Wednesday, June 8, 2011

အသည်းပန်းမှာဆူးတွေနဲ့ရယ် - မြနှောင်းညို



အသည်းပန်းမှာဆူးတွေနဲ့ရယ်

နှလုံးမြေ ဥယျာဉ်နန်းမှာလ
ယူသုံးခြွေ ခုဆင်မြန်းပါတော့
ညွတ်နူးရှာ မိုက်သူကလေးပါပဲ
ဆွတ်ခူးကာ ရှိုက်ကြူမွှေးပါလို့
အချစ်များစွာ ပိုက်ယူထွေးစေဖို့
မျှော်တွေးခဲ့မိတာပါ သခင်။

ဘယ်သို့ပင် ဘယ်လိုလှမ်းခဲ့သော်လည်း
ပန်းညှာမှာ ဆူးချွန်နက်တွေက
သွယ်ခက်ကာရံဆင်တော့
မယ့်သခင်ခူးခြွေခိုက်မှာလ
သွေးဖြိုက်ဖြိုက်ရွှင်။

ရတက်ဖြာ ရင်မှာနင့်ပါလို့
တစ်သက်မှာ တစ်ခါပွင့်သော်လည်း
ခွင့်လွှတ်တော့ ချစ်သခင်ရယ်
ဝဋ်တုံ့တင် ကြမ္မာပေပဲ
ဝေဒနာဖန်လာတဲ့ အခင်းမှာလ
ဖြေရှင်းဖို့ အယူခံမဝင်
ကွယ်ရာဝင်တော့ မျက်ရည်ဝဲ။
ရှိုက်ဆွေးလို့လေ
အမိုက်ကလေး ဗျာပါဝေပေါ့

နေ့ရက်တွေ ရှည်ကြာညောင်းလေသမျှ
အမေ့ခက်လေ သူ့ဝေဒနာ မဟောင်းဘူးတဲ့
အချစ်ပြောင်းမရှာ နှစ်တွေဆန်းခဲ့သလောက်
အသစ်လောင်းကာ ယစ်ထွေပန်းရသတဲ့

သြော်.. နန်းမဟီအသည်းမှာ အသင့်ခူးပါလို့
မှန်းရည်အမြဲသာ ပွင့်ဦးကိုဆက်ပေမယ့်
တတန်းတသီ တကတည်းသာ အဆင့်ဆင့်ဆူးတွေယှက်မှတော့

မောင်ရေ.. သည်းအက်ကြေကွဲ။

မြနှောင်းညို
၁၉၈၂ ပေဖူးလွှာ

***
အကြိုက်ဆုံး ဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ဆရာမ မြနှောင်းညိုရဲ့ "အသည်းပန်းမှာ ဆူးတွေနဲ့" ဆိုတဲ့ ဝတ္ထုရဲ့ ဇာတ်ဝင်ကဗျာပါ။

ဒီကနေ့ အားနေတုန်း facebook ကြည့်နေရင်း fan pgae မှာ တက်လာတာတွေ့လို့ တင်ချင်စိတ်ပေါက်လာတာနဲ့။ (ကာယကံရှင်ဆရာမကို လှမ်းမပြောဘဲ တင်လိုက်ပါတယ်)

အဲဒီလို ကြိုက်ခဲ့ရတဲ့ ဝတ္ထုတွေ ရီဗျူးရေးဖို့ ကြိုးစားရင် ဘယ်တော့မှ မအောင်မြင်ဘူး။ ဘယ်တော့မှလည်း ပီပြင်မယ် မထင်ဘူး။ အဲဒီဝတ္ထုကို သိပ်ကြိုက်ပါတယ်။ အရေးပါသော၊ အရေးမပါသော၊ စာကြောင်းကလေးနဲ့သာ ပြသွားသော ဇာတ်ကောင်တကောင်ချင်းစီက စလို့ စကားလုံးတွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ဇာတ်လမ်းယူသွားပုံတွေ၊ ပြန်ဖြေပုံတွေ တစ်ခုချင်း တစ်ခုချင်း တစ်ခုချင်းကို အသေးစိတ် ကြိုက်ခဲ့မိတယ်။ အဓိကကတော့ ဇာတ်ကောင်စရိုက်တွေကြောင့်ပါပဲ။

ကိုယ် သိပ်ကြိုက်တဲ့ ဝတ္ထုမို့ မြနှောင်းညိုအကြောင်း စကားစပ်မိတုန်း ဖတ်ကြည့်ပါလားလို့ တိုက်တွန်းဖူးတယ်။ ခေါင်းစဉ်ပြောလိုက်တာနဲ့ အတင်းကို ဖတ်ဖို့ ငြင်းတော့တာပါပဲ။ (မိုက်လိုက်လေခြင်း)

ဆုရဲ့ စိတ်ဝင်စားစရာ ဘဝလမ်းကြောင်းနဲ့ သီတာဆောင် အခန်းဖော်သူငယ်ချင်း နန်းရဲ့ အဖြစ်အပျက်ကို ဆွဲယူဆက်စပ်ပြီး ဆုပြောတဲ့ စကားတွေ၊ ခံစားချက်တွေ။

နောက် ဆု အဘွားဖြစ်သူ နာရေးမှာ ကျော်ဆွေကို မိဘတွေနဲ့ ဖြစ်ကြတဲ့ကိစ္စနောက်ပိုင်း ကျော်ဆွေကို ရဲ့ စိတ်ခံစားမှု ပြဿနာ။

ခင်နှင်းဖြူကို လူဆိုးလုပ်မပစ်ခဲ့ဘဲ သဘာဝကျကျ သူဖြစ်သင့်တဲ့ ဖြစ်ရမယ့် အနေအထားအတိုင်း ရေးထားခဲ့တာ။ (တကယ့်လက်တွေ့ဘဝမှာ မကောင်းတဲ့လုပ်ရပ် လုပ်တဲ့လူ၊ ယုတ်ညံ့တဲ့လုပ်ရပ် လုပ်တဲ့လူ ဆိုတာ ကြိမ်ဖန်များစွာ တွေ့နေနိုင်တာပေမယ့် အပေါစားရုပ်ရှင်၊ ဝတ္ထုတွေထဲမှာလို သူတပါး ကိုယ်ရေးကိုယ်တာကိစ္စထဲ ဝင်ပါပြီး ဗီလိန်ဖြစ်ဖို့ဆိုတာ အတော်မလွယ်ဘူးလို့ ထင်မိတယ်။)

အဲဒီမှာမှ ဆု ရဲ့ ခင်နှင်းဖြူကို သူတို့ဇာတ်လမ်းထဲမှာ လူဆိုးဖြစ်စေလိုစိတ်ကိုလည်း ပါးပါးကလေး မြင်မိခဲ့သေးတယ်။ (တကယ်တော့ လူ့ဘဝဇာတ်ကြောင်းတွေဟာ အဲဒီလိုပါပဲ။ စိတ်နှလုံးထဲက အကောင်း အဆိုးဆိုတာ ထင်ရှားလင်းချင်းမြင်နိုင်တဲ့ ဖြစ်ရပ်တွေသာမကဘဲ ထွေပြားလွန်းတာတွေလည်း များလှတယ်)

စောဒီလုံး၊ မင်းမော်၊ ဖရက်ဒီ၊ အိုင်လင်း၊ ကိုဘိုကြည်၊ ကိုလတ် စသဖြင့်တွေ...

မင်္ဂလာဒုံခေတ် ဆေးတက္ကသိုလ် (၂) နောက်ခံ ဇာတ်လမ်းကို ဖတ်ရင်း အရိပ်တွေ အယောင်တွေ အရုပ်တွေကို တခုချင်း ပီပီပြင်ပြင် မြင်လာရပါတယ်။ အဲဒါဟာ ဇာတ်ကောင်စရိုက်တွေနဲ့ စာရေးသူရဲ့ ဇာတ်ကွက်တွေဖန်တီးပုံက ပီပြင်လွန်းလို့ လို့ထင်ပါတယ်။ ဝတ္ထုတစ်ပုဒ်ကိုဖတ်ရင်း အဲဒီလို မြင်လာရပြီဆိုရင် ကိုယ့်အတွက် အဲဒီဝတ္ထုဟာ ရုပ်ရှင်ဖြစ်ဖို့ မလိုတော့ပါဘူး။ (ဖြစ်ရင် သွားပြီ)


ဇာတ်လမ်းထဲက အချစ်ဟာ ရိုးစင်းပေမယ့် ထွေပြားတဲ့ ဘဝတွေ၊ စိတ်ခံစားမှုတွေနဲ့ လန့်စရာကောင်းလောက်အောင် ယုတ္တိဆန်တဲ့ ဇာတ်ကွက်တွေကြောင့် တကယ့်အဖြစ်အပျက်တစ်ခုကို ချောင်းကြည့်ခဲ့ရသလိုပဲ။

အဲဒီဝတ္ထုက '82 လောက်က ပေဖူးလွှာမဂ္ဂဇင်းမှာ အခန်းဆက်ပါခဲ့ပြီး နာမည်ကျော်ခဲ့တာပေမယ့် 2001/2 ပတ်ဝန်းကျင်လောက်က လုံးချင်းကျမှပဲ ဖတ်ဖြစ်ခဲ့တယ်။ ခဏခဏ မရိုးနိုင်အောင် ဖတ်ဖြစ်တယ်။

ဘယ်တော့မှ မမေ့နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

***
ဖြည့်စွက်။ (3:12 PM)

ဆု နေရာက ရေးထားတဲ့ ဇာတ်ဝင်ကဗျာ နှစ်ပုဒ်စလုံးဟာ ကဗျာကြိုက်ခဲတဲ့ ကိုယ့်ကို ဆွဲဆောင်နိုင်တယ် မဆိုသာပေမယ့် စာရေးဆရာကို မေ့ပြီး တကယ်ပဲ ဇာတ်လမ်းထဲက ဆုကိုယ်တိုင် ရေးထားသလို ပီပြင်လှတယ်။

"ရတက်ဖြာ ရင်မှာနင့်ပါလို့
တစ်သက်မှာ တစ်ခါပွင့်သော်လည်း
ခွင့်လွှတ်တော့ ချစ်သခင်ရယ်
ဝဋ်တုံ့တင် ကြမ္မာပေပဲ
ဝေဒနာဖန်လာတဲ့ အခင်းမှာလ
ဖြေရှင်းဖို့ အယူခံမဝင်
ကွယ်ရာဝင်တော့ မျက်ရည်ဝဲ။"

ဆိုတဲ့ အပိုဒ်က မမြင့်မားလှတဲ့၊ မပြည့်စုံတဲ့၊ အဘွားတစ်ယောက်သာ အားကိုးရာရှိတဲ့ ဘဝကနေ မြန်မာတပြည်လုံး ပထမနဲ့ ဆေးကျောင်းဝင်ခဲ့ပြီး၊ ခက်ခဲချို့တဲ့သလောက် မာနနဲ့ အာဃာတကြီးမားလွန်းတဲ့ ဆု ရဲ့ အတွင်းစိတ်ကို ကောင်းကောင်းပြနိုင်တဲ့ အပိုဒ်ပါပဲ။

***

6 comments:

ဇွန်မိုးစက် said...

မဖတ်ဖူးသေးဘူး၊ ဖတ်ချင်လိုက်တာ...

ပိုးပိုးရဲ့ရိုက်ချက် said...

ငယ်လတ်လတ်အရွယ်တုန်းက ပေဖူးလွှာမှာလား ဘာလားမသိဘူး အခန်းဆက် ဖတ်ဖူးသလိုပဲ ဒါမယ့် အစအဆုံး သေချာမသိဘူး
ဖြစ်နိုင်ရင် အစအဆုံး အခန်းဆက် တင်ပါလာဟင်:P:P

Vista said...

အပေါ်က အာဂျီးမား ပိုးပိုးပြောတာကို ထောက်ခံပါတယ် ..

ဂျေ said...

အမ ဒေါက်တာ မြနှောင်းညို့ ဝတ္တုကြောင့် မဂဇင်းအရမ်း ရောင်းကောင်းတာဘဲ။ မကြာခင် ဘဲ ဆု ဆိုတဲ့ နာမည်တွေ တအားသုံးလာကြတယ် သူ့ စာ ဖတ်ပြီး တစိမ့်စိမ့်နဲ့ ဆွဲဆောင် သွားတာ နောက်ပိုင်းဝတ်ုတွေ တော့ မဖတ်ဖူးတော့ဘူး။ အဲဒီအမက မျက်နှာက ယဉ်ယဉ်လေး စိတ်ချမ်းသာစရာ မျက်နှာလေး နဲ့ 

Su said...

ကြိုက်လွန်းလို့ကိုယ့်နာမယ်ကိုတောင် ဆုမြတ်လှိုင် လို့ပြောင်းဖို့စဉ်းစားဖူးပါတယ်
ဆု ရေးတဲ့ စိန်ပန်းကဗျာကိုအတော်ကြိုက်ပါတယ်
"ကိုလတ် ညီမရေးလိုက်ရင် ကဗျာကလဲ မာန် နဲ့ထန်နေတော့တာဘဲ" လို့ပြောခံရတဲ့ကဗျာလေ
"မလွမ်းပါအားမာန်တင်းနိုင်ရဲ့
လမ်းခင်းမဲ့ပန်း" ဆိုတဲ့ကဗျာပေါ့

Rita said...

@ Su

ပန်းတပွင့် လန်းစွင့်စွင့် နီတျာတျာ
လေဝှေ့ရာ မြေမှာသက်
လျောင်းစက်ရတာ
ဆင့်ဆင့်လို့ ကြွေကြွေလာ
ပန်းကမ္ဗလာဖြန့်လွှမ်း
ခြေရာထပ်အောင်လ
ဖြတ်သန်းကာ အခါခါနင်းပေရော့
မလွမ်းပါ အားမာန်တင်းနိုင်ရဲ့
လမ်းခင်းမယ့်ပန်း။

(ဆရာမ fb pg ကပဲ မ, လာတာ)