Saturday, July 30, 2011

လင်္ကာရည်ကျော် - သမားလည်ပြန်


လင်္ကာရည်ကျော် - သမားလည်ပြန်

လင်္ကာရည်ကျော် ဝတ္ထုတိုစာအုပ်ဖတ်ပြီးတော့ ဘလော့မှာ ပြန်ရိုက်တင်ချင်စိတ်တောင် ဖြစ်မိတယ်။

အစဆုံးလုံးချင်းနဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ရတုန်းက မဆလခေတ်မှာ တဝက်တိတိ ကြီးခဲ့တဲ့ စာရေးဆရာလို့ ထင်ယောင်ထင်မှား ဖြစ်မိတဲ့စိတ်တောင် တကယ်ပျောက်သွားတယ်။ အတော် မျှမျှတတနဲ့ စိတ်ကောင်းစေတနာကို ပေါ်လွင်အောင်ရေးနိုင်တဲ့ စာရေးဆရာမျိုး။

အချစ်၏နောက်ဆက်တွဲ စာမျက်နှာ
ဖတ်ရတုန်းကလို လူ့လောကနဲ့ ဆရာဝန်လောကရဲ့ ကောင်းမြတ်မှုတွေကို မြင်သာလက်ခံနိုင်အောင် ပြနိုင်စွမ်းတဲ့ စာရေးဆရာ။ လူ့စိတ်သဘာဝနဲ့ ဆရာဝန်စစ်စစ်တစ်ယောက်ရဲ့ စိတ်သဘာဝကို ဇွတ် သူရဲကောင်းမဆန်စေဘဲ လေးစားလောက်အောင် ရိုးရိုးသားသား ရေးပြနိုင်တာ အမှန်ပါပဲ။

(မှတ်ချက်။ အကုန် မပြီးသေးခင် ထရေးမိသည်)

***
...
"ဒီလိုလုပ်လေ ဆရာ၊ ဆရာတို့ သင်ပေးထားတဲ့ ပညာတွေလည်း အလကားမဖြစ်ရအောင်၊ ကျွန်တော်တို့လည်း လခကလေး မြိုးမြိုးမြက်မြက်ရလေအောင် နိုင်ငံခြားမှာပဲ ဆေးသွားကုလိုက်မယ် မကောင်းဘူးလား"


အားလုံးဝိုင်းရယ်ကြသည်။ မိမိလည်း မနေနိုင်ဘဲ ရယ်လိုက်မိသည်။

"ပညာတော်သင်သွားတုန်းကတော့ ငါလည်း နိုင်ငံခြားမှာ ဆေးကုဖူးတာပေါ့ကွာ။ မင်းပြောတဲ့ မြိုးမြိုးမြက်မြက်လည်း ရဖူးတာပေါ့။ ဒါပေမဲ့ ငါကတော့ ပြန်လာခဲ့တာပါပဲ။ အဲဒါ ဘာဖြစ်လို့လို့ မင်း ထင်သလဲ"

လူနောက် ဆရာဝန်ကလေး မျက်နှာပိုးသတ်သည်။

"ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့လည်း အဲဒါကို စိတ်ဝင်စားနေတာပဲ။ ကြားရသလောက်တော့ ဆရာ ဟိုမှာလည်း တော်တော် အဆင်ပြေခဲ့တာပဲ။ အဲဒါ ဘာလို့ ဆရာပြန်လာတာလဲ"

...

"ဒီလို စဉ်းစားကြည့်ရအောင်ကွာ။ မျိုးချစ်စိတ် ဆိုတာကို မင်းတို့ ဘယ်လို နားလည်သလဲ"

ကောင်လေးမျက်နှာ ပြုံးစိစိ ဖြစ်သွားသည်။

"မရယ်နဲ့ ဟေ့ကောင်။ ငါ တရားဟောမလို့ မဟုတ်ဘူး။ ငါ ခံစားရတဲ့အတိုင်း ငါ ပြောပြမလို့။ ငါ နိုင်ငံခြားမှာတုန်းက ငါ့မှာ ဘာသာစကားပြဿနာလည်း ဘာမှ မရှိဘူး။ မင်းတို့အသိ။ ပြီးတော့ ငါ့ထုံးစံက ရောက်လေရာအရပ်မှာ သူတို့စရိုက်၊ သူတို့ဘဝ နေပုံထိုင်ပုံ၊ သူတို့ ဘာစိတ်ဝင်စားတယ် အမြဲလေ့လာတယ်။ ဒေသခံနဲ့ ရင်းရင်းနှီးနှီးနေနိုင်အောင် အမြဲ ကြိုးစားတယ်။ သုံးလ၊ အလွန်ဆုံး ခြောက်လဆိုရင် ရပြီ။ အိုကေပြီ။ အကုန်သိသွားပြီ။ ငါနဲ့ စကားပြောရင် သူတို့ ငါ့ကို လူစိမ်းတစ်ယောက်လို မခံစားရတော့ဘူး။ တသားတည်း ဖြစ်သွားပြီ။ လုပ်ဖော်ကိုင်ဖက် လူမျိုးပေါင်းစုံနဲ့ ငါနဲ့ စားအတူ သွားအတူ အဲလို ခင်သွားပြီ။ ခင်သွားတဲ့အခါကျတော့ ငါ ဘာသတိထားမိလဲ သိလား"

...

"ငါ ဒီအတိုင်း တသက်လုံးနေလို့ မပျော်ဘူးဆိုတာကိုပေါ့။ ငါ ဒီမှာ ကိုယ့်လူမျိုးတွေကြားထဲမှာ အလုပ်လုပ်နေရတုန်းက ဒီလိုမျိုး၊ အခု မင်းတို့နဲ့ နေသလိုမျိုးပေါ့ကွာ၊ ရင်းရင်းနှီးနှီး ပေါင်းသင်းပြီး အလုပ်လုပ်ရင် အတူတူ အဲသလို နေရတာ ငါပျော်တယ်။ ကိုယ့်ဘာသာစကားနဲ့ ကိုယ် ပြောဆို ရယ်မောနေရတာ ပျော်တယ်။ ဟိုမှာ မပျော်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။ ဒီမှာလိုတော့ မပျော်ဘူး။ တစ်သက်လုံး အဲသလိုကြီးနေနိုင်လားလို့ စဉ်းစားလိုက်တော့ ရှင်းတယ်။ မနေနိုင်ဘူး။ ဒီမှာပဲ နေချင်တယ်။

ငါ ထင်တယ်လေ။ မျိုးချစ်စိတ်ဆိုတာ အဲသလိုမျိုးပဲ ဖြစ်လိမ့်မယ်လို့"

(ထောင်စုနှစ် ဖြတ်ကျော် ဆရာဝန် မှ)

***

1 comment:

Rita said...

မြန်မာမှန်ရင် မြန်မာပြည်မှာပဲ ပြန်ပြီး *^^%$@$#%^&*
မြန်မာမှန်ရင် မြန်မာလူမျိုးကိုပဲ အကျိုးပြုကိုပြု *^%^%$##
မြန်မာဆိုတာ မြန်မာပြည်က သင်ပေးလိုက်တဲ့ ပညာနဲ့ *^^%$#$@

စတာတွေမပါဘဲ "ဟိုမှာ ငါ အပြည့်အဝမပျော်ဘဲ ဒီမှာပဲ ပျော်လို့" ငါ့ မျိုးချစ်စိတ်က အဲဒါပဲလို့ အရိုးရှင်းဆုံး တည့်တည့် ပြောပြလိုက်တာကို ဖတ်ရတာ အလွန်တရာမက နှစ်ထောင်းအားရ ဖြစ်မိတယ်။

လူမှန်ရင် အတ္တရှိတာပါပဲ။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် အများစုသောလူတွေဟာ အများစုသောကိစ္စရပ်တွေမှာ ကိုယ်လုပ်ချင်တာဆိုတဲ့ ကိုယ့်ဆန္ဒကို ပထမဆုံး ရှေ့တန်းတင်ဖြစ်ကြတာပါပဲ။ အဲဒါ အပြစ်တင် ကဲ့ရဲ့စရာမဟုတ်ဘူး။ လက်သင့်ခံနိုင်ဖွယ် ကိစ္စပါပဲ။

မျိုးချစ်စိတ် ဆိုတာလည်း အာဝေနိကဂုဏ်မှ မဟုတ်တာပဲ။
လူ့ အခြေခံအမျိုးမျိုးကိုလိုက်လို့ မျိုးချစ်စိတ် အတန်းအစားအမျိုးမျိုး ရှိနိုင်ပေမယ့်လို့ အဲဒါကို အာဝေနိကဂုဏ်လိုလို လုပ်ပြောနေရင်တော့ အဲဒါ မရိုးသားတာ လို့သာ ထင်မိတတ်တယ်။