Friday, July 23, 2010

ဒေါက်တာ သန်းထွန်း (၄)

ဘူဇွာစိတ် Bourgeoisie Mentality

ကုန်သည် ပွဲစားစိတ်။ ငါ့အတွက် ဘယ်လောက် မြတ်မလဲကို အမြဲ တွက်တဲ့စိတ်။ ကိုယ့်တွက်ခြေနဲ့ကိုယ်၊ သူများစကား နားမဝင်။ သြဇာလာမပေးနဲ့၊ ငါလုပ်ချင်မှ လုပ်မယ်။ အဲဒါမျိုးတွေကို ဘူဇွာစိတ်လို့ ခေါ်တယ် ထင်ပါတယ်။ ကွန်မြူနစ်အချင်းချင်း ဒီကောင် ဘူဇွာစိတ်မကုန်ဘူးဆိုပြီး ရှုံ့ချတယ်။ မာနကြီးတယ်လို့လည်း ကဲ့ရဲ့တယ်။ တကယ်ကတော့ သူများပေးတဲ့ အကြံဉာဏ်ကို ချက်ချင်း ထောက်ခံလိုက်နာလေ့ မရှိပါ။ စည်းကမ်းကြီးတာလည်း မဟုတ်ပါ။ No Compromise ဆိုပြီး တယူသန်လည်း မလုပ်ပါ။ အချုပ်ကတော့ ပွင့်လင်းတယ်။ အားနာစိတ် မရှိဘူး။ တဖက်သားကို ကူညီတဲ့အခါ အပေးအယူသဘောထား မပါဘူး။ မတရား အခွင့်အရေး မယူချင်ဘူး။ အပေးအကမ်း အစွန့်အကြဲနည်းတယ်။ အရပ်က ရိုသေအောင် ဘုရားအော်ရှိခိုးတာမျိုး မလုပ်ဘူး။ အများတကာလုပ်တိုင်း လိုက်မလုပ်ဘူး။ အဲဒါမျိုးကိုပဲ အမြင်ကပ်တဲ့လူ ရှိမယ်။ ဂရုမစိုက်ပါ။

စာပေဝါသနာ

တစ်နေ့ နှစ်ဆယ့်လေးနာရီမှာ ဆယ့်လေးနာရီလောက် စာရေး စာဖတ်နေချင်တယ်။
ကျောက်စာကို စာတစ်လုံးမှန်အောင် ဖတ်နိုင်ဖို့ အချိန်အကြာကြီး အပင်ပန်း အဆင်းရဲခံပြီး ဖတ်ရတဲ့ အလုပ်မျိုးကိုလည်း ဇွဲနဲ့ လုပ်ပါတယ်။ ဘာမဆို လုပ်ကြည့်ချင်တယ်ဆိုတဲ့ စိတ် မရှိ။ ဘာမဆို သင်ရင် တတ်ပါတယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိတယ်။

"ပြေပြေလည်လည် သပ်သပ်ရပ်ရပ် ရေးတတ်ရဲ့သားနဲ့ဗျာ၊ ခုလို ရေးရေးနေတာ မကောင်းဘူး" လို့ အေးမောင် (သမဝါယမ) က ပြောပါတယ်။ ငါရေးတဲ့ ခေတ်ဟောင်း မြန်မာရာဇဝင် ကို မွန်ဘိုကေ က "ခင်ဗျားစာအုပ် ပြည်သူလူထုလက်ထဲ မရောက်" လို့ ပြောတဲ့အခါ "အဲဒါက လူထုလက်စွဲ မဟုတ်" လို့ ငါဖြေခဲ့ပါတယ်။

သမိုင်းသုတေသန လုပ်တဲ့အခါ သူများ မသိတာကို သိလာတယ်။ သူများ မှားတာကို မြင်လာတယ်။ သူများရေးတဲ့ ပြောတဲ့အထဲမှာ လိုတာကို ဖြည့်နိုင်လာတယ်။ အဲဒီအခါ သိတာ မြင်တာ ဖြည့်တာကို စာနဲ့ ရေးရတာပေါ့။ ကျောင်းဆရာဖြစ်နေလို့ စာသင်ခန်းမှာ ပြောခွင့်ရတယ်။ စာတမ်းဖတ်ပွဲမှာ သွားဖတ်တယ်။ ပညာရှင် ဂျာနယ် (Learned Journal) တစ်ခုခုမှာ ထည့်တယ်။ စာအုပ်တစ်အုပ် ဖြစ်အောင် ရေးပြီး အရှုံးခံထုတ်ပေးမယ့် ပုံနှိပ်ဖြန့်ဝေသူ (Publisher) ကို ရှာရတယ်။ အများပြည်သူအတွက် စေတနာ မေတ္တာနဲ့ ရေးတဲ့ စာတွေ မဟုတ်ပါ။ "ဒီစာအုပ် ဖတ်ကောင်းရမယ်လို့ အာမ မခံ" လို့ စာအုပ်ဖုံးမှာ ရေးပေးခဲ့ဖူးပါတယ်။

ငယ်ငယ်က နိုင်ငံရေး ဝါသနာပါတယ်။ ကြီးတော့ သုတေသနပဲ ဝါသနာနဲ့ ဇွဲနဲ့ လုပ်ပါတယ်။ သူငယ်ချင်း အာသာကျောင်းက စေတနာနဲ့ "ဒါတွေ ဆက်လုပ်မနေပါနဲ့" လို့ အားပေးပါတယ်။

***
ခင်မျိုးချစ် - အနော်ရထာ

စိတ်ကူးများရင် သမိုင်းမဟုတ်၊ သမိုင်းဟုတ်ရင် စိတ်ကူးမပါ။
မှန်နန်း (မှန်နန်းရာဇဝင်) ထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းက ရေးပြီးသား ပါနေတယ်။ ဒါမျိုး ငါတို့မသုံး။

***
ထိုးစစ်၊ ခံစစ်

သူများကို ကိုယ်က စပြီး မတိုက်ခိုက်၊ သူက တိုက်လာရင် ခံစစ်ကို အကျအန ပြင်ဆင် ခုခံတယ်။ တိုက်ပွဲတိုင်း အနိုင်မရနိုင်ဆိုတာလဲ နားလည်ထားတယ်။ လုပ်ရဲရင် ခံရဲရတယ်လို့ အမြဲ သတိရှိတယ်။ စကြဝတေးမင်း၊ မန္ဓာတ်မင်းလဲ သေတာပဲ လို့ အောင်ပွဲရလို့ အောက်ခြေလွတ်နေတဲ့လူတွေကို ပြောမိပါတယ်။

စကားပြော

ငါ့ကို ပြန်ပြီး အပြစ်ကျမယ့် စကားမျိုး၊ ငါ့ကို ပြန်ပြီး ထိခိုက်မယ့် စကားမျိုး မပြောမိအောင် သတိထားတယ်။ စကားဝိုင်းမှာ ငါ မပိုင်နိုင်တဲ့ကိစ္စကို ဝင်မပြော။ ပြောရင်လည်း ရှင်းရှင်းပြတ်ပြတ် ပြောတယ်။

(စကားချပ် - ဝေ့လည်ချောင်ပတ် ကွေ့ကောက်ပတ်ချာရိုက် အတင်းချချင်သော ဘယ်နှစ်တောင်ဝတ်မှန်းမသိသည့် မဟာ့မဟာ ပုရိသယောက်ပြားများ သတိချပ်ကြပါကုန်)။

မသိလို့ မေးတာပါ။ အမှားပြင်ပေးပါ ဆိုတာမျိုးလည်း စကားထဲ မပါအောင် သတိထားတယ်။ ဆိုလိုတာက "မသိလို့ မေးတာဖြစ်တယ်၊ ဖြေချင်မှဖြေ၊ မှားပြောမိရင်တော့ ကိုယ့်အမှားကြောင့် ကျရောက်မယ့် ဒဏ်ကို ခံဖို့ပဲရှိတယ်" ဆိုတဲ့ သဘောထား ဖြစ်တယ်။

ကောင်းကောင်းပြော၊ ကောင်းတဲ့ စကားပဲပြော၊ မှန်တဲ့ စကားပဲပြော၊ လိုက်နာနိုင်တဲ့ စကားပဲပြော ဆိုတာမျိုးကို သိပ်သတိထားပြီး လိုက်နာပြောဆိုတာတော့ မဟုတ်ပါ။ မှန်တဲ့စကား၊ အကျိုးရှိမယ့်စကား၊ သူများလည်း နားထောင်ချင်မယ့်စကားမျိုးမှ ရွေးပြီး သတိထား ပြောတာမျိုးလည်း မဟုတ်ပါ။ ဒါပေမဲ့ အခြေခံ ရိုးသားတဲ့စိတ်နဲ့ ပြောပါတယ်။ ကြိုက် မကြိုက် ဂရုမစိုက်ပါ။

အပျင်းပြေဖတ်တဲ့ စာအုပ်

၁) သမိုင်းနောက်ခံ ဝတ္ထုနဲ့ Pornography အပါအဝင် နာမည်ကြီးတဲ့ စာအုပ်မျိုးစုံ
၂) ဒုတိယကမ္ဘာစစ်နောက်ခံ စစ်ပွဲ၊ စစ်သုံ့ပန်း၊ သူလျှို၊ စစ်ဗိုလ်ကြီး၊ နိုင်ငံရေးခေါင်းဆောင်ကြီး အတ္ထုပ္ပတ္တိ
၃) သမိုင်းမှာ ကျော်ကြားတဲ့ လူတွေရဲ့ အတ္ထုပ္ပတ္တိ
၎) ကလေးပုံပြင် (မြန်မာတိုင်းရင်းပုံပြင်တွေကို အင်္ဂလိပ်ဘာသာပြန်ဖို့)
၅) ကောင်းတဲ့ မြန်မာစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်ဖို့
၆) ဗေဒင်စာအုပ်၊ လက္ခဏာစာအုပ်၊ သင်္ကြန်စာ

ဒီစာအုပ်တွေကို လွယ်အိတ်ထဲမှာ ထည့်ယူသွားပြီး လှည်း၊ ကား၊ မီးရထား၊ သင်္ဘောစီးရင်း၊ မင်္ဂလာဆောင်သွားရင်း၊ ဝန်ကြီး၊ ညွှန်ချုပ်၊ ပါချုပ်တွေ ခေါ်တဲ့ အစည်းအဝေးတက်ရင်း ဖတ်ပါတယ်။ အပြင်းအထန် ငြင်းခုန်ရမယ့် ပြဿနာကို အစဖော်ပေးပြီး လက်ဖက်ရည်ဆိုင် ရွှေ့ထိုင်ပြီး အစည်းအဝေး ပြီးလောက်တဲ့အချိန်ထိ လက်ဖက်ရည် အခွက်ခွက် မှာသောက်ပြီး ဖတ်ပါတယ်။

လက်ဖက်ရည် စကားဝိုင်း

ကိုယ့်ထက် အသက်ကြီးတဲ့လူ၊ ရာထူးကြီးတဲ့လူ၊ ဂုဏ်ကြီးတဲ့လူ၊ ကိုယ့်ကို ရာထူးက ချပစ်နိုင်တဲ့လူ၊ အဲဒီ ကြီးကျယ်သူတွေရဲ့ ညံ့ဖျင်းပုံကို လူထူရင် ပြောတတ်ပါတယ်။ သတင်းစာထဲမှာလည်း ဆောင်းပါးရေးထည့်ပါတယ်။ မန္တလေးကို ပါမောက္ခအဖြစ်နဲ့ ရောက်သွားတော့ လူထုဦးလှက "မင်း ဒီတသက် ပါမောက္ခဖြစ်မယ်လို့ မထင်တာကွယ်" လို့ ဆီးပြီး ပြောပါတယ်။ ပါမောက္ခချုပ်တစ်ဦးက "ကျုပ်အကြောင်း မကောင်းမပြောရလို့ တားမရမှန်း သိပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာတော့ မပြောနဲ့ဗျာ" လို့ လူကြုံမှာဖူးပါတယ်။

မနက်မိုးလင်း ကျောင်းတက်တယ်ဆိုပေမယ့် တက္ကသိုလ်မြေဝန်းကျင် လက်ဖက်ရည်ဆိုင်၊ ရေနီမြောင်းဘေး အကြော်ဆိုင်နဲ့ အမရပူရ တောင်လေးလုံးကျောင်းက ညနေမှ အိမ်ပြန်ပါတယ်။ အလုပ်ဖြုတ်ပစ်မယ်လို့ အခါခါ စဉ်းစားတယ်လို့ သိရပါတယ်။ သမိုင်းကော်မရှင်က နှစ်ခါ ဖြုတ်ပစ်ဖူးပါတယ်။ ကိုယ့်ဘာသာ မထွက်မိတာကတော့ ကျောင်းဆရာအဖြစ်နဲ့ သမိုင်းသုတေသန ခရီးထွက်ရတာ သိပ်အဆင်ပြေတယ်။ ကျတက်မှာ အလံနီနဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် "ဟိုကောင်တွေ အလကားခေါ်လာတယ်ဗျာ၊ ကျုပ်တို့လည်း ကူညီမှာပါ" လို့ ပြောသွားတယ်။

ဆရာကန်တော့ပွဲ

စာမေးပွဲကြီးအပြီး ကျောင်းရက်ရှည် ပိတ်တော့မယ် ဆိုရင် ဆရာကန်တော့ပွဲ လုပ်ကြတယ်။ ငါကတော့ စာမေးပွဲ အချောင်အောင်ဖို့ လာဘ်ပေးတာလို့ တွက်တယ်။ မဖြစ်စလောက်နဲ့ နာမည်ပျက်တယ်။ ငါက ဆုမပေးပါ။ "မင်းတို့ပေးတာက နည်းတယ်။ ငါက ပြန်ပြီး နိဗ္ဗာန်ဆု မပေးနိုင်ဘူး၊ မင်းတို့နဲ့ မတန်ဘူး" လို့ ပြောမိတယ်။ ဒါပေမဲ့ အချက် ၃ ချက်ကိုတော့ ပြောပါတယ်။

၁) မင်းတို့ ကိုယ်တိုင် ကြိုးစားပြီး အောင်ပွဲရမှ အောင်ရကျိုးနပ်တယ်။
၂) မင်းတို့ အခု စာမေးပွဲ အောင်ရင်လည်း မင်းတို့ တော်လို့မဟုတ်ဘူး။ ငါ အအောင်ပေးလို့ အောင်တာ။
၃) နောင် ငါ့ကို လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ငါက မင်းတို့ကို မှတ်မိမှာ မဟုတ်ဘူး။ မင်းတို့က ဆရာ့တပည့်ပါလို့ ပြောလာရင်တော့ ခိုင်းလိမ့်မယ်။ ကျောင်းဆရာဆိုတာ အားမနာတတ်ဘူး။

သူတို့က စာအုပ်ဗီရို၊ ခုံတန်းလျား၊ ကုလားထိုင် ယူလာတဲ့အခါ ဥပမာ - "1979 သမိုင်း စတုတ္ထနှစ် ကျောင်းသားများ ကောင်းမှု" လို့ စာတန်းပါတယ်။ "ဒါ ဇရပ်မဟုတ်ဘူး။ ပြန်ယူသွား" လို့ ပြောရတယ်။ ရှေးပုံစံ ကုလားထိုင်ကြီး လာပေးတော့လည်း "ဒါမျိုးက ပြတိုက်မှာထား၊ ဒီ မယူခဲ့နဲ့၊ ထိုင်လို့မကောင်းဘူး" ပြောရတယ်။

တစ်နှစ်တစ်ခါ တက္ကသိုလ်ဓမ္မာရုံမှာ အသက် ၇၅ နှစ်နဲ့ အထက် ဆရာအိုတွေကို အခုလက်ရှိ ပါမောက္ခချုပ်၊ ပါမောက္ခကအစ ဆရာ ဆရာမတွေက ကန်တော့တယ်။ အကန်တော့ခံတွေကို စင်မြင့်မှာတင်ထားတာ စင် အပြည့်ရှိတယ်။ သူတို့ကို မေးပါ။ အရင်က တက္ကသိုလ်မှာ ဆရာကန်တော့ပွဲ ရှိဖူးသလား၊ မရှိပါလို့ပဲ ဖြေလိမ့်မယ်။ ဒီလူကြီးတွေ စေတနာနဲ့ သင်ကြားပို့ချသွားလို့ တက္ကသိုလ် ဒီလောက် ကြီးပွားလာတာရော ဟုတ်သလားလို့ မေးပါ။ ဟုတ်တယ်လို့ပဲ ကြွားမယ်။ သြဝါဒပေးတဲ့ ဆရာတွေက အကောင်းချည်း ပြောဆဲ။ ငါ့လက်ဝဲက လူကိုလည်း ငါ စေ့စေ့စပ်စပ်ကြည့်တယ်။ လက်ယာက လူကိုလည်း အားမနာတမ်း ကြည့်တယ်။ စေတနာ အချောင်းလည်း မမြင်ဘူး။ အပြားလည်း မမြင်ဘူး။ လခစားပဲ။ တက္ကသိုလ်မှာနေပြီး သုတေသန မလုပ်ဘူး။ ဒီလိုပဲ အချောင်နေရင်း နှစ်နှစ်ပြည့်တော့ ရာထူးတက်၊ လေးနှစ်ရပြန်တော့ တစ်ခါတက်၊ တစ်ခါ နှစ်နှစ်မှာ ဆက်တက်၊ ကျော်တက်။ နောင်မှာ တက္ကသိုလ်ဝင်ဝင်ချင်း Luce, Hall, Peacock, Beaseley, မောင်မောင်ခ၊ သာလှ၊ လှကျော်၊ လှမြင့်တို့လို ပါမောက္ခတန်းဖြစ်တဲ့ခေတ် ပြန်ရောက်သွားမယ်။ အခြေအနေမှန်ကို တင်ပြတယ်။ အဖြေမရှာပါ။ ငါ ပါဝင်လှုပ်ရှားခဲ့တဲ့ ဘဝမှာ ငါ ကိုယ်တိုင် မရှင်းတတ်တဲ့ ပြဿနာ။ ငါတတ်သလောက် ရှင်းပေးပေမယ့် မရှင်းတဲ့ ပြဿနာ။ ဥပမာ - ငါ့နည်းဟာ ရေမှော်များတဲ့ ရေအိုင်မှာ လက်တစ်ခုပ်စာ မှော်မပါအောင် ယူပြီး၊ မှော်ဟာ ရေမျက်နှာပြင်မှာ ပြည့်မြဲ ပြည့်နေတာပဲ တွေ့တယ်လို့ ပြောရမယ့် ဖြေရှင်းနည်းဖြစ်တယ်။ ငါ ရှုံးခဲ့တယ်။

***
(ဒေါက်တာ သန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

24 comments:

မြတ်နိုး said...

ဘုရားဘုရား..
ဆရာကန့်တော့ပွဲနဲ့ပက်သက်တဲ့ သူ့အမြင်ကလည်း ကျောင်းသားတိုင်းကို သူ့စိတ်နဲ့နှိုင်းပီး သမထားလိုက်တာ..

ဖတ်ပီးခေါင်းယမ်းမိတယ်..

အခြားအချက်ကတချို့တလေကတော့ ယူတတ်ရင်ကောင်းပါတယ်.. အလုံးစုံကို ခြုံလိုက်ရင်တော့ တကဲ့ လူ့ဂွစာပဲ။
တော်ပါသေးရဲ့ သူလိုလူမျိုးဆရာ မတော်ခဲ့မိလေလို့ နို့မို့ဆို နေရင်းထိုင်ရင်း ငရဲရနေမှာ အသေအချာ။

ဘာလို့ဆို ခုချိန်ထိ ၉တန်းတုန်းက ဆရာတယောက်ကို အခဲမကျေနိုင်နေလို့ပဲ။ တော်ပါသေးရဲ့ မကြုံခဲ့မဆုံခဲ့လို့

တင်ပြပေးတဲံ ရီတာကိုတော့ ကျေးဇူးတင်ပါတယ်။ မဖတ်ဘူးဘူး ဒီစာအုပ်။

Rita said...

ကျွန်မကတော့ သူ့လိုဆရာမျိုးနဲ့ မတွေ့ခဲ့ရတာရယ် သူ့စာအုပ်တွေ အဖတ်နောက်ကျခဲ့တာရယ်ကို နှမျောနေမိတာ။

မြတ်နိုး said...

ဒါဆို ရီတာက ကိုယ့်ကိုသင်ပေးခဲ့တဲ့ဆရာတွေကို ငါ့မိဘပိုက်ဆံပေးထားလို့သူတို့တွေငါ့သင်ပေးတာလို့ဆိုလိုတာလား..

အမဘ၀မှာတော့ တအားကိုကောင်းတဲ့ ဆရာအတော်များများနဲ့ဆုံဖူးတော့ အလုပ်ထဲရောက်တော့ အခက်အခဲကြုံတိုင်း ဆရာတွေသင်ခဲ့တာ ဒီလို.နဲ့ ကိုယ်တကယ်ပက်သက်ခဲ့တဲ့ ဆရာတွေကို သတိရမိတယ်။ကျေးဇူးလည်းတင်မိတယ်။

ဒါကတော့ ပေးသူနဲ့လက်ခံသူ စေတနာကွာမယ်ထင်တယ်။ စေတနာမပါတဲ့ဆရာတွေတော့ အမလဲတာ့တာပဲ..

သူက အရင်အပိုင်းတွေတုန်းက ဆရာကိုလုပ်ချင်လို့လုပ်နေသူမဟုတ်ဘူးလို့ပြောတယ်.. အရင်ကတော့ ဒါ ဘယ်သူ့မှသိပ်မထိခိုက်လို့ (ဒါတောင် သူနဲ့ပက်သက်တဲ့ ကျောင်းသားတွေ ထိခိုက်ချင်ခိုက်ဥိးမှာ)ဘာမှမပြောပေမဲ့..အခုလို သူက ဆရာကန်တော့ပွဲကိုတိုက်ခိုက်တာရယ် ကျောင်းသားတွေက ဆရာတယောက်ကိုကန်တော့တာနဲ့ စာမေးပွဲအောင်ချင်လို့ကန်တော့တာ ဟုတ်မှမဟုတ်ပဲ

လေးစားသင့်လေးစားထိုက် ကျေးဇူးတင်သင့်ကျေးဇူးတင်ထိုက်တဲ့ဆရာမှန်သမျှ အမအတွက်တော့ဆရာပဲ

သူပြောတဲံ့ "မင်းတို့ပေးတာက နည်းတယ်။ ငါက ပြန်ပြီး နိဗ္ဗာန်ဆု မပေးနိုင်ဘူး၊ မင်းတို့နဲ့ မတန်ဘူး" တကယ်ကို ဘုရားတမိတယ်..အမသာဆို အတော့်ကိုစိတ်ဆိုးမှာ ဘယ်လိုမှ မပြေနိုင်တဲ့ စိတ်ဆိုးခြင်းပဲ တခါတည်းကို လူငယ်က လူကြီးကို မထေမဲ့မြင်ပုံစံကိုပြောင်းသွားမှာ အသေအချာပဲ။

Rita said...

=)

Rita said...

အစ်မ မြင်သလို မမြင်မိဘူး။ ခုအစ်မ ပြောလိုက်မှ အော် အဲလို မြင်လို့လည်း ရပါလားလို့ တွေးမိတာ။ အစ်မတွေးတာတွေနဲ့ ညီမတွေးမိတာတွေနဲ့ အတော့်ကို ဆန့်ကျင်တယ်။

(ဒါဆို ရီတာက ကိုယ့်ကိုသင်ပေးခဲ့တဲ့ဆရာတွေကို ငါ့မိဘပိုက်ဆံပေးထားလို့သူတို့တွေငါ့သင်ပေးတာလို့ဆိုလိုတာလား..)

အဲဒီစကား ပြောစရာ အချက်အလက်ကို ဘယ်နေရာမှာမှ ပါတယ်လို့ မထင်မိဘူး။ အစ်မ ဘယ်နေရာကို ဖတ်ပြီး ပြောနေတာလဲ။ ညီမမိဘတွေကလည်း ဆရာတွေကို ပိုက်ဆံပေးထားတာမဟုတ်ဘူး။ ဆရာတွေကို ပိုက်ဆံပေးထားတာ အစိုးရက မဟုတ်ဘူးလား။

သေချာတာကတော့ ဒီလို ဆရာမျိုးနဲ့တွေ့ခဲ့ရရင်

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေးပြီးတော့ကို သင် တွေး အံ ရွတ် တပည့်ခံလိုက်ချင်တယ်ဆိုတဲ့ စိတ် ရှိတယ်။

nann said...

မမြတ်နိုးသို့

ဒေါက်တာသန်းထွန်း စာတွေကို ရှာပြီးဖတ်စေချင်ပါတယ်...ဘယ်အကြောင်းအရာမဆို သတိလက်လွတ် မဝေဖန်သင့်ပါ

မြတ်နိုး said...

ဟင့်အင်းနန်း
မဖတ်တော့ဘူး..
အကြံပေးတာကိုတော့ ကျေးဇူးတင်ပါတယ်.. အဲလိုဆရာရဲ့စာကိုဖတ်မှ စာတတ်သွားမယ်ဆိုလည်း စာမတတ်တာကိုပဲ ကျေနပ်စွာခံယူပါ့မယ်

phyoaung said...

ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို လူကြီးတွေနဲ့ အစည်းအဝေးမှာ ယူဖတ်တာတော့ သိပ်မမိုက်ဘူးဗျ.
အစတည်းက ဒီအစည်းအဝေးက အရေးမပါဘူးထင်ရင် မတက်နဲ့ပေါ့။ ကိုယ်စိတ်မ၀င်စားနိုင်တဲ့ အထင်မကြီးနိုင်တဲ့ နေရာကို ဒီလိုလူမျိုးက အောင့်အီးပြီးသွားနိုင်တာ ကျနော်အံ့သြမိတယ်။
နောက်လူထူထူမှာ သူများညံ့ဖျင်းပုံ (သူကတော့ တကယ့်ဂရိတ်တွေကို မှလို့ဆိုပါတယ်)ကို ပြောတယ်ဆိုတာကရော ပညာတတ်တယောက် အထူးသဖြင့် သူလိုထူးချွန်ပြောင်မြောက်တဲ့ သူတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်သလား?
လူတယောက်ရဲ့ အမှားကို ဝေဖန်ထောက်ပြတာ မှန်အောင်ပြင်စေချင်တဲ့ စိတ်နဲ့ဆိုရင်ကောင်းပါတယ်။ လူထူထူမှာ အရှက်ကွဲစေ အကျိုးနဲစေဆိုတာမျိုးတော့
ကောင်းမယ်မထင်..
ိငိုမလို ပြိုမလိုတွေထက် ဆိုးမှာပဲ..
ကျနော် သူ့ရဲ့စာအုပ်တွေဖတ်ရသလောက် ကြိုက်တယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှု့ကိုလဲ တကယ့်ကိုချီးကျူးလေးစားမိတယ်။ တိုင်းပြည်အတွက် အလွန်တန်ဖိုးရှိတဲ့ ပုဂ္ဂိလ်လို့ လက်ခံပါတယ်။
ဒါပေမဲ့ အပြောအဆို သိပ်ပြီးမညက်ညောတာ၊ တချို့အချက်တွေမှာ မလိုအပ်ပဲ ဂွတိုက်ပြနေတာဟာ
တမင်တကာ လူစိတ်ဝင်စားခံချင်လို့များ လုပ်ပြနေသလားလို့ တွေးမိတယ်ဗျ။ သူ့ရဲ့ သိစိတ်နဲ့ ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ်ပေါ့လေ..
နောက်တခု.. အကြီးအကျယ် အငြင်းပွါးဖွယ် ကိစ္စတခုကို အစပျိုးပေးပြီး သူက လက်ဖက်ရည်ဆိုင်ထွက်ထိုင် နေတာမျိုးဆိုပါတော့။ ဒါက လူပျိုကာလသားတွေ စုံတုန်း နောက်ချင်ပြောင်ချင်စိတ်နဲ့ ဆိုရင်တော့ ကောင်းသားပဲ။ သူတို့လို အခြေအနေမျိုးနဲ့ ဒီလိုလုပ်တယ်ဆိုတော့ တမျိုးပဲလို့ တွေးမိတယ်။ တခုတော့ရှိတယ် ဒီလူတွေ ဘာမှသေသေချာချာ မစဉ်းစား မတွေးခေါ်ကြဘူး။ အပေါ်ယံကြောတွေ.. ကဲ ငါစပေးခဲ့မယ်..တွေးကြ ပြောကြ ငြင်းကြလေရော့ဟယ် ဆိုပြီးများ လုပ်သလားတော့မသိ=)
ဘာပဲဖြစ်ဖြစ်ကျနော်ကတော့ သူဟာလူတော်ကြီးဖြစ်ပေမဲ့ အပြောအဆို အပြုအမူတွေက respect နဲတယ်ထင်မိတယ်။

Rita said...

@ မမြတ်နိုး

မနက်က စာရိုက်ရင်းနဲ့မို့ နည်းနည်းလိုသွားတယ်။

မမြတ်နိုးတွေးတာတွေနဲ့ ဆန့်ကျင်ဘက်ဆိုတာ ဒေါက်တာသန်းထွန်းနဲ့ ပတ်သတ်တဲ့ ကိစ္စကိုတင်ပြောတာပါ။

ဆရာကျေးဇူးကိစ္စကိုပြောတာမဟုတ်။ ဘာလို့ဒါကို ဆွဲထည့်ပြောတာလည်းဆိုတာ နားမလည်ပါ။ ဘာလို့ဆို တင်ထားတဲ့ ပို့စ်နဲ့ ဘာမှ မဆိုင်လို့။

ထပ်ပြောရရင်
((ဒါဆို ရီတာက ကိုယ့်ကိုသင်ပေးခဲ့တဲ့ဆရာတွေကို ငါ့မိဘပိုက်ဆံပေးထားလို့သူတို့တွေငါ့သင်ပေးတာလို့ဆိုလိုတာလား..)) လို့ မေးစရာအချက် ဘယ်နေရာမှာမှ မပါဘူးလို့ ထင်ပါတယ်။

Rita said...

@phyoaung

စံတွေဟာ မတူကြဘူး။ နောက်တစ်ခု သူလုပ်ခဲ့တာ သူဖြတ်သန်းလာခဲ့တာ သူတွေ့ကြုံလာခဲ့တာတွေကို တိတိကျကျ ကိုယ်တို့ မသိနိုင်ဘူး။ ကိုယ်တော့ မသိဘူး။ သူ ဘယ်လို စိတ်ရင်းနဲ့ လုပ်တယ်ဆိုတာကို ယုံကြည်စိတ်နဲ့ မှန်းကြည့်ဖို့ပဲ တတ်နိုင်တယ်။ ကိုယ်က သူလိုလူမျိုးအပေါ်မှာ ယုံကြည်စိတ်ရှိတော့ ကိုယ်မှန်းကြည့်လို့ရတဲ့ အဖြေဟာ phyoaung မှန်းကြည့်လို့ရတဲ့ အဖြေနဲ့ တူချင်မှတော့တူမယ်။

respect နည်း များ ကိစ္စကတော့ ဒီ comment ရဲ့ အစဆုံးစာကြောင်းကိုပဲ ပြန်ဖတ်လိုက်ပါ။

ကိုယ်ကတော့ ဘယ်သူ့ကိုတော့ ဘယ်သူနဲ့ မနှိုင်းပါနဲ့တွေ ဘယ်သူဖြစ်လို့ ဘယ်လို မဝေဖန်ပါနဲ့တွေ ပြောရစကောင်းသည် မအောက်မေ့လို့ ကိုယ် တန်ဖိုးထားပြီး ရိုက်တင်နေရတဲ့ ဒေါက်တာသန်းထွန်းနဲ့ ငိုတော့မလို ပြိုတော့မလို နိုင်ငံရေး ဇာတ်မင်းသားလိုဟာတွေကို နှိုင်းရကောင်းလားလို့ စိတ်ထဲ မရှိပါဘူး။

တစ်ခုပဲ။ တန်ဖိုးထားရာစံတွေ မတူကြဘူးဆိုတာကို ထပ်တွေးမိရုံပဲ။ ငိုတော့မလို ပြိုတော့မလို နိုင်ငံရေး ဇာတ်မင်းသားလိုဟာတွေကို ဒေါက်တာသန်းထွန်းထက် ပိုတန်ဖိုးထားတယ်ဆိုလည်း အဲဒါ phyoaung ရဲ့ စံနှုန်းတစ်ခုလို့ပဲ ယူဆလိုက်ရုံပါပဲ။

Ko Boyz said...

တစ်စုံတစ်ယောက်သောသူမ စိတ်ကောက်စိတ်ဆိုးတုန်းက သူ့သွားစောင့်ရင်းနဲ့ ဒီဒေါက်တာသန်းထွန်း အီးဘွတ်ကို ကုန်အောင် ဖတ်မိတာပဲ မှတ်မိတယ်။ :P

ဇွန်မိုးစက် said...

ဆရာကြီးကို လေးစားပါတယ်။ No man is perfect ဆိုတော့ ပညာအရာနဲ့ ပတ်သက်ရင် သူသိပ်တော်ပေမယ့် တခြား လူမှုရေးရာကိစ္စမျိုးမှာ လိုအပ်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ သမိုင်းနဲ့ပတ်သက်ပြီး သူ့အမြင်ကို သဘောကျတယ်၊ သူ့ကြိုးစားအားထုတ်မှုကို လေးစားတယ်။ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီးတော့ မဝေဖန်ချင်တော့ဘူး။ ကိုယ့်ဆန္ဒအရ ခွဲထားလိုက်တယ်။

ဇွန်မိုးစက် said...

ဇွန်လည်း မဖတ်ဖူးသေးတဲ့ စာအုပ်မို့ ပြန်ရိုက်တင်ပေးတဲ့ ရီတာ့ကို ကျေးဇူးတင်ပါတယ်။

Shinlay said...

ဆရာကြီးက ကျမလေးစားရတဲ့ ဆရာတစ်ဦးပါ။
ဆရာစာတွေ ဖတ်ရလို့  ကျေးဇူးတင်ပါတယ်။

phyoaung said...

မရီတာ.. ကျနော်က တန်ဘိုးခြင်းနှိုင်းယှဉ်ပြီး ပြောခဲ့တာ မဟုတ်ပါဘူး။ အကျင့်စရိုက်ကလေးတခုကိုပဲ နှိုင်းယှဉ်ပြောခဲ့တာ..ဥပမာ ပန်းမခူးရ ဆိုတဲ့နေရာမှာ ကျနော့်အိမ်နားက အပျိုမလေးက အမှတ်တမဲ့ ခိုးခူးလိုက်တာမြင်ရင် ကျနော်ပြုံးချင် ပြုံးမိသွားနိုင်တယ်.. သူ့နေရာမှာ ဂျူးဆိုရင်တော့ လုံးဝ ကျနော်ပြုံးမိမှာ မဟုတ်ဘူး။
လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူရှိကြစမြဲပါ. ကျနော်ကိုယ်တိုင်က နိုင်ငံရေးသမားမဟုတ်လို့ သူတို့ကို နေရင်းထိုင်ရင်း ကြည့်မရတာမျိုး မရှိသလို ကယ်တင်ရှင်ကြီးတွေပဲဆိုပြီး အလိုလိုနေရင်း ကြည်ညိုနေတာမျိုးလဲ မဟုတ်ပါဘူး. စိတ်ကုန်မယ်ဆိုရင်တော့ မြန်မာပြည်နိုင်ငံရေးမှာ လူရော ၊ မူရော ကုန်စရာတွေ တော်တော်များပါတယ်။ လက်ရှိအခြေအနေကိုလဲ မကြိုက်၊ ပြောင်းလဲအောင်လဲ ဘာမှ မလုပ်နိုင်၊ လုပ်နိုင်အောင်လဲ မကြိုးစားတဲ့ ကိုယ့်ဘာသာကိုယ်တောင်စိတ်ကုန်တဲ့ စာရင်းထဲ ထိပ်ဆုံးက ထဲ့ထားလို့ရသေးတယ်။ ဒါကြောင့် သူများကို ကျနော် ဘာမှမပြောလိုတော့ဘူး။ လူတိုင်းမှာ အားသာချက်၊ အားနဲချက်ဆိုတာရှိတယ်လေ။ လုံးဝပါဖက်ဖြစ်တဲ့ သူဆိုတာတော့ ကျနော်မတွေ့ဘူးသေးဘူး..

Rita said...

တန်ဖိုးချင်း နှိုင်းယှဉ်ပြီးပြောတယ်လို့ မထင်ပါဘူး။ ဘာလို့ဆို တန်ဖိုးချင်းသာ နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင် phyoaung လောက် ချောက်ကျမယ့်သူ ရှိမှာကို မဟုတ်ဘူး။ ကိုယ်ဆိုလိုတာက ယှဉ်ခွင့်မရှိဘူး။ ယှဉ်တာကို ကိုယ်လက်မခံနိုင်ဘူး ပြောတာ မဟုတ်ဘူး။ ချောက်ကျမယ် ဆိုတာက အလွတ်သဘော ပြောလို့မရတဲ့ ကိစ္စအတွက် ဒီနှစ်မျိုးနှစ်စားကို နှိုင်းယှဉ်ဖို့ရာ အချက်အလက် ရှာရတာ ဘယ်လောက် ဂွကျလိုက်မလဲ တွေးမိလို့ပါ။ ဘယ်သူ အဲလောက် စွန့်စားရဲပါ့မလဲ လို့ အမှန်အတိုင်း တွေးမိလို့ပါ။

ကျန်တာတွေကတော့ ဆွေးနွေးလောက်တာ မရှိပါဘူး။ ပြောနေတဲ့ အကြောင်းရင်းနဲ့ ဘာမှမဆိုင်လို့။ ကိုယ်က ဒေါက်တာသန်းထွန်း လုပ်ကိုင်ဆောင်ရွက် ပြောဆိုပြုမူသွားတာတွေကို သဘောကျတယ်။ တန်ဖိုးထား လေးစားတယ်။ အားလုံးကိုယ့်လိုပဲ ဖြစ်မှာပဲလို့တော့ မတွေးဘူး။

ခုပဲကြည့်။ ဒေါက်တာသန်းထွန်းအပြုအမူကို ခါးခါးသီးသီး ဖြစ်နေတဲ့လူတွေ ပါလာတာပဲ မဟုတ်လား။ မဖိတ်ခေါ်လည်း ရောက်လာတာပဲ မဟုတ်လား။ သူလုပ်ရတဲ့ သူပြုမူရတဲ့ နောက်ခံအကြောင်းရင်းတွေ ကိုယ်တွေးကြည့်လို့ရ၊ နားလည်လို့ရ လေးစားကြည်ညိုလို့ရပေမယ့်၊ မရတဲ့လူကတော့ ငိုမလို ပြိုမလိုထက်ဆိုးတယ်လို့ မြင်တာပဲ မဟုတ်လား။

ဒါတွေက စံ မတူလို့ ဖြစ်တဲ့ကိစ္စတွေ၊ စံထားတာခြင်း မတူလို့ ကွဲပြားသွားတဲ့ အမြင်တွေလို့ တွေးရုံကလွဲလို့ ဘာမှ ညှိစရာ အကြောင်းမရှိဘူး။ တူဖို့လိုတယ်လည်း ကိုယ် မထင်ဘူး။

ဒါပေမဲ့ ပြောစရာရှိရင် ပြောလိုက်။ ပြောပြီးသွားမှ သူများကို ဘာမှ မပြောချင်တော့ဘူးလို့တော့ ဘာဖြစ်လို့ သုံးနေမှာလဲ။ ပြောပြီးနေမှကိုး။ ပြောတာ ဘာမှ မဖြစ်ဘူး။ ပြောလို့ ကုန်သလောက်ရှိမှ မပြောချင်တော့ဘူး ဆိုတော့လည်း ဘာဆက်ပြောရမှန်းကို မသိတော့ဘူး။

ကိုယ့်ဘလော့မှာတော့ အားနာစရာမလိုဘူး။ ကိုယ့်ဘက်ကလည်း အားနာလိမ့်မယ်လို့ မမျှော်လင့်နဲ့ပေါ့။

phyoaung said...

ကျနော်ကတော့ အားနာတတ်တယ်..အထူးသဖြင့် အရေးတကြီးကိစ္စမဟုတ်ရင်ပေါ့..ကျနော့်စိတ်ထဲ တကယ်လိုအပ်တယ် အရေးကြီးတယ်ထင်မှသာ ပြတ်ပြတ်သားသား ပြောတတ်လုပ်တတ်တဲ့သူမို့ပါ..
တော်ရုံကတော့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးပဲ သဘောကျတယ်လေ..ဘာမှမပြောချင်တော့ဘူးဆိုတာကလဲ ဇတ်သမားလိုလိုလို့ မရီတာ ပြောခဲ့တဲ့ သူတွေကိုပါ။ အခုပိုစ့်နဲ့ သိပ်မဆိုင်ပေမဲ့ ကွန်မင့်မှာ စကားစပ်မိလို့ပါ..အမှန်က ဒေါက်တာသန်းထွန်းရဲ့ ငါ့အကြောင်းဖတ်ပြီးကတည်းက ပြောချင်နေတဲ့ စကားအချို့ကို. ပြောစရာကမကြုံဖြစ်ခဲ့ဘူး။ အခုကြုံတာနဲ့ ဖိတ်ခေါ်မဲ့သူမရှိဘဲ ၀င်မန့်လိုက်တားး((
ခါးခါးသီးသီးတော့ လုံးဝမဖြစ်တာသေချာတယ်..
ကျနော်သူ့အပေါ်ထားတဲ့ စံက အရမ်းမြင့်နေလို့ အားမလိုအားမရဖြစ်မိယုံလောက်ပါ.. သူက ဒေါက်တာသန်းထွန်းဖြစ်နေလို့ကို သူပြုမူရတဲ့ အကြောင်းအရာ အချို့ကို နားလည်အောင်မကြိုးစားခဲ့တာလဲပါသပေါ့ကွယ်..အင်း..သူလဲလူထဲကလူပဲလေ..ကိုယ်အထင်ကြီးတိုင်း အများကြီးမျှော်လင့်ချင်လို့ ဘယ်ရမလဲနော် ))
သြော် နောက်တခု..ကျနော် နားမလည်တာက
"နိုင်ငံရေး ဇာတ်မင်းသားလိုဟာတွေကို ဒေါက်တာသန်းထွန်းထက် ပိုတန်ဖိုးထားတယ်ဆိုလည်း"..ဆိုတဲ့စကားက တန်ဖိုးခြင်းနှိုင်းယှဉ်တဲ့ သဘောကိုပြောတာမဟုတ်ဘူးလား..ဒါဆိုကျနော် နားလည်မှု့လွဲပြီး ပြန်ရှင်းပြတာ ဖြစ်မယ်မရီတာ ဆောရီးပဲနော်..

Rita said...

တကယ်တော့ phyoaung ရေးချင်နေတဲ့ အဓိကအကြောင်းက ဇာတ်သမားလိုလို ဆိုတဲ့ အသုံးအနှုန်းကိစ္စ ဖြစ်ရမယ်။ ဒေါက်တာသန်းထွန်းက ကြားများညပ်သွားလေသလားမသိ။

(ငိုမလို ပြိုမလိုတွေထက် ဆိုးမှာပဲ..) ဆိုတဲ့ စကားကြောင့် ("နိုင်ငံရေး ဇာတ်မင်းသားလိုဟာတွေကို ဒေါက်တာသန်းထွန်းထက် ပိုတန်ဖိုးထားတယ်ဆိုလည်း") ဆိုတဲ့စကားက ဖြစ်လာရတယ် ဆိုတာ နားလည်မယ် ထင်ပါတယ်။ ဒေါက်တာသန်းထွန်း အပြုအမူက (ငိုမလို ပြိုမလိုတွေထက် ဆိုးမှာပဲ..) ဆိုတော့ ငိုမလိုပြိုမလိုတွေကမှ ပိုကောင်းဦးမယ်။ တော်သေးတယ် လို့တော့ ယူလို့ရတာပေါ့နော်။ ဒါကြောင့်မို့လည်း ပိုကောင်းတယ်ထင်လည်း (တနည်း) ပိုတန်ဖိုးထားတယ်ဆိုလည်း ဆိုတာကို သုံးလိုက်တာ။ ယှဉ်ပြောလို့လည်း ဘာမှ မဖြစ်ပါဘူး။ နှိုင်းရကောင်းလားလို့ ကိုယ်က ဖြစ်မှာ မဟုတ်ဘူးဆိုတာ အတိအလင်းပြောပြီးသား။ ဒါပေမဲ့ နှိုင်းပြနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ဘူး။ ဒါကို ဆိုလိုတာပါ။

ခါးခါးသီးသီး မဖြစ်ဘူးဆိုလည်း မဖြစ်ဘူးပေါ့။ ပြောတဲ့အတိုင်းပါပဲ။ ဖြစ်လည်း ဘယ်သူကမှ ဘာမှ ဖြစ်မှာမဟုတ်ဘူး။

တခုတော့ပြောချင်တယ်။ "သူ့အပေါ်အရမ်းမျှော်လင့်ထားလို့... ထားထားတဲ့ စံက အရမ်းမြင့်နေလို့ ဆိုတာ... နည်းနည်း စကားလုံး ပြင်ပေးရင် ရမလား... မြင့်တယ် နိမ့်တယ် ဆိုတာထက် စံနှုန်းတွေက မတူကြလို့ ဆိုတာမျိုး ပေါ့။ အထက်အောက် သဘောမဟုတ်ဘဲ... လယ်ဗယ်တူဖြစ်သွားအောင်လို့...

အနိမ့်အမြင့်သုံးလည်းပဲ ဘာမှတော့ မဖြစ်ပါဘူး။ သုံးလို့ရပါတယ်။ ဒါပေမဲ့ အားနာတတ်တယ် ဆိုတဲ့ စကားနဲ့ အမှတ်တမဲ့ သတိမထားမိဘဲ ရှေ့နောက် လွဲသွားမစိုးလို့။

phyoaung said...

တော်သေးတယ် ကျနော်ဒီကွန်မင့်ကို သောကြာလိုနေ့မျိုးမှာ ပေးမိလို့..
မဟုတ်ရင် ဒုက္ခ =((
အစတည်းက နဲနဲတော့ စဉ်းစားသား။ မရီတာက စကားကို အလွန်ချက်ကျ လက်ကျ ပြောတတ်တာလို့..
ကျနော်အလွယ်တကူပြောလိုက်တဲ့ စကားကို အဲ့လို ချက်နဲ့လက်နဲ့ တလုံးခြင်းထောက်ပြပြီး မေးလိုက်ရင် ကျနော်လန့်လန့်သွားပြီး ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားရော...
အမှန်က ဇတ်သမားက ကြားညပ်သွားတာပါခင်ဗျာ..
မူလပထမ ပြောလိုရင်းက ဒေါက်တာသန်းထွန်းကိုပါ။
စံဆိုတာကလဲ ကျနော်တဦးထဲရဲ့ မူပိုင်စံပါခင်ဗျာ..သူများထားတဲ့ စံနဲ့ နှိုင်းယှဉ်တွက်ချက်ထားတာမဟုတ်ရပါ..
ကျနော်ပန်းမခူးရဆိုတဲ့ ဥပမာလေးနဲ့ ရှင်းပြထားပါတယ်..ဒါက ကျနော်တဦးထဲရဲ့ အမြင်ပါ။ သူများအတွက်တော့ သဘာဝကျခြင်မှ ကျပါလိမ့်မယ်။
ငယ်ငယ်တုံးက ကိုယ်မသိတဲ့ အကြောင်းအရာတခုကို အဖိုးအဖွားတွေ၊ မိဘတွေကို မေးလို့ သူတို့ကလဲ မသိဘူးပြောရင် သိပ်စိတ်ဆိုးတယ်။ တွေ့သမျှဟာ ကောက်လွှတ်ပစ်ပြီး မရမက လှည့်ပတ်မေးနေတော့တာ။
စိတ်ထဲမှာ လူကြီးဆိုတာ မေးသမျှဖြေနိုင်ရမယ်။ ကိုယ်မသိတာတွေ သူတို့သိကိုသိရမယ်လို့ မှတ်တာ။ ကိုယ့်ရွယ်တူချင်း မတိမ်းမယိမ်းချင်းမေးလို့ မသိရင်တော့ ဘာမှမဖြစ်ဘူး..ရတယ်..
အဲ့လိုနဲ့ ကြီးလာတော့လဲ ကိုယ်အထင်ကြီးတဲ့ သူဆိုရင် ကိုယ်လိုသူလို ရိုးရိုးသဘောထားတဲ့သူနဲ့ ကျနော် စံထားတာခြင်းမတူတော့ဘူး..အဲ့ဒါပဲဗျ..ခုလဲ အဲ့ဒီသဘောပဲ။
ပျော်စရာတနင်္ဂံနွေဖြစ်ပါစေ မရီတာ..
ကျနော့်အမြင်ကို ရိုးရှင်းစွာပြောပြခြင်းသက်သက်ပါ.. စိတ်ထဲမှာ ဘယ်သူ့ကိုမှ သာစေနာစေ ဆိုတဲ့သဘောမရှိတာ တကယ်ပါ..

Rita said...

တကယ်တော့ ပန်းခူးတဲ့ ဥပမာဟာ ဟုတ်မလိုလိုနဲ့ ကိုယ့်အတွက်တော့ တကယ်ကြောင်တယ်။

ဒါပေမဲ့ ပြောတဲ့လူက နှစ်ခါတိတိပြောလို့ ကိုယ်ကလည်း ကိုယ့်ဘက်က ဘယ်လိုဆိုတာကို ပြန်ပြောပါမယ်။

ပန်းမခူးရဆိုတဲ့နေရာမှာ ဘယ်လိုလူက ခိုးခူးခူး ကိုယ့်အတွက် ပန်းခိုးခူးတာသာ ဖြစ်မှာပဲ။

တစ်ခုတော့ ရှိတယ်။ ဂျူးဖြစ်စေ၊ ဒေါက်တာ သန်းထွန်းဖြစ်စေက တားမြစ်နေရာမှာ ခူးလိုက်တယ်ဆိုရင် အဲဒီလို ခူးရတဲ့ နောက်ကြောင်းရာဇဝင်ဟာ ခိုင်လုံပြီးသားဖြစ်လိမ့်မယ်ဆိုတဲ့ အမြင်နဲ့ ကိုယ် အရင်ဆုံးကြည့်မိမယ်။ ပြီးရင် အဲဒီလို ခူးရတဲ့ တကယ့် နောက်ကြောင်းရာဇဝင်ကို ကိုယ်သိအောင် လိုက်မယ်။ အတိအကျ မသိနိုင်ရင် မှန်းဆလို့ရမယ့် အချက်အလက်မှန်သမျှကို လေ့လာမယ်။

ဒါက အလုပ်သဘောကိုပြောတာ။ တကယ်တော့ ကိုယ့်အတွက် ဂျူးဖြစ်စေ၊ ဒေါက်တာသန်းထွန်းဖြစ်စေရဲ့ တားမြစ်နေရာမှာ ပန်းခူးတဲ့ အမှုအတွက် သိုင်းဝိုင်းထည့်သွင်းစဉ်းစားစရာ အချက်အလက်တွေက မြင်ရတဲ့ တခဏမှာတင် ရှိနေပြီးဖြစ်လိမ့်မယ်။ ငါပြောချင်သမျှ... စာအုပ်ကို ဖတ်မိတာ ခုတခေါက် အိမ်အပြန်မှ ဆိုပေမယ့် အဲဒီမတိုင်ခင်က သိထားပြီးသား အချက်အလက်တွေရယ်၊ အဲဒီစာအုပ်ထဲမှာ ပြမထားပေမယ့် မြင်သာစေတဲ့ အကြောင်းတွေရယ်က သူတို့ အပြုအမူကို နားလည်လက်ခံဖို့အတွက် နောက်ခံအကြောင်းတွေ ဖြစ်လာတယ်။

Rita said...

မေ့လို့။

စံ ဆိုတဲ့ကိစ္စကလည်း၊ phyoaung နဲ့ ဒေါက်တာသန်းထွန်းကြိုက်တဲ့ တခြားလူတွေကြားက၊ ဒါမှမဟုတ် phyoaung နဲ့ ကိုယ့်ရဲ့ကြားက စံ ဆိုတာကို ပြောတယ်ထင်တာ၊ ပြောချင်ခဲ့တာ မဟုတ်ဘူး။

ဒေါက်တာသန်းထွန်းနဲ့ phyoaung ရဲ့ စံ နှစ်ခုကိုပဲ ပြောချင်ခဲ့တာ။ ခေါင်းထဲမှာ အဲဒါပဲ ရှိခဲ့တာ။

july said...

ကျွန်တော့ ကွန်းမန့်ကြတော့ ဘာဖြစ်လို့မတင်ပေးတာလဲ

Rita said...

july ကွန်မန့်ကို မတွေ့မိပါဘူး။
တခါတလေ အဲလို ဖြစ်တတ်ပါတယ်။
comment ရေးတုန်းက တက်သွားတာ သေချာရဲ့လား။ err ပြသေးလား။ တခါတလေလည်း comment ရေးတဲ့သူက err မြင်လိုက်ရပေမယ့် မေးလ်ထဲ ဝင်လာတတ်ပါတယ်။

Bino said...

ငါ့လက်ဝဲက လူကိုလည်း ငါ စေ့စေ့စပ်စပ်ကြည့်တယ်။ လက်ယာက လူကိုလည်း အားမနာတမ်း ကြည့်တယ်။ စေတနာ အချောင်းလည်း မမြင်ဘူး။ အပြားလည်း မမြင်ဘူး။ လခစားပဲ။
This is his point of view only.

I read all comments related post item

BINO