Monday, May 9, 2011

တက္ကသိုလ်ဆရာ - အောင်သင်း

တက္ကသိုလ်ဆရာ - အောင်သင်း

ကျွန်တော့်ကို စင်မြင့်တွင် စကားပြောကောင်းသူဟု မိတ်ဆွေများကလည်းကောင်း၊ စာရေးဆရာအချင်းချင်းကလည်းကောင်း ချီးမွမ်းကြပါသည်။ ထို့အတူ တပည့်များကလည်း စာသင်ကောင်းသောဆရာ၊ အပြောကောင်းသောဆရာဟု ချီးမွမ်းကြပါသည်။ သို့သော် ကျွန်တော်သည် တကယ်ကိုတော်သော ဆရာတစ်ယောက် မဟုတ်သေးကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် အသိဆုံးဖြစ်ပါသည်။


အထက်တန်းကျောင်းသားများကို သင်ကြားပေးရသည့် ဆရာမျိုးဖြစ်လျှင်တော့ လူတော်ဆရာစာရင်းဝင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သို့သော် အဆင့်မြင့်ပညာဟု ဆိုအပ်သည့် တက္ကသိုလ်ဆရာတစ်ယောက်အနေနှင့် စဉ်းစားလိုက်လျှင် ကျွန်တော်သည် ခပ်ညံ့ညံ့ ဆရာတစ်ယောက်မျှသာဖြစ်နေသည်ဟု တကယ့်ကို ဘဝင်ကျကျ လက်ခံမိပါသည်။

တက္ကသိုလ်အဆင့် ဆရာတစ်ယောက် 'တော်ပြီ' ဆိုလျှင် တကယ့်ကို လန့်လောက်အောင် တော်တတ်သည်ဟု ထင်မိပါသည်။ ကျွန်တော့်အဖို့ ကုသိုလ်ကောင်းခဲ့သည်မှာ ထိုကဲ့သို့ လန့်လောက်အောင် 'တော်သည့်' ဆရာများကို ကြုံခဲ့ရဖူးခြင်းပင် ဖြစ်ပါသည်။

သူတို့သည် ပြဋ္ဌာန်းထားသော စာများကိုသာ သင်ပေးနေကြသည့် ဆရာမျိုးမဟုတ်ကြ။ စာသင်သားများ၏ အတွေးလိပ်ပြာ နှိုးပစ်လိုက်နိုင်စွမ်း ရှိကြသည်။ ပြဋ္ဌာန်းစာတွင် တွေ့ရသော ခက်ရာခက်ဆစ် အပိုင်းများကို စာသင်သားများ လွယ်ကူစွာ နားလည်သွားလောက်အောင် ရှင်းလင်းသင်ကြားနည်းမျိုးကို ကျွန်တော်လည်း ထိုက်သင့်သလောက်တော့ လုပ်နိုင်ပါသည်။

ထိုထိုသော ခက်ရာခက်ဆစ်များကို စာသင်သားတွေ နားလည်လွယ်အောင် ဘယ်လိုလုပ်ပြီး သင်မလဲဆိုသည်ကို သွားရင်းလာရင်း စိတ်ကူးနေခြင်းဖြင့် ထိုအခက်အခဲကို လွန်မြောက်နိုင်ကြောင်း ကျွန်တော့်ကိုယ်တွေ့ဖြင့် သိခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အထက်တွင် ကျွန်တော်ပြောခဲ့သလို အတွေးလိပ်ပြာ နှိုးနိုင်သည့် အဆင့်သို့ ရောက်နိုင်သည် မဟုတ်ပါ။

ထိုကဲ့သို့ တကယ့်ကို တော်သည့် ဆရာများအနက် ဆရာနှစ်ပါးအကြောင်းကို ကျွန်တော့် ကိုယ်တွေ့အဖြစ် ထုတ်ဖော်တင်ပြလိုက်ချင်ပါသည်။

ပထမတစ်ယောက်က ဆရာကြီးဦးဝန် (မင်းသုဝဏ်) ဖြစ်ပါသည်။

ကျွန်တော် ဝိဇ္ဇာတန်းကို အောင်မြင်ပြီးနောက် ပညာရေးဘွဲ့ (ဘီအီးဒီ)အတွက် ပညာရေးတက္ကသိုလ်တွင် တက်ရောက် သင်ကြားနေခိုက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ ဆရာဦးဝန်က ပါမောက္ခအဖြစ် ဝင်ရောက် အမှုထမ်းရပါသည်။ ဆရာဦးဝန် ပါမောက္ခဖြစ်လာသောကြောင့်ပင်လျှင် ကျွန်တော်သည်လည်း မဟာဝိဇ္ဇာအရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် မြန်မာစာဌာနသို့ ပြောင်းရွှေ့ပြီး ပညာဆက်လက် သင်ယူခဲ့ရပါသည်။ ဤသို့အားဖြင့် ဆရာဦးဝန်၏ သင်ကြားပို့ချမှုကို နာယူခဲ့ရပါသည်။

ဆရာက ဘာသာစကားလေ့လာမှုကို သင်ကြားပေးသည်ဖြစ်သောကြောင့် ကျွန်တော်တို့မှာ ဘာသာစကားဆိုင်ရာ အသိဗဟုသုတပညာ အဘယ်မျှတိုးကြောင်းကို အထူးပြောနေစရာ မလိုပါ။ အံ့သြစရာလည်း မဟုတ်ပါ။ ရှေ့ကိုတိုးပြီးဖတ်ရန် မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်များကို သေချာပြပြီး အထူးပြုလေ့လာအပ်သည့် အဆစ်အပိုင်းတို့ကို ညွှန်ပြသင်ကြားပေးသောကြောင့် ကျွန်တော်တို့အဖို့ ပညာလေ့လာမှုလမ်း ပွင့်လာလိုက်သည်မှာလည်း ပြောစရာမရှိတော့ပါ။ ယခု ကျွန်တော်ပြောချင်သည့် အကြောင်းအရာမှာ ထိုမျှလောက်ကို ပြောလိုခြင်း မဟုတ်ပါ။

ဆရာက ကျွန်တော်တို့အား ဘာသာစကားဆိုင်ရာ လေ့လာမှုကို သင်ပေးသည်ဖြစ်သောကြောင့် မွန်ဘာသာဖြင့် ရေးထိုးထားသည့် 'ရွှေစည်းခုံကျောက်စာ' ကိုလည်း သင်ပေးရပါသည်။ ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာပြန်နှင့် တွဲပြီး ရိုက်နှိပ်ထားသော စာအုပ်ကိုပင် ပြဋ္ဌာန်းသင်ကြားပေးပါသည်။ ဆရာက မွန်ဘာသာ၏ ဝါကျဖွဲ့ပုံ၊ စကားဖွဲ့ပုံတို့ကို ဘာသာဗေဒသဘောနှင့် ရှင်းလင်းသင်ကြားပေးပါသည်။

တစ်နေ့တွင်တော့ဖြင့် ဆရာက...
"မင်းတို့ ဒီ ရွှေစည်းခုံကျောက်စာမှာ ညီတော်အာနန္ဒာကို 'အာနန်' လို့ပဲ ရေးထားတာကို သတိထားမိကြရဲ့လား"

ထိုအချက်ကို အထူးပြောနေစရာမလိုပါ။ ကျွန်တော်တို့အားလုံး သတိထားမိကြပါသည်။ ဥပမာအားဖြင့် "မြတ်စွာဘုရား ပြုံးရယ်တော်မူသည်ကို မြင်သောအခါ အာနန်လည်း ဤသို့လျှောက်၏" "ဘုရားသခင်လည်း အာနန်အား ဤသို့မိန့်၏" စသော အသုံးမျိုးကို ဆရာက ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ကလည်း သတိထားမိကြောင်းကို ပြောပြတော့ ဆရာက...

"အဲဒါ ဘာကြောင့်လဲ မင်းတို့ စဉ်းစားကြည့်ဖို့ကောင်းတယ်"

ကဲ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။ အာနန္ဒာကို အာနန်လို့ခေါ်တာ သူတို့ ခေါ်ချင်လို့ ခေါ်တာပဲပေါ့။ တိုအောင်လို့ ခေါ်တာဖြစ်မှာပေါ့။ အဲဒါကို ကျွန်တော်တို့က ဘာထပ်ပြီး စဉ်းစားနေရဦးမှာလဲ။ ဒါပေမယ့် ခက်သည်က စဉ်းစားလောက်စရာ ပါလို့သာ အစဉ်းစားခိုင်းတာဖြစ်မှာပဲဆိုတာ တွေးမိလိုက်တော့ ကျွန်တော်တို့ကလည်း စဉ်းစားပါသည်။ သို့သော်လည်း ဘာမှကို မစဉ်းစားတတ်ပါ။ ဆက်ပြီး အချိန်ယူ စဉ်းစားမယ် ဆိုလျှင်လည်း ခေါင်းက မီးခိုးတွေ အူလာဦးတော့ ဘာမျှ ထွက်လာမည် မထင်ပါ။

နောက်တော့ ဆရာက စဉ်းစားစရာ အချက်တစ်ခုကို ပေးပါသည်။

"ဆရာ စဉ်းစားမိတာက ဒီလိုကွ။ နာမည်ကို အပြည့်မခေါ်တော့ဘဲ အဲဒီလို အတိုချုံးပြီး ခေါ်တာဟာ အတော်လေးရင်းနှီးလာကြမှ ခေါ်လေ့ရှိတာ မဟုတ်လား။ ဥပမာကွာ ဆရာတော် ဦးကဝိန္ဒဆိုပါတော့။ ကိုယ့်ရွာ ကိုယ့်ဘုန်းကြီးအဖြစ် ရင်းနှီးလာရင် "ဦးကဝိန်" လို့ပဲ ခေါ်တတ်ကြတယ်။

ဒီတော့ မွန်လူမျိုးတွေဟာ မြစေတီကျောက်စာထက်တောင် စောသေးတဲ့ ဒီရွှေစည်းခုံကျောက်စာကို ရေးထိုးချိန်မှာ ညီတော်အာနန္ဒာနဲ့ အတော့်ကို ရင်းနှီးနေပြီလို့ မယူဆသင့်ဘူးလား၊ နောက်ပြီး ချစ်ခင်ကြည်ညိုတဲ့ အသံကလေးရော မပါဘူးလား၊ မွန်လူမျိုးတွေဟာ ဗုဒ္ဓဘာသာကိုရော ရှင်အာနန္ဒာစတဲ့ ဗုဒ္ဓဝင်ဇာတ်ကောင်တွေ အကြောင်းကိုရော ကြားနာပြောဆိုမှု အတော်ကြီးကို များနေပြီလို့ ဆိုနိုင်စရာ မရှိဘူးလား"

ကျွန်တော် တကယ့်ကို လန့်သွားတာပါ။ လန့်လောက်သည့် အတွေးအမြင် မဟုတ်ပေဘူးလား။ ဒီလို စုံထောက်မောင်စံရှား လုပ်နည်းမျိုးကို ကျွန်တော်ဖြင့် ယောင်လို့တောင် မတွေးခဲ့မိဖူးပါ။ ဆရာက ဆက်ပြီး ပြောပါသေးသည်။

"ဒါက ဆရာတွေးမိတာကို ပြောလိုက်တာနော်။ အခိုင်အမာတော့လည်း မယူလိုက်နဲ့ဦး။ ဆရာတွေးသလို ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ မင်းတို့ ဆက်ပြီး စဉ်းစားကြည့်ဖို့ ပြောလိုက်တာ"

ဒါကတော့ ဆရာ့ထုံးစံပါပဲ။ ဘယ်တော့မှ လှေနံဓားထစ် မှတ်ချက်မျိုး ဆိုလေ့မရှိပါ။ ဆရာ စာသင်ကြားပုံမှာ တပည့်များအား စာပေသင်ကြားပေးနေသည်နှင့် မတူဘဲ (တက္ကသိုလ်အဆင့်မြင့်သည့်အတိုင်း) တပည့်များရှေ့တွင် သုတေသနစာတမ်းတစ်စောင်ကို ဖတ်နေသည်နှင့်ပင် တူနေသေးတော့သည်ဟုပင် ကျွန်တော် မကြာခဏ အောက်မေ့မိပါသည်။

"ရှင်အာနန္ဒာ" ကို "အာနန်" ဟု ခေါ်လိုက်ပုံကလေးမှ အစပြုပြီး သမိုင်းကောက်ချက်ကြီးတစ်ခုထိအောင် ဆွဲယူသုံးသပ်လိုက်ပုံကို ကျွန်တော် ယခုထက်တိုင် မမေ့နိုင်တော့ပါ။ လေ့လာမှုဆိုသည်မှာ ဤသို့ပါတကားဟူသော အသိကလေးလည်း ဝင်းခနဲပေါ်လာခဲ့ရပါသည်။ ...

***

Sunday, May 8, 2011

အညာ၊ အမေ၊ စာပေ နဲ့ လူကြီးဆရာ

* ခင်ခင်ထူး

ကောင်းပါသည်။ ကြိုက်ပါသည်။ တချို့သော အညာအကြောင်းအရာများ အလွန် ထိရှသည်ဟု ခံစားပါသည်။ ကိုယ်တိုင် အဲဒီနယ်နဲ့ ရင်းနှီးထဲဝင် ပတ်သတ်ခဲ့သူဖြစ်သောအခါ နားထောင်သူသက်သက်အဖြစ်ထက် ပိုသော ခံစားမှုတွေ ရရှိသည်ဟု ယူဆမိ။

သို့သော် စာရေးဆရာများအနေဖြင့် နိုင်ငံရေးပြက်လုံးထုတ်ခြင်းကို ခံစား၍မရပါ။ လက်ရှိနိုင်ငံရေး အခင်းအကျင်းများ ပြောဆိုခြင်းသည် တယောက်ချင်းစီ၏ လွတ်လပ်ခွင့်ဖြစ်သော်လည်း၊ joke လုပ်ပြောလွန်းလာသောအခါ အီလှပြီ။ ထို့ပြင် လက်ခုပ်သံကို ထိုနည်းဖြင့်ယူရသည်ဟူသော ပုံသေနည်းများ ဖြစ်နေသလားဟု သံသယဝင်လာမိ။

(စာကြွင်း။ လူရွှင်တော်များ ပြက်လုံးထုတ်ခြင်း နှင့် ကာတွန်းများက သရော်ခြင်းကိုတောင် များသောအားဖြင့် အောင့်သက် ခံစားမရဖြစ်မိ။ သို့သော် ထိုနယ်ပယ်နှစ်ခုက သူတို့အလုပ် သူတို့လုပ်ခြင်းဖြစ်ပြီး၊ စာရေးဆရာများက နိုင်ငံရေးကိစ္စ လူရွှင်တော်လို သရော်သည်အား ခံစား၍ မရ။ တခြားနည်းအားဖြင့် ပရိသတ်ကို မက်ဆေ့ဂ်ျပေးလို့မရဘူးလား။ တခြားတင်ပြပုံနည်းလမ်း ရှာစေချင်မိ။)

ထူးခြားသည်မှာ ဆရာမ စကားတွေကနေ အညာကအသံကို ကြားရခြင်းဖြစ်သည်။ ဥပမာ - ကဲ့ရီ ခံရမယ်။ (နောက်ထပ် ရှိသေးသော်လည်း ချရေးမလာခဲ့ရလို့ မေ့သွားပြီ)

* ချစ်စံဝင်း

မိဘမေတ္တာ၊ အမေ့မေတ္တာ နှင့် ပတ်သတ်သော ခေါင်းစဉ်ဖြစ်၍ ဝေဖန်ရန် အလွန်တရာမှ တွန့်ဆုတ်စရာဖြစ်သော်လည်း၊ တကယ်တမ်းကျ တွန့်ဆုတ်မနေသောကြောင့် အလွန်တရာမက အလွန်တရာ့ငါးဆယ်လောက်ပင် ဝေဖန်ချင်မိ။

ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဝေဖန်ချင်တာမဟုတ်ဘဲ ဆရာချစ်စံဝင်းကို မေးခွန်းတွေသာ ထုတ်ချင်တာဖြစ်နေပြန်သည်။

၁) အဲဒီခေါင်းစဉ်နဲ့ပတ်သတ်ပြီး ဟောပြောမယ့် အကြောင်းအရာတွေကို ရွေးတဲ့အခါ ပရိသတ်ကို ဘယ်လို role အနေဖြင့် မျှော်လင့်သတ်မှတ်၍ ရွေးခဲ့ပါသလဲ။

၂) မိဘမေတ္တာ (အမေ့မေတ္တာ) နဲ့ပတ်သတ်တဲ့ ဖော်ညွှန်းတင်စားချက်တချို့ကို ဆရာ တကယ် အသဲစွဲယုံကြည်ပါသလား။

၃) တကယ့်အဖြစ်အပျက်တချို့ကို ထားလိုက်ဦး။ မိဘမေတ္တာကို ညွှန်းဆိုပြောပြတဲ့အခါ reality မဟုတ်တဲ့စကား (ဥပမာ - မဟာသမုဒ္ဒရာနဲ့ ယှဉ်ရင်၊ မြင်းမိုရ်တောင်နဲ့ယှဉ်ရင်၊ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထဝီမြေကြီးနဲ့ ယှဉ်ရင်၊ မဟာစကြဝဠာနဲ့ ယှဉ်ရင်၊ ရေတစ်စက်စာ၊ ပေါက်သစ်စ နွားဦးချို၊ မြူမှုံပမာ၊ အပ်နဖားပေါက်) စတာတွေက နားထောင်သူတွေရဲ့စိတ်ထဲ အဲဒီ မေတ္တာတရားကို ပိုမိုကြည်ညို ပျောင်းတိမ်းညွှတ်နူးသွားစေလိမ့်မယ်လို့ မျှော်လင့်ပါသလား။

(တကိုယ်ရေအမြင်ပြောရရင် ဆရာချစ်စံဝင်း ပြောနေတာနားထောင်ရတဲ့အချိန်မှာ ၁၀ တန်းတုန်းက အင်္ဂလိပ်စာမှာ သင်ရတဲ့ the 4 young men လား၊ ခေါင်းစဉ်မေ့နေပြီ။ လာလည်တဲ့ တရွာသားကို လူလည်လူငယ်လေးယောက်က ယုံတမ်းစကားပြောတဲ့ ပုံပြင်ပဲ တချိန်လုံး သတိရနေမိတယ်။

အကြောင်းအရာရင်းက ဘယ်လိုကောင်းကောင်း ဖွင့်ဆိုချက်က အရာမဟုတ်တဲ့အခါ မူရင်းကောင်းပြီးသားကြီး တန်ဖိုးတောင်ကျတယ်လို့ မြင်မိ။)

၎) ဆရာဟောပြောတာကို နားထောင်နေတဲ့ပရိသတ်ကို ဘယ်လို မြင်ပါသလဲ။ (အမေ ခေါင်းစဉ်အောက်မှာ ဆရာရွေးချယ်ပြောသွားတဲ့ အကြောင်းအရာများကား အလွန်ပင် ထင်မှတ်မထားသဖြင့် အလွန်ပင် အံ့သြမိ။)

ကြံဖန်အကောင်းမြင်တတ်သူဟု လူထင်မခံချင်လှသော်လည်း ဆရာလက်ရှိ လုပ်နေရတဲ့ လုပ်ရပ်နဲ့ ပတ်သတ်လို့ စကားချပ်လို ထည့်ပြောသွားတဲ့ အကြောင်းအရာအတွက်တော့ ကျေးဇူးတင်မိပါတယ်။ လက်ရှိအခြေအနေ အနေအထား ကံပစ်ချရာ ဘာပဲပြောပြော လတ်တလော ရုန်းမထွက်နိုင်သေးတဲ့ အဖေတစ်ယောက်ဖြစ်နေတဲ့အခါ... ဆိုတာကို မြင်ခွင့်ရလိုက်တဲ့အတွက်နဲ့တင် ဆရာ့မိဘမေတ္တာကို ယုံတမ်းဖြစ်အောင် ပြောသွားသော စကားများအား ချေလိုက်ပါသည်။

* ဖေမြင့်

စတက်လာချင်းမှာပဲ "ဒါမျိုးပြောရင် သိပ်သဘောကျကြတယ်။ ကျွန်တော် မပြောဘူး။" ဆိုတာမျိုးက စလာတဲ့အတွက်နဲ့တင် တော်တော် ကျေနပ်သွားတယ်။ (စာရေးဆရာက စင်ပေါ်မှာ ပရိသတ်ပွဲကျအောင် တမင်တကာ လုပ်ပြစရာ အကြောင်းမှ မရှိတာ)။ အထူးပြောစရာမရှိပါ။ ကြိုက်ပါသည်။

* ဦးအောင်သင်း

အလွန်ကောင်းပါသည်။ ကိုယ့်အတွက်တော့ man of the literature talk.

ငါ ဆရာလုပ်တာ မင်းတို့ သည်းခံ လို့ တချိန်လုံးပြောသော်လည်း တကယ်တော့ ဆရာလုပ်တာ ပါတယ်လို့ မထင်ရ။

ပြန်ရေးပြစရာ ရုတ်တရက်မတွေ့နိုင်ပါ။ ရေးလည်းမနေတော့ပါ။ စာရှည်နေမည်။

အသက် ၈၅ နှစ်မှာ အတွေ့အကြုံအရရော ဉာဏ်ပညာအရပါ ပြောစရာ များ၊ များသမျှကိုလည်း ပြောခဲ့ပေမယ့် ပြောနေတဲ့စကားက ဘယ်ထိဆက်ရောက်ရောက် အဆုံးမှာ မူရင်းနေရာကို ပြန်ရောက်အောင် ကောက်နိုင်တာ အတော်ထူးတဲ့ ကုသိုလ်လို့ ထင်မိပါသည်။

ကွန်မြူနစ်သင်တန်းက တခုသော အကြောင်းအရာကို ပြောမယ့်အလုပ်မှာ "ငါ မြင်တာ ငါပြောတာနော်။ မင်းတို့ ယူချင်မှယူ" ဆိုတာကြားတော့ အားရမိ။ ဆရာရေးဖူးတဲ့ မဟာဝိဇ္ဇာတန်းတက်တုန်း ကျောက်စာသင်တော့ "အာနန်" ဆိုတဲ့စကားလုံးနဲ့ ပတ်သတ်လို့ ဆရာမင်းသုဝဏ် ဘယ်လိုကောက်ချက်ဆွဲပြခဲ့၊ ဘယ်လိုလမ်းဖွင့်ပေးခဲ့ဆိုတဲ့အကြောင်းကို သတိရမိသည်။

***

ဆွေးနွေးခန်းမှာလည်း နိုင်ငံခြားရောက်မိဘများ၊ ကလေးများနဲ့ မြန်မာစာ စကားကိစ္စကို ပြောသွားတဲ့ ဆရာ့သဘောထားကိုလည်း ကြိုက်ပါသည်။ မှန်သည်။ ဒါသည် သူတို့ကိစ္စ၊ သူတို့ကိစ္စကို ဘေးလူက ကိုယ့်အမြင်ကိုသာ ပြောလို့ရမည်။ လုပ်ပိုင်ခွင့်က သူတို့လက်ထဲမှာသာ ရှိသည်။

ကျန်တဲ့ဆရာများနဲ့ပြောတာတွေကတော့ သိပ်စိတ်ထဲ မရှိလှပါ။

ဆရာမခင်ခင်ထူးနဲ့ ပြောကြတဲ့ မြန်မာမိန်းကလေးများနဲ့ ဝတ်စားဆင်ယဉ်မှုအကြောင်းမှာတော့... ဟိုတုန်းက မြန်မာလူမှုအဖွဲ့အစည်းမှာ မိန်းကလေးတယောက် ပွဲလမ်းသဘင်သွားတော့မယ်ဆိုရင် အိမ်က လူကြီးသူမတွေက မိန်းကလေးရဲ့ ဝတ်စားဆင်ယဉ်မှုကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီး စိတ်တိုင်းကျမှ အိမ်အပြင်ကို ခြေတလှမ်း လှမ်းလို့ရတယ်။ ခုဒီနေ့ခေတ် နိုင်ငံခြားရောက် မိန်းကလေးတွေမှာတော့ အဲဒီလို "ဟဲ့" လို့ ပြောမယ့်သူ မရှိလို့ပါ ဆိုတယ်။

ဆရာမပြောသွားတာ ကြိုက်သည်လည်း မဟုတ်၊ မကြိုက်သည်လည်းမဟုတ်။ ဆရာမကိုယ်၌ကလည်း (ရည်ရွယ်၍လား၊ မရည်ရွယ်ဘဲလားမသိ) အဲဒီကိစ္စကို ကောင်းသည် ဆိုးသည်ဟု ပြောသွားတာ မဟုတ်။
(သူက ဒီအဖြစ်အပျက်ကို မှတ်ချက်ပြုပေးသွားတာ မဟုတ်ဘဲ၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကျိုးအကြောင်းသက်သက်လောက်သာ ပြဆိုသွားတာဖြစ်တော့ စောဒကတက်စရာ မရှိလှ)။

(အဲဒီနေရာမှာ ကောင်းသည် ဆိုးသည် ဆိုတာထက် တွေးမိတာတစ်ခုက) မြန်မာလူမှုအဖွဲ့အစည်းရဲ့ အခြေခံသဘောကိုက တယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ရှေ့တန်းတင် အရေးပေးထားတာမဟုတ်ဘူး ဆိုတာပဲ။ အစုအဖွဲ့တစ်ခုရဲ့ သဘောကျ ကျေနပ်မှုစံနဲ့ ကိုက်ညီအောင် အဲဒီအစုအဖွဲ့ရဲ့ သြဇာခံတွေက (အဲဒီစံက အဓိပ္ပါယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အဲဒီစံကို ကျေနပ်သည်ဖြစ်စေ၊ မနပ်သည်ဖြစ်စေ) နေပြရတယ် ဆိုတာပဲ။

မြန်မာပြည်ဟာ တကယ်ပဲ ကျွဲပျောက်လို့ နွားရှာနေကြတာလား ဆိုတာ အဲဒီ ဆရာမ ခင်ခင်ထူးရဲ့စကားကနေ ဆက်တွေးမိစေတယ်။

***
ကိုယ်ပိုင်အမြင်ဖြစ်၍ တခြားလူနှင့် တူရန်လိုသည်ဟု မထင်ပါ။ တူလို့လည်း ဘယ်သူမှ အကျိုးရှိမဖြစ်၊ မတူလို့လည်း ဘယ်သူမှ အကျိုးမရှိမဖြစ်။ ကိုယ့်အမြင်ကိုယ်ပြောနိုင်ခွင့် နှင့် ပြောပိုင်ခွင့်သည်သာ အဓိကဟု ယူဆသည်။

***

Thursday, May 5, 2011

အကန့်အသတ်များ



ဒီလိုပဲ လူတိုင်းရဲ့ ဘဝမှာ...


အဖြစ်အပျက်တွေက ကျန်ခဲ့တာတွေ ရှိမယ်၊ ချန်ခဲ့တာတွေ ရှိမယ်။
သံယောဇဉ်တွေကတော့ ထပ်ကြပ်မကွာ လိုက်လာတတ်တယ်။
ဖုံးကွယ်ထားစရာလည်း မလိုပါဘူး။ ဒါဟာ လတ်တလောထားတဲ့ စောင့်သိ၊ စောင့်စည်းခြင်းနဲ့ မဆိုင်လို့ပါ။

အတိတ်ရဲ့ အမှတ်တရဆိုတာတွေကဖြစ်တဲ့ သံယောဇဉ်နဲ့ လက်ရှိစောင့်စည်းရမယ့် စည်းဆိုတာ လက်ဖမိုးနဲ့ လက်ဖဝါးလို၊ ခေါင်းနဲ့ ပန်းလို ကျောချင်းကပ်နေတာတွေ မဟုတ်ဘူးကွယ့်။ တစ်ခုကို ဖော်ပြနိုင်ဖို့ တစ်ခုကို မှောက်ထားစရာမလိုဘူး။ တစ်ခုကို ဖုံးကွယ်ထားမှ တစ်ခုကို လှစ်ဟပြဖို့ အဆင်ပြေတာ မဟုတ်ဘူး။

မေ့စရာမဟုတ်တဲ့အရာတွေကို မေ့မယ့်သူမဟုတ်ရင်၊ စောင့်စရာ စည်းမှန်သမျှကို စောင့်စည်းဖို့လည်း ဝန်လေးမှာမဟုတ်ဘူး။ မေ့လွယ်ပျောက်လွယ်တဲ့သူမှသာ စောင့်စည်းနိုင်မယ်လို့ မျှော်လင့်ရင်တော့ မှားလိမ့်မယ်။

ကိုယ်ကတော့ သိမ်းဆည်းစရာမှန်သမျှကို သူ့အကန့်နဲ့သူ သူ့အကွက်နဲ့သူ မရောနှောဘဲ ထားဖို့ တတ်နိုင်ပါတယ်။

ကိုယ့်အတွက်တော့ ဘဝက ပျားအုံတစ်ခုလို၊ ရေခဲခွက်တစ်ခုလိုပါပဲ။

=)


(5th Feb 2011)

Thursday, April 21, 2011

Daze

မိန်းကလေးတစ်ယောက်ဟာ စိတ်နေသဘောထား ကောင်းမွန်သလောက်၊ ဘာသာတရားလုပ်ဖို့ မမေ့တတ်သလောက်၊ အယုံလွယ်ရင်၊ အားနာတတ်ရင်၊ (မလိုတဲ့နေရာတွေမှာ) သဘောကောင်းပြီး လိုက်လိုက်ရောရော ရှိတတ်ရင်၊ အတွေ့အကြုံနည်းပါးရင်၊ မိဘနဲ့တုန်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ရလွန်းရင်၊ ကံမပေးတဲ့ အခြေအနေတစ်ခုမှာ (သူ့ စိတ်ရင်းက မရည်ရွယ်သည့်တိုင်အောင်) သူတပါးကိုရော၊ သူ့ကိုယ်သူရော ထိခိုက်စေတတ်တယ်။

Wednesday, April 13, 2011

Birthday Wish, from Bottom of My Heart!


မွေးနေ့မှသည်...
ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ
ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ


ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံခြင်းခံရသောသူ
ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ


ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူ
ထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ


အနှောင့်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူ
ထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ


ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ
ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ


သူတကာထက် ကောင်းမွန် သာလွန်သော ဘဝများဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ
ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘဝတိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။


ထို့ထက်ပို၍ ... ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ...
ဘဝဆက်တိုင်း ဆက်တိုင်း

Myat

Sunday, April 10, 2011

All about him...

တခါတခါ ပေါ်လာတတ်တဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ရာ ခပ်ရေးရေးကလေးကို ကြိုက်တယ်။

လူကြုံရှိတယ် ဘာမှာမလဲ မေးတဲ့အခါ မှာမယ့်ဟာကို ဘယ်တော့မှ အရင်မပြောဘဲ "စင်ကာပူသူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှလေးတစ်ယောက်လောက် မှာချင်တယ်။ ပိန်လှီပိန်လှပ်မလိုချင်ဘူး" လို့ ပြောလေ့ရှိတာကိုလည်း ကြိုက်တယ်။

ဘာမှ အဆက်အစပ်မရှိဘဲ "(ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို) သိပ်ကြိုက်နေလို့ ကယ်ပါဦး" လို့ ချက်ချင်းကြီး ထပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။ (နာမည်ထည့်မရေးဘူး။ စိတ်နာလွန်းလို့)

သူကြိုက်တဲ့ မင်းသမီးတွေကို ဝေဖန်မိတဲ့အခါ "အေးပေါ့ မင်းလို ပိန်ပိန်ပါးပါးကတော့ သူတို့ကို မနာလို ဖြစ်နေမှာပေါ့" လို့ မခံချင်အောင် ပြန်ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

"လူကြုံထည့်ပေးလိုက်တာ ကောင်မလေးချောချောဆို အပြင်မှာ ဒိတ်ပြီး ကော်ဖီတိုက်လိုက်မယ်" လို့ ပြောတတ်တာကိုလည်း ကြိုက်တယ်။

မှာတုန်းက အသည်းအသန်မှာလို့ ထည့်ပေးလိုက်တဲ့ပစ္စည်း ချက်ချင်းသွားမယူသေးဘဲ လှမ်းပြောတဲ့အခါ ရူးချင်ယောင်ဆောင်နေတတ်တာကို (ဒေါသထွက်နေတဲ့ကြားက) ကြိုက်တယ်။

မှာတာတွေ များနေတဲ့အခါ "ခုတလော မင်း အတော်ဖြုန်းတီးနေပါလား" လို့ စိတ်ထဲက မပါဘဲ လှမ်းပြောရတာကို ကြိုက်တယ်။

စိုက်ဝယ်ပေးထားတဲ့ ပစ္စည်းတွေအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပေးတဲ့အခါ "ဟမ် အဲလောက်တောင်မှ များလား၊ ပြန် မဆပ်နိုင်တော့ဘူး။ လူကို ယူပါ၊ အသည်းကို ချမ်းသာပေးပါ" လို့ ပြန်ပြောတတ်တာကို ကြိုက်တယ်။
(ယောက်ျားလေးတွေ အဲဒီစကား တော်တော်တော့ ပြောကြတယ်။ သူငယ်ချင်းတွေ အသိတွေထဲမှာလည်း ကြုံဖူးတယ်)

အဲဒီအခါ "အသည်းကမှ ဒုတ်ထိုးလုပ်စားလို့ ရဦးမယ်။ လူ ဘာလုပ်ရမလဲ" လို့ ပြန်ပြောရတာ ကြိုက်တယ်။

မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုးထက်ပိုပြီး ငွေပြန်ရှင်းပေးတတ်တာကို ကြိုက်တယ်။

"ဟေ့ မင့်သူငယ်ချင်းက လာပြောနေတယ်။ ငယ်ငယ်တုန်းကဆို မိန်းကလေးလိုပဲ သိပ် စိတ်ဆိုးတတ်တယ် တဲ့" လို့ စပေးပြီး၊ "မဟာယောက်ျားသားဝါဒီကွ" လို့ ပြန်အော်တတ်တာကို နားထောင်ရတာ ကြိုက်တယ်။

တချို့ အင်းဆက်တွေကို ကိုယ်ကြောက်တယ်လို့ ထင်ပြီး ဟာသ လုပ်ချင်နေတတ်တာကို ကြိုက်တယ်။ (အမှန်တော့ ဒီလောက်လည်း မကြောက်တတ်ပါဘူး။ အကောင်ပလောင်တွေကို စိတ်ရှုပ်တာ)

တချို့ကိစ္စတွေ သူ မေးလို့ မသိတဲ့အခါ "ဟမ် မင်း ခုလို နိုင်ငံခြားသွားအလုပ်လုပ်နေတာ ပိုက်ဆံကလွဲလို့ ဘာတွေများ အသိပညာဗဟုသုတတွေ ပိုရလာသလဲ" လို့ တိုက်ရိုက်ထိမယ့် စကားမျိုး ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဒါမှမဟုတ် သူခိုင်းတာတွေ တလွဲ လုပ်မိတဲ့အခါ "အဲဒါ ဘာများခက်လို့လဲ အင်ဂြင်နယာမကြီးရဲ့" လို့ အငေါ်တူးတဲ့လေသံနဲ့ ပြောခံရတာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဘာကိစ္စဖြစ်ဖြစ် မေးမိတဲ့အခါ "ပြောတာ သေချာနားထောင်
တခုချင်း ပြန်မမေးနဲ့၊ ပြီးရင် ကိုယ့်ဘာသာ ရအောင်လုပ်" လို့ ပြောတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

ဒီမှာရောက်နေတဲ့ ကိုယ်နဲ့လည်းသိတဲ့ သူ့ငယ်သူငယ်ချင်းတချို့အကြောင်း သတိတရ မေးလေ့ရှိတတ်တာကို ကြိုက်တယ်။

"ခုတလော အိပ်ရေးတွေပျက်တယ်၊ body weight လည်း ကျတယ်၊ သိပ်လည်း နေမကောင်းဘူး" လို့ သတင်းကြေညာတဲ့လေသံနဲ့ လှမ်းပြောပြတတ်တာကို ကြိုက်တယ်။

ဂျူး စာအုပ်
အသစ်၊ ဟုတ်လား၊ ဖတ်မနေပါနဲ့ကွာ၊ မင်း သူ့နေရာဝင်ယူလို့ ရနေပါပြီ လို့ သိသိသာသာ လှောင်ပြောင်ချင်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

စာအုပ်တစ်ခုခုကို ညွှန်းပြီး ဖတ်ကြည့်ပါလား ပြောတဲ့အခါ "အချစ်အကြောင်းမို့လား၊ တော်ပါ၊ အချစ်ဆိုရင် ကြောက်လွန်းလို့ဘာာာာ" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်ဆိုးစရာ လုပ်မိတဲ့အခါ သူ့ဘာသာ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး ပြန်ခေါ်ချင်တဲ့အချိန်ကျမှ
သူ့ဘာသာ လာခေါ်တတ်တာကိုလည်း ကြိုက်တယ်။

ကိုယ့်ကို သူ့ဘာသာ block လုပ်၊ သူ့ဘာသာ စိတ်ပြေတဲ့အခါ ပြန်ဖွင့်ပြီး၊ မတွေ့တာတောင် ကြာပြီ လို့ ခပ်တည်တည် စပြောတဲ့အခါ အေး ဟုတ်တယ် ကိုယ် မင်းကို block လုပ်ထားတာလို့ ပြန်ပြောရတာ ကြိုက်တယ်။

သူ မကြိုက်ဘူးဆိုတာ ပြောထားရက်နဲ့ "ခု ဘယ်မှာရောက်နေလဲ" မေးရင် "massage"၊ "ဘာလုပ်နေလဲ" မေးရင် "အရက်သောက်နေတယ်" လို့ အရွဲ့တိုက် ပြန်ဖြေတတ်တာကို
(အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

"အညာသူတွေနဲ့ စကားမပြောချင်ဘူး" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်မတို တိုအောင် လိုက်စနေတတ်တာကို ကြိုက်တယ်။

သူ့နာမည်ရှေ့မှာ 'ခွေး' တပ်ခေါ်ရတာ ကြိုက်တယ်။

ဒေါသထွက်တုန်း ရေးလိုက်မိတဲ့ စာမှာ သူ့နာမည်အစား 'Darling' လို့ ပြန်ပြင်ပြီး စာပြန်ရေး ဆက်စ နေတတ်တာကို ကြိုက်တယ်။

သူ့အလုပ်က တချို့ အောင်မြင်မှုတွေအကြောင်း "ဘယ်သူ့မှ ပြန်မပြောရဘူးနော်" လို့ စကားခံပြီး ကိုယ့်ကို လာအသိပေးတတ်တာကို ကြိုက်တယ်။ (အဲဒါ အပေးအယူတွေပါမှန်း သိနေပေမယ့်...)

***
တခါတရံမှာ
(အသေးအဖွဲလေးပဲ ဖြစ်ဖြစ်) သူ့အတွက် လုပ်ပေးနိုင်နေတာကို ကြိုက်တယ်။

တခါတရံမှာ (မဖြစ်စလောက် အတိုင်းအတာလေးပဲဖြစ်ဖြစ်) သူ လိုအပ်တာ ခံရပြီး သူ့အတွက် အသုံးဝင်နေတာကို ကြိုက်တယ်။

ရေချမ်းကပ်တဲ့အခါ သူ့စိတ်နှလုံးထဲ အဲဒီလို ကြည်လင်ချမ်းမြေ့နေပါစေ လို့ အာရုံပြုပေးရတာကို ကြိုက်တယ်။

အရာအတော်များများ အသိပေးနေကျ သူငယ်ချင်း နှစ်ယောက်က "ဟိုကနေ တခုခု ဆိုတာနဲ့ ဒီဘက်မှာ ပျာနေပြီ" လို့ ပြောပြီး အမြင်ကတ်ခံနေရတာကို ကြိုက်တယ်။

***
ပြောလိုက်တဲ့အထဲ စကားလုံးအတွဲဆန်းတခုခု အမှတ်တမဲ့ပါသွားရင် modify ပြန်လုပ်ပြီး "သမီးလေးဆိုရင် အဲဒီနာမည်ပေးမယ်" လို့ သူ့ဘာသာ တယောက်တည်းပြောသလို ပြောဖူးတာကို ကြိုက်တယ်။

ဖတ်ထားတယ် ဝန်မခံဘဲ "မင်း ကိုကိုတွေ ကက်ကက်တွေနဲ့လည်း တွေ့နေဦးမယ်" လို့ ပြောဖူးတာကို ကြိုက်တယ်။

***
(အစဟာ ဘယ်လိုဖြစ်ဖြစ်၊ အလယ်မှာ ဘာတွေကြုံကြုံ၊ အဆုံး ဘယ်လိုသတ်သတ်) တွေ့ခဲ့ရတာကို ကြိုက်တယ်။

***
ပေါက် က ကြိုက် ဆိုတဲ့ စကားလုံးနဲ့ တဂ်လို့ ရေးလိုက်ပေမယ့်၊ စကားလုံးက တိမ်လို့ ဒီအကြောင်းအရာတွေမှာ ထည့်ရေးရတဲ့ "
ကြိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကိုတော့ မကြိုက်ဘူး။

နေ့စဉ်အလုပ်တွေက အကြိုက်ကို ရေးခိုင်းတာမှန်း သိပေမယ့် ပိုက်ဆံရတဲ့အလုပ်ကလွဲလို့ ဝေယျာဝစ္စတွေ ကိုယ့်ဘာကိုယ် လုပ်နေရတဲ့ အဖြစ်ကို မကြိုက်နိုင်တော့ အဲဒီအကြောင်းတွေကျ ရေးလို့ မရဘူး။ မကြိုက်တာတွေကို နှစ်ချီလုပ်ပြီး နေနိုင်တဲ့ ကိုယ့်ဘာသာတော့ ကြိုက်တယ်။


***
ဖြည့်စွက် (11.4.11, 11:40 AM)

အလုပ်မရခင်က ဒီကို ခဏ ကြွလာတဲ့ ဆရာတော်တပါးဆီ သွားဖူးဖြစ်မယ် ပြောမိတော့ "အဲဒီဆရာတော်ကို ကိုယ်တော့ မယုံဘူး။ ဒါပေမဲ့ မင်း ယုံရင် သွားပါ။ ယုံကြည်မှုဆိုတာ ခွန်အားတမျိုး မောင်းနှင်အားတမျိုးပဲ"
လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ကိုယ် ကြိုက်လို့ သယ်လာတဲ့ သုတ္တန်တစ်ခု အနက်ဖွင့်တဲ့ စာအုပ်အကြောင်း ပြောမိတဲ့အခါ "အဲဒါ သူ(စာရေးဆရာ) ထင်ရာ မြင်ရာတွေ စွတ်ရေးထားတာ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ဒီရောက်ပြီး အလုပ် တော်တော်နဲ့ မရလို့ သိပ်ဝမ်းနည်းနေခဲ့တဲ့ တချိန်တုန်းက ဖုန်းထဲကနေ ကိုယ့်နာမည်အလိုက်အတိုင်း လေချွန်ပြခဲ့ဖူးတာကိုလည်း ကြိုက်တယ်။

***

Wednesday, April 6, 2011

၃၁ ကောင်းကင်

၃၁ ကောင်းကင်

၃၁ ဘုံက လူငယ်တစ်ယောက်
၃၁ နှစ်သား အရောက်မှာ
ခပ်မြောက်မြောက် ဘဝင်နှလုံးနဲ့
မိုးကောင်းကင်ကို မော့ကြည့်

စကားလုံးတွေများရှိသလား

ပစ်ချလိုက်စမ်းပါ
ကျွန်တော်နဲ့ စကားချင်းစစ်ထိုးရအောင်လို့

ရှုံးတဲ့သူ ခပ်တိုးတိုးရယ်ကြေးဆိုတော့
မိုးကောင်းကင်တုန်ခိုက်
နှလုံးသားတွေ အခိုင်လိုက်ဖြိုချ
ရင်ထဲ တောက်လျှောက်ကျအလာ

ကျွန်တော့မှာ ရယ်လိုက်ရတာ
(ခပ်တိုးတိုးပါပဲဗျာ)

***
နည်းနည်းပါးပါးတော့ စာသားလွဲတာ ရှိချင်ရှိလိမ့်မယ်။

ထူးအိမ်သင် ၃၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ one man show အကြောင်းရေးတဲ့ ဆောင်းပါးတပုဒ်က ကဗျာ။ အဲဒီကဗျာကို ဘယ်သူရေးမှန်းလည်း မသိ။ အဓိပ္ပါယ်ကလည်း ဘာပြောချင်မှန်းကို မသိတာ။

ဒါပေမဲ့ အဖွင့်စာသားလေး "၃၁ ဘုံက လူငယ်တစ်ယောက် ၃၁ နှစ်သား အရောက်မှာ" ဆိုတာကိုတော့ အတော် သဘောကျမိတယ်။ ရနံ့သစ်က ဆောင်းပါးဖြစ်နိုင်တယ်။ အဲဒီဆောင်းပါးမှာကိုက ဆောင်းပါးရှင်နာမည် မပါဘူးလား မသိတော့ပါဘူး။

အဲဒီတုန်းက အသက် ၁၃ နှစ်လောက်ဆိုတော့ ၃၁ နှစ်ဆိုတာ စိတ်ကူးနဲ့ မျှော်မှန်းကြည့်လို့တောင် မရတဲ့ အရွယ်၊ ကိုယ်နဲ့ အဝေးကြီးပါပဲပေါ့။ အသက် ၃၁ နှစ်ဆိုတာ ၁၃ နှစ်ပဲ ရှိသေးတဲ့ ကိုယ်တွေ ဘယ်တော့မှ ရောက်မလာဘဲနေမယ့်အရွယ်မျိုးပေါ့လေ။ တသက်လုံး ၁၃ နှစ်ပဲ ဖြစ်သွားတော့မယ့်အတိုင်း။

ခု အသက်အရွယ်မှာ ၄/၅၀ တန်းတွေကို မြင်တဲ့အမြင်မျိုး ဖြစ်လိမ့်မယ်။ အသက် ၅၀ လောက် ရောက်တော့လည်း ခုလိုပဲ ၃၀ လောက်ကသာ အသက် ၅၀ ကို ကြီးလှပြီထင်တာ။ တကယ်တော့ ၅၀ ဆိုတာ အတော်ငယ်ပါသေးတယ်လို့ တွေးမိဦးမှာပဲ ထင်ပါရဲ့။

အင်း အသက် ၅၀ ထိ သေချာပေါက်နေရတော့မယ့် အတိုင်းပါလား။ ရေးနေရင်းနဲ့ကိုပဲ ၅၀ လောက်ကတော့ သေချာလောက်ပါတယ်လို့ တွေးနေသေးတယ်။

***
ဖြည့်စွက်

အများတကာလို ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားလို့၊ 31 နှစ်ဆိုတဲ့ အရွယ်ကိုတောင် ဘယ်တော့မှ ကိုယ်ရောက်မှာမဟုတ်ဘူးလို့ ထင်နေခဲ့သေးတယ်ဆိုတော့ ပြောမနေနဲ့တော့။ အရင်က မှန်းတာ မမှန်းတာထက်၊ လောလောဆယ် လုပ်ဦးမှလို့ တွေးထားတဲ့ထဲမှာ

၁) ကြွားဖို့လို့ ဘွဲ့တခုလောက် ထပ်ယူဦးမှ ဆိုတာ လွန်ခဲ့တဲ့ 1 နှစ်ခွဲလောက်တည်းက စဉ်းစားထားတာ၊ ဖောင်ဖြည့်ရမယ့်ကိစ္စ ပျင်းလို့ website ထဲတောင် သေချာ ဝင်မကြည့်ဖြစ်ဘူး။ ဝင်ကြည့်လည်း ခဏနဲ့ ပြန်ထွက်လာမိတယ်။ လိုတဲ့စာရွက်စာတမ်း အမျိုးမျိုး အဖုံဖုံတောင် အိမ်က လိုက်ယူထားပေးလို့။ ကိုယ့်ဘာသာဆို ဘွဲ့လက်မှတ်တောင် ရှိနေမယ် မထင်။ ထောက်ခံစာနဲ့တင် ပြီးသွားမှာပဲ။

ဒီတသက် ကိုယ်စား ဖောင်ဖြည့်ပေးမယ့်လူသာ မရှိရင် ဂုဏ်တုဂုဏ်ပြိုင်ကိစ္စတောင် လုပ်လို့ရတော့မယ် မဟုတ်။

၂) နေခဲ့ဖူးတဲ့နေရာတွေကို ခဏဖြစ်ဖြစ် ရောက်အောင်ပြန်မယ်။ အဲဒီနေရာတွေမှာ နေခဲ့တုန်းက အမှတ်တရနေရာတွေကို ရောက်အောင် ပြန်သွားမယ်။ လျှောက်ခဲ့ဖူးတဲ့လမ်းတွေကို ပြန်လျှောက်ကြည့်မယ်။ ပြန်ကြည့်မြင်ချင်သေးတဲ့ အရာတွေကို ပြန်ကြည့်ရမယ်။

တခြားဘယ်သူမှမရှိတဲ့ နိုင်ငံရပ်ခြားနေရာတွေကို အလည်သွားဖို့ထက်၊ နေခဲ့ဖူးတဲ့ နေရာတွေဆီက သိခဲ့ဖူးသူတွေဆီ
ပြန်သွားမယ်။ သိခဲ့ဖူးတဲ့ လူကြီးတွေ၊ ဆရာသမားတွေထဲက တချို့ မရှိကြတော့ဘူး။ ရှိတဲ့သူတွေ ရှိတုန်း၊ ကိုယ်လည်း ရှိနေတုန်းမှာ ပြန်သွားတွေ့မယ်လို့ တွေးထားပေမယ့်၊ နောက်အပတ်ပဲ ဘယ်သူမှ အသိမရှိတဲ့ မရောက်ဖူးသေးတဲ့ တနေရာကို သွားမယ်။

နေရာဟောင်းတွေဆီကို အရောက်ပြန်သွားဖို့ ဘယ်လောက်တောင် ကြာဦးမယ်ဆိုတာတော့ ကိုယ်တိုင်လည်း မသိနိုင်ဘူး။

၃) ဈေးရောင်းတဲ့စွမ်းရည် ဒီရောက်ပြီးမှ မှေးမှိန်မသွားအောင် လုပ်ချင်တယ်။
ဒါပေမဲ့ ဈေးရောင်းမနေရတဲ့ ဘဝမှာ ဘယ်လိုလုပ်ရမယ် မသိဘူး။

ဘလော့ရေးပြီးမှ "မောင်ကြီးနှမ ကျားကိုက်ရပါစေရဲ့" ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးမျိုး ပြုံးထားတဲ့ မျက်နှာနဲ့ လွယ်လွယ်မှ ပြောထွက်နိုင်ပါဦးမလား။ မြန်မာပြည်ပြန်ရောက်ရင် ဒီတခါ ပြန်စမ်းကြည့်ရမယ်။

***