Saturday, June 11, 2011

သစ်ပင်အောက်မှာ...

သစ်ပင်အောက်မှာ...

အဲသည် ကျောင်းဝန်းထဲမှာ သစ်ပင်ကြီးတစ်ပင်ရှိသည်။ ပတ်ဝန်းကျင်လေ့လာမှု ညံ့ဖျင်းလွန်းသော ကိုယ်သည် အဲဒါဘာပင်ဟု အဲဒီတုန်းကတည်းက သတိမထားမိခဲ့ပါ။ ကြိမ်ဖန်များစွာ ဖြတ်သန်းခိုနားခဲ့ဖူးသော အရိပ်တစ်ခု၏ အရင်းအမြစ်ကို အမှတ်တမဲ့ဖြစ်ခြင်းသည် ဆိုးရွားလှသည်ဟု သတ်မှတ်မည်ဆိုပါက ကိုယ်သည် အလွန်ပင် ဆိုးရွားလှသူ ဖြစ်ပါသည်။


ထိုသစ်ပင်ကြီးအောက်မှာ တစ်ယောက်ယောက် (သို့) တစ်စုတစ်ဖွဲ့၏ အလာကို စောင့်စားရင်း လူတစ်ယောက်နှင့်ကိုယ် အတန်ကြာအောင် အတူတူရပ်လျက် စကားပြောခဲ့ကြဖူးသည်။ နှစ်ယောက်တည်း ရှိနေသဖြင့် ဝန်လေးကျဉ်းကြပ်ခြင်းမျိုး သူရော ကိုယ့်မှာပါ မဖြစ်ခဲ့။ တစ်ယောက်ယောက် (သို့) တစ်စုတစ်ဖွဲ့၏ အလာကို ထိုသစ်ပင်ရိပ်အောက်တွင် ရပ်တန့် စောင့်စားရင်း အေးအေးလူလူ စကားစမြည်ပြောနေခဲ့ကြသည်။ ခဏနေလျှင် ကိုယ်တို့ ဘယ်ကို သွားကြမည်လဲ၊ ဘယ်သူ့ကို (သို့) ဘယ်သူတွေကို စောင့်နေခဲ့ကြတာလဲ၊ ဘာစကားတွေ ပြောဖြစ်ခဲ့ကြတာလဲ ဘာတစ်ခုမှ မမှတ်မိတော့ပါ။

ကိုယ်မှတ်မိတာ တစ်ခုသာပဲ ရှိသည်။
ထိုသစ်ပင်ကြီး၏ အရိပ်အောက်တွင် လူတစ်ယောက်နှင့်ကိုယ် တစ်နေရာရာကို သွားဖို့ တစ်စုံတစ်ယောက် (သို့) တစ်စုတစ်ဖွဲ့ကို စောင့်စားရင်း တစ်စုံတစ်ရာ ပြောဆိုနေခဲ့ကြသည်။ နှစ်ယောက်စလုံး၏ စိတ်အာရုံတွေထဲမှာ အေးချမ်းတိတ်ဆိတ်နေခဲ့သည်။ အတိတ်အကြောင်း ပြောဖြစ်ခဲ့လျှင်သော်မှ ကိုယ်တို့သည် ဖြစ်ပျက်ပြီးသမျှ အကြောင်းအရာတွေဆီမှာ မရှိ၊ အနာဂတ်အကြောင်း ပြောဖြစ်ခဲ့လျှင်သော်မှ ကိုယ်တို့သည် မဖြစ်ပျက်သေးသမျှ အကြောင်းအရာတွေဆီမှာ မရှိ။ လက်ရှိအခိုက်အတန့်၏ အေးချမ်းမှုဖြင့် သက်တောင့်သက်သာ။

ထိုနေ့က နေအတော်ပူပါသည်။ တိုက်သည့် လေကလည်း ပူသည်။ သို့သော် ထိုအခိုက် အေးချမ်းသာယာ ရှိလှ၏။ သစ်ပင်ပေါ်က ငှက်သံကလေးတွေကို ကြားနေရပြီး၊ သစ်ရွက်ခြောက်ကလေးတွေလည်း ကျဆင်းလာတတ်သည်။

ထိုသစ်ပင်သည် ဘာပင်များလဲ ကိုယ် မသိခဲ့ပါ။

***
ထိုနေရာသို့ တဖန် ပြန်လည် သွားကြည့်ဖို့ အခါခါ စိတ်ကူးမိသော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။
ခဲယဉ်းပင်ပန်းစွာ သွားရောက်ရမည့် ခရီးလည်းမဟုတ်၊ တားမြစ်ပိတ်ပင်မည့်သူ ရှိလျှင်သော်မှ အသိမပေးဘဲ ခဏတဖြုတ်နှင့် ရောက်နိုင်သော်လည်း ကိုယ် ပြန်မသွားဖြစ်တော့ပါ။ လူ့ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေအပြင်၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေလည်း ရှိလေသည်။

ထိုလမ်းကို မလျှောက်ဖြစ်တော့ဘူးဆိုတဲ့နောက် ထိုသစ်ပင်၏ အမည်နာမကို သိရုံသက်သက်တော့ဖြင့် အတိတ်ကို ပြန်မပတ်သတ်လိုတော့ပြီ။

***
ဘယ်အရိပ်အောက်မှာ ကိုယ် ခို​ဝင်ခဲ့ဖူးတာပါလဲ။

***

2 comments:

Kyaw Hnin Se Lwin said...

ကိုယ်လည်း အဲလိုပဲ အားနည်းချက်ရှိတယ် စိတ်မ၀င်စားဘူးဆို ဘယ်လောက်နီးနီး ဘာမှကိုသတိမထားမိ မမှတ်တတ်ဘူး

ဇွန်မိုးစက် said...

"လူ့ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေအပြင်၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေလည်း ရှိလေသည်"

ဟုတ်တယ်နော်... ဇွန်လည်း အဲဒါကို ထောက်ခံတယ်။

အသက်တစ်နှစ်ပိုကြီးသွားပြီးတဲ့ အခုတလော စိတ်ဓာတ်တွေ ကျနေလို့ ကိုယ့်ကိုယ်ကို ပြန်အားပေးနေရတယ်။ အပေါ်က စာစုလေးနဲ့ တနည်းတဖုံ ပတ်သတ်နေတယ်လို့ပဲ ဆိုရမှာပေါ့။