Monday, January 11, 2010

လတ်တလော

1) သိပ်သဘောကျနေမိတာ...
Mark ဆီမှာ တွေ့တဲ့ ဆောင်ပုဒ် "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ ပိုဆိုးလျှင် ဆိုးမည်။"

ကိုယ့်အာဘော်နှင့် ပြင်ရေးချင်မိသည်။ "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ အနည်းဆုံး နှစ်ဆပိုဆိုးမှာ သေချာသည်။"

2) ဖတ်ရင်း ဘဝင်ကျနေမိတာ...
တေဇာ ရဲ့ တောမီး

3) မှန်တယ်လို့ တွေးနေမိတာ...
လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် ဆီက မမြတ်နိုး က ပြောသွားတဲ့... "မြန်မာပြည်ပြန်လည်း စက်ရုပ်ပဲ ဖြစ်မှာပဲ။ အလုပ်ကလည်း မသေမချင်း လုပ်နေမိမှာ။ အလုပ်လုပ်နေသရွေ့လည်း ဒီလိုပဲ နေ့စဉ်ဘဝ သံသရာလည်နေရမှာ။ နိုင်ငံခြားထွက်မိလို့ စက်ရုပ် ဖြစ်နေရတာ မဟုတ်ဘူး" ဆိုတာ...

ချစ်တဲ့သူ (တွေ) နဲ့တော့ ဝေးနေရတာပေါ့။ ဒါကလည်း ဘယ်သူကမှ တွန်းပို့ထားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာရွေးတဲ့ လမ်းပဲ။
ကိုယ့်ဘာသာ လျှောက်ပေတော့...


4) ဘာလဲဟ လို့ စဉ်းစားနေမိတာ...
နိုင်ငံရေးနှင့် လူမှုရေး သဘောသဘာဝချင်းမှာ မည်သို့မျှ မသက်ဆိုင်လေ။ (စိတ်ပါဝင်စားသူများက သူနှစ်သက်ရာ လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်လိမ့်မည်။ ဘာမှ စိတ်မဝင်စားလို့ ဘာမှ မလုပ်သူများ ရှိလည်း သူ့ဘာသာ မလုပ်ချင်လို့ မလုပ်တာ ဝေဖန်ရန်အကြောင်းမရှိ။)

ထို့ကြောင့် နိုင်ငံရေးကို ဝေဖန်မှတ်ချက်ပြုခြင်းအား မကျေလည်သောအခါ တိုက်ရိုက်ပြောဆိုခြင်း မပြုဘဲ လူမှုရေးလုပ်သူများနှင့် ပမာပြု၍ (သူတို့ဒီလို သူများအတွက် ဝင်လုပ်ပေးတာ ကိုယ်မလုပ်ဘဲ ဝေဖန်ရကောင်းလားဟူ၍) ပေးသော ဥပမာများလောက် လူကို အူတူတူဖြစ်စေတာ မရှိ။

လူမှုရေးသမားများအား ဝေဖန်ပြစ်တင်ရလောက်အောင် စိတ်ဝင်စားစရာ မရှိ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နိုင်ငံအုပ်ချုပ် မင်းလုပ်မည့်သူများ မဟုတ်သောကြောင့်တည်း။

အမှန်တော့ လူမှုရေးဆိုသည်မှာ လူတိုင်း အနည်းနဲ့ အများတော့ ပါဝင်ပတ်သတ်ဖူးမည်သာ။ သို့သော် ပြောလိုရင်း မဟုတ်၍ ဆက်မပြောလို။

မလုပ်ဖူးသဖြင့် ဝေဖန်ရန်မသင့် ဆိုပါက... ယခု လက်ရှိလူများအားလည်း ဝေဖန်မနေနှင့်။ ကိုယ်လုပ်ဖူးတာ မဟုတ်။ မတော်လို့ ကံအကျိုးပေးနည်းလို့ သူတို့နေရာများ ကိုယ် ရောက်ခဲ့ရင် သူတို့လို မဖြစ်ဘူးလို့ ဘယ်သူမှလည်း အာမခံနိုင်တာ မဟုတ်။ ထို့ကြောင့် မဝေဖန်ကြနှင့်။ <<< ထိုသို့ပြောလျှင် မည်သူ လက်ခံပါမည်နည်း။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းမကျသောကြောင့် ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ လုပ်သူများ၏ အရေးကိစ္စသက်သက် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့အတူ ကိုယ်မကျေလည်သူများကိုသာလျှင် ဝေဖန်ရသော၊ ကိုယ်ကျေနပ်နှစ်သက်သူများကိုတော့ ကာကွယ်ပြောဆိုရသော အလုပ်ဟုလည်း မမြင်ချေ။ ကိုယ်ကျေနပ်သော်လည်း သူများအတွက် မေးခွန်းထုတ်စရာ ဖြစ်ချင်ဖြစ်နေမည်။ ထိုအခါ ကိုယ့်ဘာသာ ကျေနပ်နေလို့ သူများက ပြောဖို့ မသင့်တော်ဟု ယူဆပါက ဘာကြောင့်များ ဒီမိုဒီမို အော်နေပါသနည်း။

(မှတ်ချက် ။ နိုင်ငံရေးကိစ္စ အတွက် ပြောခြင်းဖြစ်သည်။ လူမှုရေးကိစ္စအတွက် ပြောခြင်းမဟုတ်။ နိုင်ငံရေးဟု ခေါင်းစဉ်တပ်၍ တိုက်ရိုက် ဝင်မဆွေးနွေးချင်သူများ လူမှုရေးနှင့် ဥပမာပြု၍ မှတ်ချက်ပေးရန် မလိုပါ။)

4 comments:

Bino said...

1) သိပ်သဘောကျနေမိတာ...
Mark ဆီမှာ တွေ့တဲ့ ဆောင်ပုဒ် "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ ပိုဆိုးလျှင် ဆိုးမည်။"

ကိုယ့်အာဘော်နှင့် ပြင်ရေးချင်မိသည်။ "သင်​ကောင်းလျှင် ကျွန်ုပ်​မဆိုးပါ။ သင်​ဆိုးလျှင် သင့်ထက်​ အနည်းဆုံး နှစ်ဆပိုဆိုးမှာ သေချာသည်။"

So Bad!

I you got that idea you will keep negative mind and trouble to yours enemies.

Never peace.

BINO

Rita said...

စေတနာနဲ့ သတိပေးတာ ကျေးဇူးပါ အန်ကယ်။

ကျွန်မမှာ ကျွန်မက ရန်သူလို့ သတ်မှတ်တဲ့သူ (online လောကမှာ) မရှိပါ။

လူတစ်ယောက်ကို ရန်သူလို့ သတ်မှတ်ဖို့ အင်မတန် ခဲယဉ်းပါတယ်။

ဘာဖြစ်လို့ဆိုတော့ လူတစ်ယောက်ကို ရန်သူလို့ သတ်မှတ်ဖို့ရာမှာ ပထမဆုံးလိုတဲ့ အချက်က - အဲဒီလူဟာ ကိုယ့်ဘဝမှာ တော်တော်ကို အရေးပါတဲ့ အရေးကြီးတဲ့လူ ဖြစ်နေမှ ရပါမယ်။

နေ့စဉ်ဘဝမှာ ပါဝင်ပတ်သတ်သူ ဖြစ်နေမှလည်း ရပါမယ်။

ကိုယ့်ဘဝကို သူ့လုပ်ရပ်တွေက တိုက်ရိုက်အကျိုး သက်ရောက်မှုလည်း ရှိနေရပါဦးမယ်။

ခုချိန်ထိ ကံကောင်းတာက အဲလိုလူတွေထဲမှာလည်း ရန်သူဖြစ်လောက်တဲ့သူ မပါခဲ့ဘူး။

:)

Andy Myint said...

ကျွန်တော်လည်း လက်တလော ကိုတေဇာ စာတွေ ဖတ်နေမိတယ်။ ပို့စ်မော်ဒန်တွေ ဘာတွေ စိတ်မ၀င်စားပါဘူး။ သူရေးထားတဲ့ စတိုင်တွေကို ကြိုက်တာပါ။ သူများဘလော့ လာပြီး တခြားအကြောင်းတွေ ပြောနေမိပြီ။ အကြိုက်တူတယ် ပြောတယ်ပဲ မှတ်ပေးပါ။ :)

Moe Tain Nyo said...

ပြောရတော့ ခက်တယ်။ တစ်ချို့ အခြေအနေတွေ မှာမှန် ပြီး တစ်ချို့ အခြေအနေတွေမှာ တော့ မှန်ဖို့ မလွယ်ဘူး လို့ ထင်ပါ့။