Sunday, May 8, 2011

အညာ၊ အမေ၊ စာပေ နဲ့ လူကြီးဆရာ

* ခင်ခင်ထူး

ကောင်းပါသည်။ ကြိုက်ပါသည်။ တချို့သော အညာအကြောင်းအရာများ အလွန် ထိရှသည်ဟု ခံစားပါသည်။ ကိုယ်တိုင် အဲဒီနယ်နဲ့ ရင်းနှီးထဲဝင် ပတ်သတ်ခဲ့သူဖြစ်သောအခါ နားထောင်သူသက်သက်အဖြစ်ထက် ပိုသော ခံစားမှုတွေ ရရှိသည်ဟု ယူဆမိ။

သို့သော် စာရေးဆရာများအနေဖြင့် နိုင်ငံရေးပြက်လုံးထုတ်ခြင်းကို ခံစား၍မရပါ။ လက်ရှိနိုင်ငံရေး အခင်းအကျင်းများ ပြောဆိုခြင်းသည် တယောက်ချင်းစီ၏ လွတ်လပ်ခွင့်ဖြစ်သော်လည်း၊ joke လုပ်ပြောလွန်းလာသောအခါ အီလှပြီ။ ထို့ပြင် လက်ခုပ်သံကို ထိုနည်းဖြင့်ယူရသည်ဟူသော ပုံသေနည်းများ ဖြစ်နေသလားဟု သံသယဝင်လာမိ။

(စာကြွင်း။ လူရွှင်တော်များ ပြက်လုံးထုတ်ခြင်း နှင့် ကာတွန်းများက သရော်ခြင်းကိုတောင် များသောအားဖြင့် အောင့်သက် ခံစားမရဖြစ်မိ။ သို့သော် ထိုနယ်ပယ်နှစ်ခုက သူတို့အလုပ် သူတို့လုပ်ခြင်းဖြစ်ပြီး၊ စာရေးဆရာများက နိုင်ငံရေးကိစ္စ လူရွှင်တော်လို သရော်သည်အား ခံစား၍ မရ။ တခြားနည်းအားဖြင့် ပရိသတ်ကို မက်ဆေ့ဂ်ျပေးလို့မရဘူးလား။ တခြားတင်ပြပုံနည်းလမ်း ရှာစေချင်မိ။)

ထူးခြားသည်မှာ ဆရာမ စကားတွေကနေ အညာကအသံကို ကြားရခြင်းဖြစ်သည်။ ဥပမာ - ကဲ့ရီ ခံရမယ်။ (နောက်ထပ် ရှိသေးသော်လည်း ချရေးမလာခဲ့ရလို့ မေ့သွားပြီ)

* ချစ်စံဝင်း

မိဘမေတ္တာ၊ အမေ့မေတ္တာ နှင့် ပတ်သတ်သော ခေါင်းစဉ်ဖြစ်၍ ဝေဖန်ရန် အလွန်တရာမှ တွန့်ဆုတ်စရာဖြစ်သော်လည်း၊ တကယ်တမ်းကျ တွန့်ဆုတ်မနေသောကြောင့် အလွန်တရာမက အလွန်တရာ့ငါးဆယ်လောက်ပင် ဝေဖန်ချင်မိ။

ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဝေဖန်ချင်တာမဟုတ်ဘဲ ဆရာချစ်စံဝင်းကို မေးခွန်းတွေသာ ထုတ်ချင်တာဖြစ်နေပြန်သည်။

၁) အဲဒီခေါင်းစဉ်နဲ့ပတ်သတ်ပြီး ဟောပြောမယ့် အကြောင်းအရာတွေကို ရွေးတဲ့အခါ ပရိသတ်ကို ဘယ်လို role အနေဖြင့် မျှော်လင့်သတ်မှတ်၍ ရွေးခဲ့ပါသလဲ။

၂) မိဘမေတ္တာ (အမေ့မေတ္တာ) နဲ့ပတ်သတ်တဲ့ ဖော်ညွှန်းတင်စားချက်တချို့ကို ဆရာ တကယ် အသဲစွဲယုံကြည်ပါသလား။

၃) တကယ့်အဖြစ်အပျက်တချို့ကို ထားလိုက်ဦး။ မိဘမေတ္တာကို ညွှန်းဆိုပြောပြတဲ့အခါ reality မဟုတ်တဲ့စကား (ဥပမာ - မဟာသမုဒ္ဒရာနဲ့ ယှဉ်ရင်၊ မြင်းမိုရ်တောင်နဲ့ယှဉ်ရင်၊ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထဝီမြေကြီးနဲ့ ယှဉ်ရင်၊ မဟာစကြဝဠာနဲ့ ယှဉ်ရင်၊ ရေတစ်စက်စာ၊ ပေါက်သစ်စ နွားဦးချို၊ မြူမှုံပမာ၊ အပ်နဖားပေါက်) စတာတွေက နားထောင်သူတွေရဲ့စိတ်ထဲ အဲဒီ မေတ္တာတရားကို ပိုမိုကြည်ညို ပျောင်းတိမ်းညွှတ်နူးသွားစေလိမ့်မယ်လို့ မျှော်လင့်ပါသလား။

(တကိုယ်ရေအမြင်ပြောရရင် ဆရာချစ်စံဝင်း ပြောနေတာနားထောင်ရတဲ့အချိန်မှာ ၁၀ တန်းတုန်းက အင်္ဂလိပ်စာမှာ သင်ရတဲ့ the 4 young men လား၊ ခေါင်းစဉ်မေ့နေပြီ။ လာလည်တဲ့ တရွာသားကို လူလည်လူငယ်လေးယောက်က ယုံတမ်းစကားပြောတဲ့ ပုံပြင်ပဲ တချိန်လုံး သတိရနေမိတယ်။

အကြောင်းအရာရင်းက ဘယ်လိုကောင်းကောင်း ဖွင့်ဆိုချက်က အရာမဟုတ်တဲ့အခါ မူရင်းကောင်းပြီးသားကြီး တန်ဖိုးတောင်ကျတယ်လို့ မြင်မိ။)

၎) ဆရာဟောပြောတာကို နားထောင်နေတဲ့ပရိသတ်ကို ဘယ်လို မြင်ပါသလဲ။ (အမေ ခေါင်းစဉ်အောက်မှာ ဆရာရွေးချယ်ပြောသွားတဲ့ အကြောင်းအရာများကား အလွန်ပင် ထင်မှတ်မထားသဖြင့် အလွန်ပင် အံ့သြမိ။)

ကြံဖန်အကောင်းမြင်တတ်သူဟု လူထင်မခံချင်လှသော်လည်း ဆရာလက်ရှိ လုပ်နေရတဲ့ လုပ်ရပ်နဲ့ ပတ်သတ်လို့ စကားချပ်လို ထည့်ပြောသွားတဲ့ အကြောင်းအရာအတွက်တော့ ကျေးဇူးတင်မိပါတယ်။ လက်ရှိအခြေအနေ အနေအထား ကံပစ်ချရာ ဘာပဲပြောပြော လတ်တလော ရုန်းမထွက်နိုင်သေးတဲ့ အဖေတစ်ယောက်ဖြစ်နေတဲ့အခါ... ဆိုတာကို မြင်ခွင့်ရလိုက်တဲ့အတွက်နဲ့တင် ဆရာ့မိဘမေတ္တာကို ယုံတမ်းဖြစ်အောင် ပြောသွားသော စကားများအား ချေလိုက်ပါသည်။

* ဖေမြင့်

စတက်လာချင်းမှာပဲ "ဒါမျိုးပြောရင် သိပ်သဘောကျကြတယ်။ ကျွန်တော် မပြောဘူး။" ဆိုတာမျိုးက စလာတဲ့အတွက်နဲ့တင် တော်တော် ကျေနပ်သွားတယ်။ (စာရေးဆရာက စင်ပေါ်မှာ ပရိသတ်ပွဲကျအောင် တမင်တကာ လုပ်ပြစရာ အကြောင်းမှ မရှိတာ)။ အထူးပြောစရာမရှိပါ။ ကြိုက်ပါသည်။

* ဦးအောင်သင်း

အလွန်ကောင်းပါသည်။ ကိုယ့်အတွက်တော့ man of the literature talk.

ငါ ဆရာလုပ်တာ မင်းတို့ သည်းခံ လို့ တချိန်လုံးပြောသော်လည်း တကယ်တော့ ဆရာလုပ်တာ ပါတယ်လို့ မထင်ရ။

ပြန်ရေးပြစရာ ရုတ်တရက်မတွေ့နိုင်ပါ။ ရေးလည်းမနေတော့ပါ။ စာရှည်နေမည်။

အသက် ၈၅ နှစ်မှာ အတွေ့အကြုံအရရော ဉာဏ်ပညာအရပါ ပြောစရာ များ၊ များသမျှကိုလည်း ပြောခဲ့ပေမယ့် ပြောနေတဲ့စကားက ဘယ်ထိဆက်ရောက်ရောက် အဆုံးမှာ မူရင်းနေရာကို ပြန်ရောက်အောင် ကောက်နိုင်တာ အတော်ထူးတဲ့ ကုသိုလ်လို့ ထင်မိပါသည်။

ကွန်မြူနစ်သင်တန်းက တခုသော အကြောင်းအရာကို ပြောမယ့်အလုပ်မှာ "ငါ မြင်တာ ငါပြောတာနော်။ မင်းတို့ ယူချင်မှယူ" ဆိုတာကြားတော့ အားရမိ။ ဆရာရေးဖူးတဲ့ မဟာဝိဇ္ဇာတန်းတက်တုန်း ကျောက်စာသင်တော့ "အာနန်" ဆိုတဲ့စကားလုံးနဲ့ ပတ်သတ်လို့ ဆရာမင်းသုဝဏ် ဘယ်လိုကောက်ချက်ဆွဲပြခဲ့၊ ဘယ်လိုလမ်းဖွင့်ပေးခဲ့ဆိုတဲ့အကြောင်းကို သတိရမိသည်။

***

ဆွေးနွေးခန်းမှာလည်း နိုင်ငံခြားရောက်မိဘများ၊ ကလေးများနဲ့ မြန်မာစာ စကားကိစ္စကို ပြောသွားတဲ့ ဆရာ့သဘောထားကိုလည်း ကြိုက်ပါသည်။ မှန်သည်။ ဒါသည် သူတို့ကိစ္စ၊ သူတို့ကိစ္စကို ဘေးလူက ကိုယ့်အမြင်ကိုသာ ပြောလို့ရမည်။ လုပ်ပိုင်ခွင့်က သူတို့လက်ထဲမှာသာ ရှိသည်။

ကျန်တဲ့ဆရာများနဲ့ပြောတာတွေကတော့ သိပ်စိတ်ထဲ မရှိလှပါ။

ဆရာမခင်ခင်ထူးနဲ့ ပြောကြတဲ့ မြန်မာမိန်းကလေးများနဲ့ ဝတ်စားဆင်ယဉ်မှုအကြောင်းမှာတော့... ဟိုတုန်းက မြန်မာလူမှုအဖွဲ့အစည်းမှာ မိန်းကလေးတယောက် ပွဲလမ်းသဘင်သွားတော့မယ်ဆိုရင် အိမ်က လူကြီးသူမတွေက မိန်းကလေးရဲ့ ဝတ်စားဆင်ယဉ်မှုကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီး စိတ်တိုင်းကျမှ အိမ်အပြင်ကို ခြေတလှမ်း လှမ်းလို့ရတယ်။ ခုဒီနေ့ခေတ် နိုင်ငံခြားရောက် မိန်းကလေးတွေမှာတော့ အဲဒီလို "ဟဲ့" လို့ ပြောမယ့်သူ မရှိလို့ပါ ဆိုတယ်။

ဆရာမပြောသွားတာ ကြိုက်သည်လည်း မဟုတ်၊ မကြိုက်သည်လည်းမဟုတ်။ ဆရာမကိုယ်၌ကလည်း (ရည်ရွယ်၍လား၊ မရည်ရွယ်ဘဲလားမသိ) အဲဒီကိစ္စကို ကောင်းသည် ဆိုးသည်ဟု ပြောသွားတာ မဟုတ်။
(သူက ဒီအဖြစ်အပျက်ကို မှတ်ချက်ပြုပေးသွားတာ မဟုတ်ဘဲ၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကျိုးအကြောင်းသက်သက်လောက်သာ ပြဆိုသွားတာဖြစ်တော့ စောဒကတက်စရာ မရှိလှ)။

(အဲဒီနေရာမှာ ကောင်းသည် ဆိုးသည် ဆိုတာထက် တွေးမိတာတစ်ခုက) မြန်မာလူမှုအဖွဲ့အစည်းရဲ့ အခြေခံသဘောကိုက တယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ရှေ့တန်းတင် အရေးပေးထားတာမဟုတ်ဘူး ဆိုတာပဲ။ အစုအဖွဲ့တစ်ခုရဲ့ သဘောကျ ကျေနပ်မှုစံနဲ့ ကိုက်ညီအောင် အဲဒီအစုအဖွဲ့ရဲ့ သြဇာခံတွေက (အဲဒီစံက အဓိပ္ပါယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အဲဒီစံကို ကျေနပ်သည်ဖြစ်စေ၊ မနပ်သည်ဖြစ်စေ) နေပြရတယ် ဆိုတာပဲ။

မြန်မာပြည်ဟာ တကယ်ပဲ ကျွဲပျောက်လို့ နွားရှာနေကြတာလား ဆိုတာ အဲဒီ ဆရာမ ခင်ခင်ထူးရဲ့စကားကနေ ဆက်တွေးမိစေတယ်။

***
ကိုယ်ပိုင်အမြင်ဖြစ်၍ တခြားလူနှင့် တူရန်လိုသည်ဟု မထင်ပါ။ တူလို့လည်း ဘယ်သူမှ အကျိုးရှိမဖြစ်၊ မတူလို့လည်း ဘယ်သူမှ အကျိုးမရှိမဖြစ်။ ကိုယ့်အမြင်ကိုယ်ပြောနိုင်ခွင့် နှင့် ပြောပိုင်ခွင့်သည်သာ အဓိကဟု ယူဆသည်။

***

11 comments:

Rita said...

စာကြွင်း။

ပြောလို့လည်း အကျိုးမရှိ၊ မပြောလို့လည်း အကျိုးမရှိ (ရှိတာမရှိတာ ဘယ်လို ရွှေဉာဏ်တော်နဲ့ တိုင်းသလဲတော့ မသိရ) တာတွေ မပြောသော၊ ပြဿနာကို လိုက်မရှာတတ်သဖြင့် အလွန်တရာမှ နှစ်လိုဖွယ် အေးချမ်းသောဘဝကို ပိုင်ဆိုင်လေခြင်းဟု တိုက်ရိုက်တဲ့တိုးမပြော တခြားနည်းနဲ့ ကွေ့ဝိုက်ပြောတတ်သူများနှင့် သဘောထားချင်း မတိုက်ဆိုင်ပါက အလွန်တရာမှ ဝမ်းမြောက်စရာဟု ခံယူပါမည်။ (နောက်တာနော် နောက်တာ =D)

တီချမ်း said...

လည်အောင် ရေးတတ်တာ သိပ်သဘောကျတာပဲ ဘတ်ပြီးတော့ ဘာမှ နားမလည်တော့ဘူး

Rita said...

အဲဒီပွဲ မသွားခဲ့ရတဲ့သူတွေ ဖတ်ရင်တော့ လည်မှာမဟုတ်ဘူး။

N/A said...

ဟမ်..
အော်... အဲဒီပွဲ မသွားဖြစ်ခဲ့ပါဘူး။ ဟုတ်ကဲ့ လည်ပါတယ် ( :rotation: )..
နောက်သာနော်.. နောက်သာ..တဂထည်း

Ye Nyi Win said...
This comment has been removed by the author.
Moe Tain Nyo said...

မရီတာ comments ထားတာတွေ သဘောကျသဗျို့။ ကျွန်တော်လည်း ဦးအောင်သင်းကို အကြိုက်ဆုံးပဲ။

Phyo Maw said...

၁ ပွဲလုံးမှာ ၂ ချက်ပဲ မှတ်မိတယ်
to kno all is to forgive all ရယ်
၅ စက္ကန့်လောက် ပြန်စဉ်းစားဖို့ရယ်။

Rita said...

ဟောင်းတူလာရှင် လည်း မှတ်မိတယ် XD

ဇွန်မိုးစက် said...

ကိုယ်ကတော့ ဒီလိုမှတ်ချက်ချမိတယ်။

ဆရာမ ခင်ခင်ထူးက အရေးပိုကောင်းပြီး၊ ဆရာ နေ၀င်းမြင့်က အပြော ပိုကောင်းတယ်။ ဆရာချစ်စံဝင်းက အပြောထက် အရေးပိုကောင်းတယ်။ ဆရာဖေမြင့်ပြောသွားတာ နားထောင်ရတဲ့အခါ သူ့စာတွေ ဖတ်ရသလိုပဲ ခံစားချက်ရတယ်။
ဆရာအောင်သင်းကတော့ သူ့စာတွေအတိုင်း ပွင့်ပွင်လင်းလင်း ဒိုးဒိုးဒေါက်ဒေါက် ပြောသွားတာ။ အသက်အကြီးဆုံး... အဟောအပြောလည်း အကောင်းဆုံးပဲ။

Thu said...

Truely wish to read your points to those (Saya & Sayana) and convenors.
Good !

Thu said...

Truely wish your points to see them (Saya & Sayama). Good !