Wednesday, July 28, 2010

ဒေါက်တာ သန်းထွန်း (၆)

သူနိုင်တာ ငါညံ့လို့

ကျောင်းဆရာသက် အနှစ် ၅၀ ကျော်တော့ သင်လို့ မတတ်ဘဲ တပည့်အရင်းအချာတွေ ထောင်သောင်းရှိလာတာကို တွေ့တယ်။ ငါလဲ ဖျင်းတဲ့လူတွေနဲ့ အနေကြာတော့ ဖျင်းလာပြီလို့ သံသယဝင်တယ်။ ဒါပေမဲ့ သင်ရင်တတ်တယ်ဆိုတဲ့ အစွဲက ရှိပါသေးတယ်။ ပြီးတော့ ပညာမာန် (Professional Pride) ရှိတယ်။ အဲဒါမရှိရင် အခုလောက် အလုပ် လုပ်မယ် မဟုတ်ပါ။

အတိုက်အခံရှိမှ တိုးတက်တယ် ဆိုတာလဲ ယုံတယ်။ အခက်အခဲကို ကျော်လွန်နိုင်အောင် လုပ်ရတာ ပျော်တယ်။ ရန်သူကို မျှော်တယ်။ ဒါပေမဲ့ ကိုယ်ကစပြီး မတိုက်ခိုက်ပါ။ သူက လာတိုက်ရင် ကျကျနန ပြင်ဆင် ခုခံတယ်။ နိုင်ချင်လို့ အရှုံးခံတယ် ကို သိပ်ကြိုက်တယ်။ ဘယ်တော့ ဆုတ်ပေးရမယ်ဆိုတာ သိမှ စစ်သူကြီးကောင်း ပီသတယ်။ ဒီတော့ ဆုတ်စစ်မှာ သိပ်ပြီး ဖရိုဖရဲ မရှိနိုင်ပါ။

ရန်သူကို လေ့လာတယ်။ ရန်သူဆီက သင်ခန်းစာရတယ်။ ရန်သူဟာ မိတ်ဆွေ (Friendly Enemy) ဖြစ်ပါတယ်။ ဒီတစ်ကွေ့မှာ ကိုယ်ရှုံးပေမယ့် နောက်တစ်ကွေ့မှာ နိုင်နိုင်တယ်။ ဒီလိုနဲ့ အခက်အခဲတွေ အများကြီးကို ငါ ကျော်ဖြတ်ပြီး တက်ခဲ့တာ ဖြစ်တယ်။ ဒီတစ်ကွေ့မှာ ရန်သူနိုင်တာ ငါ ညံ့လို့ ဖြစ်တယ်။ ငါ ထပ်ကြိုးစားလို့ တော်လာရင် သူဘယ်မှာ နိုင်တော့မှာလဲ၊ ဒါ သင်ခန်းစာပဲလို့ မှတ်ယူတယ်။

***
အရှက်မရှိလို့ ကိုယ့်အမှားကိုယ်ဖော်

အကြိုသမိုင်း (Prehistory) ဆရာ ဂေါ်ဒွင်ချိုင်း (Gordon Childe) က လူကို လူပဲ လုပ်တာ (Man makes himself) စာအုပ်အချီးမှာ...

"ကနေ့အထိ ရှာဖွေတွေ့ရှိသမျှ အထောက်အထားကို ချင့်ချိန်ရင် ဒီလိုယူသော် ရကောင်း၏ လို့ စကားဦးထည့်ပြောသင့်ပါတယ်။ ခဏခဏ ပြောရမှာ ဖြစ်တယ်။ လိုတိုင်းပြောနေရင်လည်း ထောင့်လှတယ်။ ဒီတော့ စာဖတ်သူကပဲ ဒီစကားကို ထည့်ဖတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်"

အဲဒီစာအုပ်ကို 1936 က ပထမ တည်းဖြတ်ပုံနှိပ်တယ်။ 1937/ 1939 မှာ နှစ်ကြိမ် ပြန်ပြီး ပုံနှိပ်ရတယ်။ သုံးနှစ်ကြာတော့ သုတေသနနဲ့ နောက်ထပ် တူးဖော်တွေ့ရှိချက်တွေ များလို့ အရင်အယူအဆကို ပြင်ဆင် ဖြည့်စွက်ရပြန်တယ်။ ဒု-ကြိမ် တည်းဖြတ်ချက် (2nd Edition) က 1941 မှာ ထွက်တယ်။ တ-ကြိမ် တည်းဖြတ်ချက် (3rd Edition) 1956 မှာ ထွက်တဲ့အခါ အချီးစကားမှာ...

"လယ်သမားနဲ့ အိုးထိန်းသည် ခေတ်ပြိုင်မဟုတ်၊ စိုက်ပျိုးရေးတတ်ရင် အိုးခတ်တတ်ပြီ မထင်နဲ့။ ကာဒီစတန် (Kurdistan) က ဂျာမို (Jarmo) နဲ့ ပါလက်စတိုင်း (Palestine) က ဂျာရီချို (Jericho) မှာ အိမ်ကြီးအိမ်ကောင်းတွေဆောက်၊ ကောက်ပဲလည်းစိုက်၊ သိုးဆိတ်လည်း မွေးနေတဲ့အခါမှာ အိုးမလုပ်တတ်သေးဘူး။ တခြားနေရာ သူတို့ထက် ပိုပြီး စောတဲ့ မြေလွှာမှာတော့ အိုးတွေ့နေပြန်တယ်"

အဲဒါ ပြင်ဆင်ချက် (၁) ဖြစ်တယ်။

ည စခန်းချရင် အစားအသောက် ကျိုချက်ဖုတ်ကင် လုပ်တဲ့အခါ သတ္တုကျိုတဲ့ပညာကို ရတယ်။ ဒီ အယူအဆကို ခုခေတ် လူတတ် (Experts) က ပယ်လိုက်ပြီ။ သတ္တုအရည်ပျော်မှာက အုတ်ဖိုမီးကြီးလို ပြင်းဖို့လိုတယ်။ အရင်နှစ် ၅၅၀၀ ကျော်ကမှ အနောက်အာရှမှာ မီးအားကောင်းတဲ့ဖို ပေါ်တယ်။

အဲဒါ ပြင်ဆင်ချက် (၂)။

စတုတ္ထအကြိမ် တည်းဖြတ်ချက် 1965 မှာ ထွက်တော့ ချိုင်း (Childe) အသက် ၆၅ နှစ်က 1957 မှာ ဇာတိ သြစတေးလျမှာ ဆုံးပြီ။ တပည့် ဂလင်ဒဲနီယယ် (Glyn Daniel) က ဆရာ့ စာအုပ်ကို တည်းဖြတ်ပုံနှိပ်တယ်။ သူက ဒီစာအုပ်ကို အရင် ပုံနှိပ်စဉ်က...

"3000 BC (အရင် အနှစ် ၅၀၀၀) က ရက်စွဲမှန်သမျှ အမှန်းအဆ (guesses) တွေပဲ ဖြစ်တယ်။ ဒါကြောင့် ရက်စွဲကို ထည့်ပြောခဲ့တယ်"

အဲဒါ အခု မဟုတ်တော့ပါ။ 1945 က Willard F. Libby က (C14) ရက် သတ်မှတ်နည်းကို ဖော်ထုတ်တဲ့အတွက် ရက်စွဲ ဖော်ထုတ်ရတာ တိကျလာပြီ။ တကမ္ဘာလုံးလည်း ဒီနည်းကို ယူသုံးနေပြီ။ ဒါကြောင့် အရင်နှစ် ၅၀၀၀ အထက်က ဘယ်ရက် ဖြစ်နိုင်တယ်လို့ ဝါးတားတား ပြောရတာမျိုးက မရှိတော့ပါလို့ ပြောပါတယ်။

အဲဒါအပြင် ချိုင်း (Childe) (ဆရာကိုလည်း နာမည်ရှေ့က မစ္စတာတွေ၊ ဒေါက်တာတွေ၊ ပါမောက္ခတွေ မတပ်) သာ မသေလို့ ရှိနေသေးရင် သူ့စာအုပ်ထဲမှာ လူဇာတ်ကို အကြီးအကျယ် ပြောင်းပေးတဲ့ စိုက်ပျိုးရေးနဲ့ မြို့တည်ရေး (Neolithic Revolution and Urban Revolution) ဟာ အနောက်အာရှ (Western Asia) မှာ အခြေခံခဲ့တယ်လို့ မှန်းဆတာဟာ မဟုတ်ပါဘူး။ ပြီးတော့ ကမ္ဘာအနှံ့မှာ ဘယ်သူ့ကိုမှ ဆရာမတင်ဘဲ သူ့နေရာနဲ့ သူ့အလိုက် ကောက်ပဲစိုက်ကြ၊ တိရစ္ဆာန်မွေးမြူကြတယ်။ မြို့တည်တာမှာလည်း အနောက်အာရှနဲ့ မပတ်သတ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ အမေရိက အလယ်ပိုင်းမှာ သူတို့အလျောက် သီးခြားမြို့ကြီးတွေ ထွန်းကားတာ ဖြစ်တယ် ဆိုတာကိုလည်း ချိုင်း (Childe) ကိုယ်တိုင် ပြန်ရေးမှာပါလို့ ပြောပါတယ်။
...

"ငါရေးတာကိုတော့ မပြင်လိုက်ကြပါနဲ့၊ ကိုယ့်ဘာသာပဲ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေမှာ ပြင်စရာ ဖြည့်စရာကို ပြင်ပါမယ်၊ အရှက်မရှိတဲ့အကောင်၊ သူ့အမှား သူမို့ လူပုံအလယ်မှာ ပြောနေတာ" လို့ သမိုင်းပညာရှင်ကြီး တစ်ဦးက ကဲ့ရဲ့ ဆဲဆိုဖူးပါတယ်။ အဲဒီပညာရှင်ကြီး နားမလည်တာက ဒါမျိုးဟာ သုတေသနထုံးနည်းအမှန် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ငါ့တပည့်ထဲက ငါရေးတာ ပြင်နိုင်တဲ့အကောင်ပေါ်ရင်ပေါ့လေ၊ သူ ပြင်ဖို့ ဖြည့်ဖို့ အများကြီး တွေ့မှာပါ။ ဒီလို မဖြည့် မပြင်နိုင်သမျှ ဒီဘာသာရပ် မတိုးတက်ဘူးလို့ ပြောရမယ်။ ဦးဖေမောင်တင်က တပည့်ဟာ ဆရာထက်တော်ရမယ်လို့ ပြောလေ့ရှိတယ်။

ဒေါက်တာလှဖေ ပြောဖူးတာတော့ "ငါ စာတမ်းတစ်စောင်ရေးပြီး ခြောက်လ၊ တစ်နှစ် ပစ်ထားလိုက်တယ်။ ပြီးတော့မှ ဘယ်စာစောင်ပို့ပြီး ပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်၊ အံမာ ငါ တယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့ အသိပညာ မတိုးဘူးမှတ်။ ကံကောင်းလို့ဟေ့ ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေ တွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါ အသိပညာတိုးလာပါကလားလို့ သိ"။ အဲဒီလို သူပြောတာလည်း သိပ်မှန်တယ်။ အဲဒါမျိုးကို ပညာရှင်ကြီး အခေါ်ခံရတဲ့ အဲ့ဒီလူက နားမလည်ဘူး။

တခါက မီးရထားလမ်း ကသာလမ်းခွဲက အင်းတော်မှာ ဆင်းပြီး လှည်းနဲ့ သွားရတဲ့ မန်လည်ဆရာတော်ရဲ့ မန်လည်ကျောင်းကို ပေ၊ ပုရပိုက် ဖတ်ဖို့ ကူးဖို့ ရောက်သွားတယ်။ 1968 လောက်က ဖြစ်မယ်။ အမွေဆက်ခံတဲ့ ဘုန်းတော်ကြီးက ဆရာတော် ကြည့်တဲ့ ကျမ်းတွေကို သပ်သပ်ရပ်ရပ် သိမ်းထားတယ်။ ဆရာတော် ရေးတဲ့ စာတွေလည်း ဒီလိုပဲ သိမ်းထားတယ်။ နေ့စဉ်သတင်းစာတောင် ရက်စွဲအလိုက် စီထားတယ်။ ဆရာတော်ရဲ့ အသုံးအဆောင်တွေလည်း ဒီလိုပဲ ကောင်းကောင်းထားတယ်။ မန်လည် ပိဋကတိုက်၊ မန်လည်ပြတိုက်လို့ ခေါ်လောက်ပါပေတယ်။ တို့လိုချင်တဲ့ ပေစာ၊ ပုရပိုက်စာတွေလည်း ဖတ်ခွင့်၊ ကူးယူခွင့် ပေးပါတယ်။ မငှားပါ။ ဆက်ခံတဲ့ ဘုန်းကြီးကို "ကိုယ်တော် ဘာကျမ်းတွေ ပြုစုပါသလဲ" လို့ မေးတော့...

"အိပ်သလေ၊ စားသလေ၊ အရင်လူ ရေးတဲ့ ကျမ်းတွေတောင် ဖတ်လို့ မကုန်သေးဘူး"

လို့ ပြောပါတယ်။

အခု ငါ့ ၇၆ နှစ် မွေးနေ့ (6th April 1999) မှာ ငါရေးတဲ့ စာအုပ် စာစောင်တွေ ခုံရှည်နှစ်ခုနဲ့ ခင်းပြတယ်။ ငါကြွားချင်လို့ ပြတာ မဟုတ်။ ဒီဘာသာရပ်မှာ "ငါ ဘယ်လောက် လုပ်ပြီးပြီ၊ မင်းတို့က ဘယ်က ဆက်လုပ်မယ်၊ ဘယ်ဟာဖြည့်မယ်၊ ဘယ်ဟာပြင်မယ် ဆိုတာ လုပ်ဖို့ အလုပ်တာဝန်လွှဲတာပဲ" လို့ ပြောတယ်။ အနားကပ်ပြီး ခါးထောက်ကြည့်ဖော်ရတဲ့ လူအရေအတွက်က လက်ချိုးရေလို့ရတယ်။ တစ်ကျိပ် မပြည့်ပါ။ မြန်မာ့သမိုင်း သုတေသနနယ်မှာ 1955 က 1995 ထိ အနှစ်လေးဆယ်မှာ မျိုးဆက်သစ် ၅ ယောက်ရရင် ကံကောင်းတယ် ပြောနိုင်တယ်။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

2 comments:

ဇွန်မိုးစက် said...

ဆရာကြီးနဲ့ ရီတာ မွေးနေ့အတူတူပဲနော်။း)

Bino said...

"အိပ်သလေ၊ စားသလေ၊ အရင်လူ ရေးတဲ့ ကျမ်းတွေတောင် ဖတ်လို့ မကုန်သေးဘူး"

Nice!