Friday, April 2, 2010

ကျိန်စာ (၁) - မောင်သစ်ဆင်း

အိမ်ရှေ့တံခါးသည် အရှိန်ပြင်းပြင်းနှင့် ရုတ်တရက် ပွင့်လာ၏။ အပြင်ဘက်တွင် လေထန်လျက် ရှိသည်။

အိမ်တွင်းခန်းသို့ ဖေဖေ ဝင်လာပုံမှာ လေက တံခါးကို ဆောင့်ဖွင့်ပေးလိုက်ပြီး ဖေဖေ့ကိုပါ တခါတည်း တွန်းသွင်းလိုက်သကဲ့သို့ ဖြစ်သည်။

ဖေဖေသည် တံခါးကို ပြန်စေ့လိုက်ပြီး ဧည့်ခန်းထဲသို့ တစ်ချက် ဝေ့၍ ကြည့်လိုက်၏။ ဖေဖေ့မျက်လုံးများက အနည်းငယ် မှေးစင်းနေကာ မျက်နှာမှာ နီရောင်လွင်နေသည်။ အနည်းငယ် ယိမ်းယိုင်ချင်သော ခြေလှမ်းများဖြင့် ဧည့်ခန်းတွင်းသို့ ဖေဖေ ဝင်လာသည်။

ဧည့်ခန်းထဲမှာ မေမေရှိသည်။ သိုးမွေးထိုးတံ တစ်ချောင်းနှင့် အလုပ်များနေသော မေမေသည် ဖေဖေ့ကို တစ်ချက်မျှသာ မော့၍ ကြည့်သည်။ သိုးမွေးထိုးနေသည့် မေမေ့ လက်အစုံက ဖေဖေ ဝင်လာသည်နှင့် မသိမသာ နှေးကွေးလေးလံသွားဟန်ရှိသည်။

ဖေဖေက လက်ဆွဲသေတ္တာပြားကို ဗီရိုတစ်ခုအတွင်းသို့ ပစ်သွင်းလိုက်ပြီး ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်သည်။ လေပူတစ်ချက် မှုတ်ထုတ်ကာ အပေါ်အင်္ကျီကို ချွတ်သည်။ မေမေ့ကို မသိမသာ စောင်းငဲ့၍ ကြည့်သည်။

မေမေသည် သိုးမွေးကိုသာ ငုံ့၍ သည်းသည်းမည်းမည်း ထိုးလျက်ရှိ၏။ အင်္ကျီကို ချိတ်တွင် ချိတ်ပြီးသောအခါ မေမေရှိရာသို့ ဖေဖေ လျှောက်လာသည်။ မေမေ့ဘေးရှိ ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ မေမေ့နှာခေါင်း မသိမသာ ရှုံ့သွားသည်။

"ဘယ်သူတွေနဲ့ တွေ့လာပြန်ပြီလဲ"

"ဟင့်အင်း ဘယ်သူတွေနဲ့မှ မတွေ့ပါဘူး။ ကိုယ်တို့ အဖွဲ့ရဲ့ အကြိုအောင်ပွဲတဲ့ကွာ။ ဒေါက်တာညွန့်လွင်က ဒကာခံတာ။ ကိုယ်တို့ လုပ်ငန်းအခြေအနေကောင်းတယ်။ ဆေးယဉ်နေတဲ့ ငှက်ဖျားပိုးရဲ့ လိုက်ဖ်ဆာကယ်ထဲက အဆင့်တစ်ဆင့်မှာ ကိုယ်ခံအား..."

သိုးမွေးချည်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သဖြင့် ဖေဖေ စကားရပ်သွား၏။

"ထမင်းစားဦးမှာလား"

"ဟင့်အင်း မစားတော့ဘူး"

မေမေက ချည်လုံးကို ပြန်ကောက်ပြီး ဆက်ထိုးနေသည်။ ဖေဖေသည် နိမ့်မြင့်လှုပ်ရှားနေသော မေမေ့လက်ချောင်းများ၊ တွန့်လိမ်နေသော ချည်မျှင်စများ၊ တစ်ချက်တစ်ချက် ဝင်းလက်သွားတတ်သော သိုးမွေးထိုးတံတို့ကို အဓိပ္ပါယ်မရှိ ငေးစိုက်ကြည့်နေသေး၏။ ထို့နောက် မျက်နှာကို လက်ဝါးဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်သည်။ အပေါ်သို့မော့၍ မီးချောင်းကို ကြည့်သည်။ ဧည့်ခန်းထဲရှိ စာအုပ်ဗီရိုများကို ကြည့်သည်။ ထို့နောက် မေမေ့ကို ပြန်ကြည့်သည်။

"ကလေးတွေရော"

"အငယ်မက ဖျားနေတယ်။ အလတ်ကောင်က ဗွီဒီယိုတဲ့၊ သားကြီးက... "

ဖေဖေ ဆတ်ခနဲ ခါးကို ဆန့်လိုက်သည်။

"ဟင် သမီးဖျားနေတယ်။ အတော်လေး ဖျားလား။ ဘာဆေးတိုက်ထားလဲ"

"ဒီအိမ်မှာ ဘာဆေးတွေများ ရှိလို့လဲ။ ရှိလည်း ကျုပ်က ဆရာဝန်မှ မဟုတ်တာ။ ပါရာစီတမော တပြားတော့ တိုက်ထားတယ်"

ဖေဖေသည် ထိုင်ရာမှ ထကာ ဗီရိုဆီသွားသည်။ ဗီရိုကို ဖွင့်၍ အတန်ကြာ ရှာဖွေနေ၏။

"ရှင် ဘာရှာနေတာလဲ"

"နားကြပ်"

"ဟိုတလောကတော့ အောက်ဆုံးအံဆွဲထဲမှာ မြင်မိတာပဲ"

အောက်ဆုံးအံဆွဲကို ဖေဖေဖွင့်သည်။ နားကြပ်ကို တွေ့၏။

"သမီး အိပ်နေသလား"

"အင်း"

နားကြပ်ကို ပုဆိုးနှင့် ပွတ်ရင်း အိပ်ခန်းထဲသို့ ဖေဖေဝင်သွားသည်။ မေမေက ထိုင်ရာမှ မထ။ အထိုးမှားသွားဟန်တူသည့် ချည်စကို ပြန်လည် ဖြေချနေသည်။

ခဏကြာသော် ဖေဖေ ပြန်ထွက်လာ၏။ နားကြပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။

"ချွေးထွက်တယ်။ သိပ်လည်း မပူတော့ဘူး။ ချွဲသံလည်း မကြားဘူး။ အပရိကဖျားလောက်ပဲ နေမှာပါ။ သမီး တရေးနိုးရင် တပြားထပ်တိုက်မယ်။ မနက်မှာ ဖျားသေးရင် ခင်မောင်သန်းဆီ ပြတာပေါ့။"

မေမေ့မျက်နှာ၌ မဲ့ပြုံးတစ်ခု ပေါ်လာကာ ဟင်းကနဲ တစ်ချက်ရယ်လေသည်။

"ဖအေဆရာဝန် တစ်ယောက်လုံး ဖြစ်နေပြီး ကျွန်မ ကလေးတွေလည်း ကံဆိုးရှာပါတယ်။ ဘာဖြစ်ဖြစ် ဒေါက်တာခင်မောင်သန်းနဲ့ပဲ"

ဖေဖေ့မျက်နှာပေါ်က အနီရောင်သည် လွင်ရမှ ရုတ်ချည်း ရင့်သွား၏။ မေမေ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။

"ဟေ့ ငါက ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူး"

"ရှင်က ဒါကိုပဲ ဂုဏ်ယူနေတယ်ပေါ့"

ဖေဖေနှင့် မေမေသည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ခဏကြာသော် ဖေဖေ သက်ပြင်းချလိုက်သည်။

"တို့ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။ ဆေးကုသသော ဆရာဝန်သည် ကောင်း၏။ ပညာပေးသော ဆရာဝန်သည် ပိုကောင်း၏။ သုတေသနလုပ်သော ဆရာဝန်ကား အကောင်းဆုံးဖြစ်၏ တဲ့။ မင်းနားလည်ဖို့ ကောင်းတယ်။ တဆိတ်ရှိ ဒါကိုပဲ ခလုတ်တိုက်နေ။"

"သြော် ဟုတ်လား သည်းခံပါရှင်။ ဆရာဝန် အမျိုးမျိုး ရှိမှန်း အစက ကျွန်တော်မျိုးမ မသိခဲ့လို့ပါ။ ရှင်နဲ့ မရခင်ကတည်းကသာ သိခဲ့ရင် ကျွန်မဘဝ..."

"ခင်... တော်တော့ကွာ၊ ဒါတွေ အပ်ကြောင်းထပ်လှပြီ။ ကိုယ်တောင်းပန်ပါတယ် တော်ကြစို့။"

ဖေဖေသည် လက်နှစ်ဘက်ကို အသာခါကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းလျက်ရှိသည်။

"မတော်နိုင်သေးဘူး။ ဒီည ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်"

မေမေ့မျက်လုံးများ အတွင်း၌ သိုးမွေးထိုးတံ၏ တောက်ပြောင်မှုမျိုးကို မြင်တွေ့နေရသည်။ ဖေဖေက ခေါင်းယမ်းဆဲ။

"ဒီမယ် ရှင့်ကို ပြောစရာ နှစ်ချက် ရှိတယ်"

"အေး ပြော ပြော တကယ်လို့ နံပါတ် ၃ အချက်ပါ ရှိသေးရင်လည်း ဆက်ပြော"

"ပြောရမှာပဲ၊ ကဲ နံပါတ်တစ်အချက်... ရှင် ငွေ ခြောက်သိန်း ရှာနိုင်သလား"

"ဘာ... ခြောက်သိန်း"

ဖေဖေသည် မျက်ခုံးနှစ်ဘက် ပင့်လျက် မေမေ့ကို အလန့်တကြား ကြည့်၏။

"ခြောက်သိန်း ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ။ တိုက်ခန်းဝယ်ဖို့ပေါ့"

"ဘာတိုက်ခန်းလဲ၊ အခု အိမ်ခန်းက..."

"နေ့လည်က အိမ်ရှင် အဖွားကြီး လာသွားတယ်။ အခုနေရာတွေကို ကန်ထရိုက်နဲ့ တိုက်ဆောက်တော့မယ်။ မြေညီထပ်လိုချင်ရင် တစ်ခန်းခြောက်သိန်း၊ ယူနိုင်ရင် ယူ၊ မယူနိုင်ရင် ယူမယ့်သူတွေ တန်းစီနေတယ်။ အဲ... အပေါ်ဆုံးထပ် ဆိုရင်တော့ နည်းနည်း ဈေးလျော့မယ်။ ဘယ်လောက်လဲ သိလား"

ဖေဖေသည် မေမေ့ကို ကြောင်ကြည့်နေရာမှ မျက်နှာလွှဲလိုက်သည်။

"မသိချင်ဘူး"

မေမေသည် ချည်လုံးကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။

"မသိချင်လို့ ရမလား၊ ဒါ အိမ်ထောင်ဦးစီးတစ်ယောက် ပြောရမယ့် စကားလား။ ရှင်တော်တော် တာဝန်မဲ့"

မေမေသည် အသံတုန်လာ၏။ ဖေဖေက လက်ဝါးကာပြန်သည်။

"ကဲ ကဲ သိချင်တယ် ဘယ်လောက်တဲ့လဲ"

"နှစ်သိန်း"

ဖေဖေသည် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်သည်။

ညာဘက်လက်ကို ဆုတ်ချည်ဖြန့်ချည် လုပ်နေ၏။

"ဘယ်လိုလဲ၊ နှစ်သိန်းလောက်တော့ ရှင် ရှာနိုင်မလား။ မရှာနိုင်ရင် အိမ်ရှင်က ထွက်ခ နှစ်သောင်းပေးမယ်တဲ့။ ဂျောင်းပေတော့ပဲ။ ကျွန်မတို့ကလည်း ကိုယ့်အဆင့်အတန်း အကျခံပြီး ဘယ်လောက်ရမှ ထွက်ပေးနိုင်မယ် ဘာညာတွေ လုပ်မနေချင်ဘူး။ ကဲ ဘယ်လို စိတ်ကူးရသလဲ။ တစ်ခုတော့ ရှိတယ်နော်။ ကျွန်မ မိဘဆီကတော့ လုံးဝ မစဉ်းစားပါနဲ့တော့။ မေမေတို့မှာ ကျွန်မတို့ကို လှမ်းလှမ်းပြီး ဖို့နေရတာ များလှပြီ။ သမီး မွေးပြီးကတည်းက လစဉ် လှမ်းလှမ်း ထောက်နေရတာ။ ဒီကြားထဲ အကြောင်းကိစ္စပေါ်လာတိုင်း သွားပြီး အပူကပ်ရသေးတယ်။

မေမေဆိုရင် ရှေ့တမျိုး တိတ်တိတ်တမျိုး သူ့သမီးကို ပေးနေရတာ။ မနှစ်က မုံရွာ ခဏ ပြန်တုန်းကဆို မေမေက ညည်းတို့မှာလည်း ဒီအတိုင်းသာဆို ခက်ရချည်ရဲ့တဲ့။ ပြီးတော့ ပွဲရုံကလည်း လုပ်ငန်းကြီးလာတော့ အရင်းများနေတယ်။ ဒီတခါတော့ မေမေတို့ကို ဒုက္ခမပေးချင်တော့ဘူး။ ညီအစ်မတွေရဲ့ မျက်စောင်းဒဏ်လည်း မခံနိုင်တော့ဘူး။ ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်။ အဲဒါ ရှင် စဉ်းစားပါ"

မေမေပြောနေသည့် တချိန်လုံးတွင် ဖေဖေသည် ကုလားထိုင်ကို ကျောမှီလိုက် လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင် ယှက်ကာ ရှေ့တည့်တည့်မှ နံရံကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ နံရံပေါ်တွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော စာရွက်တစ်ရွက် ရှိသည်။ ထိုစာရွက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ပေးပို့သောစာ ဖြစ်သည်။ ဆေးပညာဂျာနယ်တွင် ပါရှိသော ဖေဖေ့ သုတေသနတွေ့ရှိချက်စာတန်းကို အကြောင်းပြု၍ ပေးပို့သည့် ကျေးဇူးတင် ချီးကျူးကြောင်း သဝဏ်လွှာ ဖြစ်လေသည်။ မျက်တောင်မခတ် ငေးစိုက်လျက်ရှိသော ဖေဖေကတော့ ဘာကိုမှ မြင်ဟန်မတူ။

မေမေသည် ဖေဖေ့ကို ထွင်းဖောက်၍ ကြည့်လိုက်၏။

"ဘယ်လိုလဲ ဒေါက်တာ။ ဖြစ်နိုင်ရဲ့လား"

ဖေဖေသည် မေမေ့ကို ကြည့်လည်းမကြည့်၊ ဖြေလည်း မဖြေ၊ မှုန်တေသောမျက်နှာသည် စားပွဲခင်းပေါ်၌သာ စွဲမြဲနေပြန်၏။ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့် ကြွက်သားလေးများက အနည်းငယ် ခုန်လှုပ်နေကြသည်။ မေမေ ပြုံးလိုက်၏။ အောင်နိုင်သူ အပြုံးမျိုးဖြင့် မေမေ ပြုံးသည်။

"ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးကလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့ကော မရနိုင်ဘူးလား"

ထိုင်နေရာမှ ဖေဖေ ဝုန်းကနဲ ထရပ်သည်။ မေမေ့ကို ကြည့်သော အကြည့်၌ မီးနီတွေ ဝင်းလက်သည်။ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်လှုပ်နေ၏။

"မင်း မင်း တရားလွန်လာပြီနော်။ အခုလောက်ထိ စော်ကားလာဖို့တော့ မကောင်းဘူး။ မင်းလည်း ပညာတတ်တစ်ယောက်ပဲ။ သုတေသနသမားတစ်ယောက်ရဲ့ ဘဝကို နားလည်ဖို့တော့ ကောင်းတယ်။ ငါ့မှာ ပိုက်ဆံများများ ရှာတတ်တဲ့ အရည်အချင်း မရှိဘူး ဆိုတာ ငါဝန်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မဝင်စားလို့။ ပိုက်ဆံထက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်မျိုးကို လုပ်နေရလို့။ ပိုက်ဆံတစ်ခုတည်းအတွက် ငါ အချိန်မပေးနိုင်ဘူး။ အဲဒါ ငါ့အားနည်းချက်လို့ ဆိုချင်ဆို။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘာဖြစ်လို့ စော်ကားချင်ရတာလဲ။"

"ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အားနည်းချက်ကြီးကြောင့် ကျွန်မတို့မိသားစုဘဝ ဒုက္ခရောက်ရလို့ပေါ့"

"ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါကွာ"

"အိုး လူဆိုတာဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင့်။ ဒီမယ် ကျွန်မတို့ဒုက္ခဟာ ဖြစ်သင့် ဖြစ်အပ်တဲ့ ဒုက္ခမျိုး မဟုတ်ဘူး။ တမင်သက်သက်ကို ဒုက္ခခံနေရတဲ့ ဘဝ။ သိရဲ့လား။"

ဖေဖေ အသက်ရှူမြန်နေသည်။ နဖူးပြင်နှင့် နှာခေါင်းဖျား၌ ချွေးများစို့လျက်။ ခဏကြာသော် ကုလားထိုင်ပေါ်သို့ ဝုန်းကနဲ ပြန်ထိုင်လိုက်သည်။ ထို့နောက် အံတစ်ချက် ကြိတ်လိုက်သည်။

"ဒီလောက်လည်း ပူစရာ မရှိပါဘူး။ မြို့သစ်မှာ နေရာရနိုင်သားပဲ"

"ရှင်ပဲ အစက မယူချင်ဘူးဆို၊ စိတ်မဝင်စားဘူးဆို"

"အခု ယူမယ်လေ။ ပြန်လျှောက်လိုက်မယ်"

"ဘယ်ကငွေနဲ့ အိမ်ဆောက်မှာလဲ"

ဖေဖေ ခေတ္တမျှ တွေဝေနေ၏။ ပြီးမှ အသက်တစ်ချက်ရှိုက်ကာ...

"ဝန်ထမ်းချေးငွေ ရှိသားပဲ ချေးလိုက်ရုံပေါ့"

မေမေ ခေါင်းယမ်းသည်။

"ရှင့် အစီအစဉ်ကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မ အစီအစဉ်ကို ပြောမယ်။ ကျွန်မ အစီအစဉ်က နေရာပြောင်းဖို့တင် မဟုတ်ဘူး။ ဘဝပါ ပြောင်းရမှာ"

"ဘာလဲ အဲဒါ"

"ကျွန်မတို့ မိသားစု မုံရွာကို ပြောင်းမယ်"

"ဘာ..."

"မနေ့က မေမေ့ဆီက စာလာတယ်။ သမီးတို့ အဆင်မပြေရင် မုံရွာကို လာခဲ့ကြပါတဲ့။ မုံရွာမှာ ကျွန်မနာမည်နဲ့ အိမ်တစ်လုံးရှိတယ်။ ခြံဝင်းလည်း ကျယ်တယ်။ ပွဲရုံလုပ်ရင် ရတယ်။ မေမေတို့နဲ့ တွဲပြီး ပွဲရုံဖွင့်မယ်"

"ဒါဖြင့် ငါက..."

"မုံရွာ ဆေးရုံကို ပြောင်းရအောင် ကြိုးစားပေါ့။ မလွယ်ရင်လည်း ထွက်ပစ်လိုက်ပေါ့။ မုံရွာမှာ ဘာလုပ်စားစား ရတယ်"

"ဟေ့ ငါက ဆရာဝန်ကွ"

မေမေက တစ်ချက် ရယ်၏။

"ဘာဖြစ်သလဲ၊ ရှင် ဆရာဝန်ဆိုရင် ဆေးခန်းကလေး ဟန်မပျက် ဖွင့်ပေါ့။ တစ်ဖက်ကတော့ စီးပွားရေး လုပ်ရမှာပဲ။ ရှင်ကလည်း မိုက်ကရိုစကုပ် ကြည့်နေရတာနဲ့ အပြင်ကို မကြည့်အားတော့ဘူး ထင်ပါရဲ့။

(စကားချပ်။ ဒီနေရာမှာ ဆင်ဆာ ဖြတ်ထားတယ်။ မဂ္ဂဇင်းထဲမှာတုန်းက ... အာလူးကြော်ရောင်းတဲ့ ဆရာဝန်၊ အုတ်သဲကျောက်လုပ်တဲ့ ဆရာဝန်... ပြီးတော့ ဘာဆိုလား ထည့်ရေးထားတာ ၃/ ၄ မျိုးပါသေးတယ်)


"ဒီမယ် မိမိခင်၊ ငှက်ဖျားသုတေသနကို ဇောက်ချပြီး လုပ်ချင်လွန်းလို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာ မင်းအသိ"

"သိတယ်လေ။ ဒီမယ် မောင်၊ ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ကျွန်မ မောင့်ကို ပါရမီ ဖြည့်နိုင်ပါတယ်။ ကလေးတွေ ရှိသေးတယ် မောင်။ ကျွန်မတို့ ကိုယ့်ဘဝကိုယ် မပိုင်ကြတော့ဘူးလေ။ ဘာမဆို သူတို့ဘဝကို ရှေ့တန်းတင်ပြီး စဉ်းစားကြရမှာပဲ။ ကဲ... အချက် နှစ်ချက် ကျွန်မ တင်ပြပြီးပြီ။ မောင့်အနေနဲ့ တစ်ခုခု ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်။ လူသားအားလုံး ကောင်းကျိုးထက် လောလောဆယ် မိသားစုကောင်းကျိုးဆိုတဲ့ လမ်းကို မောင် ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်"

မေမေသည် ထိုင်ရာမှ ထကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝ အရောက်တွင် ဖေဖေ့ဘက် ပြန်လှည့်လိုက်၏။

"ဘာဖြစ်လို့ ငရဲကြီးခံရဲသလဲ သိရဲ့လား မောင်။ ကျွန်မက မိခင်တစ်ယောက် ဖြစ်နေလို့ပေါ့"

***
အပိုင်း (၂ ) သို့

3 comments:

Bino said...

I've read it again.
Thanks for sharing.

BINO

san said...

မ. မ ရဲ့ ပို့တွေ အားပေးချင် တယ်.
and i want to read carefully and write comments. I wish i get this opportunities one day.
so i want to get a job quickly and can stay in sg ma.
i can't write myanmar font , but i have tried 4 or 5 fonts. :D

kyithar said...

thx a lot.. I have already copied & let me share.