Sunday, December 4, 2011

မုန်း၍မဟူ - ဂျာနယ်ကျော် မမလေး

မုန်း၍မဟူ ဖတ်တုန်းက ဒီတိုင်းပဲ ရှိလို့ဖတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖတ်လိုက်မိတယ်။ အဲဒါ ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တာ။ final တုန်းက ထင်တယ်။

တခါတခါ စိတ်အာရုံက sensibility သိပ်မကောင်းဘူး။ inertia တော့ အတော်ကောင်းပုံရတယ်။ ဂျာနယ်ကျော်မမလေးကို အဲဒီရှေ့ပိုင်းမှာလည်း တော်တော်များများ ဖတ်လာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံမဟုတ်ဘူး ဆိုတဲ့ အစွဲက ရှိနေနှင့်ပြီးသား။ အဲဒါနဲ့ မုန်း၍မဟူ ဖတ်တော့ ကြုံကြိုက်တိုက်ဆိုင်လို့ ဖတ်လိုက်တယ် ဆိုပြီး ပြီးပြီးရောနဲ့ ပြီးသွားတာ။ ပြန်လည်း သတိမရဘူး။

တကယ်တော့ အဲဒီဇာတ်ကြောင်းလေး အတော်စွဲသား။ ကျောင်းပြီးတော့ အဲလိုအစွဲကို မသိလိုက်ဘဲ စာ နည်းနည်း ရေးမိတယ်။ ရေးနေတုန်းမှာပဲ အဲဒီဇာတ်လမ်း ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပြန်ပေါ်လာတတ်တယ်။ အဲဒီနောက်ပိုင်းတော့ အဲဒီဇာတ်လမ်း စိတ်ထဲ အတော်ရှိနေတာမှန်း နားလည်သွားတော့တယ်။

ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ခုမှာ အဲဒါကို အသွင်မတူတဲ့ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်လိုက်ရင် မဆီလျော် အဆင်မပြေနိုင်ဘူး ဆိုတဲ့ သဘောမျိုးနဲ့ နည်းနည်း ထည့်ရေးဖူးတယ်။ ကိုယ်ကတော့ ('ပင်လယ်ပျော်စင်ရော်' လိုဟာကိုတောင် ဆက်မတွေးချင်တတ်တဲ့အစားထဲက ဆိုတော့) ဘာမှ ဆက်မတွေးပါဘူး။ ဒီလူနှစ်ယောက်အကြောင်း ရေးတာ ဒီလူနှစ်ယောက်အကြောင်းပဲပေါ့။ စာဖတ်သူကို ဘာများ ပညာပေးထားချင်တာပါလိမ့်လို့ ဆက်တွေးရမှာ သူ့အနုပညာ role ကျတယ်လို့ ထင်တယ်။ Dr မတင်ဝင်းကတော့ တစ်စုံတစ်ယောက်ရဲ့ဇာတ်လမ်းနဲ့ ယှဉ်ပြောချင်ခဲ့သလား မသိဘူး။ (မသိဘူးဆိုတာ တကယ်မသိလို့ ပြောတာမဟုတ်)။

အသွင်မတူ ဆိုတာလည်း အပေါ်ယံ ဓလေ့ ထုံးစံ နေမှု ထိုင်မှု စားမှု သောက်မှု ဘာညာကွိကွတွေ ဆိုရင်တော့ အဲဒါ အရေးမကြီးလှပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေသဘောထားနဲ့ အတွေးအခေါ် အယူအဆ တန်ဖိုးထားမှု စံတွေ လိုက်လျောညီထွေ ရှိဖို့သာ အရေးကြီးတယ် ထင်တယ်။ (တူစရာမလို)

အဲဒီဇာတ်က ဇာတ်ကောင်စရိုက်ကလေးတွေ အဖြစ်အပျက်လေးတွေကို အတော် သဘောကျမိတယ်။ ဝေဝေ အမျိုးတွေဆီ ရောက်သွားတုန်း သူ့ခင်ပွန်းနဲ့၊ အစ်မဖြစ်သူရဲ့ ခင်ပွန်းဆရာဝန်ကို ယှဉ်တွေးပြတဲ့အခန်းမျိုးကို ကြိုက်တယ်။ ဝေဝေ့အစ်ကိုကြီး ဆန္ဒပြတာကို ဝေဝေ့ခင်ပွန်းက မြင်တဲ့အမြင် စသဖြင့် တချက်တည်း တခန်းတည်းပေမယ့် အတော်လိုရင်းရောက်တဲ့ ဇာတ်ကွက်မျိုးပေါ့။ (ရွှေလင်းယုန် တုန်းကလည်း ဇာတ်ကွက်ကလေးတစ်ခုကို သေချာရေးပြခဲ့တာ မှတ်မိတယ်။ ဇာတ်လမ်းကို အတိအကျ မမှတ်မိတော့ပေမယ့်...။)

အဲဒီ 'မုန်း၍မဟူ' ထဲက တချို့အချက်အလက်တွေကတော့ ဒီနေ့ခေတ်မျက်စေ့နဲ့ကြည့်မယ်ဆို တမျိုးဖြစ်ကောင်းဖြစ်နေမယ် ထင်တယ်။ ပြီးတော့ ဘဝင်မကျမိတာက ဇာတ်ကောင် ဆုံးရတဲ့ အကြောင်းရင်းက အနောက်တိုင်းဆေးကြောင့်လို့ ယူသော်ရ၏ ပုံစံမျိုး ဖြစ်နေတာ...။ ဒါတွေကလည်း ဇာတ်လမ်းကို အတော်ကြိုက်နေတော့ အသာ ခေါက်ထားလို့ရတယ်။ တဇာတ်လုံးမှာ ကိုယ့်အတွက် အပေါ်လွင် အထင်ရှားဆုံးကတော့ ဝေ့ဖီလင်တွေပဲ။

ဒီဝတ္ထုရဲ့ ရီဗျူး သိပ်အများကြီး မဖတ်ဖူးပေမယ့် ဖတ်ဖူးသမျှမှာ ဗမာဆန်တဲ့ ဝေဝေခမျာ အနောက်တိုင်းဆန်တဲ့ ခင်ပွန်းနဲ့ ညားရှာလို့ဆိုတာကို ပြဿနာရဲ့ အဓိကလို ရေးကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဇာတ်က စဖွင့်တည်းက အဲလိုနဲ့ ဖွင့်ထားတာဆိုတော့...။

သို့သော်လည်း အဲဒီ နေမှုထိုင်မှု စားမှုသောက်မှုဆိုတဲ့ကိစ္စမှာ ဘာဆန်တာ မဆန်တာက ဘာမှမဖြစ်လောက်တဲ့အပိုင်းလို့သာ ထင်တယ်။ အဲဒါတွေက တကယ်တော့ အပေါ်ယံပဲ။ ကျန်နေသေးတဲ့ သက်တမ်းတလျှောက်လုံး အတူတူနေတော့မယ်လို့တောင် ဆုံးဖြတ်ထားနိုင်စွမ်းပြီဆိုမှတော့ ဒီလူနှစ်ယောက်ဟာ အစစ အရာရာ တူမှ ဖြစ်လိမ့်မယ်လို့ တွေးစရာအကြောင်းမရှိပါဘူး။ မတူတာတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်စွမ်းသာ လိုတာပါပဲ။ မဟုတ်ရင် လူနှစ်ယောက်နဲ့ မပြီးနိုင်တဲ့ ဖွဲ့စည်းပုံမျိုးမှာ ကိုယ့်အသိုင်းအဝိုင်းထဲ သူ ဝင်မဆံ့တာ၊ သူ့အသိုင်းအဝိုင်းထဲ ကိုယ် ဝင်မဆံ့တာဟာ ပြဿနာကြီးတစ်ခုပေါ့။

ကိုယ်ကတော့ အဲဒီဝတ္ထုမှာ အချစ်ရယ်၊၊ ဇာတ်ကောင်စရိုက်ရယ်၊ အတော်ကို ပြေပြစ်တဲ့ ဇာတ်ကွက်မှန်းကို မသိစေတဲ့ ဇာတ်ကွက်လေးတွေရယ်ကိုပဲ မြင်ခဲ့တယ်။

ဂျာနယ်ကျော်မမလေး စာအုပ်တွေထဲက စွဲမိတဲ့ တစ်ခုတည်းသော ဝတ္ထု။

***

Sunday, November 6, 2011

Perfect Match!

အရှင့်သား မြင့်မြတ်တဲ့ အိပ်ရာနေရာကို စွန့်တယ်ကြားတော့ ယသောဓရာလည်း စက်ရာညောင်စောင်းကို စွန့်ခဲ့တယ် တဲ့။

အရှင့်သား ဖန်ရည်ဆိုးတဲ့ ဝတ်ရုံကိုသာ ဆင်တယ်ကြားတော့ ယသောဓရာလည်း ဖန်ရည်ဆိုးတဲ့ ဝတ်ရုံကိုသာ ဆင်တော့တယ် တဲ့။

အရှင့်သား တနေ့မှာ တနပ်တည်းသော အစာကိုသာ မှီဝဲတယ်ကြားတော့ ယသောဓရာလည်း တနေ့မှာ တနပ်တည်းသော အစာကိုသာ မှီဝဲတော့တယ် တဲ့။

***
သူတောင် ဟိုကနေ 4 ကိုင်သေးတာ ကိုယ်လည်း ဒီမှာ 4S ပြောင်းကိုင်တော့မယ်။

***

Saturday, October 15, 2011

ကိုယ် နှင့် အသံများ

ငယ်တုန်းက လူကြီးတွေ မာမာအေး အဆိုကို ဘာလို့ ဒီလောက်ကြိုက်ကြတယ်ဆိုတာ နားကို မလည်နိုင်ဘူး။ ကိုယ်တွေအတွက်တော့ ပျင်းစရာကြီး ငိုက်ချင်စရာကြီး ဖြစ်နေတာကိုး။ နောက် စာတွေဘာတွေ ဖတ်လို့ မာမာအေးကို အဆိုဘုရင်မ ဘာညာ စသဖြင့် ညွှန်းကြပြန်ရင်လည်း လိုက်မမီပြန်ဘူး။ ကိုယ်မှ ခံစားမရတာကိုး။ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးလို့ ထင်မိတယ်။ ဟေမာတို့ ပိုးဒါလီတို့ ကော်နီတို့ ခင်ရတနာသိန်းတို့ အသံသာ သာယာသံလို့ ထင်မိတာ။

နောက် ဆိုတတ်တယ် မဆိုတတ်ဘူးဆိုတာကိုလည်း ခွဲခြားမသိဘူး။ tv မှာ လာသရွေ့နဲ့ အခွေတွေ နားထောင်သရွေ့ ကိုယ့်နားထဲတော့ သီချင်းကိုသာ ကြိုက်တယ် မကြိုက်ဘူးရှိမယ်။ အသံကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ လူ (အဆိုတော်) ကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ အဆိုပညာကတော့ အတူတူလောက်တွေပါပဲ ထင်မိတယ်။ ဒီလိုတက်ဆိုမှတော့ ဆိုတတ်တာတွေချည်းပေါ့လို့ ထင်မိတယ်။

မှတ်မှတ်ရရ tv မှာ စန္ဒီချစ်စု သီချင်းတွေလာရင် မေမေက ဒီတစ်ယောက်ဟာ အသံလည်း မရ၊ ဆိုလည်း မဆိုတတ်ဘဲနဲ့ ဆိုတဲ့သဘောမျိုး ပြောလေ့ရှိတယ်။ အဲဒီအခါ မေမေက ဘယ်လိုလုပ်ပြီး အဲလိုပြောနိုင်တာလဲ၊ ဘယ်တုန်းက ဒါတွေသိပြီး ဘယ်လိုခွဲခြားပြောနေတာလဲလို့ တွေးမိတယ်။

ဘယ်သီချင်းကတော့ ဘယ်လို ဆိုရခက်တာ ဘယ်လို ပညာပါတာလို့ စာတွေထဲမှာ ဖတ်ရလည်း မသိဘူးပဲ။ သီချင်းဆိုတာ ဘယ်သူ တက်ဆိုဆို နားထောင်လို့ရအောင်တော့ အဆင်ပြေတာချည်းပဲလို့ ထင်နေခဲ့တာ နောက်ပိုင်း ကာရာအိုကေတွေပေါ်လာတော့မှ သီချင်းဆိုရတာ ဒီလောက်မလွယ်ပါလား ဆိုတာ ကိုယ်တိုင်ကိုယ်ကျ နားလည်သွားတော့တယ်။ သီချင်းတစ်ပုဒ် ဘယ်သူတက်ဆိုဆို အဆင်ပြေမှာပဲဆိုတဲ့ အထင်ကလည်း tv မှာ ဆိုကြမယ် ပျော်ကြမယ်တွေ ပေါ်လာတော့မှ အပြီး ပျောက်သွားတော့တယ်။

၁၀ တန်းအောင်လို့ မြန်မာသံတွေ စ စိတ်ဝင်စားတဲ့ အချိန်မှာတော့ ဟေမာနေဝင်း ပြန်ဆိုတဲ့ ပြန်ဆိုတေးတွေက ရအောင်ဆိုထားတာမဟုတ်ဘဲ ရသလို ဆိုပစ်လိုက်တာမျိုးတွေ ဆိုတာ အဆိုပညာဘာလဲ နားမလည်သည့်တိုင်အောင် ခံစားချက်နဲ့တင် သဘောပေါက်လာမိတယ်။ အသံအား ကောင်း၊ မကောင်းအပြင် မုဒ် ဆိုတာကိုပါ ခံစားမိလာတော့ သျှီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း တို့ ဘယ်လောက်အော်ပြပြ ရင်ထဲ ထိချင်မှ ထိတော့တယ်။

အသံအားကောင်းတဲ့ အဆိုတော်တွေထဲမှာ တင်ဇာမော်ကိုတော့ အတော် သဘောကျပါတယ်။

ခေတ်ဟောင်းပြန်ဆိုတေးတွေမှာ စိုးစန္ဒာထွန်း တော်တယ်လို့ ထင်မိပေမယ့် အသံက သိပ်ချွဲနေတော့ မူရင်းရှာမရမှသာ သူ့ နားထောင်ဖြစ်တော့တယ်။ နောက် အခွေထုတ် မထုတ် မသိပေမယ့် mrtv မှာ ကြည့်ဖြစ်တဲ့ အိအိချွန် (သူလည်း ဆိုကရေးတီး အဆိုရွှေတံဆိပ် ဆုရှင်) ကို အတော် သဘောကျမိတယ်။ သူ သီချင်းဆိုတာကို အလွန်ဆုံး ကြည့်ဖူးမှ ၃ ခါထက် မပိုဘူး ထင်တယ်။ ဘာသီချင်းတွေ ဆိုသွားသလဲတောင် ခု မမှတ်မိတော့ဘူး။ မဟာဂီတ တွေ ထင်တာပဲ။ ဒါပေမဲ့ အသံက ကြည် မြ ပီ သပြီး ဝေစည်နေအောင် ကောင်းတာတော့ မှတ်မိတယ်။ (အဲဒီနာမည် ပေါ်မလာလို့ စဉ်းစားလိုက်ရတာ။ ဂူဂဲလ်တောင် လုပ်ကြည့်မိတယ်။ မတွေ့ဘူး။ အဲဒီ ပြိုင်ပွဲက ဆုရသူတွေရဲ့စာရင်း အင်တာနက်ပေါ်မှာ မှတ်တမ်းမှတ်ရာလေးတွေ ရှိရင် အတော်ကောင်းမှာပဲ။)

အဲဒီ ဆိုကရေးတီး ပြိုင်ပွဲတွေဟာ (ပွဲလုပ်ရတဲ့ ခေတ်ပျက်ကြီးရဲ့ နောက်ကွယ်က ဘာညာဘာညာ ရည်ရွယ်ချက်တွေ အသာထား) အဓိပ္ပါယ်ရှိတဲ့၊ တန်ဖိုးကြီးတဲ့၊ အနှစ်သာရရှိတဲ့ ပွဲမျိုးတွေလို့ ယူဆမိတယ်။

***
နောက်တစ်ခုက သီချင်းဟောင်းတွေ နားထောင်နေရင်းနဲ့ အဆိုပညာ အသံပါဝါတွေထက်၊ စကားလုံးတွေရဲ့ အသံထွက်ပီသတာကိုပါ သတိပြုမိတယ်။ နောက်ပိုင်း အဆိုတော်တွေမှာ အဲဒီအသံထွက်မျိုးတွေ မရှိတော့ဘူး။ ဥပမာ ချောစုခင် ဆိုရင် 'ချ၊ ခြ' စသဖြင့် အသံတွေ ပါလာရင် သတိထားကြည့်။ ရှင်းပြလို့တော့ မရပေမယ့် အရင်က အဆိုတော်တွေရဲ့ အသံထွက်မျိုးတော့ မဟုတ်ဘူး။ တခြားလူတွေတော့ မသိ၊ အဲဒီနေရာမျိုးတွေ ရောက်လာရင် ကိုယ်တော့ သွားကျိန်းပြီး ကြက်သီးထလာတာပဲ။ (သရက်သီးစိမ်း စားထားတုန်း ဒံအိုးကို ဇွန်းနဲ့ခြစ်လိုက်ရင် ခံစားရတာမျိုး။)

အဲဒါကြောင့် နားမထောင်ဘူးလား ဆိုတော့ ထောင်တာပဲ။ ချောစုခင် သီချင်းတွေထဲလည်း ကြိုက်တာတွေ အများကြီးကိုး။ ဟိုး ပထမဆုံးအခွေထဲ "နေရောင်ခြည်ရဲ့ အနမ်း" က စလို့ ကြိုက်မိတာ။ အခွေနာမည်ကလည်း အဲဒါပဲ။

ပြီးတော့ စလုံးသံနဲ့ ဆလိမ်သံ။
မေဆွိရဲ့ "အတ္တ" ကို ချောစုခင်ပဲ ပြန်ဆိုတော့ အဆိပ် ဆိုတဲ့ အသံကို "အစိတ်" လို့ပဲ ထွက်သွားတယ်။ မေဆွိ ဘယ်လိုဆိုလဲတော့ မမှတ်မိတော့ဘူး။ ထို့အတူပဲ မျိုးကြီး "အဆိပ်ခွက်" မှာလည်း "ကိုယ်ဟာလေ မင်းအတွက် အစိတ်တစ်ခွက် ပါပဲ" ပဲ။

အဲဒီတော့ ဘာဖြစ်သလဲမေးရင် ဘာမှ မသိရင်တော့ ဘာမှ မဖြစ်ဘူး။ တခုခု သိနေရင်တော့ နားထဲမှာ တခုခုဖြစ်နေတော့တာပဲ။

အဆိုတော်တွေတင်လား ဆိုတော့ သတင်းကြေညာသူတွေထဲမှာလည်း အဲဒါမျိုးတွေ ရှိတယ်။
ဥပမာ - ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုတာကို ဆလိမ်သံ မပီဘဲ စလုံးသံနဲ့ ပြောတာမျိုး။


တခါတလေတော့ သိခြင်းသည် ဒုက္ခပဲ။

***
ဟိုရက်ပိုင်းက ဖြူသီ ပြန်ဆိုတဲ့ ချစ်မိုးကြီး ကို တစိမ့်စိမ့် နားထောင်ဖြစ်တယ်။ ခုရက်ပိုင်းတော့ မာမာအေးရဲ့ နှင်းပျောက်တဲ့ နွေ နဲ့ မေ့ကွက်ကို ရှာ နားထောင်ဖြစ်နေပြီး မာမာအေးဟာ ဘာဖြစ်လို့ ပြောစမှတ်ပြုရအောင် ဖြစ်ရသလဲဆိုတာ နားလည်လာမိတယ်လို့ ထင်တယ်။

***

မေ့ကွက်ကို ရှာ


နှင်းပျောက်တဲ့ နွေ

Wednesday, October 12, 2011

Such a disaster week!

:fish:

ကံဆိုးချင်တော့ ဒီမှာ ပျင်းနေ။:bored:

ကံကောင်းချင်တော့ ခရီးသွားရဖို့ အကြောင်းပေါ်။:panda:

ကံဆိုးချင်တော့ ဘတ်ဂျက်လေယာဉ်လိုင်းတွေ ဈေးမချ။:plane1:

ကံကောင်းချင်တော့ ဘတ်ဂျက်မဟုတ်တဲ့လိုင်းက ဈေးချတာကိုရ။ လက်ဂေ့ခ်ျတောင် သယ်လို့ရ၊ နေ့လည်စာလည်းပါ။:ball1:

ကံဆိုးချင်တော့ အဲဒီရက်ပိုင်း အပြင်က အလုပ်တွေ လာအပ်၊ အိမ်ပြန်ရောက်ရင် ခေါင်းတောင် မဖော်အား။:write:

ကံကောင်းချင်တော့ ခရီးစရိတ် ကာမိတာပေါ့။:um:

ကံဆိုးချင်တော့ သွားမယ့်နေရာမှာ ဆိုးဆိုးရွားရွား ရေကြီး။:water:

ကံကောင်းချင်တော့ ရေလွတ်တဲ့နေရာက အသိနှစ်ယောက်က လာခေါ်ထားမယ်လို့ပြော။:ball7:

ကံဆိုးချင်တော့ မိကျောင်း အကောင် 100 လွတ်နေ။:pcry:

ကံကောင်းချင်တော့ လေယာဉ်ရုံးက သွားမယ့်ရက်ကို ရွှေ့လို့ရတယ်လို့ အကြောင်းပြန်။:happy:

ပိုပြီး ကံကောင်းချင်တော့ ပို့စ်တစ်ပုဒ်ရ။:write1:

***
နောက်နေ့ ဘာဖြစ်ဦးမလဲ။ ဘယ်သူမှ မသိဘူး။:mn:

***

Wednesday, October 5, 2011

Xiao Huan in 'Brilliant Legacy'

Xiao Huan in 'Brilliant Legacy'

လောလောဆယ် channel U က ကိုရီးယားကား "Brilliant Legacy" ကို ကြည့်ဖြစ်နေတယ်။ ဒီကို ရောက်ပြီးမှ ပထမဆုံး ကြည့်ဖြစ်တဲ့ tv ဇာတ်လမ်းတွဲ။ Xiao Huan ဆိုတာ အဲဒီထဲက မင်းသားကလေးရဲ့ နာမည်။ (တရုတ်သံနဲ့ ဖလှယ်ထားတယ်လို့ ထင်တယ်)

ကိုရီးယားကားတွေကတော့ ထုံးစံအတိုင်းပါပဲ။
ယုတ္တိမရှိတာတွေပါလည်း စိတ်ပါလက်ပါ ခွင့်လွှတ်ချင်လောက်အောင် တင်ပြပုံနဲ့ သရုပ်ဆောင်ကောင်းကြတယ်။ သူတို့ သရုပ်ဆောင်ကောင်းပုံက အကုန်လုံး သိပ်ဘက်ညီပြီး အပေးအယူမျှတယ် ဆိုရမယ်။ အဲဒီတော့ ဇွတ်အတင်း ဇာတ်လမ်းဆန်ထားတဲ့အပိုင်းတွေ ပြနေတာတောင် ကြည့်တဲ့လူမှာ အဲဒီဇွတ်တွေက မတိုးတော့ဘဲ သရုပ်ဆောင်တွေနဲ့ အပြနောက် ကောက်ကောက်ပါရတော့တာပဲ။

ဟိုမှာတည်းက tv မှာ လာသမျှ မကြည့်ဖြစ်ပေမယ့် ကြည့်မိသမျှမှာဆို ဇာတ်လမ်းအသွားတွေက ခပ်ဆင်ဆင်ပါပဲ။ ဥပမာ - ဇာတ်နာချင်ရင် ရုတ်တရက်ကြီး စီးပွားပျက်ပြတာမျိုး၊ ယုတ်မာတဲ့လူက ဇွတ်ကြီးကို ဉာဏ်ကစားပြီး အကွက်ဆင်၊ ခံရတဲ့လူကလည်း ဘာဆို ဘာမှ မသိ မရိပ်မိ။ တိုက်ဆိုင်ချင်ရင်လည်း ဇွတ်၊ တေ့လွဲချင်ရင်လည်း ဇွတ်။ တော်ချင်ရင်လည်း စွတ်တော်၊ ညံ့ချင်ရင်လည်း စွတ်ညံ့တွေရေးတဲ့ ဗမာပြည်က best seller ဇာတ်လမ်းတွေနဲ့တောင် ခပ်ဆင်ဆင်။ ဒါတွေကိုပဲ ပြကွက်လေးတွေကို အသေးစိတ် ဂရုစိုက်ပြီး နည်းမျိုးစုံနဲ့ပစ်တော့ ပရိသတ်မှာလည်း တည့်တည့်ထိပြန်တယ်။ (အမှန်တော့ သိသိကြီးနဲ့ အရူးလုပ်ခံနေကြတာ)

ကိုရီးယားမင်းသားတွေတော့... အင်းးး မကြိုက်လှဘူး။
တကယ် မကြိုက်ဘူးလား ဆိုတော့လည်း အင်းးး အဲလိုလည်း မဟုတ်ဘူး။
ကြည့်ရတာတော့ ကြိုက်ပါတယ်။ ကိုယ့်မျက်စေ့ထဲတော့ နွဲ့ကြတယ် ထင်တာပဲ။ မျက်နှာလေးတွေဆိုလည်း ချောလိုက်ထာ လွန်ရော။ သူတို့ ချောပုံက မိန်းကလေးဆန်ပြီး မိန်းမချောချောနေတာမျိုး။ (စိတ်ထဲမှာ ချောတယ်လို့ ထင်ရင်၊ အသားကလည်း ဖြူနေတယ်ဆိုရင်) ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး ယောက်ျားမပီသဘူးထဲ ထည့်ပစ်မိတယ်။ (ယောက်ျားလေးပါဆိုမှ ရုပ်ရည်လည်း နည်းနည်းတော့ ကြမ်းတမ်းဦးမှ၊ အသားကလည်း ညိုဦးမှပေါ့)

ခုကြည့်ဖြစ်နေတဲ့ ကားထဲမှာတော့ မင်းသား နှစ်ယောက်၊ မင်းသမီး နှစ်ယောက်။
ခေါင်းစဉ်တပ်ထားတဲ့ Xiao Huan ကတော့ အဓိကပေါ့။ ကိုးရီးယား စံနဲ့ဆို မင်းသားနှစ်ယောက်လုံး ရုပ်ခပ်ဆိုးဆိုးထဲပါတော့ စကြည့်တော့ တမျိုးတောင်ဖြစ်နေတယ်။ ဒါပေမဲ့ ဇာတ်က စဖွင့်ကတည်းက နာနေပြီ။ မရှောင်နိုင်တော့ဘူး။

Xiao Huan ဇာတ်ရုပ်က စားသောက်ဆိုင်တွေ အများကြီးဖွင့်ထားတဲ့ သူဌေးမကြီးရဲ့ တစ်ဦးတည်းသော မြေး။ သားသမီးကို အလိုလိုက်ဖို့ကလွဲပြီး ဘာမှ မသိနားမလည် အခြေခံမပါတဲ့ အမေဖြစ်သူရဲ့ မောက်မာတတ်တဲ့ စိတ်နှလုံးအေးစက်တဲ့ သား။ စစချင်း ဘေးပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ တော်တော်ကို စိတ်နှလုံး မနွေးထွေးနိုင်တဲ့ပုံ လုပ်ပြထားတာ ကြည့်ရတာကို စိတ်မသက်မသာဖြစ်လာစေတယ်။

ဥပမာ - US မှာ ကျောင်းတက်နေတုန်း အဘွားလုပ်သူက သူ့လုပ်ငန်းတွေအကြောင်း သင်ယူဖို့ ရုတ်တရက်ကြီး ပြန်ခေါ်လို့ ရောက်လာပြီး၊ ဆိုင်မန်နေဂျာနဲ့ ပြဿနာတက်တဲ့ အခန်း၊ မန်နေဂျာကို ဆွဲထိုးပြီး၊ လျော်ကြေးပစ်ပေးတဲ့ အခန်း။ မြေးအဘွားနှစ်ယောက် အတူရှိနေတုန်း အနီးကပ်သေချာကြည့်ပြီး လာနှုတ်ဆက်တဲ့ ဝန်ထမ်းအမျိုးသမီးကို မတူမတန်သလို တွန်းထုတ်တဲ့ အခန်း။ ကြည့်နေရင်းနဲ့တောင် ထရိုက်ချင်တယ်။ စိတ်ထဲ ဒီမင်းသားတော့ နောက်အခန်းတွေမှာ ဘာပုံစံလေး လုပ်ပြပြ ကြည့်မရတော့ဘူးလို့ပဲ။ သူ့အဘွားလုပ်သူနဲ့ အတူ ဒီကောင်လေးဟာတော့ ဘယ်လိုမှ ပြုပြင်လို့မရအောင် ပစ်လိုက်ရပါပြီလို့ ထင်လာမိတယ်။ ရုပ်က မရှိရတဲ့ကြားထဲ တင်းမာ အေးစက် ပြင်းထန် နှလုံးသား ခံစားချက်မရှိပုံ လုပ်ပြထားတာ မေတ္တာကို တော်တော်တုံးရော။ ဒါလည်း ဆက်ကြည့်တာပဲ။

အဲဒီထဲမှာ ဇာတ်ရုပ်တွေကလည်း အများကြီး၊ စရိုက်တွေကလည်း မျိုးစုံပါပဲ။ အားလုံးလည်း သူ့နေရာနဲ့သူ ကွက်တိဖြစ်အောင် လုပ်ပြသွားကြတယ်။ ဒါပေမဲ့ Xiao Huan နေရာကတော့ တမျိုးထူးခြားတယ်။ ဆိုခဲ့သလို အခြေအနေတွေနဲ့ အထပ်ထပ် အေးခဲနေတဲ့ ပုံစံကနေ တဆင့်ချင်း လျှော့ချ ပျော့ပျောင်းပြသွားရတာမျိုးဆိုတော့ ဇာတ်ကောင်စရိုက် တသမှတ်တည်း လုပ်ရတာထက်စာရင် ပိုခက်မယ် ထင်မိတယ်။ အဲလိုလုပ်ဖို့ ဇာတ်ကွက်လေးတွေက တဆင့်ချင်း ပံ့ပိုးပေးထားတာ၊ သူကလည်း အဲဒီအတိုင်း ပုံစံဝင်အောင် လုပ်နိုင်တာ အတော် ချီးကျူးစရာ၊ ကြည့်ရတာလည်း ဘဝင်ကျစရာ။

အစောပိုင်း လုံးဝ အေးခဲနေတဲ့ အနေအထားရယ်၊ နောက်ပိုင်းမှာတော့ အရာရာနားလည် မျှဝေတတ်လာတဲ့ စိတ်နှလုံးပူနွေးလာတဲ့ လူငယ်တစ်ယောက်အဖြစ်ကို ပီပီပြင်ပြင် ရောက်သွားပြီးချိန်ရယ်ထက် အဲဒီအခြေအနေနှစ်ခုကြား ဖြည့်ထားတဲ့ ဇာတ်ကွက်တွေမှာ ဟိုမရောက် ဒီမရောက် လွန်ဆွဲတဲ့ ကာလတွေက လုပ်ရပိုခက်မယ် ထင်တယ်။ ကြည့်ရတာလည်း ဒေါသထွက်ရမလို၊ ပြုံးရမလို၊ အမြင်ကပ်ရမလို၊ သနားရမလိုနဲ့ သူ ဖြစ်နေသလို ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ အဲဒါ သရုပ်ဆောင်တဲ့သူသာမက ဇာတ်လမ်းဇာတ်ကွက် ဖန်တီးတဲ့သူနဲ့ ဒါရိုက်တာကလည်း အင်မတန် စေ့စပ်နိုင်လို့။

အဘွားလုပ်သူက တချက်လွှတ်အာဏာသုံးပြီး ကားပြန်သိမ်း၊ ခရက်ဒစ်ကဒ်ကစ ပြန်သိမ်း၊ ကိုရီးယားမှာ မနေချင်တော့ပါဘူး US ပဲ ပြန်ပါတော့မယ်ဆိုတော့လည်း ကိုယ့်စရိတ်နဲ့ကိုယ် သွားနိုင်ရင်သွား လုပ်လိုက်တော့ အားမတန် မာန်လျှော့ပြီး၊ အဘွားစားသောက်ဆိုင်မှာ ဘတ်စ်ကားစီးပြီး စားပွဲထိုးပြန်လုပ်ရ၊ သူ ထိုးခဲ့တဲ့ မန်နေဂျာရဲ့ ဘောင်အတွင်းကနေ ပညာပေးတာခံရ၊ သူပြောခဲ့ဖူးတဲ့ စကားနဲ့ ပြန်ထည့်တာ ခံရ၊ ဆိုင်ထဲဝင်လာတဲ့ customer တွေကို အပြုံးနဲ့ ဦးညွှတ်ကြိုဖို့ ဘယ်တုန်းကမှ ထုံးစံမရှိတဲ့ပုံစံနဲ့ ဆိုင်မှာလာစားသူတွေနဲ့ ပြဿနာတက်။ နေ့လည်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆိုင်မှာ မစားဘဲ တစ်ယောက်တည်း အပြင်ထွက်စားတဲ့ထိ တသီးတသန့်နေ။

အဲဒီကနေမှ တဖြည်းဖြည်းနဲ့ ဆိုင်ကလူတွေနဲ့ စားပွဲထိုးဘက် မင်းသမီးလေးက တွဲခေါ် သူကိုယ်တိုင်ကလည်း စိတ်မပါလက်မပါပေမယ့် မတတ်သာတဲ့အဆုံး လုပ်ရင်းကိုင်ရင်း အဆင်ပြေ သင်ယူနိုင်လာ။ လူ့လောကမှာ ဘယ်တုန်းကမှ လက်တွေ့ကျကျ အတွင်းကျကျ သဘာဝကျကျ လေ့လာမြင်တွေ့ခွင့်မရဘဲ အေးခဲနေတဲ့ စိတ်နှလုံးက တဖြည်းဖြည်း ပျော်ကျလာပြီး လူသားဆန်လာခဲ့။

ဒါပေမဲ့ အဲဒါကိုပဲ တချိန်လုံး အေးခဲနေခဲ့သူပီပီ (ဘယ်လောက် မောက်မာခဲ့လည်း ရိုးဖြောင့်တဲ့ စိတ်အခံနဲ့ လောကအတွေ့အကြုံ မပြည့်ဝခဲ့တော့) ပြောင်းလဲလာတဲ့ သူ့ခံစားချက်တွေကို သူကိုယ်တိုင်လည်း သေချာ ထိုးထွင်းမရိပ်မိတဲ့ပုံ၊ ငါ့စိတ်တွေ ဘာဖြစ်နေတာပါလိမ့်ဆိုတဲ့ အူကြောင်ကြောင်မျက်နှာထားနဲ့ အတွင်းက ကလေးဆန်ဆန်စိတ်ထားပါ ပေါ်လာအောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။

တယောက်ယောက်အပေါ် ကောင်းပြပြီးရင်၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ team work တခုခု ဝင်လုပ်ပြီးရင် ကျေးဇူးတင်မခံရအောင် ခပ်တည်တည် လှည့်ထွက်လာတတ်တာ၊ ချီးကျူးစကားပြောရင် မနေတတ်မထိုင်တတ် မျက်နှာမထားတတ်သလို အသားမကျတဲ့ အူတူတူပုံစံမျိုးတွေက ကြည့်ရတာ အတော်သဘောတကျနဲ့ တဖြည်းဖြည်းနှစ်လိုလာပြီး သူ့ဘက်သားလုံးလုံး ဖြစ်သွားတော့တယ်။ သူ့ရဲ့ မချောလှတဲ့ ရုပ်ဆိုးဆိုး ကလေးဆန်ဆန် မျက်နှာပေးကိုလည်း ကြိုက်လာမိတယ်။

ဒီဇာတ်ရုပ်ကို ဖြည့်ပေးတဲ့ အကွက်လေးတွေကလည်း စေ့စပ်လှတယ်။ ဥပမာ - အပြင်မှာတယောက်တည်း စားလေ့ရှိတဲ့ သူ့ကို လက်ထဲ ပိုက်ဆံမရှိအောင်လုပ်ပြီး လုပ်ဖော်ကိုင်ဘက်တွေနဲ့ နေ့လည်စာ ဝင်စားခိုင်းတာ။ ကုမ္ပဏီနှစ်ပတ်လည်အတွက် ကြော်ညာစာရွက်တွေ လိုက်ကပ်ရတာ၊ အသက် 60 ကျော်လူကြီးတွေဆီ လိုက်ဖိတ်ရင်း အစီအစဉ်တွေ ရှင်းပြရတာ။ ပထမတော့ မင်းသမီးကလေးကပဲ ဦးဆောင်လုပ်သွားပြီး၊ နောက်တစ်ရက်မှာ သူကိုယ်တိုင် စိတ်ပါလက်ပါနဲ့ လူကြီးတွေကို ဖိတ်၊ အစီအစဉ်တွေ ဝင်ရှင်းပြနဲ့ အသက်ဝင်လာတာ။

အဲဒီအထိ အလုပ်မှာ စိတ်ပါတုန်းသာ လှုပ်ရှားနေပြီး ပြီးတာနဲ့ ချက်ချင်း စက်ရုပ်မျက်နှာလို ပြန်ဖြစ်သွား။

ဖြည့်ထားတဲ့ အကွက်တွေ အသေးစိတ်ပုံက...
အစပိုင်းမှာ စားပွဲထိုးရင်း သူ့ကြောင့် ဆိုင်မှာလာစားသူတစ်ယောက် အင်္ကျီ ဟင်းပေသွားတဲ့အခါ သူဌေးမြေးပုံစံနဲ့ မတောင်းပန်ဘဲ ပင်မင်းပေးပေးပါမယ် လို့ ပဲ ပြန်ပြောခဲ့ပြီး၊ နောက်ပိုင်း သူ ကျင့်သားရလာချိန် ဆိုင်မှာ လာစားတဲ့တစ်ယောက်က အနိုင်ကျင့်လို့ ချော်လဲ ပေကျံကုန်တဲ့အပြင် ရင့်ရင့်သီးသီး ဆက်ဆံတာ ခံရတဲ့အခါ ရာနှုန်းပြည့် မပြောင်းလဲရသေးတဲ့ စိတ်အခံနဲ့ ကြိတ်မှိတ် သည်းညည်းခံလိုက်ရတဲ့ အခန်း။

ကုမ္ပဏီနှစ်လည်အတွက် အစီအစဉ်တချို့ ထပ်ဖြည့်တဲ့အခါ သူအကြံပေးတော့ ကျန်လူတွေ သဘောကျပြီး ရယ်တဲ့အခါ မျက်နှာမထားတတ် ထောင့်တောင့်တောင့် ဖြစ်နေတာမျိုး။ အသက် 60 ကျော် လူကြီးတွေဆီ သွားဖိတ်ရတုန်းက သူ ရှင်းပြရတဲ့ အလှည့်မှာ အမျိုးသမီးကြီးတစ်ယောက်ကို "အဘွား အသက် 60 ကျော်ဆိုတာ ကျွန်တော် မယုံဘူး။ ကျွန်တော့်ကို အိုင်စီပြ" လို့ ကျီစားတာမျိုးလေး။ နောက် မင်းသမီးနဲ့ ကြော်ညာစာရွက်တွေ လိုက်ကပ်တဲ့အခန်း။ ဆိုင်မှာစားနေတဲ့ ကလေးတစ်ယောက်က သူ့ကို ဦးဦးခေါ်လို့ ကိုကို ခေါ်ရမယ် လို့ ပြောတဲ့ အခန်း။

နောက်ဆုံး ချောင်ကျကျ ရပ်ကွက်တစ်ခုက ဆင်းဆင်းရဲရဲနဲ့ မကျန်းမာတဲ့ ဇနီးသည်ကို ပြုစုနေရတဲ့ အဘိုးကြီးတစ်ယောက်က အော်ဒါမှာလို့ delivery လိုက်ပို့ရင်း သူ့ကို ထုတ်ပေးတဲ့ အိပ်ရာအောက်က ပိုက်ဆံအနွမ်းအကြေတွေနဲ့ အကြွေစေ့ကလေးတွေ၊ လာပို့ရတဲ့ စားပွဲထိုးကလေးကို ဘာ တစ်ပ်မန်းနီးမှ မပေးနိုင်လို့ သူ ငြင်းနေတဲ့ကြားက လမ်းမှာ စားဖို့ ထည့်ပေးလိုက်တဲ့ သကြားလုံးကလေး ၂ လုံး။ အိမ်ပြင်ရောက်မှ သူ ကရုဏာမကင်း ပြန်ကြည့်တဲ့အခါ... လူမမာဇနီးသည်ကို သူလာပို့တဲ့ စွတ်ပြုတ် တိုက်နေတဲ့ အဘိုးကြီး...

အဲဒီနောက်မှာတော့ သူ့ဆီမှာ အထပ်ထပ် ဖုံးထားတယ် ထင်ရတဲ့ အေးခဲတဲ့အလွှာတွေ အကုန်လုံး ပျော်ကျကုန်တော့တယ်။ ခုလောလောဆယ် ပြနေတဲ့ အပိုင်းတွေမှာ အဘွားလုပ်သူက ကောင်မလေးကို ညနေ အလုပ်ပြီးရင် အိမ်ခေါ်ခဲ့လို့ သူ့ကိုမှာတော့ ရုတ်တရက် အံ့အားသင့်ပြီး ကောင်မလေးနာမည်ကို ပြန်ရွတ်ပြီး confirm လုပ်သလို အဘွားကိုလှမ်းကြည့်၊ သဘောတွေ့သွားသလို မျက်လုံးလေးတွေချည်း ပြုံးလိုက်တဲ့အချိန်မှာတော့... ယုံပါတယ်။ ကြည့်နေတဲ့သူမှန်သမျှ အကုန် ကျဆုံးကုန်ကြမှာပဲ။

တကယ်တော့ တကားလုံးမှာ သူ့နေရာက အခက်ဆုံးပဲ။ မျက်နှာအမူအယာကို အတက်အကျ အမျိုးမျိုးနဲ့ လုပ်ပြရတာ။ သူ အတော် လုပ်နိုင်တယ်။

မူရင်းဇာတ်ကျောရိုးက အတင်း လုပ်ဇာတ်ဆန်တယ် ဆိုပေမဲ့ တကားလုံးမှာ အနုစိတ်ထည့်ထားတဲ့ အကွက်တွေကတော့ ကြည့်တဲ့သူတွေ ဘဝင်ခိုက်အောင် အတော် စေ့စပ်တာ အမှန်ပဲ။

ဟိုးရှေ့မှာ ပြထားတဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကို နောက်ပိုင်းအခန်းမှာ အကွက်စေ့အောင် အံကိုက် ချိတ်ဆက် သုံးပြတတ်တာမျိုး။ ဥပမာ - အပြင်မှာ ပင်လယ်စာစားရင်း မင်းသမီးက သူ ဂုံးမစားဘူး ပြောတာကို နောက်ပိုင်း အကွက်တွေမှာ ပြန်ထည့်သုံးထားတာ။ ကုမ္ပဏီနှစ်လည်မှာ ဝန်ထမ်းအချင်းချင်း အမည်မဖော်ဘဲ ကဒ်ပြားလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် အကြံပေးစာလေးတွေ ရေးရတဲ့အခါ ဘယ်ကဒ်ပြားက စာကတော့ ဘယ်သူပေးတာ ဖြစ်မယ်လို့ အိမ်ရောက်မှ မှန်းကြည့်တဲ့အခန်းကို ပြထားပြီး၊ နောက်ပိုင်း နှစ်ယောက်သား တစ်ယောက်လက်ရေးကို တယောက် တနေရာမှာ မမျှော်လင့်ဘဲ တွေ့ကြတော့ အိမ်ပြန်ရောက်မှ ကဒ်ပြားလေးတွေ တစ်ခုချင်းနဲ့ ပြန်တိုက်ကြည့်ပြီး ဘယ်ကဒ်ပြားက သူ ရေးပေးခဲ့တာလေးဖြစ်မလဲ ပြန်ရှာကြတာမျိုး။

နောက် Xiao Huan အကြောင်း ရေးတာပေမယ့် အဲဒီထဲမှာ သဘောကျမိတာ Xiao Huan တို့အိမ်မှာ butler လုပ်တဲ့ သရုပ်ဆောင်တစ်ယောက်။ Xiao Huan အဘွားရဲ့ လူယုံတော်ဆိုလည်းဟုတ်။ သူ တကယ် ပို့ပေးရတဲ့ အခန်းက ခုချိန်ထိ နှစ်နေရာပဲ ရှိသေးတယ်။ Xiao Huan အဘွားကို ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး ကိုမာဝင်နေရာက ပြန်ကောင်းလာပြီဆိုတာ သိလို့ ဆေးရုံမှာ လာတွေ့တော့ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျတဲ့အခန်းရယ်။ ဆေးရုံကမှ ဆင်းမယ်မကြံသေးဘူး ကုမ္ပဏီမှာ ပြဿနာအကြီးအကျယ်တက်ပြီး အဘွားကြီးကို ကုမ္ပဏီဥက္ကဋ္ဌနေရာက ဖြုတ်ချဖို့ကြံတဲ့ ဒါရိုက်တာအစည်းအဝေးကို တက်ရတယ်။ အဲဒီနေရာကို ဆေးရုံက ဆင်းစ သူ့သခင်မကို သူ ကိုယ်တိုင် အခန်းဝထိ လိုက်ပို့ပြီး၊ သူ လိုက်ဝင်လို့ မဖြစ်နိုင်တဲ့ အစည်းအဝေးခန်းထဲ တစ်ယောက်တည်း ဝင်သွားတာကို ပူပန်စိတ်မချတဲ့ မျက်နှာထားနဲ့ လှမ်းကြည့်လိုက်တဲ့ အခန်း။ ခဏလေးပဲ။ တစ်ဇာတ်လုံးကိုလည်း သူ မပို့ရဘူး။ ဒါပေမဲ့ အဲဒီအခန်းတွေအတွက်တော့ တကယ့်ကို အသက်ဝင်တယ်။

သူတို့ဆီက သရုပ်ဆောင်တွေက အပို့ကလည်း အပို့မို့လို့ အရံကလည်း အရံမို့လို့ သိပ် ဘက်ညီတယ်။ Ghost ကားထဲမှာလည်း တကွက်။ Sam ရဲ့ ငွေတွေထုတ်ဖို့လုပ်ရင်း Whoopi Goldberg ဘဏ်မှာ စိတ်လှုပ်ရှား ပျာယာခတ်နေတော့ ဝန်ထမ်းအမျိုးသမီးကြီးတစ်ယောက်က "ဘာများ ဖြစ်တာပါလိမ့်" သဘောနဲ့ နားမလည်နိုင် စိတ်ရှုပ်တဲ့ အမူအယာနဲ့ မျက်မှောင်ကျုတ် ကြည့်ပေးလိုက်တာလေး။ သူတို့ဟာ လမ်းကြုံတွေ့ရတဲ့ အမူအယာမျိုးတောင် ဖြစ်မြောက်အောင်ထိ ပို့ပေးနိုင်တာ အမှန်ပဲ။

ဆိုင်လား မဆိုင်လားတော့ မသိဘူး။ သန်းတိုးအောင် သူတို့ခေတ်က ပြောဖူးတာ သတိရမိတယ်။
"မြန်မာဘောလုံးလောက အဆင့်မီဖို့ဆိုရင် ကျွန်တော်တို့ မျိုးလှိုင်ဝင်းတို့လောက်က အရံခုံမှာပဲ ထိုင်ရလောက်တဲ့လူတွေ ဖြစ်မှ" ဆိုတာ...။

***
ကိုရီးယားကားတွေမှာ မိသားစုပုံစံတွေ ဦးစားပေး ပြတတ်တာတော့ ကြိုက်မိတယ်။ တကယ်တမ်းတော့ ခုခေတ်မှာ သူတို့ကားတွေထဲကလို မဟုတ်တော့ဘူး ဆိုလည်းပဲ အဲဒီလို မိသားစုပုံစံမျိုးကို သူတို့ ပြန်တမ်းတ ဖြစ်စေချင်လို့ ရိုက်ပြတယ်ပဲ အောက်မေ့ရတယ်။ မကြိုက်တာကတော့ လက်ပါတာကို used to ဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြတတ်တာပဲ။ ကောက်ကျစ်တာ လှည့်ဖျားတာတွေကတော့ ဇာတ်လမ်းသဘောဖြစ်တာရယ်၊ လူ့သဘောဖြစ်တာရယ်ကြောင့် ထူး မပြောလိုတော့ဘူး။ ဇာတ်လမ်းကို ဇာတ်လမ်းလိုပဲ ကြည့်တာကောင်းတယ်။

ကိုရီးယားကား မကြည့်ဖြစ်တာလည်း ကြာတော့ ခု ကြည့်မိတာ ကြိုက်ပါတယ်။ အဲဒီကား ခုထိလည်း မပြီးသေးဘူး။ Xiao Huan ကိုလည်း အတော် ကြိုက်နေမိတော့ ညနေ ဘာကိစ္စရှိရှိ အဲဒီကားမီဖို့လို့ ဝီရိယ စိုက်ထုတ်နေမိတယ်။ လွတ်များသွားရင် စိတ်တောင်မကောင်းဘူး။

***
တခုတော့ ရှိတယ်။ ကိုရီးယားဇာတ်လမ်းတွေ ဘယ်လောက် ဇာတ်ရုပ်ပီပြင်ပြီး ကောင်းတယ်ဆိုဆို ဇာတ်လမ်းက လုပ်ယူထားတာတွေဆိုတော့ ကြည့်တုန်း ခဏပဲ။ ကြည့်ပြီးတော့လည်း ဘာမှ မကျန်ခဲ့တာ အမှန်။ ဇာတ်လမ်းအားပြုတဲ့ ကားတွေဖြစ်လို့ နောက်ဘယ်နှစ်ခါ ထပ်ကြည့်ကြည့်ဆိုတဲ့ထဲ မပါတာလည်း အမှန်။ စုံထောက်ဝတ္ထုတွေလိုပေါ့။ ဇာတ်လမ်းသိပြီးသွားရင် နောက်တခါ ပြန်ဖတ် ဘယ်အရသာ ရှိတော့မလဲ။

***
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကောင်းခန်း။ ဗီဇာလျှောက်ထားတာ ဖုန်းလှမ်းဆက်ရင်တောင် နောက်နေ့မှ လာယူတော့မယ် ပြောဖို့ ကြံထားတာ။ ခုထိတော့ မလာဘူး။ အေးတာပဲ။ အိမ်တန်းပြန်မယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက ခိုင်းတော်မူထားတာတွေ လိုက်လုပ်ရင်း၊ လူကြုံလိုက်ပေးရရင်း နှစ်ရက်တောင် လွတ်သွားတယ်။ $10 ပိုရလိုက်တယ်ဆိုတော့ လွတ်သွားတဲ့ ၂ ရက်အတွက် တစ်ရက်ကို ငါးဒေါ်လာပေါ့။ တန်သလား ကိုယ့် Xiao Huan နဲ့ လဲဖို့။

***
♥ u Xiao Huan! :cht:
***

Sunday, October 2, 2011

ဓါတ်ပုံများနှင့် စကားပြောခြင်း

နဖူးပိုကျယ်လာတယ်။ ကျောင်းတုန်းကလို ဆံပင်တိုတိုကပ်ကပ်ထားတုန်းပေမယ့် အရင်ကထက် ပါးသွားတယ် (ထင်တယ်)။ ကိုကို ဆံပင်ရော ဖြူနေပြီလား။

ကိုကိုဟာ အပြင်မှာမသိတဲ့လူအဖို့ ဓါတ်ပုံထဲကနေ ဖြူသလား ညိုသလား၊ နုသလား ရင့်သလား၊ ပိန်သလား ပြည့်သလား၊ မြင့်သလား နိမ့်သလား ခွဲခြားဖို့ခက်တဲ့ ပုံစံမျိုးနဲ့။ ရှုထောင့်နဲ့ အလင်းအမှောင်အမျိုးမျိုးမှာ တစ်နေရာတစ်မျိုးစီ ဖြစ်နေတတ်လို့။ သိခဲ့ဖူးတဲ့လူတောင် ဘာတွေပြောင်းလဲသွားသလဲ မှန်မှန်ကန်ကန် မခန့်မှန်းနိုင်ဘူး။

တချို့ပုံတွေကြည့်ပြီး ကိုကို အသက်ကြီးသွားပြီ၊ လူကြီးဖြစ်သွားပြီ လို့ တွေးမိပေမယ့် တောလမ်းနံဘေးက သစ်ပင်ရှေ့မှာ ရပ်နေတဲ့ပုံဆိုရင် လွန်ခဲ့တဲ့ 17 နှစ် စတွေ့ကြတုန်းကထက်တောင် ဘာမှ ပိုမကြီးသေးဘူးလို့ ထင်ရပြန်တယ်။ အထူးသဖြင့် ပြုံးရယ်နေတဲ့ ပုံတွေပေါ့။ သေချာတာတော့ အရင်ကလို မျက်နှာပြည့်ပြည့်မဟုတ်တော့ဘူး။ အလုပ်ပင်ပန်းလို့ ဖြစ်မယ်။ ကိုကို ရယ်နေတဲ့ပုံတွေကို မြင်ရတာ ဟိုးအရင် စတွေ့တုန်းကအချိန်တွေကို သတိရမိတယ်။

ကိုကို့ကို မြန်မာဝတ်စုံနဲ့ မဟုတ်ဘဲ တခါမှ မမြင်ခဲ့ဖူးဘူး။ ကျောင်းတုန်းကတည်းကလည်း မြန်မာလိုကလွဲလို့ တခြားဘာမှ မဝတ်ဘူး၊ ကိုယ် မှတ်မိတာပေါ့။ ဒါပေမဲ့ ခု မြန်မာဝတ်စုံနဲ့မဟုတ်တဲ့ပုံတွေချည်းပဲတွေ့တော့လည်း ဟိုးအရင်ကတည်းက မြင်နေကျလိုပဲ။ ကိုကို ခုထိ jean ကို ကိုယ်ပေါ်မတင်ချင်ဘူး လုပ်တုန်းလား။ holiday သွားတဲ့ပုံတွေမှာကိုပဲ jean pants လေးတောင်မှ မတွေ့မိဘူး။ ဒါမှမဟုတ် ကိုယ်ကြည့်ရတဲ့ ပုံတွေထဲမှာပဲ မပါတာလား။ တချိန်လုံး ကိုကို့ကို သံယောင်လိုက်ပြီး၊ တလေသံတည်းလိုက်ထွက်ဖို့ ဝန်မလေးတဲ့၊ ကိုကို့နောက်လိုက်သာ လုပ်လာခဲ့ဖူးတဲ့ ကိုယ်ကတော့ ခုချိန်မှာ jean ကလွဲလို့ ဘာမှတောင် ကိုယ်ပေါ်မတင်ချင်တော့ဘူးလို့ သိရင် အံ့သြမလား။ အံ့သြမယ် မထင်ပါဘူး။ ကိုယ့်ကို ကိုကို သိပြီးသားပဲ။

အရွက်တွေမရှိတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ပုံလည်း ငယ်ရုပ်မပျောက်သေးဘူး။ ခြောက်သွေ့အေးစက်မယ် ထင်ရတဲ့ နောက်ခံပတ်ဝန်းကျင်နဲ့ အဲဒီသစ်ပင်ရှေ့မှာ ကိုကို တစ်ယောက်တည်း ထိုင်နေတာတွေ့ရတော့...

ကိုယ် ဘာဆက်ပြောရမလဲ ကိုကို။
သူတပါးကို သနားကြင်နာသလို ခံစားမိတဲ့အခါတိုင်း ကိုယ့်စိတ်ထဲမှာ လိပ်ပြာမလုံသလို ခံစားရတတ်တယ်။ ဒီလိုပြောရင် ကိုကိုကတော့ သဘာဝမကျတဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေလို့ ပြောဦးမယ်။ ခုဆို ကိုယ့် စိတ်ပိုင်းဆိုင်ရာကိုပါ စစ်ကြည့်ချင်မိဦးမယ်။

ကိုယ်ကတော့ သူများကို သနားပါတယ်နော်လို့ ပြောရမှာ အပေါ်စီးဆန်သလိုလို ကိုယ့်ဘာသာ ဘဝင်မြင့်သလိုလို ပုံစံမျိုးလို့ ထင်လို့၊ ပြီးတော့ ကိုယ်သနားကြင်နာတာကို ခံလိုက်ရတဲ့ လူရဲ့ဖြစ်တည်မှုကို ထိပါးသလိုထင်လို့ ပြောထွက်ဖို့ အင်မတိ အင်မတန် ဝန်လေးတာပဲ။

ဒီလောက်ပြောရင် ကိုယ့်ခံစားချက်ကို ကိုကို သိမယ်မဟုတ်လား။ ကိုယ်က ဘယ်နေရာမှာမှ ကိုကို့ထက် ပိုသာနေလို့ မဟုတ်ပါဘူး။ ကိုကို့အတွက် ဘယ်နေရာမှာမှ ကွက်လပ် မရှိစေချင်တဲ့ စိတ်ကြောင့်ပါပဲ။

ကွင်းပြင်ထဲမှာ ကိုကို့နောက်ကျောဘက်ကို အဝေးက လှမ်းမြင်ရတဲ့ပုံကို အကြာကြီးကြည့်ရင်း အဲဒီကျောဘက်မှာ တကယ်ပဲ ရပ်နေရသလို ထင်လာမိတယ်။ အဲလိုအနေအထားမျိုးနဲ့ တခါ ကြည့်နေခဲ့ဖူးတယ်။ အဲသည်လောက်ကျယ်တဲ့ ကွင်းပြင်ထဲမှာတော့ မဟုတ်ဘူးပေါ့။ အဲသည်လို အေးစက်ခြောက်သွေ့တဲ့ လေကြမ်းတိုက်တဲ့ နေရာမျိုးလည်း မဟုတ်ဘူးပေါ့။ ပုံထဲမှာတော့ ကိုကို့ ကုတ်အင်္ကျီရှည်ရဲ့ အနားတွေတောင် လွင့်ပါးလို့နေတယ်။

ဟိုးတုန်းကအချိန်တွေကို ပြန်စဉ်းစားမိရင် အဲဒီတုန်းက သိကျွမ်းရင်းနှီးခဲ့ကြတဲ့ အစုအဖွဲ့ကလေး တချိန်မှာ တယောက်တနေရာစီ ဝေးလံလွင့်ပါးပြီး ပြတ်တောက်ကုန်ကြမယ် မထင်ခဲ့ရဘူး။ လူတွေဟာ အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိခွင့်မရလို့သာ ပစ္စုပ္ပန်မှာ နေသာထိုင်သာရှိနိုင်တယ်ဆိုတာ ဟုတ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ ဘာမှ ဖဲ့ထုတ်လို့မရတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ အကြိမ်ကြိမ်အဖန်ဖန် ပြန်စခွင့်ရလည်း အဲဒီ အပိုင်းအခြားကာလကို အဲဒီအတိုင်းသာ တသွေမတိမ်း လက်ခံရမှာပါ။

ကိုကိုပြောဖူးသလိုပဲ ကိုယ်ဟာ တသက်လုံး လေ့ကျင့်ကျွမ်းဝင်ခဲ့ဖူးတဲ့ အလေ့အထတွေကို တစ်ရက် တစ်မနက်မှာတင် စွန့်လိုက်ဖို့ ဝန်မလေးတဲ့သူ၊ ခုတခဏမှ တွေ့ထိသိမြင်တဲ့ အလေ့အထတချို့ကိုလည်း ချက်ချင်း လေ့ကျက်သိုမှီးပြီးသားလိုဖြစ်အောင် အညှာလွယ်တဲ့သူ။ ထသွားပြီးရင် ပြန်မကြည့်ချင်တဲ့သူ။ ကိုယ် အမှတ်ရမယ့် အဖြေလွှာက ကိုယ့်လက်ရေးကိုတောင် နောက်တခါ ပြန်မစစ်ဆေးချင်တဲ့သူ။ ဒီလိုလူမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အရင်းအတိုင်း မမြင်နိုင်စွမ်းဘူးနေမှာပေါ့။ လေယူရာတိမ်းပြီး ယိမ်းချင်တတ်တဲ့သူသာ ဖြစ်မှာပေါ့။

လူတွေရဲ့ အထင်အမြင်တွေဟာလည်း inertia တွေ သိပ်များတယ်နော် ကိုကို။ သူတို့ရှေ့မှာ တလျှောက်လုံးက လေနှင်ရာလွင့်ခဲ့ဖူးရင် ဘယ်တော့မှ အတည်တကျ အမြစ်တွယ်ခွင့် မပေးချင်ကြတော့ဘူး။ ကိုယ်ကတော့ လေတိုက်ထဲမှာပဲ အမြစ်တွယ်နေခဲ့တော့တယ်။ ကိုကိုကတော့ စောဒကမတက်ဖို့သာ ပြောမှာပဲ ထင်ပါရဲ့။ စောဒကတက်တာ မဟုတ်ပါဘူး။ ကိုကို့ကို တိုင်တည်ချင်ရုံပါပဲ။

ကိုကို့ နေပုံထိုင်ပုံ ဝတ်ပုံစားပုံတွေ ဘယ်လိုပြောင်းလည်း ကိုယ့်အတွက်တော့ မြင်သားတကျရှိနေတာပါပဲ။ အပေါ်ယံတွေ ပြောင်းသွားပေမယ့် မပြောင်းတာတွေ ရှိနေသေးတာကိုး။ အဲသည်မျက်လုံးတွေ၊ အဲသည်အပြုံးတွေနဲ့ အဲသည်အကြည့်တွေပေါ့။ ဟိုတုန်းကတည်းကလို မပြောင်းလဲသေးတဲ့၊ ကိုယ်တိုင်ရော သူတပါးကိုပါ ကျေနပ် စိတ်ချ နှစ်လို ယုံကြည်စိတ်ကို ကူးစက်စေမြဲ ကိုကို့ မူပိုင်အရာတွေပေါ့။ ဘယ်လိုအရာမျိုးကမှ ပြောင်းလဲပစ်နိုင်မှာမဟုတ်တဲ့ ခိုင်မြဲတဲ့ ဂုဏ်သတ္တိတွေပေါ့။ အဲဒါတွေကြောင့် ကြားကာလအချိန်တွေဟာ ကိုယ့်စိတ်ထဲမှာ ခြားနားမနေနိုင်တာ။ ဘယ်လိုစိတ်နဲ့မှ ပြောတာမဟုတ်ပါဘူး ဆိုတာ ဘဝပေးအခြေအနေရဲ့ လိုအပ်ချက်အရ ပြောပါရစေဦး။ စိတ်ထဲရှိတဲ့အတိုင်း မှန်ရာကိုပြောဖို့ ချင့်ချိန်နေရတဲ့အဖြစ်မျိုး ကိုကိုနဲ့ကျမှ ကြုံနေရတာလည်း ဒီဘဝမှာတော့ မရှောင်လွဲနိုင်တော့တဲ့ အဖြစ်ပါပဲ။

ကြည့်မိသမျှပုံတွေထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ၊ သူငယ်ချင်းတွေနဲ့၊ ဆွေမျိုးသားချင်းတွေနဲ့၊ ဒါမှမဟုတ်ရင်တော့ တစ်ယောက်တည်းပဲ။ ဘေးနားမှာ ဘာဖြစ်လို့ တစ်ယောက်ယောက် မရှိသေးတာလဲ။ ဘာဖြစ်လို့ တစ်ယောက်တည်း နေနေသေးတာလဲ။ mid-30s ဆိုတဲ့ အသက်အရွယ်ဟာ ဘဝမှာ အစစအရာရာ ပြည့်စုံအောင်မြင်ပြီးသား၊ အခြေတကျ ရပ်တည်နိုင်ပြီးသား ယောက်ျားတစ်ယောက်အဖို့ တစ်ယောက်တည်း မလုံလောက်နိုင်စကောင်းတဲ့ အချိန်အခါမဟုတ်လား။ ဒီလောက် အပြောင်းအလဲမြန်ပြီး၊ အေးစက် သက်မဲ့တဲ့ လောကကြီးမှာ နွေးထွေးနှစ်သိမ့်မယ့်၊ ကြင်နာယုယမယ့်၊ မျှဝေခံစားမယ့်သူ မပါဘဲ တစ်ယောက်တည်း မနေပါနဲ့။

ဘယ်သူတွေ ဘယ်လိုထင်မြင်လည်း ဒီစကားတွေကို ကိုယ် အရှင်းလင်းဆုံးသော စိတ်ထားနဲ့ ပြောတယ်ဆိုတာ ကိုကိုကတော့ ယုံနိုင်မှာပါ။ ကိုကို ယုံမှာကို သေချာသိပေမယ့်၊ ယုံကြည်ပြီးမှ ခါးသက်နေရမှာ စိုးလို့ အဲဒီမှန်သောစကားတွေကို ကိုယ် မဆိုချင်တာပဲ။

ကိုယ်ကတော့ ဒီလိုပါပဲ။ အတိတ်ကလူတွေကို မြင်ရင်၊ သတင်းကြားရရင် အတိတ်ကို မှန်းပြီး လွမ်းမိတယ်။ ကွယ်ရင်မေ့ပြီး တွေ့သေအောင်လွမ်းတယ်လို့ တစ်စုံတစ်ယောက်မကတဲ့ သူတွေက ပြောချင်ပါလိမ့်မယ်။ တခါတရံ၊ အကြောင်းတစုံတရာလေးသာ မဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်ကွယ်ခဲ့ ချန်ခဲ့ရတာတွေကို မသိလိုက် မသိဘာသာ မေ့ထားလို့သာ မရခဲ့ရင် ကိုယ် ဘယ်လိုများနေရမှာပါလိမ့်။ တကယ်တော့ လက်ရှိအချိန်မှာ တည့်တည့်နေနိုင်အောင် အလိုလျောက် ကြိုးစားလိုက်မိတာ ဖြစ်မှာပါ။

စတွေ့ဖြစ်တဲ့ နှစ်အပိုင်းအခြားတွေလောက်က ခြံဝန်းကျယ်တစ်ခုထဲ သစ်ပင်တပင်ကို ပတ်ဝိုင်းထားတဲ့ ခုံတန်းရှေ့ စားပွဲမှာ ကွန်ပါဘူးပေါ်က ထပျံနေသလိုဟန်နဲ့ tweety ရုပ်ကလေးကို ပြဋ္ဌာန်းစာအုပ်ဟောင်းရဲ့ နောက်ကျောဖုံးပေါ်မှာ ကိုကို မင်အနက်နဲ့ ကူးဆွဲခဲ့တယ်။ ကိုယ် စာလုပ်ပြီးတဲ့အချိန် ကိုကို စာစစ်နေတုန်း high light နဲ့အရောင်ခြယ်ပြီး 'ကြက်ပျံမကျ' လို့ ပုံအညွှန်းစာတပ်တော့ ကိုကိုက ယူကြည့်ပြီး 'tweety က ကြက် မဟုတ်ပါဘူး။ ဘဲပေါက်ကလေးပါ' တဲ့။ ကိုယ်က 'မဟုတ်ဘူး ကြက်ကလေး' လို့။ tv မှာလာရင် သေချာပြန်ကြည့်ပြီး ရှုံးတဲ့လူ ဒိန်ချဉ်တိုက်ကြေးလို့ ပြောခဲ့ကြတယ်။

တကယ်တော့ အဲဒီကာတွန်းကားလည်း စောင့်မကြည့်ဖြစ်ခဲ့ပါဘူး။ အဲဒီအလောင်းအစားကလည်း အမှတ်တမဲ့နဲ့ ပြီးသွားတယ်။ ကြားအချိန်တွေမှာလည်း အဲဒီအကြောင်းအရာဟာ ကိုယ့်စိတ်ထဲ အမှတ်တရ ရှိမနေခဲ့ပါဘူး။ အဲဒီအကောင်လေးဟာလည်း ကြက်လည်းမဟုတ်၊ ဘဲလည်းမဟုတ်တဲ့ ကနေဒီယန်ငှက်ကလေးလို့ နောင်နှစ်တော်တော်ကြာမှ သိတယ်။

ကိုကို မှတ်မိသေးလား။
ခုတော့ အဲဒီငှက်ကလေးရဲ့ ပုံလေးတွေမြင်ရင် ခဏလေးပဲဖြစ်ဖြစ် အတိတ်ကို ပြန်ရောက်သွားတတ်တယ်။ ကိုယ်ဟာ အဲဒီအချိန်ကအတိတ်ကို ဘယ်စိတ်နဲ့မှ တမ်းတတာမဟုတ်ဘဲ အဲဒီအချိန်ရဲ့ ရှင်းလင်းသန့်စင်နိုင်ကြတဲ့ စိတ်နှလုံးသက်သက်တွေကိုသာ လွမ်းဆွတ်မိတာပါလို့ သူ နားလည်နိုင်အောင် ဘယ်လိုပြောရမလဲ ကိုကို။

ဖြစ်နိုင်ရင်တော့ ကိုကိုအပါအဝင် အဲဒီအချိန်က သိကျွမ်းခဲ့ဖူးတဲ့ လူတချို့နဲ့ အတူဆုံဖြစ်ချင်သေးတယ်။ စကားတွေလည်း ပြောချင်သေးတယ်။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ်ပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ။ ဖြစ်နိုင်ဖို့ ခဲယဉ်းတယ်ဆိုတာလည်း သိပါတယ်။ ဖြစ်နိုင်ရင်တောင် အဲဒီဆန္ဒကို တကယ် လက်တွေ့ အကောင်အထည်ဖော်ချင်ရဲ့လားဆိုတာ ကိုယ့်ဘာသာ မသေချာပြန်ပါဘူး။ ကိုယ်ဟာ အရင်တုန်းကလိုပါပဲ။ ဘာကိုမှ မပြတ်သားဘူး။ ဒါပေမဲ့ အစွန်းတဘက်မှာ ရပ်တတ်တယ်။

ခုနောက်ပိုင်းနှစ်တွေမှာ ကိုယ့်အကြောင်းတွေကတော့ ဘာမှ မမယ်ရလှပါဘူး။ ကိုကို သိပြီးတဲ့အတိုင်း ဖြစ်မြောက်မယ်လို့ ကိုယ် မျှော်လင့်စီစဉ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခု ဖြစ်မြောက်မလာဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင် ရနိုင်ပေမယ့် ဒီတိုင်း ရပ်နေခဲ့မိတယ်။ ကိုယ်လိုချင်တဲ့ အနေအထား မရနိုင်ရင် မယူဘူးဆိုတဲ့ တယူသန်စိတ်နဲ့ပေါ့။ လောကမှာ တနည်းနည်းနဲ့ ဖြစ်မြောက်နိုင်တယ် ဆိုတိုင်းလည်း ကာယကံရှင်တွေအဖို့ အမျိုးမျိုးသော အကြောင်းတွေနဲ့ ရှေ့မဆက်ဘူးလို့ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်တွေ ရှိသေးတာပဲလို့ နားလည်စေလိုက်တဲ့ အဖြစ်ပါပဲ။ ကိုယ့် မချောမွေ့တဲ့ အတွင်းသဘောတွေကို တိုက်စားခံလိုက်ရတဲ့ အတွေ့အကြုံပါပဲ။

လမ်းဆုံလမ်းခွတွေ ရောက်ခဲ့ရင်တော့ ကိုကို့ဆီက ထင်မြင်ချက်တစ်ခုခုကို ကိုယ်တိုင် မသိလိုက်ဘဲ မှန်းဆကြည့်မိတတ်တယ်။ တလျှောက်လုံး ကိုကို တန်ဖိုးထားပြီး နှစ်မြုပ် ကြိုးစားနေတဲ့ အရာကို ကိုယ်က အပေါ်ယံ ပကာသနကိစ္စလိုသာ သတ်မှတ် ရယူချင်တဲ့ အတွေးအခေါ်မျိုး ရှိနေတုန်းပဲ။

နာခံလွယ်ခဲ၊ မေ့ပျောက်လွယ်ခဲ၊ မှတ်မိလွယ်ခဲလာပြီး ဒီနှစ်ပိုင်းတွေမှာ အိပ်မက်တွေလည်း မက်ခဲလာတယ်။ ဒါပေမဲ့ တခါတလေ ထင်ထင်ရှားရှား မက်မိတတ်တဲ့ အိပ်မက်တွေထဲက အဲဒီမြို့ကလေး၊ အဲဒီလမ်းကလေး၊ အဲဒီကောင်းကင်ရဲ့ အရိပ်အယောင် ရနံ့တွေနဲ့ အဲဒီတုန်းက စိတ်နှလုံးကိုပါ ရက်တော်တော်ကြာတဲ့ထိ ပြန်ခံစားလို့ ရနေတတ်တယ်။

အဲဒီအချိန်တွေတုန်းကတော့ မသိနိုင်ခဲ့ကြဘူး။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုဖို့ တွေ့ခဲ့ကြတာ မဟုတ်ဘူးဆိုတာကိုပေါ့။ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာစေတနာ မပျက်လည်းဘဲ ဘာကောင်းကျိုးမှ အပြန်အလှန် မပြုနိုင်ကြတော့ဘူး။ ဘာမှ မရည်ရွယ် မလုပ်ကိုင်ပါဘဲ တစ်ယောက်က တစ်ယောက်ကို ထိခိုက်စေတဲ့အကြောင်းသာ ဖြစ်နေခဲ့ရတယ်။

ဘာတတ်နိုင်မှာလဲ။ ဖန်လာတဲ့ အကြောင်းတွေပဲပေါ့။

ခုတော့ ဓါတ်ပုံတွေထဲမှာ ကိုကို ပြုံးနေတာကို ကြည့်ပြီး ငယ်ငယ်တုန်းကလိုပဲနော် လို့ ပြန်တွေးယူကြည့်နေမိတယ်။ ပြီးတော့ ခွေးကလေးပွေ့လျက်ပုံရယ်၊ ခွေးကလေးချည်းပဲ အနီးကပ်ရိုက်ထားတဲ့ပုံရယ် ကိုယ် သိမ်းထားလိုက်တယ်။ ဒါနဲ့ ဒီရောက်စတုန်းက ကိုကို့ dob ကို bank acct. password လုပ်ထားခဲ့ဖူးတယ်။

ပြန်စဉ်းစားကြည့်ရင် နှစ်ယောက်ကြားမှာ ဆုံ တွေ့ ဖြစ် ပျက် ခဲ့ရသမျှက ရှောင်လွှဲမရအောင် တိုက်ဆိုင်ခဲ့တဲ့ အကြောင်းတွေချည်းပဲ။ ဒီဘဝကို ဘယ်နှစ်ကြိမ်ပြန်စစ အဲဒီဖြစ်စဉ်တွေအတိုင်းသာ အတိအကျ လက်ခံရမှာပါ။

နောက်ထပ် ရှေ့ဆက်ဖို့ ကျန်သေးတဲ့ အချိန်တွေမှာလည်း အကြောင်းတိုက်ဆိုင် ရှောင်လွှဲလို့မရရင် ခဏလောက် ပြန်ဆုံကြတာပေါ့ ကိုကို။

Friday, September 30, 2011

cartoon by APK



အမှတ်မရှိကြဘူးလို့ ခံစားမိတုန်းက ရေးဆွဲဖြစ်ခဲ့တာ (APK)

***
ဆရာ အော်ပီကျယ် facebook page မှ ကူးယူ ဖော်ပြသည်။

သူတထူး ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည် ဆိုတာမှာ 'ကျေးဇူးသိတတ်ဖို့' လိုတဲ့ကိစ္စတွေထဲ ကိုယ့်ရပိုင်ခွင့် ကိုယ်ပြန်ရတဲ့ကိစ္စ မပါဘူး ထင်တယ်။

***

Thursday, September 29, 2011

Current Mood!

ကောင်းတဲ့သူ ဘယ်သူမှ မကျန်တော့လည်း အေးတာပဲ
lolz

အမှတ်တရ

အမှတ်တရ

ကိုယ့် စာအုပ်ဗီရိုရဲ့ အတွင်းဆုံးထောင့်မှာ...

သူ အမှတ်မထင် ရေးခြစ်လို့

အကြမ်းဖြစ်သွားတဲ့ စာရွက်တွေ...

Monday, September 26, 2011

အိပ်မက်

အိပ်မက်

ငါ့ ဆံနွယ်တွေကို မင်း ရှိုက်နမ်းခဲ့တယ် တဲ့

ညက အိပ်မက်ထဲ

ဒီနေ့မနက် နိုးအထမှာ
လက်ဖျားလေးနဲ့တောင် မ 'သ' ရက်တော့ဘူး။

Sunday, September 18, 2011

မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ မဂ္ဂဇင်း ဝတ္ထုတိုများ

မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ မဂ္ဂဇင်း ဝတ္ထုတိုများ

၁) လကလေး ဝါဝါ (Apr 1991, မြားနတ်မောင်)

၂) နှင်းမြူပင့်ကူအိမ် (Feb 1991, ပေဖူးလွှာ)

၃) ကြည်လင်သော ရေ (Jan 1995, ရွှေအမြုတေ)

၎) ရွှေပြည်အေးအိပ်မက် (အမှတ်-၅ 1990, ဒီရေစီးသံ)
၅) ချင်းတွင်းမြစ်ကမ်းပေါ်က ည (Sept 1995, ပိတောက်ပွင့်သစ်)

၆) ကြေးရည်သောက်တဲ့ ည (Apr 1996, ပန်းဝေသီ)

၇) ဃ နှင့် ဘ ကိုသောက်ခြင်း (July 2005, ရွှေအမြုတေ)

၈) မိုးကြိုးပြင် (Mar 2005, ရွှေအမြုတေ)
၉) လွမ်းပိုမှာ ချာချာလည် (Jan 2005, အင်ပါရာ)

***
ကြည်လင်သောရေ တစ်ပုဒ်ကလွဲလို့ ဘာမှ မဖတ်ဖူးသေးတဲ့ ဝတ္ထုတိုတွေ။
စာအုပ်ဝယ်တုန်းက သေချာမကြည့်ခဲ့ရဘူး။
2008 September ကတည်းက ထွက်နေတဲ့ စာအုပ်။

"... တိုက်တိုက်ဆိုင်ဆိုင် ဒီညမှာများ အမေ တရေးနိုးပြီး ကျွန်တော်သတိရနေသလိုပဲ ဟောဒီအချိန်မှာ သားကြီးကို သတိများရနေမလား။ အမေ့မှာလည်း ပြောစရာတွေ ပြည့်နေမှာပါ။ 'ငါ့မှာ သမီးမိန်းကလေး မရှိတော့ မင့်ပဲ မိန်းကလေးသဘောထား တိုင်ပင်ရမှာ' ဆိုပြီး အဖေနဲ့ အိမ်ထောင်ရေးကိစ္စ၊ မိသားစုကိစ္စ၊ အမျိုးသမီးကျန်းမာရေးကိစ္စတွေ ကျွန်တော်နဲ့ တိုင်ပင်နေကြမဟုတ်လား၊ ကျွန်တော် မရှိတော့ အမေ့ရင်ထဲ ပြည့်ကျပ်လို့ နေမှာပေါ့။

အမေနဲ့ စကားပြောချင်တယ်။ ..."

"...
တစ်လမ်းတည်းသော အဲဒီ ပေတစ်ဆယ် ကတ္တရာလမ်းကလေးပေါ်မှာပဲ တမာပန်းကလေးတွေဟာ ညဉ့်နက်မှ တိတ်တိတ်ကလေး မွှေးနေကြတာကို ကျွန်တော်တွေ့ရှိခဲ့တာပေါ့။ ဟော အဖေနဲ့ အမေကျတော့လည်း အဲဒီလမ်းကလေးပေါ်မှာပဲ ကိုယ်ပိုင်ထွက်ပေါက်ကလေးတွေ ရှိခဲ့ကြတာပဲ။ ..."

(
စာရေးကောင်းတဲ့လူတွေ ရေးတဲ့ စာကို ဖတ်ရရင်၊ တပြိုင်တည်း သူရေးတဲ့စာက ကိုယ့်ခံစားချက်ကို ထိမှန်နိုင်ခဲ့ရင်၊ အရိပ်အယောင်နဲ့ အရုပ်တွေ မြင်လာရတတ်တယ်။ ဒီထက်မကရင်တော့ ရနံ့တွေပါ ရလာတတ်တယ်။ ဒီစာပိုဒ်ကလေးကို ဖတ်ရတော့ အညာနွေညထဲက ပူပူနွေးနွေးလေထုရယ် လေအလာမှာ ဖုန်နံ့နဲ့ရောပါလာတတ်တဲ့ တမာပန်းနံ့လေးတွေကို ရှူမိတယ်။)

"... အမှန်တော့ အမေ ကျွန်တော်တို့ကို မိန်းကလေးတစ်ယောက်လောက် မွေးပေးဖို့ ကောင်းတယ်။ အခု ညီအစ်ကိုသုံးယောက်ဆိုတော့ အေးစက်စက် ဖွယ်တယ်တယ်နဲ့ပေါ့။..."

(ဘာဖြစ်လို့မှန်းမသိ။ သား ၃ ယောက် အိပ်မက်ရှိဖူးတယ်။ ဘယ်သူ့ကို အားကျလို့ရယ်လို့ မဟုတ်ဘဲ၊ ဘာမှန်းမသိဘဲ လိုချင်ခဲ့ဖူးတာ။ (ခုတော့ မရှိတော့ဘူး။) နောက် ကိုယ်သဘောတကျရှိတဲ့ လူအများစုမှာ တိုက်တိုက်ဆိုင်ဆိုင် သား ၃ ယောက်စီရှိတတ်ကြတယ်။

ဒါပေမဲ့ ခု သူတွေးတဲ့ထောင့်က တခါမှ မတွေးဖူးခဲ့ဘူး။)

(လကလေး ဝါဝါ)

***
"
မစံနဲ့ ကျွန်တော် နှစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကတော့ ကျယ်နေပြန်ပါပြီ။"

"You Go
I Stay
Two Atoms"

"You Love
I Love
Two Kisses"

(ကြည်လင်သော ရေ)

ရှေ့မှာ ရှင်ငြိမ်းမယ်ရဲ့ ကျွမ်းထိုးကောင်အိုင်ချင်းတစ်ပုဒ် ရွတ်တဲ့အပြ၊ နောက် အဲဒီ ဟိုက္ကုကဗျာနှစ်ပုဒ် တလှည့်စီရွတ်အပြီးမှာ ညှပ်ထည့် သရုပ်ဖော်ထားတဲ့ အဖြစ်အပျက်ကလေးက အတော်လှတယ်။

အဲဒီဝတ္ထုကို အွန်လိုင်းမှာ စဖတ်မိတော့ ဘာဖြစ်လို့ မကြိုက်မိပါလိမ့်။

***
"... မွန်းကျပ်ရှတတဲ့ အိပ်မက်တွေကို မြင်မက်ရဖန်များတော့ ကြည်လင်ရှင်းသန့်တဲ့ အိပ်မက်လေးကို တမ်းတမိပြီး ခါးသီးအက်ကွဲတဲ့အဖြစ်တွေ ခံစားရတော့ ချိုမြိန်ရှင်သန်ခဲ့ဖူးတဲ့အဖြစ်လေးတွေကို စိတ်ထဲက မြင်ယောင်တမ်းတနေမိတော့တာပါပဲလေ..."

"
... အိပ်မက်တစ်ခုပမာပါပဲ။ မနက်မိုးလင်းတော့ ဟိုးဘက်ညမှာ ကျန်ခဲ့ပြီ။

... ခါးသက်သော အရသာကို စားရတော့ ချိုမြိန်သော အရသာကို တမ်းတမိသလို စိတ်ပျက်မွန်းကျပ်တော့ လွတ်လပ်ပျော်မြူးရတဲ့အဖြစ်ကို တမ်းတမိသလို နှစ်သက်မြတ်နိုးသော အိပ်မက်တစ်ခုကို ပြန်လည်မြင်မက်ခွင့် ရဦးမည်ဆိုရင
်ဖြင့် ဟောဒီလို ဆောင်းချမ်းမြမြမှာ ရွှေပြည်အေး "တစ်ငါးလေး" ထဲကို ကွေးကွေးကလေး ဝင်ရောက်အိပ်စက်ချင်သေးသည်။ ..."

(ရွှေပြည်အေးအိပ်မက်)


စန္ဒယားချစ်ဆွေ သီချင်းတစ်ပုဒ်က စာသားတစ်ကြောင်းကို ကြားရတိုင်း၊ ကြားရတိုင်းမှာ စိတ်က အတိတ်တချိန်ကို ပြန်ပြေးတယ်။ ပြီးခဲ့တာတွေကို ပြန်ရချင်လို့ မဟုတ်ပါဘူး၊ ဘာမှ မသိမမြင်တတ်ခဲ့တဲ့ ရှင်းလင်းသန့်စင်မှုကို ပြန်တမ်းတမိရုံပါပဲ။ ဘယ်တော့မှလည်း ပြန်မရတော့ပါဘူး။ ပြန်ရရင်လည်း မယူလိုတော့ပါဘူး။ အရိပ်အယောင်တွေမျှသာ ပါပဲ။

***
'ဃ နှင့် ဘ ကို သောက်ခြင်း' ရဲ့ ဇာတ်ကောင် ၃ ယောက်ထဲက တစ်ယောက်ကတော့ ဃကြီးလို့ ငယ်နာမည်တွင်တဲ့ ဟယ်ရီလင်း ပါတဲ့။

'ကြေးရည်သောက်တဲ့ ည' တစ်ပုဒ်ရယ်၊ 2005 မှာ ရေးတဲ့ ဝတ္ထုတို ၃ ပုဒ်ရယ်ကတော့ ရွှေအမြုတေ ပုံစံခွက်ထဲက အတိုင်းပဲ။ နောက်ဆုံးတစ်ပုဒ်ကဆို ရွှေအမြုတေမှာ ပါတာမဟုတ်ဘဲနဲ့ကို ရွှေအမြုတေ ဆန်နေတော့တယ်။

***
ဒီစာအုပ်မှာပါတဲ့ ဦးဝင်းငြိမ်း အမှာစာလိုပဲ... သူ့ကို စာဆက်ရေးစေချင်မိတယ်။
ပုံစံတစ်ခုခုထဲကနေတော့ မဟုတ်ဘူး။
'လကလေး ဝါဝါ' လို၊
'နှင်းမြူပင့်ကူအိမ်' လို၊ 'ကြည်လင်သော ရေ' လို၊ 'ရွှေပြည်အေး အိပ်မက်' လို...
ကိုယ်ပိုင်အတွေးနဲ့ အက်ဆေးဆန်လေ ကောင်းလေပဲ။

***

Sunday, September 11, 2011

ကေဖွဲ့ဆိုသီ နိဒါန်းအမှာစာ

ကြည်အေး စာတွေကို စဖတ်မိတော့ အတော်စောသေးတယ်။ အားမာန်သစ်က ပြန်ထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် အိမ်မှာရှိနေတော့ အလယ်တန်းလောက်မှာ ဖတ်ဖြစ်ခဲ့တာ။ အဲဒီအရွယ်က တချို့တလေကို နားလည်တယ်လို့ ထင်ခဲ့တယ်ဆိုရင်တောင် တကယ်နားလည်ခဲ့တာတော့ မဟုတ်ဘူးဆိုတာ ခုမှ ပြန်နားလည်လာတယ်။

ကေဖွဲ့ဆိုသီ ကို ၁၀ တန်းဖြေပြီးနောက်ပိုင်း အညာပြန်နေဖြစ်တဲ့ ၃/၄ လအတွင်းမှာ အိမ်နားက စာအုပ်ဆိုင်တဆိုင်ကနေ ငှားဖတ်ခဲ့ဖြစ်တယ်။ ပြန်စဉ်းစားရင် အဲဒါ အညာက ထွက်လာပြီးနောက်ပိုင်း အကြာဆုံး ပြန်နေဖြစ်တဲ့ ကာလပဲပေါ့။ အိမ်နားက စာအုပ်ငှားဆိုင်ပိုင်ရှင်ဆီမှာ စီးပွားဖြစ် ဘတ်ဆဲလားစာအုပ်တွေတင်မကဘဲ စာအုပ်ဟောင်းတွေပါ အများကြီး စုပြီးဆောင်းပြီး ရှိတယ်။ လာငှားတဲ့ လူတွေရဲ့ အရိပ်အခြေကို ကြည့်ပြီး သူက သူ့စာအုပ်ဟောင်းတွေ ထုတ်ပေးတတ်တယ်။

မှတ်မှတ်ရရ စီနီယာတစ်ယောက်က လှမ်းတိုက်တွန်းလို့ တက္ကသိုလ်ဘုန်းနိုင်တွေ ဖတ်ဖြစ်ခဲ့တာလည်း အဲဒီဆိုင်ကပဲ။ မှန်တာပြောရရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အဲဒီအချိန်ကျမှပဲ 'အမှတ်တရ' ကိုလည်း ဖတ်ဖူးတယ်။

'ကေဖွဲ့ဆိုသီ' နဲ့ 'မေတ္တာမီးအိမ်' ကိုလည်း အဲဒီစာအုပ်ဆိုင်ပိုင်ရှင် ညွှန်းပေးတာနဲ့ ဖတ်ဖြစ်တယ်။ အဲဒီတုန်းက ကြည်အေးကို သိပ်မခံစားတတ်ဘူး။ ဒါပေမဲ့ နောက် ရန်ကုန်ပြန်ရောက်တော့ 'နွမ်းလျအိမ်ပြန်' ကို ဝယ်ဖတ်ဖြစ်တယ် (ငှားစရာဆိုင် မရှိတော့လို့)။ အဲဒီထိလည်း ကြည်အေး စာတွေကို ကိုယ်ကြိုက်တဲ့စာလို့ မထင်မိသေးဘူး။

2000 လောက်မှာ 'ဖူးငုံပွင့်သစ်' ကို ကျောင်းစာကြည့်တိုက်မှာ ဖတ်ခဲ့ရတယ်။ ဘာကြောင့်မှန်းတော့မသိ၊ အိမ်ကို မငှားဘဲ အခန်းထဲမှာတင် ထိုင်ဖတ်ခဲ့တာ မှတ်မိနေတယ်။ ကျောင်းမပြီးခင်လေးမှာတော့ 'မှန်၏မှောင်ရိပ်' နဲ့ ကျောင်းပြီးတော့ 'အိမ်ဖြူလင်းသစ်' ဖတ်ဖြစ်တယ်။ (ဒီနှစ်ပြန်တော့ အဲဒီနှစ်အုပ် တပေါင်းတည်း ပြန်ထုတ်တာ တွေ့ခဲ့တယ်)။ နောက်ပိုင်း မီ၊ ကျွန်မပညာသည်၊ မောင် ကိုကို နဲ့ မြနန္ဒာ၊ အပြင်ကလူ၊ ဝတ္ထုတို ပေါင်းချုပ် စသဖြင့်...။ (ကဗျာတွေတော့ မဖတ်)


သူ့စာတွေက ကိုယ့်အတွက်တော့ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ စွဲလာခဲ့တာတွေ။ အဲဒီထဲမှာ ခုချိန်ထိ မစွဲမိတာကတော့ 'ကေဖွဲ့ဆိုသီ' နဲ့ 'အပြင်ကလူ'။ ဒါပေမဲ့ ဒီနှစ်ပြန်တော့ ကေဖွဲ့ဆိုသီ ကို ပြန်ဖတ်ချင်တာနဲ့ ကိုယ်ပိုင်လည်း မရှိသေးတော့ ဝယ်လာခဲ့တယ်။

အရင်ကတော့ စာအုပ်ဝယ်မယ်ဆို ချိန်နေရတယ်။ ဗမာပြည်ကလူတွေ စာ ဖတ် မဖတ်တော့ မသိဘူး။ တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လို့ အိမ်အသုံးအဆောင် (တီဗွီ/အောက်စက် စသဖြင့်) တွေ လူများစု လက်လှမ်းမီလောက်တဲ့ထိ ဈေးကျတဲ့ အခိုက်အတန့်တွေ ရှိတောင်မှ ကိုယ့်အတွေ့အကြုံအရ စာအုပ်ဈေးတွေဟာ ဘယ်တုန်းကမှ မကျခဲ့ဖူးဘူး။ မကျရုံတင်မဟုတ်ဘူး တန့်ကို မနေဘဲ အမြဲတစေကို တက်နေတတ်တာ။

... ဆိုတော့ လက်ထဲ ရှိတဲ့ ပိုက်ဆံနဲ့ လိုချင်တာနဲ့ မမျှရင် ပြန်ချထားပြီး၊ နောက် ကြုံတော့မှလို့ လုပ်ခဲ့ရတာတွေ ရှိတယ်။ တချို့စာအုပ်တွေဆို စာအုပ်ဆိုင်မှာ မြင်နေရချိန် ဦးစားပေးစာရင်းထဲ တခြားစာအုပ်တွေ ဝင်သွားလို့ မဝယ်နိုင်သေးဘူး။ ဝယ်မယ်လုပ်ရင် ဆိုင်မှာ မရှိတော့ဘူးဆိုတာမျိုး တအုပ်တည်းနဲ့ကို ၄/၅ ခါလောက် ကြုံလာရဖူးတယ်။


ဂျူး ဝတ္ထုဇာတ်လမ်းတွေကို feminism စကားလုံးနဲ့တွဲလို့ သူများတွေက ပြောကြရင် မျက်မှောင်ကျုံ့မိတဲ့ ကိုယ့်အနေနဲ့ ကြည်အေးရဲ့ ကေဖွဲ့ဆိုသီ ထဲက ကေ့ မေမေအကြောင်း တစွန်းတစအရေးအသားကိုတော့ ခုချိန်ထိ မှတ်မိနေတုန်းပဲ။ တကယ်တော့ ဂျူး ဝတ္ထုစာအုပ်တွေ ဖတ်ရတဲ့အခါ ကိုယ့် အာရုံကိုက အဲဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး မပါးလျားလို့ သာမန်မျှသာမြင်နေတာလည်း ဖြစ်နိုင်တယ်။ ဂျူး ဝတ္ထုတွေကို အဲဒီခေါင်းစဉ်နဲ့ တွဲပြီးတော့ကို မြင်လို့ မရတာ။ အဲဒီခေါင်းစဉ်ဟာ ဝင်းဝင်းလတ်တို့ ရေးတဲ့စာ၊ ကြည်အေးတို့ ရေးတဲ့စာတွေ ဖတ်မှသာ ကိုယ့်အတွက် သိလွယ် မြင်လွယ်ဖြစ်နေတာ ဖြစ်နိုင်တယ်။

(မှတ်ချက်။ ကိုယ်ကတော့ ဘယ်တော့မှ အဲဒီခေါင်းစဉ်အောက် ရောက်မယ်မထင်ဘူး။)


***
အမှန်တော့ ရေးမလို့ ရည်ရွယ်တာ အပေါ်ကဟာတွေ မဟုတ်ဘူး။

ခုမှ စာအုပ်အစက 'ဖူးငုံပွင့်သစ်' အတွက် စာရေးသူ အမှာတောင် ပြီးအောင် မဖတ်ရသေးဘူး။
သူ ကလောင်အမည် စယူပုံထိပဲ ရှိသေးတယ်။ အဲဒါကို ဖတ်ပြီး ရေးချင်လာမိတာ။ အမှာစာက သူ့အစ်ကိုကြီးကြောင့် တက္ကသိုလ်ရောက်လာရပုံအကြောင်း မှတ်မိနေပေမယ့် သူ့ကလောင် အမည်ယူခဲ့ပုံကိုတော့ မမှတ်မိတော့ဘူး။

'ကြည်အေး' ဆိုတဲ့နာမည်ဟာ သူ့အစ်ကို သူငယ်ချင်းဖြစ်သူ ဂျပန်တော်လှန်ရေးမှာ ကျသွားသူရဲ့ ငယ်နာမည်ကို ယူထားတယ် ဆိုတယ်။

"... အစ်ကိုကြီးသူငယ်ချင်း ဗကြည်ကို ဂျပန်တို့လိုက်ဖမ်းရာမှာ မိအောင် လက်ရ မဖမ်းဘဲ သူ ခိုအောင်းနေသော ဂူတွင်းကို လက်ပစ်ဗုံးသွင်းပြီး သတ်လိုက်သည်လို့ အစ်ကိုကြီးက ပြောပါသည်။ 'အဲဒီကောင်သေတော့ သူ့ရှပ်အင်္ကျီထဲက ရည်းစားစာတွေ တထပ်ကြီး ထွက်ကျလာတယ်တဲ့' ဟု အစ်ကိုကြီးက ပြောပြပါ၏။"

('မီ' ဝတ္ထုမှာ မောင်ကိုလေး တိုက်ပွဲကျတဲ့အကြောင်းရေးတော့ ထည့်ရေးခဲ့တဲ့ အကွက်ဟာ အဲဒီအစွဲအလမ်းကနေ ဖြစ်မှာပဲ။ စာရေးသူတွေဟာ သူတို့ ဘဝမှာ ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို စာထဲမှာ ပြန်ပြန် ထည့်ရေးပြီး ကျော်လွှားဖို့ ကြိုးစားကြတာဟာ တကယ်ပဲလား)


"ကျွန်မ၏ ငယ်ရွယ်သေးသော သညာမှာ ထိုသတင်းသည် ဖျက်မရသော မင်ဖြင့် ထွင်းနှိပ်လိုက်သလို စွဲမြဲခဲ့၏။ သေသည်အထိ ရည်းစားစာများ ရင်မှာအပ်ခဲ့သော၊ အသက် ၂၀ ကျော်မျှ ရှိသေးသော၊ ဖက်ဆစ်ဂျပန်ကို တော်လှန်သော၊ မျိုးချစ်စိတ် ရှိသော၊ အသက်စွန့်ခဲ့သော၊ ခုတော့ ဘယ်သူမှ သတိရတော့မယ်မဟုတ် အရိုးကျခဲ့ပြီ ထင်ရသော အစ်ကိုကြီးရဲ့ သူငယ်ချင်း၊ ကျွန်မနဲ့ စကားကောင်းကောင်းမပြောဖူးခဲ့သော ကိုဗကြည်၏ ပုံမနှိပ်ခဲ့ဖူးသော ကလောင်နာမည်ကို ကျွန်မ အမွေခံဖို့ ဆုံးဖြတ်လိုက်ပါသည်။ မပျောက်ပျက်ကောင်းဘူး လို့ ထင်ခဲ့၏"

***
ဘယ်လောက်ကောင်းလိုက်တဲ့ တသသ ပြန်ပြောချင်စရာ နာမည်ရွေးပုံပါလိမ့်။ တိုက်တန်းနစ်ထဲမှာ အဘွားရို့စ် ပြောသွားတဲ့

"
အညတရ ပန်းချီဆရာကလေးတစ်ယောက်...
သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။
" ဆိုတာလေးတောင် သတိရမိတယ်။

အဲဒီမှာလည်း ရို့စ် အကယ်ခံရပြီး တဘက်ကမ်းပေါ်ရောက်တော့ လူနာမည်စာရင်းလာကောက်တဲ့သူကို သူ့နာမည်နောက်မှာ Dawson ဆိုတဲ့ Jack ရဲ့ surname ထည့်ပြီး ပြောခဲ့တယ်။


***
ကိုယ်လည်းပဲ သူ့နာမည်လေး တလုံးတလေမှ အမှတ်တရရယ်လို့ မထည့်ခဲ့မိ။ အေးလေ လူရှိနေသေးတာပဲ။

***
ဖြည့်စွက် (12.9.2011 Mon 9:50 am) 


ဗမာပြည်မှာတုန်းက ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ပြောတာဆိုတာ ကြားရရင် မြန်မာအမျိုးသမီးများဟာ အနောက်နိုင်ငံက အမျိုးသမီးများလို လက်ထပ်ပြီးတာနဲ့ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံစရာမလို ဆိုတဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်တဲ့ စကားမျိုး အမြဲတမ်းကြားရတတ်တယ်။ အဲဒီတုန်းကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကိစ္စတွေကို အလကားနေရင်း ဆွဲထည့်နေတယ်ဆိုတာထက် ပိုပြီး ဘာမှ ဆက်မတွေးမိဘူး။

ခုမှ စဉ်းစားမိတယ်။
နောက်ပိုင်းမှာတော့ ထုံးစံဖြစ်သွားလို့ အစဉ်အလာအရ ခင်ပွန်းဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ဆက်ခံကြတာ ဖြစ်ပေမယ့် အဲဒီ အစဉ်အလာရဲ့ အစဦးမှာတော့ ချစ်ခင်တွယ်တာမှုနဲ့ အမြတ်တနိုးထည့်ခဲ့ကြတာသာ ဖြစ်မယ်။

***

Sunday, August 21, 2011

စိတ်ကူးများနဲ့ ကျွန်မ



စိတ်ကူးများနဲ့ ကျွန်မ (ဆို - Sweety, ရေး - ကိုအောင်)

ကျွန်မရဲ့ ရင်ခုန်သံတွေကို ရှင်က ကြားမှ ကြားရဲ့လား
ကျွန်မ ချစ်နေတာတွေကိုလေ ရှင်က မသိသလိုပါ
ဒီ မျက်ဝန်းများနဲ့ ရှင် ပြုစားထားတော့
အို ရှက်သွေးလေးများ ဖြာ

ညအိပ်ရာဝင်ရင် ရှင် မာယာတွေနဲ့ အိပ်မက်ထဲကိုလာ
ကျွန်မ ဖြစ်ချင်တာတွေကိုလေ ရှင်က ပေးနိုင်မလား
ဒီ နှောင်ကြိုးများနဲ့ ရှင် ဖန်ဆင်းထားတဲ့
အို အိပ်မက်ထဲက ကျွန်မ

♫♪
ချစ်လား ♫♪ ♫♪ ဒီလို မေးခွန်းလေးတွေ ဖြေစမ်းပါ ♫♪
♫♪ ချစ်လား ♫♪ ♫♪ ယုံကြည်ခြင်းနဲ့ ပန်းတွေ ပွင့်ဆဲပါ ♫♪

ဒီ စိတ်ကူးများနဲ့ အတူ မျှော်လင့်ထားတဲ့
အို ရှင်နဲ့ ကျွန်မရဲ့ ဘဝ

***
Sweety (
ပြန်ဆုံမယ့်ညနေ အတွဲခွေထဲက အဆိုတော်) ရဲ့ တကိုယ်တော်အခွေက သီချင်း။
series title ကလည်း အဲဒီသီချင်းပဲ။ ပြောသာပြောနေတယ်။ အဲဒီနှစ်ခွေလုံး သေချာမသိဘူး။ အဲဒီအချိန်မှာ သီချင်းတွေကို အာရုံမရောက်တော့ သေချာနားမထောင်တော့ဘူး။ ဟိုကကြား ဒီကကြားနဲ့ သိနေ ကြားဖူးနေရုံလောက်ပဲ။

အဲဒီ သီချင်းလေးတော့ သူ့တကိုယ်တော်အခွေ ထွက်စ city FM မှာ ခဏခဏ လွှင့်တာ ကြားဖူးနေတယ်၊ နောက် mrtv မှာလား mwd မှာလားလည်း လွှင့်တာ ကြုံဖူးတယ်။ လိုချင်နေတာ ကြာလှပြီ။ tv မှာတော့ တေးရေးကို ထူးအိမ်သင် လို့ ရေးထားသလားလို့ပဲ။ ခုတော့ ကိုအောင်လို့ ရေးထားတယ်။ ကြယ်တွေစုံတဲ့ ည ကို ရေးတဲ့ ကိုအောင်။ အဲဒါ ထူးအိမ်သင် ညီများလား မသိ။

အမျိုးသားတေးရေးဆရာများ မိန်းမနောက်ပိုးသီချင်းရေးရင် အတော်ပီပြင်တာပဲ။ အငဲ လည်း တူတူပဲ။

(( အေးမြတ်သူလည်း ကြည့်ရင်း ကြည့်ရင်း အတော်ကို လှလာတယ်။
သူ့မှာ လှတာအပြင် ချစ်ခင်နှစ်လိုစရာ မြူးမြူးကြွကြွနဲ့ ဆွဲဆောင်နိုင်တဲ့ ဓါတ်ခံရှိတယ်။ ခိုင်သင်းကြည် တို့လို။ အဲဒါ လှတိုင်း မိုက်တိုင်းလည်း မရှိဘူး။ နန္ဒာလှိုင်ဆို တော်တော်လှတယ် ဆိုနိုင်ပေမယ့် အဲဒီဓါတ်ခံမျိုးမရှိဘူး ထင်တာပဲ။ မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ သီချင်းကြောင်းက ဘယ်ရောက်သွားတယ်မသိ။ (ဤကား စကားချပ်) ))

***

Friday, August 19, 2011

ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

ဆရာမရဲ့ အရင် အညာဝတ္ထုတွေကို သေချာ ဖတ်ထားဖူးပြီး၊ ဒီစာအုပ်မှာ စာရေးဆရာ နာမည်သာ ထည့်မရေးထားဘူးဆိုရင်တော့ ဆရာမရေးထားတာလို့ ထင်စရာမရှိလောက်တဲ့ ဝတ္ထုမျိုးပါပဲ။ အညာဓလေ့ ရွာဓလေ့ရေးတုန်းကနဲ့ အကြောင်းအရာရော၊ အရေးအသားပါ ကွဲပြားတယ်လို့ ခံစားမိတယ်။

'80 ပတ်ဝန်းကျင် မန္တလေးဒေသကောလိပ်ကာလတွေ အကြောင်းကတော့ (အဓိက ဇာတ်ကောင်နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုတော့ သွယ်ဝိုက်ကွေ့ပတ်ရေးထားတဲ့တိုင်အောင်) သွက်လက်ပွင့်လင်းပြီး စွဲမက်စရာပါပဲ။ မြင်းခြံသူ မြင်းခြံသားတစ်စုကို အဓိက ထားပြီး တခြား မန်းလေးနယ်တဝိုက်က ကျောင်းသား/သူ တက္ကသိုလ်တက်ဖက်တွေအကြောင်း ရေးထားတာ တကယ်ကျင်လည်ခဲ့ရတဲ့ အညာသူ စာရေးဆရာမမျိုးသာ တတ်နိုင်မယ့် ကိစ္စပါပဲ။ အဓိကဇာတ်ကောင် သီရိမေရဲ့ စိတ်နှလုံးကို ရေးသွားတာ အထူးသဖြင့် သဘောကျမိတယ်။

'90 ပတ်ဝန်းကျင် သီရိမေ ကျောင်းပြီးလို့ ဇာတ်လမ်း တဆစ်ချိုးကတော့ အတော် လေးပင်တယ်။ ဇာတ်သိမ်းခါနီးမှာတော့ တခါပြန် ဆွဲဆောင်ပြန်တယ်။

ဒီဝတ္ထုက ဆရာမတကယ် ကျင်လည်ခဲ့ဖူးတဲ့ အညာတက္ကသိုလ်ဝန်းကျင်အကြောင်း ဆိုတာအပြင် အချစ်ဇာတ်လမ်းကလည်း တကယ့်ဇာတ်လမ်းကို အခြေခံရေးတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ 10 နှစ်ကျော်လောက်ကသာ ဖတ်ရမယ်ဆိုရင် လက်ခံဖို့ ခဲယဉ်းမယ့် အချစ်ဇာတ်လမ်းမျိုးပါပဲ။

'အောင်နဲ့ မေ' ကို အောင် ဗမာပြည်က မထွက်ခင် ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီး၊ နောက် အောင် ဟိုကိုရောက်မှ ဇာတ်လမ်းထဲကအတိုင်း ဆက်သွား၊ မေလည်း ဗမာပြည်မှာ ဇာတ်လမ်းထဲကအတိုင်း ဆက်ဖြစ် ပျက် ပြောင်း လဲ၊ အောင့်ဘက်က အခြေအနေတချို့ ပြောင်းလဲသွားတဲ့အခါကျမှ ဇာတ်လမ်းထဲကအတိုင်း ကျန်တဲ့အပိုင်းတွေ ဒီတိုင်းဆက်သွား။ ဒါဆိုလည်း ဖြစ်တာပဲ။ အောင်နဲ့ မေရဲ့ ပတ်သတ်မှုကို တမင်ကြီး ကွေ့ထားသလို မဖြစ်တော့ဘူးပေါ့ လို့ တွေးမိတယ်။ ကိုယ် ဖြစ်ချင်တာပါ။ "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" တုန်းက ဇာတ်သိမ်းပိုင်းကို ပြောင်းပစ်ချင်ခဲ့မိသလိုမျိုး။

ဖတ်နေတုန်းရော ဖတ်ပြီးသွားတဲ့ထိရော ကျေနပ်နေမိတဲ့ စာတစ်အုပ်ပါပဲ။ အဲဒီခေတ်အခါက အညာတက္ကသိုလ်တစ်ခုအကြောင်း တစိတ်တပိုင်းမှတ်တမ်းဆိုတာနဲ့တင် ဆရာမခင်ခင်ထူး ဒီဝတ္ထုကို ရေးဖြစ်တာ ကျေနပ်စရာကောင်းနေပြီ။

***
စာအုပ်ပြီးတော့ စင်ရော်မောင်မောင်ရဲ့ facebook မှာ 'ပန်းကြာ...' ရိုက်ကွင်းပုံတွေ သွားကြည့်မိတယ်။ သီရိမေ ကို သက်မွန်မြင့် မှန်းသိပေမယ့်၊ အောင် နေရာမှာ ဘယ်သူဆိုတာကို မမှတ်မိတော့ဘူး။ နိုင်းနိုင်း ဆိုတော့ နည်းနည်း စိတ်ညစ်မိတယ်။ အောင် နဲ့ နိုင်းနိုင်းနဲ့ မလိုက်ဘူး။ နန်းညီ က အောင်နဲ့ နိုင်းနိုင်း တူတာရှိတယ်။ အေးအေးသက်သာ မျက်နှာထား လို့ ဆိုပေမယ့် ကိုယ်ကျ မကြိုက်လို့လားမသိ၊ အသက်မပါတဲ့ မျက်နှာထားလို့ပဲ ထင်မိတယ်။

အောင်ရဲ့ နူးညံ့ရှင်သန်တဲ့ စိတ်နှလုံးမျိုး၊ မြန်မာစာပေနဲ့ အနုပညာကို ချစ်ခင်လိုက်စားတဲ့ ဓလေ့စရိုက်မျိုး၊ သူ့ဘဝမှန်ကို လျှို့ဝှက်လွန်းတယ် မဆိုသာပေမယ့် လှစ်ပြရခက်တဲ့ အခြေအနေမျိုးနဲ့ ကိုယ်ပိုင်ဘဝထဲက အရာတော်တော်များများကို လက်ခံသိမ်းဆည်းခဲ့ရတဲ့ မျက်နှာထားမျိုး မြန်မာပြည်က ဘယ် အမျိုးသားသရုပ်ဆောင်ဆီမှာများ ရှိနိုင်မှာပါလိမ့်။

မေ နေရာမှာ သက်မွန်မြင့် ဆိုတာတော့ သိပ် မှန်းမရဘူး။ သူ့ရုပ်ရည်သွင်ပြင်လေးကိုတော့ စပေါ်စကတည်းက ကြိုက်မိတယ်။ သရုပ်ဆောင်ပိုင်းတော့ မကြည့်မိတော့ မသိဘူး။ ရုပ်ရည်ရူပကာအတိအကျက ယေဘုယျအညာသူတွေနဲ့ မတူဘူး ဆိုရင်တောင် သူ့မျက်နှာရဲ့ သွင်ပြင်ရောင်ဝါကတော့ တည်ကြည်ငြိမ်သက်တဲ့ ပျော်ရွှင်ရဲရင့်တတ်တဲ့ မြင်းခြံသူကလေးနဲ့ ကွာခြားမယ် မထင်မိဘူး။

ရိုက်ကွင်းပုံတွေထဲမှာ ကျောင်းသူဘဝ အဝတ်အစားလေးတွေကြည့်ရတာတော့ အတော် သဘောကျမိတယ်။ ဘယ်လိုမှတော့ '80 ပတ်ဝန်းကျင် မန်းလေးမှာ ကျောင်းလာတက်တဲ့ ဆရာမခင်ခင်ထူးတို့ရဲ့ အညာတက္ကသိုလ်ကျောင်းသူ ဝတ်စားဆင်ယဉ်မှုမျိုး ထပ်တူ မဖြစ်နိုင်ပေမယ့် မြန်မာကားတွေအနေနဲ့တော့ အတော်လေး ဂရုစိုက်ဝတ်စားထားမှန်း သိသာတယ်။ အညာပုံစံ ချည်ထည်ထမီကလေးတွေနဲ့။


စင်ရော်မောင်မောင်ကိုတော့ အညာနဲ့ ရှမ်းပြည်ပတ်ဝန်းကျင် ရှုခင်းလှလှ ရိုက်ချက်ကောင်းကောင်း ကြည့်ရမယ်ဆိုတာကလွဲလို့ မလွမ်းလောက်ဘူး ထင်မိတယ်။ တော်ကြာ မဆီမဆိုင် ပေါ်လစီတွေပါ ကောက်ထည့်ချင် ထည့်နေဦးမလားတောင် စိတ်ပူမိတယ်။

***
from facebook -

Me : ညက အပြီး ဖတ်လိုက်တယ်။ အနှစ် 20 ဆိုတာတော့ ဆရာမရယ် တော်တော်ရက်စက်တယ်။ လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ဖတ်ရရင် လက်ခံနိုင်မှာ မဟုတ်ဘူး။

P: ဘာစာအုပ်

Me: ခင်ခင်ထူး ပန်းကြာဝတ်မှုန် ပေါက်။ 80 ဝန်းကျင် မန်းလေးတက္ကသိုလ်နောက်ခံ ဇာတ်လမ်း။ သူရေးနေကျ အညာဝတ္ထုတွေနဲ့ အတော်ကွဲပြားတယ်။

NN: ပန်းကြာဝတ်မှုံ

Me: စကားမစပ် "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" (THE CLASS) ဖတ်ရတာ အတော်ကြိုက်ပါတယ်။ ကောင်းလည်းကောင်းတယ်။ ဘာမှပြောစရာမရှိ။ တစ်ခုပဲ။ ဇာတ်ကောင်တွေနဲ့ တက္ကသိုလ်ကို ယှဉ်တွဲပြီး မခံစားရဘူး။ သူတို့အကြောင်းဖတ်ရတာ တက္ကသိုလ် ကပ်ပြီး ပါမလာဘူး။

နောက်ပိုင်း ငွေရတုပွဲမှာလည်း တက္ကသိုလ်ကို သူတို့နဲ့ အတူတူ လိုက်မလွမ်းဘူး။ တယောက်ချင်းစီရဲ့ ငယ်ငယ်တုန်းကအတိတ် ဆိုတာလေးတွေတော့ လိုက်လွမ်းလို့ရတယ်။ ခေါင်းစဉ်နဲ့ ဇာတ်ကို ချိတ်ဆက်လို့ကို မရတာ။

ကိုယ်နဲ့မရင်းနှီးတဲ့ တက္ကသိုလ်အသိုင်းအဝိုင်းမို့လို့ ပြောရင် ရပေမယ့်... စာရေးဆရာကလည်း တက္ကသိုလ်ဘဝကိုထက် ဇာတ်ကောင်ကျောင်းသားတွေရဲ့ ဘဝကို အထူးပြုရေးလို့လား မသိဘူး။ စိတ်ထင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တခေါက်လောက် ပြန်ဖတ်ဦးမယ်။ ၂ ဗားရှင်းလုံးကို။

ပန်းကြာဝတ်မှုန် ကတော့ အားလုံးပါတယ်။ တက္ကသိုလ်ရော အဆောင်ရော လူတွေရော ဘဝတွေရော။

ဆရာမခင်ခင်ထူးက သူ့ဝတ္ထုကို 'လွမ်းမောခဲ့ရသော...' လွှမ်းမိုးမှုတွေ ပါတယ် ဆိုလို့...

P: မနှစ်က ဖတ်ပြီးး..မေ့နေ.

AC: မအိမ်ကံ ကော ဘတ်ပြီးပလား ထူးခြားတာပဲ ပန်းကြာ တော့ပိုကြိုက်တယ် ဇာတ်ကတော့ အေးတယ် အောင့် ကိုလဲ အားမရဘူး မင်းသမီးကိုတော့ ပြောမနေနဲ့တော့

NN: မအိမ်ကံ ဖတ်လက်စ.. မိုက်တယ်..မသိတာတွေ များကြီး သိရ.. တော့ဓလေ့ မြန်မာဓလေ့ blah blah blah ပေါ့ဗျာ

AC: တခါတခါ တော မှာ ကလေးတွေ ကို ကျောင်းဆရာ သွားလုပ်ချင်တယ်

Me: မအိမ်ကံကို မဂ္ဂဇင်းမှာပါတုန်းက နဲနဲတော့ ဖတ်မိတယ်။ နောက်တော့ မမျှော်ချင်တာနဲ့ အခန်းဆက် မဖတ်တော့တာ။ ပန်းကြာက အဲဒီအရင်ဟာတွေနဲ့ အတော်ကိုကွဲတယ်။ ဇာတ်ကတော့ အေးသလားမမေးနဲ့ ရေခဲတုံး။ အဲလိုဇာတ်မျိုး တိုက်တိုက်ဆိုင်ဆိုင် ဖတ်ချင်နေတုန်းမှာမို့ အရသာခံလို့ရတာ။

အညာသူတွေကို အညာသူနဲ့တူအောင် ရေးနိုင်တယ်။ စိတ်မှန်းနဲ့ထင်ကြတဲ့ ခေါက်ရိုးကျိုး အညာသူဇာတ်ရုပ်မဟုတ်ဘူး။ အောင့်ကို ဟင်းရည်တိုက်ခိုင်းတဲ့ ဇာတ်ကွက်မျိုးက အဲဒါ (အဲဒီဝတ္ထုထဲက သီရိမေ လို စိတ်နှလုံးမျိုးနဲ့) တကယ့် အညာသူမှ လုပ်နိုင်မယ့် ရေးနိုင်မယ့် အကွက်ပဲ။ BRAVO!

P: ပန်းကြာ ဇာတ်လမ်း နဲနဲ စပေးကြည့်ပါ

Me: မန်းလေးတက္ကသိုလ်မှာ တွေ့ကြတဲ့ မြင်းခြံသူလေးနဲ့ ရှမ်းစော်ဘွားရဲ့ မြေး ယောက်ျားလေး ဇာတ်လမ်းလေ ပေါက်။

AC: တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ ဂျီဟောသူ ကိုလဲကြိုက်တာပဲ နောက် ဇဝန ရဲ့ တက္ကသိုလ်ကျောင်းသား သူ့တော့ သိပ်ခံစားလို့ မရ ခေတ်ကွာလို့လား မသိ

AP: အောင် ဆိုတဲ့ နာမည်ဟာ သီးသန့်သူတစ်ယောက် မဟုတ်ပဲ လူတိုင်းက တစွတ်စွတ် ခေါ်နေရင် အင်မတန် မုန်းဖို့ကောင်းတဲ့ နာမည် .. ( ထုံးစံ ဘာမှတော့ မဆိုင်ပါဘူး ... )

ZMS: ဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ရသေးတဲ့ စာတစ်အုပ်ပဲ။ ရေကန်သာ ကြာတိုင်းအေးကိုတော့ မှာဖြစ်ပြီး အဲဒါ ကျန်သွားတယ်။ တက္ကသိုလ်နောက်ခံမို့ စိတ်ဝင်စားတာလည်း ပါတယ်။ ကိုယ့်အမြင်တော့ ... “လွမ်းမောရသော....” ခေါင်းစဉ်ထက်စာရင် မူရင်း “The Class" ခေါင်းစဉ်နဲ့ ပိုချိတ်မိတယ် ထင်တာပဲ။ တက္ကသိုလ်အကြောင်းထက် The Class အောက်က ကျောင်းသားတစ်စုရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးဖွဲ့ထားတယ်လို့ မြင်မိတယ်။ (I like this comment!)

***
Me: ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ဖတ်တုန်းက ပန်းချီကားတွေအကြောင်း ထည့်သွားတာ ညွှတ်နူးစရာလို့ မထင်မိဘူး (ဂျူးကို အဲဒီကစလို့ ခံစားမှုနဲ့ ကြိုက်မရတော့တာ)။ ခု "ပန်းကြာဝတ်မှုံ" မှာ ကဗျာတွေ ညှပ်ထည့်သွားတော့ ညွှတ်နူးစရာပဲ။ တမူကွဲတဲ့ စာအုပ်။ ခင်ခင်ထူး နောက်တစ်ယောက်လိုလိုပဲ။

AP: ဟုတ်ပ ကြည်အေးတွေလည်း အကုန်... ။ တစ်ခုရှိတာက ပါလ်ကလီးတို့ ဖရီဒါခါလို တို့ထက်စာရင် ကြည်အေးတို့ ဇော်ဂျီတို့က ကိုယ်နဲ့ ပိုရင်းတာပါမယ် .. ၊ ဇော်ဂျီကဗျာမှာတောင် တစ်ပုဒ်ကျန်ခဲ့တယ် ဒုကြိမ်မို့ ပြန်ထည့်ရင်တော့ မသိ .. ။

Me: အဲဒါလည်းတစ်ကြောင်း။ ပြီးတော့ ဇာတ်ကောင်စရိုက်တွေပေါ် ခံစားလို့ ရတာ မရတာလည်း တစ်ကြောင်း (ထင်တယ်)။ အများအားဖြင့် ကဗျာလည်း လျှမ်းဖတ်ပစ်မိတတ်တယ်။

NN: နေသန်ကို မြင်ကပ်ကပ်နဲ့ သဘောကျပြီး.. အောင့်ကိုတော့ ချစ်တယ်

KoBoyz: ကိုယ့်အမြင်နဲ့ ဂျူးအမြင်တွေ တူနေလို့ အဲ့ဝတ္ထု (ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ) ကို သဘောကျတာ။

Me: ဝတ္ထုကို ကြိုက်တာ မကြိုက်တာ အမြင်တူတာ မတူတာနဲ့ မဆိုင်ဘူး ကိုဘ။ ဘယ်စာအုပ်မဆို ကိုယ့်အတွက် အဓိကက ဇာတ်ကောင်စရိုက်နဲ့ အဲဒါကို သရုပ်ဖော်ထားတဲ့ အရေးအသား။

KoBoyz: ဟုတ်ဖူး။ ပန်းချီအမြင်ကိုပြောတာ။ ပန်းချီကားတစ်ချပ်ခြင်းစီကို ခံစားမိတာခြင်း ထပ်တူနီးပါး ကျတယ်ပြောတာ။

Me: အင်းလေ အဲဒါကို ပြောတာပဲ။ ပန်းချီမှ၊ ပတ်ဝန်းကျင်မှ၊ တခြားအယူအဆမှမဟုတ်ဘူးလို့ ပြောတာ။ ဘယ်သူပဲ ရေးရေး စာအုပ်တစ်အုပ်ဖတ်ပြီး အဲဒီစာအုပ်ထဲ ပါတဲ့ အယူအဆ အချက်အလက်တွေနဲ့ ပတ်သတ်လို့ အမြင်တူ မတူနဲ့ အဲဒီစာအုပ်ကို စွဲလမ်းတာ မစွဲလမ်းတာနဲ့ မဆိုင်ဘူးလို့ ပြောချင်တာ။

ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် အယူအဆ အချက်အလက်တွေ ကောင်းတယ်လို့ သိလည်း မစွဲတော့ဘူး။ အဲဒါကို ပြောတာ။ ဂျူး နောက်ပိုင်းစာအုပ်တွေ အချက်အလက်တွေ ကောင်းသားပဲ။ ဝတ္ထုလုပ်မရေးဘဲ ဆောင်းပါးသာဆို သိပ်ကြိုက်မှာ။

ND: မှတ်မိသလောက် အသက်ကြီးမှ ဂျူးဝတ်ထုတွေကို တစ်အုပ်မှာ မဖတ်ဖူးဘူး။ ငယ်ငယ်ကတော့ ဖတ်မိမယ်ထင်တယ်။ :D ဆရာမဟောတာတော့ နားထောင်ဖူးပါရဲ့။ ဆရာမခင်ခင်ထူးကို မအိမ်ကံ ထဲမှာ စကားပြောတွေဆိုရင် တဲ့ ဆိုတဲ့နေရာမှာ သဲ့။ ရှိတယ် ဆိုရင် ရှိသယ်။ တ အစား သ ကိုသုံးတော့ ပထမတော့ သတ်ပုံမှားတယ်ထင်နေတာ။ :D

AC: ချစ်သူရေးတဲ့ ကျမ ရဲ့ ည နဲ့ဂျူး ကို စသိတာ အရင်က ဂျူး နာမည်ကြားနေသားပဲ ကောက်ဘတ်ဖို့ ကို စိတ်မပါခဲ့ဘူး ချစ်သူရေးတဲ့ညကျမှ ပထမဆုံး ကိုယ့်ကို ဆွဲဆောင်တာ စာအုပ်အပြင်အဆင် စာရွက် အသား နောက် ပန်းချီကားတွေကိုယ်နဲ့ပိုနီးကပ်လို့လားတော့မသိ ပိုကြိုက်မိတယ် နောက် အနောက်တိုင်းဆန်လို့ကြိုက်တာလဲပါမယ် ဥပမာ အရှေ့ မြို့ ရိုး ကို ကြိုက်သလိုမျိုါ် အဲ့ီး နှစ် အုပ်ကတော့ ဘာသာပြန်မဟုတ်တဲ့ ကိုယ့် အော်တိုင်းမ်းဖေးဘရိတ်စ်တွေပဲ

ညွတ်နူးစရာ ဆိုတာ ရိုမန်တစ် တာ ကိုပြောတာလား။ ဆွတ်ပျံ့ ကြည်နူးတာနဲ့ တူလား။

Me: အဲလိုဆန်ဆန်ပေါ့။ အဓိကကတော့ အဲဒါ ဇာတ်ကောင်တွေကို ခံစားလို့ရလို့ဖြစ်တာ။ ကဗျာကြောင့် ပန်းချီကြောင့် အချက်အလက်ကြောင့်မဟုတ်ဘူး။ ကိုယ့်အတွက် ပြောတာပါ။

***

Friday, August 12, 2011

လင်္ကာရည်ကျော် စာအုပ်များ

၁) ကြိုးကြာတောင်ပံခတ်သံ
၂) ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ
၃) ချစ်စရာ့အိမ်ကလေး
၎) နေဝင်အိပ်တန်းတက်

လေးခု ဖတ်ပြီးပြီ။ နံပါတ် (၃) ချစ်စရာ့အိမ်ကလေး ကို သဘောအကျဆုံးပါပဲ။
ဝတ္ထုတိုစာအုပ်တွေမှာ "သမားလည်ပြန်" တခုပဲ ဖတ်ဖြစ်ပြီး အဲဒါကို သိပ် သဘောကျပါတယ်။

ဝတ္ထုရှည်တွေအကြောင်းကတော့ တော်တော်ရှည်ရှည်ဝေးဝေး ပြောဖို့လိုလိမ့်မယ်။

သို့သော်လည်း ပျင်းသည့်အတွက်ကြောင့် အတတ်နိုင်ဆုံး အတိုဆုံးနဲ့ လိုရင်းပြောရရင် အကြောင်းအရာတွေက အားလုံး ကောင်းပါတယ်။ ဇာတ်ကောင်တွေကတော့ စာရေးဆရာအလိုကျ ဖန်တီးခံရတယ်လို့ ခံစားရတယ်။ ဥပမာ - မပန်းမှုံ (ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ)။ မေကြာဖြူ (နေဝင်အိပ်တန်းတက်)။ (တချို့ဇာတ်ကောင်များလည်း ထို့အတူ)

ဝတ္ထုရှည်တွေအကြောင်း ပြောရရင် ကြိုက်တယ် မကြိုက်တယ်ကို ယတိပြတ်ပြောမရဘဲ ဘယ်နားမှာတော့ ဘယ်လို၊ (ဘယ်ဇာတ်ကောင်က၊ ဘယ်အကြောင်းအရာက၊ ဘယ်ဇာတ်ကွက်က စသဖြင့်) ခွဲခြားပြောမှသာ ဖြစ်မယ်လို့ ထင်နေမိတယ်။ ယေဘုယျသာ ပြောကြေးဆိုရင်တော့ ဆရာဝန်ဇာတ်လမ်းဝတ္ထုရှည်တွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဝတ္ထုတိုတွေက ပိုပြီး လိုရင်းရောက် ရင်ထဲရောက်တယ်လို့ ခံစားမိပါတယ်။ အရှည်က တချို့ ဇာတ်ကောင်စရိုက် "သရုပ်ဖော်မှု" များ (ဇာတ်ကောင်စရိုက်သက်သက်ကို မဟုတ်ပါ) ကို ခံစားလို့မရပါ။

နေဝင်အိပ်တန်းတက် ကတော့ ဇာတ်လမ်းသက်သက်အနေနဲ့ ဆွဲဆောင်မှုအနည်းဆုံးပါပဲ။ အဲဒီထဲက အချက်အလက်တွေကိုတော့ သိပ်သဘောကျတာတွေ ရှိပါတယ်။ (ဥပမာ - ဆေးကုမ္ပဏီနဲ့ ဆရာဝန်ကြီးတွေ၊ လူနာတွေရဲ့ တောင်းဆိုမှုနဲ့ ဆရာဝန်တွေရဲ့ အခြေအနေ၊ မီဒီယာများနဲ့ ဆရာဝန်တွေရဲ့ အနေအထား၊ အရှေ့နဲ့ အနောက်ရဲ့ ကျန်းမာရေးလောက ကွာခြားမှု)။

ကိုယ်ကိုယ်တိုင်လည်း ဗမာပြည်ရဲ့ ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ စသဖြင့်တွေအပေါ်မှာ လူတွေဘက်က မတန်တဆတောင်းဆိုမှုတွေကို မကြိုက်နိုင်တာကြောင့် (အဲဒီအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) အဲဒီအချက်အလက်တွေ သူ ရေးပြတဲ့အခါ ကြိုက်မိတာ ဖြစ်နိုင်ပါတယ်။

နောက် မီဒီယာနဲ့ ဆေးလောက ကိစ္စတွေမှာဆိုလည်း (အဲဒီ ဆေးလောကအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) သူ အဲလို ရေးပြတာကို ကြိုက်ပါတယ်။ (တဘက်က ဝတ္တရားပျက်တာ တကဏ္ဍ၊ တဘက်က စည်းမထားဘဲ ဝင်ရောက် မွှေနှောက်တာက တကဏ္ဍ လို့သာ မြင်သည်။)


တခြား (၃) အုပ် နံပါတ် ၁/ ၂/ ၄ လည်း ထိုနည်းနှင်နှင် ခံစားရသည်။

ကြိုးကြာတောင်ပံခတ်သံ ကတော့ စာအုပ်ထွက်ကာစ၊ ဒီလာခါနီးလောက်မှာ ဖတ်ခဲ့ရတော့ မေ့သလောက် ဖြစ်နေပြီ။ တကယ့် အဖြစ်အပျက်ကို အခြေခံတယ်လို့ စာရေးဆရာကိုယ်တိုင်ကလည်း အမှာ မှာ ပြောထားပါတယ်။ တခြားလူများဆီကပါ ကြားဖူးပါတယ်။

အဲဒါနဲ့ ပတ်သတ်လို့ တချို့စာဖတ်သူလူငယ်တွေက စိတ်ကူးယဉ်ဇာတ်လမ်းဆန်တယ်လို့ ပြောကြတယ် ဆိုတဲ့အကြောင်း စာရေးသူရဲ့ တခြားစာအုပ် အမှာစာမှာ ဖတ်ရတယ်။ အဲဒါဟာ တကယ် အပြင်မှာရှိတဲ့ ဆရာဝန်တစ်ယောက်ကို အခြေခံပြီး ရေးထားတာပါ လို့ သူ ပြန်ရှင်းထားပါတယ်။


ဒီနေရာမှာ ကိုယ့်ခံစားမှုနဲ့ ယှဉ်ပြီး ပြောရရင် အဲဒါ အဖြစ်အပျက် အကြောင်းအရာထက် စာရေးတင်ပြပုံကြောင့် စာဖတ်သူရဲ့ ခံစားမှုမှာ အဲလို ထင်ရတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆို အဲဒါ တကယ့်ဆရာဝန်ကြီးတစ်ယောက်ကို အခြေခံပြီးရေးထားတာမှန်း သိနေတာတောင် ဖတ်တဲ့အချိန်မှာ ဇာတ်ကောင်က သပ်သပ်ပဲ ဖြစ်နေတယ်။

ဒါ့ပြင် လူငယ်တွေအဖို့တော့ (အရေးအသား ဘာညာကို ဖယ်ထားလည်းဘဲ) အဲဒီဇာတ်လမ်းမျိုးက စိတ်ကူးယဉ်သူရဲကောင်းဆန်တယ်လို့ ခံစားရတယ် ဆိုတာ ဖြစ်နိုင်တာပါပဲ။ စာရေးသူတို့ခေတ်နဲ့ ဒီနေ့ခေတ်က နှစ်အားဖြင့် ဘယ်လောက်မှ မကွာလည်း gap ကတော့ တအားကွာနေပြီ။


သူရဲကောင်းတွေ ပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ သူရဲကောင်းမဖြစ်နိုင်ဘူး။ ကိုယ့်အတိုင်းအဆ ဘယ်လောက်ရှိလဲဆိုတာလည်း နားလည်ဖို့လိုတယ်။ ကိုယ်က သူရဲကောင်းမဖြစ်နိုင်ဘဲ မှိုင်းမိလို့ စိတ်ကူးယဉ်ပြီး လိုက်လုပ်၊ နောက်မှ မနိုင်ရင်ကာတွေဖြစ်လည်း အလကားပဲ။ ကိုယ့်အနေနဲ့တော့ (ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ) ဘယ်သူ့ကိုမှ သူရဲကောင်းလုပ်ဖို့၊ အနစ်နာခံဖို့ မတောင်းဆိုဘူး။ ကိုယ့်တာဝန်ကိုယ် ကျေပွန်သိတတ်ရင် ရပြီ။ နှစ်ဦးနှစ်ဘက် စည်းရှိဖို့ပဲ။ နွားလည်း ကျေးဇူးရှင်စာရင်းသွင်းပြီး ခုတုံးလုပ်တဲ့ခေတ်ကိုတော့ ချန်ခဲ့ဖို့ကောင်းပြီ။ (ဤကား စကားချပ်)

ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ ထဲက မပန်းမှုံ ကိုလည်း သူ့စရိုက်နဲ့ သူ့အဖြစ်အပျက်က မဆီလျော်သလို ခံစားရတယ်။ အဲဒါမျိုး အပြင်မှာ ရှိနိုင်သည့်တိုင်အောင် ဇာတ်လမ်းအနေနဲ့ကျတော့ တခုခုလိုနေသလိုပါပဲ။ ဆရာက သူ့ဇာတ်ကောင်တွေကို သိပ်အပြစ်ကင်းစေလွန်း အားကြီးတယ်။

ဒါ့ပြင် ကိုယ့်အနေနဲ့ဆို လွန်ခဲ့တဲ့ 10 နှစ်လောက်က ဖတ်ရရင် အဲဒါတွေတင်မကဘဲ ဇာတ်ကောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုပါ လက်သင့်မခံနိုင် ဖြစ်နေမိမှာ။ ဒါပေမဲ့ ခုချိန်မှာ ဖတ်ရတော့ ဒါမျိုးတွေလည်း ရှိနိုင်တာပဲ လို့ လက်ခံလို့ ရနေပြန်တယ်။ လောကထဲက လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေပါပဲ။ မောင်တင်ဦး ဒဏ္ဍာရီ ဇာတ်ကားထဲက ဇာတ်ကောင်နှစ်ယောက်ကိုတောင် သတိရမိပါသေးတယ်။
လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ချစ်စရာ့အိမ်ကလေး ကို ဖတ်ရရင်လည်း ခုလို သဘောကျမိမယ် မဟုတ်ပြန်ဘူး။

နေဝင်အိပ်တန်းတက် ထဲက ဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ပုံတွေနဲ့ ဇာတ်သိမ်းခန်းကိုတော့ မကြိုက်လှပါ။ အဲဒီထဲက အပေါ်မှာပြောထားတဲ့ ကြိုက်တဲ့ အချက်အလက်တွေကိုသာ ဖယ်ပစ်လိုက်ရင် ဇာတ်လမ်းချည်းသက်သက်ကတော့ မထိတဲ့အပြင် smtz ရေးတဲ့ ဝတ္ထုတစ်ပုဒ်ကမှ ရေးတေးတေး ရှိသေးတယ်။ =D

ကိုယ့်အနေနဲ့တော့ ဝတ္ထုရှည်တွေထက် အတိုတွေက ပို ထိရောက် ခံစားရတယ်လို့ မြင်မိတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်အခါမှာ ဆရာလင်္ကာရည်ကျော် ပေါ်လာတာ မင်္ဂလာတစ်ပါးလို့ ခံစားမိတာလည်း အမှန်ပါပဲ။

ယေဘုယျသာ ပြောကြေးဆိုရင်တော့ လင်္ကာရည်ကျော် စာအုပ်တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးလောက်နဲ့တော့ မပြည့်စုံနိုင်ဘူး။

***

Tuesday, August 9, 2011

မြ

မြ

အခါတပါး၌
သူမ၏ လက်ဝယ်
ထက် 'မြ' သော မြားတစ်စင်းတည်၏
သို့သော် 'လေး' မရှိ...

ထိုအခါ
ငါ၏ လက်ဝယ်
ချို 'မြ' သော စောင်းတစ်အိုးတည်၏
သို့သော် 'ကြိုး' မရှိ...

(ထူးအိမ်သင်)

Monday, August 8, 2011

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

ထိုနှစ်ပိုင်းအတွင်း သူနှင့် ကျွန်တော် ရံဖန်ရံခါဆိုသလို ခပ်စိပ်စိပ်တွေ့ဖြစ်ကြ၏။ တစ်ခါတစ်လေ ကျွန်တော့်ဇနီးကိုခေါ်ကာ သူ့အိမ်သွား တစ်နေကုန် စကားပြောဖြစ်သည်။ ထူးအိမ်သင် ဟု ဖြစ်လာသော သူ့ဘဝဇာတ်ကြောင်းကို ပြောပြတော့ တော်တော်ပင်ပန်းတာကို တွေ့ရ၏။

ငယ်စဉ်က စာဖတ်ဝါသနာပါသော၊ ကဗျာရေးဝါသနာပါသော၊ ဂီတကိုဝါသနာပါသော သူ့ကို လက်မခံဘဲ ဆုံးမထိန်းကွပ်မှုများသော သူ့ဖခင်အပေါ်တွင် သူ သိပ်ကျေနပ်ပုံမရ။ ထိုကြောင့်ပင် လွပ်လပ်မှုနှင့် ဝါသနာနောက်ကိုလိုက်ရန် သူ အိမ်ကထွက်ခွာခဲ့ခြင်း ဖြစ်မည်။

“ဆရာမကြည်အေး ပြောတဲ့စကား သိပ်မှန်တယ်ဗျာ၊ ကလေးဆိုတာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ ကိုယ်က ပြုစုစောင့်ရှောက်ပေးရမယ့် တာဝန်​ပဲရှိတယ် ဆိုတာ... ကျွန်တော်တော့
မိကွန်ထောကို ဘယ်တော့မှ မချုပ်ချယ်ဘူး၊ သူလုပ်ချင်တာကို လုပ်ပဲ၊ အန္တရာယ်ရှိနိုင်တဲ့ကိစ္စ ဆိုရင်တော့ နားလည်အောင် ရှင်း​ပြတယ်၊ သူ လက်ခံအောင် ကြိုးစားတယ်၊ ကျွန်တော်တို့အလုပ်က ဒီလောက်ပဲဗျ”

သူသည် သူ့သမီးနှင့်ပတ်သက်၍ ကြီးမားသော မျှော်လင့်ချက်ကို မထား​၊ လှပသော လွပ်လပ်သန့်ရှင်းသော အနာဂတ်ကိုသာထားသူ ဟု ကျွန်တော်ထင်သည်။ တစ်နေ့ ကျွန်တော် မိုးရွာကြီးထဲ ထီးမပါ ဘာ​မပါဘဲ သူ့အိမ်ကို ရောက်သွားသည်။ သူ အိပ်နေလျှင်လည်း မိုးခိုပြီး ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော် သူ အိပ်မနေပါ။ ကျွန်တော့်ပုံကိုကြည့်ကာ ဘယ်လိုဖြစ်လာတာလဲ ဟုဆိုကာ ရယ်သည်။ ကျွန်တော့် အင်္ကျီကိုချွတ်ကာ သူ့အင်္ကျီနှင့်လုံချည်ကို လဲရသည်။ ပြီးတော့ ချမ်းနေသဖြင့် သူသောက်နေ​သော ဘလက်ကော်ဖီကို ကောက်ကာ သောက်လိုက်သည်။ ခပ်နွေးနွေး ဘလက်ကော်ဖီသည် လည်ချောင်းထဲကို စူးရှစွာ စီးဝင်သွား၏။ ကျွန်တော် တအံ့တသြ မော့ကြည့်တော့ သူက ပြုံးပြသည်။

“ဘလက်လေဘယ်ရောထားတာ။ ချလိုက်၊ နွေးသွားတာပေါ့၊ ခင်ဗျား ဘလက်ကော်ဖီနဲ့ အရက်နဲ့ မသောက်ဖူးဘူးလား”

ကျွန်တော်ကတော့ ရေနဲ့ပဲ တီးတာ”

“မိသွယ် ဖျော်ပေးလိုက်ပါဟာ။ ကိုရဲဝင်း အချမ်းပြေသွားအောင်”

မသွယ်က ကျွန်တော့်ကို တစ်ခွက်စပ်ကာ ဖျော်​ပေးသည်။ အဲဒီနေ့က သူ ကျွန်တော့်ကို စကားအဆန်းတစ်ခု ပြောသည်။

“ကိုရဲဝင်း၊ ခင်ဗျားမှာ ဂျူဂျစ်ဆုတတ်တဲ့ ဆရာအသိတွေ ဘာတွေ မရှိဘူးလား”

“ဟာဗျာ… ကျွန်တော့်ပုံစံနဲ့ အဲဒါတွေနဲ့ ဘာဆိုင်လို့လဲဗျာ”

“မဟုတ်ဘူးလေဗျာ၊ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဘာနဲ့ ပတ်သတ်ပြီးတော့လေဗျာ”

“မရှိဘူးဗျ၊ ကိုငှက် ဘာလုပ်မလို့လဲ၊ ဒီအရွယ်ကြီးကျမှ လက်ရုံးအားကိုးစရာတွေ ရှိသေးလို့လား”

ကျွန်တော့်အတွက်မဟုတ်ဘူး ကိုရဲဝင်းရ၊ မိကွန်ထောအတွက်”

“မိကွန်ထောအတွက်”

ကျွန်တော်သည် အနားမှာကစားနေသော မိကွန်ထောကိုကြည့်ကာ တအံ့တသြမေးမိသည်။

“ဟုတ်တယ်ဗျ၊ ဒီပညာက အနားကို ကပ်လို့မရအောင် ကာကွယ်တဲ့ပညာဗျာ၊ ကျွန်တော့်သမီး ကြီးလာရင် သူက သဘောတူလို့ကတော့ ဘာပဲဖြစ်ဖြစ်ဗျာ၊ သူ့စိတ်ထဲက သဘောမတူတဲ့၊ သူ မနှစ်သက်တဲ့လူက ယောက်ျားဗလအားကိုးနဲ့ သူ့ကို အနိုင်ကျင့်မှာ ကျွန်တော် စိုးရိမ်မိတယ်၊ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက်​ ကိုယ်ခံပညာတစ်ခုခု သူ့ကိုသင်ပေးထားချင်တယ်၊ သူ တတ်ထားစေချင်တယ်”

ကျွန်တော် အားရပါးရ အချိန်တော်တော်ကြာအောင်​ကို ရယ်မိသည်။ ကျွန်တော်ရယ်သည့်အတွက် သူ ကျွန်တော့်ကို သိပ်ကျေနပ်ပုံမရ၊ ထိုအချိန်တွင် မိကွန်ထောမှာ ငါးနှစ်အရွယ်သာ ရှိသေးသည်။ အရုပ်ကလေးတွေနဲ့ ကစားကောင်းတုန်း။

“ခင်ဗျားက ဘာကိုရယ်တာလဲ”

“ကိုငှက်ရာ မိကွန်ထောက ကလေးရှိပါသေးတယ်၊ မဟုတ်သေးပါဘူးဗျာ”

“ဒီအရွယ်ကစပြီး အခြေခံသင်ထားမှဗျ”

“ကိုငှက်က ကိုယ့်သမီး ကိုယ်ကြည့်ပြီး အတွေးတွေ ဘယ်အထိရောက်သွားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စောပါသေးတယ်ဗျာ”

ကျွန်တော်ပြောတော့ သူက လေးလေးနက်နက် စဉ်းစားနေသည်။

“မဟုတ်ဘူးဗျာ၊ ကျွန်တော့်သမီးက မိဘတွေအပေါ်မှာပဲ အားကိုးနေတာ မလိုချင်ဘူး၊ ကျွန်တော်တို့လည်း သူ့ကို အချိန်ပြည့် နေရာတိုင်း စောင့်ရှောက်နေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရမယ်ဗျာ။ ကာကွယ်နိုင်တဲ့ အရည်အချင်းလည်း သူ့​မှာ အပြည့်အစုံ ရှိထားရမယ်”

သူက လေးလေးနက်နက်ကို ပြောနေသည်။ ကျွန်တော် မရယ်တော့ဘဲ စဉ်းစားမိ၏။

သူ ဖခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူကို စိုးရိမ်သည်။ သို့သော် သူစိုးရိမ်ပုံက သမီးပညာတတ် မဖြစ်မှာ (အတန်းထဲမှာ ပထမတို့ ဘာတို့ မရမှာမျိုးကို ဆိုလိုသည်)၊ သူများဝတ်သလို မဝတ်ရ မစားရမှာ၊ လောကအလယ်မှာ တင့်တင့်တယ်တယ် မနေရမှာ စသည်ဖြင့် သာမန်မိဘတွေ စိတ်ပူသလိုမျိုး ပူခြင်းမဟုတ်၊ သမီးဖြစ်သူ၏ စိတ်လွတ်လပ်ခွင့်ကို​ အစော်ကားခံရမှာကို ပူခြင်းဖြစ်သည်။ တော်တော်လေး ထူးဆန်းသည်ဟုလည်း ဆိုနိုင်ပါသည်။

“ကိုငှက်ရယ် မိန်းကလေးတွေမှာ ကျွန်တော်တို့သင်မပေးရဘဲ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နည်းတွေကို အလိုလျောက် တတ်ထားတာရှိပါတယ်၊ သိပ်စိတ်ပူမနေပါနဲ့”

ကျွန်တော် နှစ်သိမ့်သည်။ သို့သော် သူ ကျေနပ်ပုံမရ။

“မဟုတ်သေးဘူးဗျ၊ ဒီခေတ်က ဒီလိုမဟုတ်ဘူး၊ မဟုတ်ဘူးဗျာ ခင်ဗျားမှာ မရှိရင်လည်း ကျွန်တော် စုံစမ်းဦးမယ်၊ ကျွန်တော်လည်း အရင်တုန်းက သင်ဖူးတယ်၊ ကျွန်တော်သင်တာက သိုင်းပြောင်းပြန်ဗျ၊ အခုတော့ အားလုံး အဆက်အသွယ်ပြတ်ကုန်ပြီ၊ စုံစမ်းရင်တော့ ရနိုင်ပါတယ်”

ညနေ ခြောက်နာရီလောက်မှာ မိုးက စဲသွားသည်။ မသွယ် စပ်ပေးသော ဘလက်လေဘယ်နှင့် ဘလက်ကော်ဖီလည်း သုံးခွက် ကုန်သွားပြီ။ ကျွန်တော် ပြန်ရန် သူ့ကို နှုတ်ဆက်သည်။ သူက ငုတ်တုတ်ကလေးထိုင်ကာ ဆေးပေါ့လိပ်​ကို မီးခိုးတထောင်းထောင်းထအောင် ဖွာရင်း တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။

ကျွန်တော် သူ့အင်္ကျီ သူ့ပုဆိုးကို ဝတ်ကာ ပြန်လာရင်း လမ်းမှာ စဉ်းစားမိသည်။ သူဟာ တော်တော် တစ်ဘက်စွန်းရောက်တာပဲ... ဟု ဖြစ်သည်။ နောက်တော့ ရယ်ချင်သွားသည်။ ငါကရော ဘာထူးလို့လဲ ဆိုသော အတွေးကြောင့်ဖြစ်၏။ ဒါကြောင့် သူနှင့်ကျွန်တော် ခင်နေတာလည်း ဖြစ်နိုင်ပါသည်။

***
(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

(facebook, Htoo Eain Thin fan club မှ member 'Bob Dota' ကူးတင်ထားသော ပို့စ်မှ တပိုင်းတစကို copy & paste ပြန်လုပ်ထားသည်။)

***
Bob Dota အား ကျေးဇူးအထူး။ ကိုယ့်ဘာသာဆို ပြန်တင်ချင်တောင် စာအုပ်က အနားမှာ မရှိဘူး။

***

Sunday, August 7, 2011

နှုတ်ဆက်ခြင်း



နှုတ်ဆက်ခြင်း (ဇော်ဝင်းထွဋ်၊ တေးရေး - ရွှေဂျော်ဂျော်)

မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ်
ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း အို မင်းရင်ထဲ ရှိရင်
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

မလိုချင် ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ်
အို ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်
ငါ ရင်မှာ ကြေကွဲ
အနှောက်အယှက် ဖြစ်ရင်လည်း
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

အိမ်ပြန်ချိန်လေးမှာ ဝမ်းနည်း
နှုတ်ဆက်ခဲ့တယ်
ဒီချိန်မှာ မင်းရဲ့ အပြုံးလေး
ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေ ရှိလည်း
ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ
ဘာမှ မပြောင်းလဲ
မင်းရဲ့ အနားက အမြဲတမ်း မိတ်ဆွေကွယ်

ငါတို့ ဝေးလေတဲ့ ဘဝတာ လမ်းမရယ်
တခါတလေတော့ ပြန်ပြီး
သတိရလိုက်ပါကွယ်
ပျော်စရာတွေ ကြုံခဲ့
အတိတ်က အကြောင်းတွေနဲ့

ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

Friday, August 5, 2011

Yangon (29th June ~ 22nd July 2011) (Part - 3)

အဝေးက ရွာဦးဘုန်းကြီးကျောင်း

စီးတီးမတ်

ဘယ်ထဲက ဘာဆိုင်မှန်းမသိ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ

ရန်ကုန်မြို့ထဲ





လုံးဝ မတို့ထိခဲ့ရ။ ဒီတိုင်းကြည့်ပြီး ပြန်လာရသည်။ !_!

ရန်ကုန်လေဆိပ်

ရန်ကုန်လေဆိပ်

***
အမှန်တော့ ဒီနှစ် ပြည်တော်ပြန်ခရီးကို ရေးဖို့စိတ်ကူးမရှိ။ ဟိုရိုက်ဒီရိုက်များ ထုတ်ရှင်းရုံသာ။

***