Showing posts with label Love. Show all posts
Showing posts with label Love. Show all posts

Sunday, April 29, 2012

120429



တွေ့လိုက်ပြီးလျှင်ပြီးချင်း ကြင်လို့ ချစ်တာပါပဲဆိုတာ မပြောရက်နိုင်သလိုရှိလှတာကို သူတပါးနှင့်တကွ 'သူ' ပါ နားလည်မည်မထင်။ အရင့်အရင် မမြင်ဖူးခင် မကြားဖူးခင်က ချစ်ရတယ်ထင်သည်။ သည်လိုပင် ကိုယ်သေဆုံးပြီးသည့်နောက်အထိလည်း ကိုယ့်ရဲ့အချစ်က ထူးဆန်းသောနည်းတနည်းနှင့် ကျန်ရစ်ဦးမည်ထင်သည်။

တခါတရံတော့လည်း ချစ်ခြင်းမေတ္တာဆိုသည့် ကမ္ဘာမြေပေါ်မှာနေ၍ မိုးတိမ်ဗွေနှင့်လည်း လှမ်းမီသော အင်အားကြီးတစ်ခုသည် ကိုယ်၌ လာ၍ဖြစ်ပေါ်ပြီး 'သူ' ဟူသည့် ရုပ်တစ်စုံကို ဖန်ဆင်းသည်လို့ပင် ဆန်းပြားစွာထင်သည်။

ထို့ကြောင့် 'သူ' သည် ကိုယ်ပိုင်သော၊ ကိုယ်ကဖြစ်သော၊ သံသရာအစအဆုံးက ရင်းနှီးခဲ့သော 'သူ' ပါ ဟု ပြောပြရလျှင် အနည်းငယ် စိတ်ကျေနပ်သည်။

(ကြည်အေး - တမ်းတတတ်သည်)

*** 
photo from here

Sunday, April 10, 2011

All about him...

တခါတခါ ပေါ်လာတတ်တဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ရာ ခပ်ရေးရေးကလေးကို ကြိုက်တယ်။

လူကြုံရှိတယ် ဘာမှာမလဲ မေးတဲ့အခါ မှာမယ့်ဟာကို ဘယ်တော့မှ အရင်မပြောဘဲ "စင်ကာပူသူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှလေးတစ်ယောက်လောက် မှာချင်တယ်။ ပိန်လှီပိန်လှပ်မလိုချင်ဘူး" လို့ ပြောလေ့ရှိတာကိုလည်း ကြိုက်တယ်။

ဘာမှ အဆက်အစပ်မရှိဘဲ "(ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို) သိပ်ကြိုက်နေလို့ ကယ်ပါဦး" လို့ ချက်ချင်းကြီး ထပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။ (နာမည်ထည့်မရေးဘူး။ စိတ်နာလွန်းလို့)

သူကြိုက်တဲ့ မင်းသမီးတွေကို ဝေဖန်မိတဲ့အခါ "အေးပေါ့ မင်းလို ပိန်ပိန်ပါးပါးကတော့ သူတို့ကို မနာလို ဖြစ်နေမှာပေါ့" လို့ မခံချင်အောင် ပြန်ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

"လူကြုံထည့်ပေးလိုက်တာ ကောင်မလေးချောချောဆို အပြင်မှာ ဒိတ်ပြီး ကော်ဖီတိုက်လိုက်မယ်" လို့ ပြောတတ်တာကိုလည်း ကြိုက်တယ်။

မှာတုန်းက အသည်းအသန်မှာလို့ ထည့်ပေးလိုက်တဲ့ပစ္စည်း ချက်ချင်းသွားမယူသေးဘဲ လှမ်းပြောတဲ့အခါ ရူးချင်ယောင်ဆောင်နေတတ်တာကို (ဒေါသထွက်နေတဲ့ကြားက) ကြိုက်တယ်။

မှာတာတွေ များနေတဲ့အခါ "ခုတလော မင်း အတော်ဖြုန်းတီးနေပါလား" လို့ စိတ်ထဲက မပါဘဲ လှမ်းပြောရတာကို ကြိုက်တယ်။

စိုက်ဝယ်ပေးထားတဲ့ ပစ္စည်းတွေအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပေးတဲ့အခါ "ဟမ် အဲလောက်တောင်မှ များလား၊ ပြန် မဆပ်နိုင်တော့ဘူး။ လူကို ယူပါ၊ အသည်းကို ချမ်းသာပေးပါ" လို့ ပြန်ပြောတတ်တာကို ကြိုက်တယ်။
(ယောက်ျားလေးတွေ အဲဒီစကား တော်တော်တော့ ပြောကြတယ်။ သူငယ်ချင်းတွေ အသိတွေထဲမှာလည်း ကြုံဖူးတယ်)

အဲဒီအခါ "အသည်းကမှ ဒုတ်ထိုးလုပ်စားလို့ ရဦးမယ်။ လူ ဘာလုပ်ရမလဲ" လို့ ပြန်ပြောရတာ ကြိုက်တယ်။

မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုးထက်ပိုပြီး ငွေပြန်ရှင်းပေးတတ်တာကို ကြိုက်တယ်။

"ဟေ့ မင့်သူငယ်ချင်းက လာပြောနေတယ်။ ငယ်ငယ်တုန်းကဆို မိန်းကလေးလိုပဲ သိပ် စိတ်ဆိုးတတ်တယ် တဲ့" လို့ စပေးပြီး၊ "မဟာယောက်ျားသားဝါဒီကွ" လို့ ပြန်အော်တတ်တာကို နားထောင်ရတာ ကြိုက်တယ်။

တချို့ အင်းဆက်တွေကို ကိုယ်ကြောက်တယ်လို့ ထင်ပြီး ဟာသ လုပ်ချင်နေတတ်တာကို ကြိုက်တယ်။ (အမှန်တော့ ဒီလောက်လည်း မကြောက်တတ်ပါဘူး။ အကောင်ပလောင်တွေကို စိတ်ရှုပ်တာ)

တချို့ကိစ္စတွေ သူ မေးလို့ မသိတဲ့အခါ "ဟမ် မင်း ခုလို နိုင်ငံခြားသွားအလုပ်လုပ်နေတာ ပိုက်ဆံကလွဲလို့ ဘာတွေများ အသိပညာဗဟုသုတတွေ ပိုရလာသလဲ" လို့ တိုက်ရိုက်ထိမယ့် စကားမျိုး ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဒါမှမဟုတ် သူခိုင်းတာတွေ တလွဲ လုပ်မိတဲ့အခါ "အဲဒါ ဘာများခက်လို့လဲ အင်ဂြင်နယာမကြီးရဲ့" လို့ အငေါ်တူးတဲ့လေသံနဲ့ ပြောခံရတာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဘာကိစ္စဖြစ်ဖြစ် မေးမိတဲ့အခါ "ပြောတာ သေချာနားထောင်
တခုချင်း ပြန်မမေးနဲ့၊ ပြီးရင် ကိုယ့်ဘာသာ ရအောင်လုပ်" လို့ ပြောတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

ဒီမှာရောက်နေတဲ့ ကိုယ်နဲ့လည်းသိတဲ့ သူ့ငယ်သူငယ်ချင်းတချို့အကြောင်း သတိတရ မေးလေ့ရှိတတ်တာကို ကြိုက်တယ်။

"ခုတလော အိပ်ရေးတွေပျက်တယ်၊ body weight လည်း ကျတယ်၊ သိပ်လည်း နေမကောင်းဘူး" လို့ သတင်းကြေညာတဲ့လေသံနဲ့ လှမ်းပြောပြတတ်တာကို ကြိုက်တယ်။

ဂျူး စာအုပ်
အသစ်၊ ဟုတ်လား၊ ဖတ်မနေပါနဲ့ကွာ၊ မင်း သူ့နေရာဝင်ယူလို့ ရနေပါပြီ လို့ သိသိသာသာ လှောင်ပြောင်ချင်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

စာအုပ်တစ်ခုခုကို ညွှန်းပြီး ဖတ်ကြည့်ပါလား ပြောတဲ့အခါ "အချစ်အကြောင်းမို့လား၊ တော်ပါ၊ အချစ်ဆိုရင် ကြောက်လွန်းလို့ဘာာာာ" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်ဆိုးစရာ လုပ်မိတဲ့အခါ သူ့ဘာသာ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး ပြန်ခေါ်ချင်တဲ့အချိန်ကျမှ
သူ့ဘာသာ လာခေါ်တတ်တာကိုလည်း ကြိုက်တယ်။

ကိုယ့်ကို သူ့ဘာသာ block လုပ်၊ သူ့ဘာသာ စိတ်ပြေတဲ့အခါ ပြန်ဖွင့်ပြီး၊ မတွေ့တာတောင် ကြာပြီ လို့ ခပ်တည်တည် စပြောတဲ့အခါ အေး ဟုတ်တယ် ကိုယ် မင်းကို block လုပ်ထားတာလို့ ပြန်ပြောရတာ ကြိုက်တယ်။

သူ မကြိုက်ဘူးဆိုတာ ပြောထားရက်နဲ့ "ခု ဘယ်မှာရောက်နေလဲ" မေးရင် "massage"၊ "ဘာလုပ်နေလဲ" မေးရင် "အရက်သောက်နေတယ်" လို့ အရွဲ့တိုက် ပြန်ဖြေတတ်တာကို
(အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

"အညာသူတွေနဲ့ စကားမပြောချင်ဘူး" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်မတို တိုအောင် လိုက်စနေတတ်တာကို ကြိုက်တယ်။

သူ့နာမည်ရှေ့မှာ 'ခွေး' တပ်ခေါ်ရတာ ကြိုက်တယ်။

ဒေါသထွက်တုန်း ရေးလိုက်မိတဲ့ စာမှာ သူ့နာမည်အစား 'Darling' လို့ ပြန်ပြင်ပြီး စာပြန်ရေး ဆက်စ နေတတ်တာကို ကြိုက်တယ်။

သူ့အလုပ်က တချို့ အောင်မြင်မှုတွေအကြောင်း "ဘယ်သူ့မှ ပြန်မပြောရဘူးနော်" လို့ စကားခံပြီး ကိုယ့်ကို လာအသိပေးတတ်တာကို ကြိုက်တယ်။ (အဲဒါ အပေးအယူတွေပါမှန်း သိနေပေမယ့်...)

***
တခါတရံမှာ
(အသေးအဖွဲလေးပဲ ဖြစ်ဖြစ်) သူ့အတွက် လုပ်ပေးနိုင်နေတာကို ကြိုက်တယ်။

တခါတရံမှာ (မဖြစ်စလောက် အတိုင်းအတာလေးပဲဖြစ်ဖြစ်) သူ လိုအပ်တာ ခံရပြီး သူ့အတွက် အသုံးဝင်နေတာကို ကြိုက်တယ်။

ရေချမ်းကပ်တဲ့အခါ သူ့စိတ်နှလုံးထဲ အဲဒီလို ကြည်လင်ချမ်းမြေ့နေပါစေ လို့ အာရုံပြုပေးရတာကို ကြိုက်တယ်။

အရာအတော်များများ အသိပေးနေကျ သူငယ်ချင်း နှစ်ယောက်က "ဟိုကနေ တခုခု ဆိုတာနဲ့ ဒီဘက်မှာ ပျာနေပြီ" လို့ ပြောပြီး အမြင်ကတ်ခံနေရတာကို ကြိုက်တယ်။

***
ပြောလိုက်တဲ့အထဲ စကားလုံးအတွဲဆန်းတခုခု အမှတ်တမဲ့ပါသွားရင် modify ပြန်လုပ်ပြီး "သမီးလေးဆိုရင် အဲဒီနာမည်ပေးမယ်" လို့ သူ့ဘာသာ တယောက်တည်းပြောသလို ပြောဖူးတာကို ကြိုက်တယ်။

ဖတ်ထားတယ် ဝန်မခံဘဲ "မင်း ကိုကိုတွေ ကက်ကက်တွေနဲ့လည်း တွေ့နေဦးမယ်" လို့ ပြောဖူးတာကို ကြိုက်တယ်။

***
(အစဟာ ဘယ်လိုဖြစ်ဖြစ်၊ အလယ်မှာ ဘာတွေကြုံကြုံ၊ အဆုံး ဘယ်လိုသတ်သတ်) တွေ့ခဲ့ရတာကို ကြိုက်တယ်။

***
ပေါက် က ကြိုက် ဆိုတဲ့ စကားလုံးနဲ့ တဂ်လို့ ရေးလိုက်ပေမယ့်၊ စကားလုံးက တိမ်လို့ ဒီအကြောင်းအရာတွေမှာ ထည့်ရေးရတဲ့ "
ကြိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကိုတော့ မကြိုက်ဘူး။

နေ့စဉ်အလုပ်တွေက အကြိုက်ကို ရေးခိုင်းတာမှန်း သိပေမယ့် ပိုက်ဆံရတဲ့အလုပ်ကလွဲလို့ ဝေယျာဝစ္စတွေ ကိုယ့်ဘာကိုယ် လုပ်နေရတဲ့ အဖြစ်ကို မကြိုက်နိုင်တော့ အဲဒီအကြောင်းတွေကျ ရေးလို့ မရဘူး။ မကြိုက်တာတွေကို နှစ်ချီလုပ်ပြီး နေနိုင်တဲ့ ကိုယ့်ဘာသာတော့ ကြိုက်တယ်။


***
ဖြည့်စွက် (11.4.11, 11:40 AM)

အလုပ်မရခင်က ဒီကို ခဏ ကြွလာတဲ့ ဆရာတော်တပါးဆီ သွားဖူးဖြစ်မယ် ပြောမိတော့ "အဲဒီဆရာတော်ကို ကိုယ်တော့ မယုံဘူး။ ဒါပေမဲ့ မင်း ယုံရင် သွားပါ။ ယုံကြည်မှုဆိုတာ ခွန်အားတမျိုး မောင်းနှင်အားတမျိုးပဲ"
လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ကိုယ် ကြိုက်လို့ သယ်လာတဲ့ သုတ္တန်တစ်ခု အနက်ဖွင့်တဲ့ စာအုပ်အကြောင်း ပြောမိတဲ့အခါ "အဲဒါ သူ(စာရေးဆရာ) ထင်ရာ မြင်ရာတွေ စွတ်ရေးထားတာ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ဒီရောက်ပြီး အလုပ် တော်တော်နဲ့ မရလို့ သိပ်ဝမ်းနည်းနေခဲ့တဲ့ တချိန်တုန်းက ဖုန်းထဲကနေ ကိုယ့်နာမည်အလိုက်အတိုင်း လေချွန်ပြခဲ့ဖူးတာကိုလည်း ကြိုက်တယ်။

***

Saturday, March 26, 2011

He is in ...

ပိတ်ထားတဲ့တယ်လီဖုန်းထဲက မနိုးထခင် မြည်နေကျ နှိုးစက်သံထဲမှာ

စိတ်မပါလက်မပါ အားယူဖွင့်လိုက်မယ့် ကိုယ့်မျက်တောင်ဖျားက အရွေ့စွမ်းအင်မှာ

ခေါင်းဖြီးနေရင်း ပုခုံးပေါ်ကတဆင့် ကြမ်းပြင်ဆီ လျှောကျသွားတဲ့ ဆံခြည်လေးတစ်မျှင်မှာ

ရှိုက်သွင်းလိုက်တဲ့လေထဲက မြူတစ်မှုံစာ အက်တမ်လေးတစ်ခုစီမှာ

ရေပန်းက ကျလာမယ့် ခပ်နွေးနွေး ရေတစ်စက်ချင်းစီမှာ

မျက်နှာသစ်ဆေးက scrubbing-beads လေးတွေရဲ့ ကြမ်းရှရှ အထိအတွေ့မှာ

***
သနပ်ခါးနဲ့ ရောလိမ်းမယ့် လက်ညှိုးထိပ်တစ်ခုစာ အဖြူရောင်ကရင်မ်ထဲမှာ

နားရွက်နောက်နဲ့ လည်ပင်းသွေးကြောနား ဖျန်းမိတဲ့ ရေမွှေးပုလင်းရဲ့ အသံထွက်မှာ

မနက်စာ premier ကော်ဖီက အပူငွေ့၊ မွှေးရနံ့ နဲ့ ကပ်ကျန်နေခဲ့မယ့် ကော်ဖီမှုံ့လေး တစ်မှုံချင်းထဲမှာ

ကောက်လွယ်လိုက်တဲ့ ရုံးအိတ်ရဲ့ ပုခုံးသိုင်း ကြိုးပေါ်မှာ

ရုံးသွားခါနီး ဖြစ်ကတတ်ဆန်းတပ်ရတဲ့ ဒေါက်ဖိနပ်ကြိုးရဲ့ ကွင်းလျှောကလေးထဲမှာ

အိမ်ပြင်မထွက်ခင် ဘုရားစင်ဘက်လှည့်ပြီး ကမန်းကတန်းပြုလိုက်တဲ့ အာရုံထဲမှာ

***
ez link ကဒ်က လက်ကျန်ပြတဲ့ ကိန်းဂဏန်းတွေထဲမှာ

mrt တံခါးမပိတ်ခင် ကြားရတဲ့ မြည်သံစွဲအလင်္ကာထဲမှာ

ကားလမ်းကို ဖြတ်ကူးတဲ့ မိုးပျံတံတားက လှေကားအထစ်တိုင်းမှာ

ဘယ်နှစ်မိနစ်ကြာရင် စောင့်နေတဲ့ ဘတ်စ် ရောက်ပါမယ်လို့ ပြန်လာတဲ့ 5 cent တန် ဖုန်း message ထဲမှာ

***
ရုံး ခြံဝမှာ ကြိုရောက်နေမယ့် ဘော့စ်နဲ့ မဆုံချင်တဲ့ ရင်ခုန်သံထဲမှာ

ကိုယ့် ကွန်ပျူတာမှာ ရိုက်ထည့်နေတဲ့ password စကားလုံးလေးတွေထဲမှာ

Mandarin နဲ့ English လို တလှည့်စီ ကြားနေရတတ်တဲ့ နောက်တည့်တည့်က gm ဖုန်းပြောသံထဲမှာ

consultant နဲ့ client ဆီက မှတ်ချက်နဲ့ အထွန့်တက်မှုတွေမှာ

ညနေ 5 နာရီ မခွဲခင် မကြာခဏ လှမ်းကြည့်မိတဲ့ စကရင်ညာဘက်အောက်ထောင့်တစ်နေရာမှာ

***
သတင်းစာရောင်းသူ အမေကြီးကို ကမ်းပေးလိုက်တဲ့ ၁ ဒေါ်လာတန် အကြွေစေ့ကလေးမှာ

ဒီကနေ့လုပ်စားတဲ့ ရခိုင်မုန့်တီသုပ်ထဲက ကြက်သွန်နီကြော် အဖတ်ကလေးတွေထဲမှာ

FM ရေဒီယိုက အစီအစဉ်ကြေညာသူရဲ့ အသံထဲမှာ


အိမ်ရှေ့ကစားကွင်းထဲ ဖြတ်သွားတဲ့ အပြေးသမားရဲ့ အရှိန်အဟုန်မှာ

အာမခံကုမ္ပဏီက marketing လာဆင်းတဲ့ Financial Consultant ရဲ့ plan အမျိုးမျိုးမှာ

သူ သိပ်ကြိုက်တယ်ဆိုတဲ့ ပျင်းပျင်းရိရိ ချက်စားဖြစ်တဲ့ ဟင်းတစ်ခွက်မှာ

***
သူ သဘောကျတဲ့ celebrity မင်းသမီးတစ်ယောက်ကို ကြည့်လိုက်မိတဲ့ (မကြည်သာချင်တဲ့) ကိုယ့် မျက်လုံးထဲမှာ

သဘာဝဖြစ်စဉ်တွေဆီက မကြုံစဖူး အထူးကြီးမားတယ်ဆိုတဲ့ အတိုင်းအတာယူနစ်တွေနဲ့ အက်ကွဲကြောင်းများ သတင်းမှာ

ထွက်ခါနီးပြီဆိုတဲ့ ဂျူး ဝတ္ထုသစ်ရဲ့ နေမျိုးဆေးလက်ရေးဒီဇိုင်းနဲ့ ခေါင်းစဉ်မှာ

သတိရစိတ်ကို ခဏမေ့ထားပြီး လိုအပ်လို့ ပြုံးရယ်လိုက်တဲ့ ကိုယ့် နှုတ်ခမ်းထောင့်စွန်းမှာ

ရီကောဒင်းလုပ်ဖို့ ကြိုးစားဖူးတဲ့ အသက်ရှူသံနဲ့ လေချွန်သံသဲ့သဲ့လေးထဲမှာ

မကြာခဏ ပါးအပ်ထားခဲ့ဖူးသလို မျက်ရည်တချို့စွန်းဖူးတဲ့ အဲဒီပုခုံးစွန်းမှာ

***
ဒီစာကို ရိုက်နေတဲ့ ကိုယ့်လက်ချောင်းတွေဆီက လှုပ်ရှားမှုနဲ့ ထိတွေ့မှုတိုင်းမှာ

စာတစ်လုံးချင်းစီက အသိစိတ်/ မသိစိတ်နဲ့ယှဉ်တဲ့ ခံစားမှုတိုင်းမှာ

ညဘက်ကပ်တဲ့ ရေချမ်းခွက်လေးထဲက သာယာတဲ့သဒ္ဓါစိတ်မှာ

လေအေးပေးစက်ခလုတ်ကို ဖွင့်ပြီးချိန် တဖျတ်ဖျတ်ခါတဲ့ ကြိုးစကလေးမှာ

ဆွဲခြုံလိုက်မယ့် ဂွမ်းစောင်ပွပွရဲ့ နွေးထွေးမှုမှာ

ကိုယ့်ပါးပြင်နဲ့ ထိကပ်အိပ်မယ့် ခေါင်းအုံးပျော့ကလေးမှာ

ခဏတာ မေ့မျောသွားမယ့် အသိစိတ်ရဲ့ အတွင်းဆုံး တစ်နေရာမှာ

***
မျက်စေ့တစ်မှိတ် လျှက်တစ်ပြက်အတွင်း ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ စိတ်အစဉ်ကုဋေတစ်သိန်းလုံးမှာ။

Thursday, March 10, 2011

နှိုင်းရ ချစ်ခြင်း



ဟိုရက်ပိုင်းက youtube မှာ တွေ့လိုက်တဲ့ ၃ ပွင့်ဆိုင် affair ကြည့်မိတော့ ဖျတ်ခနဲ တွေးဖြစ်လိုက်တာ။
တချို့ကလည်း အဲဒါ ဆင်လုံးကြီးပါ ဆိုတယ်။
ကိုယ်တိုင်လည်း အဲဒီ clip မှာ ဘာမှန်းတော့ မသိ၊ တခုခု လွဲနေသလိုပဲ။
ထားပါတော့ တုချင်တု စစ်ချင်စစ်။

***
နောက်တယောက်နဲ့တွဲလို့ ပေါက်ကွဲတယ်ဆိုတာ ပေါက်ကွဲတဲ့လူဘက်ကလည်း သူ့ တကယ်မချစ်လို့သာ။

တဘက်လူအပေါ် ဘယ်လောက်ချစ်နိုင်တယ်ဆိုတာ အဲလိုအဖြစ်မျိုးမှာ ဖုံးထားလို့ မရအောင် ပေါ်တာပဲလို့ ထင်တယ်။

တချို့လူတွေအတွက် အဲဒီလို အဖြစ်မျိုး ကြုံတာနဲ့ "ငါ့ကို စော်ကားတယ်တို့ လှည့်စားတယ်တို့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်တို့ ဒါမျိုးလာကျောလို့ ဘယ်ရမလဲတို့" တွေးကို မတွေးမိဘူး။

"ဪ သူ ငါ့ကို မလိုအပ်တော့ဘူး" ဆိုတာလောက်နဲ့ ဝမ်းနည်းသွားရုံပဲ။ သူတို့ကို ကိုယ်မြင်လိုက်ကြောင်းတောင် သိစေချင်မှာ မဟုတ်ဘူး။

* တကယ်ချစ်ရင် * မပေါက်ကွဲဘူး။ ဒေါကန်ဖို့၊ ပေါက်ကွဲဖို့၊ ရန်သွားတွေ့ဖို့ သတိတောင် ရလိုက်မှာမဟုတ်ဘူး။ ဝမ်းပဲ နည်းမှာ။ တဘက်က မသိအောင် ချက်ချင်း လှည့်ပြန်လာမိမှာ။

***
ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ဒါပေမဲ့ တကယ်လည်းချစ်ပါတယ် လို့ ပြောလာရင် ဒီဂရီအလိုက်ပေါ့ လို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က သူ့အပေါ် ဘယ်လောက်ချစ်နိုင်လဲဆိုတဲ့ အတိုင်းအတာအရပေါ့။

- ကိုယ့်ကိုယ်ကိုယ်နဲ့ မယှဉ်သာအောင် လျော့ချစ်ရင်တော့ ပေါက်ကွဲရုံသက်သက်ပဲ။ ဒေါသချည်းပဲ ထွက်မိမယ်။ ဝမ်းနည်းတယ်ဆိုရင်တောင် အဲဒါ ငါ့ကိုမှ ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ပဲ။ တဘက်လူကိုလည်း ခွင့်မလွှတ်ဘူး။ အခွင့်အရေးရတာနဲ့ လက်တုန့်ပြန်မှာပဲ။

- ကိုယ့်အတ္တနဲ့ တန်းတူဆိုရင်တော့ အထက်ကတယောက်ပြောသလို ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ခွင့်တော့ မလွှတ်နိုင်သေးဘူး။ လက်စားချေရလောက်အောင်လည်းပဲ မရက်စက်နိုင်ဘူး။

- ကိုယ့်အတ္တထက် ကျော်သွားပြီဆိုရင် (တကယ်ချစ်တယ်ဆိုရင်)တော့ ဝမ်းနည်းရုံမျှသာပါပဲ။

တကယ်ချစ်တယ် ဆိုတဲ့ သတ်မှတ်ချက်ကလည်း... ဆိုကြပါစို့။
* ကိုယ်က temperature 21ºC လောက်ကိုမှ တကယ်အေးတယ်လို့ သတ်မှတ်တယ်ဆိုရင် အဲဒီထက်များတဲ့ အပူချိန်က ကိုယ့်အတွက် တကယ်မအေးဘူးပေါ့ *

***
(စာကြွင်း။ ကိုယ့်အပေါ် သူ ဘယ်လောက် အတိုင်းအတာထိ... ဆိုတာ သိချင်တဲ့သူတွေ စမ်းကြည့်ကြဖို့တောင် ကောင်းတယ်။ အဲဒီအခြေအနေမျိုးမှာ တဘက်လူရဲ့စိတ်ထဲရှိသမျှ ညာမရအောင် ပေါ်လာမှာပဲ။ ကိုယ့်လူကို ယုံတယ်၊ ပိုင်လည်း ပိုင်တယ်ဆိုရင်ပြောပါတယ်။

အင်းလေ... ယုံမှတော့ ဘယ်စမ်းကြည့်စရာလိုမလဲ)

***
pic from google

Wednesday, December 29, 2010

စိတ်ကူးယဉ်ကောင်းကင်



လွန်ခဲ့သော 14 နှစ် လောက်ဆီက သူ အတွေးထဲ ဝင်လာခဲ့သည် ထင်၏။

အဲဒီအချိန်မှာ ဒါကို တွေးဖို့ သိပ်စောခဲ့သလား၊ ဒါမှမဟုတ် ပုံမှန်ပဲလေလား ကိုယ် မသိပါ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ ဒါကို ဆုံးဖြတ်နိုင်မည့် ပညာရှင်တို့အတွက်သာ ဒီအချက်က အရေးကြီးချင်ကြီးမည်။ စိတ်ကူးထဲက ဒီအကြောင်းတွေ ပြန်ရေးမည့် ကိုယ့်အတွက်တော့ ဘယ်အချိန်မှာ ကိုယ့်အတွေးထဲ ဝင်လာသလဲဆိုတာသာ
အဓိကကျတော့သည်။

ပြာလွင်သော အိပ်မက်တစ်ခုလို့သာ တင်စားချင်မိ၏။
ပန်းရောင်လွှမ်းသော ကိုယ်ပိုင်အခန်းထဲ ချဉ်းနင်းလာမည့် ကောင်းကင်မျက်နှာကျက်လေးတစ်ခုလိုပေါ့။ ကိုယ့်ကမ္ဘာထဲ နောက်ထပ်ဝင်လာမည့် အသွေးအရောင်ကလေး။ အသစ်အဆန်း အပြောင်းအလဲကိုသာ အလိုရှိတတ်လို့ ကိုယ်ဟာ အပြာရောင်ကောင်းကင်ကလေးအဖြစ် စိတ်ကူးတွေးထင်လိုချင်ခဲ့မိသည်လား မသိ။

နူးညံ့ပျော့အိကာ မွေးညင်းနုများဖုံးနေမည့် လက်တဖက်ကို ဖွဖွ ပွတ်သတ်ကြည့်မိလျှင် အနည်းငယ် ကြမ်းရှသော အထိအတွေ့ကြောင့် ထိတ်လန့်လေမည်လား။ သူ ဆတ်ခနဲ လှုပ်သွားမည်ဆိုလျှင်တော့ ကိုယ်ပါ ရောယောင်လန့်ကာ ခဏကြာမျှ မထိရက် မတို့ရက် မထိရဲ မကိုင်ရဲ ဖြစ်နေဦးမည်။ အလင်းရောင်ကို ကျင့်သားမရသေးသည့် မျက်လုံးများဖြင့် ကိုယ့်ကို လှမ်းကြည့်လေမည်လား။ ဒါဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကိုယ်အပိုင်ရလိုက်သလို ဖြစ်တော့မည်။ သေချာတာကတော့ သူ့အသံသဲ့သဲ့အားဖြင့် တညီးညီးတောက်လောင်ချင်သော ဘဝင်စိတ်များငြိမ်းသွားပေလိမ့်မည်။ ကိုယ့် လက်သန်းကလေးတစ်ချောင်းကို သူလက်ဖဝါးပြင်ထဲထည့်ကာ ဆုတ်ကိုင်စေချင်မိသည်။ ဘယ်လောက်များ နုအိနွေးထွေးလေမလဲ။

ကိုယ်နှင့်တူသည့် နှုတ်ခမ်းပါးလေးများရှိလိမ့်မည်။ မဟုတ်လျှင်တော့ ခပ်စူစူ ထူတွဲသည့် နှုတ်ခမ်းကလေးနှင့် ဖြစ်မှာပေါ့။ နှာတံပေါ်ပေါ်... ဒါတော့ သေချာသည်။ ပြီးတော့ ကိုယ်နှင့် မတူလျှင် နဖူးပြင်ကျယ်လိမ့်မည်။ ကိုယ်နဲ့ဘယ်နှစ်ရာခိုင်နှုန်းတောင် တူမှာလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းက မတူဘဲ ဖြစ်မှာလဲ၊ ဘယ်နှစ်ရာနှုန်းလောက် တူမှ ဒါမှမဟုတ် မတူဘဲနေမှ ပြီးပြည့်စုံတဲ့ ကောင်းကင်လေးဖြစ်မှာလဲဟု တစိမ့်စိမ့် တွေးမိပြန်သည်။

အင်းလေ ဒါတွေ သိပ်အရေးမကြီးပါဘူး။ ကိုယ်နဲ့ မတူလည်း ချစ်ရသူနဲ့ တူနေမှာပေါ့။ သူ့မှာ ဘာများ ရွေးစရာရှိလို့လဲ။ တစ်ခုပဲ၊ မျက်ခုံးထူထူတော့ မဖြစ်နိုင်ချေ။

ကိုယ် လုံးဝ မကြိုက်သည့် သကြားလုံး၊ ချော့ကလက်တွေကို သူ သိပ်များကြိုက်နေမလား။

အစဦးဆုံးနေ့ရက်တွေမှာ သူ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ရှိလိမ့်ဦးမည်။ သို့သော်လည်း ဒါတွေ တွေးလို့ မစိုးရိမ်ချင်သေး။ ကိုယ့်ကို ဘာမှန်းမသိသည့် တစိမ်းသက်သက်ကနေ သိသိမှတ်မှတ်ကြည့်ကာ မှတ်သားပြီး၊ မှတ်မိလာတဲ့ အပြုံးကလေးတွေလည်း ကြည့်မြင်ရလိမ့်မည်။ တကယ့်ကိုပဲ ကိုယ့်လိုအင်ဆန္ဒတွေကို နှစ်သိမ့်စေလိမ့်မလားကွယ်။

ဒီလိုနဲ့ပဲ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာချိန်ကျလေမည်။

သူကလေးဟာ ပျော်မြူးစရာကိုသာ ရှာတတ်လေမည်လား၊ ကိုယ့် အနှစ်သက်ဆုံး စာအုပ်ထဲက Tai-chan (Taiji Yamanouchi) လို စူးစိုက်တည်ကြည်ကာ ရည်မှန်းချက် ကြီးလေမည်လား။

သူဘာလဲဆိုတာ စောစီးသေချာစွာ ရိပ်မိသိရှိနိုင်ဖို့၊ ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်စွာ ဖေးမပေးနိုင်သူ ကိုယ် ဖြစ်လိုလှသည်။ ဘာပဲဖြစ်ဖြစ် ထိုအခိုက်အတန့်မှာတော့ နှစ်ပေါင်းများစွာ မသက်ဆိုင်သလိုဖြစ်နေခဲ့သည့် ပစ္စည်းပစ္စယများ၊ ကစားကွင်း နဲ့ ပန်းခြံ၊ ဆီးဆော၊ လျှော နဲ့ ဒန်းလို ပစ္စည်းများက သူနှင့်တွဲကာ ကိုယ့်ကို တရင်းတနှီး ပတ်သတ်လာလေဦးမည်။ အမှတ်တမဲ့ဖြတ်ကျော်လာနေကျ ထိုပစ္စည်းများအား အမှတ်ထင်ထင် ပြုံးရယ် ငေးကြည့်မိစေဦးမည်။

သူ့ကို သင်ကြားဖို့ ကြိုးစားရင်း၊ သူ့ဆီကလည်း မဆုံးနိုင်အောင် ပြန်လည်သင်ယူရပေဦးမည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ်ဟာ တလွဲတချော် အမှားများလည်း လုပ်မိဦးမည်။ ချစ်ခြင်းဆိုတာကိုက သင်ကြားတတ်မြောက်ရတာ မဟုတ်လားလေ။ ချစ်ခင်နှစ်လိုစိတ်နဲ့ ယှဉ်တော့ တာဝန်ဆိုတာ သူမတူအောင် ချိုမြိန်မှာပါပဲဟု ထိုတခဏမှာ ဘယ်သူမှ အတည်ပြုပေးစရာမလိုအောင် ယုံကြည်မိပြန်၏။

ဒီလိုနဲ့ပဲ အချိန်ကာလတွေ ကုန်ဆုံး၊ သူဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရမည့် ချစ်မြတ်နိုးစရာ အဖြစ်ကနေ၊ အားကိုးတွယ်တာရမည့် ဂုဏ်ယူဝံ့ကြွားစရာ အဖြစ်သို့ ပြောင်းလဲသွားမည်။ သွားလေရာ ကိုယ်မပါနိုင်သော်လည်း ကိုယ့်မေတ္တာတရားများ ပါသည်ဟူသော ယုံကြည်စိတ်ဖြင့် သူ့အား ခိုင်မတ်စေလိုလှ၏။ သူ နာကျင်လေတိုင်း နှစ်သိမ့်မည့်၊ သူ လဲကျလေတိုင်း ထူမတ်မည့်၊ သူ ပြန်လာချိန်တိုင်း ကြိုဆိုမည့် နေရာတစ်ခုအဖြစ် လုံခြုံစေလိုလှ၏။

နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာရုံသာမက၊ ကိုယ့်မျက်စေ့အောက်ကနေပါ ထွက်ခွာသွားပေလိမ့်မည်။

တကယ်တော့ ဒီဖြစ်စဉ်တွေကို လူပေါင်းများစွာ ကြုံဖူးခဲ့ကြပြီးပြီ။
သို့သော် ကိုယ့်ကျမှ ထူးဆန်းနေလေမည်လားဆိုတာ ထုံးစံအတိုင်း တွေးမိပြန်သည်။ ဘယ်သူတွေ ဘယ်လို သက်တောင့်သက်သာ ဖြတ်ကျော်လို့၊ ဘယ်သူတွေ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသလဲ။ ဒါကိုက ဘဝထဲက ဖြစ်ရပ်မှန်အနုပညာတရပ် ဖြစ်ပေမည်။

အရိပ်ကြည့် ချစ်မြတ်နိုးခဲ့ရသည့် အရာတစ်ခုကို လက်လွှတ်ရမည့်အချိန်မှာ နှစ်သိမ့်ဖြေသာစရာ အကြောင်းတစ်ခု ရှိဖို့တော့ အနူးအညွတ် မျှော်လင့်ချင်မိသည်။

***
သူ့ကို တချိန်ချိန်မှာ တွေ့မြင်ထွေးပွေ့ရမည်ဟု စိတ်ကူးဖြင့် ကြိုရူးခဲ့ရုံမျှသာ...

***
pic from here

Friday, June 4, 2010

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... - ဂျူး

"ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... "

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် အိမ်ကလေးတစ်လုံး ဆောက်မည်။ ထိုအိမ်ကလေးသည် ရေပြင်ကျယ်ကျယ်တစ်ခုနှင့် နီးသောနေရာ ဖြစ်လျှင်ကောင်းမည်။ ဒါမှ ထိုအိမ်ကလေးကို မြကန်သာဟု နာမည်ပေးလို့ ရမည်။

(ရေပြင်ကိုတော့ ကိုယ်လည်း ကြိုက်တယ်။ အိမ်နောက်ဘက်က အင်းလျားကန်ဆို ကောင်းမယ်။ ဒါပေမဲ့ လာလည်တဲ့ ကလေးတွေနဲ့ အိမ်က ကလေးတွေ လူကြီးတွေ မသိအောင် သွားဆော့ပြီး တခုခုဖြစ်မှာ ပူနေရဦးမယ်။ နေပစေတော့။ အိမ်ရှေ့မှာတင် ရေကူးကန် အဝိုင်းလေး ပါရင်တော်ပြီ။

အိမ်ကိုတော့ မြကန်သာ လို့ နာမည် မပေးချင်ပါ။ ၁၀ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ်နေမယ့် အိမ် ကိုယ့်ဘာသာဆောက်ပြီး နာမည်ပေးကြဖို့ စိတ်ကူးယဉ်ဖူးတယ်။ အိမ်ကလေးကို ကိုယ်ပေးချင်တဲ့ နာမည်က "ဒေါင်းဖလ်ဝါ"။ ပြီးတော့ ခွေးကလေးတစ်ကောင် မွေးချင်ခဲ့တယ်။ ခွေးကလေးရဲ့ နာမည်က ဟီလီယို (helio)။ အဲဒီတုန်းက ကြောင်မချစ်တတ်သေးဘူး)

အိမ်ကလေးသည် သစ်သားအိမ်ကလေးပဲ ဖြစ်ဖို့များသည်။

(ကိုယ်ကတော့ အညာမှာမွေး၊ အောက်အရပ်မှာကြီးပြီး၊ နေရာတော်တော်များများ ပြောင်းရွှေ့နေခဲ့ဖူးတော့ အိမ်အမျိုးပေါင်းစုံနဲ့ နေခဲ့ဖူးတယ်။ ဘယ်အိမ်ကိုမှ ကိုယ်ကြာကြာနေရမယ့် အိမ်လို့ မမှတ်ခဲ့တော့ အဲဒီတုန်းက ဘာမှ မတွေးခဲ့ဖူးဘူး။

ကျောက်တုံး ကျောက်ချပ်တွေနဲ့ စီပြီးဆောက်ထားတဲ့ အိမ်ပုံစံမျိုးကို သဘောကျတယ်။
သစ်သားအိမ်...
အင်း နေချင်ပါတယ်။ ခြံဝန်းကျယ်ကျယ်ထဲမှာ နှစ်မျိုးလုံး ထည့်ဆောက်ထားနိုင်ရင် ကောင်းမယ်။
သား ရွှေအိုး ထမ်းလာတာ မြင်ရတော့ ပိုကောင်းတာပေါ့)

စိမ်းလန်းသော အိမ်ဖြစ်ဖို့အတွက် မှန်တွေကြားမှာ သစ်ပင်တွေကို စိုက်ပျိုးထားမည်။

သစ်ပင်ကတော့ ဘယ်နေရာမဆို များများရှိစေချင်တယ်။ အိမ်ရှေ့နဲ့ အိမ်ပတ်ပတ်လည်မှာ ပေ ၃၀ စီလောက် မြေပိုရှိချင်တယ်။ (မြေဈေးကို ခဏ မေ့ထားသည်။ မမေ့လည်း ကိစ္စမရှိပါ။ ကိုယ်မှ မဝယ်နိုင်တာ) ပြီးတော့ ကွန်ကရစ်ခင်းထားတဲ့ ခြံဝန်းထက် မြေကြီးတွေပဲ ရှိတဲ့ ခြံဝန်းကို ပိုကြိုက်တယ်။ ဒါမှ သစ်ပင်တွေ အများကြီး စိုက်လို့ရမယ်။ သစ်ရိပ်နဲ့ အေးနေတဲ့ မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်မယ်။

ပန်းပင်တွေထက် အရိပ်ကောင်းတဲ့ အပင်ကြီးတွေ ပိုစိုက်မယ်။ အိမ်ထဲမှာတော့ ကရိကထ မများတဲ့ ရှားစောင်းပင်ကလေးတွေ အရွယ်စုံ ပုံစံစုံ စိုက်ထားမယ်။ ယုန်နားရွက်ကလေးတွေနဲ့ တူတဲ့ ရှားစောင်းပင်ပုကလေးတွေ သိပ်ချစ်စရာကောင်းတယ်။)

အတိတ်ကို ပြန်စဉ်းစားကြည့်တော့လည်း လက်ထပ်ခြင်းကို တားဆီးထားသည့် အနှောင့်အယှက် အခက်အခဲ ဘာမှမရှိခဲ့။

(တခါတခါကျ အဲဒီ အနှောင့်အယှက် အခက်အခဲ ဆိုတာက တွန်းအားပေးတာတောင်မှ ဖြစ်သွားတတ်သေးတယ်။ တကယ်တော့ ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေက တချို့အရေးကိစ္စတွေကို သတ်မှတ်ပြဋ္ဌာန်းပစ်လိုက်တတ်တယ်။

သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကတော့ ပြောဖူးတယ်။ မိန်းမတွေဟာ မယူချင်ရင်လည်း လျှောက်စဉ်းစားနေပြီး၊ သူတို့ ယူချင်ရင်လည်း ဘာမှကို ထည့်မစဉ်းစားတော့ပါဘူး တဲ့။ ဒါကတော့ မိန်းမမှ ယောက်ျားမှ မဟုတ်ပါဘူး။ အကုန် တူတူပါပဲ)

ကောင်းကင် တနေရာရာမှာ ရှိနေသည့် ကြယ်တစ်စင်းကို မထိခိုက်စေဘဲ ကမ္ဘာမြေပေါ်က ပန်းတစ်ပွင့်ကို ခူးလို့မရပါ တဲ့။ သူနှင့်ကျွန်မ ချစ်ခဲ့မိသည့်အတွက် တစ်ခုခုကို၊ တစ်စုံတစ်ယောက်ကိုများ ကျွန်မ ထိခိုက်မိသွားသလား။

(အဲဒီအကြောင်းအရာကိုတော့ ကိုယ် ဘယ်သောအခါမှ ပြန်မတွေးချင်ပါ။ အဖြေက ဟုတ်တယ် လို့ ထွက်ခဲ့ရင်လည်း မချစ်ဘဲ နေခဲ့မှာမှ မဟုတ်တာလေ။ တခါတခါကျ ဘဝမှာ အကွက်ချထားပြီးသား အရာတွေအတွက် ဘာမှ မတတ်နိုင်ပါဘူး။ ဒါကို အကြောင်းပြတာသက်သက်လို့ ယူဆကြမယ်ဆိုရင်တောင်မှပဲ ကိုယ်ကတော့ ဘာမှ မတတ်နိုင်ပါဘူး)

ဆင်းရဲခြင်းတွေ ဖိနှိပ်ခြင်းတွေဖြင့် ပြည့်နေသည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ကိုယ်ရင်သွေးလေးကို ခေါ်ယူမွေးဖွားလိုက်ရမှာ တော်တော် အကုသိုလ်များသည့် အလုပ်တဲ့။

(ဒီ post ကို ကိုယ့်ရဲ့ fb မှာ ယူပြီး share တော့ ကိုယ် high light လုပ်ခဲ့တဲ့ စာပိုဒ်ပါပဲ။ ဘဝမှာ ဘာမှ တွေးမနေဘဲ သမားရိုးကျပဲ သဘာဝကျကျ ဖြတ်သန်းသွားချင်တဲ့သူတွေ အဖို့တော့ ဒါဟာ ကြောင်ကွက်တစ်ကွက် ဖြစ်မှာပေါ့။ ဒါပေမဲ့ လက်ဖမိုး လက်ဖဝါးကိစ္စပါပဲ။ တစ်ယောက်တည်း အတွက်တောင်မှ ဒီကိစ္စက လက်ဖမိုးဖြစ်လိုက်၊ လက်ဖဝါးဖြစ်လိုက်နဲ့)

အိုကွယ် တို့များ ဘယ်နေ့ပဲ ချစ်မိချစ်မိ၊ အဲဒီနေ့ဟာ ကြေကွဲဖွယ်ရာနေ့တွေထဲမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမှာပါပဲ။ ဘယ်နေ့မှာများ ဆိုးယုတ်မှုတစ်ခုခု မဖြစ်ပွားခဲ့ဘဲ နေမှာတဲ့လဲ။ သည်လောက်နှစ်တွေ ထောင်ချီနေသည့် ကမ္ဘာကြီး၊ ဆိုးယုတ်မှုတွေလည်း ပေါများလှသည့် ကမ္ဘာကြီးတွင် နေ့ တစ်နေ့တိုင်းဟာ တစ်နေရာရာမှာ ကြေကွဲမှု တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပွားနေခဲ့ဖူးမှာပဲ မဟုတ်လား။

(ဂျူး ရဲ့ အဲဒီလို အတွေးအမြင် အရေးအသားမျိုးတွေကို သိပ်ကို သဘောကျမိတယ်။

သမိုင်းမှာ အဖြစ်အပျက်ထက် ခုနှစ်တွေ ရက်စွဲတွေက ပိုအရေးကြီးနေကြတာ မုန်းစရာ အကောင်းဆုံးလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ အကျည်းတန်တဲ့ နေ့တစ်နေ့ကို သမိုင်းဝင်အောင် ကိုယ် ခုချိန်ထိ မလုပ်ခဲ့ဖူးဘူး။ ဒီလောက်ဆိုရင်ပဲ တော်ပါပြီ)

အဲဒီနေ့က ကျွန်မနှင့်သူသည် ကော်ဖီဆိုင်တစ်ခုမှာ ရှိခဲ့သည်။ လေအေးစက်ဖွင့်သည့် ကော်ဖီဆိုင်မဟုတ်။ ဆေးလိပ်ငွေ့တွေဖြင့် ပြည့်လွှမ်းနေသည့် ဆိုင်လည်းမဟုတ်။ ခြံဝန်းတစ်ခုထဲက သစ်ပင်တွေကြားမှာ စားပွဲ၊ ကုလားထိုင်တွေ ချထားသည့် အေးချမ်းသည့် ဆိုင်ကလေးဖြစ်သည်။

(MICT Park ကတော့ အရမ်းကို ပူတယ်။ နွေရာသီ တနေ့လည် အဲဒီထဲသွားပြီး ဖျားတောင်ယူတယ်။)

သူထိုနေ့က ဖတ်နေသောစာအုပ်က ခါလိဂျီဘရန် ၏ "ပုရောဟိတ်" ဖြစ်ပြီး ကျွန်မဖတ်နေသည့် စာအုပ်က ၁၉၉၅ ခုနှစ်ထုတ် ''လိပ်ပြာတို့၏ တချိန်တုန်းက'' ဝတ္ထုစာအုပ် ဖြစ်နေခဲ့တာမို့ ဘာကိုမှ ပြန်မပြောင်းချင်ပါ။

(သေချာ မမှတ်မိတော့။ အဲဒီအချိန်က Cronin စာအုပ်တွေ သည်းသည်းမည်းမည်း ကြိုးစားပမ်းစား လိုက်ဖတ်နေခဲ့တဲ့အချိန် ဖြစ်ချင်ဖြစ်မယ်။ သူ့စာအုပ်ကတော့ ပဲစင်းငုံ အကြောင်း ဖြစ်မှာပဲ)

အဲဒီနေ့က သူဝတ်ထားသည်က စက်ဆိုင်မှာ ချုပ်ထားသည့် ချည်ထည်စစ်စစ် အင်္ကျီဖြစ်နေခဲ့သည်။

(ကိုဝတုတ်တို့ရဲ့ Zizawa's Refuge မှာ မတရားမှုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကို ဖတ်ပြီး မကြာခင် ဂျူးရဲ့ ဒီစာကြောင်းကို ဖတ်ရတော့ ပိုပြီး အမှတ်ထင်ထင် ဖြစ်မိတယ်)

ကျွန်မက ချင်းပြည်နယ် ဖလမ်းမြို့မှ လက်ဆောင်ရသော ချင်းရိုးရာ ဆွဲကြိုးသေးသေးလေးတစ်ခုကို ဆွဲထားသည်။ ထိုဆွဲကြိုးလေးသည် ကျွန်မကူညီလိုက်လို့ ဆယ်တန်းအောင်သည်အထိ ပညာသင်နိုင်ခဲ့ပြီး ကလေးများနှင့် ပတ်သက်သည့် အဖွဲ့တစ်ခုမှာ အလုပ်ရသွားသည့် ကလေးမကလေးတစ်ယောက်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဆွဲကြိုးကို ကျွန်မကိုပေးဖို့ သူကိုယ်တိုင် သီကုံးထားခဲ့သည်။

(ဒီစာပိုဒ်ကို ဖတ်ရတော့ "သူ မင်းကို ဘယ်တော့မှ" ကို နက်နက်နဲနဲ သတိရမိတယ်။ ဘလော့တောင်မရေးသေးဘူးလား၊ ရေးကာစကလား မသိ တောကျောင်းဆရာ ရဲ့ ဘလော့မှာ comment ပေါင်းများစွာ ရေးခဲ့ကြတာကိုလည်း သတိရမိတယ်။ မှန်တာပြောရရင် အဲဒီ ဝတ္ထုက အမှတ်တရ လို၊ ကြာတော့သည်လည်း မောင့်စကား လို ကိုယ့်ကို တစွဲတလမ်း မနှစ်ခြိုက်စေခဲ့ပေမယ့် ဂျူး ဆိုတာကို ပိုပြီး ပီပီပြင်ပြင် မြင်မိစေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။

အဲဒီ ဝတ္ထုမှာ အနုပညာတွေ၊ ခံစားမှုတွေ ဆိုတာထက် စိတ်စေတနာ ဆိုတာကိုပဲ ပိုပြီး မြင်ခဲ့မိလို့ review တွေဖတ်ပြီး (ဝတ္ထုတောင် မဖတ်ရသေးဘဲ) ဂျူးဘက်က ဝင်ရေးခဲ့တယ်။ အဲဒီ ဝတ္ထုကို ဖတ်ပြီးသွားတဲ့အခါမှာတော့ မဖတ်ရသေးဘဲ ဝင်ရေးခဲ့တာအတွက် လုံးဝမှ နောင်တရစရာ မရှိတာ သေချာသွားပြန်တယ်)

နောက်ပြီး အဲဒီနေ့က သူသည် ကျွန်မအား ကတိတစ်ခု လက်ဆောင်ပေးခဲ့သည်။ အဲဒီကတိကတော့ သူ တစ်သက်လုံး မြန်မာနိုင်ငံကနေ ဘယ်တော့မှ ပြောင်းရွှေ့ထွက်ခွာမသွားပါတဲ့။ စာသင်သွားဖို့၊ အစည်းအဝေးသွားဖို့ ဒါမျိုးတော့ ခရီးတွေ ထွက်နေရမှာပါ။ သို့သော် နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး ကို ဘယ်တော့မှ မရောက်အောင် သူ ကြိုးစားပါမည် တဲ့။

:)))
(နိုင်ငံခြားကို မဖြစ်မနေ ထွက်ရတယ်ဆိုတာ တော်လို့လား ညံ့လို့လား ကိုယ် ခုထိ မသေချာသေးပါ။ ကိုယ့်အတွက်တော့ ဒုတိယတစ်ခု ဖြစ်ဖို့ ပိုများပါတယ်)

ကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် ရှေ့သို့ တွန်းပို့ပေးနေသော အင်အားတွေထဲမှာ အကောင်းမြင်ခြင်းဆိုသည့် အင်အားလည်း ပါဝင်ကြောင်း ပြောဖြစ်ကြသည်။

(ကိုယ်ကတော့ အရှိအတိုင်း မြင်ရတာကို ပိုကြိုက်ပါတယ်။ အကောင်းမြင်နိုင်ရုံနဲ့တော့ ဘာမှ ထူး မထင်ပါ။ ကောင်းတာကို တတ်နိုင်သလောက် လုပ်မယ်။ ဒါဆို ရပြီ။ ကောင်းတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်ဆိုတဲ့ လူတွေကိုယ်တိုင် မကောင်းတာကို အကောင်းမြင်ပေးဖို့ထိတော့ ကိုယ် စိတ်မဝင်စား)

ကျွန်မ မလှမ်းဖြစ်ခဲ့သည့် ခြေလှမ်းတွေ၏ ထိခိုက်မှုအကျိုးဆက်ကိုလည်း သူသိခွင့်ရခဲ့သည်။
...
ကျွန်မသာ စာပြန်ရေးပြီး သူ့အတွက် လမ်းညွှန်သူတစ်ယောက် အနည်းဆုံးပေါ့လေ အဖော်ကောင်းတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် သူ ယခုလို ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာ သေကြောင်းကြံမိပါ့မလား။

("တစ်စုံတစ်ယောက်မှာ ကိုယ့် ပယောဂနဲ့ ထိခိုက်သွားရတယ်လို့ ထင်မိတဲ့အခါ..." အဲဒီ အကြောင်းအရာမျိုးကို ဂျူး ရေးတာ တစ်ခါမက ဖတ်ခဲ့ဖူးတယ်။ တိမ်နဲ့ချည်တဲ့ကြိုး မှာလည်း ထင်ထင်ရှားရှား တစ်ခါ...

စာရေးသူတွေဟာ သူတို့ဘဝမှာ နက်နက်နဲနဲ တွေ့ကြုံခံစားခဲ့ရတာတွေကို သူတို့စာမှာ ထပ်ကာ ထပ်ကာ ပြန်ထင်ဟပ်ကြတယ် ထင်တယ်။ Cronin လည်း ကျောက်မီးသွေးတွင်းပြိုတဲ့ကိစ္စကို တစ်ခါမက ရေးတာ ဖတ်ခဲ့ဖူးတယ်။ ခံစားဖို့ ခက်ခဲတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ထပ်ကာ ထပ်ကာ အန်ထုတ်ခြင်းအားဖြင့် အဲဒီ ခံစားမှုတွေဆီကနေ ကျော်လွန်ဖို့ သူတို့ ကြိုးစားကြတာများလား မသိ)

ဒီလို နှစ်ပတ်လည်နေ့မှာ ကျွန်မထံ ဖုန်းဆက်နေကျဖြစ်သည်။ နေကောင်းလား ဟု သူ မေးသည်။ ဘာတွေတိုးတက်နေလဲ ဟု သူ မေးသည်။ ဘာစာအုပ်တွေ ဖတ်နေလဲ ဟု သူ မေးသည်။ ကိုယ့်ကို သတိရရဲ့လား ဟု သူမေးသည်။ ကျွန်မလည်း သူ့ကို မောင် ဒီအတိုင်းကြီးပဲ နေသွားတော့မှာလား ဟု မေးလိုက်မည်။

အို... မင်းတောင် အပျိုကြီးဘဝနဲ့ နေနိုင်သေးတာ။ ကိုယ်က ဘာလို့ မနေနိုင်ရမလဲ။ ကိုယ် မင်းကို ချစ်တယ်လေ။ အဲဒီအခါကျ ကျွန်မ ပြောနေကျအတိုင်း ပြန်ပြောဦးမှာ။

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်...

(ဂျူး)

***
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ဒီ ဆောင်းပါး ဖတ်ပြီးပြီးချင်း fb မှာ ချက်ချင်းပဲ share မိတယ်။
မူရင်းဆောင်းပါးကို စာပြန်ရိုက်ပြီး ဂျူး ပရိသတ်အတွက် ပြန်တင်ပေးတဲ့ Juu ရဲ့ FaceBook စာမျက်နှာ က admin အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

***

Wednesday, April 14, 2010

ပိုက်ကွန်ယက်ချိန်



ဒီလိုနဲ့ပဲ သူ့ကြောင့် နေ့၊ ရက်၊ အချိန်၊ နာရီ တို့က ကိုယ့်အတွက် ချိုမြ လှိုက်လှဲလာကြသည်။

သူ ဆိုသော အသိဖြင့် လောကထဲ တိုးဝင် ရှင်သန်ရသည်က ဘယ်တုန်းကနှင့်မှ မတူသလို...

သူ နှစ်သက်သည် ဆိုသည့် သီချင်းတစ်ပုဒ်ကပင်လျှင် ရင်ခွင်ထဲ အသည်းနှလုံးကို မိမိရရ လှုပ်ခါနိုင်စွမ်းသည်။ သူ ဖတ်နေသည့် စာအုပ် တစ်အုပ်ကပင်လျှင် အာရုံတွေကို လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသည်။

သူ့ အမှတ်တမဲ့ လေချွန်သံ သဲ့သဲ့လေး ကြားလျှင်ပင် ဖမ်းဆုပ် သိမ်းဆည်းချင်မိပြီ။

ဘေးဘီကိုမှ သတိမထားမိလေဟန် မြောက်ကြွ ပေါ့ပါးစွာဖြင့် သူ လျှောက်လှမ်းလာတာ မြင်ရချိန်တိုင်း ကိုယ့် နှလုံးသားရဲ့ ဟိုးအတွင်းပိုင်းမှာ သံစဉ် တမျိုးစီ ရှိတဲ့ ဆည်းလည်းလေးတွေက နူးညံ့စွာ တချက်ချင်း တချက်ချင်း... လွင့် ပါး က ခုန် လာကြသည်။

အဲဒီ အသံလေးတွေက တိုးတိတ်သော်ငြား ဝေစည် ပျံ့လွင့် လို့နေတတ်သည်။

သူ လှမ်းလျှောက်လာရင်း လေတိုက်လို့ ဆံပင်ကလေးတွေ နဖူးပေါ်က လွင့်နေတာကို မြင်ရတဲ့အခါ ကိုယ်သာ သပ်တင်ပေးချင်စိတ်နဲ့ တိုက်တဲ့လေကို ရန်လိုမိတတ်သည်။

ကျောပိုးအိတ်ကို ပုခုံးပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လွယ်ပစ်ပြီး ဘေးနားက သူငယ်ချင်း တစ်ယောက်ယောက်ကို စကားလှမ်းပြောရင်း သူ ခပ်ဟားဟား ရယ်မောလိုက်လျှင် "အချစ် ဆိုတာ သူ့ဆီမှာပဲ ရှိတာပါ" ဟု တွေးတော မိတတ်သည်။

သူ အမှတ်တမဲ့ လှမ်းကြည့်လိုက်လျှင်ပဲ တစ်နေ့လုံးစာ အသက်ရှူလို့မဝ ဖြစ်တတ်သည်။

မလှပတဲ့ လက်ရေးစောင်းကလေးတွေပါတဲ့ သူ့ စာအုပ်ကလေးကို ခပ်ဖွဖွ ပွတ်သတ် ထိကိုင် ကြည့်ချင်မိသည်။

သူ့အင်္ကျီလက်ဖျားလေးကို ခေါက်တင်ပေးချင်မိသည်။

သူ တပိုင်းတစ ညည်းဆိုတတ်တဲ့ သီချင်းမှန်သမျှ ချက်ချင်း ပြန်ရှာ နားထောင်မိတတ်သည်။

သူ့ အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်လှသည်။

သူ့ wallet လေးထဲမှာ ရှိနေတယ် ဆိုတဲ့ ကောလဟလ ကြားရတဲ့ ကိုယ့် ဓါတ်ပုံ ခပ်ဝါးဝါးလေးကို သူ ဘယ်တုန်းက ရိုက်ယူခဲ့သလဲ မေးကြည့်ချင်လှပြီ။

ကိုယ့် နောက်နားကနေ စကားတခွန်း မဆိုဘဲ သူငယ်ချင်းတစ်ယောက်နဲ့ အတူ လျှောက်လိုက်လာတတ်တဲ့အခါ သူ့မျက်နှာပေါ်မှာ ဘယ်လို အရိပ်အရောင်လေးတွေ ရှိနေမလဲ နောက်ပြန် မလှည့်ဘဲ ကြည့်မြင်ချင်လှသည်။

ကိုယ် မရှိခိုက် မမြင်လိုက်ရဘဲ သူ ပြုံးလိုက်မယ့် အပြုံးတွေ၊ ရယ်မော စကား ဆိုသံတွေ၊ သူ့ လှုပ်ရှားမှုတွေ အကုန်လုံးကို နှမျောတသ မဆုံးပြီ။

သူ့ အပြုံးထဲမှာ ကိုယ့် အပြုံး

သူ့ ရယ်မောသံထဲမှာ ကိုယ့် အပြုံး

သူ့ စကားသံထဲမှာ ကိုယ့် အပြုံး

သူ့ လှုပ်ရှားမှုတွေထဲမှာ ကိုယ့် အပြုံး

"အချစ်" ဆိုတာကိုက ရင်ထဲကနေ နှစ်သိမ့်စွာနဲ့ စီးဆင်းလာတဲ့ "အပြုံးတစ်ပွင့်" ဖြစ်လိမ့်မည်။

***
(မောင့်ကို ဘာဖြစ်လို့ ချစ်ခဲ့တာလဲ လို့ တစ်ယောက်ယောက်ကများ မေးလာမည် ဆိုလျှင် ဘာမှ ပြန်မဖြေဘဲ ပြုံး၍သာ နေမိမည်။)

***
(ငယ်ငယ်တုန်းက ရေးထားတဲ့ စာ။ မနှစ်က April မှာ တင်ခဲ့ဖူးတယ်။ ပြန်တင်ချင်လာလို့...)

***

Sunday, December 20, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (အဆုံး)

Pic from Here

ယခင် post မှ အဆက်..

"အချစ် သည် စိတ်ခံစားမှု သက်သက် မဟုတ်ဘဲ အတတ်ပညာတစ်ခု ဖြစ်သည်"
ဟူသော ဂျူး၏ အဆိုကို တဆိတ် ကိုးကားလိုပါသည်။


"ချစ်ခြင်း၏ အနုပညာ"
ဝတ္ထုတို၌ အချစ်၏ အတတ်ပညာကို သစ်ပင်စိုက်ပျိုးခြင်းနှင့် နိမိတ်ပုံပြုကာ အလွန်ကောင်းမွန်သော presentation ကို ပြသခဲ့သည်။ "ချစ်ခြင်း" ကို သင်္ကေတပြုဖို့ရာ သစ်ပင်ထက် ဆီလျော်သင့်မြတ်သော နိမိတ်ပုံ မရှိနိုင် ဟုထင်ပါသည်။


သစ်ပင်တစ်ပင်ကို စိုက်ပျိုးရတာနှင့် တူသည်။ အချစ်၌ အတတ်ပညာ ရှိရသည်။

အနုပညာကို ဖန်တီးရတာနှင့် တူသည်။
အချစ်၌ အတတ်ပညာ ရှိရသည်။

*
သက်ရှိပင် ဖြစ်စေ ၊ သက်မဲ့ပင် ဖြစ်စေ...မိမိ ချစ်ခင်မြတ်နိုးသော အရာကလေးတစ်ခုကို တိုးတက်မြင့်မားလာအောင် .. သူ့ရဲ့ လိုအပ်ချက် မှန်သမျှကို လိုလေသေးမရှိ ဖြည့်စွမ်းပေးရန်
တတ်သိနားလည် ပြီး မြေတောင်မြောက်ပေးနိုင်ခြင်းမှာ အချစ်၏ အတတ်ပညာပင် ဖြစ်သည်။ ၄င်းအချက်သည်ပင် "ချစ်ခြင်း၏ အနုပညာ" ၏ Theme ဖြစ်၏။

စိတ်ခံစားမှု သက်သက်သာ ရှိမည် ဆိုလျှင် ထို ချစ်ခြင်း၌ တာဝန်ယူလိုစိတ် ကင်းလိမ့်မည်။
အချစ်သည် တာဝန် (အချစ်=တာဝန်) ဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။
အချစ်စိတ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်ပါသည်။

အကျဉ်းအားဖြင့် ဆိုရသော်.. (မည်သူနှင့် မည်သူ့ကြားတွင်မဆို ရှိသော) အချစ်သည် တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ဖြည့်ဆည်း မြှင့်တင် ပေးလိုသည့် ဆန္ဒကလေးသာ ဖြစ်ပါသည်။

*
အချစ်သည် ပကတိ အဖြူရောင်ပင် ဖြစ်သည်။

*
ချစ်သူ၏ ဘဝတွင် ကိုယ်မှ မရှိမဖြစ်ပါဘူးဟု ကိုယ့်ဘက်က ယုံမှတ်လာသော အချိန်တွင် ရယူပိုင်ဆိုင်လိုသော ဆန္ဒ ဖြစ်ပေါ်လာပါသည်။ ဤသည်မှာ သူ့အတွက် အကောင်းဆုံး မှန်သမျှ ကိုယ်ကသာ ဖန်တီးပေးနိုင်သည်ဟု ယုံကြည်ခြင်းကြောင့်သာ ဖြစ်၏။

ကိုယ့်ချစ်သူကို ကိုယ်ကသာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးလိုခြင်းမှာ ချစ်သူတွေ၏ တကိုယ်ကောင်းဆန်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ...
ထို တကိုယ်ကောင်းဆန်မှုသည်ပင် အလွန်တရာ
ဖြူစင်သော အတ္တ
အလွန်တရာ
လှပသော စေတနာ
အလွန်တရာ ချစ်စရာကောင်းသော ကိုယ့်ကိုကိုယ် အထင်ကြီးမှု လည်းဖြစ်၏။


*

အချစ်သည် ကမ္ဘာတည်သရွေ့ ရှည်လျားမည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်။


*

စာကြွင်း


(လောကမှာ သေချာမှသာ ပြောကြစတမ်း ဆိုလျှင်တော့ လူ့စကားသံတွေ ဆိတ်သုဉ်းကုန်လိမ့်မည်။

အချစ်ဆိုတာကို မသိပါ။ သို့သော်...

သူ့ကို ချစ်တဲ့ အချစ်နဲ့သာ ရှင်သန်လှုပ်ရှား နေချင်တယ်။

သူ့ကို ချစ်နေတဲ့သူအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားချင်တယ်။

သူ့ကို ကိုယ်ချစ်နေတယ်လို့ (သူအပါအ၀င်) တလောကလုံးကို အသိအမှတ်ပြုခိုင်း ထားချင်တယ်။

သူ့ကိုပဲ အမြတ်တနိုး အရိပ်တကြည့်ကြည့် ချစ်နေချင်တယ်။

ကိုယ့်ရဲ့ မဟောင်းနိုင်တဲ့ အိပ်မက်တစ်ခုအဖြစ် ထပ်ခါထပ်ခါ အိပ်မက်နေချင်တယ်။


အင်မတန် တင်းကြပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းထားတဲ့ ...ချိုးဖျက်ဖို့ ခဲယဉ်းပြီး ကြီးလေးတဲ့ အပြစ်ဒဏ် ကျခံရစေနိုင်တဲ့ စာချုပ်တစ်ခုပေါ်မှာ သူ့ကို ကိုယ် ချစ်နေကြောင်း ခံဝန်ချက်ထားချင်တယ်။


အဲဒီ အကြောင်းတွေကြောင့်

(သေချာသည်ဖြစ်စေ.. မသေချာသည်ဖြစ်စေ)

သူ့ကို

ချစ်တယ်


***

2ooo ခုနှစ် အလယ်
လောက်မှာ ရေးဖြစ်တယ်... စာဖတ်တဲ့ သူငယ်ချင်းတွေကြားမှာတော့ နည်းနည်း hot ဖြစ်ခဲ့တာပေါ့..ဒီစာလေးကို မြန်မာပြည်ကနေ တကူးတက သယ်လာခဲ့မိတာ..Identity ပြသလိုဖြစ်နေတဲ့ စာပိုဒ်တချို့ကိုပဲ ဖြုတ်ပြီး အရင်းအတိုင်းနီးပါးပဲ တင်ထားပါတယ်..


ထုံးစံအတိုင်းပါပဲ .. ရေးပြီးကာစ အဲဒီအချိန်ကတော့ တော်တော်ဟုတ်လှပြီ..ငါကွ ဆိုပြီး လက်မထောင်ချင်ခဲ့တဲ့ အရေးအသားတွေပေါ့လေ... ခုနေပြန်ဖတ်တော့ ဘာတွေမှန်းကို မသိဘူး.. ရီလဲ ရီချင်တယ်..


၁ဝ စုနှစ် တစ်ခုစာ နီးပါး ကြာခဲ့ပြီလေ။


ရှည်တာ အပြင် တကယ်တမ်း တစုတစည်းတည်း ဖတ်ရင် ဟိုရောက်ဒီရောက်နဲ့ harmony မဖြစ်တာမို့ တူရာစာပိုဒ်တွေ ခွဲစုပြီး အပိုင်းလိုက်ပဲ တင်လိုက်ရတယ်။ (လုပ်စားတာ .. တပေါင်းတည်း သွားမဖတ်ကြနဲ့နော် ..မှားမယ်)


ပြန်တင်တဲ့ အချိန်မှာ ပြင်တော့ ပြင်ချင်တယ် .. ဒါပေမယ့် idea တွေ လုံးဝကို ခန်းခြောက်နေပြီ..

(အချစ် ဆိုတာ အရင်ကလို နှလုံးသားကို လိပ်ပြာကလေးတစ်ကောင် ဖြစ်အောင် မတတ်စွမ်းနိုင်တော့ဘူးကွယ်)

ဘာပဲဖြစ်ဖြစ်..ငယ်ငယ်က အရေးအသားတွေဟာ နေရာတော်တော်များများ အူကြောင်ကြောင် နိုင်ပေမယ့် အတွေးနောက်ကို အရေးက လိုက်နိုင်ခဲ့သေးတယ်..ခုတော့ တွေးမိတာတစ်ခုကို ဘယ်လို presentation နဲ့ ပြရမလဲဆိုတာ စဉ်းစားရင် အကြိမ်ကြိမ် ကြိတ်စက်ထဲက ထွက်လာတဲ့ ကြံဖတ်တွေသာ ပြေးမြင်မိတော့တယ်။


(အော် .. အသက် ၂ဝ လောက်တုန်းကတော့ အချစ်ကို အဲဒီလို ............... ခဲ့ဖူးတယ်)


***
PS
- ဂျူး ရဲ့ ချစ်ခြင်း၏ အနုပညာ ကိုတော့ ခုချိန်ထိ ယုံကြည်စွဲလမ်း နေတုန်းပဲ။
အတိအကျပြောရရင် ချစ်ခြင်း၏ အနုပညာ ကနေ ကိုယ်ရလိုက်တဲ့ message ကို...

အဲဒီ အကြောင်းကို ဒီ post မှာ နည်းနည်း ထည့်ရေးထားမိတယ်။

ဒီ နောက်ဆုံးပိုင်းကတော့ ချစ်ခြင်း၏ အနုပညာ ရဲ့ လွှမ်းမိုးမှု အတော်များများနဲ့ ရေးဖြစ်ထားတာပါ။

(20th Dec 2009)


***

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၅)


Pic from Here

ယခင် post မှ အဆက်

* အချစ်ဆိုတာ တကယ်တော့ တစ်ယောက်ရဲ့ ကံတရားအတိုင်း တစ်ယောက်က ဝေမျှခံစားသွားချင်တာ...


* တစ်ယောက်ရဲ့ ဘဝလမ်းခရီးကို တစ်ယောက်က ပတ်သတ်ပါဝင် လျှောက်လှမ်းရင်း ကြုံတွေ့လာရမယ့် အတွေ့အကြုံ အဆိုးအကောင်း မှန်သမျှကို အတူတကွ ရင်ဆိုင်လက်ခံပြီး ကူညီဖြေရှင်းပေးချင်တာ...


အဲဒါပါပဲ...


အဲဒီ ဆန္ဒကလေးကို အချစ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်

*
ပိုင်ဆိုင်လိုခြင်းတော့ ရှိပါသည်။ ရှိကို ရှိရပါလိမ့်မည်။

(ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ)


*

သို့သော် ပိုင်ဆိုင်လိုခြင်းသည် ခြယ်လှယ်လိုခြင်း မဟုတ်။ ချုပ်ကိုင်လိုခြင်း မဟုတ်။

ဖြည့်ဆည်းလိုခြင်း ၊ မျှဝေလိုခြင်း ၊ တာဝန်ယူလိုခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်လိုခြင်းသာ ဖြစ်ပါသည်...


အချစ် ၌ အကြောင်းပြချက်မရှိ... ဒါကိုတော့ လက်ခံရလိမ့်မည်... အကြောင်းပြချက်ရှိလျှင်လည်း ရိုးသားမှု မရှိနိုင်ပေ။


သို့ပေမယ့် အချစ်၌ အချိန်တစ်ခုတော့ဖြင့် ရှိပါသည်...လူနှစ်ယောက် ချစ်သူတွေ ဖြစ်သွားဖို့ ကန့်သတ်လို့မရတဲ့ အချိန်တစ်ခုပေါ့...


ထိုအချိန်မှာ ဘယ်အရာကမှ (အခြားမည်သူ တစ်ဦးတစ်ယောက်ကမှ) သူတို့နှစ်ယောက်ထက်ပိုပြီး သူတို့နှစ်ယောက်အတွက်
အရေးမကြီးနိုင်သော အချိန် ဖြစ်၏။

ဒါဟာ သူတို့အတွက် အခြေအနေလည်း ဖြစ်ပြန်ပါသည်...


*

အချစ် ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တာဝန်ယူလိုတဲ့ ဆန္ဒပါပဲ။ ဒါသိပ်ကို သေချာပါသည်။


*

အချစ်၌ မျှော်လင့်ခြင်း
လည်း ရှိ၏။

ထို မျှော်လင့်ခြင်းမှာ "ကိုယ် ချစ်ရသူရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းပေးရန်" ပင် ဖြစ်သည်။


*

ကိုယ်က ပေးလိုက်ရပေမယ့် လျော့ပါးသွားတယ် မရှိဘဲ ပေးလိုက်ရတာထက် အဆပေါင်းများစွာ ပြီးပြည့်စုံသွားသလို ကျေနပ်နေနိုင်တဲ့သူ ရှိတယ် ဆိုရင် အဲဒါ "အချစ်ရှိတဲ့ သူ" ပါပဲ...


*

အချစ် ဆိုတာဟာ သူ့ကို ပေးနိုင်သလောက် ကိုယ့်မှာ ပြည့်စုံတဲ့ အရာ
ဖြစ်ပါတယ်။


*

to be continued

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၄)


Pic from Here

ယခင် post မှ အဆက်

ကိုယ်က အဖြူရောင်ကို နှစ်ခြိုက်စွဲလမ်းနေသည့် အချိန်မှာမှ သူကလည်း ပို၍ပင် အဖြူရောင် ဆန်နေခဲ့တော့သည်။

သူ့ရဲ့ မည်သို့သော အပြုံးမျိုးပင် ဖြစ်စေ၊ မည်သည့် အချိန်မှာပင် ဖြစ်စေ
ကိုယ့်ကို ရင်ခုန်နှစ်သိမ့်စေပါသည်။ သူ့ရဲ့ အဖြူရောင် အပြုံးတစ်ချက်နဲ့တင် ကိုယ့်အတွက်တော့ ကျန်တဲ့ အရာအားလုံး မှေးမှိန်သွားခဲ့ပြီ။

ကိုယ်တို့ ဝေးကွာနေသည့် ကြားကာလ အချိန်တွေ ရှိမနေခဲ့ဘူး ဟူ၍ပင် ထင်မှတ်ရပါသည်။

*
(ချစ်သူ..
မနေ့တနေ့ကလိုပဲနော်
ဒီအပြုံးတွေနဲ့ ခံစားမှုတွေ နိုးထစေလို့

မင်းနဲ့ ငါ့ရဲ့ အကြောင်းကို

မဟောင်းသေးဘူးပဲ ထင်မိတယ်)

*
လူတစ်ယောက်ကို နှစ်ရှည်လများ မမေ့မပျောက်နိုင်အောင် တွယ်တာစွဲလမ်း နေစေသည့် အကြောင်းရင်း တစ်ခု ရှိသည်ဆိုလျှင် အဲဒါ "အချစ်" ကလွဲလို့ ဘာများဖြစ်နိုင်ပါဦးမလဲ။

*
သစ်ပင်တစ်ပင်ကဲ့သို့ တဖြည်းဖြည်း မြင့်မား ခိုင်မြဲလာတတ်သော အချစ်သည် ပင်လယ်ဒီရေကဲ့သို့ တမုဟုတ်ချင်း ပြောင်းလဲတတ်သည့် တပ်မက်စွဲလမ်းမှုလို အတက်အကျ မမြန်ဘဲ လွန်ကဲစွာ ငုပ်လျှိုး သိုသိပ်တတ်လေသည်။

သို့သော် ...
သစ်ပင်တစ်ပင်ကဲ့သို့ အချစ်သည် ဖွင့်လှစ်ပြသရန် လိုအပ်လာသောအခါ ...
မီးတောက်မီးလျှံများကို သူ့ရင်ခွင်ထဲမှာ နှစ်လကြာရှည်စွာ သိမ်းဆည်းထားခဲ့ရသည့် နှစ်ချို့ မီးတောင်တစ်လုံး ပေါက်ကွဲသည်ထက်ပင် ပို၍ ပြင်းထန်ပြတ်သား နိုင်သည်။

* အချစ်သည် ပုန်းကွယ်တတ်၏... ထို့အတူပင် အချစ်သည် လွင့်စင် ပေါက်ကွဲတတ်၏...

* အချစ်သည် သိုသိပ်၏... အချစ်သည် ရုန်းကြွ၏...

* အချစ်သည် မျိုးစေ့ကလေးမှ သန္ဓေတည်ကာ တဆင့်ချင်း မြင့်မားလာတတ်သည့် နှစ်ရှည် သစ်ပင်ဖြစ်၏...
အချစ်သည် အင်မတန် ခြောက်ခြားစရာကောင်းသောာ Atom Bomb တစ်လုံး ဖြစ်၏...

* အချစ်သည် လွင်ပြင် မြေညီမှာ တည်ရှိနေတတ်သည့် တငြိမ့်
ငြိမ့်သာ စီးဆင်းလာတတ်သည့် စမ်းချောင်းတစ်ခုဖြစ်၏...
အချစ်သည် အသူရာနက်သည့် ကမ်းပါး
ချောက် အတွင်း အရှိန်ပြင်းပြင်း ကျဆင်းနေသော ရေအလျဉ် ဖြစ်၏...

*

အချစ်သည် မည်သို့ပင် အဓိပ္ပါယ် ဖွင့်ဆိုစေကာမူ မပြည့်စုံနိုင်စကောင်းသော အရာဖြစ်၏...

အချစ်သည် အချစ်ဟူသော စကားလုံး အားဖြင့်ပင် အမျိုးမျိုး အပြားပြားသော အဓိပ္ပါယ်ကို ဆောင်ကာ ပြည့်စုံစွာ တည်ရှိနေ၏...

***

တကယ်တော့ အချစ် ဟူသော အရာ၌ အချစ်ကလွဲပြီး ဘာမှ မရှိ
...


to be continued

***
(ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ရီချင်နေတော့တယ်)

Saturday, December 19, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၃)


Pic from Here

ယခင် post မှ အဆက်...

"အချစ်" ဆိုတာ ဘယ်လို ခံစားမှုမျိုးလဲတော့ ပြောမပြတတ်ပါ...

သို့သော် သူ့အပေါ်မှာ ရှိနေသည့် ခံစားမှုတွေကိုတော့ "အချစ်" ဟု ခေါင်းစဉ်တပ်လျှင် ဆီလျော် သင့်တော်မည် ထင်ပါသည်။

* အမြဲတမ်း တွေ့နေချင်တာ...
* စကားသံတွေ နားထောင်နေချင်တာ...
* ကိုယ့်မျက်စေ့အောက်မှာပဲ သူ့ကိုထားပြီး၊ သူ့မျက်စေ့အောက်မှာ ကိုယ်ပဲ ရှိနေချင်တာ...
* စကားတစ်ခွန်းမှ မပြောရတောင် တိတ်တိတ် ဆိတ်ဆိတ် ရင်ခုန်နေရုံ သက်သက်ပဲ ဖြစ်ဖြစ် ငေးမောနေချင်တာ...
* သူ့အတွက် လိုအပ်သည့် အရာအားလုံး လိုအပ်ချိန်တိုင်း ဆောင်ကြဉ်း ပေးအပ်နိုင်ချင်တာ...
* ကိုယ်ဟာ သူ့အတွက် ချမ်းမြေ့ နှစ်သိမ့်ရာ ဖြစ်နေချင်တာ...

ထိုကဲ့သို့သော ခံစားမှုမျိုးကိုမှ အချစ်ဟု ခေါင်းစဉ် မတပ်လျှင် မည်သို့သော ခံစားမှုမျိုးကို အချစ် ဟု ခေါင်းစဉ်တပ်ပါမည်လဲ...

"အချစ်" ဆိုတာ ဘာလဲတော့ မသိပါဘူး... တကယ်ကို မသိပါဘူး...
ဒါပေမယ့် သူ့အပေါ်မှာ ရှိနေတဲ့ ခံစားမှု အားလုံးဟာ အချစ် လို့သာ ထင်ပါတယ်...

ဒီ့ထက် သေချာတာ တစ်ခုက အဲဒီ အချစ် ဆိုတဲ့ အရာကို သူ့တစ်ယောက်တည်းဆီကသာ ရချင်တယ် ဆိုတာပါပဲ...

*
(အဆုံးစွန်ထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကိုယ့်ရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

*
to be continued...

Monday, December 14, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၂)



ယခင် post
မှ အဆက်....

သူက ကိုယ့်ရဲ့ အိပ်မက်ဟောင်းတွေကို စိုးမိုးခဲ့တဲ့သူ

ကိုယ့်ရဲ့ ရင်ခုန်သံတွေကို ထွန်းညှိခဲ့တဲ့သူ
ကိုယ့်ရဲ့ ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ
အနှစ်နှစ် အလလက တွယ်တာ စွဲလမ်းခဲ့ရပြီး မြတ်နိုး တန်ဖိုးထားခဲ့ရသူ
...

သူက အင်မတန်မှပင် အဖြူရောင်ဆန်ပါသည်


အဖြူရောင်ကဲ့သို့ ကြည်လင် သန့်စင်သည်... ထို့ကြောင့် သူ့ကို
ကိုယ် ဂရုတစိုက် ယုယ လိုပါသည် အဖြူရောင်ကဲ့သို့ ရိုးရှင်း သက်ငြိမ်သည်... ထို့ကြောင့် သူ့ကို ကျွန်မ တသသ အရိပ်ကြည့် နေချင်သည် အဖြူရောင်ကဲ့သို့ ပကတိ သိမ်မွေ့သည်... ထို့ကြောင့် သူ့ကို ကျွန်မ အမြတ်တနိုး ချစ်ခင်သည်
အဖြူရောင်ကဲ့သို့ ကျွန်မ၏ စိတ်နှလုံးကို ပေါ့ပါးလွတ်လပ်ကာ ချမ်းမြေ့ နှစ်သိမ့်စေသည်... ထို့ကြောင့် ကျွန်မ သူ့ကို လေးလေး နက်နက် တန်ဖိုးထားပါသည်

*
(အချစ် ဆိုတာ ပေးလိုက်ရတာချည်း မဟုတ်သလို ရရှိလိုက်တာချည်းလဲ မဟုတ်တဲ့ တိုက်ရိုက် လဲလှယ်တဲ့ စနစ် တစ်ခုလို့ သိခွင့်ရလိုက်တယ်)

*
(အဲဒါ သူ့ဆီမှာတွေ့ရှိ
ကိုယ် ရှာဖွေမိတဲ့ အချစ်ပေါ့)

(to be continued)

***
ဝန်ခံချက်။
----------
တတိယ စာကြောင်း "
ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ" ဟူသော စာသားမှာ ၁၉၉၄/၅ တဝိုက် "မြားနတ်မောင် မဂ္ဂဇင်း" ပါ "ဆရာ မြမြင်းမိုရ်" ၏ "အချစ်ဟောင်း" ကဗျာမှ စာသား ဖြစ်ပါသည်။

Sunday, December 13, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၁)

2000 လောက်မှာ ရေးဖြစ်တဲ့ (so-called) essay
မနှစ်က ဒီလို ချိန်လောက်မှာပဲ blog မှာ တင်ထားခဲ့သေးတယ်။
အဲဒီတုန်းက blog မှာ ဘယ်သူနဲ့မှ သိပ်မသိသေးဘူး။
နန်းညီဆီသွားတော့ သူက ပြန်လာပြီး comment ပေးသွားတယ်။

***
ပြန်တင်ချင်စိတ် ပေါက်လာလို့ ပြန်တင်လိုက်တာ။
အဲဒီ အရေးအသားတွေ ပြန်ဖတ်ရတာတော့ ရီချင်မိတယ်။
အဲဒီ (so-called) essay ရဲ့ နောက်ပိုင်းနား (အပိုင်း -၆) ကတော့ "ချစ်ခြင်း၏ အနုပညာ" ကို စိတ်ထဲစွဲပြီး ရေးခဲ့မိတယ်။

တပိုင်းလုံး ခြုံပြောရင်လဲ style က ဟိုမရောက် ဒီမရောက် လို့ ထင်မိတယ်။
ငယ်ငယ်က အများဆုံး လွှမ်းမိုးခဲ့တာ ဂျူး ပါပဲ။

***
post အသစ် တင်လို့ post အဟောင်း ကိစ္စ ပြီးသွားပြီလို့တော့ မဟုတ်ပါဘူး။
ပြောချင်တာ ရှိရင် လာပြောပါဦး။ နားထောင်ချင်ပါသေးတယ်။ အသံတွေကို...

***

အစကတော့ 1st December မှာ ကဗျာ အဟောင်းတစ်ပုဒ်ကို ပြန်တင်မလို့ဟာ။
နေ့ရွှေ့ ရက်ရွှေ့ လုပ်လိုက်မိတာ... ကွေးသောလက် မဆန့်ခင် ကိစ္စနဲ့ တိုးတော့တာပဲ။
ခု အဲဒီ ကဗျာ တင်မယ် လုပ်တော့ ပြန်ဖတ်ကြည့်ပြီး မတင်ချင်တော့ဘူး။

ဒါနဲ့ပဲ...

***


pic from Here

မြောက်မြားလှစွာသော အရောင်များအနက် ကိုယ့်အတွက် နှစ်သက်မက်မောဖွယ် အကောင်းဆုံးမှာ အဖြူရောင်သာ ဖြစ်ပါသည်။


အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်…
ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…


ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…

စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသော စိတ်… မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …

အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…

…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…

အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…

အဖြူရောင်က ကိုယ့်ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..
တဆိတ် ကျေးဇူးပြုပြီး သံသယ မဝင်စေလိုပါ…


ယခင်က ကိုယ်သည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…

*
(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်

ခူးယူခဲ့ပြီး ပြန်တော့
မစိုက်မိဘူး)


*
သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…

ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကိုယ့် အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…

*
ကိုယ်ကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…
ဂရုစိုက် အရိပ်ကြည့်နေချင်သည်…
လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…


အဖြူရောင်ကို ဝတ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…

လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ခံယူလာခဲ့ပါသည်။

*
ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကိုယ် စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။

(to be continued)

Sunday, November 8, 2009

ချစ်သူ မသိသော အလွမ်းများ



လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေ လွင့်နေတယ်။
လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ…
တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်း ပြောခဲ့သလားဟင်…

*
တွေ့နေကျနေရာမှာ အကြာကြီး ထိုင်စောင့်နေမိတယ်…
လာမယ် ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…

*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတက်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ် ဘာလုပ်ရမလဲ ဟင်…

*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေနေရမလား…
မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…

တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ် မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*

ကိုယ်ရေးတဲ့ စာတွေကို၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…
ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်း နားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…
ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာ စားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်း ရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင် မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…
ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…
သံယောဇဉ်တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

***
(My Suboo မှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )

မြန်မာပြည်မှာတုန်းက ရေးခဲ့တဲ့ post...
တပတ်ကြာအောင် နယ်ကို ခရီးထွက်သွားတုန်း ရေးခဲ့တာ။

Sept 2008, blog မှာ ဒု- အကြိမ် ပြန်တင်ဖြစ်တယ်။
ခု blog မှာပဲ တတိယ အကြိမ်။

လွမ်းလို့...
:(

***

Sunday, November 1, 2009

မို့မို့ ရဲ့သီချင်း


ချစ်သူသို့


ချစ် သူလေးရယ်
ဝေး နေကြတယ်
နေ့ နဲ့ ညတွေ မဟောင်းနွမ်းဘူး
ရင်မှာ မပြောင်းလဲဘူး အချစ်ရယ်...

တွေး နေတော့ကွယ်
ကိုယ်နဲ့ မင်းနဲ့ နေချိန်များရယ်
တွေ့ဖို့ ရက်တွေ နီးနီးလေး
ရင်မှာ အမြဲ မှတ်ထားမိတယ်

Cho:

(အချိန်တွေ ပြောင်းနေ
နေရာဟောင်းတွေ
ကိုယ်လေ အမြဲရှိနေ ပါတယ်/ မှာပါ

အတူပျော်ရမယ့် နောက်ရက်တွေ
မျှော်လင့်ရင်းလေ

ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ ဝေဒနာ
တကယ်ကို မထားနဲ့ စိတ်ချစွာ
ယုံကြည်ထားပါ)

စိတ် တွေသွားရာ
ကိုယ်လေ လိုက် နေမိတယ်
မင်းရဲ့ ပုခုံးပေါ် လဲလျောင်းရင်း
ကိုယ်တို့ မခွဲတော့ဘူး အချစ်ရယ်

နေ့ စဉ် အလွမ်းတွေ
ရင်ကို ကြမ်းတမ်း ဝင်ရောက်နေ
ဒီသီချင်းလေးနဲ့ အတူ ကိုယ့်အချစ်များ
တကယ်ကို
မင်းအတွက် အေးချမ်းစေ

Cho:

(ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ထာဝစဉ် အချစ်တို့ တည်နေရာ
ဘယ်ခါ မပြောင်းလဲ သိပ်ချစ်မှာ

ယုံကြည်ထားပါ


အချိန်တွေ ပြောင်းနေ
ပြန်ဆုံမယ် နေ့တွေ
ကိုယ်လေ အမြဲစောင့်နေမှာပါ

တကယ်ကို အေးချမ်းမယ့် အပြုံးတွေ မျှော်နေဆဲပါ)

***
မို့မို့ မဖြစ်ခင်က သီချင်းလေး။

ကျောင်းမပြီးခင်တည်းက မြဝတီမှာ တခါတလေ နားထောင်ခဲ့ဖူးတယ်။

သူ့ရဲ့ ပထမဆုံး single ခွေမှာ ပါခဲ့တာ။


သီချင်းနာမည် မမှတ်မိတော့ဘူး။

စနားထောင်ကတည်းက ရင်ထဲ ဝင်သွားတဲ့ အရေးအဖွဲ့နဲ့ သံစဉ်ပါပဲ။

ရေးတာကတော့ "
မျိုးကျော့မြိုင်" ပါ။

ရှာနေမိတာ ကြာပြီ။

net လည်း သိပ်မကျွမ်းတော့ ခုမှ တွေ့တယ်။
တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့ ကောက်တင်လိုက်ပါတယ်။

သီချင်းနာမည် ရလိုရငြား မို့မို့ရဲ့ website ကို ရှာတာလဲ မတွေ့ဘူး။
အရင်ကတော့ ဝင်ကြည့်ဖူးတယ်။ ခုတော့ မရှိတော့တာလား၊ ကိုယ်ပဲ မတွေ့တာလား မသိတော့ပါဘူး။
title မသိတော့ you tube က MTV ရှာချင်တာလည်း ရှာလို့ မရတော့ဘူးပေါ့။
:(

သိတဲ့သူ ရှိရင်လည်း ပြောသွားကြပါဦး။

***
ဒီနေရာ မှာ download လုပ်ဖို့။
အပေါ်က title အသေးမှာ click လုပ်လဲ ရပါတယ်။

နားထောင်ဖြစ်အောင် ထောင်ကြည့်လိုက်ပါ။
နောင်တ မရစေရပါဘူး။
:)

***
သီချင်းနာမည် "ချစ်သူသို့" လို့ ပြောပြသွားတဲ့ co coe ကို သိပ်ကျေးဇူးတင်ပါတယ်။
Album title လည်းဖြစ်ပါတယ်။

***

အချစ်က အမှား



ကျန်နေသေးတဲ့ ဘဝခရီးတွေ ကိုယ် တစ်ယောက်တည်းတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ...


အကြိမ်ကြိမ် အနူးအညွတ် ပန်ကြားလာ

ကိုယ်မျှော်လင့်တဲ့ ဘဝတကွေ့မှာ

တို့ နှစ်ယောက်အတူ မခွဲမခွာ


မှားလား

အချစ်များ အကုန်လုံး မင်းအတွက်
ငါလည်း ရူးတော့မယ် အချစ်ရာ

အဆုံးအဖြတ်

အချစ် အမုန်း

နောက်ဆုံး ပြောဦး

တစ်စုံတစ်ခု မင်း ရွေးချယ်ပေးပါ...


ဒီဘဝက မှားနေလား


...

ကိုယ့်အမှားလားကွယ်

မှားနေလား

...

Tuesday, October 13, 2009

လွမ်းတဲ့ မှတ်တမ်း

အဲဒီ တစ်နေ့က မိုးဖွဲဖွဲ ရွာတဲ့နေ့ပေါ့။
ပျင်းပျင်းရိရိနဲ့ ကိုယ်​ ရုံးသွားတဲ့အချိန်...


လမ်းထိပ်ကိုရောက်တော့ တူတူ လျှောက်လာတဲ့ မိန်းကလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်က လာကြိုတယ်။ မြန်မာအတွဲလို့တော့ ကိုယ်မထင်ပါဘူး။ ဒီကအတွဲပဲ ထင်ပါတယ်။
သိပ်တော့ မသေချာဘူး။ ကိုယ်က လူကဲခတ်ညံ့တယ်လေ။


သူတို့နှစ်ယောက်က ကိုယ့်ရှေ့က လျှောက်နေကြတော့ ကိုယ်လဲ နောက်ကနေ စိတ်ဝင်တစား ကြည့်နေမိတယ်။ ကောင်လေးက
သူ့မိန်းကလေးရဲ့ ထီးကိုရော... လွယ်ထားတဲ့ အိတ်ကိုရော သူပဲယူပေးတယ်။

မြင်ယောင်ကြည့်စမ်းပါ။
မိုးတဖွဲဖွဲအောက်မှာ
ချစ်သူစုံတွဲလေး တူတူ လမ်းလျှောက်နေတဲ့ပုံစံကို...
အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း ကောင်လေးတစ်ယောက်က သူ့မိန်းကလေးရဲ့ အိတ်ကို လွယ်ပြီး မိန်းကလေးကို ထီးမိုးပေးနေတဲ့ ပုံစံကို...


ကိုယ်တောင် ပြုံးမိတယ်။

နောက် ကောင်လေးဖုန်းက မြည်လာတော့ ထီးတဖက်နဲ့ မအားတဲ့ ကောင်လေးက သူ့မိန်းကလေးကို ဖုန်းကိုင်ခိုင်းတယ်။ ကောင်မလေးက ပထမတော့ ဖုန်းကို သူ့ကောင်လေး နားမှာ ကပ်ပြီး ပေးသေးတယ်။ မမီမကမ်းနဲ့ ဆိုတော့ နောက်တော့ ကောင်မလေးက သူပဲ ယူပြီး ပြောလိုက်တယ်။

ဘာမှတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုယ့်မျက်စေ့ထဲမှာတော့ တော်တော် ချစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။


***
အဲဒီတော့...

မင်းကို
ကိုယ် လွမ်းတယ်။

***
ဒီစကားတွေ ကိုယ်တောက်လျှောက်ပြောတော့ တဖက်မှာ တိတ်တဆိတ် ပြုံးနေခဲ့လိမ့်မည် ထင်သည်။
နောက်တနေ့မနက်
တစ်ကြောင်းတည်းသာ ပါသည့် စာတစ်စောင် ရောက်နှင့်သည်။

"အချိန်တွေ အကြာကြီး တစ်ယောက်တည်းဖြစ်နေစေခဲ့တာကို ခွင့်လွှတ်ပါ။"


***
အချစ်ဆိုတာ...
တခါတလေတော့

ဖြေလျော့ပစ်ခါမှ ရစ်ပတ်လာ
လွင့်ပါးစေကာမှ နှောင်ဖွဲ့လာ
ရှင်းထုတ်ပစ်ကာမှ ရှုပ်ထွေးလာ
ဝေးဝေးပြေးကာမှ နီးကပ်လာ

***


... ကြင်နာသူ ရင်ခွင်မှာ ခိုဝင်နားဖို့ ကြိုနေပါ
ရင်မှာ မေးချင်နေသော စကား

အရင်လို ကိုယ့်ကို ချစ်သေးလား


***

Sunday, October 4, 2009

နွမ်းလျအိမ်ပြန်

"လူ့ဘ၀ဆိုတာ အဓိပ္ပါယ် ကင်းမဲ့တယ်လို့ အလ်ဒတ်စ် ဟတ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို အယူအဆ အတွေးအခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်။ တခြားကလေးတွေ နေတဲ့ကျောင်းကို ပို့ပြီး အသက်ကြီးလာတော့ တခြားလူတွေ နေသလို နေခိုင်းမလား။"

"တင်မေ့ သဘောကျ မွေးပေါ့ကွယ်"

"အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေနဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်။"

"တော်ပါတော့ မေရယ်။ မင်းဟာက အတွေး တ၀က်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ပဲ။"

"တင်မေ့ဘ၀ဟာလည်း တ၀က်ပြတ်ပါပဲ။"

***
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။


လှမ်းမီပေမယ့်

မောနေပါ့မယ် ခူးမလွယ်ဘူး

မြေ၀ယ်လျောင်းစင်း မောင့်ခြေရင်းက

သက်ဆင်းကြွေလွင့် ခရေပွင့်လေ...


အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

***

ဆရာက မောလျသည့် လေသံကလေးဖြင့် "ကြွေပွင့်ဆိုတာ ဘယ်သူလဲကွယ်" ဟု မေးလေရာ...

"ကိုကျော်နဲ့ ပေးစားမယ် ဆိုတဲ့ မိန်းကလေးလေ။"

တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင် စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှိ၏။
အချစ်သည် သေခြင်းလို ပြင်းထန်ပြီး၊ သ၀န်ကြောင်စိတ်သည် မြှုပ်သည့် ကျင်းပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာလေးသာ မှန်သောသစ္စာတရား ဖြစ်လျှင်တော့ တင်မေသည် ကိုကျော်ကို ချစ်လည်းမချစ်၊ သူ့ကောင်မလေးကိုလည်း သ၀န်မကြောင်ဟု ဆိုရပေတော့မည်။

ကိုယ့်ဘာသာလည်း ၀န်ခံ၊ ဖွင့်ပြီးလည်း ပြောမိသေးသည်မှာ...
"ဒီကောင်မလေးဟာ ကိုကျော့်အဖို့ တင်မေ့ထက် ပိုပြီး သင့်တော်တာပဲ။"

သူ့ကောင်မလေး၏ ထင်ရှားသည့် ဂုဏ်မှာ အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်။
မိခင်၏ ကြင်နာခြင်းမျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မိန်းမ၏ အချစ်အပြင် ရရှိပေဦးမည်။
ဘယ်လောက်တော်သည့် ယောက်ျားမျိုးပဲ ဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်မောသည်ဟု ထင်မိလေသည်။

ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။

(ကြည်အေး - နွမ်းလျအိမ်ပြန် မှ)

(စာကြွင်း။ ။ အဲဒီ Theory ကို ခုထိ နားကို မလည်နိုင်သေးဘူး။
ဘာကို ပြောချင်မှန်းကို မသိတာ။)

***

ဖတ်စရာ ရှိတာ၊ ကြည့်စရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ ပစ်ပြီး ခုတလော "နွမ်းလျအိမ်ပြန်" ကို ရောက်တဲ့နေရာက ကြုံသလို အပြန်ပြန် ဖတ်နေမိတယ်။

***
ဟိုအဝေးမှာ

မင်း...


ရှိသလား ... ချစ်သူရယ်...


တလက်လက် လင်းတဲ့ ကြယ်ကလေး ဆီမှာလေ...

(Rita - လွင့်ပါးပျောက်ရှ မှ)

***
Update :

အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။

'64 ခုနှစ်ဆီက အရေးအသားလေ။
(တကယ်ရေးခဲ့တဲ့ အချိန်က 1945 ၀န်းကျင်လောက်မှာ ဖြစ်နိုင်ပါတယ်... 1964 က 1st publication လုပ်တဲ့အချိန်)
ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။

တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
:)

(မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)

တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။

ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

***

Monday, September 21, 2009

You jump, I jump!



ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***
ဂျူး ရဲ့ "ရေကူးသင်ခြင်း" (နာမည် မသေချာပါ) ကို သတိရမိ။
သူ့ချစ်သူနဲ့ သူ လှေတူတူစီးရင်း "ခုနေ လှေမှောက်ရင် နင် ဘာလုပ်မလဲ ဟင်" လို့ မေးတော့ ချစ်သူက သူရေမကူးတတ်မှန်း သိရက်နဲ့ သူ့ကို အရင် ဆယ်မှာပေါ့ လို့ မပြောဘဲ "ကမ်းခြေကိုရောက်အောင် ရေကူးပြေးမှာပေါ့" လို့ ဖြေလိုက်လို့ အဲဒီလူကို ဖြတ်လိုက်ပြီးတဲ့နောက် ရေကူးချန်ပီယံ ဖြစ်တဲ့ထိ ရေကူးသင်ခဲ့တဲ့ မိန်းကလေး တစ်ယောက်အကြောင်း။

ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်တဲ့ မိန်းမတစ်ယောက်ဟာ ရေကူးတတ်ဖို့လိုသတဲ့။

ဖတ်ကာစကတော့ တိုက်ရိုက် အဓိပ္ပါယ်ကိုပဲ ယူလို့ ပြုံးမိတယ်။
ဒါပေမဲ့ မြှုပ်ထားတဲ့ အဓိပ္ပါယ်တွေ အဲဒီ ၀တ္ထုမှာ ရှိနေသေးတယ်။

ဘ၀မှာ မုန်တိုင်းကျလို့၊ လှေမှောက်လို့ စသဖြင့် ရေထဲမျောနေတဲ့အခါ...
ရာသီဥတု သာယာစဉ်ကလို ဘေးမှာ ဖေးမတွဲ
ကူမယ့်သူ အမြဲ ရှိနေပါမယ်လို့ ဘယ်သူမှ မသေချာနိုင်ဘူး မဟုတ်လား။

ကိုယ်တိုင် ရှင်သန်ဖို့ ကိုယ်တိုင်ပဲ တတ်နိုင်တယ်။


***
မင်းခိုက်စိုးစံ ရဲ့ "ကမ်းခြေ" ဆိုလား၊ ဒါမှမဟုတ် "မွေးနေ့" ဆိုလား (အဲဒီ နာမည်တွေလဲ မသေချာပါ) ကို သတိရမိ။
အလွန် အင်မတန် ကြင်နာတတ် လူကြီးလူကောင်းဆန်တတ်တဲ့ ချစ်သူနဲ့ စက်လှေအပျော်စီးရင်း စက်လှေပျက်သလား၊ မုန်တိုင်းမိသလား မသိ၊ ပင်လယ်ထဲ မျောနေတော့မှ...

အတူ စီးလာခဲ့တဲ့ အလုပ်သမားတွေကို အသက်ကယ်လှေပေါ် ခေါ်တင်ဖို့...
နောက်ဆုံး ချစ်သူ မိန်းကလေးကိုတောင် ပါလာတဲ့ရေ ခွဲတိုက်ဖို့...
ခက်ခဲတဲ့ အခြေအနေကို ယောက်ျားပီပီသသ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့...

ခဲ ယဉ်း နေ တာ။

တချို့လူတွေရဲ့ တကယ့် စိတ်ရင်း နဲ့ အရည်အချင်းဟာ သေလုမျောပါး အခက်အခဲနဲ့ ကြုံတော့မှ အရင်းအတိုင်း ပေါ်လာတယ်။

***
တချို့က တစ်ယောက်လက်ကို တစ်ယောက်တွဲလို့၊ တစ်ယောက်ကို တစ်ယောက်ကို ပွေ့ဖက်လို့ အနီးကပ်လာတဲ့ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့ အချိန်...
တချို့တွေကတော့ အသက်ရှင်ခွင့် ရဖို့အရေး သွေးရူးသွေးတန်း လောဘတကြီး ပြေးလွှားအော်ဟစ် နေကြတယ်။

တချို့က ရှင်ရင်လဲ အတူတူ ရှင်ဖို့၊ သေရင်လဲ အတူတူသေဖို့ နှစ်ဦးသဘောတူနေတဲ့ အချိန်မှာ...
တချို့ကတော့ ရှင်သန်ခွင့် အတွက် တခြားသူကို မရှက်မကြောက် ခုတုံးလုပ်တယ်။
(အဲဒီအတွက် သူ အသက်ရှင်နေသရွေ့ သူ့ လိပ်ပြာသူ ပြန်ရှက်နေရတော့မှာပဲလို့ အလယ်တန်းကျောင်းသူ ဘ၀လောက်က ဆိုရင်တော့ တွေးကောင်းတွေးမိနိုင်တယ်။ ခုတော့လည်း အဲလို မတွေးမိပြန်ဘူး။ လိပ်ပြာ ပါမလာတဲ့သူတွေ လောကမှာ အများကြီးပဲ။)

***
အသက်ရှင်ကျန်ရစ်ရမယ့် အခွင့်အရေးက အကန့်အသတ်နဲ့သာ ရှိနေချိန်မှာ ကိုယ့်အတွက် ဘေးဖယ်ထားပြီး သူများအတွက် ပေးနိုင်လောက်အောင် ဘယ်အရာမျိုးက တွန်းအားပေးနိုင်တာတဲ့လဲ။

***
အသက် ၁၅ နှစ်လောက်က ချောင်းသာမှာ ရေနစ်ဖူးတာ သတိရမိတယ်။
ရေထဲပြုတ်ကျပြီ၊ နစ်နေပြီ၊ သေတော့မယ်လို့ ကိုယ်သိတဲ့ အချိန်... ကြောက်ရွံ့တုန်လှုပ်နေတဲ့ကြားက ငါတတ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတဲ့ စိတ်ဝင်လာပြီး ဘုရားကို အာရုံပြုခဲ့နိုင်တယ်။

ခုနေ ဒါမျိုး ဖြစ်ရင် အဲဒီလို အာရုံဟာ
အဲဒီအချိန်တုန်းကလို ချက်ချင်း ပေါ်လာနိုင်ပါ့မလား ကိုယ့်ဟာကိုယ် မသေချာတော့ဘူး။

နောက်ထပ် နေလာတဲ့ ၁၅ နှစ် အတွင်းမှာ ပထမ ၁၅ နှစ်ကထက် အများကြီး ထူထဲ နေခဲ့ပြီ။
လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေနဲ့...

***

ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***

(Rose ရဲ့ မျက်လုံးအကြည့်လေးကို တကယ်ပဲ သဘောကျမိတယ်။ လောကကို ခုမှ တအံ့တသြ စူးစမ်းလေ့လာနေတဲ့ အကြည့်)

You jump, I jump!


You jump, I jump!

You jump, I jump!

အညတရ ပန်းချီဆရာကလေးတစ်ယောက်...

သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။

အသက် ၁၀၁ နှစ်ထိ...
နောက်ထပ် နှစ်ပေါင်း ၈၄ နှစ် တောင်မှ ဆက်ပြီး အသက်ရှင်နိုင်ခဲ့တာဟာ
ဒီဘ၀ကို
(သေခြင်းဆီ ဆွဲခေါ်မယ့် ခရီးစဉ်တစ်ခုရဲ့ လက်မှတ်ဟာ ချစ်ရသူမိန်းကလေးနဲ့ တွေ့ခဲ့ရတာကြောင့် သူ့ဘ၀မှာ အဖိုးအတန်ဆုံးဖြစ်ခဲ့တယ် လို့ ဆိုခဲ့တဲ့) သူ့ချစ်သူက ပေးခဲ့တာလို့ သူ မှတ်ထင်ယူဆခဲ့လို့ များလား။

***

ဒီနေ့ Titanic ကြည့်မိလို့ ရေးဖြစ်သွားတဲ့ post... အဲဒီကား ခုမှ ကြည့်ဖြစ်တာ။
နောက်တပတ်ကျ Schindler's List ကြည့်မယ်။

***
စာကြွင်း။ ။ ကိုယ် ခုထိ ရေမကူးတတ်သေးဘူး။

***