Sunday, July 24, 2011

ငါ နဲ့ ဝိပဿနာ

၂၉ ဇွန်မှာ ပြန်ရောက်ပြီး၊ ဇူလိုင် ၁ ရက်နေ့ ညနေ ၆ နာရီမတိုင်ခင် ဦးဂိုအင်ကာရိပ်သာဆီ လာခဲ့တယ်။ တခါမှ အလေ့အကျင့်မရှိ၊ စိတ်ဆန္ဒမပြင်းပြတဲ့ အလုပ်တစ်ခုကို လုပ်ဖို့ ငါ ဘာမှ ကြိုတွေးမနေဘူး။ နောင်ခါလာ နောက်ခါဈေးပဲ သဘောထားပြီး ၂၉၊ ၃၀ နဲ့ ၁ ရက်နေ့ထိ ဟိုသွားဒီသွား ဟီးဟီးဟားဟားနဲ့ပဲ ရိပ်သာ ရောက်သွားတော့တယ်။

ရိပ်သာဝင်ဖို့ တိုက်တွန်းသူက သူ၊
အစစ အရာရာ (ယူသွားရမယ့် ပစ္စည်းအသေးအမွှားလေးကစ) မအားတဲ့ကြားက သန်းခေါင်ကျော်ထိ ပြင်ဆင်ထည့်ပေးတဲ့သူက ငါ့ အဒေါ်၊
ဘာရယ်ညာရယ် သိပ်မတွေးဘဲ ဝင်ဆိုလည်း ဝင်လိုက်တာပေါ့ ဆိုတဲ့သူကတော့ ငါ။

တိုက်တိုက်ဆိုင်ဆိုင် အိမ်က အခန်းဖော် ညီမလေးတစ်ယောက် ဇန်နဝါရီလောက်မှာ မြန်မာပြည်ပြန်တုန်းကလည်း အဲဒီရိပ်သာမှာပဲ ဝင်ခဲ့သေးတယ်။ သူကလည်း ငါ့ကို တိုက်တွန်းတယ်။

သယ်သွားတဲ့ ပစ္စည်းတွေက လက်ဂေ့ခ်ျ အသေးတစ်၊ လက်ဆွဲအိတ် တစ်၊ ဆွဲခြင်းအကြီး တစ်။
အထဲမှာ စောင် ၃၊
ခေါင်းအုံးဖုံး ၂၊
မိုးအေးရင် ဝတ်ဖို့အပေါ်ဝတ်အင်္ကျီအပါး ၂၊
မျက်နှာသုတ်ပုဝါ အသေး ၂၊
ခြင်ထောင် ၁၊
ခေါင်းအုံး ၁။ (မှတ်ချက်။ အကုန်မဟုတ်သေး)

အမှန်တော့ အိမ်က တစ်ခုစီပဲ ထည့်ပေးထားတာတွေကို သွားခါနီး ငါ့ဘာသာ ထပ်ဖြည့်လိုက်တာ။ ရိပ်သာဝင်တာတောင်မှ ဇာချဲ့ချင်နေသေးတာတော့ အမှန်ပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်လိုလုပ်မလဲ။ ရိပ်သာရဲ့ အနေအထားကိုလည်း ငါ မသိရသေးဘူး။ ခေါင်းလျှော်ပြီးရင်လည်း ခေါင်းအုံးဖုံးနဲ့ မျက်နှာသုတ်ပုဝါက လဲပစ်ချင်သေးတာ။ စောင် ၃ ထည်ဆိုတာကလည်း ခင်းတာတစ်ထည်၊ ခြုံတာက အေးရင် အထူ၊ မအေးရင် အပါး။

ဘယ်မလဲ အပို၊ အားလုံးကွက်တိပဲ။

***
ဟိုရောက်တော့ ရိပ်သာက အဒေါ်ရဲ့အသိ ရိပ်သာကိစ္စဆောင်ရွက်တဲ့ ဦးလေးတစ်ယောက်နဲ့ အသင့်တွေ့တယ်။ နောက် အဲဒီတရားပတ်မှာ တရားပြမယ့်ဆရာမကလည်း အဒေါ်ရဲ့အသိပဲလို့ ဆိုတယ်။ ငါ့မှာ ငါ့အဖေရဲ့ အသိ၊ ငါ့အဒေါ်ရဲ့ အသိတွေနဲ့ ဘယ်သွားသွား ဘယ်နေရာမှ ဘယ်တော့မှ မလွတ်နိုင်တော့ဘူး ထင်တာပဲ။ ထားပါတော့။ မလွတ်လည်း တည့်တည့်ဝင်တိုးရုံပေါ့။

ငါ နေရမယ့် အဆောင်က အစွန်ဆုံးနေရာမှာ။ လိုက်ပို့တဲ့သူတွေ ပြန်သွားတော့ အခန်းဖော်မရောက်သေးတဲ့ နှစ်ယောက်ခန်းထဲ အူကြောင်ကြောင်ပဲ ကျန်ရစ်တယ်။ ငါ ဘာဖြစ်လို့ ဒီနေရာ ရောက်လာတာလဲ၊ တလတောင် မပြည့်တဲ့ ခွင့်ရက်နည်းနည်းမှာ ၁၀ ရက်တောင် ဘာလို့ အချိန်ကုန်ခံရတာလဲ၊ စကားတောင် ပြောခွင့်မရှိဘူးဆိုတဲ့နေရာမှာ ဘာကို မျှော်လင့်ပြီး လာတာလဲ။

ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲဆိုတော့ ရှင်းပါတယ်။ သူက ဝင်စေချင်လို့ ​ဝင်ခိုင်းလို့ပေါ့။ နားအေးရင် ပြီးတာပဲ။

ဘာဖြစ်လို့
၁၀ ရက် အချိန်ကုန်ခံရတာလဲဆိုတော့ ၁၅ ရက်ထက် နည်းလို့ပေါ့။ နောက် ၁၀ ရက်ထက် နည်းတာ မရှာနိုင်ခဲ့လို့ပေါ့။

ဘာကို မျှော်လင့်သလဲဆိုတော့ ဘာမှ မမျှော်လင့်ပါဘူး။ ဘာလို့ဆို ငါ့မှာ သညာသိကလွဲလို့ သဒ္ဓါတရားမှ ပြည့်စုံအောင် မရှိတာ ဘာကို ယုံကြည်ပြီး မျှော်လင့်မှာတဲ့လဲ။

ခဏနေတော့ အခန်းဖော်ရောက်လာတယ်။ သူက ခရစ်ယာန်ဘာသာဝင် မိန်းကလေး။ ၂၄ နှစ်ရှိပြီ။ စခန်းအစစ်က ၂ ရက်နေ့မှ စမှာဆိုတော့ တွေ့တွေ့ချင်းတော့ ငါတို့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်ကြတယ်။

သူက တခါမှ ဒါမျိုး မဝင်ဖူးသေးဘူး ပြောတယ်။ ငါနဲ့ တူတူပဲ။
နောက်တော့ စည်းကမ်းချက်တွေကို ထမင်းစားဆောင်မှာ သွားနားထောင်ရတယ်။ အဲဒီနောက်ပိုင်း သူနဲ့ ငါ စကားမပြောဖြစ်ကြတော့ဘူး။ စကားပြောလို့ရတဲ့ နောက်ဆုံးနေ့ မတိုင်ခင်ထိပေါ့။

သူ ဘာလို့ ဝင်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး။ အဲဒီရိပ်သာက အင်တာနေရှင်နယ်ရိပ်သာပဲဟာ။ ဘာသာခြားပေါင်းစုံ ဝင်နေကြတာပဲဟာ။
ငါကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ထုံးစံအရလိုလို ဘာလိုလို ပေါ့လေ။

ည မအိပ်ခင် နိဗ္ဗာန် ဆိုတာကို ငါ စဉ်းစားမိတယ်။
လောဘ ဒေါသ မောဟ မာန်မာနနဲ့ လောကကို တွယ်ဖက်ချင်တုန်း အချိန်မှာ အဲဒီအရာက ငါ့ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။ အဲဒီအရာကို ငါ လုံးဝ (လုံးဝ) စိတ်မဝင်စားဘူး။ ဆိုပါစို့... ဒီအချိန်မှာ တစ်စုံတစ်ယောက်က အဲဒီဆု ပေးခဲ့ရင်တောင် ငါတော့ ဘဝပေါင်း ၇၀၀ လောက်နေပါရစေဦးလို့ ဈေးဆစ်မိမှာပဲ။

ငါ ဘာဖြစ်လို့ ပန်းတိုင်မရှိတဲ့ (ရှိတယ်လို့ ဆိုကြတဲ့ ပန်းတိုင်ကိုလည်း
မယုံကြည်နိုင်သေး မသွားချင်သေးဘဲနဲ့) ဒီလမ်းပေါ်ကို လျှောက်ဖြစ်တာလဲ။ သူ ဝင်ခိုင်းလို့ဆိုတာ ရာခိုင်နှုန်းတချို့တဝက်လောက်သော အကြောင်းပေါ့။ အစပြုပေးတဲ့ တွန်းအားလေးတစ်ခုလောက်သာပေါ့။ တကယ်တော့ ငါ မလုပ်ချင်ရင် သူလည်း ဘာမှ တတ်နိုင်တာမဟုတ်ဘူး။

ပြင်းပြတဲ့လုပ်ချင်စိတ် မရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအလုပ်တစ်ခုကို လုပ်ဖြစ်တာက တခြားအကြောင်းတွေ အတွင်းထဲမှာ ရှိသေးတယ်။

ငါ့ ကိုယ်နဲ့ စိတ်ကို စည်းနဲ့ ကမ်းနဲ့ ထိန်းချုပ်ရတာ၊
ငါ တကယ် တန်ဖိုးမသိတဲ့အရာကို ရဖို့ ကြိုးစားရမှာ၊
ရမယ် မရမယ် မသေချာ မရေရာတာကြီးကို စိတ်ကူးနဲ့ ပုံဖော်ပြီး အဲဒီအရာနဲ့ ဆက်စပ်ဖို့ ငါ ဉာဏ်မမီတဲ့ အလုပ်ကို ဒုက္ခခံပြီး လုပ်ရတာကို ငါ မကြိုက်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။

ဒါပေမဲ့ အဲဒီလိုအတွေးကို လူတိုင်းတွေးနိုင်တယ်။
မလုပ်ဘဲနေရတာကိုလည်း လူတိုင်း တတ်နိုင်တယ်။ အဲဒါကို မလုပ်ဘဲနေရတာ ဘာမှလည်း မခက်ဘူး။ မလုပ်ချင်တာကို မလုပ်ဘဲနေတာ လွယ်လွယ်လေးပဲ။

ဒါပေမဲ့ အဲဒါကိုပဲ လုပ်တဲ့လူတချို့ကလည်း လုပ်နိုင်တယ်။

ထုံးတမ်းစဉ်လာအရ သူများတွေလုပ်လို့ ရသွားတဲ့ အရာတစ်ခုကို ငါ မလုပ်ဖြစ်လိုက်လို့ မရလိုက်မှာ စိုးတဲ့စိတ်၊ ငါ လုပ်ရင် ရနိုင်ရက်သားနဲ့ ကိုယ့်ဘာသာ ညှာတာနေလို့ မရလိုက်၊ မသိလိုက်ဖြစ်မှာ စိုးတဲ့စိတ်နဲ့ ထုံးတမ်းစဉ်လာဆိုတာကို အခြေခံပြီး ဝင်ဖြစ်ခဲ့တာပဲ။

အဲဒါဟာ သင့်လျော်လျောက်ပတ် ကောင်းမြတ်တဲ့ ရည်ရွယ်ချက် မဟုတ်လည်း မတတ်နိုင်ဘူး။ အဲဒါ တကယ့် အဖြစ်မှန်ပဲ။ လက်ခံရုံပဲ။ ငါ့ဘာသာ ငါတော့ ညာစရာအကြောင်း မရှိဘူး။ စောဒကတက်စရာအကြောင်း မရှိဘူး။ ပြီးတော့ ဝမ်းနည်းစရာ/ ဝမ်းသာစရာလည်း မရှိဘူး။

ကျောင်းတက်တုန်းကလိုပေါ့။
အချိန်တန် ကျောင်းတက် ဘွဲ့ယူရမှာ ထုံးစံလို့ ငါ ယူဆခဲ့တယ် မဟုတ်လား။ လုပ်ချင်ချင် မချင်ချင်၊ စိတ်ဝင်စားစား မစားစား၊ အဲဒီကျောင်း၊ အဲဒီကျောင်းက သင်တဲ့ စာတွေနဲ့ အဲဒီစာတွေ ကျက်ရမှတ်ရတာဟာ အသုံးကျလိမ့်မယ်လို့ ယုံကြည်ကြည် မကြည်ကြည် လုပ်စရာတစ်ခုကို လုပ်လိုက်ရတာပဲ မဟုတ်လား။ မလုပ်ရင် သူများရသွားတာ ငါ ဘယ်ရမလဲ။

သူများ သူများ သူများ ဆိုတာကို အခြေခံပြီး အဲလောက် လုပ်နေခဲ့မိမှန်း ခုမှပဲ ငါ့ကိုယ်ငါလည်း သိတော့တယ်။ ဒါပေမဲ့ အဲဒါလည်း ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ ငါက သူများတွေကြား နေနေတုန်းရှိသေးတာပဲ။ သူများ ထည့်မတွက်တော့ဘူးဆိုတဲ့တစ်နေ့မှာ ဒီအကြောင်းတွေ မှတ်တမ်းတောင် ရေးနေစရာ မလိုတော့ဘူး။ လိုသလောက်တော့ သူများ ဆိုတာ ငါ့ခေါင်းထဲ ရှိနေမှာပဲ။ လိုတာထက် ပိုမရှိရင် တော်ပြီ။

မလုပ်ဘဲနေရတာ လူတိုင်း တတ်နိုင်တယ်။ ဘာမှမခက်ဘူး။ လုပ်ရတာသာ ခက်တာ။ နောက်ဆုံး အနည်းဆုံးတော့ အဓိပ္ပါယ် ရှိရှိ မရှိရှိ၊ ခက်တာတစ်ခုကို ငါ လုပ်နိုင်ခဲ့တယ် ဆိုတဲ့ အဖြစ်ကို ရရင် တော်ပြီ။ အဲဒီစိတ်က ငါ ရိပ်သာဝင်ဖြစ်ခဲ့တဲ့ တကယ့် အခြေခံစိတ်ပဲ။

***
အဲဒီည ၉ နာရီလောက်မှာ အိပ်ရာဝင်ရပြီး မနက် ၄ နာရီမှာ အဆောင်တိုင်းရှေ့ကို ကြေးစည်တီးပြီး နှိုးတယ်။

ငါ့ တသက်မှာ မြင်ရခဲတဲ့ မနက် ၄ နာရီ။
မနက် ၄ နာရီကနေ ည ၉ နာရီခွဲထိ တင်းကြပ်တဲ့ အချိန်ဇယားမျိုးနဲ့ ၁၀ တန်းလို အတန်းမှာတောင် ငါ အလုပ်မလုပ်ခဲ့ဖူးဘူး။ ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ သေချာနေတယ်။ အဲဒါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လည်း မဟုတ်ဘူး။ ဖြစ်အောင်လုပ်ချင်တယ် ဆိုတဲ့ ဆန္ဒလည်း မဟုတ်ဘူး။ သေချာတာက သေချာတာပဲ။

ဒါလည်း ကျောင်းတက်တုန်းကလိုပဲ။ ငါ မမျှော်လင့်ခဲ့တဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘွဲ့ရတဲ့ထိ နှစ်ချီနေဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ အဲဒီကတည်းက သေချာတယ်။

***
တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ရဦးမယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နိုဝင်ဘာလောက်တုန်းက ပြန်လာပြီး သူ ဝင်တဲ့ တရားရိပ်သာတစ်ခု လိုက်ဝင်လှည့်လို့ အာဏာသုံးပြီး ခေါ်တဲ့ YN ကို သိပ်ကျေးဇူးတင်တယ်။ ဒါပေမဲ့ သူ့ရိပ်သာက ၁၅ ရက်မို့လို့ ရက်နည်းတဲ့ ဦးဂိုအင်ကာဆီမှာ ဝင်ခဲ့တာ။

နောက် ၁၀ တန်းအောင်ပြီး အညာမှာ ၃/၄ လလောက် ပြန်နေတုန်း မေမေ့ဘက်က အဘွားက မိုးကုတ်မှာ အမြဲလို ရိပ်သာဝင်တယ်။ အဲဒီတုန်းက အဘွားအပါအဝင် လူတိုင်းက တိုက်တွန်းပေမယ့် ငါ မဝင်ဖြစ်ဘူး။

အဲဒီအချိန်တုန်းက ငါ မလုပ်ချင်တဲ့ အလုပ်တစ်ခုကို ဘယ်သူကမှ အတင်းအကြပ် ဇွတ်မလုပ်ခိုင်းခဲ့ကြတာ အတော် ကြီးတဲ့ ကျေးဇူးပဲ။ တကယ်လို့များ အဲဒီအချိန်က ဝင်ခဲ့ရရင် အဲဒီအချိန်မှာ အကျိုးမရှိခဲ့ရုံတင်မကဘူး၊ ခုအချိန်မှာ ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ငါ ချဖြစ်လိမ့်မယ် မဟုတ်ဘူး။

***