Monday, August 8, 2011

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

ချစ်ခြင်း၏ အနုပညာ (ထူးအိမ်သင် version)

(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

ထိုနှစ်ပိုင်းအတွင်း သူနှင့် ကျွန်တော် ရံဖန်ရံခါဆိုသလို ခပ်စိပ်စိပ်တွေ့ဖြစ်ကြ၏။ တစ်ခါတစ်လေ ကျွန်တော့်ဇနီးကိုခေါ်ကာ သူ့အိမ်သွား တစ်နေကုန် စကားပြောဖြစ်သည်။ ထူးအိမ်သင် ဟု ဖြစ်လာသော သူ့ဘဝဇာတ်ကြောင်းကို ပြောပြတော့ တော်တော်ပင်ပန်းတာကို တွေ့ရ၏။

ငယ်စဉ်က စာဖတ်ဝါသနာပါသော၊ ကဗျာရေးဝါသနာပါသော၊ ဂီတကိုဝါသနာပါသော သူ့ကို လက်မခံဘဲ ဆုံးမထိန်းကွပ်မှုများသော သူ့ဖခင်အပေါ်တွင် သူ သိပ်ကျေနပ်ပုံမရ။ ထိုကြောင့်ပင် လွပ်လပ်မှုနှင့် ဝါသနာနောက်ကိုလိုက်ရန် သူ အိမ်ကထွက်ခွာခဲ့ခြင်း ဖြစ်မည်။

“ဆရာမကြည်အေး ပြောတဲ့စကား သိပ်မှန်တယ်ဗျာ၊ ကလေးဆိုတာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ ကိုယ်က ပြုစုစောင့်ရှောက်ပေးရမယ့် တာဝန်​ပဲရှိတယ် ဆိုတာ... ကျွန်တော်တော့
မိကွန်ထောကို ဘယ်တော့မှ မချုပ်ချယ်ဘူး၊ သူလုပ်ချင်တာကို လုပ်ပဲ၊ အန္တရာယ်ရှိနိုင်တဲ့ကိစ္စ ဆိုရင်တော့ နားလည်အောင် ရှင်း​ပြတယ်၊ သူ လက်ခံအောင် ကြိုးစားတယ်၊ ကျွန်တော်တို့အလုပ်က ဒီလောက်ပဲဗျ”

သူသည် သူ့သမီးနှင့်ပတ်သက်၍ ကြီးမားသော မျှော်လင့်ချက်ကို မထား​၊ လှပသော လွပ်လပ်သန့်ရှင်းသော အနာဂတ်ကိုသာထားသူ ဟု ကျွန်တော်ထင်သည်။ တစ်နေ့ ကျွန်တော် မိုးရွာကြီးထဲ ထီးမပါ ဘာ​မပါဘဲ သူ့အိမ်ကို ရောက်သွားသည်။ သူ အိပ်နေလျှင်လည်း မိုးခိုပြီး ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော် သူ အိပ်မနေပါ။ ကျွန်တော့်ပုံကိုကြည့်ကာ ဘယ်လိုဖြစ်လာတာလဲ ဟုဆိုကာ ရယ်သည်။ ကျွန်တော့် အင်္ကျီကိုချွတ်ကာ သူ့အင်္ကျီနှင့်လုံချည်ကို လဲရသည်။ ပြီးတော့ ချမ်းနေသဖြင့် သူသောက်နေ​သော ဘလက်ကော်ဖီကို ကောက်ကာ သောက်လိုက်သည်။ ခပ်နွေးနွေး ဘလက်ကော်ဖီသည် လည်ချောင်းထဲကို စူးရှစွာ စီးဝင်သွား၏။ ကျွန်တော် တအံ့တသြ မော့ကြည့်တော့ သူက ပြုံးပြသည်။

“ဘလက်လေဘယ်ရောထားတာ။ ချလိုက်၊ နွေးသွားတာပေါ့၊ ခင်ဗျား ဘလက်ကော်ဖီနဲ့ အရက်နဲ့ မသောက်ဖူးဘူးလား”

ကျွန်တော်ကတော့ ရေနဲ့ပဲ တီးတာ”

“မိသွယ် ဖျော်ပေးလိုက်ပါဟာ။ ကိုရဲဝင်း အချမ်းပြေသွားအောင်”

မသွယ်က ကျွန်တော့်ကို တစ်ခွက်စပ်ကာ ဖျော်​ပေးသည်။ အဲဒီနေ့က သူ ကျွန်တော့်ကို စကားအဆန်းတစ်ခု ပြောသည်။

“ကိုရဲဝင်း၊ ခင်ဗျားမှာ ဂျူဂျစ်ဆုတတ်တဲ့ ဆရာအသိတွေ ဘာတွေ မရှိဘူးလား”

“ဟာဗျာ… ကျွန်တော့်ပုံစံနဲ့ အဲဒါတွေနဲ့ ဘာဆိုင်လို့လဲဗျာ”

“မဟုတ်ဘူးလေဗျာ၊ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဘာနဲ့ ပတ်သတ်ပြီးတော့လေဗျာ”

“မရှိဘူးဗျ၊ ကိုငှက် ဘာလုပ်မလို့လဲ၊ ဒီအရွယ်ကြီးကျမှ လက်ရုံးအားကိုးစရာတွေ ရှိသေးလို့လား”

ကျွန်တော့်အတွက်မဟုတ်ဘူး ကိုရဲဝင်းရ၊ မိကွန်ထောအတွက်”

“မိကွန်ထောအတွက်”

ကျွန်တော်သည် အနားမှာကစားနေသော မိကွန်ထောကိုကြည့်ကာ တအံ့တသြမေးမိသည်။

“ဟုတ်တယ်ဗျ၊ ဒီပညာက အနားကို ကပ်လို့မရအောင် ကာကွယ်တဲ့ပညာဗျာ၊ ကျွန်တော့်သမီး ကြီးလာရင် သူက သဘောတူလို့ကတော့ ဘာပဲဖြစ်ဖြစ်ဗျာ၊ သူ့စိတ်ထဲက သဘောမတူတဲ့၊ သူ မနှစ်သက်တဲ့လူက ယောက်ျားဗလအားကိုးနဲ့ သူ့ကို အနိုင်ကျင့်မှာ ကျွန်တော် စိုးရိမ်မိတယ်၊ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့အတွက်​ ကိုယ်ခံပညာတစ်ခုခု သူ့ကိုသင်ပေးထားချင်တယ်၊ သူ တတ်ထားစေချင်တယ်”

ကျွန်တော် အားရပါးရ အချိန်တော်တော်ကြာအောင်​ကို ရယ်မိသည်။ ကျွန်တော်ရယ်သည့်အတွက် သူ ကျွန်တော့်ကို သိပ်ကျေနပ်ပုံမရ၊ ထိုအချိန်တွင် မိကွန်ထောမှာ ငါးနှစ်အရွယ်သာ ရှိသေးသည်။ အရုပ်ကလေးတွေနဲ့ ကစားကောင်းတုန်း။

“ခင်ဗျားက ဘာကိုရယ်တာလဲ”

“ကိုငှက်ရာ မိကွန်ထောက ကလေးရှိပါသေးတယ်၊ မဟုတ်သေးပါဘူးဗျာ”

“ဒီအရွယ်ကစပြီး အခြေခံသင်ထားမှဗျ”

“ကိုငှက်က ကိုယ့်သမီး ကိုယ်ကြည့်ပြီး အတွေးတွေ ဘယ်အထိရောက်သွားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စောပါသေးတယ်ဗျာ”

ကျွန်တော်ပြောတော့ သူက လေးလေးနက်နက် စဉ်းစားနေသည်။

“မဟုတ်ဘူးဗျာ၊ ကျွန်တော့်သမီးက မိဘတွေအပေါ်မှာပဲ အားကိုးနေတာ မလိုချင်ဘူး၊ ကျွန်တော်တို့လည်း သူ့ကို အချိန်ပြည့် နေရာတိုင်း စောင့်ရှောက်နေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရမယ်ဗျာ။ ကာကွယ်နိုင်တဲ့ အရည်အချင်းလည်း သူ့​မှာ အပြည့်အစုံ ရှိထားရမယ်”

သူက လေးလေးနက်နက်ကို ပြောနေသည်။ ကျွန်တော် မရယ်တော့ဘဲ စဉ်းစားမိ၏။

သူ ဖခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူကို စိုးရိမ်သည်။ သို့သော် သူစိုးရိမ်ပုံက သမီးပညာတတ် မဖြစ်မှာ (အတန်းထဲမှာ ပထမတို့ ဘာတို့ မရမှာမျိုးကို ဆိုလိုသည်)၊ သူများဝတ်သလို မဝတ်ရ မစားရမှာ၊ လောကအလယ်မှာ တင့်တင့်တယ်တယ် မနေရမှာ စသည်ဖြင့် သာမန်မိဘတွေ စိတ်ပူသလိုမျိုး ပူခြင်းမဟုတ်၊ သမီးဖြစ်သူ၏ စိတ်လွတ်လပ်ခွင့်ကို​ အစော်ကားခံရမှာကို ပူခြင်းဖြစ်သည်။ တော်တော်လေး ထူးဆန်းသည်ဟုလည်း ဆိုနိုင်ပါသည်။

“ကိုငှက်ရယ် မိန်းကလေးတွေမှာ ကျွန်တော်တို့သင်မပေးရဘဲ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နည်းတွေကို အလိုလျောက် တတ်ထားတာရှိပါတယ်၊ သိပ်စိတ်ပူမနေပါနဲ့”

ကျွန်တော် နှစ်သိမ့်သည်။ သို့သော် သူ ကျေနပ်ပုံမရ။

“မဟုတ်သေးဘူးဗျ၊ ဒီခေတ်က ဒီလိုမဟုတ်ဘူး၊ မဟုတ်ဘူးဗျာ ခင်ဗျားမှာ မရှိရင်လည်း ကျွန်တော် စုံစမ်းဦးမယ်၊ ကျွန်တော်လည်း အရင်တုန်းက သင်ဖူးတယ်၊ ကျွန်တော်သင်တာက သိုင်းပြောင်းပြန်ဗျ၊ အခုတော့ အားလုံး အဆက်အသွယ်ပြတ်ကုန်ပြီ၊ စုံစမ်းရင်တော့ ရနိုင်ပါတယ်”

ညနေ ခြောက်နာရီလောက်မှာ မိုးက စဲသွားသည်။ မသွယ် စပ်ပေးသော ဘလက်လေဘယ်နှင့် ဘလက်ကော်ဖီလည်း သုံးခွက် ကုန်သွားပြီ။ ကျွန်တော် ပြန်ရန် သူ့ကို နှုတ်ဆက်သည်။ သူက ငုတ်တုတ်ကလေးထိုင်ကာ ဆေးပေါ့လိပ်​ကို မီးခိုးတထောင်းထောင်းထအောင် ဖွာရင်း တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။

ကျွန်တော် သူ့အင်္ကျီ သူ့ပုဆိုးကို ဝတ်ကာ ပြန်လာရင်း လမ်းမှာ စဉ်းစားမိသည်။ သူဟာ တော်တော် တစ်ဘက်စွန်းရောက်တာပဲ... ဟု ဖြစ်သည်။ နောက်တော့ ရယ်ချင်သွားသည်။ ငါကရော ဘာထူးလို့လဲ ဆိုသော အတွေးကြောင့်ဖြစ်၏။ ဒါကြောင့် သူနှင့်ကျွန်တော် ခင်နေတာလည်း ဖြစ်နိုင်ပါသည်။

***
(နီကိုရဲ - ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း - ထူးအိမ်သင် အမှတ်တရ 'အစိမ်းရင့်ရောင် ရက်စွဲများ' စာအုပ်မှ)

(facebook, Htoo Eain Thin fan club မှ member 'Bob Dota' ကူးတင်ထားသော ပို့စ်မှ တပိုင်းတစကို copy & paste ပြန်လုပ်ထားသည်။)

***
Bob Dota အား ကျေးဇူးအထူး။ ကိုယ့်ဘာသာဆို ပြန်တင်ချင်တောင် စာအုပ်က အနားမှာ မရှိဘူး။

***

1 comment:

ဇွန်မိုးစက် said...

ကိုယ်ပြီးခဲ့တဲ့နှစ် မေလက အိမ်အပြန်မှာ မမေ့မလျော့ ပြန်သယ်လာမိတာ အစိမ်းရင့်ရောင် ရက်စွဲများ စာအုပ်။