Wednesday, April 14, 2010

ပိုက်ကွန်ယက်ချိန်



ဒီလိုနဲ့ပဲ သူ့ကြောင့် နေ့၊ ရက်၊ အချိန်၊ နာရီ တို့က ကိုယ့်အတွက် ချိုမြ လှိုက်လှဲလာကြသည်။

သူ ဆိုသော အသိဖြင့် လောကထဲ တိုးဝင် ရှင်သန်ရသည်က ဘယ်တုန်းကနှင့်မှ မတူသလို...

သူ နှစ်သက်သည် ဆိုသည့် သီချင်းတစ်ပုဒ်ကပင်လျှင် ရင်ခွင်ထဲ အသည်းနှလုံးကို မိမိရရ လှုပ်ခါနိုင်စွမ်းသည်။ သူ ဖတ်နေသည့် စာအုပ် တစ်အုပ်ကပင်လျှင် အာရုံတွေကို လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသည်။

သူ့ အမှတ်တမဲ့ လေချွန်သံ သဲ့သဲ့လေး ကြားလျှင်ပင် ဖမ်းဆုပ် သိမ်းဆည်းချင်မိပြီ။

ဘေးဘီကိုမှ သတိမထားမိလေဟန် မြောက်ကြွ ပေါ့ပါးစွာဖြင့် သူ လျှောက်လှမ်းလာတာ မြင်ရချိန်တိုင်း ကိုယ့် နှလုံးသားရဲ့ ဟိုးအတွင်းပိုင်းမှာ သံစဉ် တမျိုးစီ ရှိတဲ့ ဆည်းလည်းလေးတွေက နူးညံ့စွာ တချက်ချင်း တချက်ချင်း... လွင့် ပါး က ခုန် လာကြသည်။

အဲဒီ အသံလေးတွေက တိုးတိတ်သော်ငြား ဝေစည် ပျံ့လွင့် လို့နေတတ်သည်။

သူ လှမ်းလျှောက်လာရင်း လေတိုက်လို့ ဆံပင်ကလေးတွေ နဖူးပေါ်က လွင့်နေတာကို မြင်ရတဲ့အခါ ကိုယ်သာ သပ်တင်ပေးချင်စိတ်နဲ့ တိုက်တဲ့လေကို ရန်လိုမိတတ်သည်။

ကျောပိုးအိတ်ကို ပုခုံးပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လွယ်ပစ်ပြီး ဘေးနားက သူငယ်ချင်း တစ်ယောက်ယောက်ကို စကားလှမ်းပြောရင်း သူ ခပ်ဟားဟား ရယ်မောလိုက်လျှင် "အချစ် ဆိုတာ သူ့ဆီမှာပဲ ရှိတာပါ" ဟု တွေးတော မိတတ်သည်။

သူ အမှတ်တမဲ့ လှမ်းကြည့်လိုက်လျှင်ပဲ တစ်နေ့လုံးစာ အသက်ရှူလို့မဝ ဖြစ်တတ်သည်။

မလှပတဲ့ လက်ရေးစောင်းကလေးတွေပါတဲ့ သူ့ စာအုပ်ကလေးကို ခပ်ဖွဖွ ပွတ်သတ် ထိကိုင် ကြည့်ချင်မိသည်။

သူ့အင်္ကျီလက်ဖျားလေးကို ခေါက်တင်ပေးချင်မိသည်။

သူ တပိုင်းတစ ညည်းဆိုတတ်တဲ့ သီချင်းမှန်သမျှ ချက်ချင်း ပြန်ရှာ နားထောင်မိတတ်သည်။

သူ့ အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်လှသည်။

သူ့ wallet လေးထဲမှာ ရှိနေတယ် ဆိုတဲ့ ကောလဟလ ကြားရတဲ့ ကိုယ့် ဓါတ်ပုံ ခပ်ဝါးဝါးလေးကို သူ ဘယ်တုန်းက ရိုက်ယူခဲ့သလဲ မေးကြည့်ချင်လှပြီ။

ကိုယ့် နောက်နားကနေ စကားတခွန်း မဆိုဘဲ သူငယ်ချင်းတစ်ယောက်နဲ့ အတူ လျှောက်လိုက်လာတတ်တဲ့အခါ သူ့မျက်နှာပေါ်မှာ ဘယ်လို အရိပ်အရောင်လေးတွေ ရှိနေမလဲ နောက်ပြန် မလှည့်ဘဲ ကြည့်မြင်ချင်လှသည်။

ကိုယ် မရှိခိုက် မမြင်လိုက်ရဘဲ သူ ပြုံးလိုက်မယ့် အပြုံးတွေ၊ ရယ်မော စကား ဆိုသံတွေ၊ သူ့ လှုပ်ရှားမှုတွေ အကုန်လုံးကို နှမျောတသ မဆုံးပြီ။

သူ့ အပြုံးထဲမှာ ကိုယ့် အပြုံး

သူ့ ရယ်မောသံထဲမှာ ကိုယ့် အပြုံး

သူ့ စကားသံထဲမှာ ကိုယ့် အပြုံး

သူ့ လှုပ်ရှားမှုတွေထဲမှာ ကိုယ့် အပြုံး

"အချစ်" ဆိုတာကိုက ရင်ထဲကနေ နှစ်သိမ့်စွာနဲ့ စီးဆင်းလာတဲ့ "အပြုံးတစ်ပွင့်" ဖြစ်လိမ့်မည်။

***
(မောင့်ကို ဘာဖြစ်လို့ ချစ်ခဲ့တာလဲ လို့ တစ်ယောက်ယောက်ကများ မေးလာမည် ဆိုလျှင် ဘာမှ ပြန်မဖြေဘဲ ပြုံး၍သာ နေမိမည်။)

***
(ငယ်ငယ်တုန်းက ရေးထားတဲ့ စာ။ မနှစ်က April မှာ တင်ခဲ့ဖူးတယ်။ ပြန်တင်ချင်လာလို့...)

***

10 comments:

Vista said...

း) ... အဲလိုလေးပဲပြုံးသွားတယ် ..

ဇွန်မိုးစက် said...

ခုမှဖတ်ဖူးတာ။

ဂျူးရေးတာရော၊ ရီတာရေးထားတာရော ကြိုက်တယ်။

ပိုက်ကွန်ယက်ခဲ့ဖူးတဲ့အချိန်တွေကို အောက်မေ့သွားတယ်။ အချိုမြိန်ဆုံးကာလေတွေပါပဲ။ ....း)

Unknown said...

ဘုရား ဘုရား၊ အဲလို အနုအရွတွေဖတ်ရတာ ကြက်သီးတောင် ထတယ်။ ဟီးဟီး။
နှစ်သစ်မင်လာပါ။

Rita said...

နှစ်ကူးမှာ အဲလို ကြက်သီးဖြန်းဖြန်းထအောင် တမင် လုပ်ပစ်လိုက်တာ။

:D

Unknown said...

မိန်းကလေး အချစ်ပေါ့? ရေးထားတာလေးကိုဖတ်ပြီး နွေးထွေးသွားတယ်။ စကားမစပ် Wallet ထဲက ဓါတ်ပုံလေးအကြောင်းတော့ အခုသိပြီပေါ့နော်။ Happy New Year, Rita.

SHWE ZIN U said...

မဖတ်ရသေးရင် အသစ်ပေါ့နော်...
မခင်ဦးမေ ပြောသလို အခုတော့ ဘာဘဲလုပ်ပြပြ ရင်မခုန်တော့ပြီ..

ခင်တဲ့
ရွှေစင်

ချစ်ကြည်အေး said...

အချစ်ထဲ ကူးခပ်ပျော်ဝင်နေတဲ့ မိန်းကလေးတယောက် ပေါ့နော်...၊ ညီမရဲ့ ခံစားချက်ပေမဲ့ ချစ်ကျွမ်းဝင်နေတဲ့ မိန်းမသား အားလုံးကို ကိုယ်စားပြုနေတဲ့ စာလေးတပုဒ် ပါ ...အဖွဲ့လေးက ချစ်ဖို့ သိတ်ကောင်းတာပဲ ညီမ ရီတာ

မိုးဦးစံပယ် said...

ကြည်နူးစရာလေးနော်။

တန်ခူး said...

ဒါလေးဖတ်ပြီး အသက်တွေ ပိုငယ်သွားသလိုပဲ… မောင့်ကို ဘာကြောင့်ချစ်ခဲ့တာလဲလို့  တယောက်ယောက်ကများမေးလာခဲ့ရင်… walletထဲက ဓာတ်ပုံလေးကို သားတွေ့ ခါစက တို့ ကို မမှတ်မိဘူးလေ… ကွာသွားတာပြောပါတယ် ညီမရေ…

:P said...

တကယ်အဲလိုခြစ်တာလား၊ စာထဲမှာမို့ နည်းနည်းပိုရေးတာလား.......ငှင်