Monday, December 20, 2010

အိုင်စီ / သံမဏိကြက်ခြေ

ရှိုးသွားမယ် ဆိုတော့ မျက်မှန်ရှုပ်ပါတယ်လေဆို ထားပစ်ခဲ့တယ်။ ကားဂိတ်မှာ ကားစောင့်တော့မှ ဒုက္ခရောက်တော့တယ်။ အဝေးကလာနေတဲ့ကား နံပါတ်တွေ ဝါးနေလို့။

လင်းလင်း
လင်းလင်း သီချင်းတွေ ဘာမှ မရဘူး။ သွားတဲ့ ၄ ယောက်ထဲက တယောက်ပြောတာတော့ မြန်မာပြည်မှာတော့ အတော် ပေါက်တယ်ဆိုပဲ။ လင်းလင်းဆိုနေတဲ့စတိုင်က ကလေးတွေ သီချင်းဖွင့်ပြီး လုပ်ချင်တာလုပ်နေတာနဲ့ တူတယ်။ ဒါပေမဲ့ IC အစွဲနဲ့ ဆိုတော့လည်း နှစ်လိုစရာလေးတော့ ဖြစ်နေပြန်တယ်။ အတူသွားတဲ့ ပိတ်ပိတ်က လင်းလင်းခမျာ အခွေပေါက်ပေမယ့် စင်ပေါ်မှာကျ ဝါနုရှာတော့ မျက်နှာလေး ပြုံးပြီး ဆိုနေရတာ သနားလိုက်တာလို့ ဆိုတယ်။ ကိုယ်တော့ သေချာ မမြင်ရလို့ မသနားလိုက်ရဘူး။

ကိုယ်တွေသာ ဒိတ်အောက်နေလို့ မရတာ။ ကျန်တဲ့လူတွေအကုန်လုံးနီးပါးကတော့ လင်းလင်း သီချင်းတွေ ရပုံပါပဲ။ အကုန် လိုက်ဆိုနိုင်ကြတယ်။

ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ လင်းလင်း။

အာဇာနည်
ဇာနည့်ကိုတော့ "မိုးလင်းသွားအောင် ည ည ဖုန်းဆက်ဖို့ ကိုယ် ကြိုးစားရင်းနဲ့ အိပ်ရေးပျက်မယ် ဒါပါပဲ" ဆိုစေချင်မိတာ။ ဆိုမသွားဘူး။ "ကိုယ့်အနားရှိစေချင်" တော့ ဆိုသွားတယ်။ ဒါကလည်း နိုင်ငံခြားပွဲဆို မပါမဖြစ်များလား မသိ။ စစချင်း "စည်းတဘက်ခြား" ဆိုတယ်။

~~~ တားဆီးတဲ့ စည်းများရဲ့ ကြားမှာ ခြားနားခဲ့ပြီမဟုတ်လား ~~~

ညက အိပ်မက်ဆိုးမက်တာ သူ့ကြောင့်နေမှာ။

ဝိုင်ဝိုင်း
စစချင်း အဲဏီ ဆိုတယ်။ အဲဒီ ပထမအခွေထဲက သီချင်းတွေ နားစွဲပေမယ့် မကြိုက်လှဘူး။ အဲဒီအခွေ စနားထောင်ပြီးတော့ ဒီအဆိုတော် "မြစ်" ဆိုတဲ့ အသံ ပီအောင်လည်း မဆိုနိုင်ဘူးလို့ ထင်ခဲ့သေးတယ်။ long long ago ကျောင်းတုန်းက သီချင်း။

နန်းညီ ထင်တာ မှန်တယ်။ "ထာဝရ" ဆိုလိမ့်မယ်ဆိုတာ...
အဲဒီသီချင်းက ငြိမ့်ငြိမ့်ညောင်းညောင်း ဖြည်းဖြည်းဆိုမှ ပိုအရသာရှိမှာ၊ ဒါပေမဲ့ ဆူနေသလိုပဲ။ chorus ပိုဒ်ရောက်မှ အဲဒီသီချင်း ထာဝရမှန်းသိတာလည်း ပါတယ်။ သိပ်အရသာ မခံလိုက်ရဘူး။ နည ပြောတာတော့ အဲဒီသီချင်းဆိုရင် နှစ်ယောက်လက်ချင်းတွဲပြီး နားထောင်မှ အရသာပိုရှိဆိုပဲ။ ရှေ့ကအတွဲတော့ ပိုကပ်သွားကြတယ် (စတည်းကလည်း ကပ်ပြီးသားပါ သူတို့က) =D

ဝိုင်ဝိုင်း မဆိုသွားဘဲ နားထောင်ချင်မိတာ "စည်း"၊ "နင်ရှိနေသေးတယ်"။

မျိုးကြီး
ဘယ်သူမှ ဝိုင်းမဆဲကြပါဘူး။ သတိတောင်မှ မရကြပါဘူး ထင်တယ်။ အခွေသစ်ထဲက သီချင်းတွေ ဆိုသွားတယ်။ "ယူလိုက်" "လက်ခံပေးပါ" ကလွဲလို့ သိပ်မကျက်မိဘူး။ အဟောင်းတွေကျတော့လည်း ဆူဆူညံညံတွေ ဆိုသွားတယ်။

ဆိုပါလားကွယ် "ရန်သူတစ်ထောင်" တို့၊ "လမင်းနဲ့ ကြယ်စင်များ" တို့၊ "မင်းသိဖို့ကောင်းတယ်" တို့၊
"ဆန့်ကျင်ဘက်" တို့။ ကိုယ်လည်း အဟောင်းထဲကကို မထွက်ပါလား။ အဲဒီအဟောင်းတွေ ထွက်စ အသစ်တုန်းကလည်း တခါနားထောင်တာနဲ့ တန်းပြီး နားစွဲသွားတာ။ နောက်ပိုင်း အသစ်တွေကျ အဲလို မစွဲလွယ်တော့ဘူး။ ကိုယ်ကပဲ ပြောင်းသွားတာနေမယ်။ လာသမျှလူ အကုန်နီးပါး လိုက်ဆိုနေကြတာပဲ။

အငဲ
အငဲ သီချင်းတွေက စတည်းက သိပ်အများကြီး မသိတာ။ "လမ်းပြပါဦး" ဆိုသံ ကြားရတော့ ၁၅ နှစ်လောက် ပြန်ငယ်သွားသလိုပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်က သီချင်းကိုး...
9 ထဲက သီချင်းတွေ တခါနားထောင်ပြီး ဘာမှ မစွဲတာနဲ့ ဆက်နားမထောင်ဘူး။ အဲတော့ ဘာမှ မရဘူး။ "အိမ်" သီချင်းကတော့ မဆိုးပါ။ ကောင်းရှာသား။ ပြန်ရှာပြီး နားထောင်ကြည့်ဦးမယ်။

လေးဖြူ
ဆံပင်အတိုနဲ့လို့ ထင်ထားတာ၊ ဆံပင်တွေ အတော်ရှည်နေပြီ။

"အမဲလိုက်အက" နဲ့ စတက်တော့ မတ်တပ်ထရပ်မိတယ်။ ထိုင်ရတာ ညောင်းနေတာကြောင့်လည်းပါတယ်။ "စုန်းမ" ဆိုတော့ အငဲ "လမ်းပြပါဦး" ဆိုလိုက်တုန်းကလိုပဲ။ ဪ အဲ့ထက် ပိုငယ်တာပေါ့။ ၁၂ နှစ်/ ၁၃ နှစ်လောက် ပြန်ဖြစ်သွားတယ်။ "သံယောဇဉ်" "အိပ်မက်ကဗျာ" လည်း ဆိုတယ်။ နောက် "အလင်းရောင်"။ ကိုယ့်တွက်တော့ "အလင်းရောင်" က နားထောင်ရပါများလို့ ဟုန်သွားပြီဖြစ်တဲ့ သီချင်း။

"ငါ့ရဲ့ လမင်း" အတွက်တော့ ကျေးဇူးတင်ပါတယ်။ အတူလာတဲ့ထဲက ညီမလေးနှစ်ယောက်က စင်ကာပူသီချင်းတော့ မဆိုဘူးလို့ ပြောနေကြတယ်။ "တန်ဖိုး" ကိုပြောတာ။

"စာမျက်နှာ ၁၅" ဆိုစေချင်တာ။ ဆိုမသွားဘူး။
အဲဒီသီချင်းသာ အနားမှာ တခေါက်လောက် လာဆိုပြရင် မပြီးသေးတဲ့ ပန်းချီကားကို တထိုင်တည်း အပြီး ဆက်ဆွဲပစ်လိုက်မယ် တကယ်။

ပွဲသိမ်းခါနီးမှာ အငဲပြောသလား လေးဖြူပြောသလားမသိ။
ခင်ဗျားတို့ဆီမှာက ဝအောင်မဆိုရပါဘူးဗျာ... တဲ့။

ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...

မြရဲ့လ ထဲက အကြောင်းအရာတခုကို သတိရမိတယ်။

မြသည် မြို့တော်ကြီးနဲ့ ပတ်သတ်သမျှ မကောင်းသည့်အရာများအကြောင်း ပြောလိုသည့်အခါတိုင်း မြို့တော်ကြီးကို ကျွန်တော်ပိုင်ဆိုင်သကဲ့သို့ စွပ်စွဲတတ်သည်။
အစ်ကိုတို့မြို့ကြီး... တဲ့။

***
မမချစ်ကြည်နဲ့ တွေ့တယ်။ မြိုးနဲ့ တွေ့တယ်။
ပိတ်ပိတ်က ကင်မရာတွေ့တိုင်း လန့်နေတယ်။ (သူ ခိုးလုပ်တာ လူမိမှာစိုးလို့)
ညီမလေးတယောက်ယူလာတဲ့ ပဲပြားအဆာသွပ် အရမ်းကောင်းတယ်။ (သူများလုပ်တာဆို အကုန်ကောင်းတာချည်းပဲ)
စတိတ်နောက်ခံမှာ စပွန်ဆာနာမည်ထည့်တာ ပို ပေါ်နေတယ်။ IC show လား One Tea show လား ဖြစ်နေတယ်။

6~10 ကြေညာပေမယ့် 6:30~10:30 ဖြစ်တယ်။ 11 နာရီ လောလောဆယ်နေတဲ့ mrt ကို ရောက်တယ်။ taxi stand မှာ လူတွေ များတယ်။ on call ခေါ်နေကြတယ်။ အနည်းဆုံး မိနစ် 20 လောက် စိတ်ရှည်လက်ရှည် ဆက်ပြီးမှ comfort ကို ဝင်တယ်။ ဝင်ပြီးတဲ့နောက်တော့ ဘယ်လောက်မှ မကြာပါဘူး။ ကားရောက်လာတယ်။ အိမ်ပြန်ရောက်တော့ 12 နာရီ။ အင်း အိမ်ရှင်ရိုက်တာတော့ ခံရတော့မှာပဲ။

12 နာရီကျော်မှ ရေချိုးပြီး အိပ်လိုက်တာ အိပ်မက်ဆိုးတွေ မက်တယ်။ (အိပ်မက်ထဲမှာ နေပါဦး။ ခဏလောက် စောင့်ပါဦး လို့ ပြောချင်မိတယ်။ ပြောလို့မရဘူး)

***
ဒီလို အပျော်အပါးတွေ စိတ်မဝင်စားတော့ပါဘူး။ အဖော်ကောင်းလို့သာ။ သီချင်းသစ်တွေ ဘာမှ မရတော့ဘူးဆိုတဲ့နောက်တော့ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီ။

***
(စာကြွင်း။
မေ့လို့။ မြရဲ့လ စာသားတွေရဲ့နောက်မှာ "အို ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ" ဆိုတာလေး ထည့်ဖတ်လိုက်နော်။ တဆက်တည်း ယောက်ပြားသံကြီးပါ ကြားယောင်လိုက်ပါဦး။)

17 comments:

khin oo may said...

အိယောင်ဝါးချမယ်ဆို..

Phyo Maw said...

လင်းလင်း သိပ်မသိဘူး။ rap ဆိုတဲ့ လင်းလင်းလား မော်ဒယ်လင်းလင်းလား rocker လင်းလင်းလား။
တစ်ယောက်မှတော့ မျက်နှာကို မမြင်မိဖူးဘူး။

ကျန်လူတွေတော့ နည်းနည်းစီ နားထောင်ဖူးတယ်။

IC show ကို ၂ ခွေတွဲကြီးထုတ်တဲ့အချိန်ကမှ စကြည့်ဖူးတာ မြန်မာဆိုကျော်တွေနဲ့ ဝေးချက်ကတော့။

ဖေဖော်ဝါရီ ၉ ကျလာမယ့် တေလာဆွစ်လေးတော့ ကြည့်ချင်မိသားသားသားသား....

Rita said...

(ဖြည့်စွက်)

bass guitar မပါဘူးလို့ fb မှာ တယောက်တင်ထားတယ်။ ပွဲမှာတုန်းကတော့ ကြိုး လုစ် ဖြစ်နေလို့ ချောင်ထဲဝင်တီးနေတယ်။ ခဏစောင့်ပါဦးဆို... အဲဒီနောက်ပိုင်း လေဒီ ကို ရောက်နေတာနဲ့ ဘာဆက်ဖြစ်တယ်မသိတော့ဘူး။ ပြန်ရောက်တော့ လင်းလင်း စနေပြီ။ ကိုယ်ခံစားလို့ မရတာတော့ bass ကြောင့်မဟုတ်ဘူးထင်တယ်။ မပြောရင် သိမှာတောင်မဟုတ်ဘူး။ မသိတဲ့လူ မသိတာထက် သိတဲ့လူတွေ သိတော့ ရုပ်ပျက်တယ်။ အဲလောက်တောင် ဖြစ်ရလား။

juli said...

ပထမပိုင်း တဝက်လောက်မှာ ခင်မောင်သန်းထွက်လာပါတယ် (ဘေ့စ်ဂစ်တာတီးသူ)..
ဒုတိယပိုင်းက သိပ်သတိမထားမိဘူး.. သူတို့တွေကလည်း လောနေတယ် ဒုတိယပိုင်းမှာ သီချင်းသိပ်မဆိုကြတော့ဘူး တီးပဲ တီးပြနေကြတာ.. ချစ်စမ်းမောင်တီးလိုက် ခရမ်းတီးလိုက် ဗညားတီးလိုက်နဲ့

ချစ်ကြည်အေး said...

ဝိုင်ဝိုင်း ပထမပိုင်း တတိယမြောက် အပုဒ်မှာထင်ပါရဲ့ ကိုခင်မောင်သန့် ရှေ့ထွက်တီးတယ်လေ ညီမ၊ ဘေစ့် ပါတာနဲ့ မပါတာ အတော် သိသာတယ်။ အနောက်ကနေ စမ်းတီးကြည့်နေကတည်းက ဘေစ့်သံ တချက်တချက် ထွက်လာတာ သတိထားမိတယ်။ မျိုးကြီး နဲ့ အငဲရဲ့ သီချင်း အသစ် ၂ခွေ နဲ့ သိတ်မရင်းနှီးတော့ ပွဲစဉ် အပြည့် လမိုင်းမကပ်ဘူး...ဟဟဟ။ ကိုလေးဖြူရဲ့ အဟောင်းတွေတော့ သဘောကျမိတယ်....

Thu said...

Lay Phyu, 87 of Shwe Pyi Aye hall in MU, warden always watched for crowds near his room.
At MU night scenes of Thitsar and Shwe Man hall, all players left their guitars, gathered and listened to his performance when his group began music.
E major student, Long hair, short longyi and sleeveless vest were his own style.
No one thought he would become a star judged by his appearance.
IC do as unique professional team in Myanmar.

ညိမ်းနိုင် said...

အင်းးးးးးကျွန်တော်လည်း သိဘူးဗျ....လင်းလင်း ကို....။
မျိုးကြီးက မိုး သီချင်းဆိုမသွားဘူးလား...။

Ko Boyz said...

ကောင်းပါတယ်။
အကုသိုလ် မပွားရတော့ဘူး။
ခါတိုင်း အိုင်စီက ကိုယ့်ပစ္စည်းနဲ့ ကိုယ် လာသလားလို့..။
အိုင်စီကတော့ နိုင်ငံခြားပွဲတွေမှာ အဲလို အစီအစဉ်တစ်ကျ မဖြစ်တာ သုံးလေးခေါက်လောက် ရှိနေပြီ။
အခုလဲ ရဲရင့် စီစဉ်တာပဲလား...။

Thu said...

Lay Phyu, E major student in 87 of MU with long hair, short longyi, sleevelss vest who dwelled in Shwe Pyi Aye hall. I dare say no one thought he would do remarkable job in future as judged by outer appearance.
But, when his group began to raise guitars at Shweman and Thitsar hall at night scenes, the rest players left their guitars, gathered and listened with envy-eyes on his performance.
I got smiles and remember old chaotic style when I see his stylish suits in poster.

မိုးယံ said...

သွားနိုင်သူတွေ သွားကြပါ သွားကြပါ... သွားပိုင်ခွင့် မရှိလို့ ငေးရတယ်... ဆွေးရတယ်အေ

Rita said...

@Thu
လေးဖြူနာမည်ကြီးကာစမှာ သင့်ဘဝက သူ့အကြောင်း cover story တင်တာ ဖတ်ဖူးတယ်။ Bro ပြောတဲ့ အကြောင်းတွေပါတာ ခု ပြန်မှတ်မိလာတယ်။

သူ ပထမခွေထုတ်တော့ မူပိုင် ကိုမင်းက မိုးကုတ်က သူတို့ သူငယ်ချင်းကျောင်းနေဘက်ဆိုတယ်။ အခွေမပြီးခင်မှာပဲ အခွေကို အပြတ်ဝယ်မယ့်သူ ပေါ်လာတော့ လေးဖြူနဲ့ ကျန်သူငယ်ချင်းတွေက ငွေထုတ်တဲ့ ကိုမင်းကို လှမ်းတိုင်ပင်ကြတယ်။ ကိုမင်း စဉ်းစားပြီး ပြန်ပြောလိုက်တယ်ဆိုတဲ့ စကားကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။

"မရောင်းဘူးကွာ၊ ရောင်းလိုက်ရင် ငါတို့ အိပ်မက်တွေ ပြီးသွားမှာပေါ့" တဲ့။

အဲဒီတုန်းက စီးရီးစ်တခွေစာ ကုန်ကျစရိတ် ငွေ ၂ သိန်း။

ပြန်သတိရတုန်းလေး ချရေးပြီး မှတ်ထားလိုက်မှ။

@ကိုဘ
fb မှာ အဲ့တိုင်းပဲ ပြောနေကြတယ်။ နိုင်ငံခြားပွဲတွေမှာ ဒီလိုဖြစ်တာ ခဏခဏရှိပြီဆိုတာ... ဂီတပိုင်းတော့ ဘာမှန်းညာမှန်းမသိဘူး။ ဒါမျိုးဖြစ်တာ ပုံစံမကျတာလည်း အမှန်ပဲ။

တခုပဲ။ သူတို့အဖွဲ့က သူများနဲ့မတူဘူး။ မြင်လိုက်ရရင် ကိုယ့်အမျိုးတွေနဲ့ ဆုံလိုက်ရသလိုပဲ။ (ဒါတောင် ဒီအရွယ်မှာ ဘာမှ ခရေဇီမဖြစ်တော့တာ မဟုတ်ဘူး။) အဲဒါကတော့ ဘယ်အဖွဲ့၊ ဘယ်အဆိုတော်နဲ့မှမတူတဲ့ အားသာချက်လို့ထင်တယ်။ ဆိုတော့ ပုံစံမကျတာမျိုး ဖြစ်သွားလည်း ခွင့်လွှတ်မိနေတယ်။

ဇွန်မိုးစက် said...

အိမ်က ညီမ၂ယောက်လည်း သွားကြည့်ကြတယ်။ စာမျက်နှာ ၁၅ မဆိုသွားဘူးဆိုတာ ပြောသံကြားတယ်။ ဒီလောက်လူကြိုက်များတဲ့ သီချင်းကို ဘာလို့ထည့်မဆိုသွားတာနော်... ကတောက်!(ဆိုစေချင်ကြသူ ပရိသတ်ကိုယ်စား ပြောပေးတာ :D) အမှန်တော့ ကိုယ်လည်း အဲဒီ့သီချင်းတော်တော် ကြိုက်တယ်။
ဇွန်က ရီတာ့ထက် ပိုဆိုးတယ်။ လင်းလင်းဆိုတာတောင် ခုမှကြားဖူးတာ။ :D
သီချင်းဟောင်းတွေဆိုရင်တော့ လိုက်ဆိုနိုင်ဦးမယ်။ နောက်ထွက်တဲ့အသစ်တွေ နားမထောင်ဖြစ်ဘူး။ နာမည်ကြီး တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်ပဲ သူများပို့ပေးရင် နားထောင်ဖြစ်တယ်။

khayayphyu said...

မအားလို့ ခုမှလာရေးရတယ်၊ မအားတာကတော့ ရီတာအသိဆုံး
လင်းလင်း - ယောက်ကျားလား မိန်းမလား?
အာဇာနည် - ပနဆိုးလားမာရော လေဆိပ်မာပါ မမြင်ချင့်အဆုံး ပထမဆုံးတွေ့တုန်းကတော့ ဒီဒဘလူပီက ဆေးမင်တွေထိုးထားတယ်လို့ တွေးနေတာ (သူသိရင် အတော်ရင်နာမယ်)
ဝိုင်ဝိုင်း - မဆိုးပါဘူး ကြားဖူးတယ် ပင်လယ်ဟာကိုယ်ပါ စိုတဲ့သီချင်းကြိုက်တယ်
မျိုးကြီး - မိန်းမကိုရိုက်တယ် ကြားထဲက သူ့သီချင်းတွေ မကြိုက်တော့ဘူး (ဟင် တမျိုးကြီးပဲ)
အငဲ၊ လေးဖြူ - ဆူညံသံတွေကို ကိုယ့်နားက လက်မခံနိုင်ဘူး
ပဲပြားအဆာသွပ် အိမ်အထိယူမလာလို့ ရီတာကိုစိတ်ဆိုးတယ်။
အိမ်ရှင်ရိုက်တာတော့ ခံရတော့မှာပဲ - အိမ်ရှင်ကလဲ သန်းခေါင်မှ အမြဲပြန်လာတာ (တူတူပဲ အပူနဲ့)
မမချစ်ကြည်နဲ့ တွေ့တယ်။ မြိုးနဲ့ တွေ့တယ်။ - နာ့ကျမခေါ်ကြဘူး မခေါ်တာပဲကောင်းပါတယ်၊ နာကလဲ အိုင်စီရှိုးသွါးတယ်ဆို ဇော်ဝင်းထုဋ်တို့လားတဲ့ မေးလိုက်တာ ဒီလိုတော်တာ

ခွေဖြူ

Rita said...

(ဒီဒဘလူပီက ဆေးမင်တွေထိုးထားတယ်)
အော်ရီလိုက်ရတာ။

IC ကို ဇော်ဝင်းထွဋ်တို့လား မေးတဲ့လူတော့ IC အစား စိတ်နာလို့မဆုံးဘူး။ Emperor ကို လေးဖြူတို့လား မေးလည်း စိတ်နာမှာပဲ။

တီချမ်း said...

ဒီဇင်ဘာည က လင်းလင်းလား
သူက အခု အိုင်စီ နဲ့ ဆိုနေတာလား

လွန်ခဲ့သော ၁၅ နှစ်ဆိုတော့
ဒေါ်ရီတာ က အခု ၄၀ ထဲဝင်နေပြီပဲ

အင်း...............
အာဇာနည်နဲ့ ဝိုင်းဝိုင်း က တရုတ်ကော်ပီတွေချည်းပဲ ဆိုထားတဲ့ သီချင်းတွေ ကို စလုံးမှာ ဆိုတယ်
မြန်မာတွေချည်းပဲ ကြည့်ရင်တော့ ကိစ္စမရှိပါဘူး
တရုတ်တွေပါလာကြည့်ရင်တော့ ရှက်စရာကြီး
အဲ့ဒီ အာဇာနည် ရဲ့ ကိုယ့်အနားရှိစေချင်ဆိုတဲ့ အဆိုတော် က မလေးတရုတ်လေ စလုံးက သိကြမှာ

ဝိုင်းဝိုင်းသီချင်းတွေကတော့ လွန်ခဲ့သော် လွန်ခဲ့သော် တွေဆိုတော့
ဒေါ်ရီတာ တို့ ငယ်ငယ်တုံးကပေါ့
ဟိ

အံမလေး ခုလိုရေးတာတွေကို ဘာတွေ ပြန်ပြောမလဲလို့ ကျမ ရင်တွေခုန်လိုက်တာနော် .......

JulyDream said...

ပွဲလမ်းသဘင်နဲ့ ခပ်ခွါခွါနေတဲ့ အကျင့်ကြောင့် သူများတကာတွေ ရေးမှ ပြောမှ သိခွင့်ရတာ။ မဟုတ်ရင် ဘာမှကို မသိဖြစ်ဘူး။ အဆိုတော် လင်းလင်း ဆိုတာ အခုမှ ကြားဖူးတာ။ အဲဒီလောက်ကို သီချင်းတွေနဲ့ အနေနီးတာ။ အခုချိန်ထိ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ခိုင်ထူး၊ ချစ်ကောင်းတို့ပဲ နားထောင်ဖြစ်တယ်။ အိုင်စီ အဖွဲ့သားတွေရဲ့ သီချင်းအဟောင်းတွေလည်း နားထောင်ဖြစ်ပေမယ့် ခဏခဏ မဖွင့်ဖြစ်ဘူး။

AZURE said...

"လမ်းပြပါဦး" ဆိုသံ ကြားရတော့ ၁၅ နှစ်လောက် ပြန်ငယ်သွားသလိုပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်က သီချင်းကိုး...
...( အသက်တွေသာ ကြီးသွားပေမယ့်... သီချင်းတွေ က နုပျို နေ ဆဲပဲ နော်..။ အဲ့ဒီသီချင်း အရမ်းကြိုက်ခဲ့ ဖူးတယ်..အရူးအမူးပဲ)
စာမျက်နှာ ၁၅ ကို လည်း နောင်တချိန် မှာ.. အခုလို စာသားလေး တွေနဲ့ သတိရကြဦးမလားပဲ.. ?