေသည် မှန်သားပြင်ကို ပွတ်သတ်နေရာမှ နောက်သို့ တလှမ်းချင်း ဆုတ်လိုက်၏။ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလာသည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။

တံခါးဝမှ သားလတ်သည် ဖခင်နည်းတူ ခေါင်းယမ်း၏။

ဖေဖေ ခါးထောက်လိုက်သည်။
သားလတ်ကလည်း ခါးထောက်၏။

ဖေဖေသည် စာရွက်ကို ငြိုးသူရန်ဘက်သဖွယ် ကြည့်နေလေသည်။
သားလတ်သည် ဖခင်ကို ပြုံး၍ ကြည့်နေသည်။

ခဏကြာသော် ဖေဖေသည် နေရာမှ ချာကနဲ လှည့်ထွက်လိုက်သည်။ ထိုအခါ တံခါးဝ၌ ခါးထောက်၍ ပြုံးနေသော သားလတ်နှင့် မျက်နှာချင်း ဆိုင်မိသွား၏။ သားလတ်က ခါးပေါ်မှ လက်ကို အမြန်ချ၍ "ဖေဖေ" ဟု ခေါ်လိုက်သည်။ ဖေဖေသည် မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်၏။

"သားလတ် စာမကျက်ဘဲ ဗွီဒီယို သွားကြည့်နေတယ်ဆို"

"ဟုတ်တယ် ဖေဖေ အရမ်းအရမ်းကောင်းတဲ့ ကားပဲ ဖေဖေရာ။ အော်ပရေးရှင်း ဒေးဘရိတ် တဲ့။ လူငယ်ကလေး ငါးယောက်နဲ့ နာဇီတွေနဲ့ ချကြတာ"

"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း လူငယ်လေးယောက်လုံး သေသွားတယ်။ ဟိုတစ်ယောက်က သစ္စာဖောက်လို့။ သူက မိန်းမရော ကလေးရောရသွားတော့ သစ္စာဖောက်တာပေါ့။"

ဖေဖေသည် သားလတ်ကို အလန့်တကြား ကြည့်လိုက်၏။

"နောက်ဆုံးအခန်းက အကောင်းဆုံးပဲ။ သစ္စာဖောက်တဲ့ကောင်က လိုက်ပြလို့ သူတို့ ပုန်းနေတဲ့ ဘုရားရှိခိုးကျောင်းကြီးကို နာဇီတွေ ဝိုင်းမိသွားတယ်။ သူတို့ကလည်း ပြန်ချတာပဲ။ နောက်ဆုံး ကောင်လေးနှစ်ယောက်ပဲ ကျန်တယ်။ မြေအောက် အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေကြတာ။ နာဇီတွေက အဲဒီအခန်းလေးကို အပြင်ကနေ ရေတွေ သွင်းထည့်လိုက်တာ ဖေဖေရာ။ ကောင်လေးနှစ်ယောက် လည်ပင်းအထိ ရေတွေ တက်လာတယ်။

အဲဒီမှာ နာဇီတွေက ခိုင်းလို့ သစ္စာဖောက်ကလည်း သူ့အဖော်တွေကို လက်နက်ချဖို့ အော်ပြောရတယ်။ ဘယ်ချမလဲ။ ဟိုနှစ်ယောက်က တစ်ယောက်ခေါင်း တစ်ယောက် သေနတ်တေ့ပြီး ဝမ်း တူး သရီး ဆို မောင်းကို ဖြုတ်ချကြတာ။ သေနတ်သံလည်း ကြားရော သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

"သားလတ်..."

ဖေဖေ့အသံသည် မာကျောစွာ ထွက်ပေါ်လာ၏။

"နောက်ကို ဒီလို ဇာတ်ကားမျိုးတွေ မကြည့်ရဘူး။ သွားစာကျက်ချေ။ ရှစ်တန်းဟာ အရေးကြီးတယ်ဆိုတာ မသိဘူးလား"

သားလတ်သည် အတွင်းခန်းသို့ ခုန်ပေါက်၍ ပြေးဝင်သွား၏။

"မင်းအစ်ကိုရော ဘယ်သွားလဲ"

"လက်ဖက်ရည်ဆိုင်မှာ ကဗျာစာမူခ ရလို့တဲ့။ သူ့သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်နေတယ်။ သားလည်း ဝင်သောက်ခဲ့သေးတယ်"

"ဘာ... သူက ကဗျာရေးတယ်"

"ဒီလမှ စပါတာတဲ့။ ဘာမဂ္ဂဇင်းဆိုလား"

ဖေဖေသည် အတန်ကြာ ငေးငိုင်နေသည်။ ထို့နောက် မှန်ဘောင်သွင်း စက္ကူရှိရာသို့ သွားပြန်သည်။ စာရွက်ကို မော့ကြည့်ပြီး တီးတိုးပြောလိုက်၏။

"ကြားကြရဲ့လား။ ကျုပ်သားက ရုပ်ရှင်ထဲက သစ္စာဖောက်ကို မုန်းနေတယ်။ အခု သူ့အဖေက ကိုယ်မြတ်နိုးတဲ့ အလုပ်ကို သစ္စာဖောက်ရမယ့် အခြေအနေဖြစ်နေတယ်။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ထို့နောက် ဖေဖေသည် ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။

ဖေဖေထိုင်လိုက်သည်နှင့် အိမ်ရှေ့တံခါးသည် ပွင့်ဟ၍ လာပြန်ကာ သားကြီး ဝင်လာလေသည်။

"ဟင် ဖေဖေ မအိပ်သေးဘူးလား။ ညီလေးကော ပြန်ရောက်ပြီလား"

"သြ... ကဗျာဆရာကြီး ကြွပါဦးခင်ဗျား"

သားကြီးသည် ဖခင်အနီးသို့ တိုးရွှေ့လာကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်သည်။

"သားလက်ထဲက စာအုပ်က သားကဗျာပါတဲ့ မဂ္ဂဇင်းလား"

"ဟုတ်တယ် ဖေဖေ။ ညီလေး ပြောထားပြီထင်တယ်"

"ဖေဖေ့ကို ပြစမ်း"

သားကြီးက အသင့်ညှပ်ထားသော နေရာကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ဖေဖေက စာအုပ်ကို မီးရောင်အောက်တွင် ထောင်ပြီး မျက်လုံးများကို မှေးကာ အသံထွက်၍ ဖတ်လိုက်သည်။

"ဆီပူအိုးမှ ခုန်ချကြသူများ"

ဖေဖေသည် စာအုပ်ပေါ်မှ ကျော်၍ သားကြီးကို ကြည့်လိုက်သည်။ သားကြီးက ဖခင်ကို ပြုံးပြ၏။ ဖေဖေက ဆက်၍ ရွတ်ဖတ်သည်။

"နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ် ဘာအရေးလဲ

လာ... ခုန်ချကြမယ် အမှောင်ထဲ
မသိမှုရဲ့ ချောက်ထဲမှာ

ငါတို့ အသစ်တစ်ခုကို တွေ့ရှိမှာ အသေအချာ"


ဖေဖေသည် စာအုပ်ကို ပြန်ချလိုက်၏။

"ဒါ သားရေးတာပေါ့"

"ဆက်ဖတ်လေ ဖေဖေ။ အခုဟာက ပြင်သစ်ကဗျာဆရာ ဘော်ဒလဲရဲ့ ကဗျာတစ်ပုဒ်ကို ယူသုံးထားတာ။ သားရေးတာကို ဆက်ဖတ်ပါ"

"ဒီလောက်ဆို လုံလောက်ပြီ။ ဒါ ဘာ မဂ္ဂဇင်းလဲ"

"... တဲ့။ ဒီလ ပင်လယ်ကွေ့စစ်ပွဲ ဆောင်းပါး တော်တော်ကောင်းတယ်။ ဖတ်ကြည့်စမ်းပါ ဖေဖေ။ ဒါနဲ့ ကမ္ဘာစစ်နောက်တစ်ခုများ ထပ်ဖြစ်ဦးမလား။ ဖေဖေ ဘယ်လိုထင်လဲ"

"စစ်ကတော့ ဖြစ်မှာပဲ"

"သေချာရဲ့လား ဖေဖေ"

"သေချာတယ်"

"ဘယ်သူနဲ့ ဘယ်သူ ဖြစ်ကြမှာလဲ"

"ဖေဖေနဲ့ သားပေါ့။ သားကဗျာတွေ ဆက်ရေးနေရင် ဖေဖေနဲ့ စစ်ဖြစ်မှာပဲ"

သားကြီးသည် ဖခင်ကို နားမလည်စွာ ကြည့်သည်။

"ဖေဖေ ဘယ်လို ဖြစ်တာလဲ"

"ဘယ်လိုဖြစ်တာလဲ ဆိုတော့ သားကို ကဗျာဆရာ မဖြစ်စေချင်တာပဲ"

သားကြီးသည် ဖခင်ကို အတန်ကြာ စူးစိုက်ကြည့်နေ၏။

"ဒါဖြင့် ဖေဖေက ဘာဖြစ်စေချင်လို့လဲ"

"ဘာမှ မဖြစ်စေချင်ဘူး။ သားကို သာမန်လူတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ပညာသင် စီးပွားရှာ၊ အိမ်ထောင်ပြု စီးပွားရှာ၊ မျိုးဆက်ဖြန့် - စီးပွားပိုရှာ - ရှာ - ရှာ။ အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘဝမျိုးက Side Effect နည်းတယ်။ အပိုအန္တရယ် နည်းတယ်ပေါ့ကွာ"

"မစိမ်းပင် ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေ။ 'အတ္တမဲ့ မာနဖြင့်၊ ဘဝကို ထုဆစ်၊ ခေတ်ကို ထမ်းပိုး၊ ရိုးသား၏ ရဲရင့်စွာ' တဲ့။ သားက အတ္တကို အနာဂတ်ပို့ထားချင်တာ။"

"နားထောင်လို့ ကောင်းလိုက်တာ သားရာ၊ ရင်ထဲမှာ နာလိုက်တာ"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ မရှိပါဘူး။ ဖေဖေလည်း ဟိုတုန်းက ဒီလိုပဲ ထင်ခဲ့ဖူးတယ်"

"ရှိကို ရှိရမယ် ဖေဖေ။ ပြီးတော့ သားဟာ လူငယ်တစ်ယောက်... "

"ဖေဖေလည်း လူငယ် ဖြစ်ခဲ့ဖူးတာပေါ့"

သားကြီးသည် နှုတ်ခမ်းကို ကိုက်၍ အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

"ဘာကွ"

နေရာမှ ဖေဖေ ဝုန်းကနဲ ခုန်ထသည်။ ကုလားထိုင်သည် နောက်သို့ လဲပြိုသွား၏။

"ပြန်မေးစမ်း၊ ပြန်မေးစမ်း"

"
ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

ဖေဖေသည် သားကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ဖေဖေ့မျက်နှာပေါ်၌ အရိပ်မျိုးစုံတို့ ဖြတ်သန်းနေကြသည်။

"ကြောက်စရာအကောင်းဆုံး မေးခွန်းကို သားမေးလိုက်တာပဲ။ ဒါပေမဲ့ ဖေဖေ့အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး။ ဟေ့ ဒီမှာ သား"

ဖေဖေသည် စားပွဲကို ကွေ့ပတ်ကာ နံရံပေါ်မှ မှန်ဘောင်သွင်း စာရွက်ရှေ့သို့ သွား၍ ရပ်သည်။

"ဖေဖေ ဒီလို ငယ်ခဲ့ဖူးတယ်"

မှန်သားပြင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်၍ ပြသည်။

"မြင်ရဲ့လား။ ဖေဖေ ဟောဒီလို ငယ်ခဲ့ဖူးတယ်ကွ"

ဖေဖေသည် မှန်ချပ်ကို ညာဘက်လက်သီးနှင့် တအားကုန် ပစ်ထိုးလိုက်၏။

မှန်သားပြင် ကွဲကြေသံ၊ မှန်စများ ကြမ်းပြင်သို့ လွင့်ကျသံများသည် နားကြောစိမ့်ဖွယ် ထွက်ပေါ်လာသည်။ ဖေဖေ့လက်မှာ သွေးတွေ ရဲခနဲ ဖြာသည်။

"ဖေဖေ... "

သားကြီးသည် ကုလားထိုင်ကို တွန်းဖယ်ပစ်ကာ ဖခင်ထံ တဟုန်ထိုး ပြေးသွား၏။ ဖေဖေသည် ကြမ်းပြင်ပေါ်ကျနေသော မှန်ကွဲစများကြားမှ စာရွက်ကို ကောက်ယူလိုက်သည်။

"ဒီမှာလေ ဖေဖေ ငယ်ခဲ့ဖူးတာ"

ဆူညံဆူညံ အသံဗလံများကြောင့် မေမေနှင့် သားလတ်တို့သည် ဧည့်ခန်းထဲသို့ ပြေးထွက်လာကြ၏။

"ဟဲ့ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ။ အို မောင့်လက်မှာ သွေးတွေ ... ဘုရား ဘုရား"

ဖေဖေသည် သားကြီးကို အေးချမ်းစွာ ကြည့်လိုက်သည်။

"ဒါပါပဲ သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"

ထို့နောက် ဖေဖေသည် အိမ်တွင်းခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။

မောင်သစ်ဆင်း (ဟန်သစ် မဂ္ဂဇင်း၊ အမှတ် - ၁၂)

***
အဲဒီစာအုပ်ထဲမှာ မဂ္ဂဇင်းနာမည်ပဲ ပါပြီး အချိန်ကာလကို ထည့်မထားဘူး။
ဒီ ဝတ္ထုက '93/ 94 လောက်မှာ ပါခဲ့တယ်။

***

9 comments:

Bino said...

It had been read long time ago.
But still remember.
I've just read it again.
We passed the time the way we wish.
Some ambition of young age were passed away.
Some are deviated.
Thank for sharing and rendering.
BINO

ဇွန်မိုးစက် said...

(၁) နဲ့ (၂) တစ်ခါတည်း ဖတ်သွားတယ်။ ကျိန်စာလည်း ၀တ္ထုတိုကောင်းတစ်ပုဒ်ပဲ။ ဖတ်ရင်းနဲ့ မျက်စိထဲမှာ ပြကွက်တွေလို တစ်ကွက်ပြီးတစ်ကွက် မြင်ယောင်သွားတယ်။ highlight လုပ်ထားပေးတဲ့ စကားပြောတွေလည်း သိပ်ကောင်းတယ်။ ကျေးဇူး ရီတာ။း)

Moe Tain Nyo said...

ကောင်းပါ့ဗျာ။ ဆရာ မောင်သစ်ဆင်း စာတွေကတော့ အတွေး တစ်ခုခုတော့ ပါတာပဲ။ ဆရာ ဖေမြင့် ၀တ္ထု တိုတစ်ပုဒ်နဲ့ တော်တော်ဆင်တယ်။ ကျေးဇူးပဲဗျို့။ နောက်လဲ ဆက်မျှဝေပါဦး။

ချစ်ကြည်အေး said...

၁ နဲ့ ၂ တခါတည်း ဖတ်သွားတယ် ညီမ ရီတာ...ဒီတပုဒ်လည်း အရသာရှိတာပဲ...ပြန်တင် ဝေမျှတာ ကျေးဇူးညီမရေ...

sonata-cantata said...

ဝတ္ထုတစ်ပုဒ်အနေနဲ့ ကောင်းပါတယ်။ ဒါပေမယ့် “တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့” ဆိုတဲ့ သြ၀ါဒနဲ့ ပေးချင်တဲ့ message ကိုတော့သဘောမတွေ့ပါ။ တစ်ဦးတစ်ယောက်ချင်ဖြစ်စေ, အဖွဲ့အစည်းတစ်ခုဖြစ်စေဟာ Risk မယူပဲ တိုးတက်တာ မရှိနိုင်ပါဖူး။ Risk ကို ကြောက်ရွံ့ဖို့ထက် Risk ကို စီမံခန့်ခွဲနိုင်ဖို့ကို သင်ကြားရမှာပါ။
ဧရာ

ဒီတော့ “တစတစ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏” ဆိုတဲ့ ဆရာကြီး ဦးရွှေအောင်ရဲ့ သြ၀ါဒကိုပဲ ပိုပြီးနှစ်ခြိုက်နေမိပါတယ်။

Doughnut IO said...

မြန်မာ့လူ့အဖွဲ့အစည်း၏ လင်ကောင်းသားကောင်း ရည်မှန်းချက်ကြီးရဲ့ ကျဆုံးခန်း

Bino said...

I agree with sonata-cantata comment.

BINO

Rita said...

ဘယ့်နှယ် ကိုလောရှည်
ဘယ်ရှုထောင့်ကနေ ကြည့်ပစ်လိုက်တာဒုန်း
:D

Rita said...

ကျဆုံးသွားတာ မဟုတ်ဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါ ပါရာဒိုင်းပြောင်းသွားတာ ဖြစ်မယ်။