Monday, June 27, 2011

ကိုယ် နှင့် ဂျူးများ

ကိုယ် နှင့် ဂျူးများ

ထူးအိမ်သင်အကြောင်း ရေးတုန်းက ငယ်ငယ်တုန်းကလို့ အစချီပြောမှ ရတယ်။
ဂျူးအကြောင်းကျတော့ အဲလိုမဟုတ်ပြန်ဘူး၊ ပြောင်းပြန်။
ဂျူးကို ငယ်ငယ်ကတည်းက စဖတ်မိတာပေမယ့် (အထူးသဖြင့် ဝတ္ထုတိုတွေကို) အဲဒီအချိန်မှာ နားမလည်နိုင်ခဲ့ဘူး။ ဒါတွေကို နားမလည်သေးဘူးဆိုတာကိုတော့ ကိုယ့်ဘာသာ နားလည်နေတယ်။

* ချစ်ခဲ့ဖူးသော

စဖတ်မိတာ "ချစ်ခဲ့ဖူးသော" ဝတ္ထုတို ဖြစ်မယ်ထင်တယ်။ မဂ္ဂဇင်းထဲမှာ ဖတ်ပြီး၊ ဘာကိုရေးတာလဲ၊ ဒါတွေကိုရေးတဲ့ ဂျူး က ဘာလို့ ဒီလောက်တောင်မှ နာမည်ကြီးရတာလဲလို့ ဖြစ်ခဲ့ဖူးတယ်။ ချစ်သူကောင်မလေးကို မနမ်းဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ (လျှော်လဲ လျှော်မပစ်နိုင်တဲ့) ရစရာအကြွေး ကျန်နေသေးသလို ခံစားမှုမျိုးကို မြင်ရလောက်အောင် အားမကောင်းခဲ့ဘူး။ အဲဒီအချိန်က ကာတွန်းပဲ အများဆုံးဖတ်နေတာကိုး။

* ပေဖူးလွှာ အင်တာဗျူး

နောက်တော့ ဒီမှာပဲ တင်ခဲ့ဖူးတဲ့ ဦးဝင်းငြိမ်းနဲ့ ပေဖူးလွှာအင်တာဗျူး (တပိုင်းတစ)။
သူ ပြောတတ် ဆိုတတ်၊ မေးတတ် ဖြေတတ်တာ (ဦးဝင်းငြိမ်း မေးတတ်သည် ဟု သိပ်မထင်ပါ။ ဂျူး ကိုယ်တိုင်ကသာ အမေးများနှင့် ပြန်ဖြေတတ်သည် ဟု ထင်မိသည်) စေ့စပ်ခိုင်မာတာကို အတော်သဘောကျခဲ့ဖူးတယ်။ အဖြေစကားလုံးတွေ အင်မတန် သိပ်သည်းတာပဲ ထင်ခဲ့တယ်။ (ဦးစံရှား ဖတ်ဖြစ်နေပြီဆိုတော့ အကျိုးနဲ့ အကြောင်းပြပြီး ပြောတာတွေကို အတော်ပဲ သဘောကျခဲ့မိတယ်)

မှတ်မှတ်ရရ ကျောင်းမှာ အခင်ဆုံး အတွဲဖြစ်ဆုံး သူငယ်ချင်းက အဲဒီစာအုပ် ငှားသွားတော့ သူ့မိဘတွေ (ကျောင်းက ဆရာနဲ့ ဆရာမ) ပါ ဖတ်ပြီး သိပ်သဘောကျခဲ့ကြတာ မှတ်မိတယ်။

အဲဒီ တပိုင်းတစ အင်တာဗျူးရဲ့ အစမှာ "ကျွန်မပြောချင်တဲ့ ဝမ်းနည်းစကားက ဒီလို ဇာတ်ကောင်စရိုက်မျိုး ဖန်တီးခဲ့မိတဲ့အတွက် မဟုတ်ပါဘူး။ ဝေဖန်ခံရတဲ့အတွက် ဝမ်းနည်းစကား ပြောတာပါ။ ကိုယ့်အပေါ်မှာ လူတစ်ယောက် နားမလည်နိုင်တာကို ခံစားရတဲ့အခါ ၀မ်းနည်းရသလောက်ပါပဲ" တဲ့။

သူ့ခေတ် သူ့အခါ သူ့အခြေအနေကို နားလည်လေ အဲဒီစကားလုံးကို ပြောဖြစ်ခဲ့ရတဲ့ သူ့စိတ်ခံစားမှုကို သဘောပေါက်လာလေပဲ။

* ချစ်ခြင်း၏ အနုပညာ

၎/၅ တန်းမှာ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ "ပြတင်းပေါက်က မိန်းကလေးငယ်" (မြသိန်း ဘာသာပြန်) စာအုပ်ကို မကြာခဏ ဖတ်ခဲ့မိပေမယ့် ၇ တန်းတက်မယ့်နှစ် '93 လောက်မှာ အဲဒီ "ချစ်ခြင်း၏ အနုပညာ" ကို ဖတ်တော့ ထုံးစံအတိုင်းပါပဲ နားမလည်ခဲ့ပြန်ဘူး။ ဘာပြောထားမှန်းတောင် မသိခဲ့တဲ့ ဝတ္ထု။

(စကားမစပ် 2000 ခုနှစ်လောက်မှာ အက်ဆေးလိုလို ဘာလိုလို ဘာမှန်းမသိတဲ့ စာတပုဒ်ရေးဖြစ်တာဟာ အဲဒီ ဝတ္ထုတိုရဲ့ လွှမ်းမိုးမှုတွေ ပါတယ်လို့ ပြောခဲ့ဖူးတာ ခု အတော်နောင်တရမိတယ်။ တကယ်တော့ အဆုံးနားလေးမှာ ကပ်ထည့်လိုက်တဲ့ စာ တစ်ကြောင်းနှစ်ကြောင်းကလွဲလို့ ကျန်တာတွေက ကိုယ့်ဘာသာ ရေးချင်ရာ ချရေးထားမိတာတွေချည်းပဲ။ အဲဒီဝတ္ထုရဲ့ လွှမ်းမိုးမှုနဲ့ပါလို့ ရေးထားတာ အဲဒီဝတ္ထုကို mislead လုပ်ရာတောင် ကျနေသေးတော့တယ်)

ဂျူးရဲ့ မှတ်ချက်က "ကျွန်မတို့က အချစ်ဆိုတာကို စိတ်ခံစားမှုသက်သက်လို့ ထင်ကြတယ်။ ဒါပေမဲ့ အချစ်ဆိုတာ သင်ကြားတတ်မြောက်ရမယ့် အတတ်ပညာ တစ်ခုပါ" တဲ့။ အချစ်အကြောင်းလို့ သိသာစေတဲ့ ခေါင်းစဉ်တပ်ထားပြီး၊ တပုဒ်လုံး သစ်ပင်တွေအကြောင်းနဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်းတွေချည်းပဲ။ အဲဒီအချိန်မှာ ဖတ်မိသမျှ ဂျူးရဲ့ ဝတ္ထုတိုတွေ ဘာကိုပြောချင်တယ် ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဖတ်ထားတာတွေကို ခေါင်းထဲမှာ မှတ်မိနေခဲ့တယ်။

နောက် ၂ နှစ်လောက်ကြာပြီး ပြင်ပအကြောင်းအရာတစ်ခုကနေ အဲဒီဝတ္ထုရဲ့ ဆိုလိုရင်းကို ရလိုက်တဲ့အခါမှာတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ ငယ်ဘဝ "ပြတင်းပေါက်က မိန်းကလေးငယ်" ထဲက အကြောင်းအရာ အဖြစ်အပျက်တွေကိုပါ တန်းစီပြီး မြင်ယောင်လာမိတယ်။

အဲဒီခေတ်အခါက လက်ရှိဂျပန်ပညာရေးစံနစ်ကနေ သွေဖည်သယောင် တမူကွဲတဲ့ စံနစ်ကို ထူထောင်ခဲ့တဲ့ တိုမိုကျောင်း ကျောင်းအုပ်ဆရာကြီး "ဆိုဆာကူး ကိုဘာယာရှီ"

"He believed all children were born with an innate good nature, which can be easily damaged by their environment and the wrong adult influences. His aim was to uncover their 'good nature' and develop it, so that the children would grow into people with individuality."

မူလတန်းစတက်တဲ့နှစ်မှာပဲ ပုံမှန်ကျောင်းတစ်ကျောင်းကနေ ကျောင်းထုတ်ခံခဲ့ရတဲ့အဖြစ်ကို သမီးကလေး စိတ်ဒဏ်ရာရမှာစိုးလို့ ဖွင့်မပြောပြခဲ့ဘဲ ကလေးနဲ့ သင့်တော်မယ့် ကျောင်းကိုရှာအပ်ခဲ့တဲ့၊ သမီးကလေး နားလည်လက်ခံနိုင်မယ့် အသက် ၂၀ ကျမှ အရင်ကျောင်းက အထုတ်ခံခဲ့ရလို့ သမီးကို မေမေက တိုမိုကျောင်းကို ပို့ခဲ့ရတာပေါ့ လို့ ဖွင့်ပြောခဲ့တဲ့ ဇာတ်ကောင်ကလေးမလေး တော့တိုး-ချန် ရဲ့ အမေ

"ကျွန်မကို အရင်ကျောင်းကနေ အထုတ်ခံခဲ့ရတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ (တိုမိုကျောင်းမှာ အဆင်ပြေပြေ ပျော်ရွှင်နိုင်ခဲ့တဲ့) ကျွန်မဟာ တကယ်ပဲ အရင်ကျောင်းမှာနေတုန်းက အဲသလောက် ဆိုးဝါးတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့သလား"

"... အဲဒီအကြောင်းအရာကို ကျွန်မ အသက် ၂၀ မတိုင်ခင်မှာ ဖွင့်မပြောခဲ့တဲ့ ကျွန်မရဲ့ အမေကို အနူးအညွတ် ကျေးဇူးတင်မိပါတယ်။"

"မင်းကို ကျောင်းက ထုတ်လိုက်ပြီတဲ့။ ဘာတွေဖြစ်လာဦးမလဲ။ ခုနောက်တကျောင်းကပါ ဆက်ပြီး အထုတ်ခံရမယ်ဆိုရင် မင်း ဘယ်ကျောင်းကို သွားတက်မလဲ" ဆိုတာမျိုးတွေ အမေက ကျွန်မကို အဲဒီအချိန်ကတည်းက ပြောမယ်ဆို ပြောနိုင်ပါတယ်။

အဲဒီလိုသာ ပြောခဲ့မယ်ဆိုရင် တိုမိုဂါဂူးအန် ခေါ်တဲ့ ကျောင်းသစ်ရဲ့ ဂိတ်ဝကို ပထမဆုံးရောက်တဲ့အချိန်မှာ ကျွန်မ ဘယ်လောက်များ စိတ်ပျက်အားငယ်နေခဲ့ရမှာပါလိမ့်။ အမြစ်တွေထွက်နေတဲ့ (post) ကျောင်းဂိတ်တံခါးဝကြီးနဲ့ မီးရထားတွဲစာသင်ခန်းတွေကလည်း ကျွန်မကို အဲဒီအချိန်မှာ ဝမ်းမြောက်ပျော်မြူးစေမှာ မဟုတ်ဘူး။ ဒီလိုအမေမျိုးရှိတာ ကျွန်မ ဘယ်လောက်များ ကံကောင်းလိုက်ပါသလဲ။"

***
"တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး။
အကဲခတ်တတ်မှု ပါတယ်။ နားလည်မှု ပါတယ်။ ပြုစုပျိုးထောင်မှု ပါတယ်။"

(ဂျူး)

***
"ချစ်ခြင်း၏ အနုပညာ" အကြောင်းကို ရေးပြဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခုထိ ထင်နေတုန်းပါပဲ။ ဒါ့အပြင် ဒီဝတ္ထုကို ဘယ်လို နားလည်တယ်၊ ဘယ်လို မြင်ခဲ့တယ်၊ ကိုယ့်စိတ်ထဲ ဘယ်ပုံဘယ်နည်း စိမ့်ဝင်ခဲ့တယ် ဆိုတာ ပြောဖို့ အဲဒီဝတ္ထုသက်သက်နဲ့တင် မလုံလောက်ဘူး။

အဲဒီဝတ္ထုကို မြင်လိုက်နိုင်ဖို့ တော့တိုး-ချန် က အထောက်အပံ့ဖြစ်ခဲ့တယ်။ အဲဒီဝတ္ထုကြောင့်ပဲ အစက ဘာရယ်ညာရယ် မစောကြောမိတဲ့ သာမန်သာ နှစ်သက်ခဲ့တဲ့ တော့တိုး-ချန်ထဲက အကြောင်းအရာတွေကို ပိုပြီး ပီပီပြင်ပြင် မြင်လိုက်နိုင်တယ်။

ကိုယ့်အတွက်တော့ အဲဒီဝတ္ထုနှစ်ခုက မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ချစ်သူရည်းစား စသဖြင့် ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမဆိုရှိတဲ့ ချစ်(တတ်)ခြင်းတွေကို ဖွင့်ဆိုပြတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။

***
လူ ဆိုတာဟာ အမျိုးမျိုးပါပဲ။ ဘဝတွေ ထွေပြား၊ ခံစားမှုတွေ ထွေပြား၊ ဉာဏ်ရည်နဲ့ ခံယူချက်တွေ ထွေပြား၊ အဲဒါတွေအပေါ်မှာ အခြေခံပြီး လုပ်ဆောင်ချက်တွေဟာ ထွေပြားတယ်။

အဲဒီလို ထွေပြားတဲ့လူတွေဟာ "မိဘ" ဖြစ်စေ၊ "ဆရာ" ဖြစ်စေ၊ "ချစ်သူ" ဖြစ်စေ ခေါင်းစဉ်ကွဲတွေ အမျိုးမျိုးအောက် ရောက်တဲ့အခါမှာ မိဘလို့ဆိုတာနဲ့ သားသမီးပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရော၊ ဆရာလို့ဆိုတာနဲ့ တပည့်အပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရောဆိုတာ မဖြစ်နိုင်ဘူး။ လူဟာ လူပါပဲ။ လူ လူချင်းမှာ မတူနိုင်ရင် ခေါင်းစဉ်တူတစ်ခုခုအောက် ရောက်သွားတာနဲ့လည်း မတူနိုင်ဘူး။

စိတ်စေတနာဆိုတဲ့ မမြင်ရတဲ့၊ လက်ဆုတ်လက်ကိုင် သက်သေပြစရာမရှိတဲ့၊ အငြင်းပွားလွယ်တဲ့အချက်ကို ချန်ထားခဲ့ရင်တော့ ပိုကောင်းလိမ့်မယ်။ (အချစ်ဆိုတာ ဒီတစ်ခုတည်း မဟုတ်ဘူး။ စိတ်ခံစားမှုသက်သက်တင် မဟုတ်ဘူးဆိုတာ သေချာတယ်)။ အဲဒီအချစ်စိတ်ရဲ့နောက်မှာ အရှည်ကိုမျှော်တွေးတဲ့ အကျိုးကို လိုလားစိတ်နဲ့ တတ်သိနားလည်တဲ့၊ ဉာဏ်ပညာနဲ့ယှဉ်တဲ့ ပံ့ပိုးပျိုးထောင်နိုင်မှုပါရတယ်။

"... ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပေါ်မှု အခြေအနေအားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ် ဘာလုပ်ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး၊ သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့လူ ဖြစ်လာတယ်။

ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လိုအနေအထား ပြောင်းတတ်တယ်။ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်။ ဘယ်သစ်ပင်အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ်... ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့ လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို အကဲခတ်ပြီး ပြုပြင်လိုက်လျောပေးတယ်။"


(ချစ်ခြင်း၏ အနုပညာ - ဂျူး)

မစ္စတာကိုဘာယာရှီရဲ့ တိုမိုဂါဂူးအန်ကျောင်းဟာ သူ့ရဲ့ သစ်ပင်ဥယျာဉ်လိုပါပဲ။

"သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ် ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ် အားလုံးသိတယ်။ အချစ်ဆိုတာ မင်းထင်သလို ခံစားမှုသက်သက် မဟုတ်ဘူး။ အတတ်ပညာတစ်ခုပဲ"

(ချစ်ခြင်း၏ အနုပညာ - ဂျူး)

***
ဒေါက်တာခင်မောင်ဝင်းရဲ့ "အမေနဲ့ ကျွန်တော်" ကို ဖတ်ရတော့လည်း ခေတ်ပညာ အကုန်အစင်မသင်ခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူ ပင်စင်ယူတဲ့အချိန် သားသမီးတွေအတွက် စီးပွားရေး၊ ပညာရေးသာမက စားရေးသောက်ရေးမကျန် ထောင့်စေ့အောင် စွမ်းဆောင်နိုင်တဲ့၊ အညာမြို့လေးတစ်မြို့က အမေရဲ့ အနုပညာကို မြင်ယောင်ခဲ့မိတယ်။

ရန်ကုန်မှာနေချင်လို့ အင်ဂျင်နီယာကျောင်းတက်မယ် ပြောတဲ့သားကို "ငါတို့ထဲမှာ လေယာဉ်မှူးတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ရှိရင် တော်ပြီ။ မင်း ဆေးကျောင်းပဲတက်" လို့ ပြောတဲ့အချက်က ခုချိန်မှာ နည်းလမ်းကျလှတယ် မဆိုသာရင်တောင်မှ သားသမီးတွေ ငယ်ငယ်တည်းကနေ ဘွဲ့ရပြီးတဲ့ထိ အရာရာထောင့်စေ့အောင် စွမ်းဆောင်ကျိုးပမ်းခဲ့တာတွေဟာ အံ့မခန်းပါပဲ။ အဲဒီအားမာန်တွေနဲ့ အားထုတ်မှုတွေဟာ ချစ်ခြင်း အတတ်ပညာနဲ့ အနုပညာပါပဲလို့ မြင်မိတယ်။

***
ထူးအိမ်သင် ဆုံးပြီးနောက်မှာ ထုတ်တဲ့ "အစိမ်းရင့်ရောင် ရက်စွဲများ" မှာ သီဟန်သွင်နဲ့ နီကိုရဲ ရေးသွားကြတဲ့ "သမီးကလေးကို သိုင်းသင်ပေးချင်တယ်" ဆိုတဲ့ အကြောင်းအရာတစ်ခု ပါတယ်။ ဆိုခဲ့တဲ့ နှစ်ယောက်စလုံး သူ အဲဒီအကြောင်းအရာကို ပြောတုန်းက ရယ်စရာလို သဘောထားခဲ့မိကြတယ်ဆိုပေမယ့် ဆောင်းပါးတွေအဖြစ် ပြန်ရေးတော့ သူတို့ ဒီကိစ္စကို အလေးအနက် ရေးခဲ့ကြတယ်လို့ ခံစားမိတယ်။

"ကျွန်တော့်သမီးကိုယ်တိုင် သဘောတူကြည်ဖြူလို့ကတော့ သူ ဘာဖြစ်ဖြစ် ကျွန်တော် စိတ်မပူပါဘူး။ သူ့စိတ်ဆန္ဒမပါဘဲ အနိုင်အထက်ပြုခံရလို့ စိတ်ဒဏ်ရာရသွားမှာသာ စိုးတာပါ"

***
ပုထုဇဉ်တွေရဲ့ အချစ်ဟာ အတ္တကို အခြေခံမှာချည်းပဲ။
ချစ်ရုံချစ်ရတာ ဘာခက်သလဲ။
ချစ်တာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကိုယ်ချစ်ခင်မြတ်နိုးရသူရဲ့ သူ့သဘာဝနဲ့ ကိုက်ညီမယ့် ကောင်းကျိုးချမ်းသာကို လိုလားဆောင်ကြဉ်းပေးဖို့သာ ခက်တာပါ။

***
ကိုယ့်အတွက်တော့ ဂျူးရဲ့ ချစ်ခြင်း၏ အနုပညာ က အဓိပ္ပါယ်အပြည့်ဝဆုံးနဲ့ အနှစ်သက်မိဆုံး ဝတ္ထုတိုတစ်ပုဒ်ပါပဲ။ အဲဒီဝတ္ထုအကြောင်းကို ဘယ်သောအခါမှလည်း ပြည့်စုံအောင် ပြန်ပြောပြနိုင်မယ် မထင်ဘူး။

ချစ်ခြင်း၏အနုပညာက နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ချစ်ခြင်း၏အနုပညာကို နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ဆက်စပ်ပတ်သတ် သိကျွမ်းခဲ့ဖူးတဲ့ မိတ်ဆွေမိသားစုတချို့ကို ကျေးဇူးတင်နေမိတော့တယ်။

***
ဒီအကြောင်းအရာတွေက တချို့အတွက် ဘာမှ မဟုတ်ပါဘူး။ အဲဒီလို ထင်တဲ့သူတွေအတွက် တကယ်ပဲ ဘာမှ မဟုတ်ပါဘူး။

***
(ဆက်ရန်)
(ဆက်ချင်မှလည်း ဆက်မည်)

3 comments:

Phyo Maw said...

ကြာတော့သည်လည်း မောင့်စကားနဲ့ ကျမ၏သစ်ပင် ဖတ်ပြီးနောက်ပိုင်းမှာ ဂျူးဇာတ်ကောင်တွေနဲ့ ပက်သက်ပြီး ကျနော်ဝေဖန်တာ တော်တော်လေးကို စောသွားတယ်လို့ သတိထားမိတယ်။ =)

ဆက်ချင်မှ ဆက်ပါ ဆက်ရင်တော့ လာဖတ်မည်။ XD

Computer said...

နရသအ လိုလို သူ့ကိုယ်သူ အထင်ရောက် အရူးထနေဟန်တူသော လူထု (ဦးလှ/ဒေါ်အမာ) မျိုးဆက် ဘိုဘိုလင်စမ်း (ဘိုပြား)

What is this link about? I thought this blog owner's at least educated person and something like this indicate it's no difference from all those political blogs full of swearing and defamations. It is worth point out that in Blogger's usage agreement they dont allow or encourage like this sort of abuse and defamation. If you are in certain countries you may get sued. I am just a causual reader who comment on what I observe so it's interesting to see you will just delete this comment straight away.

ဇွန်မိုးစက် said...

ဒီပို့စ်တင်ပြီး သိပ်မကြာခင် ခပ်မြန်မြန်တစ်ခေါက်ဖတ်ဖြစ်တယ်။ ဂျူးဆိုတဲ့ခေါင်းစဉ်က ကိုယ်မဖတ်ရမနေနိုင်အောင် ဆွဲဆောင်ခဲ့တော့ အချိန်သိပ်မပေးနိုင်ပေမယ့် အစအဆုံး ဖတ်လိုက်တယ်။ အခုမှနောက်တစ်ခေါက် သေသေချာချာ လာပြန်ဖတ်တယ် ရီတာ။
ဒီပို့စ်ထဲက စာအုပ်တွေအားလုံး ဖတ်ဖူးတဲ့ကိုယ့်အတွက်တော့ တစ်ခုခုဟုတ်တယ်လို့ ဆိုချင်ပါတယ်။
ဇွန်က ချစ်ခြင်း၏အနုပညာနဲ့ တော့တိုးချန်ကို တစ်ခါမှ နှိုင်းမယှဉ်ကြည့်ခဲ့ဖူးဘူး။ ခုရီတာရေးပြမှပဲ ချစ်ခြင်းရဲ့အနုပညာ နောက်ဆက်တွဲက ဖြစ်စေချင်တဲ့ စေတနာဆန္ဒတွေရဲ့ ရိုက်ခတ်မှုအပေါ် သေချာစဉ်းစားမိသွားတယ်။

“ကိုယ့်အတွက်တော့ အဲဒီဝတ္ထုနှစ်ခုက မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ချစ်သူရည်းစား စသဖြင့် ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမဆိုရှိတဲ့ ချစ်(တတ်)ခြင်းတွေကို ဖွင့်ဆိုပြတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။”

သိပ်ကို အဓိပ္ပာယ်ရှိတဲ့ မှတ်ချက်တစ်ခုပါပဲ ရီတာ။