Showing posts with label Juu. Show all posts
Showing posts with label Juu. Show all posts

Monday, August 8, 2011

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

ထိုနှစ်ပိုင်းအတွင်း သူနှင့် ကျွန်တော် ရံဖန်ရံခါဆိုသလို ခပ်စိပ်စိပ်တွေ့ဖြစ်ကြ၏။ တစ်ခါတစ်လေ ကျွန်တော့်ဇနီးကိုခေါ်ကာ သူ့အိမ်သွား တစ်နေကုန် စကားပြောဖြစ်သည်။ ထူးအိမ်သင် ဟု ဖြစ်လာသော သူ့ဘဝဇာတ်ကြောင်းကို ပြောပြတော့ တော်တော်ပင်ပန်းတာကို တွေ့ရ၏။

ငယ်စဉ်က စာဖတ်ဝါသနာပါသော၊ ကဗျာရေးဝါသနာပါသော၊ ဂီတကိုဝါသနာပါသော သူ့ကို လက်မခံဘဲ ဆုံးမထိန်းကွပ်မှုများသော သူ့ဖခင်အပေါ်တွင် သူ သိပ်ကျေနပ်ပုံမရ။ ထိုကြောင့်ပင် လွပ်လပ်မှုနှင့် ဝါသနာနောက်ကိုလိုက်ရန် သူ အိမ်ကထွက်ခွာခဲ့ခြင်း ဖြစ်မည်။

“ဆရာမကြည်အေး ပြောတဲ့စကား သိပ်မှန်တယ်ဗျာ၊ ကလေးဆိုတာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ ကိုယ်က ပြုစုစောင့်ရှောက်ပေးရမယ့် တာဝန်​ပဲရှိတယ် ဆိုတာ... ကျွန်တော်တော့
မိကွန်ထောကို ဘယ်တော့မှ မချုပ်ချယ်ဘူး၊ သူလုပ်ချင်တာကို လုပ်ပဲ၊ အန္တရာယ်ရှိနိုင်တဲ့ကိစ္စ ဆိုရင်တော့ နားလည်အောင် ရှင်း​ပြတယ်၊ သူ လက်ခံအောင် ကြိုးစားတယ်၊ ကျွန်တော်တို့အလုပ်က ဒီလောက်ပဲဗျ”

သူသည် သူ့သမီးနှင့်ပတ်သက်၍ ကြီးမားသော မျှော်လင့်ချက်ကို မထား​၊ လှပသော လွပ်လပ်သန့်ရှင်းသော အနာဂတ်ကိုသာထားသူ ဟု ကျွန်တော်ထင်သည်။ တစ်နေ့ ကျွန်တော် မိုးရွာကြီးထဲ ထီးမပါ ဘာ​မပါဘဲ သူ့အိမ်ကို ရောက်သွားသည်။ သူ အိပ်နေလျှင်လည်း မိုးခိုပြီး ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော် သူ အိပ်မနေပါ။ ကျွန်တော့်ပုံကိုကြည့်ကာ ဘယ်လိုဖြစ်လာတာလဲ ဟုဆိုကာ ရယ်သည်။ ကျွန်တော့် အင်္ကျီကိုချွတ်ကာ သူ့အင်္ကျီနှင့်လုံချည်ကို လဲရသည်။ ပြီးတော့ ချမ်းနေသဖြင့် သူသောက်နေ​သော ဘလက်ကော်ဖီကို ကောက်ကာ သောက်လိုက်သည်။ ခပ်နွေးနွေး ဘလက်ကော်ဖီသည် လည်ချောင်းထဲကို စူးရှစွာ စီးဝင်သွား၏။ ကျွန်တော် တအံ့တသြ မော့ကြည့်တော့ သူက ပြုံးပြသည်။

“ဘလက်လေဘယ်ရောထားတာ။ ချလိုက်၊ နွေးသွားတာပေါ့၊ ခင်ဗျား ဘလက်ကော်ဖီနဲ့ အရက်နဲ့ မသောက်ဖူးဘူးလား”

ကျွန်တော်ကတော့ ရေနဲ့ပဲ တီးတာ”

“မိသွယ် ဖျော်ပေးလိုက်ပါဟာ။ ကိုရဲဝင်း အချမ်းပြေသွားအောင်”

မသွယ်က ကျွန်တော့်ကို တစ်ခွက်စပ်ကာ ဖျော်​ပေးသည်။ အဲဒီနေ့က သူ ကျွန်တော့်ကို စကားအဆန်းတစ်ခု ပြောသည်။

“ကိုရဲဝင်း၊ ခင်ဗျားမှာ ဂျူဂျစ်ဆုတတ်တဲ့ ဆရာအသိတွေ ဘာတွေ မရှိဘူးလား”

“ဟာဗျာ… ကျွန်တော့်ပုံစံနဲ့ အဲဒါတွေနဲ့ ဘာဆိုင်လို့လဲဗျာ”

“မဟုတ်ဘူးလေဗျာ၊ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဘာနဲ့ ပတ်သတ်ပြီးတော့လေဗျာ”

“မရှိဘူးဗျ၊ ကိုငှက် ဘာလုပ်မလို့လဲ၊ ဒီအရွယ်ကြီးကျမှ လက်ရုံးအားကိုးစရာတွေ ရှိသေးလို့လား”

ကျွန်တော့်အတွက်မဟုတ်ဘူး ကိုရဲဝင်းရ၊ မိကွန်ထောအတွက်”

“မိကွန်ထောအတွက်”

ကျွန်တော်သည် အနားမှာကစားနေသော မိကွန်ထောကိုကြည့်ကာ တအံ့တသြမေးမိသည်။

“ဟုတ်တယ်ဗျ၊ ဒီပညာက အနားကို ကပ်လို့မရအောင် ကာကွယ်တဲ့ပညာဗျာ၊ ကျွန်တော့်သမီး ကြီးလာရင် သူက သဘောတူလို့ကတော့ ဘာပဲဖြစ်ဖြစ်ဗျာ၊ သူ့စိတ်ထဲက သဘောမတူတဲ့၊ သူ မနှစ်သက်တဲ့လူက ယောက်ျားဗလအားကိုးနဲ့ သူ့ကို အနိုင်ကျင့်မှာ ကျွန်တော် စိုးရိမ်မိတယ်၊ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက်​ ကိုယ်ခံပညာတစ်ခုခု သူ့ကိုသင်ပေးထားချင်တယ်၊ သူ တတ်ထားစေချင်တယ်”

ကျွန်တော် အားရပါးရ အချိန်တော်တော်ကြာအောင်​ကို ရယ်မိသည်။ ကျွန်တော်ရယ်သည့်အတွက် သူ ကျွန်တော့်ကို သိပ်ကျေနပ်ပုံမရ၊ ထိုအချိန်တွင် မိကွန်ထောမှာ ငါးနှစ်အရွယ်သာ ရှိသေးသည်။ အရုပ်ကလေးတွေနဲ့ ကစားကောင်းတုန်း။

“ခင်ဗျားက ဘာကိုရယ်တာလဲ”

“ကိုငှက်ရာ မိကွန်ထောက ကလေးရှိပါသေးတယ်၊ မဟုတ်သေးပါဘူးဗျာ”

“ဒီအရွယ်ကစပြီး အခြေခံသင်ထားမှဗျ”

“ကိုငှက်က ကိုယ့်သမီး ကိုယ်ကြည့်ပြီး အတွေးတွေ ဘယ်အထိရောက်သွားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စောပါသေးတယ်ဗျာ”

ကျွန်တော်ပြောတော့ သူက လေးလေးနက်နက် စဉ်းစားနေသည်။

“မဟုတ်ဘူးဗျာ၊ ကျွန်တော့်သမီးက မိဘတွေအပေါ်မှာပဲ အားကိုးနေတာ မလိုချင်ဘူး၊ ကျွန်တော်တို့လည်း သူ့ကို အချိန်ပြည့် နေရာတိုင်း စောင့်ရှောက်နေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရမယ်ဗျာ။ ကာကွယ်နိုင်တဲ့ အရည်အချင်းလည်း သူ့​မှာ အပြည့်အစုံ ရှိထားရမယ်”

သူက လေးလေးနက်နက်ကို ပြောနေသည်။ ကျွန်တော် မရယ်တော့ဘဲ စဉ်းစားမိ၏။

သူ ဖခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူကို စိုးရိမ်သည်။ သို့သော် သူစိုးရိမ်ပုံက သမီးပညာတတ် မဖြစ်မှာ (အတန်းထဲမှာ ပထမတို့ ဘာတို့ မရမှာမျိုးကို ဆိုလိုသည်)၊ သူများဝတ်သလို မဝတ်ရ မစားရမှာ၊ လောကအလယ်မှာ တင့်တင့်တယ်တယ် မနေရမှာ စသည်ဖြင့် သာမန်မိဘတွေ စိတ်ပူသလိုမျိုး ပူခြင်းမဟုတ်၊ သမီးဖြစ်သူ၏ စိတ်လွတ်လပ်ခွင့်ကို​ အစော်ကားခံရမှာကို ပူခြင်းဖြစ်သည်။ တော်တော်လေး ထူးဆန်းသည်ဟုလည်း ဆိုနိုင်ပါသည်။

“ကိုငှက်ရယ် မိန်းကလေးတွေမှာ ကျွန်တော်တို့သင်မပေးရဘဲ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နည်းတွေကို အလိုလျောက် တတ်ထားတာရှိပါတယ်၊ သိပ်စိတ်ပူမနေပါနဲ့”

ကျွန်တော် နှစ်သိမ့်သည်။ သို့သော် သူ ကျေနပ်ပုံမရ။

“မဟုတ်သေးဘူးဗျ၊ ဒီခေတ်က ဒီလိုမဟုတ်ဘူး၊ မဟုတ်ဘူးဗျာ ခင်ဗျားမှာ မရှိရင်လည်း ကျွန်တော် စုံစမ်းဦးမယ်၊ ကျွန်တော်လည်း အရင်တုန်းက သင်ဖူးတယ်၊ ကျွန်တော်သင်တာက သိုင်းပြောင်းပြန်ဗျ၊ အခုတော့ အားလုံး အဆက်အသွယ်ပြတ်ကုန်ပြီ၊ စုံစမ်းရင်တော့ ရနိုင်ပါတယ်”

ညနေ ခြောက်နာရီလောက်မှာ မိုးက စဲသွားသည်။ မသွယ် စပ်ပေးသော ဘလက်လေဘယ်နှင့် ဘလက်ကော်ဖီလည်း သုံးခွက် ကုန်သွားပြီ။ ကျွန်တော် ပြန်ရန် သူ့ကို နှုတ်ဆက်သည်။ သူက ငုတ်တုတ်ကလေးထိုင်ကာ ဆေးပေါ့လိပ်​ကို မီးခိုးတထောင်းထောင်းထအောင် ဖွာရင်း တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။

ကျွန်တော် သူ့အင်္ကျီ သူ့ပုဆိုးကို ဝတ်ကာ ပြန်လာရင်း လမ်းမှာ စဉ်းစားမိသည်။ သူဟာ တော်တော် တစ်ဘက်စွန်းရောက်တာပဲ... ဟု ဖြစ်သည်။ နောက်တော့ ရယ်ချင်သွားသည်။ ငါကရော ဘာထူးလို့လဲ ဆိုသော အတွေးကြောင့်ဖြစ်၏။ ဒါကြောင့် သူနှင့်ကျွန်တော် ခင်နေတာလည်း ဖြစ်နိုင်ပါသည်။

***
(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

(facebook, Htoo Eain Thin fan club မှ member 'Bob Dota' ကူးတင်ထားသော ပို့စ်မှ တပိုင်းတစကို copy & paste ပြန်လုပ်ထားသည်။)

***
Bob Dota အား ကျေးဇူးအထူး။ ကိုယ့်ဘာသာဆို ပြန်တင်ချင်တောင် စာအုပ်က အနားမှာ မရှိဘူး။

***

Tuesday, June 28, 2011

ကိုယ် နှင့် ဂျူးများ (၂)

ကိုယ် နှင့် ဂျူးများ

* ချစ်ခြင်း၏ အနုပညာ

သစ်ပင်တွေနေရာမှာ တခြားတခုခု အစားထိုးပြီး ရေးလို့မရဘူးလား၊ ဥပမာ - ပန်းချီကားဖြစ်ဖြစ်ပေါ့ လို့ တစ်ယောက်က ပြောဖူးတယ်။ ပြုပြင် ပျိုးထောင် လိုက်လျောလို့ရတာ၊ ပြုပြင် ပျိုးထောင် လိုက်လျောမှုကို လိုအပ်တာ သက်ရှိတွေပဲ မဟုတ်ဘူးလား။ ပန်းချီကားတစ်ချပ်က ပန်းချီဆရာတစ်ယောက်ရဲ့ အနုပညာစိတ်၊ အတတ်ပညာစိတ်နဲ့ ပြုပြင်ဖန်တီးတာ ခံရနိုင်ပေမယ့်၊ ပန်းချီကားဆိုတာ လိုအင်တို့ လိုအပ်ချက်တို့စတဲ့ ဆန္ဒတွေမရှိတဲ့ ဖန်တီးခံသက်သက် သက်မဲ့ပစ္စည်းတစ်ခုသာပဲ။

သက်ရှိတွေရဲ့ကြားမှာ ဆက်စပ်ချည်နှောင်ပေးတဲ့ ချစ်ခြင်းတရားကို ပြဆိုဖို့ရာ (လူ၊ သတ္တဝါကို မသုံးဘူးဆိုရင်တော့) သစ်ပင်ထက်ကောင်းတဲ့ သင်္ကေတ ရှိမယ် မထင်တော့ဘူး။

"တချို့အပင်က တဝက်တပျက် အရိပ်ကို ကြိုက်တယ်။ တချို့အပင်က တောက်ပတဲ့ နေရောင်ကို ကြိုက်တယ်။ အပင်တွေရဲ့ လိုအပ်မှုအလိုက် ကိုယ်က နေရာချထားပေးတယ်။ မင်းက နည်းနည်းလေးမှ နားမလည်ဘဲ နေရာရွှေ့တယ်။ ဥယျာဉ်ပညာဟာ မျက်စေ့ပသာဒတစ်ခုတည်း အပေါ်မှာ ဆုံးဖြတ်လို့ မရဘူး။"

(ချစ်ခြင်း၏ အနုပညာ)

လွန်ခဲ့တဲ့ နှစ် 40 ပတ်ဝန်းကျင် အညာမြို့လေးတမြို့က သူသင်ချင်တဲ့ပညာ သင်ပြီး အိမ်က လုပ်ငန်းကိုဦးစီးချင်တဲ့ လေးဘာသာဂုဏ်ထူးရှင် ကောင်လေးတစ်ယောက်ကို မိဘဆွေမျိုးတွေ၊ ရပ်ဆွေရပ်မျိုးတွေ၊ ဆရာသမားတွေက အတင်းအကြပ်ဝိုင်းပြီး သူတို့တက်စေချင်တဲ့ ကျောင်းကို ပို့လိုက်ကြတယ် ဆိုတာ ခုတော့ ပုံပြင်လိုပဲ။

စေတနာဆိုတာ အမျှော်အမြင်မပါရင်၊ အဲဒီ စေတနာကို ခံယူရမယ့် တဘက်သားရဲ့အခြေအနေကို နားလည်သိမြင်တတ်မှုမပါရင် အတော် အငြင်းပွားစရာကောင်းတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုယ်ပိုင်ဘဝရှိတယ်။ အဲဒါကို စေတနာတချို့က ဖန်တီးနိုင်တယ်။ စေတနာတချို့က ဖျက်ဆီးနိုင်တယ်။

***
"ကိုယ်နဲ့အတူ လိုက်နေသမျှ နှစ်နှစ်တာကာလမှာ ကိုယ် ဘယ်လို ကြိုးစားဆွဲခေါ်ခေါ် မင်းအတွက် နေသားတကျမဖြစ်ဘူး။ မင်းရဲ့ အသုံးဝင်မှုဟာ ဘာလဲဆိုတာ မင်းကိုယ်မင်း မသိဘူး။ မင်းကိုယ်မင်း အားမရဘူး။ မင်းဘဝကို မကျေနပ်ဘူး။ ကိုယ့် အသိုင်းအဝိုင်းမှာ မင်းမပျော်ဘူး။ မင်းရဲ့ ညှိုးနွမ်းမှုကို ကိုယ် ကြာရှည်မြင်ရက်ပါ့မလား။ မင်းနဲ့ အသင့်တော်ဆုံး နေရာကို ကိုယ်သိအောင် ကြိုးစားပြီး ကိုယ် ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ရတော့တာပေါ့"

(ချစ်ခြင်း၏ အနုပညာ)

***
မနေ့က ဒီဝတ္ထုတိုအကြောင်း ရေးလို့ကုန်ပြီလို့ ထင်လိုက်မိတယ်။

***

Monday, June 27, 2011

ကိုယ် နှင့် ဂျူးများ

ကိုယ် နှင့် ဂျူးများ

ထူးအိမ်သင်အကြောင်း ရေးတုန်းက ငယ်ငယ်တုန်းကလို့ အစချီပြောမှ ရတယ်။
ဂျူးအကြောင်းကျတော့ အဲလိုမဟုတ်ပြန်ဘူး၊ ပြောင်းပြန်။
ဂျူးကို ငယ်ငယ်ကတည်းက စဖတ်မိတာပေမယ့် (အထူးသဖြင့် ဝတ္ထုတိုတွေကို) အဲဒီအချိန်မှာ နားမလည်နိုင်ခဲ့ဘူး။ ဒါတွေကို နားမလည်သေးဘူးဆိုတာကိုတော့ ကိုယ့်ဘာသာ နားလည်နေတယ်။

* ချစ်ခဲ့ဖူးသော

စဖတ်မိတာ "ချစ်ခဲ့ဖူးသော" ဝတ္ထုတို ဖြစ်မယ်ထင်တယ်။ မဂ္ဂဇင်းထဲမှာ ဖတ်ပြီး၊ ဘာကိုရေးတာလဲ၊ ဒါတွေကိုရေးတဲ့ ဂျူး က ဘာလို့ ဒီလောက်တောင်မှ နာမည်ကြီးရတာလဲလို့ ဖြစ်ခဲ့ဖူးတယ်။ ချစ်သူကောင်မလေးကို မနမ်းဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ (လျှော်လဲ လျှော်မပစ်နိုင်တဲ့) ရစရာအကြွေး ကျန်နေသေးသလို ခံစားမှုမျိုးကို မြင်ရလောက်အောင် အားမကောင်းခဲ့ဘူး။ အဲဒီအချိန်က ကာတွန်းပဲ အများဆုံးဖတ်နေတာကိုး။

* ပေဖူးလွှာ အင်တာဗျူး

နောက်တော့ ဒီမှာပဲ တင်ခဲ့ဖူးတဲ့ ဦးဝင်းငြိမ်းနဲ့ ပေဖူးလွှာအင်တာဗျူး (တပိုင်းတစ)။
သူ ပြောတတ် ဆိုတတ်၊ မေးတတ် ဖြေတတ်တာ (ဦးဝင်းငြိမ်း မေးတတ်သည် ဟု သိပ်မထင်ပါ။ ဂျူး ကိုယ်တိုင်ကသာ အမေးများနှင့် ပြန်ဖြေတတ်သည် ဟု ထင်မိသည်) စေ့စပ်ခိုင်မာတာကို အတော်သဘောကျခဲ့ဖူးတယ်။ အဖြေစကားလုံးတွေ အင်မတန် သိပ်သည်းတာပဲ ထင်ခဲ့တယ်။ (ဦးစံရှား ဖတ်ဖြစ်နေပြီဆိုတော့ အကျိုးနဲ့ အကြောင်းပြပြီး ပြောတာတွေကို အတော်ပဲ သဘောကျခဲ့မိတယ်)

မှတ်မှတ်ရရ ကျောင်းမှာ အခင်ဆုံး အတွဲဖြစ်ဆုံး သူငယ်ချင်းက အဲဒီစာအုပ် ငှားသွားတော့ သူ့မိဘတွေ (ကျောင်းက ဆရာနဲ့ ဆရာမ) ပါ ဖတ်ပြီး သိပ်သဘောကျခဲ့ကြတာ မှတ်မိတယ်။

အဲဒီ တပိုင်းတစ အင်တာဗျူးရဲ့ အစမှာ "ကျွန်မပြောချင်တဲ့ ဝမ်းနည်းစကားက ဒီလို ဇာတ်ကောင်စရိုက်မျိုး ဖန်တီးခဲ့မိတဲ့အတွက် မဟုတ်ပါဘူး။ ဝေဖန်ခံရတဲ့အတွက် ဝမ်းနည်းစကား ပြောတာပါ။ ကိုယ့်အပေါ်မှာ လူတစ်ယောက် နားမလည်နိုင်တာကို ခံစားရတဲ့အခါ ၀မ်းနည်းရသလောက်ပါပဲ" တဲ့။

သူ့ခေတ် သူ့အခါ သူ့အခြေအနေကို နားလည်လေ အဲဒီစကားလုံးကို ပြောဖြစ်ခဲ့ရတဲ့ သူ့စိတ်ခံစားမှုကို သဘောပေါက်လာလေပဲ။

* ချစ်ခြင်း၏ အနုပညာ

၎/၅ တန်းမှာ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ "ပြတင်းပေါက်က မိန်းကလေးငယ်" (မြသိန်း ဘာသာပြန်) စာအုပ်ကို မကြာခဏ ဖတ်ခဲ့မိပေမယ့် ၇ တန်းတက်မယ့်နှစ် '93 လောက်မှာ အဲဒီ "ချစ်ခြင်း၏ အနုပညာ" ကို ဖတ်တော့ ထုံးစံအတိုင်းပါပဲ နားမလည်ခဲ့ပြန်ဘူး။ ဘာပြောထားမှန်းတောင် မသိခဲ့တဲ့ ဝတ္ထု။

(စကားမစပ် 2000 ခုနှစ်လောက်မှာ အက်ဆေးလိုလို ဘာလိုလို ဘာမှန်းမသိတဲ့ စာတပုဒ်ရေးဖြစ်တာဟာ အဲဒီ ဝတ္ထုတိုရဲ့ လွှမ်းမိုးမှုတွေ ပါတယ်လို့ ပြောခဲ့ဖူးတာ ခု အတော်နောင်တရမိတယ်။ တကယ်တော့ အဆုံးနားလေးမှာ ကပ်ထည့်လိုက်တဲ့ စာ တစ်ကြောင်းနှစ်ကြောင်းကလွဲလို့ ကျန်တာတွေက ကိုယ့်ဘာသာ ရေးချင်ရာ ချရေးထားမိတာတွေချည်းပဲ။ အဲဒီဝတ္ထုရဲ့ လွှမ်းမိုးမှုနဲ့ပါလို့ ရေးထားတာ အဲဒီဝတ္ထုကို mislead လုပ်ရာတောင် ကျနေသေးတော့တယ်)

ဂျူးရဲ့ မှတ်ချက်က "ကျွန်မတို့က အချစ်ဆိုတာကို စိတ်ခံစားမှုသက်သက်လို့ ထင်ကြတယ်။ ဒါပေမဲ့ အချစ်ဆိုတာ သင်ကြားတတ်မြောက်ရမယ့် အတတ်ပညာ တစ်ခုပါ" တဲ့။ အချစ်အကြောင်းလို့ သိသာစေတဲ့ ခေါင်းစဉ်တပ်ထားပြီး၊ တပုဒ်လုံး သစ်ပင်တွေအကြောင်းနဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်းတွေချည်းပဲ။ အဲဒီအချိန်မှာ ဖတ်မိသမျှ ဂျူးရဲ့ ဝတ္ထုတိုတွေ ဘာကိုပြောချင်တယ် ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဖတ်ထားတာတွေကို ခေါင်းထဲမှာ မှတ်မိနေခဲ့တယ်။

နောက် ၂ နှစ်လောက်ကြာပြီး ပြင်ပအကြောင်းအရာတစ်ခုကနေ အဲဒီဝတ္ထုရဲ့ ဆိုလိုရင်းကို ရလိုက်တဲ့အခါမှာတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ ငယ်ဘဝ "ပြတင်းပေါက်က မိန်းကလေးငယ်" ထဲက အကြောင်းအရာ အဖြစ်အပျက်တွေကိုပါ တန်းစီပြီး မြင်ယောင်လာမိတယ်။

အဲဒီခေတ်အခါက လက်ရှိဂျပန်ပညာရေးစံနစ်ကနေ သွေဖည်သယောင် တမူကွဲတဲ့ စံနစ်ကို ထူထောင်ခဲ့တဲ့ တိုမိုကျောင်း ကျောင်းအုပ်ဆရာကြီး "ဆိုဆာကူး ကိုဘာယာရှီ"

"He believed all children were born with an innate good nature, which can be easily damaged by their environment and the wrong adult influences. His aim was to uncover their 'good nature' and develop it, so that the children would grow into people with individuality."

မူလတန်းစတက်တဲ့နှစ်မှာပဲ ပုံမှန်ကျောင်းတစ်ကျောင်းကနေ ကျောင်းထုတ်ခံခဲ့ရတဲ့အဖြစ်ကို သမီးကလေး စိတ်ဒဏ်ရာရမှာစိုးလို့ ဖွင့်မပြောပြခဲ့ဘဲ ကလေးနဲ့ သင့်တော်မယ့် ကျောင်းကိုရှာအပ်ခဲ့တဲ့၊ သမီးကလေး နားလည်လက်ခံနိုင်မယ့် အသက် ၂၀ ကျမှ အရင်ကျောင်းက အထုတ်ခံခဲ့ရလို့ သမီးကို မေမေက တိုမိုကျောင်းကို ပို့ခဲ့ရတာပေါ့ လို့ ဖွင့်ပြောခဲ့တဲ့ ဇာတ်ကောင်ကလေးမလေး တော့တိုး-ချန် ရဲ့ အမေ

"ကျွန်မကို အရင်ကျောင်းကနေ အထုတ်ခံခဲ့ရတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ (တိုမိုကျောင်းမှာ အဆင်ပြေပြေ ပျော်ရွှင်နိုင်ခဲ့တဲ့) ကျွန်မဟာ တကယ်ပဲ အရင်ကျောင်းမှာနေတုန်းက အဲသလောက် ဆိုးဝါးတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့သလား"

"... အဲဒီအကြောင်းအရာကို ကျွန်မ အသက် ၂၀ မတိုင်ခင်မှာ ဖွင့်မပြောခဲ့တဲ့ ကျွန်မရဲ့ အမေကို အနူးအညွတ် ကျေးဇူးတင်မိပါတယ်။"

"မင်းကို ကျောင်းက ထုတ်လိုက်ပြီတဲ့။ ဘာတွေဖြစ်လာဦးမလဲ။ ခုနောက်တကျောင်းကပါ ဆက်ပြီး အထုတ်ခံရမယ်ဆိုရင် မင်း ဘယ်ကျောင်းကို သွားတက်မလဲ" ဆိုတာမျိုးတွေ အမေက ကျွန်မကို အဲဒီအချိန်ကတည်းက ပြောမယ်ဆို ပြောနိုင်ပါတယ်။

အဲဒီလိုသာ ပြောခဲ့မယ်ဆိုရင် တိုမိုဂါဂူးအန် ခေါ်တဲ့ ကျောင်းသစ်ရဲ့ ဂိတ်ဝကို ပထမဆုံးရောက်တဲ့အချိန်မှာ ကျွန်မ ဘယ်လောက်များ စိတ်ပျက်အားငယ်နေခဲ့ရမှာပါလိမ့်။ အမြစ်တွေထွက်နေတဲ့ (post) ကျောင်းဂိတ်တံခါးဝကြီးနဲ့ မီးရထားတွဲစာသင်ခန်းတွေကလည်း ကျွန်မကို အဲဒီအချိန်မှာ ဝမ်းမြောက်ပျော်မြူးစေမှာ မဟုတ်ဘူး။ ဒီလိုအမေမျိုးရှိတာ ကျွန်မ ဘယ်လောက်များ ကံကောင်းလိုက်ပါသလဲ။"

***
"တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး။
အကဲခတ်တတ်မှု ပါတယ်။ နားလည်မှု ပါတယ်။ ပြုစုပျိုးထောင်မှု ပါတယ်။"

(ဂျူး)

***
"ချစ်ခြင်း၏ အနုပညာ" အကြောင်းကို ရေးပြဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခုထိ ထင်နေတုန်းပါပဲ။ ဒါ့အပြင် ဒီဝတ္ထုကို ဘယ်လို နားလည်တယ်၊ ဘယ်လို မြင်ခဲ့တယ်၊ ကိုယ့်စိတ်ထဲ ဘယ်ပုံဘယ်နည်း စိမ့်ဝင်ခဲ့တယ် ဆိုတာ ပြောဖို့ အဲဒီဝတ္ထုသက်သက်နဲ့တင် မလုံလောက်ဘူး။

အဲဒီဝတ္ထုကို မြင်လိုက်နိုင်ဖို့ တော့တိုး-ချန် က အထောက်အပံ့ဖြစ်ခဲ့တယ်။ အဲဒီဝတ္ထုကြောင့်ပဲ အစက ဘာရယ်ညာရယ် မစောကြောမိတဲ့ သာမန်သာ နှစ်သက်ခဲ့တဲ့ တော့တိုး-ချန်ထဲက အကြောင်းအရာတွေကို ပိုပြီး ပီပီပြင်ပြင် မြင်လိုက်နိုင်တယ်။

ကိုယ့်အတွက်တော့ အဲဒီဝတ္ထုနှစ်ခုက မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ချစ်သူရည်းစား စသဖြင့် ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမဆိုရှိတဲ့ ချစ်(တတ်)ခြင်းတွေကို ဖွင့်ဆိုပြတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။

***
လူ ဆိုတာဟာ အမျိုးမျိုးပါပဲ။ ဘဝတွေ ထွေပြား၊ ခံစားမှုတွေ ထွေပြား၊ ဉာဏ်ရည်နဲ့ ခံယူချက်တွေ ထွေပြား၊ အဲဒါတွေအပေါ်မှာ အခြေခံပြီး လုပ်ဆောင်ချက်တွေဟာ ထွေပြားတယ်။

အဲဒီလို ထွေပြားတဲ့လူတွေဟာ "မိဘ" ဖြစ်စေ၊ "ဆရာ" ဖြစ်စေ၊ "ချစ်သူ" ဖြစ်စေ ခေါင်းစဉ်ကွဲတွေ အမျိုးမျိုးအောက် ရောက်တဲ့အခါမှာ မိဘလို့ဆိုတာနဲ့ သားသမီးပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရော၊ ဆရာလို့ဆိုတာနဲ့ တပည့်အပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရောဆိုတာ မဖြစ်နိုင်ဘူး။ လူဟာ လူပါပဲ။ လူ လူချင်းမှာ မတူနိုင်ရင် ခေါင်းစဉ်တူတစ်ခုခုအောက် ရောက်သွားတာနဲ့လည်း မတူနိုင်ဘူး။

စိတ်စေတနာဆိုတဲ့ မမြင်ရတဲ့၊ လက်ဆုတ်လက်ကိုင် သက်သေပြစရာမရှိတဲ့၊ အငြင်းပွားလွယ်တဲ့အချက်ကို ချန်ထားခဲ့ရင်တော့ ပိုကောင်းလိမ့်မယ်။ (အချစ်ဆိုတာ ဒီတစ်ခုတည်း မဟုတ်ဘူး။ စိတ်ခံစားမှုသက်သက်တင် မဟုတ်ဘူးဆိုတာ သေချာတယ်)။ အဲဒီအချစ်စိတ်ရဲ့နောက်မှာ အရှည်ကိုမျှော်တွေးတဲ့ အကျိုးကို လိုလားစိတ်နဲ့ တတ်သိနားလည်တဲ့၊ ဉာဏ်ပညာနဲ့ယှဉ်တဲ့ ပံ့ပိုးပျိုးထောင်နိုင်မှုပါရတယ်။

"... ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပေါ်မှု အခြေအနေအားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ် ဘာလုပ်ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး၊ သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့လူ ဖြစ်လာတယ်။

ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လိုအနေအထား ပြောင်းတတ်တယ်။ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်။ ဘယ်သစ်ပင်အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ်... ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့ လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို အကဲခတ်ပြီး ပြုပြင်လိုက်လျောပေးတယ်။"


(ချစ်ခြင်း၏ အနုပညာ - ဂျူး)

မစ္စတာကိုဘာယာရှီရဲ့ တိုမိုဂါဂူးအန်ကျောင်းဟာ သူ့ရဲ့ သစ်ပင်ဥယျာဉ်လိုပါပဲ။

"သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ် ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ် အားလုံးသိတယ်။ အချစ်ဆိုတာ မင်းထင်သလို ခံစားမှုသက်သက် မဟုတ်ဘူး။ အတတ်ပညာတစ်ခုပဲ"

(ချစ်ခြင်း၏ အနုပညာ - ဂျူး)

***
ဒေါက်တာခင်မောင်ဝင်းရဲ့ "အမေနဲ့ ကျွန်တော်" ကို ဖတ်ရတော့လည်း ခေတ်ပညာ အကုန်အစင်မသင်ခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူ ပင်စင်ယူတဲ့အချိန် သားသမီးတွေအတွက် စီးပွားရေး၊ ပညာရေးသာမက စားရေးသောက်ရေးမကျန် ထောင့်စေ့အောင် စွမ်းဆောင်နိုင်တဲ့၊ အညာမြို့လေးတစ်မြို့က အမေရဲ့ အနုပညာကို မြင်ယောင်ခဲ့မိတယ်။

ရန်ကုန်မှာနေချင်လို့ အင်ဂျင်နီယာကျောင်းတက်မယ် ပြောတဲ့သားကို "ငါတို့ထဲမှာ လေယာဉ်မှူးတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ရှိရင် တော်ပြီ။ မင်း ဆေးကျောင်းပဲတက်" လို့ ပြောတဲ့အချက်က ခုချိန်မှာ နည်းလမ်းကျလှတယ် မဆိုသာရင်တောင်မှ သားသမီးတွေ ငယ်ငယ်တည်းကနေ ဘွဲ့ရပြီးတဲ့ထိ အရာရာထောင့်စေ့အောင် စွမ်းဆောင်ကျိုးပမ်းခဲ့တာတွေဟာ အံ့မခန်းပါပဲ။ အဲဒီအားမာန်တွေနဲ့ အားထုတ်မှုတွေဟာ ချစ်ခြင်း အတတ်ပညာနဲ့ အနုပညာပါပဲလို့ မြင်မိတယ်။

***
ထူးအိမ်သင် ဆုံးပြီးနောက်မှာ ထုတ်တဲ့ "အစိမ်းရင့်ရောင် ရက်စွဲများ" မှာ သီဟန်သွင်နဲ့ နီကိုရဲ ရေးသွားကြတဲ့ "သမီးကလေးကို သိုင်းသင်ပေးချင်တယ်" ဆိုတဲ့ အကြောင်းအရာတစ်ခု ပါတယ်။ ဆိုခဲ့တဲ့ နှစ်ယောက်စလုံး သူ အဲဒီအကြောင်းအရာကို ပြောတုန်းက ရယ်စရာလို သဘောထားခဲ့မိကြတယ်ဆိုပေမယ့် ဆောင်းပါးတွေအဖြစ် ပြန်ရေးတော့ သူတို့ ဒီကိစ္စကို အလေးအနက် ရေးခဲ့ကြတယ်လို့ ခံစားမိတယ်။

"ကျွန်တော့်သမီးကိုယ်တိုင် သဘောတူကြည်ဖြူလို့ကတော့ သူ ဘာဖြစ်ဖြစ် ကျွန်တော် စိတ်မပူပါဘူး။ သူ့စိတ်ဆန္ဒမပါဘဲ အနိုင်အထက်ပြုခံရလို့ စိတ်ဒဏ်ရာရသွားမှာသာ စိုးတာပါ"

***
ပုထုဇဉ်တွေရဲ့ အချစ်ဟာ အတ္တကို အခြေခံမှာချည်းပဲ။
ချစ်ရုံချစ်ရတာ ဘာခက်သလဲ။
ချစ်တာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကိုယ်ချစ်ခင်မြတ်နိုးရသူရဲ့ သူ့သဘာဝနဲ့ ကိုက်ညီမယ့် ကောင်းကျိုးချမ်းသာကို လိုလားဆောင်ကြဉ်းပေးဖို့သာ ခက်တာပါ။

***
ကိုယ့်အတွက်တော့ ဂျူးရဲ့ ချစ်ခြင်း၏ အနုပညာ က အဓိပ္ပါယ်အပြည့်ဝဆုံးနဲ့ အနှစ်သက်မိဆုံး ဝတ္ထုတိုတစ်ပုဒ်ပါပဲ။ အဲဒီဝတ္ထုအကြောင်းကို ဘယ်သောအခါမှလည်း ပြည့်စုံအောင် ပြန်ပြောပြနိုင်မယ် မထင်ဘူး။

ချစ်ခြင်း၏အနုပညာက နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ချစ်ခြင်း၏အနုပညာကို နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ဆက်စပ်ပတ်သတ် သိကျွမ်းခဲ့ဖူးတဲ့ မိတ်ဆွေမိသားစုတချို့ကို ကျေးဇူးတင်နေမိတော့တယ်။

***
ဒီအကြောင်းအရာတွေက တချို့အတွက် ဘာမှ မဟုတ်ပါဘူး။ အဲဒီလို ထင်တဲ့သူတွေအတွက် တကယ်ပဲ ဘာမှ မဟုတ်ပါဘူး။

***
(ဆက်ရန်)
(ဆက်ချင်မှလည်း ဆက်မည်)

Wednesday, June 1, 2011

ဂျူး ရဲ့ အမျိုးသားဇာတ်ကောင်တွေ

(အမျိုးသားဇာတ်ကောင်ကိုလည်း တခြား ကျွန်တော်ဖတ်ဖူးတဲ့ စာရေးဆရာမ ဂျူးစာအုပ်ထဲက ဇာတ်ကောင်တွေလောက် မညံ့တာကို မြင်ရတယ်။ လယ်ဗယ်ညှိထားတယ်ပဲ ပြောရမလား )

(PM)

***
ယောက်ျားလေးတွေဟာ ဂျူးရဲ့ အမျိုးသားဇာတ်ကောင်တွေကို မိန်းမဇာတ်ကောင်တွေထက် ညံ့တယ်၊ ဂျူးက မိန်းမတွေကို ဦးစားပေး အသားပေးတယ်လို့ ဘာလို့ တညီတညာတည်း မြင်ကြတာလဲ မသိဘူး။

ကိုယ်တော့ အဲလို မမြင်ပါဘူး။ ပြောရရင် ယောက်ျားဇာတ်ကောင်တွေကမှ ဟုတ်တုတ်တုတ်ရယ်။ မိန်းမဇာတ်ကောင်အတော်များများက တော်မလိုနဲ့ ချာတာတာ။

ပျော့ညံ့တဲ့ အမျိုးသားဇာတ်ကောင်တွေလည်း မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။

ဥပမာ - ကြာတော့သည်လည်း မောင့်စကားက (ဖြိုးကျော်)။ ဒါကလည်း အလကားနေရင်း ညံ့တာမှမဟုတ်တာ။ သူ့ဇာတ်နဲ့သူ လိုက်ဖက်စွာ ဇာတ်ကောင်စရိုက် ပီပြင်စွာ အားနည်းတဲ့ ဇာတ်ရုပ်ဖြစ်နေတာပဲ မဟုတ်လား။ သူ့ကို ဖျော့တော့ထားမှ နန္ဒက ပိုမြင်သာမှာ မဟုတ်လား။

ကိုယ့်အမြင်တော့ မောင်၊ နန္ဒ၊ ယုမော်၊ နေသန်၊ စသဖြင့် စသဖြင့် ကိုယ့်စိတ်ထဲတော့ သူတို့ ညံ့လိုက်တာ ဒါမှမဟုတ် စာရေးဆရာက မမျှမတ ဘက်လိုက်ရေးထားလိုက်တာလို့ မထင်မိပါဘူး။ မြတ်စုတို့ ဖြိုးကျော်တို့လို အားနည်းတဲ့ဇာတ်ကောင်တွေမှာတောင် ဘက်လိုက်ပြီးရေးထားတယ်လို့ မခံစားရဘူး။ သူ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းအနေအထားနဲ့ လိုက်ဖက်သင့်တော်နေတာပဲ။

မဟုတ်ဘူးလား။

ဒါမှမဟုတ် စာရေးဆရာရဲ့ကျွမ်းကျင်တဲ့ ဇာတ်ကောင်စရိုက် သရုပ်ဖော်မှုကြားမှာ ယောက်ျားဇာတ်ကောင်၊ ယောက်ျားစာဖတ်သူ နဲ့ မိန်းမဇာတ်ကောင်၊ မိန်းမစာဖတ်သူတွေဟာ မြွေ မြွေချင်း ခြေမြင်နေကြတာများလား။

***
SJD >>> ယုမော်နဲ့ သူ့မိန်းမဆို ယုမော်ကိုပိုကြိုက်တယ်။ ပိုကြိုက်တယ်တောင်မဟုတ်ပါဘူးလေ။ ကြိုက်ကိုကြိုက်တာ။သူဘာလိုချင်လဲ၊ သူဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို သူသိတယ်။ သက်နှင်းအိမ်ကို အမြင်ကတ်တယ်။ ကိုယ်ကသာ Keptman (ဆိုလား ) ဖြစ်နေရတာပါလို့ သက်နှင်းအိမ်ကို သူပြောတုန်းက သနားလိုက်တာ။ အဲ့ဒီကျတော့မှ သူ့ဖက်ကိုမြင်ပေးတတ်ခဲ့တာ။ အဲ့ဒီဇာတ်ကွက် မတိုင်ခင်ကလည်း နှင်းကို မကြိုက်ပါဘူး။ နှင်းနဲ့ဆိုင်တဲ့ နာမဝိသေသနတွေဆိုတာကို လည်း ကြိုက်မှကြိုက်။

Me >>> ဟုတ်တယ်။ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် ကို နားလည်လာတဲ့အခါ အဲဒီမိန်းမထက် အဲဒီမိန်းမမျိုးရဲ့ ယောက်ျားဖြစ်ရတဲ့ အကြပ်အတည်းကို ပိုနားလည်လာသေးတယ်။

ဂျူးရဲ့ ဇာတ်ကောင်မိန်းမတွေ တော်တယ် ထက်မြက်တယ်ထင်ရပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ တော်နေ ထက်မြက်နေတာလဲ လို့ မေးကြည့်ရင် ဘယ်နားသွားရှာပြရမှန်းကို မသိဘူး။ တကယ်။

ဂျူးတော်တာကိုတော့ ချွင်းချက်မရှိ လက်ခံပါတယ်။

ဒါပေမဲ့ သူ့ဇာတ်ကောင်မိန်းမတွေကတော့ ဂျူး မဟုတ်ဘူး။

SJD >>> သူတို့က တနေရာမှာ တအားထက်ပီး တနေရာမှာ တအားညံ့နေလို့နဲ့တူတယ်။ ပညာတတ်တွေညံ့ဘီဆို လိုက်လို့ကို မမှီဘူး။ သင်လို့ကိုမရဘူး။ နောက်တခုက အတ္တနဲ့ မာနကြီးကြလို့လားပဲ။ ဒါပေမယ့် သူတို့ကိုယ် သူတို့မသိကျပြန်ဘူး။ ဂျူး ရဲ့ မိန်းမဇာတ်ကောင်တွေပြောပါတယ်။

Me >>> snake snake see the legs =D

SJD >>> ပညာသည်တွေ ဆိုတော့လေ :D

PM >>> လယ်ဗယ်သုံးတာထက် တခြားဘယ်လိုသုံးရင် ကောင်းမလဲတော့မသိဘူးဗျ
ပြောချင်တာကတော့ ဖတ်ဖူးတဲ့ အရင်ဇာတ်ကောင်တွေနေရာကို ဝင်ခံစားပေးလို့မရဘူး။ ဒီစာအုပ်ကျတော့မှ အမျိုးသားဇာတ်ဆောင်ကို ကိုယ်ထင်ဟပ်ကြည့် မြင်ယောင်ကြည့်ပေးလို့ရတယ်။ တကယ်တော့ ကိုယ့်အတ္တနဲ့ နှိုင်းလိုက်မိတာပါပဲ (ဒါနဲ့ ခုနက ကော်မန့် တစ်ခုရေးသေးတယ် ဘယ်ပျောက်သွားလဲမသိဘူး)

***

Tuesday, March 29, 2011

ကမ္ဘာမြေရဲ့ ချစ်သူ - ဂျူး

သီးသန့် ဂျူး group ထဲမှာ ဂျူးဇာတ်ကောင်တွေ အကြောင်းပြောကြရင်း ကိုယ့်အကြိုက်ဆုံးက "ကမ္ဘာမြေရဲ့ ချစ်သူ" ဝတ္ထုတိုထဲက နုနုမေ ပါလို့ ပြောထားမိတယ်။

***
တိုက်တိုက်ဆိုင်ဆိုင် ခုတလော ဂျူး ကမ္ဘာမြေရဲ့ ချစ်သူ ကို fwd mail ကနေ share နေကြတယ်။ ညက fwd လုပ်လာတဲ့ သူငယ်ချင်းနဲ့ ပြောမိလို့... သူကပြောတယ်။ နုနုမေ က အင်မတန် ချာတဲ့မိန်းမတဲ့။ =(

ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ် တဲ့။ အဲဒီ သူငယ်ချင်းက စာပေအနုပညာလည်း ဒီလောက် ဝင်စားတာမဟုတ်ဘူး။ စာရေးတဲ့သူတွေက သူတို့ တကယ်ဖြစ်နေတာ လုပ်နေတာကို ရေးတာမဟုတ်ဘူး။ သူတို့ ဖြစ်ချင်တာကို စိတ်ကူးယဉ်ပြီး ရေးကြတာများတယ်လို့ ပြောတာ သူပေါ့။

အမှန်တော့ ကိုယ့်ဆီ fwd လုပ်တာ အဲဒီဝတ္ထုဖတ်ပြီး ဒါမျိုးရေးနိုင်တဲ့အတွက် ဂျူး ကို သူ impressive ဖြစ်လို့ပါ။ သိပါတယ် အဲလောက်တော့။ (ချွင်းချက်နဲ့တော့ ပြောတယ်။ မိန်းမတွေဘက်က သိပ်ပါတာပဲ။ ယောက်ျားတွေကို သိပ်မကောင်းမြင်တာပဲ။ အဆုံးမှာ နဲနဲဖြစ်ဖြစ်တော့ မိန်းမတွေကို အသာပေးလိုက်သေးသတဲ့။ အဲဒီနေရာမှာတော့ ယောက်ျားလေးတွေဟာ တလေတည်း ထွက်တယ်။)

ကိုယ်က မိန်းမတွေကို အသာပေးတယ် မထင်ပါဘူး (တကယ်လည်း မထင်ပါဘူး) သူရေးတဲ့မိန်းမတွေက ဟုတ်မလိုလိုနဲ့ ချာတာတာပါ။ တော်တာဆိုလို့ အဲဒီထဲက နုနုမေ ပဲရှိတယ် ပြောမိလို့... "အဲဒီထဲက မိန်းမလည်း ချာတူးပဲ" ဆို ထအော်တယ်။ နောက် အပေါ်ကအကြောင်းတွေ ဆက်ပြောတယ်။

"ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ်" တဲ့။

သူပြောတာလည်း ဟုတ်တုတ်တုတ်။

***
နုနုမေ တော်တယ်လို့ ထင်မိတာက...
သူ့ကိုယ်သူ သိတယ်၊ သူ့အတိုင်းအဆကို သိတယ်၊ သူနဲ့တန်ဖိုးထားရာ မတူတဲ့ လူနဲ့ တွဲလာခဲ့ပေမယ့် သူ့အတိုင်းအဆကို ပိုတွက်ပြီး (တနည်း အချစ်ကြောင့် ယောင်ဝါးပြီး) မတူတဲ့လူဘက်ကို ယိုင်မသွားဘူး။ (ဒါမျိုးက မွှန်နေတုန်း ဖြစ်တတ်တာပဲ။ သူ့အတွက်ပဲ ကိုယ်လိုချင်တာတွေ လျှော့ပေးမိတော့ မလိုလို။ တကယ်သာ အဲဒီလူနှစ်ယောက် လက်တွဲကြည့်။ မကြာခင် ကွဲရင်ကွဲ မကွဲလည်း အကြောကို တစက်မှ တည့်မှာမဟုတ်ဘူး) ထားပါတော့။

သူနဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို ရွေးနိုင်တယ်။ သူ သာမန်လူပဲ ဖြစ်ချင်တယ်ဆိုတာကို သိပြီး သာမန်အလုပ်ကိုပဲ ရအောင်လုပ်တယ်။ သူ့လို သာမန်တွေးနဲ့ ယောက်ျားကိုပဲ ယူတယ်။ သူ့ တခြား မိန်းမဇာတ်ကောင်တွေလို အပေါ်ယံ ကျွတ်ဆတ်ဆတ် အတွင်း အိစိစိ မဟုတ်ဘူး။ အဲဒီ ကာရိုက်တာပဲ မြင်တော့ ဂျူး ဝတ္ထုတွေထဲက ကြိုက်မိတဲ့ မိန်းမဇာတ်ကောင် လို့ ခေါင်းစဉ်တပ်ပြီး ပြောကြတဲ့အခါ အဲဒီတယောက်ကို ခက်ခက်ခဲခဲ ရွေးထားရတာ။ ဒါတောင် ချက်ချင်း ရွေးနိုင်တာ မဟုတ်ဘူး။

(ကိုယ့်မှာ ဂျူး အထင်ကြီးပေမယ့် သူ့ဇာတ်ကောင်မိန်းမတွေတော့ အဲလိုမဟုတ်ဘူး။ အထင်ကြီးတဲ့ စာရေးဆရာ ရွေးပါဆိုရင်သာ သူ့ မဆိုင်းမတွ ရွေးနိုင်မှာ။ သူ့ဇာတ်ကောင်တွေထဲ ဆိုရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အတော် စား ပြီ။)

***
ညကတော့ အဲဒီသူငယ်ချင်းနဲ့ ဖုန်းပြောအပြီး တွေးမိတယ်။

သူ့ဇာတ်ကောင်တွေထဲ နုနုမေ ကိုမှ ကြိုက်ပါတယ် လို့ သိရင် သူရည်ရွယ်တာနဲ့ တလွဲဖြစ်လို့ ဂျူး အတော်များ စိတ်ပျက်လေမလားပဲ။ သူပေးချင်တာ တမျိုး။ (သူ ပေးချင်တာကို သိသိကြီးနဲ့တောင်) ကိုယ် ယူချင်ရာ ယူပစ်လိုက်တာက တခြား ဖြစ်နေလို့။

***
ဟုတ်ပါပြီ။

နုနုမေ ကိုမှ မကြိုက်ရဘူးဆိုရင်လည်း လောလောဆယ်တော့ သူ့ဇာတ်ကောင်တွေထဲ ကိုယ် ဘယ်သူ့မှ မကြိုက်သေးဘူး။ ဒါပဲ။

***
("ဘဝက သိပ်ရှည်တာ မဟုတ်ဘူး။ အမြင်ကျယ်နေလည်း အပိုပဲ" လို့ သွားပြောမိလို့ "နင့်လို လူမျိုးကြောင့် ကမ္ဘာမြန်မြန်ပျက်တာ" လို့ အပြောခံရတဲ့အကြောင်းတော့ ထည့်မရေးဘဲ နေမလို့။

တကယ်က ဖုန်းဆက်ပြီး အင်ဒိုနီးရှားကြောင်း လှမ်းမေးတာ။ ဘယ်လိုက ဘယ်လို နုနုမေ ဖြစ်သွားတယ် မသိဘူး)

ဒါပေမဲ့ မှန်တာပြောရင် သစ္စာတဲ့။
မျက်မြင်ကိုယ်တွေ့ ဘယ်လောက်ပဲရှိရှိ ကိုယ် အမွှေးတိုင် လုပ်ငန်းနဲ့တော့ မချမ်းသာချင်ပါဘူး။

***
ကမ္ဘာမြေရဲ့ ချစ်သူ

***

Friday, June 4, 2010

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... - ဂျူး

"ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... "

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် အိမ်ကလေးတစ်လုံး ဆောက်မည်။ ထိုအိမ်ကလေးသည် ရေပြင်ကျယ်ကျယ်တစ်ခုနှင့် နီးသောနေရာ ဖြစ်လျှင်ကောင်းမည်။ ဒါမှ ထိုအိမ်ကလေးကို မြကန်သာဟု နာမည်ပေးလို့ ရမည်။

(ရေပြင်ကိုတော့ ကိုယ်လည်း ကြိုက်တယ်။ အိမ်နောက်ဘက်က အင်းလျားကန်ဆို ကောင်းမယ်။ ဒါပေမဲ့ လာလည်တဲ့ ကလေးတွေနဲ့ အိမ်က ကလေးတွေ လူကြီးတွေ မသိအောင် သွားဆော့ပြီး တခုခုဖြစ်မှာ ပူနေရဦးမယ်။ နေပစေတော့။ အိမ်ရှေ့မှာတင် ရေကူးကန် အဝိုင်းလေး ပါရင်တော်ပြီ။

အိမ်ကိုတော့ မြကန်သာ လို့ နာမည် မပေးချင်ပါ။ ၁၀ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ်နေမယ့် အိမ် ကိုယ့်ဘာသာဆောက်ပြီး နာမည်ပေးကြဖို့ စိတ်ကူးယဉ်ဖူးတယ်။ အိမ်ကလေးကို ကိုယ်ပေးချင်တဲ့ နာမည်က "ဒေါင်းဖလ်ဝါ"။ ပြီးတော့ ခွေးကလေးတစ်ကောင် မွေးချင်ခဲ့တယ်။ ခွေးကလေးရဲ့ နာမည်က ဟီလီယို (helio)။ အဲဒီတုန်းက ကြောင်မချစ်တတ်သေးဘူး)

အိမ်ကလေးသည် သစ်သားအိမ်ကလေးပဲ ဖြစ်ဖို့များသည်။

(ကိုယ်ကတော့ အညာမှာမွေး၊ အောက်အရပ်မှာကြီးပြီး၊ နေရာတော်တော်များများ ပြောင်းရွှေ့နေခဲ့ဖူးတော့ အိမ်အမျိုးပေါင်းစုံနဲ့ နေခဲ့ဖူးတယ်။ ဘယ်အိမ်ကိုမှ ကိုယ်ကြာကြာနေရမယ့် အိမ်လို့ မမှတ်ခဲ့တော့ အဲဒီတုန်းက ဘာမှ မတွေးခဲ့ဖူးဘူး။

ကျောက်တုံး ကျောက်ချပ်တွေနဲ့ စီပြီးဆောက်ထားတဲ့ အိမ်ပုံစံမျိုးကို သဘောကျတယ်။
သစ်သားအိမ်...
အင်း နေချင်ပါတယ်။ ခြံဝန်းကျယ်ကျယ်ထဲမှာ နှစ်မျိုးလုံး ထည့်ဆောက်ထားနိုင်ရင် ကောင်းမယ်။
သား ရွှေအိုး ထမ်းလာတာ မြင်ရတော့ ပိုကောင်းတာပေါ့)

စိမ်းလန်းသော အိမ်ဖြစ်ဖို့အတွက် မှန်တွေကြားမှာ သစ်ပင်တွေကို စိုက်ပျိုးထားမည်။

သစ်ပင်ကတော့ ဘယ်နေရာမဆို များများရှိစေချင်တယ်။ အိမ်ရှေ့နဲ့ အိမ်ပတ်ပတ်လည်မှာ ပေ ၃၀ စီလောက် မြေပိုရှိချင်တယ်။ (မြေဈေးကို ခဏ မေ့ထားသည်။ မမေ့လည်း ကိစ္စမရှိပါ။ ကိုယ်မှ မဝယ်နိုင်တာ) ပြီးတော့ ကွန်ကရစ်ခင်းထားတဲ့ ခြံဝန်းထက် မြေကြီးတွေပဲ ရှိတဲ့ ခြံဝန်းကို ပိုကြိုက်တယ်။ ဒါမှ သစ်ပင်တွေ အများကြီး စိုက်လို့ရမယ်။ သစ်ရိပ်နဲ့ အေးနေတဲ့ မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်မယ်။

ပန်းပင်တွေထက် အရိပ်ကောင်းတဲ့ အပင်ကြီးတွေ ပိုစိုက်မယ်။ အိမ်ထဲမှာတော့ ကရိကထ မများတဲ့ ရှားစောင်းပင်ကလေးတွေ အရွယ်စုံ ပုံစံစုံ စိုက်ထားမယ်။ ယုန်နားရွက်ကလေးတွေနဲ့ တူတဲ့ ရှားစောင်းပင်ပုကလေးတွေ သိပ်ချစ်စရာကောင်းတယ်။)

အတိတ်ကို ပြန်စဉ်းစားကြည့်တော့လည်း လက်ထပ်ခြင်းကို တားဆီးထားသည့် အနှောင့်အယှက် အခက်အခဲ ဘာမှမရှိခဲ့။

(တခါတခါကျ အဲဒီ အနှောင့်အယှက် အခက်အခဲ ဆိုတာက တွန်းအားပေးတာတောင်မှ ဖြစ်သွားတတ်သေးတယ်။ တကယ်တော့ ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေက တချို့အရေးကိစ္စတွေကို သတ်မှတ်ပြဋ္ဌာန်းပစ်လိုက်တတ်တယ်။

သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကတော့ ပြောဖူးတယ်။ မိန်းမတွေဟာ မယူချင်ရင်လည်း လျှောက်စဉ်းစားနေပြီး၊ သူတို့ ယူချင်ရင်လည်း ဘာမှကို ထည့်မစဉ်းစားတော့ပါဘူး တဲ့။ ဒါကတော့ မိန်းမမှ ယောက်ျားမှ မဟုတ်ပါဘူး။ အကုန် တူတူပါပဲ)

ကောင်းကင် တနေရာရာမှာ ရှိနေသည့် ကြယ်တစ်စင်းကို မထိခိုက်စေဘဲ ကမ္ဘာမြေပေါ်က ပန်းတစ်ပွင့်ကို ခူးလို့မရပါ တဲ့။ သူနှင့်ကျွန်မ ချစ်ခဲ့မိသည့်အတွက် တစ်ခုခုကို၊ တစ်စုံတစ်ယောက်ကိုများ ကျွန်မ ထိခိုက်မိသွားသလား။

(အဲဒီအကြောင်းအရာကိုတော့ ကိုယ် ဘယ်သောအခါမှ ပြန်မတွေးချင်ပါ။ အဖြေက ဟုတ်တယ် လို့ ထွက်ခဲ့ရင်လည်း မချစ်ဘဲ နေခဲ့မှာမှ မဟုတ်တာလေ။ တခါတခါကျ ဘဝမှာ အကွက်ချထားပြီးသား အရာတွေအတွက် ဘာမှ မတတ်နိုင်ပါဘူး။ ဒါကို အကြောင်းပြတာသက်သက်လို့ ယူဆကြမယ်ဆိုရင်တောင်မှပဲ ကိုယ်ကတော့ ဘာမှ မတတ်နိုင်ပါဘူး)

ဆင်းရဲခြင်းတွေ ဖိနှိပ်ခြင်းတွေဖြင့် ပြည့်နေသည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ကိုယ်ရင်သွေးလေးကို ခေါ်ယူမွေးဖွားလိုက်ရမှာ တော်တော် အကုသိုလ်များသည့် အလုပ်တဲ့။

(ဒီ post ကို ကိုယ့်ရဲ့ fb မှာ ယူပြီး share တော့ ကိုယ် high light လုပ်ခဲ့တဲ့ စာပိုဒ်ပါပဲ။ ဘဝမှာ ဘာမှ တွေးမနေဘဲ သမားရိုးကျပဲ သဘာဝကျကျ ဖြတ်သန်းသွားချင်တဲ့သူတွေ အဖို့တော့ ဒါဟာ ကြောင်ကွက်တစ်ကွက် ဖြစ်မှာပေါ့။ ဒါပေမဲ့ လက်ဖမိုး လက်ဖဝါးကိစ္စပါပဲ။ တစ်ယောက်တည်း အတွက်တောင်မှ ဒီကိစ္စက လက်ဖမိုးဖြစ်လိုက်၊ လက်ဖဝါးဖြစ်လိုက်နဲ့)

အိုကွယ် တို့များ ဘယ်နေ့ပဲ ချစ်မိချစ်မိ၊ အဲဒီနေ့ဟာ ကြေကွဲဖွယ်ရာနေ့တွေထဲမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမှာပါပဲ။ ဘယ်နေ့မှာများ ဆိုးယုတ်မှုတစ်ခုခု မဖြစ်ပွားခဲ့ဘဲ နေမှာတဲ့လဲ။ သည်လောက်နှစ်တွေ ထောင်ချီနေသည့် ကမ္ဘာကြီး၊ ဆိုးယုတ်မှုတွေလည်း ပေါများလှသည့် ကမ္ဘာကြီးတွင် နေ့ တစ်နေ့တိုင်းဟာ တစ်နေရာရာမှာ ကြေကွဲမှု တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပွားနေခဲ့ဖူးမှာပဲ မဟုတ်လား။

(ဂျူး ရဲ့ အဲဒီလို အတွေးအမြင် အရေးအသားမျိုးတွေကို သိပ်ကို သဘောကျမိတယ်။

သမိုင်းမှာ အဖြစ်အပျက်ထက် ခုနှစ်တွေ ရက်စွဲတွေက ပိုအရေးကြီးနေကြတာ မုန်းစရာ အကောင်းဆုံးလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ အကျည်းတန်တဲ့ နေ့တစ်နေ့ကို သမိုင်းဝင်အောင် ကိုယ် ခုချိန်ထိ မလုပ်ခဲ့ဖူးဘူး။ ဒီလောက်ဆိုရင်ပဲ တော်ပါပြီ)

အဲဒီနေ့က ကျွန်မနှင့်သူသည် ကော်ဖီဆိုင်တစ်ခုမှာ ရှိခဲ့သည်။ လေအေးစက်ဖွင့်သည့် ကော်ဖီဆိုင်မဟုတ်။ ဆေးလိပ်ငွေ့တွေဖြင့် ပြည့်လွှမ်းနေသည့် ဆိုင်လည်းမဟုတ်။ ခြံဝန်းတစ်ခုထဲက သစ်ပင်တွေကြားမှာ စားပွဲ၊ ကုလားထိုင်တွေ ချထားသည့် အေးချမ်းသည့် ဆိုင်ကလေးဖြစ်သည်။

(MICT Park ကတော့ အရမ်းကို ပူတယ်။ နွေရာသီ တနေ့လည် အဲဒီထဲသွားပြီး ဖျားတောင်ယူတယ်။)

သူထိုနေ့က ဖတ်နေသောစာအုပ်က ခါလိဂျီဘရန် ၏ "ပုရောဟိတ်" ဖြစ်ပြီး ကျွန်မဖတ်နေသည့် စာအုပ်က ၁၉၉၅ ခုနှစ်ထုတ် ''လိပ်ပြာတို့၏ တချိန်တုန်းက'' ဝတ္ထုစာအုပ် ဖြစ်နေခဲ့တာမို့ ဘာကိုမှ ပြန်မပြောင်းချင်ပါ။

(သေချာ မမှတ်မိတော့။ အဲဒီအချိန်က Cronin စာအုပ်တွေ သည်းသည်းမည်းမည်း ကြိုးစားပမ်းစား လိုက်ဖတ်နေခဲ့တဲ့အချိန် ဖြစ်ချင်ဖြစ်မယ်။ သူ့စာအုပ်ကတော့ ပဲစင်းငုံ အကြောင်း ဖြစ်မှာပဲ)

အဲဒီနေ့က သူဝတ်ထားသည်က စက်ဆိုင်မှာ ချုပ်ထားသည့် ချည်ထည်စစ်စစ် အင်္ကျီဖြစ်နေခဲ့သည်။

(ကိုဝတုတ်တို့ရဲ့ Zizawa's Refuge မှာ မတရားမှုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကို ဖတ်ပြီး မကြာခင် ဂျူးရဲ့ ဒီစာကြောင်းကို ဖတ်ရတော့ ပိုပြီး အမှတ်ထင်ထင် ဖြစ်မိတယ်)

ကျွန်မက ချင်းပြည်နယ် ဖလမ်းမြို့မှ လက်ဆောင်ရသော ချင်းရိုးရာ ဆွဲကြိုးသေးသေးလေးတစ်ခုကို ဆွဲထားသည်။ ထိုဆွဲကြိုးလေးသည် ကျွန်မကူညီလိုက်လို့ ဆယ်တန်းအောင်သည်အထိ ပညာသင်နိုင်ခဲ့ပြီး ကလေးများနှင့် ပတ်သက်သည့် အဖွဲ့တစ်ခုမှာ အလုပ်ရသွားသည့် ကလေးမကလေးတစ်ယောက်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဆွဲကြိုးကို ကျွန်မကိုပေးဖို့ သူကိုယ်တိုင် သီကုံးထားခဲ့သည်။

(ဒီစာပိုဒ်ကို ဖတ်ရတော့ "သူ မင်းကို ဘယ်တော့မှ" ကို နက်နက်နဲနဲ သတိရမိတယ်။ ဘလော့တောင်မရေးသေးဘူးလား၊ ရေးကာစကလား မသိ တောကျောင်းဆရာ ရဲ့ ဘလော့မှာ comment ပေါင်းများစွာ ရေးခဲ့ကြတာကိုလည်း သတိရမိတယ်။ မှန်တာပြောရရင် အဲဒီ ဝတ္ထုက အမှတ်တရ လို၊ ကြာတော့သည်လည်း မောင့်စကား လို ကိုယ့်ကို တစွဲတလမ်း မနှစ်ခြိုက်စေခဲ့ပေမယ့် ဂျူး ဆိုတာကို ပိုပြီး ပီပီပြင်ပြင် မြင်မိစေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။

အဲဒီ ဝတ္ထုမှာ အနုပညာတွေ၊ ခံစားမှုတွေ ဆိုတာထက် စိတ်စေတနာ ဆိုတာကိုပဲ ပိုပြီး မြင်ခဲ့မိလို့ review တွေဖတ်ပြီး (ဝတ္ထုတောင် မဖတ်ရသေးဘဲ) ဂျူးဘက်က ဝင်ရေးခဲ့တယ်။ အဲဒီ ဝတ္ထုကို ဖတ်ပြီးသွားတဲ့အခါမှာတော့ မဖတ်ရသေးဘဲ ဝင်ရေးခဲ့တာအတွက် လုံးဝမှ နောင်တရစရာ မရှိတာ သေချာသွားပြန်တယ်)

နောက်ပြီး အဲဒီနေ့က သူသည် ကျွန်မအား ကတိတစ်ခု လက်ဆောင်ပေးခဲ့သည်။ အဲဒီကတိကတော့ သူ တစ်သက်လုံး မြန်မာနိုင်ငံကနေ ဘယ်တော့မှ ပြောင်းရွှေ့ထွက်ခွာမသွားပါတဲ့။ စာသင်သွားဖို့၊ အစည်းအဝေးသွားဖို့ ဒါမျိုးတော့ ခရီးတွေ ထွက်နေရမှာပါ။ သို့သော် နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး ကို ဘယ်တော့မှ မရောက်အောင် သူ ကြိုးစားပါမည် တဲ့။

:)))
(နိုင်ငံခြားကို မဖြစ်မနေ ထွက်ရတယ်ဆိုတာ တော်လို့လား ညံ့လို့လား ကိုယ် ခုထိ မသေချာသေးပါ။ ကိုယ့်အတွက်တော့ ဒုတိယတစ်ခု ဖြစ်ဖို့ ပိုများပါတယ်)

ကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် ရှေ့သို့ တွန်းပို့ပေးနေသော အင်အားတွေထဲမှာ အကောင်းမြင်ခြင်းဆိုသည့် အင်အားလည်း ပါဝင်ကြောင်း ပြောဖြစ်ကြသည်။

(ကိုယ်ကတော့ အရှိအတိုင်း မြင်ရတာကို ပိုကြိုက်ပါတယ်။ အကောင်းမြင်နိုင်ရုံနဲ့တော့ ဘာမှ ထူး မထင်ပါ။ ကောင်းတာကို တတ်နိုင်သလောက် လုပ်မယ်။ ဒါဆို ရပြီ။ ကောင်းတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်ဆိုတဲ့ လူတွေကိုယ်တိုင် မကောင်းတာကို အကောင်းမြင်ပေးဖို့ထိတော့ ကိုယ် စိတ်မဝင်စား)

ကျွန်မ မလှမ်းဖြစ်ခဲ့သည့် ခြေလှမ်းတွေ၏ ထိခိုက်မှုအကျိုးဆက်ကိုလည်း သူသိခွင့်ရခဲ့သည်။
...
ကျွန်မသာ စာပြန်ရေးပြီး သူ့အတွက် လမ်းညွှန်သူတစ်ယောက် အနည်းဆုံးပေါ့လေ အဖော်ကောင်းတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် သူ ယခုလို ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာ သေကြောင်းကြံမိပါ့မလား။

("တစ်စုံတစ်ယောက်မှာ ကိုယ့် ပယောဂနဲ့ ထိခိုက်သွားရတယ်လို့ ထင်မိတဲ့အခါ..." အဲဒီ အကြောင်းအရာမျိုးကို ဂျူး ရေးတာ တစ်ခါမက ဖတ်ခဲ့ဖူးတယ်။ တိမ်နဲ့ချည်တဲ့ကြိုး မှာလည်း ထင်ထင်ရှားရှား တစ်ခါ...

စာရေးသူတွေဟာ သူတို့ဘဝမှာ နက်နက်နဲနဲ တွေ့ကြုံခံစားခဲ့ရတာတွေကို သူတို့စာမှာ ထပ်ကာ ထပ်ကာ ပြန်ထင်ဟပ်ကြတယ် ထင်တယ်။ Cronin လည်း ကျောက်မီးသွေးတွင်းပြိုတဲ့ကိစ္စကို တစ်ခါမက ရေးတာ ဖတ်ခဲ့ဖူးတယ်။ ခံစားဖို့ ခက်ခဲတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ထပ်ကာ ထပ်ကာ အန်ထုတ်ခြင်းအားဖြင့် အဲဒီ ခံစားမှုတွေဆီကနေ ကျော်လွန်ဖို့ သူတို့ ကြိုးစားကြတာများလား မသိ)

ဒီလို နှစ်ပတ်လည်နေ့မှာ ကျွန်မထံ ဖုန်းဆက်နေကျဖြစ်သည်။ နေကောင်းလား ဟု သူ မေးသည်။ ဘာတွေတိုးတက်နေလဲ ဟု သူ မေးသည်။ ဘာစာအုပ်တွေ ဖတ်နေလဲ ဟု သူ မေးသည်။ ကိုယ့်ကို သတိရရဲ့လား ဟု သူမေးသည်။ ကျွန်မလည်း သူ့ကို မောင် ဒီအတိုင်းကြီးပဲ နေသွားတော့မှာလား ဟု မေးလိုက်မည်။

အို... မင်းတောင် အပျိုကြီးဘဝနဲ့ နေနိုင်သေးတာ။ ကိုယ်က ဘာလို့ မနေနိုင်ရမလဲ။ ကိုယ် မင်းကို ချစ်တယ်လေ။ အဲဒီအခါကျ ကျွန်မ ပြောနေကျအတိုင်း ပြန်ပြောဦးမှာ။

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်...

(ဂျူး)

***
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ဒီ ဆောင်းပါး ဖတ်ပြီးပြီးချင်း fb မှာ ချက်ချင်းပဲ share မိတယ်။
မူရင်းဆောင်းပါးကို စာပြန်ရိုက်ပြီး ဂျူး ပရိသတ်အတွက် ပြန်တင်ပေးတဲ့ Juu ရဲ့ FaceBook စာမျက်နှာ က admin အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

***

Thursday, May 14, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁၀)

(မနှင်းဖွေး ရဲ့ ၀တ္ထုတို - ညာဖက်က သရုပ်ဖော်ပုံလေးက ဒီနေရာ က အင်ဒရူး ၀ိုက်ယက် ရဲ့ Christina's World ဆိုတဲ့ ပန်းချီကား ကို ပြန်ဆွဲထားတာ ဖြစ်မယ်)

ယခင် post မှ အဆက် WN >>> စာရေးချင်တဲ့သူတွေ ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ လမ်းညွှန်ချင်ပါသလဲ။

Juu >>> စာရေးချင်တဲ့ သူတွေကို ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ ကျွန်မတော့ လမ်းမညွှန်လိုပါဘူး။ စာဆိုတာ များများဖတ်လေ ကောင်းလေပဲ။ ဘာသာရပ် အစုံ ဖတ်နိုင်ရင် ပိုကောင်းမှာပေါ့။ စာဖတ်များလာတာနဲ့ အမျှ၊ စာဖတ်သက် ရင့်လာတာနဲ့ အမျှ ဘယ်လို စာမျိုးကို ရွေးချယ် ဖတ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်။ ကိုယ်က ဘယ်လို -ism မျိုးကို သဘောကျသလဲ၊ ဘယ်လို ဒဿနမျိုးကို လေ့လာချင်သလဲ။ အဲဒီ အချက်အပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်တဲ့ စာ အမျိုးအစား၊ ဖတ်တဲ့ စာ အမျိုးအစား ကွဲသွားမှာပဲ။ ကျွန်မ အမေက ကျွန်မကို ၀တ္ထုစာအုပ် ၂ အုပ်၊ ၃ အုပ် နဲ့ စတင်ပြီး
ဝတ္ထုစာပေနဲ့ မိတ်ဆက်ပေးလာတာကလွဲလို့ ကျွန်မကို ဘယ်လို စာမျိုး ဖတ်သင့်ကြောင်း လမ်းညွှန်ပြသ ပေးမယ့်သူ မရှိခဲ့ပါဘူး။ ကျွန်မ ဖတ်တဲ့စာတွေ များလာတာနဲ့ အမျှ တဖြည်းဖြည်း ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ရွေးချယ်လာခဲ့ရတာပါပဲ။ စာရေးချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင် တဖြည်းဖြည်းချင်း လေ့လာယူဖို့ လိုပါလိမ့်မယ်။ ဖတ်ရင်းတဲ့ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ စာတွေ တွေ့လာရင်လဲ မျက်နှာလွှဲတတ် လာပါလိမ့်မယ်။ အသက်အရွယ်၊ ဦးနှောက်ရဲ့ Capacity၊ လေ့လာမှတ်သားမှု ဉာဏ်၊ ကိုယ်ရွေးချယ်တဲ့ -ism ... အဲဒါတွေပေါ်မှာ မူတည်ပြီး စာဖတ်ကြတဲ့ လူတွေချည်းပါပဲ။

WN >>> ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထု တွေကို ဖတ်ဖူးပါသလား။ အဲဒီ ၀တ္ထုတွေ အပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ။

Juu >>> ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို ကျွန်မ ကိုယ်တိုင် မရေးပေမယ့် စာဖတ်သူ တစ်ယောက် အနေနဲ့ အမြဲတမ်း စောင့်ဖတ်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု ကောင်းပြီဆိုရင် ခံစားမှု ၀တ္ထုကောင်း တစ်ပုဒ်ထက် ကာလ ကြာရှည်စွာ ဖမ်းစားထားနိုင်ပါတယ်။ ဥပမာ နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ်။ ရေဆန်လမ်း နဲ့ နွေတစ်ည ကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ၀ယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု အများစုဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ထားသလို ဖြစ်နေတဲ့ အတွက် ရုပ်လုံးကြွ မလာတတ်ဘူးလို့ ကျွန်မ ငယ်စဉ်ကတည်းက ထင်မြင်လာခဲ့တာကို နိုင်ဝင်းဆွေ ရဲ့ နွေတစ်ည ကတော့ ပယ်ဖျက်ပစ်လိုက်နိုင်တာပါ။ အခြေအနေ အမျိုးမျိုးနဲ့ အချိန်ကာလ အမျိုးမျိုးပေါ်မှာ မူတည်ပြီး လှုပ်ရှားသွာတဲ့ ခင်ဝေရဲ့ ဇာတ်ကောင်ကို ရုပ်လုံးကြွလာအောင် စာရေးဆရာက ကျွမ်းကျင်စွာ ဖွဲ့သွားတယ်လို့ ကျွန်မ မြင်တယ်။ ခင်ဝေရဲ့ ကလေးဆန်တဲ့ အပြုအမူ၊ သနားဖွယ်ရာ မသိတတ်မှု၊ မိခင်ဆန်တဲ့ ကရုဏာတရား၊ ပကာသန မက်မောမှု၊ ရုန့်ရင်းကြမ်းတမ်းမှု အဲဒါတွေကို စာရေးဆရာက ဘက်မလိုက်ဘဲ အကောင်းဆုံး ရေးပြသွားနိုင်တယ်။

ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို နိုင်ဝင်းဆွေရဲ့ ကျွန်မ အကြိုက်ဆုံး ၀တ္ထုတွေလောက်တော့ မခံစားရတာ အမှန်ပါပဲ။ ဒါပေမယ့်လေ ရသ ဖန်တီးနိုင်စွမ်းအား နည်းနည်း အားနည်းနေတာရယ်၊ တခါတလေ မလိုအပ်ဘဲ ဇာတ်ဆန်လွန်းတာတွေရယ် ကလွဲရင် အဆင့်အတန်းရှိတဲ့ ဘ၀ သရုပ်ဖော် ၀တ္ထုတွေက များပါတယ်။ ထပ်ခါထပ်ခါ တွေ့နေရတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိတယ်။ ဇာတ်မဆန် ဆန်အောင် ဇွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာ စာရေးဆရာ အများစုဟာ Realism လိုင်းကို ရွေးချယ်မှု များလာတာ တွေ့ရတယ်။ အဲဒါ ၀မ်းသာစရာပါပဲ။ တကယ်ယုံကြည်လို့ ရွေးချယ်ပြီး ရေးတာလား၊ Realism ရေးမှ အဆင့်အတန်း ရှိတယ် ထင်လို့ မယုံကြည်ဘဲနဲ့ ခပ်ယောင်ယောင် လိုက်ရေးတာလား၊ ကိုယ့် ကန့်သတ်ချက်နဲ့ ကိုယ် ချောင်ပိတ်မိပြီး မလှုပ်နိုင် မရှားနိုင် ဆက်ရေးနေရတာမျိုးလား ဆိုတာတော့ ဘေးလူ အနေနဲ့ ထင်မြင်ချက် မပေးကောင်းပါဘူး။

ကျွန်မကတော့ ကန့်သတ်ချက်တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင် မခတ်ချင်ဘူး။ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုးစားမိပါပဲ။ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ။

WN >>> ရေမျောသီး လို
ဝတ္ထုမျိုးကို တော်တော်များများက ခံစားလို့ မရကြဘူး။ ခံစားမရကြခြင်းသည်ပင်လျှင် ဒီ ၀တ္ထုရဲ့ ဆိုလိုရင်းလား။

Juu >>> ဒါဆိုရင် ကိုဝင်းငြိမ်းကို ဒုတိယ အကြိမ် ၀မ်းနည်းစကား ပြောရဦးမှာပေါ့လေ။
ရေမျောသီးဆိုတာ Drifted Fruit ပေါ့။ ခိုတွယ်ရာ နေရာမရှိ၊ အချိန် အကန့်အသတ် မရှိ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ။ အဲဒီ
ဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျော နေခဲ့သလားတော့ မမှတ်မိဘူး။ ၀တ္ထုထဲက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူး ဆိုတာကတော့ ကျွန်မရဲ့ presentation ညံ့လို့ပဲ ဖြစ်မှာပါ။

*****
ကျွန်မမှာ ရှိတဲ့ မဂ္ဂဇင်းထဲက အင်တာဗျူးကတော့ ကုန်သွားပါပြီး။ ပိတ်ရက်မှာ စာအုပ်ရှာလို့ ရတယ် ဆိုရင်တော့ ကျန်တာတွေ ထပ်တင်ပေးသွားပါမယ်။ ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားကြတာ သိရလို့ ၀မ်းမြောက်မိပါတယ်။

ရေမျောသီး ကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်ဝင်းဆွေ ကိုတော့ ကျွန်မ တခါမှ မဖတ်ဖူးပါဘူး။ ရှိရင်လဲ မျှကြပါဦး။

Wednesday, May 13, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၉)



ယခင် post မှ အဆက်

စာရေးဖို့ စိတ်ပါလာတဲ့ အချိန်မှာတော့ ဘာသာပြန် ၀တ္ထုတိုတွေကို ကြိုက်တတ်လာပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန် ၀တ္ထုတိုရေးဆရာ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို သဘောကျခဲ့တယ်။ သူ့ဝတ္ထုလေးတွေက စိတ်ကူးဆန်းကြယ်တယ်။ တခါတခါ လျှို့ဝှက်သည်းဖို ဆန်တယ်။ တခါတခါ ရိုမန်တစ် ဆန်တယ်။ သူက ၀တ္ထုတို ဖွဲ့တဲ့နေရာမှာ အလှည့်ကောင်းတယ် ခေါ်ရမှာပေါ့။ စနစ်တကျလေး လှည့်ယူတဲ့ ဇာတ်ကွက်ပဲ။ Wonderful Ending တွေနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ The Last Leaf ဆိုရင် ကျွန်မ ဆယ်တန်းနှစ်တုန်းက အကြိုက်ဆုံး ၀တ္ထုတိုလေးပေါ့။ အသက် ၁၆ နှစ် အရွယ်မှာ အဲဒါကို မှီးပြီး ၀တ္ထုတိုလေး တစ်ပုဒ်တောင် ရေးခဲ့မိလောက်အောင် ကြိုက်ခဲ့မိတာပါ။ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို စကားလုံး ၁၀၀၀ သို့မဟုတ် ၂၀၀၀-၃၀၀၀ လောက်နဲ့ ပြန်ရေးတဲ့ (ladder series စာအုပ်ကလေးလို့ ထင်တယ်) စာအုပ်တစ်အုပ်ကို ရလာတဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုစဖတ်ဖို့ ကြိုးစားခဲ့တော့တာပါပဲ။ ၀တ္ထုရှည် အနေနဲ့တော့ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေး ကို သဘောကျခဲ့တယ်။ ဝေးပေါ့...ဝေးပေါ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ (သန်းဆွေ ဘာသာပြန်ထင်တယ်) ဘာသာပြန်စာအုပ် A Farewell to Arms ၀တ္ထုကို စဖတ်ရပါတယ်။ နောက်ထပ်တွေ့လာတဲ့ စာအုပ်က ကိုကို ဘာသာပြန်တဲ့ ခေါင်းလောင်းသံ (For Whom The Bell Tolls) ပါပဲ။ ပင်လယ်ပြာနဲ့ တံငါအို (The Old Man and The Sea) ကိုတော့ တက္ကသိုလ်ရောက်မှ ဖတ်ဖူးတာပါ။

တက္ကသိုလ် ပထမနှစ်ရောက်တော့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို ဖတ်ပြီး ဆရာကြီးကို ထိုင်ရှိခိုးချင်လောက်အောင် လေးစားသွားခဲ့တယ်။ အဲဒီနှစ်မှာပဲ ဆရာကြီး ဒဂုန်တာရာ ရဲ့ စာအုပ်တွေ ရှာဖတ်ခဲ့တာပါပဲ။ မှတ်မှတ်ရရ အဲဒီနှစ်မှာ ဆရာ တက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေနဲ့ အတူ ဆရာကြီး မောင်ထင် ရဲ့ ကမ္ဘာ့
ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို ဖတ်ရတယ်။ အဲဒီမှာ ကျွန်မ တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ် ကို စတင်သိကျွမ်းခဲ့ပါတယ်။ တော်လ်စတွိုင်းရဲ့ လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း (How Much Land does a Man Need?) ဆိုတဲ့ ၀တ္ထုကို ကျွန်မ သိပ်ကြိုက်သွားတယ်။ အဲဒီ ၀တ္ထုတို ပေါင်းချုပ် စာအုပ်ထဲက ချက်ကော့ဗ် ရဲ့ လောင်းကစားမှု (The Bet) ၀တ္ထုဟာ ကျွန်မကို လပေါင်းများစွာ စိုးမိုးခဲ့တယ်။ အဲဒီ စာအုပ်ထဲမှာ ချက်ကော့ဗ် ရဲ့ ၀တ္ထုတို လေးပုဒ် ဖတ်ရတယ်။ လူ့ပုတ်သင် ဆိုတဲ့ ၀တ္ထု (The Chameleon) တဲ့။ နောက်တစ်ပုဒ်က တရားခံ ဆိုတဲ့ ၀တ္ထု (The Culprit) တဲ့။ နောက်တစ်ပုဒ်က အမနာပ၊ နောက်တစ်ပုဒ်ကတော့ လောင်းကစားမှုပါ။ ဒီမှာတင် ကျွန်မ ကျေညက်အောင် ၀ါးစားရမယ့် စာအမျိုးအစားဟာ ချက်ကော့ဗ် ရဲ့ စာတွေပဲ လို့ ကျွန်မ သိခဲ့တယ်။

ကျွန်မ နောက်ဆုံးနှစ် အပိုင်း (က) ရောက်လာတော့ မြန်မာဘာသာပြန် ပြင်သစ်
ဝတ္ထုတွေကို ကြိုက်တတ်စ ပြုလာပါတယ်။ ပထမဆုံး စဖတ်တဲ့ ၀တ္ထုက ကမူး ရဲ့ ပလိပ် ၀တ္ထုပါ။ ပထမဆုံး အကြိမ် စဖတ်တော့ အစအဆုံး မဖတ်နိုင်ခဲ့ဘူး။ နောက်တစ်ကြိမ် အစကနေ ပြန်ဖတ်ကြည့်တော့ အဲဒီ ၀တ္ထုကို တော်တော် သဘောကျသွားတယ်။ အထပ်ထပ် အခါခါ မရိုးနိုင်ဘဲ ဖတ်နေမိလို့ တချို့ စာကြောင်းတွေ၊ စာပိုဒ်တွေကို အလွတ်ရလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ စိတ်အထင်တော့ ဒီဝတ္ထုကို အိပ်ရာဘေးမှာ ချထားမိပြီး အားတဲ့ အချိန်တိုင်း ကောက်ကိုင် ဖတ်ခဲ့မိတယ် ထင်တယ်။ ဒီနောက်တော့ စည်းအပြင်ကလူ ကို ရှာဖတ်ပါတယ်။ ကမူး ကို ဖတ်ပြီဆိုတော့ ဆာ့(တ) က အလိုလို တွဲပါ လာခဲ့တော့တာပဲ။ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ ၀တ္ထုတို စာအုပ်ထဲက နာမည်ကြီးအောင် လုပ်နည်း ၀တ္ထုကလွဲလို့ ဆာ့(တ) ရဲ့ တခြား မြန်မာဘာသာပြန် ၀တ္ထု ကျွန်မ မတွေ့ခဲ့ရဘူး။ လက်လှမ်းမီရာ အင်္ဂလိပ် ဘာသာပြန်တွေ လိုက်ရှာတဲ့အခါ The Wall ဆိုတဲ့ ၀တ္ထုတိုကို တွေ့ပြီး ဖတ်ခဲ့ရပါတယ်။ ဆာ့(တ) နဲ့ ကမူး ကို ဖတ်ရင်းနဲ့ မသိလို့ မဖြစ်တဲ့ အကြောင်းအရာ၊ ခေါင်းစီး တစ်ခုကို သွားတွေ့တယ်။ အဲဒါကတော့ အနောက်တိုင်း ဒဿနပညာ ပဲ။

(စကားချပ်။ ။ ဒီနေရာမှာ ကျွန်မက သူ existentialism လို့များ ပြောမလားလို့ ထင်မိတာ။ အဲဒါ ဂျူး ပဲ။)

ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘာမှ မဆိုင်တဲ့ ဒဿန Philosophy ဘာသာရပ်ကို ကျွန်မ တာဝန်တစ်ခု အနေနဲ့ လေ့လာခဲ့ပါတယ်။

အဲဒါတွေကတော့ ကျွန်မ ဖတ်တဲ့ စာတွေရဲ့ ကောက်နုတ်ချက် အကျဉ်းပဲပေါ့။

*****
နောက်တစ်ပိုင်း ပြီးရင် ကျွန်မမှာ ရှိတဲ့ အင်တာဗျူး တပိုင်းတစ ပြီးပါပြီ။ ပိတ်ရက်ကျရင်တော့ Peninsula သွားပြီး ၀င်းငြိမ်း ရဲ့ ပေဖူးလွှာ အင်တာဗျူး စာအုပ် ရှာကြည့်လိုက်ပါဦးမယ်။ ရခဲ့ရင် အစပိုင်းနဲ့ အဆုံးပိုင်း အကုန် ပြန်တင်ပေးပါမယ်။

to be continued

Tuesday, May 12, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၈)

(ဆရာ မြသန်းတင့်ရဲ့ အခန်းဆက် ဘာသာပြန် နဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>> ၀တ္ထုတိုအကြောင်း ပြောရင်း ကျွန်တော် ဖြတ်မေးပါရစေ။ ဆရာမကို ကျွန်တော်က အချစ်ဝတ္ထုရေး ဆရာမလို့ ကင်ပွန်းတပ်ရင် လက်ခံနိုင်မလား။ (စာရေးဆရာမ တစ်ယောက်ရဲ့ အင်တာဗျူးမှာ ကျွန်တော် ဒီလိုမေးတော့ ဆတ်ဆတ်ခါ နာဖူးလို့ပါ။)

Juu >>> ဒါကတော့ ဘယ် စာရေးသူမဆို အချစ်ဝတ္ထုရေးဆရာ လို့ နာမည်တပ်ခံရရင် အနည်းနဲ့ အများ အောင့်သက်သက် ဖြစ်ကြမှာ ချည်းပါပဲ။ အထူးသဖြင့် တခြားစာပေ အမျိုးအစားပါ ရေးတဲ့ စာရေးဆရာတွေကပေါ့။

ကျွန်မကတော့ အချစ်ဝတ္ထုကို အရေးများတာ အမှန်ပဲ။ အချစ်အကြောင်း စိတ်ဝင်စားတဲ့ အချိန်မှာ အချစ်ကို နည်းအမျိုးမျိုးနဲ့ တွေးခေါ်စဉ်းစားပြီး အချစ်ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကို အချစ်ဝတ္ထု စာရေးဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်မ အခု အချိန်ထိ ၀တ္ထုတို ၂၁ ပုဒ် ရေးပြီးပြီ။ ဒီအထဲမှာ အချစ်ဝတ္ထု မဟုတ်တာဆိုလို့ ရှစ်ပုဒ်ပဲ ပါတယ်။ အဲဒီ ၀တ္ထုတွေကို ကျွန်မ ရေတွက်ပြမယ်။

၁) အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန်
၂) သူမ၏ မိုး
၃) ရေမျောသီး
၎) သေတမ်းစာ
၅) အမေ
၆) သစ်တောလမ်း
ရ) ကောင်းကင်မပါသော ည
၈) ကျီစားပျက်ရယ် (အဲဒါက ကောလိပ် မဂ္ဂဇင်းထဲမှာ ရေးတဲ့ ၀တ္ထုပါ)

ဒီတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အချစ် ၀တ္ထုက ၆၁ ရာခိုင်နှုန်းလောက် ရှိတယ်။ ၅၀ ရာခိုင်နှုန်းထက် ပိုတဲ့ အတွက် ကျွန်မက အချစ်ဝတ္ထုရေးဆရာ ဖြစ်နေပါတယ်။ တစ်ခုရှိတာက အချစ်ဝတ္ထုရေးရတဲ့ အခက်အခဲပဲ။ အချစ်ကို စိတ်ဝင်စားလို့ ရတဲ့ အချိန်မှာ ရေးရင် အဲဒီ အချစ်ဝတ္ထု ပြောင်မြောက် ပီပြင်မှာပဲ။ လူ့ဘ၀ကို စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေအဖြစ် စိတ်ကုန်းခမ်းနေတဲ့ အချိန်မှာ အချစ်ဝတ္ထုကို ရေးဖို့ မကြိုးစားနဲ့။ အလကားပဲ။ ကျွန်မဖြင့် အခု အချိန်မှာ အချစ်ဝတ္ထုရေးဖို့ တော်တော် စိတ်ကုန်နေပါပြီ။ ၁၉၈၆ ခုနှစ်မှာ အမှတ်တရ ကို ရေးခဲ့တယ်။ လွယ်လွယ်ကူကူ ရေးခဲ့တာပဲ။ ဒါပေမယ့် အခု ၁၉၈၉ ခုနှစ်မှာ လုံးချင်းဝတ္ထု အသစ် ရေးကြည့်တယ်။ တော်တော် ပင်ပန်းတဲ့ အလုပ်ပါပဲ။ ဒီသုံးနှစ်အတွင်း ကျွန်မ ၀တ္ထုတို ၅ ပုဒ် ရေးဖြစ်တယ်။ ၅ ပုဒ်လုံး အချစ်ဝတ္ထု မဟုတ်ဘူး။

ကျွန်မကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အရေးကြီးတာက ၀တ္ထုရဲ့ အနှစ်သာရပါ။ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

WN >>> ဆရာမ စာဖတ်ပါသလား။
(စကားချပ်။ ။ ဘယ့်နှယ် မေးခွန်းပါလိမ့်။ မသကာ ဆရာမ စာတွေ အများကြီး ဖတ်ခဲ့ဖူးမှာပေါ့နော် လို့ ပြောရင် ဟုတ်တုတ်တုတ်။ အဲဒီ ခေတ်က ဂျူး မို့လို့ပေါ့။ ဒါမျိုး ဘလော့ခေတ်မှာ လာမေးလို့ကတော့ ကောင်းကောင်း အဆော်ခံရမယ့် ဖြစ်ခြင်း။
မြင်းခွာ တစ်ချက်ပေါက်ရုံနဲ့ မီး ဟုန်းဟုန်းတောက်သွားမယ်။ ဘာမှတ်လဲ :D )

Juu >>>
ကျွန်မ အချိန်အား ရတဲ့ အခါတိုင်း တတ်နိုင်သမျှ စာဖတ်ပါတယ်။

WN >>> ဘယ်လို စာမျိုးတွေ ဖတ်ပါသလဲ။

Juu >>> ဖတ်တဲ့ စာကတော့ အစုံပဲ။ ငယ်ငယ်တုန်းက ဖတ်တဲ့ စာက တစ်မျိုး။ စာရေးဖို့ ကြိုးစားချိန်မှာ ဖတ်တဲ့ စာက တစ်မျိုး။ စာစရေးတဲ့ အချိန်မှာ ဖတ်တာက တစ်မျိုး။ အခု စာရေးဆရာလို့ အများက သတ်မှတ်လာကြတဲ့ အချိန်မှာ ဖတ်တဲ့ စာက တစ်မျိုးပေါ့။ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဖရန်စစ် ဘေကွန် ပြောတဲ့ စကားတစ်ခု ရှိတယ်။ တချို့စာက မြည်းကြည့်ဖို့ ကောင်းတယ်။ တချို့စာကို မြိုချရမယ်။ တချို့စာကတော့ ကြေညက်အောင် ၀ါးစားဖို့ ကောင်းတယ်တဲ့။ စာအမျိုးမျိုး ရှိတဲ့ အထဲမှာ ကျွန်မ အကြိုက်ဆုံး စာ အမျိုးအစားကတော့ ၀တ္ထုတိုပဲ။ ဒီတော့ ၀တ္ထုတိုတွေ အဖတ်များပါတယ်။ ဒါကလဲ ကျွန်မ လက်လှမ်းမီ သလောက်ပေါ့။ အမျိုးသမီး တစ်ယောက်အနေနဲ့ လက်လှမ်းမီသလောက်၊ ဆရာဝန်တစ်ယောက် အနေနဲ့ အချိန်ပေးနိုင်သလောက်ပေါ့။

မြန်မာစာကို စပြီး ၀ါသနာပါတဲ့ အရွယ်ကတော့ ကဗျာ့ပန်းကုံး စာအုပ်၊ ကဗျာသီကုံးနည်း စာအုပ်တို့ က၀ိဘာရထီကျမ်းတို့၊ အဲဒါတွေကို လေ့လာကျက်မှတ်ခဲ့တယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ ဘောလယ် ရေးနည်းတွေကို ဥဒါဟရုဏ်တွေနဲ့ ဖော်ပြထားတာ အလွန် စိတ်ဝင်စားခဲ့တာပေါ့။ အဲဒီ အထဲမှာ ကျွန်မ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုပါ။ နတ်သျှင်နောင်ရဲ့ ရတုတွေ၊ ရဝေရှင်ထွေးရဲ့ ရတုတွေ၊ ဓာတုကလျာရဲ့ ရတုတွေနဲ့ န၀ဒေး ရတုတွေ၊ ဒါတွေ တော်တော်များများကို နှစ်သက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ခြောက်တန်း၊ ခုနစ်တန်း လောက်ကစပြီး ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့တယ်လေ။ စကားပြေ အနေနဲ့ကတော့ မင်းပူး ဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးပေါ့။

to be continued

Monday, May 11, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၇)



ယခင် post မှ အဆက်

WN >>>
မိုးသည်းတဲ့ ညတစ်ညမှာ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ "သူမ၏ မိုး" ၀တ္ထုမှာ မိန်းကလေးရဲ့ စိတ်အခြေအနေက အဓမ္မ ကျင့်သွားတဲ့ လူကို စွဲနေတယ်လို့ ဆိုလိုတာလား။ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှု ရှိနိုင်ပါသလား။

Juu >>> သူမ၏ မိုး ၀တ္ထုမှာ အဓိပ္ပါယ် နှစ်ခွ တွေးယူလို့ ရပါတယ်။

မိုးမရွာဘဲနဲ့ ရွာတယ်လို့ ထင်တာ၊ မိုးခြိမ်းသံကို ကြားယောင်မိတာ၊ မိုးရဲ့ စိုစွတ်တဲ့ ရွှံ့မြေအနံ့ကို ရတယ်လို့ ထင်မိတာ၊ အဲဒါတွေဟာ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) တွေပါ။
Hallucination ကို Psychosis ရောဂါသည်တွေမှာ တွေ့ရလေ့ ရှိတယ်။ Psychosis ရောဂါသည်တွေထဲမှာ အများ သိကြပြီး ဖြစ်တဲ့ စိတ်ကစဥ့်ကလျား ရောဂါသည် (Schizophrenia) တွေ ပါဝင်ပါတယ်။ Paraphrenia ဆိုတဲ့ ရောဂါသည်တွေမှာလဲ Hallucination ရတတ်တယ်။ စိတ်ကယောင်ချောက်ခြား ဖြစ်လောက်အောင် ကြောက်လန့်နေတဲ့ Neurosis ရောဂါသည် တစ်ဦးမှာလည်း Hallucination ကို တွေ့ရတတ်ပါတယ်။ နောက်ပြီး အရက်၊ သို့မဟုတ် မူးယစ်ဆေးဝါး တစ်ခုခု စွဲနေတဲ့ ဝေဒနာသည်တွေမှာ အဲဒီ အရာကို ဖြတ်လိုက်တဲ့အခါ Hallucination ရတတ်ပါတယ်။

ဒီ ၀တ္ထုမှာ ဇာတ်လိုက် အမျိုးသမီးက သူ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိုးသည်းတဲ့ ည အကြောင်းကို ပြန်မတွေးချင်လောက်အောင် ကြောက်ရွံ့ ထိတ်လန့်နေခဲ့မယ်။ နောက်တစ်ခါ ပြန်ဖြစ်ပျက်မှာကို စိုးရွံ့နေခဲ့မယ်။ အဲဒီ စိတ် အခြေအနေမျိုးမှာ
Hallucination ရနိုင်ပါတယ်။ နောက်တစ်မျိုး စဉ်းစားစရာ ရှိတာက ဒီလူ့အပေါ်မှာ သူ့ရဲ့ သိစိတ် (Conscious Mind) က မုန်းတီး စက်ဆုပ်နေခဲ့ပေမယ့် မသိစိတ် (Subconscioius Mind) က စွဲလမ်းသွားတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဆိုတာ အလွန် ဆန်းကြယ်တဲ့ အရာပဲ မဟုတ်လား။ ဒါကတော့ ကြိုက်သလို လှည့်ပတ် တွေးယူဖို့ပါပဲ။

လူတွေမှာ မသိစိတ်ဆိုတဲ့ ဖုံးကွယ်မှုရဲ့ နောက်မှာ အမြဲတန်း ရှိနေတာပဲ။ ဒီတော့ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှုမျိုး ရှိနေနိုင်ပါတယ်။ အရေအတွက်အားဖြင့် အလွန်နည်းပါးသည့် တိုင်အောင်ပေါ့လေ။ ဥပမာ မိန်းမ တစ်ရာမှာ တစ်ယောက်နှုန်းပဲ ဖြစ်ဖြစ်ပေါ့။ စောစောက ပြောတဲ့ Subconscinous Mind ထဲမှာပေါ့။ ဆေးဘက်ဆိုင်ရာ စိတ်ပညာ အလိုအရတော့ ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ။

*****
http://www.scribd.com

အဲဒီ link မှာ ဂျူးရဲ့ ၀တ္ထု တို/ ရှည် တော်တော်များများ တွေ့နိုင်ပါတယ်။ Search Box ထဲမှာ Juu ၊ဒါမှမဟုတ် ဂျူး၊ ဒါမှမဟုတ် Jue/ Ju စသဖြင့် ရိုက်ထဲ့ရုံပါပဲ။

ဒီ post အတွက် သူမ၏ မိုး နဲ့ အမေ ၀တ္ထုကို ရှာတာတော့ မတွေ့မိဘူး။

to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၆)

(ဘာရယ် မဟုတ်ဘူး။ ပုံတစ်ခုခု ထည့်ချင်တာနဲ့)

ယခင် post မှ အဆက်

တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား။ နောက်ဆုံးမှာတော့ သူ အပြင် ခဏ သွားနေတုန်း အဆောင်စောင့် အဖိုးကြီးနဲ့ သူ့ သူငယ်ချင်းက သတ်ပစ်လိုက်သလား၊ ခြောက်ထုတ်လိုက်သလား မသိ၊ သူပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက တော်တော် လန့်ဖို့ကောင်းတယ်။

"ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားဟင်" တဲ့။

ကျွန်မတို့ အဲဒီလို ပြောဆို ဆွေးနွေး၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ်။ နင် ဒီအကြောင်းကို ၀တ္ထုရေးပါလားလို့။ အဲဒီတော့ သူက လက်ရှောင်တယ်။ သူ မနိုင်ဘူးလို့ ထင်တယ် တဲ့။ ကျွန်မ ရေးချင်ရင် ရေးပါလား လို့ ခွင့်ပေးပါတယ်။ ကျွန်မလည်း ရေးဖို့ သဘောတူလိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အမေနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ အားတင်းလိုက်တယ်။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ၀င်နေကြည့်တယ်။ ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြား သတ္တ၀ါ တစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ်။

ဒီမှာ ကျွန်မ စဉ်းစားမိတာက မကွေးက မြွေ အလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။ သူက ၀တ္ထုကို ပိုပြီး serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ နိုင်ငံခြား ၀တ္ထုတွေကို လေ့လာ ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ်။ အဲဒီ ၀တ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ခြောက်လ၊ ခုနစ်လလောက် ကြာသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၀တ္ထု ပြီးသွားခဲ့တယ်။ အဲဒီ ၀တ္ထုရေးရင်း ဘယ်နှစ်ကြိမ် မျက်ရည်ကျမိသလဲ ဆိုတာ မမှတ်မိဘူး။

စာရေးရင်း မျက်ရည်ကျရတဲ့ ၀တ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ်။
တစ်ပုဒ်က အမေ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ၀တ္ထုပါပဲ။

to be continued

Sunday, May 10, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၅)


ယခင် post မှ အဆက်

WN >>> ဆရာမ ၀တ္တုတိုတွေကလည်း တစ်ပုဒ်ရေးရင် ရေးသလောက် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ပါတယ်။ ဒါကလဲ ၀တ္ထုတိုကို ထိထိရောက်ရောက် ဖန်တီးတတ်တဲ့ ဆရာမရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ထင်ပါတယ်။ ဒီတော့ ၀တ္ထုတို တစ်ပုဒ်ရအောင် ကုန်ကြမ်း ဘယ်လို ရှာတယ် ဆိုတာက အစ ဘယ်လို ရေးရမယ် ဆိုတာ အထိ ဥပမာ တစ်ပုဒ်လောက်နဲ့ ပြောစေချင်ပါတယ်။

Juu >>>
ဒီနေရာမှာ ကျွန်မ ပြောချင်တာက ကုန်ကြမ်းရှာတယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျွန်မနဲ့ အံမ၀င်တဲ့ အကြောင်းပါပဲ။ ကျွန်မက ဆေးကုသတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူ ဆိုတော့ စာရေးတဲ့ အချိန်ဟာ ဆေးကုတဲ့ အချိန်နဲ့ စာရင် သိပ်ကို နည်းပါတယ်။ စာရေးဖို့ ကုန်ကြမ်းကိုလည်း ရှာစရာ မလိုဘူး။ ကျွန်မရဲ့ အာရုံထဲကို ၀င်လာတဲ့ အဖြစ်အပျက်ကလေး တစ်ခု၊ ခံစားမှု တစ်ခုကို အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ကျွန်မအတွက် ၀တ္ထုတို တစ်ပုဒ် ရလာပါတယ်။ ကျွန်မအတွက် အာရုံဝင်စားဖို့က တစ်လ ကြာချင် ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ သူ့အလိုလို ပေါ်လာတာ မဟုတ်ဘဲ ရှာယူရတဲ့ ကုန်ကြမ်းမျိုးကို မူတည်ပြီး (အခု အချိန်ထိ) ၀တ္ထု မရေးတတ်သေးပါဘူး။ ဒီတော့ ကျွန်မ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ ၀တ္ထုတို တစ်ပုဒ် ဘယ်လို ရလာတယ် ဆိုတာမျိုးလေ။ ဘယ် ၀တ္ထု အကြောင်း ပြောကြမလဲ။

WN >>> ကျွန်တော် ပြောစေချင်တာကတော့ ပေဖူးလွှာမှာ ရေးခဲ့တဲ့ အမေ ၀တ္ထုပါ။

Juu >>> ကျွန်မ ရေးခဲ့သမျှ ၀တ္ထုတိုတွေထဲမှာ ၀တ္ထုတို ရေးနည်း အတတ်ပညာနဲ့ ပတ်သတ်ပြီး နှစ်သက် ကျေနပ်စရာ ဖြစ်ခဲ့သလောက် ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ ဘယ်တော့မှ စိတ်မရဲခဲ့တဲ့ ၀တ္ထုမျိုးရှိတယ် ဆိုရင် အဲဒါ "အမေ" ၀တ္ထုပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာ အမျိုးသမီး အများစုလိုပဲ ကျွန်မက အမေကို သိပ်ချစ်ပြီး၊ သိပ်အထင်ကြီးခဲ့တယ်။ ကျွန်မရဲ့ အမေက ထက်မြက်တယ်၊ ရဲရင့်တယ်၊ ဉာဏ်ကောင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးသားပွင့်လင်းတယ်၊ ဘာပကာသနမှ မရှိတဲ့ ကျေးရွာနေ စရိုက် လက္ခဏာမျိုး ရှိတယ်။ အမေ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆုံးသွားတော့ အမေ့ အကြောင်းကို ၀တ္ထုရေးဖို့ တခါတခါ စိတ်ကူးရတယ်။ ဒါပေမယ့် ကျွန်မ အမြဲတမ်း နောက်ဆုတ်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်လက် ကိုယ်မယုံလို့ပဲ။ အမေ့ အကြောင်းကို သရုပ်ဖော်နိုင်လောက်အောင် ကျွန်မလက်က ထိုက်တန်ရဲ့လားလို့ အမြဲ သံသယ ရှိခဲ့ပါတယ်။ တချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာရင်တော့ ရေးဖြစ်မလား မသိဘူး။

ဒီနေရာမှာ အမေနဲ့ ပတ်သတ်နေတဲ့ အတွက် မဆီမဆိုင်ဘဲ ဖြတ်ပြောရဦးမယ်။ မနှစ်က ထုတ်တဲ့ မဂ္ဂဇင်းလား ဘာလား မမှတ်မိဘူး။ သိပ်မကြာသေးတဲ့ မဂ္ဂဇင်း အသစ်ထဲမှာစာရေးစရာ တစ်ယောက်က အမှတ်တရရဲ့ မကောင်းသတင်းတွေ ဆိုးကွက်တွေကို ကဗျာရှည် တစ်ပုဒ်နဲ့ ရှုပ်ချခဲ့ဖူးပါတယ်။ တစ်ပုဒ်လုံး အနေနဲ့ ဘာမှ မပြောချင်ပေမယ့် အမေနဲ့ ပတ်သတ်တာတော့ တိုက်ဆိုင်လို့ ပြောပြဦးမယ်။ အဲဒီ အထဲမှာ သူက အမှတ်တရ ၀တ္ထုမှာ အမေ ဆိုတဲ့ စကား လုံးဝ မပါတဲ့ အတွက် စာရေးသူကို ပြစ်တင် ရှုပ်ချ ကဲ့ရဲ့ ချင်တဲ့ သဘောမျိုး ရေးထားတယ်။ အမေ မွေးထုတ်ခဲ့လို့၊ အမေ ထောက်ပံ့ခဲ့လို့သာ တက္ကသိုလ်မှာ ပညာသင်နိုင်တာမို့ အမေ့ အကြောင်း လုံးဝ မပါတော့ အပြစ်ကြီး တစ်ခုလို့ သူ ဆိုချင်တယ်နဲ့ တူတယ်။
(စကားချပ်။ ။:D)


ဘာဆိုင်လဲ။
အမှတ်တရ မှာ ကျွန်မ ဖွဲ့ခဲ့တာက ချစ်သူ နှစ်ဦးရဲ့ အချစ်၊ သဘောတရား၊ အယူအဆ ဒါတွေပဲ မဟုတ်လား။ ဒီဝတ္ထုမှာ အမေအကြောင်းလဲ မလိုဘူး။ အဖေအကြောင်းလဲ မလိုဘူး။ ဗီလိန်လဲ မလိုဘူး။ သူတို့ချင်း ကွဲရတာဟာ မောင့်ဘက်က ချွတ်ယွင်းမှု၊ ပျက်ကွက်မှု တစ်ခုတည်းကြောင့်ပဲ။ ကြားလူဖျက်လို့ ပျက်ရတဲ့ ဇာတ်လမ်းမျိုးလဲ မဟုတ်ဘူးလေ။
ထားလိုက်ပါတော့ အဲဒီ အကြောင်း။

အခုန ပြောတဲ့ အမေ ၀တ္ထုမှာ ဇာတ်ကောင်ဆိုလို့ အမျိုးသမီးလေး တစ်ယောက်ပဲ ပါတယ်။ သူက မကွေးကောလိပ်မှာ ကျောင်းဆောင်နေတဲ့ ကျောင်းသူတစ်ယောက်လေ။ ဒီဇာတ်လမ်းရဲ့ မူရင်းကို ကျွန်မရဲ့ ညီမလေး ၀ိုင် ဆီက ရပါတယ်။ သူနဲ့ ကျွန်မက အိမ်မှာ အရင်းနှီးဆုံး၊ အပွင့်လင်းဆုံး သူငယ်ချင်းပေါင်း ပေါင်းတဲ့ ညီအစ်မပါ။ သူက ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ တစ်နေ့တော့ ကျွန်မကို သူ့ အိပ်မက် အကြောင်း ပြောပြတယ်။ အမေ့ကို အိပ်မက်မက်တဲ့ အကြောင်းပေါ့။ အိပ်မက် မက်ပြီး နှစ်ရက် သုံးရက်အတွင်း သူ့အခန်း နံရံမှာ တောက်တဲ့ကြီးတစ်ကောင် ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ် လို့ပြောပါတယ်။ တစ်ခန်းတည်းနေ သူငယ်ချင်းရော သူရော ကြောက်လန့်ပြီး ခြောက်ထုတ်ဖို့ ကြိုးစားသတဲ့။ ဘယ်လို ခြောက်ထုတ်ထုတ် နေရာမရွေ့ဘဲ တွယ်ကပ်နေတာပဲတဲ့။

*****
တိုက်ဆိုင်မှုပါပဲ။ အမေနေ့မှာ အမေအကြောင်းပြောတဲ့ အပိုင်းကို တင်မိတယ်။ ကိုနေဒေးသစ် ပြောလို့ သတိထားမိတာပါ။ ကျွန်မဘာသာဆို အမေနေ့တွေ အဖေနေ့တွေ သူငယ်ချင်းနေ့တွေ ချစ်သူများနေ့တွေ သတိမထားမိတတ်ပါဘူး။ (ကျွန်မက gazetted holiday တွေပဲ သတိထားတာမို့။)
သတိရစေတဲ့ comment ပေးသွားတဲ့ ကိုနေဒေးသစ်ကို ကျေးဇူးတင်ပါတယ်။

အပေါ်က ပုံကို မြန်မာ အမေပုံ ထည့်ချင်ပေမယ့် ကျွန်မ လိုချင်တဲ့ ပုံစံမျိုး ရှာမရတာမို့ ကရုဏာတွေ ခံစားလို့ရတယ်လို့ ခံစားမိတဲ့ ပုံတစ်ပုံကို ထည့်ထားပါတယ်။ Google ကပဲ ရှာပါတယ်။

အဲဒီပုံက မေမေ (ငယ်ငယ်က) နဲ့တူတယ်။ (မေမေ့သမီးနဲ့လည်း တူတယ် :P)

to be continue

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၄)

(မန္တလေး ဆေးကျောင်းမှာ ဂျူး တို့ထက် Senior ကျတယ် ဆိုတဲ့ ဆရာ နိုင်ဇော်ရဲ့ ၀တ္ထုတို)

ယခင် post မှ အဆက်

လက်မထပ်ချင်ဘူး၊ လက်ထပ်ရင်လည်း သားသမီး မလိုချင်ဘူး ဆိုတဲ့ အချက်ကိုလည်း မြန်မာမှုနဲ့ မညီညွတ်ဘူး လို့ ဝေဖန်ကြပါတယ်။ ဒီလို ဇာတ်ကောင်မျိုးကိုမှ မြန်မာစရိုက် မဟုတ်ဘူးလို့ မပြောရင် ဘယ်လိုဟာမျိုးကို ပြောမလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုး ရေးကြတာ ဖတ်ရပါတယ်။ (အဲဒီ ဇာတ်ကောင်က "မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း" ၀တ္ထုတို ထဲက ဆရာဝန်မ ထား ပါ။)

ဒီခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်မထပ်ဘဲ အဝေးကပဲ ချစ်နေချင်တာ ဘာများ မှားယွင်းပါသလဲ။ ဦးနှောက် ရှိတဲ့ လူတိုင်း၊ တာဝန် သိတတ်တဲ့ လူတိုင်း၊ တခါတလေမှာ အိမ်ထောင်ရေးကို စိုးရိမ် ထိတ်လန့်ကြတာ သဘာဝပါပဲ။ အိမ်ထောင်မှု ကိစ္စတွေနဲ့ နစ်မွန်းပြီး စက်ရုပ် ဖြစ်နေကြတဲ့ အိမ်ထောင်သည်တွေလည်း နည်းမှ မနည်းဘဲ။ မိန်းမ တစ်ယောက်ဟာ လက်ထပ်ရမှာကို ကြောက်ခွင့် မရှိဘူးလား။ လက်ထပ်ပြီး သားသမီး မွေးမြူ ပြုစုဖို့ကို ပိုပြီး ကြောက်ခွင့် မရှိဘူးလား။ တွေးကြည့်မယ် ဆိုရင် သားသမီး တစ်ယောက် ကြီးပြင်းလာတဲ့ အထိ တာဝန်ယူဖို့ ဆိုတာ အင်မတန် စွန့်စားရတဲ့ ကိစ္စကြီးပါ။ ကျွန်မတို့ဟာ အချိန် မတိုင်ခင် အစစ အရာရာ အဆင်သင့် မဖြစ်သေးခင် အိမ်ထောင်ပြုမယ်၊ အတိုင်းအဆ မရှိ သားသမီးတွေ မွေးမယ်။ ဘာတွေ ဖြစ်လာနိုင်သလဲ။

သားသမီး ဆိုတာ မွေးပြီးရင် ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ ကိုယ်သေတဲ့ထိ တာဝန် ယူကြရတာပဲ။ ပြုစုဖို့ မနိုင်နင်းဘဲ သားဆိုး သမီးဆိုးကလေးတွေ မွေးလာမှာနဲ့ စာရင် သားသမီး အတွက် ပြင်ဆင်ပြီးမှ အေးအေးဆေးဆေး ကလေးယူတာက သိပ္ပံနည်း မကျဘူးလား။ သူတို့ အတွက် အချိန်ပေးပြီး ဂရုတစိုက် control လုပ်ပေးနိုင်မှ၊ ကိုယ်လိုချင်တဲ့ ပုံစံမျိုး လမ်းညွှန်နိုင်မှ တန်ဖိုးရှိတဲ့ ကလေးတွေ ဖြစ်လာမယ်။ နိုင်ငံက အားကိုးရတဲ့
ကလေးတွေ ဖြစ်လာမယ်။ ဒီလို မဟုတ်ဘဲ ဘုရားပေးတာပဲ ဆိုပြီး သားသမီးတွေ ရသမျှ ယူကြ၊ ကျွေးမွေး ပြုစုဖို့ မတတ်နိုင်တော့ ကလေးတွေ ကလေကချေ ဘ၀ကို ရောက်ကြ...။

ဒီအဖြစ်မျိုးနဲ့ ယှဉ်တော့ လူလတ်တန်းစားတွေ သားသမီး တားတဲ့ ကိစ္စဟာ အံ့သြ ထိတ်လန့်စရာ မရှိပါဘူး။ သားသမီး အများကြီး ယူတဲ့ မြန်မာမှုမျိုး ကိုလည်း ကျွန်မ သဘောမကျပါဘူး။ ကျွန်မ သဘောကျတဲ့ မြန်မာမှု စရိုက် တစ်ခုကတော့ ကျွန်မတို့ မြန်မာ လူမျိုးတွေရဲ့ ကိုယ့်မိဘကို သေသည်အထိ လုပ်ကျွေးပြုစု စောင့်ရှောက် သွားလေ့ရှိတဲ့ ရိုးရာ လူနေမှု စနစ်ပဲ။ အဲဒါကို ကျွန်မ သိပ်သဘောကျ ချီးကျူးပါတယ်။

အော် နောက်ပြီးတော့ စီးကရက် သောက်တာကို မြန်မာမှုနဲ့ မညီဘူးလို့ ထောက်ပြတာ ဖတ်ရပါတယ်။
ဆေးပေါ့လိပ်ကို ဆေးလိပ်ခံခွက် အကြီးကြီးနဲ့ ခံပြီး အားရပါးရ ရှိုက်ဖွာမှ မြန်မာမှုလား။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေဟာ ဆေးလိပ် သိပ်သောက်ကြပါတယ်။ အသက် ၅၀ ကျော်တဲ့ မြန်မာ အမျိုးသမီးကြီး ၁၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက်က ဆေးလိပ် ကြိုက်တတ်ကြတာ တွေ့ရတယ်။ အဲဒီ အထဲမှာ ၂၀ ရာခိုင်နှုန်းက ငယ်ရွယ်စဉ် ကတည်းက ဆေးလိပ်သောက်လာခဲ့တယ်။ ပြောင်းဖူးဖက်၊ သနပ်ဖက် ဆေးပေါ့လိပ် အကြီးကြီးတွေကို သောက်ပြမှ မြန်မာမှုလား။ အမှန်အတိုင်း ပြောရရင် ကျွန်မ စီးကရက် မကြိုက်ပါဘူး။ သောက်လဲ မသောက်ပါဘူး။ ကျန်းမာရေး ရှုထောင့်ကနေ အမြဲ ကြည့်မိလို့လား မသိဘူး။ လုံးဝကို ရှုံ့ချပါတယ်။ ဘာဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တယ် ဆိုတာ အဆုပ်နဲ့ ပတ်သတ်တဲ့ ရောဂါ တမျိုးမျိုးကို အရစ်ကျ ငွေချေ စနစ်နဲ့ ၀ယ်ယူနေတယ် လို့ပဲ သဘောထားပါတယ်။

ထားပါတော့လေ။
ကျွန်မ ၀တ္ထုထဲက ဇာတ်ကောင်စရိုက် character ဟာ မြန်မာ မဆန်ဘူး ဆိုတာကို အဲဒီ အချက်တွေနဲ့ ရှာဖွေ ထောက်ပြခဲ့ကြပါတယ်။ ကျွန်မက ဖြေရှင်းရတဲ့ အလုပ်၊ ရန်တွေ့ရတဲ့ အလုပ်ကို သိပ်မုန်းပါတယ်။ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့ ကိစ္စမှာတောင် ရေငုံနှုတ်ပိတ် နေတတ်တဲ့ အလေ့အကျင့် ရှိပါတယ်။
အခု နှစ်ပိုင်းတွေ အတွင်း မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်မှာ ဂျူး ဆန့်ကျင်ရေး ဆောင်းပါတွေ အများကြီး ဖတ်ရပေမယ့် ကျွန်မ ဒီတိုင်း နေခဲ့တာပဲ။ ဝေဖန်ရေး ဆရာတွေဟာ စာဖတ်ပရိသတ်ကို လမ်းမှား မလိုက်စေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို အကြောင်းပြပြီး ဝေဖန် ထောက်ပြခဲ့ကြတာ မဟုတ်လား။ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ကျွန်မ ပိတ်ပင် ဟန့်တားစရာ၊ ငြိုငြင်စရာ အကြောင်း မရှိပါဘူး။
(စကားချပ်။ ။ ဂုတ်ကနေ ဆွဲခေါ်ပြီး ပြချင်မိ ပြန်ပြီ။)

ပြာပြမယ် ဆိုရင် တသီတတန်းကြီး။ ကျွန်မ မပြောပါဘူး။ အခုဟာကလဲ ကိုဝင်းငြိမ်း မေးလို့သာကိုး။ ကျွန်မ အနေနဲ့ မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။ ဘာလုပ်မှာလဲ။ ဝေဖန်ဖို့က ဝေဖန်ရေး ဆရာတွေ ရဲ့ တာဝန်၊ စာတွေ ဆက်ရေးဖို့က ကျွန်မတာဝန်ပဲ။

*****

မပြောရလို့လဲ မကျေမနပ် မဖြစ်ဘူး။ ပြောလိုက်ရလို့လဲ ကျေနပ် မသွားပါဘူး။
အဲဒီ စကားလုံး ဘယ်လောက်ထိ မှန်နိုင်တယ် မှားနိုင်တယ် ဆိုတာထက် အဲဒီ စကားမျိုးကို ဝေဖန် ဆန့်ကျင်သူတွေ အပေါ် ကိုယ့်ဘက်က ဂုဏ်သိက္ခာ ရှိရှိ ပြန်ပြောလိုက်နိုင်တဲ့ အနေအထားကို ရအောင် ယူတတ်တဲ့၊ ဦးနှောက်ရှိတဲ့ ဂျူးကို ကျွန်မ များစွာ appreciate လုပ်ပါတယ်။

ဝေဖန်ရေးတိုင်းဟာ တိုက်ခိုက်ရေး မဟုတ်ပါဘူး။
ဒါပေမယ့် သူ့ခေတ် သူ့အခါမှာ ဂျူး ကြုံခဲ့ရတာတွေကတော့ အဆင့်မြင့်တဲ့ ဝေဖန်ရေး၊ သူရေးတဲ့ စာနဲ့ ထိုက်တန်တဲ့ ဝေဖန်ရေး မဟုတ်ပါဘူး။ ဥခွံထဲက ဝေဖန်ရေးမျိုး၊ အသားလွတ် ကဲ့ရဲ့ ရှုံ့ချ ထိုးနှက်တာမျိုးတွေ သာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်ပါစေ။ ကိုယ့် အဆင့်အတန်းကို သူတို့နဲ့ ညှိပြီး တုန့်ပြန်တယ် ဆိုရင်တော့ ဦးနှောက်မရှိရာသာ ကျပါလိမ့်မယ်။

[အဲဒီ ခေတ်အခါတုန်းက ဝေဖန်ရေးတွေကို ယောက်ျားရင့်မကြီးတွေ တန်မဲ့ နှုတ်သီးကောင်းကောင်းနဲ့ ကလေးကလား ပြန်ရန်တွေ့တတ်တဲ့ ဂုဏ်သရေရှိ (ဆိုတဲ့) စာရေးဆရာတွေရဲ့ တုန့်ပြန်စာတွေကို အလယ်တန်း၊ အထက်တန်း ကျောင်းသူ ဘ၀မှာ တအံ့တသြ ဖတ်ခဲ့ဖူးပါတယ်]

[ဒီခေတ်မှာတော့ မိန်းမရင့်မကြီးတွေ ဘလော့ဂ်ပေါ်မှာ လုပ်ပါတယ်။ ယောက်ျားတွေတုန်းကမှ ပြောပြီး ပြီးသွားသေး။ မိန်းမတွေကျ မပြီးဘူး။ သူက ပြောလည်း ပြောသေး။ ပြီးရင် မျက်ရည်လေး တစမ်းစမ်းနဲ့။ သူ့နှလုံးသားက ပါးပါးလေးမို့ပါတဲ့။ အနားကလူတွေကတော့ ပြာပြာသလဲ ၀ိုင်းချော့ပေါ့။ ဘေးက ပွဲကြည့် ကျွန်မကတော့ ရယ်ချင်ပက်ကျိ ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို ကောင်းကောင်းကို နားလည်သွားတော့တာပဲ။]

အဲဒါလေး ထည့်ဖို့ မေ့ကျန်ခဲ့တာ။ ခုမှ အပိုင်း (၈) ရေးရင်း သတိရလို့ ကောက်ဖြည့်လိုက်တယ်။ (12.5.2009 10:00 PM)

ဒီ post ကို တင်ဖို့ စဉ်းစားတုန်းကတော့ ဒီ အကြောင်းအရာတွေ မပါ ပါဘူး။
ရေးရင်းနဲ့ ဆက်စပ် သတိရမိတာတွေပါ။

ဘယ်လိုပဲ ပွဲဆူဆူ အချိန်တန်ရင်တော့ ပြီးစီး တိတ်ဆိတ်သွားမှာပါပဲ။ အချိန်တန်လို့ ပြီးသွားတယ် ဆိုတာနဲ့ပဲ အဝေဖန်ခံရသူက အမှန်၊ တိတ်ဆိတ်သွားတဲ့ ဝေဖန်သူက အမှား လို့ တထစ်ချ ပြောမရ နိုင်ပါဘူး။ အဖြစ် အပျက်၊ တုန့်ပြန်ပုံ ကို ကြည့်ဖို့တော့ လိုပါလိမ့်မယ်။ အရာရာ ပြီးသွားတဲ့နောက် ကိုယ့်လုပ်ရပ် (စကားလုံး) သမိုင်းကြောင်း ကတော့ ကျန်နေခဲ့မှာပါပဲ။

အောက်တန်းကျတဲ့ ထိုးနှက်မှုကို အောက်တန်းကျကျ ပြန်ရန်တွေ့မလား၊ ပညာရှိဆန်ဆန် ပြန်တုန့်ပြန်မလား ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ ဦးနှောက် အဆင့်အတန်းရဲ့ ရွေးချယ်မှုပါပဲ။

ခံစားချက် ဆိုတာ ကတော့ လူတိုင်းမှာ ရှိပါတယ်။ ဂျူး ဟာလဲ ပုထုဇဉ်ပဲ။ သူ့ထိရင် သူနာမှာပဲ။ ဒါပေမယ့်လို့ ခံစားချက်ကို ထိန်းချုပ်နိုင်တယ် ဆိုတာဟာ ဦးနှောက်ရဲ့ စိတ်ရဲ့ အရည်အသွေးပါ။ ဒါကို သူ ပြသနိုင်ခဲ့တယ်။ ဒါကြောင့်လဲ သူ့ စာဖတ်ပရိသတ် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။
(မှတ်ချက်။ ။ သူ့ ကိုယ်ရေးကိုယ်တာတွေတော့ ကျွန်မ မသိပါ။ သိရန်လည်း လိုတယ် မထင်ပါ။)

to be continued

Saturday, May 9, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၃)

(ဆရာ မောင်စိန်ရဲ့ တစ်ကွက် ကာတွန်းနဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>>
ဇာတ်ကောင်စရိုက် ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ မြန်မာ မဆန်ဘူး။ မြန်မာစရိုက် မရှိဘူး လို့ ဝေဖန်ကြတယ်။ ဘာဖြစ်လို့ပါလဲ။ ဆရာမ ရှင်းပြနိုင်မလား။

Juu >>>
ပထမဆုံး မြန်မာဆန်တယ် ဆိုတာကို ခွဲခြမ်း စိတ်ဖြာကြည့်ရင် မြန်မာဆန်တယ် ဆိုတာ မြန်မာလူမျိုးများရဲ့ ဟိုရှေးယခင် ကတည်းက ကျင့်သုံးလာခဲ့တဲ့ စရိုက် လက္ခဏာကို ပြောတာမဟုတ်လား။ မြန်မာလူမျိုးတွေဟာ ရိုးသားတယ်။ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး။ တစ်ယောက်ကို တစ်ယောက် အခက်အခဲတွေ့ရင် ကူညီ ဖြေရှင်း ပေးလေ့ရှိတယ်။ ပရိယာယ် မကြွယ်ဝဘူး။ ဟန်မဆောင်တတ်ကြဘူး။ ဒါ မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ character တွေပါ။ အဲဒီ character တွေကနေ သွေဖည်ပြီး ကျွန်မ ၀တ္ထု မရေးခဲ့မိသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက မြန်မာလူမျိုး ပီပီ မြန်မာတွေရဲ့ ကောင်းကွက်တွေကို ချစ်မြတ်နိုးတတ်လို့ပါ။

မျက်နှာမလိုက်ဘဲ ပြောရစတမ်း ဆိုရင် ဘယ်နေရာမှာမဆို နည်းနည်း ညံ့တတ်တာ၊ တီထွင်ကြံဆမှု နည်းတာ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ် မျှော်မြင်တတ်ကြတာ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ character တွေပါ။


အတွေ့အကြုံ တစ်ခုကို လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ်။ ခေတ်ပေါ် နည်းပညာ တစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ်၊ သင့်တော်မယ် ဆိုရင် အသုံးပြုရမှာပဲ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားချင်တဲ့လူများ ရှိပါသလား။ ဘယ်သူမှ မရှိဘူး။


မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာထိ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးကိုတော့ ကျွန်မ ၀တ္ထုတွေထဲမှာ တွေ့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ်။ အဲဒီ အယူအဆမျိုးကို ကျွန်မ ကိုယ်တိုင် မနှစ်သက်လို့ပါပဲ။

မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့ ကိုယ့်မှာ ပိုများတာက မီးဖိုချောင် ဝေယျာဝစ္စ၊ သားသမီး မွေးထုတ် ပြုစုရတဲ့ ဒုက္ခ ဒါတွေ အမျိုးမျိုးနဲ့ တာဝန်ပိနေတဲ့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ဘုရားတစ်ဆူလို ကိုးကွယ် နေရဦးမှာလား။ ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။


ဟိုခေတ်က မြန်မာမိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ငွေမရှာရဘူး။ သူတို့မှာ အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန်ပဲ ရှိတယ်။ အခု မိန်းမတွေကတော့ အရင်လို သဘောမထားနိုင်တော့ဘူးပေါ့။ လူနေမှု စနစ်ရဲ့ တိုးတက်ပြောင်းလဲမှု အတိုင်း အလိုက်သင့် မျောပါရတော့တာကိုး။

*****
ဂျူး ဟာ ကျွန်မ နှစ်ခြိုက်လေးစားရတဲ့ စာရေးသူ တစ်ယောက်ပါ။ ဒါပေမယ့် သူဘာရေးရေး ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။ သူဘာပြောပြော သဘောတူတယ်လဲ မဟုတ်ပါဘူး။

အထက်ပါ အင်တာဗျူးမှာလဲ ကျွန်မ နှစ်ခြိုက် သဘောကျတာတွေ အများကြီးပါ။ "
ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။" ဆိုတဲ့ စာသားလေးကိုတောင် ကျွန်မ post တစ်ခုမှာ ထည့်ရေးဖူးသေးတယ်။ ဟင်းချက်တဲ့ post ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ သူ နည်းနည်းတော့ အပြော လောကြီးသွားတယ် ထင်မိတယ်။
ဥပမာ။ ။
မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့... ဆိုတာမှာ နည်းနည်းတော့ ဟ သွားသလို ခံစားရပါတယ်။ (သူ ဘာကို ဆိုလိုချင်တာလဲ ဆိုတာတော့ ကျွန်မ နားလည် ခံစားမိပါတယ်။)

ဒါပေမယ့်
ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ် တာနဲ့ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်... လို့ ယှဉ်ပြောလိုက်တာမှာတော့ သူ လောကြီးသွားတယ် လို့သာ မြင်မိပါတယ်။

အိမ်ထောင်တစ်ခုမှာ ယောက်ျားက မိန်းမထက် ပိုပြီး ငွေရှာ နိုင်ဖို့ လိုတယ်ဆိုတာတော့ တခုထက်မကတဲ့ မြောက်မြားလှစွာသော အကြောင်းပြချက်တွေနဲ့ ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်နဲ့သူ ငွေရှာနိုင်တာချင်း တူတူမို့ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားစေတာကတော့ မရည်ရွယ်ဘဲ လောကြီးပြီး ပြောမိတယ်လို့သာ မြင်ပါတယ်။

တကယ်တော့ မိန်းမတစ်ယောက်က မိမိ ခင်ပွန်း ယောက်ျားကို (ရှေးယခင်ကလို) အချိန်ရ၍ ဖြစ်စေ၊ (ယခုခေတ်လို) အချိန်မရဘဲ ဖြစ်စေ ကြင်နာယုယတယ် ပြုစုစောင့်ရှောက်တယ် ဆိုတာဟာ သူက ပိုက်ဆံတွေ ရှာပေးနိုင်လို့ ၊ သို့တည်းမဟုတ် ကိုယ့်မှာ (ဘာတာဝန်မှ မရှိလို့) အားပြီး အချိန်တွေပိုနေလို့ မဟုတ်ပါဘူး။ မိန်းမတွေရဲ့ မွေးရာပါ ချစ်ခင် ကြင်နာ ယုယချင်တဲ့ မိခင်စိတ်ကြောင့်ပါ။

ဒါကို ဂျူး လည်း ကောင်းကောင်း သတိပြုမိတာ သေချာပါတယ်။
ဒါကြောင့်လည်း "မိန်းမ တစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်" ထဲမှာ ဒီလို ရေးခဲ့တာပေါ့။

"မိန်းမတွေရဲ့ မိခင်စိတ်ဟာ သားသမီးပေါ်မှာပဲ ရှိတယ်လို့ မောင့်ကို ဘယ်သူ သင်ပေးလိုက်သလဲ။ ဇနီးတစ်ယောက်က ခင်ပွန်း အပေါ်မှာ မိခင်စိတ်နဲ့ စောင့်ရှောက် ယုယတတ်တာကို မောင်ဖတ်တဲ့ စာအုပ်တွေထဲမှာ ရေးမထားဘူးလား။
...
ချစ်သူကို ဖိနပ်တိုက်ပေးတဲ့ အခါ၊ မုတ်ဆိတ်ရိတ်ပေးတဲ့ အခါ၊ ခြေအိတ်လျှော်ပေးတဲ့ အခါ ကျွန်ခံစိတ်နဲ့ လုပ်ပေးတာလို့ မောင်ထင်နေသလား။ ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို ပြုစုသလို ပြုစုနေတာ မဟုတ်ဘူး။ မိခင်တစ်ယောက်က သားကို ပြုစု ယုယသလို ပြုစု ပေးနေတာ။ အဲဒါတွေဟာ ကျိုးနွံနာခံမှုတွေ မဟုတ်ဘူး၊ တာဝန် ၀တ္တရားတွေ မဟုတ်ဘူး၊ အဲဒါ အချစ်တွေ"

to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၂)

(လိပ်ခေါင်း ပျောက်ဆေး ကြော်ငြာ မဟုတ်ဘူးနော်။ ပေဖူးလွှာ မဂ္ဂဇင်းလေ။ မဖတ်ချင်ဘူးလား။ တခါတလေ ငယ်ငယ်က စာအုပ်ဟောင်းတွေ ပြန်ဖတ်ရတာ feel ပဲ။ ငယ်ဘ၀ကို လွမ်းတယ်။ မြန်မာပြည်ကို လွမ်းတယ်။ အညာကို လွမ်းတယ်။ !_!)

ယခင် post မှ အဆက်

အခုခေတ် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်တောင် ရဲရင့်ထက်မြက်ကြတယ်လို့ ကျွန်မ ပြောရင် ကိုဝင်းငြိမ်း စိတ်မရှိပါနဲ့။ ရုပ်ရှင် တစ်ခု၊ ၀တ္ထု တစ်ပုဒ်ကြောင့် လမ်းမှားကို လိုက်သွားရလောက်အောင် တုံးတဲ့ မိန်းမမျိုး သိပ်မရှိတော့ပါဘူး။

တစ်ခု သတိရလို့ ပြောချင်ပါသေးတယ်။ ဟိုတလောက ဧပြီလထုတ် မဂ္ဂဇင်း တစ်ခုမှာ ထင်ပါရဲ့။ ဝေဖန်ရေး ဆရာ တစ်ဦးရဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုနာမည်၊ စာရေးဆရာ နာမည် တပ်ပြီး မရေးပေမယ့် ကျွန်မရဲ့ အမှတ်တရ နဲ့ ပတ်သတ်ပြီး ရေးသားခဲ့တယ်။ သူ့ရဲ့ နိဂုံးချုပ်ကတော့ ရှင်းပါတယ်။ အမှတ်တရ ကို မြန်မာ အမျိုးသမီးကောင်းလေးတွေ မဖတ်သင့်ဘူးတဲ့။ ဒီဝတ္ထုကို ဖတ်တဲ့ မိန်းကလေး အမျိုးအစားဟာ အကျင့်စာရိတ္တ ပျက်ပြားပြီး ဟီရိသြတ္တပတရား ကင်းမဲ့တဲ့ မိန်းကလေးမျိုးသာ ဖြစ်တယ်တဲ့။ (သူ့သမီးကတော့ အဲဒီ အထဲမှာ မပါဘူးလို့ ပြောသွားပါတယ်။ အမှတ်တရ ကို သိပ်ကြိုက်တယ် ဆိုတဲ့ မိန်းကလေးတွေဟာ မကြာခဏ ကိုယ်ဝန် ဖျက်ချရတဲ့ မိန်းကလေး အတန်းအစားမျိုးတွေ လို့ ပြောသွားပါတယ်။ )

ဒီနေရာမှာ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်နေတဲ့ အတွက် ကိုယ်ဝန် ဖျက်ချတဲ့ Case တွေနဲ့ ပတ်သတ်ပြီး တခြား လူတွေထက် အမြင် ကြည်လင်စွာ ပြောပြနိုင်လိမ့်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မရဲ့ ဆေးခန်းကို ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေးတွေ လွဲမှားစွာ မကြာခဏ ရောက်လာတတ်ပါတယ်။ ကိုယ့်ရင်သွေးလေးကို သတ်ပစ်ရတဲ့ အထိ ရာဇ၀တ်မှု ကျူးလွန်ဖို့ မကြောက်ရွံ့ မတုန်လှုပ်ရလောက်အောင် သူတို့ကို ဘယ်အချက်တွေက တွန်းအားပေးခဲ့ပါသလဲ။ ဒါကို လေ့လာ ဆန်းစစ်ဖို့ လိုပါတယ်။

ဒီလို အမျိုးသမီးတွေကို နှစ်သိမ့် ဖျောင်းဖျရတာ၊ ပညာပေးရတာတွေကို ကျွန်မဖြင့် စိတ်တောင် ညစ်နေပါပြီ။ အဲဒီ အမျိုးသမီးတွေဟာ အများအားဖြင့် အိမ်ထောင်သည်တွေပါ။ (မအံ့သြပါနဲ့)။ ကိုယ့်ရည်းစားနဲ့ ကျူးလွန်မိတဲ့ မိန်းကလေး အရေအတွက် နည်းလွန်းပါတယ်။ တချို့ မိန်းကလေးတွေကတော့ မရှောင်သာ မတိမ်းသာ ငွေအတွက် ရလာတဲ့ ကိုယ်ဝန်တွေပါ။ ကိုယ်ဝန် ဖျက်ချင်တဲ့ မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်က အတန်းပညာ မတတ်တဲ့ ဆင်းရဲသူ မိန်းကလေးတွေပါ။ အမှတ်တရ ကို မဆိုထားနဲ့။ ၀တ္ထုဆိုတာတောင် သူတို့ သိတာ မဟုတ်ဘူး။ ဖတ်ချိန်လဲ မရပါဘူး။ အများစုက သေစာ ရှင်စာလောက်ပဲ တတ်ကြတာ။

နောက်ပြီး ကျွန်မရဲ့ အမှတ်တရ စာဖတ်ပရိသတ် အမျိုးသမီးတွေဟာ စုစုထွေးရဲ့ ကိုယ်ကျိုးစွန့်တဲ့ အချစ်၊ အနစ်နာခံနိုင်တဲ့ အချစ်၊ ချစ်သူအပေါ် မြူတမှုန် လောက်တောင် အပြစ် မမြင်နိုင်လောက်အောင် ချစ်တဲ့ အချစ် အပေါ်မှာ ခံစားတတ်ကြတဲ့ အမျိုးသမီးတွေပါ။ တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲတဲ့၊ ကိုယ့်တာဝန်ကိုယ် ရဲရဲ မယူတတ်တဲ့ မောင့်ကို အပြစ်မြင်စိတ်နဲ့ စုစုထွေး အပေါ်မှာ ကရုဏာသက်ပြီး ကိုယ်ချင်းစာကြတဲ့ အမျိုးသမီးတွေပါ။ ဝေဖန်ရေးဆရာများ သမုတ်ထားသလို ချစ်သူနဲ့ လက်မထပ်ဘဲ အတူနေခြင်းဆိုတဲ့ ဇာတ်ကွက်မျိုးကို မမြင် မြင်အောင် ရှာကြည့်နေကြတာ မဟုတ်ပါဘူး။

အခု စာဖတ်ပရိသတ်ဟာ ခပ်ညံ့ညံ့ မဟုတ်ကြဘူး။
စာဖတ်ပရိသတ်ကို ညာလို့ ရမယ် မထင်နဲ့။ သူတို့ အတွေးအခေါ်တွေ ပြတ်သားလာတာ၊ ရဲရင့်လာတာ၊ အကြောင်းအရာ တစ်ခု အပေါ်မှာ နက်ရှိုင်းစွာ ချဉ်းကပ် လေ့လာတတ်လာတာ ... ဒါတွေဟာ ၀တ္ထုတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ ရုပ်ရှင် ဂီတ
တွေကြောင့်ချည်းလဲ မဟုတ်ဘူး။ သူတို့ဟာ New Generation ဖြစ်နေလို့ပဲ။

ဒီတော့ မိန်းကလေးတွေ အတုယူ မှားလောက်တာတွေ၊ မမှားလောက်တာတွေနဲ့ ညာမနေပါနဲ့တော့။ ဖုံးကွယ်ထားလို့ မရတဲ့ ကိစ္စတွေကို ဖုံးကွယ် မထားချင်ပါနဲ့တော့။ အရှိကို အရှိအတိုင်းပဲပေါ့။ လူဆိုတာ လွတ်လပ်ခွင့်ကို မြတ်နိုးတာပဲ။ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ဘူး ဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်ပါစေလား။ လွတ်လပ်စွာ တွေးခေါ်ပြီး ရဲရင့်စွာ ယုံကြည်တတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးမိတဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။

*****
ဂျူးရဲ့ စကားလုံးတွေ နောက်မှာ ခါးသီးမှုတွေ ရှိနေမှာကတော့ သေချာသပေါ့ရှင်။ လူဆိုတာ ကိုယ့် ဖန်တီး လုပ်ဆောင်ချက်ကို ထိပါးလာရင် ဘယ်သူမဆို နာတတ်တာတွေချည်းပါပဲ။ ဒါပေမယ့် ဒါတွေကို ထိန်းချုပ်စောင့်စည်း နိုင်ပြီး၊ ကိုယ့် အဆင့်အတန်းက ဘာဆိုတာကို ပြသတတ်ဖို့ လိုတယ် လို့ ကျွန်မ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ celebrity ဖြစ်နေပြီလေ။

celebrity မှန်သမျှ ဒါမျိုး ပွဲဆူလေ့ ရှိပြီး၊ နောက်တော့ ပြောတဲ့လူတွေ တိတ်သွားတာပဲ လို့တော့ ပြောလို့ မရပါဘူး။ ဖြစ် ပျက်ပုံ၊ တုန့်ပြန်ပုံတွေက ကွာခြားပါသေးတယ်။ နောက်ပိုင်းကျရင်တော့ ပြီးသွားမှာချည်းပါပဲ။ ဘယ်သူမှ 24 hr ထိုင်မပြော နိုင်ပါဘူး။ ပြောတဲ့လူတွေ တိတ်သွားလို့ celebrity က အောင်မြင်ပြီး ကျန်ခဲ့တာပဲ လို့ ယူဆရင်တော့ ဘာမှ ပြောစရာမရှိပါ။

အထိမခံ ရွှေပန်းကန် (ရွှေရည်စိမ်) နှုတ်သီးကောင်း လျှာပါး ကတ်ကတ်လန် နေတာတွေကို ဒီ interview ဂုတ်ဆွဲပြီး ပြချင်တယ်။

ဝန်ခံချက်။ ။ ဂုတ်ဆွဲပြီး ပြချင်တယ် ဆိုတဲ့ အသုံးအနှုန်းကို ယခု အကြောင်းအရာနှင့် ကိုက်ညီ၍ နှစ်သက်မိသဖြင့် ဖတ်ခဲ့ဖူးသည့် blog တစ်ခုမှ ယူသုံးပါသည်။

Update (23rd Aug 2009): ဂျူးဟာ ဒီနေရာမှာ သူ့ရဲ့ အဆင့်အတန်းကို ပါးပါးနပ်နပ် ပြသသွားနိုင်ခဲ့လို့ သူ့ ပရိသတ်ဖြစ်ရတာ အင်မတန်မှ ဂုဏ်ယူမိပါတယ်။

(မှတ်ချက်။ ။တ၀က်တပျက်နဲ့ လာဖတ်တဲ့သူတွေ ကိုယ့်ဆိုလိုရင်းကို မမိမှာ စိုးလို့... update ကို ဖြည့်စွက်လိုက်ရပါကြောင်း...)


to be continued