Thursday, July 22, 2010

ဒေါက်တာ သန်းထွန်း (၃)

အမျိုးသားစိတ်

ဦးဖိုးကျား (၁၀ ဧပြီ ၁၉၂၄ ကွယ်လွန်) ရေးတဲ့ မြန်မာ့ဂုဏ်ရည် ကို ဖတ်ပြီး ကြီးပြင်းခဲ့တာပါ။ သူရေးတာတွေ အကုန်မမှန်ဘူးဆိုတာ ခုမှ သိပါတယ်။ အခြေခံ မမှန်တော့ အခု အနေအထိုင်ပုံစံလည်း မမှန်ဘူး ထင်ကြပါတယ်။ တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ဝတ်တယ်။ ဘောင်းဘီ ဝတ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲ ရှိသေးတယ်။ ဘောင်းဘီဝတ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက် ဒါလောက်တော့ သိထားသင့်တယ်။

ကျောင်းဆရာဘဝ

ဖဆပလ အစိုးရက ငါ့ကို ဘာအလုပ်မှ မပေး၊ လျှောက်လွှာတင်တိုင်း အပယ်ခံရလို့ ငါ ကျောင်းဆရာဖြစ်နေတာ။ "မင်းတို့ကို ငါက စေတနာ မေတ္တာရှိလို့ ဆရာလုပ်နေတာ မဟုတ်ဘူး" လို့ ကျောင်းသားတွေကို ငါ ပြောထားပါတယ်။ "ကျောင်းဆရာအလုပ်ဆိုတာ မင်းတို့ကို ဘယ်လောက်သင်သင် မတတ်ဘူး။ ငါ့မှာလည်း သုတေသန အလုပ်ပျက်တယ်။ နှစ်ဦး အကျိုးမရှိတဲ့ လုပ်ငန်းကို ငါ အနှစ် ၅၀ လုပ်ခဲ့ရတယ်" လို့ ပြောမိတယ်။


ဒီတပည့်တွေ ညံ့ပုံပြောရရင် "ဖဆပလတွေ ဖျင်းသလားမမေးနဲ့။ လွတ်လပ်ရေး ကျောက်တိုင်တောင် ဖြောင့်အောင် မစိုက်နိုင်ဘူး" ပြောတာ အဟုတ်မှတ်လို့ သွားကြည့်ကြတယ်။ ငါ့ကို အလုပ်ဝတ္တရားမကျေဘူး ဆိုပြီး အလုပ်က ဖြုတ်ပစ်ဖို့ ကောင်းပါတယ်။ ဘာလုပ်စားမလဲဆိုရင် ဗေဒင်ဟောမယ်၊ ဘိုးတော်လုပ်မယ်၊ ရှေ့နေလိုက်မယ်၊ ဒီ ၃ ခုထဲက ဘာလုပ်လုပ် ချမ်းသာနိုင်တယ်။

ထောင်တန်တဲ့ စကား

ဆယ်တန်း စာမေးပွဲ အဖြေလွှာကို စစ်ခွင့်ရလို့ စစ်ရင် စာတစ်အုပ် စစ်ဆေးခ ငွေတစ်ကျပ်ရတယ်။ တစ်နှစ်မှာ သမိုင်းမေးခွန်းပေါက်တယ်။ ဆိုင်ရာ ပါမောက္ခကို မသင်္ကာပါ။ ငါ့ကို အုပ်တစ်ထောင် ဝေစုပေးပြီး "ဒီမှာ မေးခွန်းစာရွက်" လို့ ပါမောက္ခက ပေးတော့ "မေးခွန်းက စာမမစစ်မီကပဲ ရပြီး ဖြစ်ပါတယ်" လို့ ပြောလိုက်တယ်။ "ဒါဖြင့်လည်း မယူနဲ့တော့" လို့ ပြောပြီး ငွေတစ်ထောင်ဖိုး အဖြေစာအုပ်တွေကို မပေးတော့ပါ။

အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း

မန္တလေးရောက်တော့ ရွှေကိုင်းသား ဦးသောဘိတ (၅ ဇန်နဝါရီ ၁၉၁၂ - ၂၉ ဇွန် ၁၉၈၇)၊ လူထုဦးလှ (၁၉ ဇန်နဝါရီ ၁၉၁၀ - ၇ သြဂုတ် ၁၉၈၂)၊ ဒေါ်အမာ (၂၉ နိုဝင်ဘာ ၁၉၁၅ မွေး)၊ သိန်းနိုင်၊ စွမ်းရည်၊ သာနိုး ဆိုတဲ့ မိတ်ဆွေတွေက ငါနဲ့ ပါမောက္ခချုပ် ကျော်ရင်ကို သူတို့ သင်းပင်းဖြစ်တယ်လို့ ရွေးကောက်လိုက်ကြတယ်။ မန္တလေးသား လူအများကတော့ နှစ်ပေါင်း ၃၀ ကျော်လောက်ကပဲ ရောက်နေတဲ့ ဦးလှကိုတောင် မန္တလေးသား မခေါ်ပါ။ မအမာယောက်ျားလို့ပဲ သာမည လက်ခံထားတယ်။ တက္ကသိုလ်မောင်စောလွင်ကတော့ ငါ့ကို စိတ်မပျက်အောင် "သုံးခါလယ် အသယ်ဖြစ်" လို့ အားပေးပါတယ်။ ငါကတော့ မန္တလေးက ကောင်လေးတွေ ငါ့လိုပဲ ကတ်တီးကတ်ဖဲ့ မထီတရီပြောလာပြီလို့ ကျေနပ်ပါတယ်။ ...

ဒီလိုနဲ့ သုတေသနစာတမ်းအရေး ပိုသွက်လာတယ်။ မပြတ်ခရီးသွားလို့ ရေးစရာတွေလည်း တွေ့တွေ့လာတယ်။ သူငယ်ချင်း အာသာကျောင်း က "မင်း သုတေသနစာတမ်းရေးဖို့ ဘယ်က စားရိတ်ရသလဲ။ ဒီအပေါ်က ဝင်ငွေရှိသလား၊ ရာထူးတိုးသလား" ဆိုတာမျိုး စစ်ဆေးပါတယ်။ ငွေကုန်တယ်၊ ရာထူးတိုးဖို့ နေနေသာသာ ပြုတ်မှာတောင် စိုးရတယ်လို့ သူသိသွားတော့ နွားကျလိုက်တာလို့ ဖွင့်မပြောပေမယ့် ပြောသလိုပါပဲ။ သူက သမိုင်းသုတေသနဌာနမှာ ညွှန်ကြားရေးမှူးချုပ်။ နောက်တစ်ယောက်က မြန်မာနိုင်ငံသုတေသနအသင်းမှာ ဥက္ကဋ္ဌ ဦးတင်အုံး။ သူတို့ပြောတာလည်း မှန်ပေသားပဲ။ ငါကတော့ သုတေသန မလုပ်တဲ့လူတွေ သုတေသန အဖွဲ့အစည်းမှာ ခေါင်းဆောင်ဖြစ်ရင် အဲဒီအဖွဲ့အစည်း နစ်နာတာပေါ့လို့ပဲ သိတယ်။ ငါနဲ့မဆိုင်ပါဘူး။ အထက်မြန်မာနိုင်ငံ စာရေးဆရာသင်း၊ သုတေသနသင်းဆိုတာတွေ ပျက်သွားပေမယ့် ငါက စာရေးမပျက်။

လူထုဦးလှ

ဦးလှကို ငါတွေ့တွေ့ချင်း သူဟာ ငါ့အစ်ကိုလို့ ငါ့စိတ်ထဲမှာ ဖြစ်တယ်။ ဦးလှဟာ ဒါကို အသိအမှတ်ပြုပုံရတယ်။ အပိုစကား၊ လောကွတ်တွေ မပါပါ။ ငါလိုချင်တာကို သူ့ဆီက တိုက်ရိုက်တစ်ခါမျှ မတောင်းခံဖူးပါ။ ပေးရင်ယူတယ်၊ ကျွေးရင်စားတယ် ဆိုတဲ့ အဆင့်က ငါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါလိုသမျှကို သူသိပြီးသား။ သူ လုပ်ပေးနိုင်သမျှ လုပ်ပေးပြီးသား။ အဲဒါကြောင့် ငါတောင်းခံဖို့မလိုဘူး။ ကျေးဇူးတင်စကား ပြောဖို့ မလိုဘူး။ ပြောလည်း မပြောမိဘူး။ အဲဒါတွေကို ထင်ရှားအောင် ဖော်ပြနိုင်တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။


***
(ဒေါက်တာ သန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

6 comments:

Moe Tain Nyo said...

ဆရာကြီး က လူဖြောင့် ကြီးဗျနော်။ လူ့ဂွစာကြီး လို့လည်း ဆိုကြတယ် ထင်တယ်။
မျှဝေပေးတဲ့ အတွက် ကျေးဇူး။

မောင် လေး said...

ဒေါက်တာသန်းထွန်း ရဲ့ ဒီ ငါပြော ချင်သမျှ ငါ့အကြောင်း
စာအုပ်ကို ကြိုက်တော့ ကြိုက်တယ်..။ဒါပေမယ့် စိတ်ထဲမှာ
တမျိုးကြီးခံစားရတယ်..။ဘယ်လိုခံစားမှု ဆိုတာတော့
လိပ်ပတ်လည်အောင် မပြောတတ်ဘူး ခင်ဗျ..။
တချို့အကြောင်းလေးတွေက နည်းနည်းများ သာသာထိုးထိုး ရေးထားသလိုများဖြစ်နေသလားလို့..။
ဂျာနယ်ကျော်မမလေး ရဲ့ သူလိုလူ ကိုဖတ်ရတုန်းကလည်း
အဲဒီလို ခံစားမှုမျိုး ရတယ်..။သူလိုလူက နဲနဲ ပိုပြင်းတယ်.။

Ko Paw said...

မိုးတိမ်ညိုပြောသလိုပါပဲ။

ကျနော့်ရဲ့ ပထမဦးဆုံး ပို့စ် ရေးတုန်းက (ညီလင်းဆက် ဘလော့ဂ်ကျေးဇူးနဲ့) အဲဒီ စာအုပ် ဖတ်ပြီးကာစ။ အရမ်းကြိုက်လို့ အဲဒီစာအုပ်အကြောင်း တစ်ကြောင်းထည့်ရေးလိုက်မိတယ်။ သူ့လေသံကိုလည်း အတုခိုးလိုက်သေးတယ်။း-)

http://kopaw07.blogspot.com/2007/10/my-first-writing-in-blog.html

ဇွန်မိုးစက် said...

ငါဆိုတဲ့ နာမ်စားကြောင့် ဖတ်ရသူစိတ်ထဲ တစ်မျိုးဖြစ်တာလည်းပါမယ် ထင်တယ်။

ခုလိုအချိန် ဒီစာအုပ်မျိုး ထုတ်ဝေဖို့ ကြိုးစားမိရင် ဒီထဲကစာသားတစ်ချို့ကို ဖျက်ချင်ဖျက်၊ မဖျက်ရင်လည်း စာပေစိစစ်ရေးက ခွင့်ပြုပြီး ထုတ်ခွင့်ပေးမယ်မထင်ဘူး။

အန်တီချမ်း said...

သားက အဖေထက်ပိုတော်ရသလို (ရည်ညွှန်း မဟော်သဓာ)
တပည့်ဆိုတာ ဆရာထက်ပိုတော်ရမယ် မဟုတ်လား
ဆရာတိုင်းလဲ ကြည်ညိုစရာမဟုတ်ပါ
စော်ကားစရာမလိုပါ
လူလူချင်းအတူတူ

ဆရာကြီးကတော့ လူဖြောင့် စိတ်တို ထင်ပါတယ်

Bino said...

ဆယ်တန်း စာမေးပွဲ အဖြေလွှာကို စစ်ခွင့်ရလို့ စစ်ရင် စာတစ်အုပ် စစ်ဆေးခ ငွေတစ်ကျပ်ရတယ်။ တစ်နှစ်မှာ သမိုင်းမေးခွန်းပေါက်တယ်။ ဆိုင်ရာ ပါမောက္ခကို မသင်္ကာပါ။ ငါ့ကို အုပ်တစ်ထောင် ဝေစုပေးပြီး "ဒီမှာ မေးခွန်းစာရွက်" လို့ ပါမောက္ခက ပေးတော့ "မေးခွန်းက စာမမစစ်မီကပဲ ရပြီး ဖြစ်ပါတယ်" လို့ ပြောလိုက်တယ်။ "ဒါဖြင့်လည်း မယူနဲ့တော့" လို့ ပြောပြီး ငွေတစ်ထောင်ဖိုး အဖြေစာအုပ်တွေကို မပေးတော့ပါ။
He is a hero in his field.

BINO