Wednesday, April 6, 2011

၃၁ ကောင်းကင်

၃၁ ကောင်းကင်

၃၁ ဘုံက လူငယ်တစ်ယောက်
၃၁ နှစ်သား အရောက်မှာ
ခပ်မြောက်မြောက် ဘဝင်နှလုံးနဲ့
မိုးကောင်းကင်ကို မော့ကြည့်

စကားလုံးတွေများရှိသလား

ပစ်ချလိုက်စမ်းပါ
ကျွန်တော်နဲ့ စကားချင်းစစ်ထိုးရအောင်လို့

ရှုံးတဲ့သူ ခပ်တိုးတိုးရယ်ကြေးဆိုတော့
မိုးကောင်းကင်တုန်ခိုက်
နှလုံးသားတွေ အခိုင်လိုက်ဖြိုချ
ရင်ထဲ တောက်လျှောက်ကျအလာ

ကျွန်တော့မှာ ရယ်လိုက်ရတာ
(ခပ်တိုးတိုးပါပဲဗျာ)

***
နည်းနည်းပါးပါးတော့ စာသားလွဲတာ ရှိချင်ရှိလိမ့်မယ်။

ထူးအိမ်သင် ၃၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ one man show အကြောင်းရေးတဲ့ ဆောင်းပါးတပုဒ်က ကဗျာ။ အဲဒီကဗျာကို ဘယ်သူရေးမှန်းလည်း မသိ။ အဓိပ္ပါယ်ကလည်း ဘာပြောချင်မှန်းကို မသိတာ။

ဒါပေမဲ့ အဖွင့်စာသားလေး "၃၁ ဘုံက လူငယ်တစ်ယောက် ၃၁ နှစ်သား အရောက်မှာ" ဆိုတာကိုတော့ အတော် သဘောကျမိတယ်။ ရနံ့သစ်က ဆောင်းပါးဖြစ်နိုင်တယ်။ အဲဒီဆောင်းပါးမှာကိုက ဆောင်းပါးရှင်နာမည် မပါဘူးလား မသိတော့ပါဘူး။

အဲဒီတုန်းက အသက် ၁၃ နှစ်လောက်ဆိုတော့ ၃၁ နှစ်ဆိုတာ စိတ်ကူးနဲ့ မျှော်မှန်းကြည့်လို့တောင် မရတဲ့ အရွယ်၊ ကိုယ်နဲ့ အဝေးကြီးပါပဲပေါ့။ အသက် ၃၁ နှစ်ဆိုတာ ၁၃ နှစ်ပဲ ရှိသေးတဲ့ ကိုယ်တွေ ဘယ်တော့မှ ရောက်မလာဘဲနေမယ့်အရွယ်မျိုးပေါ့လေ။ တသက်လုံး ၁၃ နှစ်ပဲ ဖြစ်သွားတော့မယ့်အတိုင်း။

ခု အသက်အရွယ်မှာ ၄/၅၀ တန်းတွေကို မြင်တဲ့အမြင်မျိုး ဖြစ်လိမ့်မယ်။ အသက် ၅၀ လောက် ရောက်တော့လည်း ခုလိုပဲ ၃၀ လောက်ကသာ အသက် ၅၀ ကို ကြီးလှပြီထင်တာ။ တကယ်တော့ ၅၀ ဆိုတာ အတော်ငယ်ပါသေးတယ်လို့ တွေးမိဦးမှာပဲ ထင်ပါရဲ့။

အင်း အသက် ၅၀ ထိ သေချာပေါက်နေရတော့မယ့် အတိုင်းပါလား။ ရေးနေရင်းနဲ့ကိုပဲ ၅၀ လောက်ကတော့ သေချာလောက်ပါတယ်လို့ တွေးနေသေးတယ်။

***
ဖြည့်စွက်

အများတကာလို ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားလို့၊ 31 နှစ်ဆိုတဲ့ အရွယ်ကိုတောင် ဘယ်တော့မှ ကိုယ်ရောက်မှာမဟုတ်ဘူးလို့ ထင်နေခဲ့သေးတယ်ဆိုတော့ ပြောမနေနဲ့တော့။ အရင်က မှန်းတာ မမှန်းတာထက်၊ လောလောဆယ် လုပ်ဦးမှလို့ တွေးထားတဲ့ထဲမှာ

၁) ကြွားဖို့လို့ ဘွဲ့တခုလောက် ထပ်ယူဦးမှ ဆိုတာ လွန်ခဲ့တဲ့ 1 နှစ်ခွဲလောက်တည်းက စဉ်းစားထားတာ၊ ဖောင်ဖြည့်ရမယ့်ကိစ္စ ပျင်းလို့ website ထဲတောင် သေချာ ဝင်မကြည့်ဖြစ်ဘူး။ ဝင်ကြည့်လည်း ခဏနဲ့ ပြန်ထွက်လာမိတယ်။ လိုတဲ့စာရွက်စာတမ်း အမျိုးမျိုး အဖုံဖုံတောင် အိမ်က လိုက်ယူထားပေးလို့။ ကိုယ့်ဘာသာဆို ဘွဲ့လက်မှတ်တောင် ရှိနေမယ် မထင်။ ထောက်ခံစာနဲ့တင် ပြီးသွားမှာပဲ။

ဒီတသက် ကိုယ်စား ဖောင်ဖြည့်ပေးမယ့်လူသာ မရှိရင် ဂုဏ်တုဂုဏ်ပြိုင်ကိစ္စတောင် လုပ်လို့ရတော့မယ် မဟုတ်။

၂) နေခဲ့ဖူးတဲ့နေရာတွေကို ခဏဖြစ်ဖြစ် ရောက်အောင်ပြန်မယ်။ အဲဒီနေရာတွေမှာ နေခဲ့တုန်းက အမှတ်တရနေရာတွေကို ရောက်အောင် ပြန်သွားမယ်။ လျှောက်ခဲ့ဖူးတဲ့လမ်းတွေကို ပြန်လျှောက်ကြည့်မယ်။ ပြန်ကြည့်မြင်ချင်သေးတဲ့ အရာတွေကို ပြန်ကြည့်ရမယ်။

တခြားဘယ်သူမှမရှိတဲ့ နိုင်ငံရပ်ခြားနေရာတွေကို အလည်သွားဖို့ထက်၊ နေခဲ့ဖူးတဲ့ နေရာတွေဆီက သိခဲ့ဖူးသူတွေဆီ
ပြန်သွားမယ်။ သိခဲ့ဖူးတဲ့ လူကြီးတွေ၊ ဆရာသမားတွေထဲက တချို့ မရှိကြတော့ဘူး။ ရှိတဲ့သူတွေ ရှိတုန်း၊ ကိုယ်လည်း ရှိနေတုန်းမှာ ပြန်သွားတွေ့မယ်လို့ တွေးထားပေမယ့်၊ နောက်အပတ်ပဲ ဘယ်သူမှ အသိမရှိတဲ့ မရောက်ဖူးသေးတဲ့ တနေရာကို သွားမယ်။

နေရာဟောင်းတွေဆီကို အရောက်ပြန်သွားဖို့ ဘယ်လောက်တောင် ကြာဦးမယ်ဆိုတာတော့ ကိုယ်တိုင်လည်း မသိနိုင်ဘူး။

၃) ဈေးရောင်းတဲ့စွမ်းရည် ဒီရောက်ပြီးမှ မှေးမှိန်မသွားအောင် လုပ်ချင်တယ်။
ဒါပေမဲ့ ဈေးရောင်းမနေရတဲ့ ဘဝမှာ ဘယ်လိုလုပ်ရမယ် မသိဘူး။

ဘလော့ရေးပြီးမှ "မောင်ကြီးနှမ ကျားကိုက်ရပါစေရဲ့" ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးမျိုး ပြုံးထားတဲ့ မျက်နှာနဲ့ လွယ်လွယ်မှ ပြောထွက်နိုင်ပါဦးမလား။ မြန်မာပြည်ပြန်ရောက်ရင် ဒီတခါ ပြန်စမ်းကြည့်ရမယ်။

***