Tuesday, July 27, 2010

ဒေါက်တာ သန်းထွန်း (၅)

အသက် ၁၂၀ နေရတောင် ရေးဖို့မှန်းထားတာ ကုန်မယ် မထင်ပါ။ သူသူငါငါ ရေးကြပါ ခိုင်းပြန်ရင်လည်း ဘယ်လို စရမလဲ တစ်ခေါက်၊ ဘယ်ပုံရေးရမလဲ တစ်ခေါက်၊ ရေးပြီး စစ်ပေးပါဦး၊ အင်္ဂလိပ်လိုပြန်ပေးပါဦးနဲ့ အခါခါ အခေါက်ခေါက် ဖြစ်မယ်။ ကိုယ့်ဘာသာ ရေးလိုက်တာကမှ ပိုမြန်မယ်။ ဆလံတင်တယ် မျိုးဆက်သစ်ရယ် လို့ ငိုချင်းတစ်ပုဒ် ရေးချင်တယ်။

***
လန်ဒန်တက္ကသိုလ်မှာ နှစ်အကြာကြီး မြန်မာစာပါမောက္ခလုပ်ခဲ့တဲ့ ဒေါက်တာလှဖေက "သူ ရာထူး အဆင့်ဆင့် တက်သွားတာဟာ ဆရာသမားတွေက ထောက်ခံလို့၊ အမှီရှိလို့ ကြီးပွားတာ" လို့ ပြောတယ်။ ငါကတော့ ကြိုးစားလွန်းလို့ ဖြစ်ထွန်းတာလို့ စွဲစွဲမြဲမြဲ မှတ်ထားတယ်။ မှိုလို ထိပ်တုံးကြီးနဲ့ မြေက ထွက်တာ မဟုတ်။ မျှစ်လို ထိပ်ချွန်နဲ့ ထွက်လာတယ်ပေါ့။

***
* ပုဂံပိုင်နက် *

သုတေသန နှစ်ပတ်လည် ကွန်ဖရင့် 1969 အတွက် အနုပညာလူမှုသိပ္ပံစာတမ်း စစ်ဆေးလက်ခံတဲ့အဖွဲ့ ဥက္ကဋ္ဌက ဦးသိန်းဟန်၊ ငါက အဖွဲ့ဝင်။ မန္တလေးတက္ကသိုလ် သမိုင်းဌာန နည်းပြဆရာ ဧကိုက "ပုဂံလက်နက်နိုင်ငံတော်ကြီး" ဆိုတဲ့ နာမည်နဲ့ ပုဂံကျောက်စာသက်သက်ကို အသုံးပြုပြီး စာတမ်းတစ်ခုတင်တယ်။ ကျောက်စာမှာ မြန်မာတွေရဲ့လက်နက်နိုင်ငံဟာ မြောက်ဘက်မှာ ငဆောင်ချမ်းလို့ ပြောတဲ့အခါ အဲဒီ ငဆောင်ချမ်းဟာ ဘယ်အနားမှာလဲဆိုတဲ့ ပြဿနာကို ရှင်းရပါတယ်။ တရုတ်ဘက်ကလာရင် ရွှေလီမြစ်ကို ကူးပြီး တွေ့ရတဲ့ ကမ်းသီတာနေရာမှာလား၊ ဗန်းမော်ပဲလား၊ ဗန်းမော်က ဧရာဝတီအနောက်ဘက်ကမ်းကို ကူးတဲ့နေရာလား။ အဲဒါ အပြတ်မရှင်းနိုင်တောင် ဗန်းမော်နဲ့ ထမ်းပိုးထမ်း အရှေ့/အနောက် တစ်နေရာပဲပေါ့။ အရှေ့ဘက်မှာ သံလွင်မြစ်၊ ဒီလိုဆိုရင် သံလွင်မြစ် အနောက်ဘက်ကမ်း(Trans-ThanLwin) နဲ့ မဆိုင်ဘူး။ သံလွင်မြစ်အနောက်ဘက်(Cis-ThanLwin) ဟာ ပုဂံပိုင်နက်ဖြစ်တယ်။ တောင်ဘက်မှာ အနုရုဒ္ဓလက်ထက် တလ (ဒလ)၊ မင်လုလင်လက်ထက် ဗိတ် (မြိတ်)၊ ဣမ်တော်ရှင်လက်ထက် သလင်ကြေ (Cape Salang) လို့ ဆိုနိုင်တယ်။ အနောက် မစ္ဆဂီရိ (ချင်းတောင်တန်း)။


"အဲဒီလိုဆိုရင် မြန်မာနိုင်ငံဟာ သိပ်ငယ်နေမှာပေါ့" ဆိုပြီး ဦးသိန်းဟန်က ကန့်ကွက်ပါတယ်။ သူက အဲဒီတုန်းက မြန်မာသမိုင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ သူက ဇွတ်ပယ်တယ်။ အမျိုးသားရေးစိတ်ဓါတ်နဲ့ သူက အနိုင်ယူခဲ့တယ်။

နောင်တစ်နှစ် ကွန်ဖရင့်မှာ "နှစ်ဆယ်ရာစုနှစ် မြန်မာစကားပြေ" အကြောင်း စာတမ်းဖတ်တယ်။ နှစ်ဆယ်ရာစုနှစ် မြန်မာစကားပြေအကြောင်းပြောတာ ငါးမိနစ်မပြည့်ဘူး။ "အလေးအနက်မပြော၊ တိမ်တယ်" လို့ ငါ ဝေဖန်တယ်။ ကွန်ဖရင့် နောက်ဆုံးနေ့၊ နောက်ဆုံးနာရီမှာ သူက တစ်ဖွဲ့လုံးရဲ့ ဥက္ကဋ္ဌအဖြစ် နိဂုံးစကားပြောရာမှာ "ငါတို့တတွေဟာ နုသေးတယ်။ ရှေ့နောက် အဆင်အခြင်မရှိ၊ ပြောချင်တာ ပြောတယ်။ နောက်တော့ ယဉ်ကျေးလိမ္မာလာမှာပါ" လို့ သူမျှော်လင့်ပါတယ် တဲ့။

စာမေးပွဲ

ဘာသာရပ်သင်ရိုးကို ပြည့်စုံအောင် မသင်ရဘဲ စာစစ်တော့လို့ ခိုင်းတဲ့အခါ မေးခွန်းနောက်က "သင်သိသမျှ ရေးပါ" လို့ ထည့်လိုက်တယ်။ အောင်ချက်သိပ်ကောင်းတော့လည်း ငါက ဂုဏ်မယူပါ။ "နင်တို့တော်လို့ အောင်တယ်မထင်နဲ့၊ ငါ အအောင်ပေးတာ" လို့ ပြောရပါတယ်။ ဒေါက်တာ မောင်ဖြူး (ဂွမ်လျောင်) ကို သတိရတယ်။ "စာမေးပွဲကို တို့ လူတစ်ရာသွင်းတာ တစ်ရာ့တစ်ယောက် အောင်သကွ၊ တစ်ယောက်သေသွားတာ မသိလိုက်လို့" လို့ ပြောပါတယ်။


ခပ်ရှင်းရှင်းပြောတော့ စာမေးပွဲစနစ်ဟာ ကျောင်းသားအရည်အချင်းကို တကယ်မသိနိုင်ဘူး။ နောက် စာမေးပွဲမှာ မေးတတ်တဲ့ ပုစ္ဆာကိုပဲ ပိုင်ပိုင်ဖြေတတ်အောင် သင်ပေးတဲ့ ကျူရှင် ထွန်းကားလာတော့ ပိုပြီး ပျက်စီးသွားတယ်။ နောက်တမျိုးပြောတော့ ဘာသာရပ်ကို ကောင်းကောင်းမသိ မတတ်ဘဲ အမှတ်များများနဲ့ စာမေးပွဲအောင်နိုင်တဲ့ လမ်းစတွေ ထွင်ပေးတဲ့လူတွေနောက်ကို လိုက်ကုန်ကြလို့ ပညာရေးစနစ်ဟာ ပျက်သွားတယ်။ တဖက်က အရည်အသွေးကို နေ့စဉ် လစဉ်ကြည့်ပြီး အမှတ်ပေးတဲ့စနစ် (Credit System) ကို လုပ်ပြန်တယ်။ မလုပ်တတ်တော့ စာသင်တန်းဆရာ၊ ဆရာမက ကိုယ့်တပည့်တွေကို ကျောင်းခန်းအပြင် တစ်နေရာခေါ်ပြီး ကျောင်းသင်ခန်းစာပဲ သင်ပေးတယ်။ ကိုယ့်တပည့် ကိုယ်ပဲ အမှတ်အများကြီးပေးတဲ့ "ကျူရှင်သစ်" ပေါ်လာတယ်။

ရှင်းရှင်းပြောတော့ "ယိုင်တာကနေ ပြိုတယ်" လို့ ပြောရမယ်။ လူနည်းရင် စည်းကမ်းရှိအောင် ထိန်းဖို့ လွယ်တယ်ဆိုတဲ့စကား ရှိတယ်။ တက္ကသိုလ်မှာ လူနည်းရင် မကောင်းဘူးလားဆိုတာလဲ အဖြေတစ်ခုပါပဲ။

စာရေးဆရာ

စာကို မပြတ်ရေးနေတယ်၊ သုတေသနလုပ်လို့ အသစ်တွေ့ရှိတဲ့ အချက်ကို မပြောခဲ့ မရေးခဲ့ရင် ကိုယ်ရှာဖွေ တွေ့ရှိထားတဲ့ အသိသစ်ကို ကိုယ်သေတဲ့အခါ ဘယ်သူမှ ဆက်မသုံးနိုင်ဘဲဖြစ်မယ်။ အသိသစ်ရှာတဲ့အခါ နောင်လူနောင်သားတွေအတွက်ကို စေတနာထားပြီး လုပ်တာ မဟုတ်ပါ။ သူများ မသိသေးတာ ငါသိတယ် ဆိုတဲ့ ကျေနပ်ချက်က ရှေ့ဆောင်တယ်။ တကိုယ်ကောင်း စိတ်ထားတယ်လို့ ဆိုရပါမယ်။

ကျောင်းဆရာအနေနဲ့ စာသင်တန်းမှာ အသစ်တွေ့ရှိချက်ကို ထည့်ပြောတယ်။ စာနဲ့ရေးပြီး ကိုယ်တွေ့ရှိထားတဲ့ အကြောင်းအရာသစ်တွေကို စာတမ်းဖတ်ပွဲမှာ ဖတ်တယ်။ စာတမ်းကို သုတေသနစာစောင်တစ်ခုခုမှာ ထည့်တယ်။ နောက် စာတမ်းတွေများတော့ စုပြီး၊ စာအုပ်ကြီးတစ်အုပ် ရပါတယ်။ အဲဒါတွေဟာ သုတေသနလုပ်တဲ့လူတွေရဲ့ လုပ်ရိုးအစဉ်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ သုတေသနစာစောင် မထွက်တော့တဲ့အခါ အပျော်ဖတ်မဂ္ဂဇင်း (popular Journals & Magazine) တွေမှာ ထည့်ရတော့တယ်။ အပျော်ဖတ်စာအုပ်တွေမှာပဲ ဦးသိန်းဟန်တို့ တိုစိတိုစိရေးနေတုန်းက "ကျွန်တော် အတိုအထွာ မရေးဘူး" လို့ ပြောဖူးတယ်။ အဲဒါကို စိတ်ဆိုးသွားဟန်တူတယ်။ စာရေးဆရာ လင်းယုန်မောင်မောင် နဲ့ မုံရွာက အံ့မောင်အိမ်မှာ စာပေဆွေးနွေးပွဲကလေး လုပ်တဲ့အခါ မုံရွေးမှာ ဆွေးနွေးပွဲကလေး လုပ်တဲ့အခါ သူက "ငါ စာရေးတာ လက်သွက်ပါတယ်။ မြသန်းတင့်ကိုတော့ မမီဘူး" လို့ပြောပါတယ်။

အဲဒါဟုတ်ပါတယ်။ မြသန်းတင့် ရေးတဲ့စာမျိုး ငါ မရေးပါ။ ရေးပြီးတဲ့ စာအရေအတွက်ပေါ်မှာ ဂုဏ်မယူပါ။ ကိုယ် အထူးပြုလေ့လာတဲ့ ဘာသာရပ်မှာ တကမ္ဘာလုံးက အရင် ဘယ်သူမှ မပြောသေးတာ၊ မသိသေးတာကို ရှာပြဖို့ ကြိုးစားပါတယ်။ ရှာရတဲ့အခါ ကျန်ရစ်အောင် စာနဲ့ ရေးခဲ့ပါတယ်။ "ငါ စာရေးဆရာ မဟုတ်" လို့ သြဝါဒရေးပါဦး ခိုင်းတဲ့ လူတွေရဲ့ စာအုပ်ငယ်တွေမှာ စာလုံး ကြီးကြီးနဲ့ ရေးထည့်ပေးတယ်။ သူတို့ကလည်း ငါ့ကို စာရေးဆရာမှတ်လို့ ကြည်ညိုတာ၊ ခုတော့ ဘယ်လိုဟာကြီးလဲ မသိဘူး လို့ ကဲ့ရဲ့ကြမှာပါ။

ရသစာပေနဲ့ သုတေသန ယှဉ်ပြိုင်ခိုင်းနှိုင်းစရာ မလိုပါ။ ကျူရှင်ဆရာနဲ့ ကျောင်းဆရာ ဝင်ငွေအပြတ်အသတ်ကွာတာကိုလည်း ခိုင်းနှိုင်းစရာမလိုပါ။ ရက်တိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ ဆုတောင်းမယ့်အစား နောင်ဘဝကျရင် ဆရာဖြစ်ရပါလို၏လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။ အချုပ်ကတော့ ငါ စာရေးဆရာမဟုတ်။ ကျောင်းဆရာလား မေးရင်လည်း အဲဒါက ကာဗာစတိုရီ (Cover Story) ပါ။ ဗန်းပြကောင်းတယ်။ ကျောင်းဆရာက ဗန်းပြ၊ တကယ်လုပ်တာ သုတေသန၊ ပန်းချီဆရာ အောင်ခင် (၁၃ ဖေဖော်ဝါရီ 1923- ၁၄ မေ 1996) ပြောသလို ပန်းချီကားကို ရောင်းဖို့ မဆွဲ၊ ကိုယ့်အကြိုက်ပဲ ဆွဲတယ်။ ကိုယ်ကြိုက်တာနဲ့ ဝယ်သူကြိုက်တာ တိုက်ဆိုင်တဲ့အခါ ရောင်းရတယ်။ ကိုယ်လုပ်ချင်လို့ လုပ်တာပဲ။ အမိန့်တော် ပေါင်းချုပ် အတွက် တိုယိုတာက ငွေ ယန်းလေးသောင်း နှစ်ကြိမ်ပေးတယ်။ ငါ သုံးဖို့ မဟုတ်ဘူး။ စာအုပ်ရိုက်ဖို့။ ပြီးတော့ အလကားဖြန့်ဝေဖို့၊ စာအုပ်အတွက် ဂျပန်မှာ ၅ နှစ်၊ အမေရိကမှာ ၃ နှစ် နေနိုင်အောင် ဝိုင်းဝန်းကူညီတာက သုတေသနလုပ်ခလို့ အကြမ်းဖျင်းပြောနိုင်တယ်။ နည်းနည်းပိုတာနဲ့ အိမ်ဆောက်နေနိုင်တယ်။


***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့ အကြောင်း မှ ကောက်နုတ်ပါသည်)

***

5 comments:

ဇွန်မိုးစက် said...

ဆရာကြီးက ပရိယာယ်မသုံးဘဲ (လူအမြင်ကတ်မှာ ဂရုမစိုက်ဘဲ) စိတ်ရှိသမျှ ဟောဟောဒိုင်းဒိုင်း ချရေးသွားတာမျိုးကို ဖတ်ရင်းနဲ့ သဘောကျလာသလိုပဲ။

စိုးမင်း said...

ဒေါက်တာသန်းထွန်းကတော့ သူ့နယ်ပယ်မှာ ကြွားနိုင်လောက်တဲ့ပုဂ္ဂိုလ်ကိုး scanner ဖတ်တာမြန်မာပြည်သူအတော်ဆုံးကြွားတဲ့ ညီလင်းဆက်ကတော့ အပ်ချုပ်ဆိုင်ငါအတော်ဆုံးကြွားတဲ့ အပ်ချုပ်သမသာသာလောက်တော့ရှိတယ်လို့ အောက်မေ့မိတယ်

Rita said...

ိကိုယ်ကျ နှစ်ယောက်စလုံးကို ကြွားနေတယ်လို့ကို ထင်လို့ မရတာပါ။

Shinlay said...

လာဖတ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Bino said...

စာမေးပွဲမှာ မေးတတ်တဲ့ ပုစ္ဆာကိုပဲ ပိုင်ပိုင်ဖြေတတ်အောင် သင်ပေးတဲ့ ကျူရှင် ထွန်းကားလာတော့ ပိုပြီး ပျက်စီးသွားတယ်။ နောက်တမျိုးပြောတော့ ဘာသာရပ်ကို ကောင်းကောင်းမသိ မတတ်ဘဲ အမှတ်များများနဲ့ စာမေးပွဲအောင်နိုင်တဲ့ လမ်းစတွေ ထွင်ပေးတဲ့လူတွေနောက်ကို လိုက်ကုန်ကြလို့ ပညာရေးစနစ်ဟာ ပျက်သွားတယ်။
Including corruptions in .