Tuesday, June 28, 2011

ကိုယ် နှင့် ဂျူးများ (၂)

ကိုယ် နှင့် ဂျူးများ

* ချစ်ခြင်း၏ အနုပညာ

သစ်ပင်တွေနေရာမှာ တခြားတခုခု အစားထိုးပြီး ရေးလို့မရဘူးလား၊ ဥပမာ - ပန်းချီကားဖြစ်ဖြစ်ပေါ့ လို့ တစ်ယောက်က ပြောဖူးတယ်။ ပြုပြင် ပျိုးထောင် လိုက်လျောလို့ရတာ၊ ပြုပြင် ပျိုးထောင် လိုက်လျောမှုကို လိုအပ်တာ သက်ရှိတွေပဲ မဟုတ်ဘူးလား။ ပန်းချီကားတစ်ချပ်က ပန်းချီဆရာတစ်ယောက်ရဲ့ အနုပညာစိတ်၊ အတတ်ပညာစိတ်နဲ့ ပြုပြင်ဖန်တီးတာ ခံရနိုင်ပေမယ့်၊ ပန်းချီကားဆိုတာ လိုအင်တို့ လိုအပ်ချက်တို့စတဲ့ ဆန္ဒတွေမရှိတဲ့ ဖန်တီးခံသက်သက် သက်မဲ့ပစ္စည်းတစ်ခုသာပဲ။

သက်ရှိတွေရဲ့ကြားမှာ ဆက်စပ်ချည်နှောင်ပေးတဲ့ ချစ်ခြင်းတရားကို ပြဆိုဖို့ရာ (လူ၊ သတ္တဝါကို မသုံးဘူးဆိုရင်တော့) သစ်ပင်ထက်ကောင်းတဲ့ သင်္ကေတ ရှိမယ် မထင်တော့ဘူး။

"တချို့အပင်က တဝက်တပျက် အရိပ်ကို ကြိုက်တယ်။ တချို့အပင်က တောက်ပတဲ့ နေရောင်ကို ကြိုက်တယ်။ အပင်တွေရဲ့ လိုအပ်မှုအလိုက် ကိုယ်က နေရာချထားပေးတယ်။ မင်းက နည်းနည်းလေးမှ နားမလည်ဘဲ နေရာရွှေ့တယ်။ ဥယျာဉ်ပညာဟာ မျက်စေ့ပသာဒတစ်ခုတည်း အပေါ်မှာ ဆုံးဖြတ်လို့ မရဘူး။"

(ချစ်ခြင်း၏ အနုပညာ)

လွန်ခဲ့တဲ့ နှစ် 40 ပတ်ဝန်းကျင် အညာမြို့လေးတမြို့က သူသင်ချင်တဲ့ပညာ သင်ပြီး အိမ်က လုပ်ငန်းကိုဦးစီးချင်တဲ့ လေးဘာသာဂုဏ်ထူးရှင် ကောင်လေးတစ်ယောက်ကို မိဘဆွေမျိုးတွေ၊ ရပ်ဆွေရပ်မျိုးတွေ၊ ဆရာသမားတွေက အတင်းအကြပ်ဝိုင်းပြီး သူတို့တက်စေချင်တဲ့ ကျောင်းကို ပို့လိုက်ကြတယ် ဆိုတာ ခုတော့ ပုံပြင်လိုပဲ။

စေတနာဆိုတာ အမျှော်အမြင်မပါရင်၊ အဲဒီ စေတနာကို ခံယူရမယ့် တဘက်သားရဲ့အခြေအနေကို နားလည်သိမြင်တတ်မှုမပါရင် အတော် အငြင်းပွားစရာကောင်းတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုယ်ပိုင်ဘဝရှိတယ်။ အဲဒါကို စေတနာတချို့က ဖန်တီးနိုင်တယ်။ စေတနာတချို့က ဖျက်ဆီးနိုင်တယ်။

***
"ကိုယ်နဲ့အတူ လိုက်နေသမျှ နှစ်နှစ်တာကာလမှာ ကိုယ် ဘယ်လို ကြိုးစားဆွဲခေါ်ခေါ် မင်းအတွက် နေသားတကျမဖြစ်ဘူး။ မင်းရဲ့ အသုံးဝင်မှုဟာ ဘာလဲဆိုတာ မင်းကိုယ်မင်း မသိဘူး။ မင်းကိုယ်မင်း အားမရဘူး။ မင်းဘဝကို မကျေနပ်ဘူး။ ကိုယ့် အသိုင်းအဝိုင်းမှာ မင်းမပျော်ဘူး။ မင်းရဲ့ ညှိုးနွမ်းမှုကို ကိုယ် ကြာရှည်မြင်ရက်ပါ့မလား။ မင်းနဲ့ အသင့်တော်ဆုံး နေရာကို ကိုယ်သိအောင် ကြိုးစားပြီး ကိုယ် ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ရတော့တာပေါ့"

(ချစ်ခြင်း၏ အနုပညာ)

***
မနေ့က ဒီဝတ္ထုတိုအကြောင်း ရေးလို့ကုန်ပြီလို့ ထင်လိုက်မိတယ်။

***

2 comments:

တီချမ်း said...

အို.........ဘုရားရေ....

အောက် အပိုဒ် ကို သိပ်ထိမိတာပဲ ကိုယ်အခု အဲ့လို ဖြစ်နေတယ်
ကိုယ့်အတွက် စဉ်းစားခဲ့တာ များလာတော့ သူများအတွက် တလှည့် စဉ်းစားပေးချင်မိလာတယ်

တကယ်တန်းတော့ ဘဝမှာ အရေးကြီးတာ နေပျော်ဖို့ပဲ မှလား ဘာပဲလုပ်လုပ် ဘယ်မှာပဲနေနေလေ

ဇွန်မိုးစက် said...

“စေတနာဆိုတာ အမျှော်အမြင်မပါရင်၊ အဲဒီ စေတနာကို ခံယူရမယ့် တဘက်သားရဲ့အခြေအနေကို နားလည်သိမြင်တတ်မှုမပါရင် အတော် အငြင်းပွားစရာကောင်းတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုယ်ပိုင်ဘဝရှိတယ်။ အဲဒါကို စေတနာတချို့က ဖန်တီးနိုင်တယ်။ စေတနာတချို့က ဖျက်ဆီးနိုင်တယ်။”

သိပ်ကိုမှန်ပါတယ် ရီတာ။