Friday, July 23, 2010

ဆင့်ပွား အတွေးများ

ဆင့်ပွား အတွေးများ

ဒေါက်တာသန်းထွန်း ပြောတာတွေ ရိုက်တင်ရင်း၊ ရောက်လာတဲ့ comment နည်းနည်းကို ဖတ်ရင်းနဲ့ စဉ်းစားမိတာတွေပါ။

ငါပြောချင်သမျှ ငါ့အကြောင်း

ဒေါက်တာသန်းထွန်းအကြောင်းကို ဟိုမှာဖတ်မိ ဒီမှာဖတ်မိနဲ့ တော်တော်ကို သိနေပြီး သူ့စာတွေတော့ တော်တော်နဲ့ မဖတ်မိခဲ့ဘူး။ ပြောရရင်တော့ ရီစရာပဲ။ ဒေါက်တာသန်းထွန်း စာအုပ်ကို စဖတ်ဖူးတာ ဒီတခေါက် February အိမ်ပြန်တော့မှ။ အဲဒါ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ပါ။

အဲဒီစာအုပ်ကို 2008 လောက်တည်းက စက်ထဲကို ebook ချထားပေမယ့် ဘာဖြစ်လို့မှန်းမသိ မဖတ်ဖြစ်ဘူး။

အိမ်မှာ စာအုပ်တွေ့လို့ ကောက်ကိုင်ပြီး တောက်လျှောက် ဖတ်ဖြစ်လိုက်တယ်။ ဖတ်နေရင်းနဲ့လည်း တဟားဟား အော်ရယ်မိတဲ့ အပိုင်းတွေ ရှိတယ်။ ဟာသမြောက်တာတွေ ပါလို့ မဟုတ်ပါဘူး။ သဘောကျလွန်းလို့ပါ။ တချို့အကြောင်းအရာတွေ ဖတ်ရတာ ကိုယ့်အကြောင်းကိုယ် ပြန်ဖတ်နေရသလိုပဲ ပြောရင် မနှိုင်းကောင်း နှိုင်းကောင်းများ ဖြစ်နေမလားမသိ။ တခါတခါ သူ့အတွေး ကိုယ့်အတွေး၊ သူ့စံ ကိုယ့်စံ တွေ တိုက်တိုက်ဆိုင်ဆိုင် တူနေတာ တွေ့ရင် အံ့သြမိပါတယ်။ လုံးဝမှ မတူတာရှိတယ်ဆိုရင် အဲဒါ သူ့အရည်အချင်းနဲ့ ကိုယ့်အရည်အချင်း ဖြစ်လိမ့်မယ်။

လိုရင်းကို ပြောရရင် အင်မတန်ကို သဘောကျ နှစ်ခြိုက်မိပါတယ်။

***
ကိုမောင်လေးရဲ့ မှတ်ချက်

ကိုမောင်လေးကို ကျေးဇူးတင်ပါတယ်။
ခုတလော စာရေးချင်စိတ်ကို ပျောက်နေလို့ စာအုပ်ထဲက စာတွေ အလကားနေအလကား ရိုက်တင်နေတာ။ ကိုမောင်လေး မှတ်ချက်ရေးသွားတာ ဖတ်ပြီး ပြောချင်တာတွေပေါ်လာတယ်။

သူက သူလိုလူ စာအုပ်အပေါ် ခံစားရတာနဲ့ ငါပြောချင်သမျှ... စာအုပ်အပေါ် ခံစားရတာကို ယှဉ်ပြောသွားပါတယ်။ အဲဒီမှာ တစ်ယောက်နဲ့ တစ်ယောက် စံတွေ ပေတံတွေ မတူကြဘူးလို့ တွေးမိပါတယ်။ တခုခုကို ကြိုက်တာချင်း တူရင်တောင်မှ ကြိုက်ရတဲ့ အကြောင်းရင်း အချက်အလက်က ကွာနေပြန်ရော။ မကြိုက်တာချင်း တူရင်လည်း ဒီလိုပါပဲ။ မကြိုက်ရတဲ့ အကြောင်းရင်း အချက်အလက်က ကွာနေနိုင်ပြန်တယ်။

ပဲပြုတ် နံပြား

ဥပမာ - ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပဲပြုတ်နံပြားနဲ့ ပတ်သတ်တာ တင်ခဲ့ပါတယ်။
အမှန်ကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စရိုက်သဘာဝက ကိုယ်ကြိုက်တဲ့ ပုံစံထဲမှာ အကျုံးဝင်တယ်။ ဒါ ယေဘုယျပြောတာ။ လူတစ်ယောက်အနေနဲ့ ပြောလိုက်တာ။ အဲဒီလို ကြိုက်တယ်လို့ ပြောလိုက်တဲ့ထဲမှာ နိုင်ငံခေါင်းဆောင်ဆိုတာတွေ လွတ်လပ်ရေးကြိုးပမ်းမှုဆိုတာတွေ စွန့်လွှတ်စွန့်စားဆိုတာတွေ နည်းဗျူဟာတွေ မဟာဗျူဟာတွေကို ချန်ထားခဲ့မယ်။ ဘာလို့ဆို အဲဒါတွေက ခေါင်းစဉ်သပ်သပ် ပြောရမယ့် ကိစ္စ။

ယောက်ျားမှန်ရင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ခံရဲ မလိုအပ်ဘဲအားမနာတတ် ပွင့်လင်း ပြတ်သား တိုက်ရိုက် ဒဲ့ဒိုးကျ အဲလို ဖြစ်နေမှ ကြိုက်တယ်။ ဆိုတော့ ကိုယ် ဗိုလ်ချုပ်အောင်ဆန်းကို ကြိုက်တယ်။

ကြုံလို့ ဖြတ်ပြောရဦးမယ်။ တခါတလေ ကိုယ်ကြိုက်နေတဲ့လူအကြောင်း အကောင်းတွေ ပြောမိရင် သူငယ်ချင်းတွေကြားမှာ ပြောလေ့ရှိတယ်။ ဒါကတော့ နင်ကြိုက်တဲ့သူကိုး ကောင်းတယ်ပဲ နင်ထင်မှာပေါ့ တဲ့။ ကိုယ်က ပြန်ပြောရတယ်။ မဟုတ်ဘူး။ ကြိုက်နေလို့ ကောင်းတယ်ထင်တာ မဟုတ်ဘူး။ သူ့ကို ကောင်းတယ်ထင်လို့ ကြိုက်တာ လို့။ တကယ်လည်း အဲဒီအတိုင်းပဲ။ လူတစ်ယောက်ကို ကိုယ်က ကောင်းတယ်လို့ ယူဆမိမှသာ ကြိုက်တာ။

ပြောချင်တာက ကိုယ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေလို့ ကြိုက်တာ မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့အချက်တွေ သူ့မှာ ရှိနေလို့ ကြိုက်တာ။ Hero ပို့စ်မှာ ရေးထည့်သွားတဲ့ စကားနှစ်ခွန်းကိုလည်း ကိုယ်ကြိုက်တယ်။ ဖြစ်ပြန်ပြီ။ အစကတော့ နံပြား မကြိုက်ဘူး ပြောပြီးတော့လို့ မတွေးပါနဲ့။ နံပြားကိစ္စ ကိုယ် သိပ်မစွဲ။ ခေါင်းထဲသိပ်မရှိ လို့ပဲ ရေးခဲ့တာ။ မကြိုက် လို့ မရေးခဲ့ဘူး။ ထားပါတော့ အဲဒီ စကားနှစ်ခွန်းကို ကိုယ်ကြိုက်တာချင်း အတူတူမှာ ကွာတာတွေအများကြီးရှိတယ်။

၁) နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတာနဲ့ ပတ်သတ်တဲ့ကိစ္စကို ဖတ်ပြီး သူ ဘယ်လိုလူဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ရတယ်။ ဒီစကားပြောလို့ ဒီစကားကြောင့်မို့လို့ သူ့ကို ကြိုက်တယ်။

၂) သူ ဘယ်လိုလူဆိုတာကို နားလည်ပြီးသားမို့ သူပြောတဲ့ ပဲပြုတ် နံပြားကို ကိုယ် ကြိုက်မိတယ်။

ထပ်ပြောရရင် (၁) စကားကိုပြောလို့ သူ့ကို နှစ်ခြိုက်မိတယ်။ ကိုယ်နှစ်ခြိုက်မိတဲ့သူက ပြောလို့မို့ (၂) စကားကို ကြိုက်မိရတယ်။ ဒါကြောင့်မို့ ဒီစကားနှစ်ရပ်အပေါ် ကိုယ့်စိတ်ထဲ လေးနက်ပုံချင်းက ကွာတယ်။ တစ်ခုက လူကို ပြဋ္ဌာန်းလိုက်တဲ့ စကားဖြစ်ပြီးတော့ နောက်တစ်ခုကိုတော့ လူကသာ ပြဋ္ဌာန်းလိုက်နိုင်တဲ့ စကားပဲ။

ဘာအလုပ်မှ မလုပ်တဲ့ မိန်းမလုပ်စာထိုင်စားနေတဲ့ လူတစ်ယောက်က သူ့ဇနီးကို မနက်ကျ ငပိရည်နဲ့ သခွားသီးလေး တို့ချင်လိုက်တာ လို့ ပြောတာကြားရင် အော် သူ့မှာ အလုပ်မရှိရှာလို့ အလိုက်တသိနဲ့ ငပိရည်ပဲ ပူဆာရှာတယ်လေ လို့ ဘယ်သူက ကြည်ညိုမှာလဲ။ ဒီလူ့နှယ် လက်ကြောမတင်းဘူး၊ ဘာအလုပ်မှ မလုပ်တာတောင် ငပိရည် ကိုယ့်ဘာသာ ထ မဖျော်နိုင်ဘူးပဲ ထင်မှာပေါ့။

နောက်တစ်ခုက ကိုယ်ကြိုက်တာ ကိုယ်စားတာမှာ နှိမ်ချတာ ရိုးသားတာ ရောင့်ရဲတာ ရိုးရာကို ချစ်တာနဲ့လည်း ဘာမှ မဆိုင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ရိုးသားမှန်း ရောင့်ရဲမှန်း ပကာသန မရှိမှန်း သိထားပြီးသားမို့လို့သာ သူပြောတဲ့စကား ပဲပြုတ်နံပြားမှာ ဒီအရိပ်ထင်နေတာကို ကြားသိရသူက ခံစားလို့ရတာ။ ဒါကြောင့် ပဲပြုတ် နံပြားစကားက လူကို မပြဋ္ဌာန်းဘူး။ လူကသာ ဒီစကားကို ပြဋ္ဌာန်းသွားတယ်လို့ ပြောတာ။ ဒါ ကိုယ့်အနေအထားနဲ့ ကိုယ့်ရှုထောင့် ကိုယ့်အမြင်ကို ပြောတာပါ။ တခြားလူတွေ ဘယ်သို့ ဘယ်ပုံ ကိုယ်မသိဘူး။ ကိုယ်နဲ့ မတူလည်း ဘာမှ မဖြစ်ဘူး။ တူရမယ်လို့လည်း မဆိုလိုဘူး။ ဘာလုပ်မှာလဲ။ အားလုံး အတူတူချည်းပဲဆို ပျင်းစရာကြီး။

ဆိုလိုရင်းက လူကို ပြဋ္ဌာန်းနိုင်တယ်လို့ ကိုယ်ယူဆတဲ့ အဖြစ်အပျက်နဲ့ လူကသာ ပြဋ္ဌာန်းတယ်လို့ ကိုယ်ယူဆတဲ့ အဖြစ်အပျက်ပေါ် ကိုယ့်တန်ဖိုးထားမှုက မတူနိုင်ဘူး ဆိုတာပါ။

(စာကြွင်း။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေ ငပိရည်လွမ်းတာ နိုင်ငံကို ချစ်လွန်လွန်းလို့ လို့ ကိုယ်ဘယ်တော့မှ မထင်။ မြန်မာပြည်မှာ နေတုန်းကလည်း ကိုးရီးယားကားတွေကြည့်ရင်း ပဲခေါက်ဆွဲတွေ့ရင် သွားစားပစ်လိုက်ချင်တာပဲ မဟုတ်လား)

***
သူလိုလူ နဲ့ ငါပြောချင်သမျှ...

တကယ်တော့ သူလိုလူနဲ့ ငါပြောချင်သမျှ... ကို ရေးဖို့ဟာ ပဲပြုတ်နံပြားနဲ့တင် ရှည်သွားတယ်။

သူလိုလူ စာအုပ်ကို ဘာကြောင့် မကြိုက်သလဲဆိုတာ ကိုပေါ ဘလော့က comment page မှာ စာဖတ်သူတစ်ယောက်ကို အသေအချာ ပြောပြဖူးပါတယ်။ တကယ်က တယောက်မကပါဘူး။ ဒါပေမဲ့ အသေအချာ အကျယ်တဝင့် ပြန်ပြောပြလိုက်မိတာက တစ်ယောက်တည်းမို့လို့။ ကိုမောင်လေးက ဒီစာအုပ်မှာ စာရေးသူက ခင်ပွန်းသည်ကို ပိုပိုသာသာရေးထားတယ်လို့ ခံစားရပုံပေါ်တယ်။

အဲဒီစာအုပ်ကို ကိုယ်ဖတ်တဲ့အချိန်မှာ စာရေးသူအကြောင်း စာရေးသူနဲ့ အထဲကဇာတ်ကောင် ပတ်သတ်မှုအကြောင်း ခေါင်းထဲ သိပ်မရောက်ခဲ့ဘူး။ တစ်ခုပဲ။ အဲဒီ သူလိုလူ ဇာတ်ကောင်စရိုက်က ကိုယ်နှစ်ခြိုက် ခံစားလို့ရတဲ့ စရိုက်မျိုး လုံးဝ မဟုတ်ဘူးဆိုတာ တစ်ခုပါပဲ။ အဲဒီစာအုပ်ကို ဇာတ်လမ်းတပုဒ်အနေနဲ့ပဲ ဖတ်ပြီး ခံစားလို့ မရခဲ့တာ။


အထက်မှာပြောခဲ့သလို ကိုယ်က ယောက်ျားမှန်ရင် အဲဒီလိုမှ ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိတော့ သူလိုလူက ဇာတ်ကောင်စရိုက်ကို ခံစားလို့မရတာ သိပ်တော့ မထူးဆန်းဘူးလို့ ထင်တယ်။ ကိုယ်တိုင်က စာရေးနေမိတော့ ဇာတ်လမ်းတပုဒ်ကို ဖတ်ပြီဆိုရင် ဇာတ်ကောင်စရိုက်ကိုပဲ အရင်ကြည့်မိတယ်။ အဲဒီအခါ ဇာတ်ကောင်ရဲ့ အရည်အသွေးနဲ့ သူ့စရိုက်ဟာ တခုခုချော်နေတယ်လို့ ခံစားရတယ်။ တနည်းအားဖြင့် ဒီဇာတ်ကောင်ကို ရင်ဘတ်ထဲထည့်ပြီး ခံစားလို့ မရခဲ့ဘူး။

ကြုံလို့ ခုရေးရင်းနဲ့ ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာတာ ပြောရရင် ကိုယ့်ကိုယ်ကို ဘယ်သူ့မှ ကိုယ့်အာဘော်တွေ သွတ်သွင်းပေးချင်စိတ်မရှိ လို့ ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ခုပဲ စဉ်းစားမိတာ။ ကိုယ့်မောင်တွေထဲမှာ ဒီလို မိန်းကလေးတွေရှေ့မို့ အိမ်သာ မဝင်တာလို၊ အလွန်အကျွံ အားနာတတ်တာမျိုးလို ပါလာရင် ကိုယ်တော့ အသည်းတယားယားနဲ့ ပြုပြင်ဖို့ ကြိုးစားမိနိုင်တယ် ဆိုတာပဲ။

ကိုမောင်လေး ထင်သလို ပိုပိုသာသာဆိုတာကတော့ ကိုယ့်အမြင်တော့ မဖြစ်လောက်ဘူးလို့ ထင်တယ်။ ဘာလို့ဆို ဒီစာရေးတဲ့အချိန်က သူတို့နဲ့ ပတ်သတ် ဆက်စပ်ခဲ့ဖူးသူတွေလည်း အများအပြား ရှိနေဦးမယ့်အချိန် ဖြစ်တာကိုး။ ကိုယ့်ခင်ပွန်းမို့၊ ကိုယ်ချစ်ခင်လေးစားသူမို့၊ စာရေးလည်းကောင်းသူမို့ ဂျာနယ်ကျော် မမလေးအနေနဲ့ တင်ပြီးရေးမိတာမျိုး တချို့နေရာမှာ ရှိရင်လည်း ရှိနိုင်တာပါပဲ။ ဒါကတော့ လူတိုင်းမှာ ရှိနိုင်တဲ့ အဂတိပါ။ ဒါပေမဲ့ ပိုပိုသာသာတော့ မဖြစ်နိုင်ဘူး ယူဆမိပါတယ်။ ဂျာနယ်ကျော် မမလေးကို သူ့စာတွေထက် လူကို ပိုစိတ်ဝင်စားမိတယ်။ စာရေးသူကို ယုံတာရော၊ ရေးခဲ့တဲ့ ခေတ်အနေအထားကြောင့်ရော မဟုတ်ဘဲတော့ အပိုပါမယ် မထင်ဘူး။

နောက် ငါပြောချင်သမျှ...
အဲဒီ စာအုပ်ဖတ်တဲ့အချိန်မှာ ပါတဲ့ အကြောင်းအရာတွေ၊ သူ့အယူအဆ၊ သူ့အမြင်တွေကို သဘောကျလိုက်တာ နှစ်ခြိုက်လိုက်တာနဲ့ပဲ အစအဆုံး ဖတ်ဖြစ်တယ်။ ဇွန်က ငါ နာမ်စားတွေအကြောင်းကို ရေးသွားပါတယ်။ ငါ နာမ်စားတွေကို ကိုယ် ဘယ်လိုမှ မနေတာတော့ အမှန်ပဲ။ စာတပုဒ် ဖတ်တဲ့အခါ နာမ်စားက ကိုယ့်စိတ်ထဲ ဘယ်တော့မှ အဓိက ကျတဲ့နေရာမှာ မရှိပါဘူး။

ဒီမှာလည်း ဒီလိုပဲ ဒီစာအုပ် ပုံနှိပ်မှတ်တမ်းအရ ပထမအကြိမ် 2001 မေလ ဆိုတော့ ဆရာကြီးအသက် ၇၈ နှစ်လောက်မှာ။ စာရေးပြီးချိန် 1999 စက်တင်ဘာ ဆိုတော့ သူနဲ့ ပတ်သတ်ဆက်စပ်ခဲ့သူတွေ ရှိနေနိုင်တုန်းပဲ။ သူကိုယ်တိုင်လည်း ဘယ်သူဘယ်ဝါဆိုတာတွေ အတိအလင်း ထည့်ရေးခဲ့တာပဲ။ ဒီတော့ ဒီစာအုပ်မှာလည်း ပိုပိုသာသာတော့ မဖြစ်နိုင်ဘူး ထင်မိတယ်။ ကိုယ့်အထင်အမြင် မှန်တယ်လို့တော့ မဆိုနိုင်ပါဘူး။

***
စကားလုံးတွေ


နောက်တခုက စကားလုံးတွေ...
ဒီ post ကို ရိုက်နေရင်းနဲ့ပဲ ဒေါက်တာသန်းထွန်း (၄) မှာ comment တွေ ဝင်လာပါတယ်။ ခုပြောချင်တဲ့ အကြောင်းအရာနဲ့ အကျုံးဝင်နေပြန်တယ်။

သိပ်မကြာခင်ကပဲ မမKOM စီဘောက်က သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်တယ်။ ဟိုတလောက ဘလော့ဂါတယောက်က သူ့ဘလော့မှာ... "ကိစ္စတစ်ခုမှာတော့ မြန်မာပြည်မှာ သူ့ထက်သာသူ ရှိမယ်မထင်" ဆိုတဲ့ လူချစ်လူခင်များစေတဲ့ ဂါထာရွတ်သွားတာနဲ့ ပတ်သတ်လို့ ပြောတာပါ။ စီဘောက်က သူငယ်ချင်းက ပြောတယ်။ သူပြောတာလည်း မှန်မှာပါ၊ သူပြောတဲ့အတိုင်းလည်း သူတော်မှာပါ၊ ဒါပေမဲ့ အဲလိုထုတ်ပြောတာတော့ ချဉ်တယ်တဲ့။ ပြီးတော့ သူ လေကျယ်နိုင်စွမ်းရှိလို့ ကျယ်တာပဲလေ လို့ ပြောပါတယ်။

စီဘောက်က သူငယ်ချင်းပြောတာ မလွန်ပါဘူး။ ပြောတဲ့လူရဲ့ အကြောင်းကို သူက မသိဘူး။ ပြီးတော့ ဘာကြောင့်ပြောရတာလဲဆိုတဲ့ အကြောင်းရင်းနဲ့ ရာဇဝင်ကို သူ မသိဘူး။ ဒီတော့ သူက ပြောတဲ့လူကို ကိုယ့်ဂုဏ်ကိုယ်ဖော်နေတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်နေတဲ့သူ လို့ အဲလိုပဲ မြင်မှာပဲ။ ကိုယ်လည်း အကြောင်းမသိတဲ့လူတစ်ယောက်က ခုလိုပြောတာ ကြားလိုက်ရရင် အဲလိုပဲ ထင်မှာပါပဲ။

ဒါပေမဲ့ အကြောင်းသိနေပြီးသားလူက ပြောတော့ အဲဒီစကား ကိုယ့်အတွက် ဘာမှမဟုတ်တော့ဘူး။ စီဘောက်က သူငယ်ချင်းကို ပြန်ပြောမိပါတယ်။ အဲဒါ သူ လေကျယ်ပြီး ပြောနေတာမဟုတ်ဘူး၊ သူလုပ်ချင်တာတစ်ခုကို သူ တောက်လျှောက်ကြိုးစားလာပြီးမှ လုပ်ဖို့ အခွင့်အရေးမရလိုက်နိုင်လို့ မချင့်မရဲဖြစ်နေတာပါ လို့။ ဒါက ကိုယ် ခံစားမိသလို ပြောတာပါ။

ပြောချင်တာက ကြားလိုက် ဖတ်လိုက် သိလိုက်တဲ့ စကားလုံးတွေရဲ့နောက်မှာ ဆောင်နေသေးတဲ့ တခြားသောအဓိပ္ပါယ်တွေ ရှိနေနိုင်တယ် ဆိုတာပါပဲ။ စကားလုံးတချို့မှာ တိုက်ရိုက်အနက်တင် ရှိတာမဟုတ်ပါဘူး။ ဒီ့ထက် မကတာတွေ ရှိနေနိုင်သေးတယ်။

***
အကြောင်းအရာတွေ ကျန်နေပါသေးတယ်။ ယဉ်ကျေးတာတို့ ရိုင်းစိုင်းတာတို့ မကြားဝံ့ မနာသာတို့နဲ့ ပတ်သတ်တဲ့ ထားကြတဲ့ စံတွေ အကြောင်း နောက်မှ ဆက်ရေးပါဦးမယ်။ ခုတော့ ပြောချင်တာတွေများ လိုရင်းက ဘာမှန်းမသိဘဲ သိပ်ရှည်သွားပြီ။

ဒေါက်တာသန်းထွန်းမှာ ကွန်မန့်လာရေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
တကယ်တော့ ဒေါက်တာသန်းထွန်း စာအုပ်ကို အိမ်ကနေ ဒီသယ်လာ ဖတ်ရင်းနဲ့ ကွင်းတွေခတ်ထားပြီး ပို့စ်မှာ ကိုယ့် အထင်အမြင် မှတ်ချက်တွေနဲ့ရေးဖို့လို့ ရည်ရွယ်တာ။ တကယ်တမ်း တင်ဖြစ်တော့ မှတ်ချက် ရေးမထည့်ချင်လောက်အောင် စာရေးချင်စိတ် ပျောက်နေတာနဲ့ ဒီတိုင်းပဲ တင်လိုက်မိတယ်။

***

16 comments:

ZT said...

ဒေါက်တာ သန်းထွန်း ပြောခဲ့သမျှ စကားထဲမှာ Controversial အဖြစ်ဆုံး စကားတစ်ခွန်း ရှိတယ်။ ဘုရားရှင်က မဇ္ဖိမ ဒေသကနေ ဖယ်ခွာပြီး ဘယ်ကိုမှ မကြွဖူးဘူးတဲ့။ မဟာမြတ်မုနိ ဘုရားသမိုင်း၊ ကျိုက်ထီးရိုးဘုရားသမိုင်း၊ ရွှေစက်တော် ဘုရားသမိုင်း တွေနဲ့ ပြောင်းပြန်ကြီး ဆန့်ကျင်နေတယ်။

မောင် လေး said...

ကျွန်တော့် မှတ်ချက်ကိုဖတ်ပြီး ပြောချင်တာတွေ ပေါ်လာ
တယ်ဆိုလို့ ဝမ်းမြောက်မိပါတယ်...
မရီတာပြောသလို ကျွန်တော်လည်း စဉ်းတော့ စဉ်းစားမိ
တယ်..။သူ့ အနေနဲ့ သူ့ ယောင်္ကျား အကြောင်း ပိုပိုသာသာ
ရေးခဲ့ ရင် ဝိုင်းပြီး ဝေဖန်ကြမှာ ပဲလို့ပါ..။ဒါပေမယ့် ကိုယ့်
ခံစားချက်ကိုလည်း အဲဒီ အတွေးလောက်နဲ့ ဖျောက်လို့မရ
တာလဲ အမှန်ပဲခင်ဗျ။(ကျွန်တော်က စိတ်ခံစားချက်ကို
ဦးစားပေးလွန်းတာလဲပါမယ်ထင်တယ်..)
နောက်တခုက လူတစ်ယောက်
အရမ်းတော်၊အရမ်းကောင်းနေပြီဆိုရင်၊ဒါမှမဟုတ် လူ
အများက အဲဒီလို လက်ခံထားကြပြီဆိုရင် အဲဒီ လူကို
ဝေဖန်ဖို့၊အဲဒီလူကောင်းကြောင်းရေးထားတဲ့ စာအုပ်တွေ
ကို ဝေဖန်ဖို့ နည်းနည်းလက်တွန့် တက်ကြသလားလို့..။
အထူးသဖြင့် အဲဒီလူဟာ ဒီလောကကြီးမှာ မရှိတော့ဘူး
ဆိုရင်ပေါ့..။(ဒါက ကျွန်တော့် ယူဆချက်၊မှားချင်မှား၊
မှန်ချင်လည်း မှန်လိမ့်မယ်..)
နောက်...ငါပြောချင်သမျှ ငါ့အကြောင်းကို ကြတော့
ဆရာကြီးဟာ သူ့ကိုယ်သူ တမင် လူ့ဂွစာကြီး ပုံစံမျိုး
ဖြစ်အောင် ပုံဖော်ယူတယ်ထင်လို့..။ဆိုလိုတာက
ဆရာကြီး အနေနဲ့ တချို့ စကားတွေကို စိတ်ထဲမရှိ
ပေမယ့် တမင်ဂွပြောခဲ့ တယ်ထင်လို့ ။တချို့လူတွေ
ရှိတယ်လေဗျာ...၊တမင်ကို သူများနဲ့ မတူအောင် (ဘာ
ခံယူချက်မှမရှိပဲနဲ့ )ပြောတာ၊လုပ်တာမျိုး..။အဲဒီလို့ထင်
လို့ပါ။ဒါပေမယ့် ဗိုလ်ချုပ် ပြောတဲ့ စကားတွေကိုတော့
ဘယ်တုန်းကမှ အဲလိုမထင်ခဲ့ဘူး..။နောက်တခု ပြောချင်
တာက အခုပြောမိတာတွေက သူတို့ရဲ့စာတွေကို ဖတ်ပြီး
ခံစားမိတဲ့ ခံစားချက်ကို ပြောတာပဲဖြစ်ပါတယ်ခင်ဗျ။
လူတွေကို ဝေဖန်တာမဟုတ်ပါ။(တော်ကြာ မင်းက ဒီ
လူတွေကိုဝေဖန်ရအောင် ဘာလဲ၊ညာလဲ၊ဘယ်လောက်
တောင် သိ၊တတ်နေ လို့လဲ..ဆိုပြီး ဝိုင်းပြီးသမ ကြရင်
ဒုက္ခ)၊မရီတာ ကြိုက်ခြင်း၊မကြိုက်ခြင်း ကတော့ ဘာမှ
ပြောစရာမရှိပါ။မရီတာ ပြောတဲ့ ကြိုက်တာခြင်း၊မကြိုက်
တာခြင်း တူနေရင်တောင် စံထားတဲ့ အချက်တွေ မတူဘူး ဆိုတာ အဟုတ်ပဲ..။

:P said...

ဒေါက်တာသန်းထွန်းပြန်ရိုက်တင်တာထက် ဒီစာကိုသေချာပိုဖတ်သွားတယ်။(ဟိုဟာက စာအုပ်မှာလိုက်ပြီမို့လို့ :P)

ကိုယ့်ကိုယ်ကိုယ် တော်တော်သြချသွားတယ်။ ခုပို့စ်ကို မဖတ်ခင်ထိ သခင်သန်းထွန်းနဲ့ ရောနေတာ၊ ခု ရီတာက စာအုပ်ပြီးတဲ့ခုနှစ်တွေ ရေးမှ သတိထားမိတော့တယ်။ ( ရှက်ရှက်ဖြင့် ဝန်ခံခြင်း) ၊ ရှေ့က ပြန်ရိုက်တင်တဲ့ ဆောင်းပါးတွေကိုလည်း အပေါ်ယံ ရှပ်ဖတ်တာကြောင့်လည်း ပါတယ်။(စာအုပ်ကိုင်ဖတ်ရင် သိပြီးသားဆို အရသာမရှိမှာစိုးလို့၊ ဖတ်ကလည်း ဖတ်ချင်တာနဲ့ ရှပ်ဖတ်တာ)
ကလျာက ဆရာကြီးဆောင်းပါးတွေအရင်က ဖတ်ဖြစ်တယ်။

Rita said...

@မောင်လေး
ကိုမောင်လေး မှတ်ချက်နဲ့ပတ်သတ်လို့ ရေးမိတာ သူလိုလူနဲ့ ဒေါက်တာသန်းထွန်း ကိစ္စတင်ပါ။ ဗိုလ်ချုပ်ကိစ္စက ဆက်စပ်ပြီး ကိုယ့်ဘာသာ ရေးမိတာပါ။

မောင် လေး said...

ဟုတ် မရီတာ..ကျွန်တော်သဘောပေါက်ပါတယ်..။
ကျွန်တော်လည်း စကားစပ်မိလို့ပြောတာပါခင်ဗျ

Nanda said...

I notice you have become quite moderate in this post in presenting your view on your personal likes and dislikes.

To tell the truth, I found your presentation in your old post about Bogyoke's personal memo to his wife a bit disturbing, thinking that you just wanted to distinguish yourself from a widely accepted view without taking into account Bogyoke's position at that time and his honesty.
Maybe it was because of your presentation that you usually put personal rebukes in the posts which are sometimes nothing to do with the posts, but just an outlet for your grudges against your foes. Such things degrades your posts which otherwise would be nice ones with your breakthrough views.

By the way, I am not so sure whether Buddha hadn't traveled outside Mizzima territory. Sayar Win Pe's once said that his father, Shwe Pyi U Ba Tin (correct me if wrong), was once requested by guardian committee of a pagoda in Mandalay to write the history of Pagoda stating that it was built thanks to the revered King ALaung Si Thu Min. The request was turned down.

Dr. Than Htun was in deed a typical scholar, unrivaled among Burmese academia in his specialty. No doubt his life was devoted to his study. Please continue posting his remarkable quotes. He held bitter contempt for hypocrites. One good example was Dr Ma Tin Win, who was being rewarded with harsh critics of U Than Htun for untrue ( I should say nonfactual) historic writings :).

ဇွန်မိုးစက် said...

ကိုယ့်စိတ်ထဲမှာ သိနေတယ်၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး... ရီတာ့လိုလူမျိုးက ဒေါက်တာသန်းထွန်းကို နှစ်ခြိုက်သဘောကျလိမ့်မယ်ဆိုတာ။း)

အရင်ပို့စ် ဖတ်လိုက်တုန်းက “ငါ” နာမ်စားကို သတိပြုမိတယ်။ စောစောက ဒုတိယပို့စ်မှာ လုံးဝသတိမထားမိသလောက်ဖြစ်သွားတယ်။

ကိုယ်လည်းပဲ သူလိုလူထဲက ယောကျာ်းဇာတ်ကောင်စရိုက်ကို အားမရဘူး။

Rita said...

@Nanda

နဲနဲပျင်းနေလို့ ပြီးတော့ ရုံးမှာရောက်နေလို့ သေချာ မဖတ်ရသေးဘူး။ လျှပ် ဖတ်လိုက်မိသမျှထဲက နဲနဲပဲ ပြန်ထားပါဦးမယ်။ လိုတာရှိရင် နောက်မှ။

ဒေါက်တာသန်းထွန်း စာအုပ်ကို တင်တော့ လိုချင်တဲ့ အပိုင်းတွေပဲ ဖြတ်တင်ခဲ့တာ ဟုတ်ပါတယ်။ အဲဒါကြောင့် အောက်မှာ ကောက်နုတ်ပါသည် လို့ ထည့်ရေးခဲ့တာ။ တကယ်တော့ စာရေးချင်စိတ် ပျောက်နေတုန်း ရိုက်တင်နေမိတာပါပဲ။ အဲဒီစာအုပ်တွေ ebook ရှိပါတယ်။ ကိုယ်တိုင်လည်း ebook ဖွင့်ပြီး ရိုက်ခဲ့တာပါပဲ။

ဗိုလ်ချုပ်ကိစ္စကတော့ အထူးပြောစရာ မရှိပါ။ ကိုယ့်အမြင်ကို အတိအလင်း ရေးပြပြီး ဖြစ်ပါတယ်။ အငြင်းပွားစရာလို့ မြင်ရင် မြင်တဲ့သူနဲ့ ကိုယ်နဲ့ ဘယ်လိုမှ အတွေးမတူနိုင်တော့ပါ။ ကိုယ်က ကိုယ်မြင်တဲ့ ကိုယ်တန်ဖိုးထားတဲ့ အနေအထားကို ယှဉ်ပြတာပါပဲ။ ဒါကိုမှ မတူလို့ မတူရကောင်းလားလာရင် လာတဲ့သူက ငြင်းချင်လို့ပေါ့။ ကိုယ်ကတော့ ငြင်းကြစို့ မခေါ်ပါ။

ဒါပေမဲ့ မှန်တာကို ဝန်ခံရရင် ကိုယ်ဒါမျိုး ရိုက်တင်လိုက်တာနဲ့ လာတော့မယ်လို့တော့ ကြိုတွက်မိတယ်။ ဘာလို့ဆိုတော့ ဖြစ်နေကျတွေကိုး။ တောထဲဝင်တဲ့ မုဆိုးက သားကောင်ရဲ့အနံ့ကို အာရုံခံနိုင်လိမ့်မယ်လို့ ထင်တယ် (မသေချာပါ)။ ဒီလိုပဲ စာရေးနေတဲ့လူလည်း ဘာရေးရင် ဘာဖြစ်မယ် ဘယ်လိုတုန့်ပြန်မှုတွေရမယ်ဆိုတာကို အာရုံခံမိနေတာပါပဲ။ ကိုယ်က အချက်အလက်တစ်ခုကို ဒါပဲ ဆိုပြီး တုံးတိတိ ထုတ်ပြလိုက်ရင်တော့ အဲဒါ ရည်ရွယ်ချက်ရှိရှိ အငြင်းပွားချင်လို့ လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမဲ့ ကိုယ့်မှာ ကိုယ့်အယူအဆအတွက် နောက်ခံအကြောင်းအချက် အပြည့်အစုံကိုပါ ရေးတင်ခဲ့တာဖြစ်လို့ သူ့အတွေးဒီလိုပါလား၊ သူဒီလိုယူဆပါလားလို့ လက်မခံချင်ဘဲ ငါတွေးတာမှ အမှန် ဒါကြီးက မှားနေတယ် ငါတို့ကို ကန့်လန့်တိုက်ချင်လို့ ယူဆပြီး လာထောက်ချင်တဲ့လူတွေအတွက်တော့ ငြင်းစရာ ရသွားမှာပဲ။ ကိုယ့်လာပြောရင် ကိုယ်ကလည်း ကိုယ့်ဘက်က အချက်အလက်ကို ထုတ်ပြရမှာပဲ။ အဲဒီအခါကျ ကိုယ်က ဇွတ်ငြင်းတယ်ဖြစ်ရော။ ငြင်းတယ်ဆိုတာ ကိုယ်သာလျှင် အမှန်လို့ စွတ်တင်နေမှ ငြင်းတယ်ခေါ်တာ။ ကိုယ်က ဘယ်လို ယူဆတယ်လို့ပဲ ပြောနေသရွေ့ (တနည်း) သူများ အယူအဆကို တိုက်ခိုက်မနေသရွေ့ ငြင်းတယ် မခေါ်ဘူး။ နေရာတကာတော့ မတူနိုင်ဘူး။ မတူတာတွေ့ရင် မတူတဲ့အတိုင်း ထားနိုင်ဖို့ပဲ လိုတယ်။ ကိုယ့်ဘလော့မှာတော့ လာငြင်းတဲ့သူ မရှိပါဘူး။ နံပြားကြိုက်တယ်လာပြောတဲ့ မရွှေစင်နဲ့ မမြတ်နိုးကလည်း သူတို့ကြိုက်တယ်လို့ပဲ လာပြောတာ။ ကိုယ်မှားတယ် ပြောတာ မဟုတ်ဘူး။

ဒါပေမဲ့ ကိုပေါ ဘလော့မှာတော့ ဒီကိစ္စ စီးရီးယပ်စ် ဖြစ်နေသူ ပါတယ်။ ခု ကိုနန္ဒကိုယ်တိုင်က ဒါ ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကို ဘာညာ ဘာညာ... ရေးထားပြန်တယ်။ ကိုယ်က ဗိုလ်ချုပ် ရိုးသားတာကို အမြင်တမျိုးနဲ့ ရေးထားတာ မဟုတ်ဘူး။ သူရိုးသားတာကို သိပြီးဖြစ်လို့သာ ဒီအရိပ်က ဒီစကားမှာ လာထင်တာ လို့ ပြောခဲ့တာ။ ဒီစကားတခွန်းနဲ့ကတော့ သူရိုးသားပါတယ်လို့ ပြဋ္ဌာန်းမပေးနိုင်ဘူးဆိုခဲ့တာ။ ဒါ ကိုယ့် အမြင်သက်သက်ပါပဲ။ ဒီတိုင်း တူရမယ်လည်း မဆိုလို။

ဒီလိုပဲ နံပြားကြိုက်တဲ့လူတွေကို ဆန့်ကျင်ဘက်ပြုလို့ ရေးထားတာလဲ မဟုတ်ဘူး။ ကိုယ်တိုင်လည်း ကြိုက်ပါတယ် ထည့်ရေးထားတယ် မဟုတ်လား။ ဒါပေမဲ့ အခြေအနေနှစ်ရပ်က စကားနှစ်ခွန်းကို ယှဉ်ပြပြီး ကိုယ့်အတွေးကို ပြောထားတာကိုမှ ငါတို့နဲ့ မတူရကောင်းလား ဆိုတာတွေက လာငြင်းလို့ ကိုယ်ကလည်း ကိုယ့် အယူအဆကိုပဲ ဆက်ပြီး ဆုပ်ကိုင် ရပ်တည်ရင် ကိုယ်ကပဲ ငြင်းချင်တဲ့သူ၊ ကိုယ်ကပဲ အများကို ကန့်လန့်တိုက်တဲ့သူ ဖြစ်ရော... =)

အဲဒါ ဟုတ်လား မဟုတ်ဘူးလား။

နံပြားနဲ့ နိုင်ငံတော်ဘာသာ ကိစ္စ၊ ဂျင်နရယ်အောင်ဆန်းဆိုတာ ဘာမှန်းမသိတဲ့ တခြားနိုင်ငံက လူငယ်တယောက်ကို အဲဒီစကားနှစ်ခွန်းချည်းသက်သက် ယှဉ်ပြောပြီး (ဆိုလိုတာက ဘယ်လိုလူက ဒီစကားတွေပြောတယ်ဆိုတာကို မပြောဘဲ အကြောင်းအရာနှစ်ခုသက်သက်ကိုပဲ ပြောပြီး) ဒီလူနှစ်ယောက်ကို ဘယ်လိုသဘောရသလဲ ဝေဖန်ပါ လို့ ဝေဖန်ခိုင်းကြည့်ရင် ဘယ်စကားက လူကို ပြဋ္ဌာန်းနိုင်သလဲ၊ ဘယ်စကားက လူကို မပြဋ္ဌာန်းနိုင်ဘူးလဲဆိုတာ ရှင်းသွားမှာပဲ ထင်တယ်။

Nanda said...

Correction: please read "critics" in the last sentence of previous comment as " criticism".

Also, I missed to clarify that your view in this post washed away all my uneasy feeling for the old post.
In deed, Bogyoke's two quotes of in questions are not comparable to each other because one quote is related to his political conscience representing a broad national interest, and one is his personal matter only.

My friendly suggestion finally: please exercise maximum restraint to minimize rebukes and sarcasm when putting your personal comments in the posts.

Rita said...

ကိုယ်ပြောချင်တာက အဲဒါပဲ။

တစ်ခုက ဘာ ဖြစ်လို့၊ နောက်တစ်ခုက ဘာ ဖြစ်တယ် ဆိုတာကိုပဲ။ ကိုနန္ဒ ပြောတာ ဟုတ်ပါတယ်။ တခုက personal တခုက political. ကိုယ်ပြောလိုရင်းကလည်း ဒါပါပဲ။

ဒါကို မျိုးမတူလို့ ယှဉ်လို့ ရ မရ ဆိုတာကတော့ matter of opinion ကိစ္စဖြစ်ပါတယ်။ ကိုယ်ကတော့ ယှဉ်မိပါတယ်။ ယှဉ်ကြည့်လို့လည်း ကိုယ့်အတွက် မတူတာဟာ မတူဘူးလို့ ထွက်လာတာပါ။ ခု ကိစ္စကလည်း ဒါကိုယှဉ်လို့ ဆိုပြီး ဖြစ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဘာနဲ့ယှဉ်ရင် ဘာက ပိုပြီးတော့ ဘာဖြစ် မဖြစ် ဆိုတာပါ။

ဒါကိုမှ အဲလို ပြောရကောင်းလား။ အဲလို မဟုတ်ဘူး။ ဟိုဟာကမှ ဒီဟာထက်ပိုလို့ ဒီလိုလူကို မြင့်တက်သွားစေတာကွ လို့ လာတာကတော့ (မျှော်လင့်ပြီးသား ဖြစ်ပေမယ့်) မျှော်လင့်ပြီးသား ဖြစ်ပေမယ့် ဘာဖြစ်သလဲဆိုတော့... အင်း... ဘာမှ မဖြစ်ပါဘူး။ မျှော်လင့်ပြီးသားပါပဲ။ ဒါ မတူတာကို မတူတဲ့အတိုင်းမထားလိုက်နိုင်တဲ့ ထုံးစံကြီးလိုဖြစ်နေပြီ။ ဒါ ကိုနန္ဒကို ပြောတာ မဟုတ်ပါဘူး။ ဒီဘလော့မှာလဲ ဒါမျိုး လာမရေးကြပါဘူး။ ကိုပေါဆီမှာ တွေ့ရလို့ ဆက်စပ်ရေးမိတာ။

friendly suggestion အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အထုံပါရမီဆိုတာလည်း ဖျောက်နိုင်ခဲသားပဲ။ =)

ကြိုးစားပါမယ်လို့လည်း အလွယ် မပြောလိုဘူး။ ကြိုးစားရမယ့် ကိစ္စတွေဆို ပျင်းလွန်းလို့ပါ။ ပုံပြင်တပုဒ်ပဲ ပြောပြချင်တယ်။ ကြားဖူးပြီးသား ဖြစ်ချင်လဲ ဖြစ်လိမ့်မယ်။

စာမဖတ်တတ်တဲ့ ယောက်ျားတစ်ယောက်က မိန်းမဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ တခြားမြို့ ထွက်လာတယ်။ ရက်နဲနဲကြာတော့ မိန်းမက စာရေးပြီး ပြန်ခဲ့ဖို့ ခေါ်ပါတယ်။ ရှင်ပြန်လာခဲ့ပါ။ အိမ်မှာလည်း ဘာတွေဖြစ်နေတယ် ဆိုပြီး...

အဲဒါ သူက စာမဖတ်တတ်တော့ သူများကို အကူအညီတောင်းရတယ်။ ဖြစ်ချင်တော့ သူ့ကို စာဖတ်ပြတဲ့လူကိုယ်တိုင်က မိန်းမနဲ့ ပြဿနာတက်ထားတဲ့လူဆိုလား... ထားပါတော့ လောလောဆယ် ဒေါသထွက်နေတဲ့လူ... ဆိုတော့ အဲဒီလူက စာကို ဒေါသသံနဲ့ ဖတ်ပြလိုက်တယ်။ ရှင် ပြန်လာခဲ့ပါ.... blah blah

ဒီတော့ ဟ ဒီမိန်းမ လေသံက မာလှချည်လားဆိုပြီး မပြန်ဘဲ ဆက်နေတယ်တဲ့။ နောက်ရက်နဲနဲကြာပြန်တော့ မိန်းမဆီက ပြန်ခေါ်တဲ့စာ ထပ်လာပြန်ရော။ သူလည်း တခြားလူကို အကူအညီ တောင်းပြီး ဖတ်ခိုင်းပြန်ရော... ဒီတခါတော့ စိတ်လက် ချမ်းသာနေတဲ့လူကို သွားဖတ်ခိုင်းမိတော့... ဟိုလူက ပြေပြေလည်လည် ချိုချိုသာသာနဲ့ ရှင်ပြန်လာခဲ့ပါ... blah blah ကို ဖတ်ပြတယ်။

ဒီတော့မှ မိန်းမကို စိတ်ဆိုးပြီး ဆင်းလာတဲ့လူက "ဒီမိန်းမ ခုမှပဲ လေသံပျော့သွားတယ်" ဆိုပြီး အထုပ်ပြင်ပြီး ပြန်သွားပါရောတဲ့။

sonata-cantata said...

ပို့စ်နဲ့တော့ မသက်ဆိုင်ပါ။ (ZT ရဲ့ မှတ်ချက်နဲ့ စပ်ပြီး) တောင်ပေါက်ဆရာတော်ကလည်း “ဗုဒ္ဓသာသနိကပဌ၀ီဝင်ကျမ်း” မှာ နမ္မဒါမြစ်တို့ သစ္စဗန္ဓကတောင်တို့ဟာ မဇ္ဈိမဒေသရဲ့ အနောက်တောင်ဘက် အိန္ဒိယပြည်ထဲ မှာပဲရှိတယ်လို့ ဆိုပါတယ်။ မင်းဘူးနယ်တစ်လျှောက်ကို သူနာပရန္တတိုင်းလို့ အဂတိလိုက်ပြီး ရေးသားနေကြတာကို သတိပြုသင့်တယ်လို့လည်း ဖော်ပြထားဖူးပါတယ်။
-ဧရာ

Rita said...

@ Ko ZT, အစ်ကိုဧရာ

ကိုဇက်တီ ခဏ ချန်ထားခဲ့မိတာ။ အဲဒီအချက်တော့ မဖတ်ဖူးသေးပါဘူး။ ဒေါက်တာသန်းထွန်းပြောတယ်ဆိုတော့ အထောက်အထားကတော့ အခိုင်အမာ ပါမယ်လို့ ယူဆပါတယ်။ ဘုရားသမိုင်းတွေတော့ ကြုံရင်တောင် မဖတ်မိတာ များတယ် =). ဒေါက်တာသန်းထွန်းစကား ငှားသုံးရရင် ကျားကြီး ဝက်ကြီး ငှက်ကြီး ရှူးပျံကြီး ဆိုတာမျိုးတွေလို့ပဲ ယူဆမိပါတယ်။

အဂတိလိုက်ပြီး ရေးတယ်ဆိုလို့ ... ငါပြောချင်သမျှထဲက အကြောင်းတစ်ခုကိုတောင် သတိရမိသေးတယ်။ ပုဂံနယ်နိမိတ်နဲ့ ရာသီဥတုအကြောင်း။ ဒေါက်တာသန်းထွန်းနဲ့ တခြားဆရာတစ်ယောက် တင်ပြတဲ့အချက်မှာ တခြားဆရာ ပြောတဲ့အချက်က မျိုးချစ်စိတ်တွေကြောင့် အနိုင်ရသွားတယ် ဆိုတာ...

ဗမာတွေမလည်း တဒုက္ခ လို့တွေးမိတယ်။ အဲဒါ အပြစ်တင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်တောင် အဲဒီလိုထဲမှာ ပါခဲ့တယ်။ စိတ်ကူးလေးယဉ်လို့သာ နေချင်တာပဲ။ post တောင် တင်ခဲ့ဖူးပါသေးတယ်။ ပုဂံသူရဲကောင်းများ အကြောင်းမှာ။

Rita said...

@ Nanda

ပထမနေ့က ဘာသာပြန် လွဲသွားတာတချို့ ရှိတယ်။
ပြန်မပြင်တော့ဘူး။ ဒီတိုင်းပဲ ထားလိုက်တော့မယ်။ သိပ်လည်း အရေးမကြီးတဲ့ အပိုင်းမို့လို့ပါ။

ပိတ်ရက်မှာလည်း မအားလို့၊ ခုမှ သေချာပြန်ဖတ်မိတယ်။

မာရ်နတ် said...

Rita said...

@ Nanda

ပထမနေ့က ဘာသာပြန် လွဲသွားတာတချို့ ရှိတယ်။
ပြန်မပြင်တော့ဘူး။ ဒီတိုင်းပဲ ထားလိုက်တော့မယ်။ သိပ်လည်း အရေးမကြီးတဲ့ အပိုင်းမို့လို့ပါ။

ပိတ်ရက်မှာလည်း မအားလို့၊ ခုမှ သေချာပြန်ဖတ်မိတယ်။
July 26, 2010 9:56 AM



ဘာသာပြန်ကို အဲလိုလုပ်လို့ရလားဟင်။

Bino said...

ကျားကြီး ဝက်ကြီး ငှက်ကြီး ရှူးပျံကြီး
I had never believed above story or history.
If they are as pronoun of heroes in human being, should be believed.

BINO

Rita said...

မာရ်နတ် ရေးတဲ့ comment ကို နှစ်ဝက်လောက်ရှိမှ သတိထားမိတယ်။ feed ကနေ ဒီ post ပြန်တွေ့လို့ ပြန်ဖတ်မိတာ။

(ဘာသာပြန်ကို အဲလိုလုပ်လို့ရလားဟင်။) ဆိုတာ ခုမှ မြင်လို့။

ကိုယ်လွဲသွားတာ (I notice you have become quite moderate in this post in presenting your view on your personal likes and dislikes.) အဲဒါ။

သူက ကိုယ့် စာရေးတဲ့ပုံစံကို ပြောတာ။ သေချာမဖတ်ဘဲ ပြန်ပြောချင်တာတွေများနေတော့ အဲဒါ "ငါပြောချင်သမျှ ငါ့အကြောင်း" ကနေ ကြိုက်တာတွေ ထုတ်ပြီး ပြင်ရေးထားတယ်လို့ ဘာသာပြန်ပြီး (ဒေါက်တာသန်းထွန်း စာအုပ်ကို တင်တော့ လိုချင်တဲ့ အပိုင်းတွေပဲ ဖြတ်တင်ခဲ့တာ ဟုတ်ပါတယ်။ အဲဒါကြောင့် အောက်မှာ ကောက်နုတ်ပါသည် လို့ ထည့်ရေးခဲ့တာ။) ပြန်ရေးခဲ့မိတာ။

လွဲတဲ့အချက်က အဲဒါပဲ။

အဲဒါ အဓိက အကြောင်းလည်း မဟုတ်လို့ပါ။ ပြန်ဖတ်တော့ သိလည်းသိသာနေလို့ မပြင်တာ။