Tuesday, April 27, 2010

opt

ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး "အာကီရာ ကူရိုဆာဝါ" (Akira Kurosawa) သည် ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာ သုံးပုံနှစ်ပုံလောက်သော ကားများကို ဂန္ထဝင်ကားတွေဖြစ်သည်ဟု ရုပ်ရှင်ပညာရှင်များက လက်ခံရသည်။

အင်တာဗျူးတစ်ခုတွင် "ခင်ဗျားရဲ့ ရုပ်ရှင်ကားတွေ အားလုံးဟာ အချုပ်အားဖြင့် လူ့လောကကို ဘယ်လိုများ စကားဆိုချင်ပါသလဲ" ဟု မေးရာ သူက ပြန်ဖြေလိုက်သည်မှာ "လူတွေဟာ ဒီထက်ပိုပြီး သာတောင့်သာယာ ချမ်းသာစွာ နေနိုင်ပါလျက် ကိုယ့်ဘာသာ ဆင်းရဲတွင်းနက်အောင် လုပ်နေကြတယ် ဆိုတဲ့ စကားကို ပြောနေတာပါပဲ" တဲ့။

(အောင်သင်း - တကယ့်နိုင်ငံရေး - 17.8.2003)
ကန့်ကူလက်လှည့် - Oct 2004 ဒုတိယအကြိမ် (Future Publishing House)

***

10 comments:

Aung Phyoe said...

အဲဒီ ဒါရိုက်တာရဲ့ 'Dersu Uzala' ကို ကြည့်ကြည့် ။ ကျတော့် ကြည့်ဖူးသမျှ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားပဲ ။

Ko Paw said...

ရီတာရေ….

ကန့်ကူလက်လှည့်ထဲက ဆရာ ကိုဉာဏ်စိန်ကို သက်ဆိုင်ရာက ဆီးသီးရောင်းတဲ့ သင်ခန်းစာတွေ မသင်ရဘူး။ အစိုးရက ချမှတ်ပေးတဲ့ သင်ရိုးညွှန်းတမ်းအတိုင်းပဲ သင်ရမယ်လို့ ဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ။ ကိုဉာဏ်စိန်ဟာ (၁)အလုပ်ပြုတ်ခံပြီး၊ ဒါမှမဟုတ် အထက်က အာဏာပိုင်တွေကို အတိုက်အခံလုပ်ပြီး သူယုံကြည်တဲ့အတိုင်း ဆီးသီးဆက်ရောင်းမလား။ (ကံမကောင်းရင် ထောင်ကျနိုင်တယ်နော်။) (၂) ဒါမှမဟုတ် အာဏာပိုင်တွေ ခိုင်းတဲ့အတိုင်း လိုက်နာမလား။

နည်းလမ်း(၁) အတိုင်း ရွေးချယ်တယ်ဆိုရင် အဲဒါဟာ တကယ့်နိုင်ငံရေးပါ။ နည်းလမ်း(၂)အတိုင်း ရွေးချယ်တယ်ဆိုရင် အထုတ်ဖြေမကြည့်ချင်ဘူးဆိုပြီး ကိုယ်နဲ့မဆိုင်သလို နေလိုက်တာပါ။

နည်းလမ်း(၁)အတိုင်း ရွေးချယ်တယ်ဆိုရင် အဲဒီလို ရွေးတဲ့လူတွေ များလာရင် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တရပ် အဖြစ် ပေါ်ပေါက်လာပါမယ်။ နည်းလမ်း(၂)အတိုင်းရွေးချယ်ရင်တော့ အခုမြန်မာပြည်မှာ ရှိတဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းတရပ်ကို (တဦးချင်းဆန္ဒနဲ့) ရွေးချယ်လိုက်တာပါ။ သူ့မှာလည်း သူကြိုက်သလို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူ့ရွေးချယ်မှုဟာ သူဟာ သူနေတဲ့ လူ့အဖွဲ့အစည်းကို ပုံသွင်းနေတယ်ဆိုတာကိုတော့ လက်ခံရပါမယ်။

အာဏာရှင်စနစ်အောက်မှာ ဆီးသီးကိုတောင် လွတ်လွတ်လပ်လပ် ရောင်းခွင့်မရပါဘူး။ ဒီအချက်ကို နာဂစ်မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ခွင့်မသာအောင် အစိုးရက ဟန့်တား တားဆီးထားတဲ့အချက်ကို ကြည့်ရင် တွေ့မြင်နိုင်ပါတယ်။ အားလုံးလုပ်ခဲ့သမျှဟာ ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲ ရှိတာပါ။ အလားတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေအားလုံးမှာ ထိထိရောက်ရောက် လုပ်ခွင့်မသာအောင် အာဏာရှင်စနစ်က တားဆီးထားပါတယ်။ ကိုယ့်လုပ်တဲ့ အလုပ်ကို ထိရောက်အောင် လုပ်ချင်ရင် အတိုက်အခံ၊အတားအဆီးနဲ့ မုချ ကြုံတွေ့ရမှာပါ။ ကိုယ်လုပ်ချင်တဲ့အတိုင်း မဖြစ်ဖြစ်အောင် ဆက်လုပ်မှာလား။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေးနဲ့ ကင်းချင်လို့မရတော့ပါဘူး။ နိုင်ငံရေးဆိုတာက အဲဒီလို လွတ်လပ်စွာ လုပ်နိုင်တဲ့ အခြေအနေကို ဖန်တီးတာကို နိုင်ငံရေးလို့ခေါ်ပါတယ်။ လမ်းမပေါ်ထွက်တာတို့၊ လူထုအုံကြွမှုတို့ဆိုတာ နိုင်ငံရေးနည်းလမ်းတွေထဲက တနည်းသာလျှင် ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ….. မြန်မာပြည်သူအများစုက လွတ်လပ်မှုအခြေအနေတရပ်ကို တကယ်တောင့်တပြီး ဆန္ဒရှိတဲ့အတိုင်းလည်း ကိုယ်ထူကိုယ်ထ အုတ်တချပ် သဲတပွင့် စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် လူအများပါဝင်ကြတဲ့တချိန် အောင်မြင်မှာပဲ။

ဒီလိုမဟုတ်ဘဲ အထုတ်ဖြေမကြည့်ဘဲ ကိုယ့်ဘာသာချမ်းသာစွာ နေလိုသူတွေ များရင်လည်း လက်ရှိအခြေအနေအတိုင်း၊ သို့မဟုတ်၊ ဒီထက် ဆိုးရွားတဲ့အခြေအနေမှာ ဆက်နေကြရဦးမှာပဲ။ ဒါကလည်း လက်ခံရမယ့် အရှိတရားပါ။ လက်ရှိအခြေအနေအတိုင်း ဆက်နေတယ်ဆိုရင် အခြားတိုင်းပြည်က ပြည်သူပြည်သားများနည်းတူ ချမ်းသာစွာ အမှန်တကယ် နေရသလားဆိုတာတော့ မြန်မာပြည်သူပြည်သားတယောက်အနေနဲ့ ကိုယ့်ဘာသာ ချင့်ချိန်ဆုံးဖြတ်ရမှာပါပဲ။

Rita said...

မှန်ပါတယ် ကိုပေါပြောတာ။
ညက အဲဒီ ကန့်ကူလက်လှည့်ကို ပြန်ဖတ်ရင်းနဲ့ အဲဒီအတွေးတောင် တွေးမိသေးတယ်။ ပလိပ်ကပ်ဆိုက်တယ် ဆိုတာမျိုးပဲ။ အထဲရော အပြင်ရော မလွတ်ဘူး။ ဘယ်သူ့ ဘယ်သူမှ...

ဒါပေမဲ့ အထက်က ကူရိုဆာဝါ အပိုင်းကို တင်တော့ မြန်မာပြည်ကိစ္စနဲ့ ဆက်စပ် စဉ်းစားမိပြီး တင်တာတော့ မဟုတ်ဘူး။ လူတွေ ဆိုတာမှာ လူမှန်သမျှကို စဉ်းစားမိတယ်။ နောက်တခုက မြန်မာပြည်မှာ ပြသမျှ ဇာတ်လမ်းတွဲတွေထဲမှာ ဂျပန်ဇာတ်လမ်းတွဲတွေဆို တတ်နိုင်သမျှ အချိန်ပေးကြည့်ခဲ့၊ စိတ်ဝင်စားခဲ့တော့ ဂျပန်ဒါရိုက်တာတစ်ယောက်ပြောတဲ့စကားကို တင်ချင်စိတ်ဖြစ်သွားပြီး တင်တာပါပဲ။ ဒါပေမဲ့ ဆရာအောင်သင်းက ဒီဆောင်းပါးကို တကယ့်နိုင်ငံရေးလို့ ပေးထားပေမယ့် ဒီစကားကွက်ကွက်လေးကတော့ လူတွေရဲ့ လုပ်ရပ်ကို ခြုံငုံပြောတယ်လို့ မြင်မိပါတယ်။

ဒါတင်ရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်ကလူတွေ အပူရှာမနေကြနဲ့။ အေးရာအေးကြောင်းရှာနေကြလို့ ပြောချင်လို့တော့ မဟုတ်ဘူး။ မြန်မာပြည်အကြောင်းကို မတွေးလိုက်မိတာ။

ဒါပေမဲ့ ဆရာဉာဏ်စိန်လို ကိစ္စမျိုးကတော့ အစိုးရဆီထိတောင် မရောက်ဘဲ မင်းတုန်းမင်းအလောင်းအလျာ မောင်လွင်ကို ရိုက်ဆုံးမတဲ့ ဆရာတော်ကြီးမှန်တယ်လို့ မြင်တတ်ကြတဲ့၊ မြင်းထိန်းငတာကိုသာ နေရာတကာ ဥပမာပြလိုတတ်ကြတဲ့ လူများ အဖွဲ့အစည်းထဲရှိနေသမျှတော့ အစိုးရဆီထိတောင် မရောက်ဘဲ ပျောက်သွားနိုင်သေးတယ်။

ဒီလိုပြောရင်တော့ ထုံးစံသမားများက သီအိုရီအရ စစ်သားမယားလား လာမေးချင် မေးပါလိမ့်မယ်။ (comment moderate လုပ်ထားလို့ လာချင်မှလဲ လာလိမ့်မယ်။ moderate ထည့်ထားတာနဲ့ moderate လုပ်စရာ comment များ လုံးဝ လုံးဝမှ မလာတော့တာ အံ့သြစရာတော့ ကောင်းသား။ ကြုံလို့ပြောတာပါ။ comment ဆိုတာ comment ပေးသူအတွက် သူရေးတာကို သူသိစေချင်တဲ့ စာရေးသူသိရင်ပြီးရော မဟုတ်ဘူးလား။ ဒီ comment ကို တင်ပေးမယ် ထင်မှပဲ ပေးကြတာလားတော့ မသိဘူး။ ကျွန်မအနေနဲ့ ရှင်းရှင်းပြောရရင်တော့ comment moderate ထည့်တယ်ဆိုတာ မကြိုက်တာ သဘောမတူနိုင်တာတွေလာရင် မတင်ဘဲ ထားဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး။ စော်ကားမော်ကား ရေးလာသမျှကို moderate လုပ်ထားခြင်းအားဖြင့် အပေါ်စီးကနေ တင်ပေးချင်လို့ အဲဒီ function ကို ထည့်ထားတာ။)

ဆက်ပြောရရင် ဆရာဉာဏ်စိန် ပျောက်သွားဖို့ရာမှာ အစိုးရထိ မလိုပါဘူး ပြောရင် ဒေါ်ခင်မျိုးချစ် ဉာဏ်မမီနိုင်သူများကတော့ အစိုးရဘက်က လိုက်ပြောနေတယ် ထင်ချင်ထင်ဦးမယ်။ ကိုပေါကတော့ ဒီလိုထင်မယ် လို့ မယူဆပါဘူး။ ကျွန်မ ဆိုလိုတာကို သိမှာပါ။ ကြားထဲမှာ မဆိုင်တဲ့အကြောင်းအရာတချို့လည်း ထည့်ပြောလိုက်မိတယ်။ ကိုပေါပြောတာတွေနဲ့ မဆိုင်ပေမဲ့ တိုင်တည်ပြီးပြောတယ်လို့ပဲ မှတ်ပေးပါ။

Rita said...

နောက်ထပ် ပုဏ္ဏားတိုင်ထူပြီး ပြောစရာတစ်ခု ရှိနေသေးတာ ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား စဉ်းစားနေမိလို့။ ပြီးတော့ ခု ရုံးမှာမို့ မပြောသေးဘူး။

ဇွန်မိုးစက် said...

ကိုယ်တော့ အဲဒီ့စာအုပ် မဖတ်ဖူးလို့ မဝေဖန်တတ်ဘူး။

ကူရိုဆာဝါကိုတော့ သိတယ်။

ဂျပန်ဇာတ်လမ်းတွဲတွေကိုကြိုက်တယ်။ တရုတ်၊ ကိုရီးယားကားတွေထက် ပိုကြိုက်တယ်။ ဇာတ်မျောနဲ့ မဆွဲဘဲ တိုတိုနဲ့ ထိထိရောက်ရောက်ပြနိုင်လို့်သဘောကျတာလည်းပါတယ်။

နိုင်ငံရေးဆိုတဲ့ ဝေါဟာရ တမင်မေ့ထားတယ်လို့ ဆိုပါရစေ။

Rita said...

from ခရေဖြူ
to

date Wed, Apr 28, 2010 at 1:27 PM
subject Comment for opt
signed-by yahoo.com.sg

"လူတွေဟာ ဒီထက်ပိုပြီး သာတောင့်သာယာ ချမ်းသာစွာ နေနိုင်ပါလျက် ကိုယ့်ဘာသာ ဆင်းရဲတွင်းနက်အောင် လုပ်နေကြတယ် ဆိုတဲ့ စကားကို ပြောနေတာပါပဲ" တဲ့။
ဒီစာကို ဖတ်လိုက်တုန်းက လူအားလုံးလို့ပဲ ယူဆလိုက်တာပါ၊ မိဘက ငွေကုန်ကြေးကျခံ ကျောင်းထားပါရဲ့ လင်နောက်လိုက်ပေးပီး ခု ခလေး၁ယောက်ရနေတဲ့ တဝမ်:ကွဲညီမလေးကိုတောင် ပြေးသတိယလိုက်သေး၊ ကိုပေါကွန်မန့်ဖတ်မှပဲ မြန်မာပြည်ကလူလို့ သူတွေးတာ စဉ်းစားမိတယ်။ စာရေးသူပြန်ဖြေတာတွေ့တော့ စာရေးသူနဲ့ ကိုယ်နဲ့ တွေးပုံတူနေတယ်၊ ကိုယ်သာ ကိုဉာဏ်စိန်ဆိုရင် ဆီးသီးဆက်မရောင်းပါဘူး (ဖိအားပေးလာရင်)၊ လိမ္မော်သီးပြောင်းရောင်းပါ့မယ် (ဟီး တခြားနည်း တမျိုးနဲ့ ခလေးတွေကို စိတ်ဝင်စားအောင်လုပ်မယ့်သဘောပါ)။ ဆီးသီးအရောင်းကောင်းလို့ ထောင်ကျသွားတော့ နောက်ထပ်ကိုဉာဏ်စိန်တွေပေါ်မလာ သေးခင် ဒီခလေးတွေကို ဘယ်သူသင်ပါ့မလဲ။ ကိုယ်စဉ်းစားနေတာက ကိုယ်လဲဆီးသီးဆက်မရောင်းဘူး ကိုပေါလဲဆက်မရောင်းဘူး (ဆက်မရောင်းလို့ ထောင်မကျသေးဘူးလို့ ယူဆမယ် ဆိုရင်) ဒါပေမယ့် ကိုပေါက ဘာလို့ သူ့ဆီးသီးပိုချိုသလိုလိုပြောနေပါလိမ့် (အမ် စောတီး အထုတ်ဖြေကြည့်မိပီ ဘွာတေး)

(ခရေဖြူ)

AMMK ✆ to Kay
dateWed, Apr 28, 2010 at 1:45 PM

ဒါရောတင်ရမှာလား

AMMK ✆ to Kay
dateThu, Apr 29, 2010 at 12:50 PM

တင်စေချင်ရင် တင်ပေးမှာပါ။
မသေချာလို့ ပြန်မေးရတာ။

Ko Paw said...

"ကိုယ်သာ ကိုဉာဏ်စိန်ဆိုရင် ဆီးသီးဆက်မရောင်းပါဘူး (ဖိအားပေးလာရင်)၊ လိမ္မော်သီးပြောင်းရောင်းပါ့မယ် "

အင်း... ခရေဖြူပြောပုံက Mary Antoinette ပြောတဲ့ “ပြည်သူတွေ ပေါင်မုန့်မရှိရင်လည်း ကိတ်မုန့်စားပစေပေါ့” ဆိုသလို ဖြစ်နေတယ်။

တကယ့်တကယ်မှာ အဲသလောက်တော့ မရိုးရှင်းဘူးလေ။ တကယ်လို့သာ အဲသည်လို လိမ္မော်သီးပြောင်းရောင်းလို့ရရင်တော့ ဘယ်သူမှလည်း ထောင်ကျစရာ အကြောင်းမရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ခရေဖြူမှာ အဲသည်လို ဆီးသီးမရောင်းရလည်း လိမ္မော်သီးပြောင်းရောင်းချင်တဲ့ စိတ်ကလေးရှိသေးတာကိုတော့ တကယ်အသိအမှတ်ပြုပါတယ်။ ဒီအချက်ဟာ အထုပ်ဖြေမကြည့်ချင်လို့ အာဏာရှင်ခိုင်းတိုင်း လိုက်လုပ်တာထက်တော့ သာပါသေးတယ်။

လူတိုင်း ဘယ်သူကတော့ ထောင်ကျချင်ပါ့မလဲ။ (ရီတာပြောခဲ့ဘူးတဲ့ စတိုင်ထုတ်ပြီး ထောင်ထဲဝင်တဲ့လူ ဆိုတာတော့ မကြုံဘူးလို့ ချွင်းချက်အဖြစ် ရှိစေတော့။) ဘယ်သူမဆို ကိုယ့်လွတ်လပ်ခွင့် ဆုံးရှုံးမှာကို မလိုလားကြပါဘူး။ တကယ်လို့သာ သန်းငါးဆယ်မှာ တစ်သန်းလောက်ကပဲ ဆီးသီးဆက်ရောင်းချင်ကြမယ်ဆိုရင်၊ ဒါမှမဟုတ် လိမ္မော်သီးပြောင်းရောင်းဖို့ အားထုတ်ကြမယ်ဆိုရင် အဲသည်လူတသန်းလုံးကို ဘယ်အစိုးရမှ ထောင်ချခြင်းငှာ မစွမ်းသာပါဘူး။ အခုတော့ ယုံကြည်တဲ့အတိုင်း ဆက်လက်စွန့်စားဝံ့သူ အနည်းအကျဉ်းကသာ ဆက်ရောင်းတဲ့အတွက် ရောင်းတဲ့လူတွေ ထောင်ထဲ ဝင်ကြရတာပါ။ ကျနော့်အနေနဲ့က ကိုယ်တိုင် အဲသည်လောက် မစွန့်စားဝံ့သေးလို့ ဆက်မရောင်းဘူးဆိုလည်း သူများ ဆက်ရောင်းနေတဲ့လုပ်ရပ်ကိုတော့ မှားတယ်လို့ ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ အကြမ်းမဖက်နည်းနဲ့ အာဏာရှင်အစိုးရကို အံတုမှုမှန်သမျှကို ကျနော်ထောက်ခံပါတယ်။ အားပေးပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ကိုယ်တိုင်မလုပ်နိုင်တဲ့အခါမျိုးမှာ ကိုယ်မလုပ်ရခြင်းရဲ့ အကြောင်းရင်းကို ဘယ်သူ့ကြောင့်မလုပ်တာ၊ ဘယ်ဝါ့ကြောင့်မလုပ်တာလို့ သူတပါးကို လက်ညှိုးမထိုးပါဘူး။ ကိုယ့်ဘာသာကိုယ် အဲသည်လောက် လုပ်နိုင်တဲ့အထိ မရင့်ကျက်သေးလို့၊ အဆင့်မမြင့်သေးလို့ လို့ပဲ ခံယူပါတယ်။

ရီတာပြောတဲ့ အာကီရာ ကူရိုဆာဝါ ရဲ့ ကားတွေကို မသိပါဘူး။ အခု ဒီပို့စ်မှာ ကွန်မင့်ဝင်ရေးရခြင်းကတော့ သူပြောသွားတဲ့စကားနဲ့ အောက်က ဆရာအောင်သင်း ဆောင်းပါးနဲ့၊ ရီတာ တခါက ရေးခဲ့ဘူးတဲ့ အထုပ်ဖြေသူများနဲ့ ဆက်စပ်တွေးမိပြီး ကွန်မင့်ပေးဖြစ်တာပါ။

ဒါထက်.. ခရေဖြူရဲ့ ကွန်မင့်ထဲမှာ “မိဘက ငွေကုန်ကြေးကျခံ ကျောင်းထားပါရဲ့ လင်နောက်လိုက်ပေးပီး ခု ခလေး၁ယောက်ရနေတဲ့ တဝမ်:ကွဲညီမလေးကိုတောင် ပြေးသတိယလိုက်သေး၊ ”ဆိုတာပါတယ်။ ဒီတဝမ်းကွဲညီမကလေးဟာ ကိုယ့်ဘာသာ ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့တယ်လို့ ဆိုလိုချင်ပုံရတယ်။

မထင်မှတ်ဘဲ... အခုတလော ကျနော်စဉ်းစားဖြစ်နေတဲ့ အကြောင်းတချို့နဲ့ သွားတိုက်ဆိုင်နေတယ်။ မူလတန်း၊ အလယ်တန်း တုန်းက ကျနော့်သူငယ်ချင်းတွေ ကျောင်းတဝက်တပျက်နဲ့ အလုပ်ထွက်ကြ၊ အိမ်ထောင်ကျကြ၊ ကျနော်တက္ကသိုလ်တက်တော့ သူတို့တွေ ကလေးတွေ တိုးလို့တွဲလောင်း။ ကျနော်ကျောင်းပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတော့ သူတို့တွေ လယ်ထဲ ကိုင်းထဲမှာ ရုန်းနေကြတယ်။ ပထမတော့ ကျနော်က သူတို့တွေထက် ကံကောင်းတယ်လို့ တွေးမိဖူးတယ်။ ဒါပေမယ့် တကယ်တွေးတဲ့အခါ သူတို့လည်း သူတို့ဘဝမှာ နေပျော်ကြတယ်၊ ဘဝကို ကျေနပ်ရောင့်ရဲကြတယ်ဆိုရင် သူတို့ဘဝက ဝင်ငွေအားဖြင့်သာ နိမ့်ချင်နိမ့်မယ်။ ဘဝအပေါ် ကျေနပ်ရောင့်ရဲ ပျော်ရွှင်မှုမှာ ကျနော်တို့ထက် အများကြီးသာနိုင်တယ်။ ဒီတော့ လူတယောက်ကို သူ့ဝင်ငွေအဆင့်အတန်းကြည့်ပြီး အမှန်တကယ် ဒုက္ခကို ခံစားနေရသလား၊ သာတောင့်သာယာ ချမ်းသာစွာနေရသလားဆိုတာ အလျင်စလို ဆုံးဖြတ်ကြရင် မှားနိုင်တယ်လို့ ယူဆမိပါတယ်။

Rita said...

ကိုပေါ ဘယ်လို အတွေးပေါက်ပြီး ရေးမိတာလဲ ဆိုတာကိုတော့ နားလည်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း တခုခုဆို အဲဒါနဲ့ သိသိသာသာ ဆိုင်ဆိုင် မဆိုင်ဆိုင် ချိတ်ဆက်ပြီး အမျှင်မပြတ် တွေးနေမိတတ်တာ။

အဲဒီနေ့ကတော့ ခရေဖြူ comment ရေးမရလို့ email ကနေ လှမ်းပို့နေတာနဲ့။ သူတင်ချင်တာတွေ သေချာအောင်မေးပြီး ဒီနေ့ တင်ပေးလိုက်တာ။

Rita said...

အော် နောက်တခု သတိရလို့ ခုမှ။

နာဂစ်တုန်းက ဆိုတာနဲ့ ပတ်သတ်လို့...
ကိုပေါပြောတာ မှန်ပါတယ်။

ထိရောက်အောင် လုပ်နိုင်တာ မနိုင်တာထက်၊ တကယ်တမ်း အဖြစ်အပျက်က အလုပ်ကို မဟုတ်ပါဘူး။ ဆိုလိုတာက လူတွေ ခုလောက်ထိ မဖြစ်သင့်ဘဲ ဖြစ်ရ၊ နောက်တခုက လူလူချင်း ခုလောက်ထိ ဒုက္ခခံ အလုပ်ရှုပ်ခံ ကရိကထခံ နောက်ဆုံး ထောင်ကျခံလို့ ကယ်ရတယ် ဆိုတာ ဘာကြောင့်ဆိုတာရှင်းပါတယ်။

Rita said...

ဒါပေမဲ့ ခု ကိစ္စ ဖြစ်ပြီးသွားတဲ့ အချိန်မှာတော့ ကျွန်မအနေနဲ့ ဟိုဘက် ဒီဘက်ဆိုတဲ့ သတ်မှတ်ချက်ကို ကျော်သွားတယ် ပြောရမလား။

အဲဒီကိစ္စ တကယ်ဖြစ်သွားတယ် လို့ သိလိုက်တဲ့ အချိန်မှာ ပူလိုက်တဲ့ အပူက ပြောပြလို့မရဘူး။

သိပ်မကြာခင်မှာ ဂဂျိုးဂဂျောင် အရေးအသားတွေ လာကြရော။ လောလောလတ်လတ် ပူနေတဲ့ အချိန်မှာပဲ အဲဒီလို ဦးနှောက်မရှိတဲ့အရေးအသားတွေ၊ ငါ့စကားနွားရတွေ တွေ့လိုက်တဲ့အခါမှာ ဘယ်ဘက် ဆိုတဲ့ အမြင်ဟာ ပျောက်ကိုသွားတယ်။

လူတွေ သူတို့တွေ ဒင်းတို့တွေ။
ခေါင်းထဲမှာ အဲဒါပဲ ရှိတော့တယ်။

အဲဒီ အသိနဲ့ပဲ ကူရိုဆာဝါ ပြောတဲ့စကားကို တင်မိတယ်။

ဒါက တပိုင်း။
***

ဒါက နောက်တပိုင်း။

တခုတော့ရှိတယ် ကိုပေါ။

တတ်နိုင်သလောက် လုပ်ကြတယ်ဆိုတဲ့ လူတွေဟာ သူတို့ သဒ္ဓါတရားရှိတဲ့ဆီကိုသာ သွားကြလိမ့်မယ်။ အော်ချင်ရာအော် ပြောချင်ရာပြော ဆန့်ကျင်နေတယ်ဆိုပြီးတာပဲ အားလုံးက သဒ္ဓါမှာပဲ လို့တော့ တွက်လို့မရဘူး။

အော်ချင်ရာအော် ပြောချင်ရာပြော ဆန့်ကျင်နေတယ်ဆိုပြီးတာပဲ အားလုံးက ကြည်ဖြူမှာပဲ လို့တော့ တွက်လို့မရဘူး။