Tuesday, January 4, 2011

လက်ထပ်စာချုပ် နဲ့ မြို့

လက်ထပ်စာချုပ် နဲ့ မြို့

သိပ်တော့မဆိုင်သလို ထင်ရပေမယ့် ယောက်မ ပို့စ် ကွန်မန့်တွေ ရေးရင်း ကျင်လည်ကြီးပြင်းခဲ့ရာ အတွေ့အကြုံတွေကလည်း ခံစားမှုကို လွှမ်းမိုးပြုပြင်တယ်လို့ ဆက်တွေးမိတယ်။ (အမှန်တော့ ပြောဖြစ်တာက အနုပညာ ဘာညာကွိကွ အကြောင်းပါ)

အလယ်တန်းလောက်မှာ bestseller စာရေးသူတစ်ယောက်ရဲ့ ဝတ္ထုတအုပ် ကျောင်းပိတ်ရက် အိမ်ပြန်ချိန်မှာ ဖတ်မိတယ်။ ၇ တန်း၊ ၈ တန်း ဖြစ်မှာပါပဲ။ အကြောင်းအရာက အမျိုးသားဇာတ်ကောင်က ငယ်ငယ်ကတည်းက စည်းတွေဘောင်တွေကြားမှာ ကြီးခဲ့ရလို့၊ လူလားမြောက်တော့ လူ့လောက က စည်းဘောင်တွေကြားမှာကို မနေတော့ဘူး ဆိုတာမျိုး စထားတယ်။

နောက် ကောင်မလေးနဲ့ ချစ်သူဖြစ်၊ မိန်းကလေးဘက်က သဘောမတူ၊ နှစ်ဦးသဘောတူ လက်ထပ်ကြမယ်ဆိုတော့ စာချုပ်တွေ မလိုဘူးလို့ သူ (အမျိုးသားဇာတ်ကောင်) က ဆိုတယ်။ သူက ချုပ်ချယ်တာတွေ၊ စည်းတားတာတွေ မကြိုက်သူမို့၊ သူ့ကိုချစ်ရင် သူ့ကိုယုံရင် သူတို့ကြားမှာ စာချုပ်ဆိုတာ မလိုဘူးလို့ ဆိုတယ်။ (စာချုပ်ဆိုတာ ချုပ်နှောင်တာအပြင်၊ ယုံကြည်မှု မရှိကြလို့သာ လိုတဲ့အရာလို့ သူက ယူဆပုံမျိုး ရေးထားတယ်)။ လိုရင်းကတော့ ဒါနဲ့ပဲ သူတို့နှစ်ယောက် ကွဲရော။


စာရေးသူက လူနှစ်ယောက် လက်ထပ်တာမှာ စာချုပ်ကိစ္စကို အလေးပေးရေးတာလည်း သူ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံအရ ဖြစ်မှာပဲ။ ဇာတ်ကြောင်းကလည်း ဇာတ်ကောင်ရဲ့ ငယ်ငယ်က အတွေ့အကြုံတွေနဲ့ သူ ကြီးပြင်းအရွယ်ရောက်လာတော့ အဲဒါတွေရဲ့ လွှမ်းမိုးမှုအရ တုန့်ပြန်ပုံကို ရေးထားတဲ့သဘောလို ဖြစ်နေပြန်တယ်။

ကိုယ့်အနေနဲ့ ကြိုက်တာ မကြိုက်တာထက် (ကိုယ်ပိုင်အတွေ့အကြုံနဲ့ လွှမ်းမိုးခံခဲ့ရတာတွေအရ ပြောရမယ်ဆိုရင်) ဇာတ်ကောင်မိန်းကလေးအတွက် လန့် လောက်စရာဖြစ်သွားတဲ့ ဇာတ်ကောင်အမျိုးသားရဲ့ လက်ထပ်စာချုပ်နဲ့ဆိုင်တဲ့ အတွေးအခေါ် (စာရေးသူက လက်ထပ်စာချုပ်ဆိုတာကိုပဲ အထူးသဖြင့် ပြောသွားတယ်) က ကိုယ် ဖတ်တော့ ဘာမှမဟုတ်ဘူး။ (ကိုယ့် ခံစားမှုကို ဘာမှ မသက်ရောက်စေလိုက်ဘူး)။

(တကယ် ရေးချင်တာက ဖတ်ဖူးတဲ့ အဲဒီဝတ္ထုကြောင်းလည်း မဟုတ်၊ ကိုယ့်အယူအဆကြောင်းလည်း မဟုတ်၊ အနုပညာကြောင်းလည်း မဟုတ်၊ ငယ်ဘဝနဲ့ လွှမ်းမိုးခံရတာလည်း မဟုတ်။ တကယ် ရေးချင်တဲ့ အကြောင်းက ခဏနေမှ လာမှာ။ ရေးလက်စနဲ့ အတွေးတွေနောက်လိုက်ပြီး ဆက်ရေးလိုက်ဦးမယ်)

ဂျူး ဝတ္ထုတိုတွေကို နားလည်နိုင်စွမ်း မရှိခင်မှာပဲ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည်တယ်။ အဲဒါကလည်း အတွေ့အကြုံက ခံစားမှုကို လွှမ်းမိုးလို့ပါပဲ။ ခုချိန်မှာ ပြန်တွေးမိတာတစ်ခုလည်း ရှိတယ်။ ဂျူး ဟာ အညာမှာ ကြီးပြင်းခဲ့ရလို့ကို အဲဒီဝတ္ထုကို အဲဒီတင်ပြပုံနဲ့ ရေးဖြစ်တာ။ မဟုတ်ရင် အဲဒီ ဝတ္ထုရဲ့ presentation က တခြား တပုံစံ ဖြစ်ကောင်းဖြစ်နေမှာပဲ ဆိုတာ... (ဟုတ် မဟုတ်ကတော့ စမ်းကြည့်လို့မရဘူး။ အထင်အမြင်တွေပါပဲ။ အနုပညာဖြစ်နေတာကိုး)

အဲလိုပဲ။ ကိုယ်လည်း ကိုယ် ကြီးပြင်းထိတွေ့လာရတဲ့ ပတ်ဝန်းကျင်ကြောင့် အထက်က ဘတ်ဆဲလားစာရေးသူ အဲဒီဝတ္ထုကို ရေးသလို ရေးနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် လက်ထပ်စာချုပ် ကိစ္စကို ဘယ်လိုမှ သူတွေးသလိုတွေးပြီး သူရေးသလို ရေးဖြစ်မှာမဟုတ်ဘူး။ အဲဒီဝတ္ထုကို ဖတ်တဲ့အခါမှာလည်း တလျှောက်လုံး သယ်လာတဲ့ ဇာတ်ကောင်စရိုက်က စာရေးသူ အထူးသဖြင့်ပြောသွားတဲ့ လက်ထပ်စာချုပ် ကိစ္စအရောက်မှာ ကိုယ့်အတွက် nothing ပဲ ဖြစ်သွားပြီ။

10 တန်းရောက်တော့ ရန်ကုန်ရောက်ပြီ။ 10 တန်းမှာ အတော် ခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ အဲဒီ စာအုပ်အကြောင်း ပြောဖြစ်ကြတယ်။ အဲဒီ ဘတ်ဆဲလားစာရေးသူ ပစ်တဲ့ အချက်က သူ့ကိုတော့ ထိတယ်။ လက်ထပ်စာချုပ်ဆိုတာကြောင့် ဇာတ်ကောင်စရိုက်က သူ့ခံစားမှုမှာ တိမ်းစောင်းမသွားဘူး။ အဲလိုသာ စာချုပ်မချုပ်ချင်တဲ့ လူတယောက်နဲ့များ သူ တွေ့ရရင် ဒုက္ခပါပဲ ဆိုတာမျိုးထိ သူ ခံစားရပုံပဲ။ (တကယ်တော့ အကြားအမြင်လည်း မများတဲ့ အရွယ်တွေမို့လို့ပါ)

***
ခုတလော ဒေါက်တာ ခင်မောင်ဝင်း အညာကြောင်းရေးတဲ့ ဆောင်းပါးတွေ ဖတ်ရရင် သိပ်ကြိုက်တာပဲ။ အညာမို့လို့ဆိုတာမျိုး မဟုတ်ဘဲနဲ့ကို သူ စာရေးပုံ၊ အကြောင်းအရာတွေကို ကြိုက်တာမျိုးပါပဲ။

အဲဒီမတိုင်ခင်တည်းက မြို့အကြောင်းရေးဦးမှလို့ တွေးနေမိတာ။ သူ့ဆောင်းပါးတွေ ဖတ်ရတဲ့အခါတိုင်း ကိုယ်သိတာတွေလည်း ချရေးထားဦးမှလို့ ခဏခဏ တွေးမိတယ်။ တွေးသာတွေးတာ၊ သိတာကလည်း ဘာမှ မရှိဘူး။ သိအောင် အားထုတ်ချင်စိတ်ကို မရှိတာ ဆိုရင် ပိုမှန်မယ်။ နှစ်တိုင်း မြို့ကိုပြန်ဖြစ်တယ် ဆိုပေမယ့် ပြန်သွားတဲ့ တခဏမှာ စားဖို့၊ အိပ်ဖို့၊ စာဖတ်ဖို့၊ သူငယ်ချင်းဟောင်းတွေနဲ့ လည်ဖို့ ပတ်ဖို့လောက်ပဲ ဆိုတော့ သိသမျှတောင် မေ့ကုန်ပြီ။ မသေချာတဲ့ အချက်အလက်တွေ မေးမယ်ဆိုတာမျိုးတောင်မှ မလုပ်ဖြစ်ဘူး။


ဒါပေမဲ့ မြို့အကြောင်းကို ရေးဦးမှ လို့ စဉ်းစားတိုင်းမှာ လက်ထပ်စာချုပ်ကိစ္စနဲ့အတူ ဖတ်ခဲ့ဖူးတဲ့ အဲဒီစာအုပ်ရယ်၊ စာတအုပ်တည်းဖတ်ပြီး တုန့်ပြန် ခံစားရပုံချင်းမတူတဲ့ 10 တန်းတုန်းက သူငယ်ချင်းရယ် အရင်ဆုံး အတွေးထဲ ဝင်လာတယ်။

"ဖေဖေနဲ့ မေမေမှာလည်း လက်ထပ်စာချုပ်မရှိဘူး" လို့ ကိုယ်ပြောတော့ အဲဒီ သူငယ်ချင်းက အင်မတန် အံ့သြတယ်။

ကိုယ် ကျင်လည်ကြီးပြင်းခဲ့ရုံတင်မက ဆင်းသက်လာတဲ့မြို့လို့ ဆိုနိုင်ပေမယ့် မသိတာတွေ၊ အမှတ်တမဲ့နေခဲ့တာတွေ၊ နီးလွန်းလို့ ဝါးသွားတာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ခုတော့ သေချာသိတယ်။ မြို့မှာ လက်ထပ်တယ်၊ မင်္ဂလာဆောင်တယ် ဆိုတာကို ဘယ်လိုပုံစံနဲ့ပဲ လုပ်လုပ် ရုံးတက်လက်မှတ်ထိုးပြီး စာချုပ်ချုပ်တာတော့ ဘယ်သူ့မှာမှ ထုံးစံမရှိဘူး။

လွန်ခဲ့တဲ့ အနှစ် 30 လောက်ကဆို ဖိတ်စာမှာ သတို့သား၊ သတို့သမီး ဘာဘွဲ့ရရ ထည့်လည်း မရိုက်ကြဘူး။ ထည့်ရိုက်ရင်လည်း အတော်ကို ကြောင်တဲ့ကိစ္စ ဖြစ်သွားမှာပဲ။ အဲလိုပြောရင် ခေတ်အခါနဲ့ အနေအထားကို သေချာမသိရတဲ့သူ၊ နယ်မှာ မကြီးပြင်းဖူးတဲ့သူတွေက ကြောင်တယ်ဆိုတာကို ခံစားလို့ ရချင်မှ ရမှာ။


အညာက မြို့နယ်အဆင့် မြို့ကလေးမှာ တသက်လုံး မွေးစကနေ သေသည်ထိ ဒီလူ ဒီလူ၊ ဒီပတ်ဝန်းကျင် ဒီပတ်ဝန်းကျင်၊ မြို့တောင်ဖျားက လူတစ်ယောက်နာမည် ပြောလိုက်တာနဲ့ မြောက်ဖျားကရော၊ အရှေ့ဖျား အနောက်ဖျားကရော၊ မြို့လယ်ကောင်ကရော အားလုံးသိတဲ့ အပြင်၊ အဲဒီလူတင်မက အဲဒီလူရဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ပါ ရာဇဝင်ကြောင်းနဲ့တကွ အကုန်အစင်သိနိုင်လောက်တယ်။ အနှစ် 20/30 လောက် နီးနီးနားနားနေလာတဲ့ မှတ်ဉာဏ်လည်းကောင်းတဲ့ ရပ်ဆွေရပ်မျိုးတယောက်ယောက်ကို မေးလိုက်မိလို့ကတော့ မူလတန်းတုန်းက ဘာဖြစ်တာ၊ အလယ်တန်းတုန်းက ဘာဖြစ်တာကစ အသေးစိတ်တောင် ပြောပြနိုင်လိမ့်မယ် ထင်တယ်။

အဲဒီလိုအနေအထားမျိုးမှာ လက်ထပ်ထိမ်းမြားတော့မယ့် လူနှစ်ယောက်အတွက် နှစ်ပေါင်းများစွာ သိမှတ်ကျွမ်းဝင်လာတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူအများထက် ပိုပြီး၊ စာချုပ်စာတမ်းပေါ်က စာလုံးတွေက အရေးမပါနိုင်ဘူးဆိုတာ အံ့သြစရာတော့ မရှိဘူး။

***
နှစ်တွေ ကြာလာတော့လည်း တချို့ကိစ္စတွေ ပြောင်းလဲကုန်ပြီ။
မင်္ဂလာဆောင်ဖိတ်စာတွေ ကြည့်လိုက်ရင်၊ နောက်က အမြီးတွေ မထည့်မဖြစ် ထည့်လာကြပြီ။ ဟိုးတနှစ်ဆီက အိမ်ပြန်တုန်းမှာ ကိုယ့် မောင်ဝမ်းကွဲတယောက် ဘာတက်နေတယ်ဆိုတာ ကိုယ့် သူငယ်ချင်း အရင်းခေါက်ခေါက်တယောက်က ကိုယ်နဲ့တွေ့မှ မေးရင်း ပြောရင်းနဲ့ သိပြီး တအံ့တသြ ဖြစ်သွားတာလည်း ကြုံဖူးတယ်။ 10 တန်းအောင်တယ်၊ တက္ကသိုလ်တက်တယ်ဆိုတာလည်း ထူးခြားဖြစ်စဉ်မှ မဟုတ်တော့တာလေ။ ဘယ်သူ ဘယ်နှစ်က ဘယ်လိုအောင်လို့၊ ဘာကျောင်းတက်ပြီး ဘာနဲ့ပြီးသွားတယ်ဆိုတာ တော်ရုံမသိကြတော့ဘူး။

မနှစ်ကတော့ အညာကို ရောက်တုန်း ကိုယ့် 3rd cousin နဲ့ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းကို မေးကြည့်မိတယ်။ နင်တို့ မင်္ဂလာဆောင်တော့ လက်ထပ်စာချုပ်ချုပ်သလားလို့။ သူက ပြောတယ်။ "ထုံးစံမရှိတာတွေ... ဒီလူနဲ့ ဒီလူ ဘာစာချုပ် ချုပ်စရာလိုသလဲ" တဲ့။

***
အထက်မှာ ပြောခဲ့တဲ့ဝတ္ထုက ပစ်သွားတဲ့အချက် ကိုယ့်ကို မထိတာလည်း အံ့သြစရာ မရှိဘူးပေါ့။

***
(မှတ်ချက် - နယ်မြို့တော်တော်များများ အဲဒီတိုင်းပဲလို့ ထင်ပါတယ်)

ဖတ်မိတာလေး

21 comments:

Sunny said...

ဟုတ်တယ် မမရီတာ.. နယ်မြို့တွေမှာ လက်ထပ်စာချုပ်ချုပ်တဲ့ အလေ့အထ သိပ်မရှိကြဘူး.. အခုခေတ်ကျတော့လည်း လင်မယား နိုင်ငံခြားခေါ်သွားမယ်၊ လိုက်လာမယ်ဆိုရင်တောင် စာချုပ်ပါမှ အလုပ်ဖြစ်တာကိုး.. အဲဒီတော့လည်း လက်ထပ်စာချုပ်ချုပ်ဖို့ လိုလာတာပေါ့နော်..

Rita said...

ဟုတ်တယ် ခုပဲ ပြန်မှတ်မိတယ်။

ကိုယ်တို့ မြို့ကပဲ ဖေဖေတို့ထက် နည်းနည်းပဲငယ်မယ့် အင်ဂျင်နီယာဦးလေးတယောက် ကိုယ်နဲ့ တနေ့တည်း စင်ကာပူရောက်တယ်။ သူကတော့ ဟိုက သူ့ကုမ္ပဏီက လွှတ်တာလို့ ထင်တယ်။ ကလေးနှစ်ယောက်မှာ အကြီးက ဒီမှာ ပိုလီပြီးကာစ၊ အငယ်က သူနဲ့မှတူတူလိုက်လာပြီး ပိုလီစတက်မှာဆိုတော့ တမိသားစုလုံး ဒီနေရတော့မယ်။

အမျိုးသမီးပါခေါ်မယ်ဆိုတော့ သူတို့ လက်ထပ်စာချုပ် ပြန်လုပ်ရတယ်။ လုပ်တာကလည်း ရန်ကုန်မှာ၊ ဒါပေမဲ့ တမြို့တည်းသား တရားသူကြီးဆီမှာ... အဲဒါ သူ့အိမ်သွားတော့ တရားသူကြီးက အိမ်ပြန်မရောက်သေး။ တရားသူကြီးရဲ့ အမျိုးသမီးကကျတော့ သူတို့ကို သေချာမသိဘူး။ ထိုင်စောင့်ရင်း စကားပြောရင်းနဲ့ ဒီအသက်ဒီအရွယ်တွေက လက်ထပ်စာချုပ်လုပ်ချင်တယ်ဆိုတာကို နားမလည်နိုင်ဖြစ်ပြီး၊ စာချုပ်ချုပ်မယ့် ကလေးတွေ ပါမလာဘူးလား မေးတယ် ဆိုတယ်။

အဲဒါ အသိအိမ်မှာ ဆုံကြရင်း ဟာသလုပ်ပြောတာ ခုမှ ပြန်မှတ်မိတယ်။

Unknown said...

Signing a marriage certificate from the view point of a man is like a
fish asking for the fisherman to use a strong and sharp hook for better piercing of its jaws.

ညိမ်းနိုင် said...

ဟုတ်တယ်...ဘယ်သူမှ မလုပ်ကြဘူး..။ခုထိဘဲ..။
ကျွန်တော့်သယ်ရင်းတွေ တစ်ယောက်ပြီးတစ်ယောက်ဆောင်တယ်..။ချုပ်ကြပါဘူး.
အင်း...သူငယ်ချင်းတစ်ယောက်ဒီလာဖို့လုပ်တော့ မိဘ
တွေရဲ့ လက်ထပ်စာချုပ်ပြရတယ်..၊ဘာကြောင့်ဆိုတာ
တော့သေသေချာချာမသိ၊ခက်တာက စာချုပ်ကမရှိ၊
သူတို့ယူတုန်းက တရားသူကြီးကလည်း ဆုံးရှာပြီ..။
ဆိုတော့ တရားသူကြီးကတော်ကို အကူအညီတောင်းရ
တယ်..။စာချုပ်အဟောင်းရှာဝယ်ရတယ်...။လက်မှတ်
ကတော့ အဲ့အမ်တီက ထိုးပေးတယ်..။တံဆိပ်တုံးမရှိလို့
နမူနာပြပြီး ပန်းဆိုးတန်းမှာ ကျွန်တော်ကသွားလုပ်ပေးရ
တယ်....ဆိုရှယ်လစ်ခေတ်ကဟာကိုလေ...:)..တခါတ
လေ မြန်မာပြည်ကကိစ္စတွေက အတော်တော့ဂွကျသား

ညိမ်းနိုင် said...

အဲ အဓိကပြောချင်တာက အဲ့ဒါမဟုတ်..၊ပြောချင်တာက
ကိုယ်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်က အတော်လွမ်းမိုးမှု
ရှိတယ်ဆိုတာ..။ကျွန်တော့်အမ နဲ့ကျွန်တော်က အသက်
လည်းကွာ၊ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်လည်းကွာတော့
စာတစ်အုပ်ထဲကို ဖတ်တာခြင်းတူတာတောင် အမြင်တွေ
တူဘူးဗျ..။ကျွန်တော်ခံစားလို့ရတာကို သူက နင့်ဟာက
လည်း ဘာမှအဓိပ္ပါယ်မရှိဘူးတဲ့..သူက၊သူကြိုက်တာကို
တော့ ကျွန်တော်က ဘာမှမဟုတ်တာကို ကြိုက်ရကောင်း
လားဆိုပြီး ငြင်းကြရော...။ဆိုတော့မရီတာရဲ့အတွေးကို
ကျွန်တော်ဆက်တွေးမိတော့ အနုပညာဆိုတာ ဖန်တီးသူ
နဲ့ ခံစားသူ ထပ်တူကျ မှ သူ့အနုပညာကြီးက အဓိပ္ပါယ်ရှိ
လာသလား..လို့..။

အင်္ဂါဟူး said...

ခေါင်းရင်း ခုနှစ်အိမ် ခြေရင်း ခုနှစ်အိမ်ကို အသိပေးလိုက်ရင် ရပြီလေ.....

juli said...

ဟုတ်တယ် တို့နယ်မှာလည်းမရှိဘူး.. လက်ထပ်စာချုပ်ချုပ်တဲ့အလေ့အထ။ မင်္ဂလာဧည့်ခံပွဲကျင့်ပ လူတွေကိုဖိတ် (ပြီးသွားရော)။ အခုနောက်ပိုင်းတော့ တချို့လည်း စာချုပ်ချုပ်ကြတယ်.. မချုပ်တဲ့လူတွေလည်း ရှိနေဆဲပဲ။

ck said...

(မှတ်ချက် - နယ်မြို့တော်တော်များများ အဲဒီတိုင်းပဲလို့ ထင်ပါတယ်)

မှန်ပါတယ်

JulyDream said...

ရောမရောက်နေလို့ ရောမလိုပဲ ကျင့်ကြံလိုက်ပေမယ့် တကယ့်စိတ်ထဲမှာတော့ လက်ထပ်စာချုပ်က မိသားစုအရေးမှာ တရားဥပဒေအရ လိုအပ်ချက်တစ်ခုလို့ မြင်မိတယ်။ ကျွန်တော့် အမြင်လေးပေါ့။

Rita said...

ဇူလိုင် မြင်တာ သဘာဝကျပါတယ်။ ခုနောက်ပိုင်း အနေအထားတွေအရရော.. နောက် ဇူလိုင်က မြို့ကြီးပြကြီးဘက်မှာ ကြီးလာရတာကြောင့်ရော။

(တရားဥပဒေအရ လိုအပ်ချက်တစ်ခု) ဆိုတာလည်း ခုနောက်ပိုင်းမှာ ပိုမှန်တယ်။ ဒါပေမဲ့ ကိုယ်သိသလောက်တော့ မြန်မာဥပဒေမှာက အထက်က တယောက် ပြောသွားသလို ရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ် အသိအမှတ်ပြုတယ်ဆိုရင် အရာမြောက်တယ်ဆိုတယ်။ စာချုပ်မလိုဘူး။ ဥပဒေအရမှာကို အသိအမှတ်ပြုမယ့် ပတ်ဝန်းကျင်က စာချုပ်ထက်ပို အရေးပါတဲ့ သဘောမျိုးပါပဲ။

သူများအကြောင်းတော့ ထည့်မပြောချင်ပေမယ့် ကြုံလို့... ခုသတင်းကြားနေရတဲ့ ဆယ်လီဘရစ်တီတယောက်ရဲ့ အမှုမျိုးမှာတော့ ပတ်ဝန်းကျင်ကို သိသာသိစေ မမြင်စေနဲ့ဆိုတာမျိုးလုပ်ထားလေတော့ အဲဒီအခြေအနေမျိုးကျ "စာချုပ်" က အဓိက ကျသွားပြန်ရော။

ခု ပွဲ 6 ပွဲတောင် လုပ်မယ်ဆိုတဲ့ စုံတွဲကျတော့ ဥပဒေအရဆို လက်မှတ်ထိုးတဲ့ပွဲ ဖြုတ်ပြီး 5 ပွဲဆိုရင်ပဲ တရားဝင်နေပြီ။ မဝင်ချင်လို့ကို မရဘူး။ သဘောကို ပြောတာပါ။

ပတ်ဝန်းကျင် အသိအမှတ်ပြုမှုဆိုတာလည်း တသက်လုံး ဒီလူ/ဒီပတ်ဝန်းကျင်မှာ မပြောင်းမလဲနေကြတဲ့ နယ်နဲ့ ကိုယ့် ဘေးခန်း၊ အောက်ထပ်၊ အပေါ်ထပ် ဘယ်သူနေလို့ နေမှန်းမသိနိုင်ကြတဲ့ မြို့ကြီးပြကြီး ကွာပြန်တယ်။

Vista said...

ကိုယ်တို့ အတွဲလည်း ဒီဘက်ခေတ်ကပေမယ့် စာမချုပ်ချင်တဲ့ သူတွေထဲမှာပါတယ် ။
ဒါပေမယ့် ဥပဒေအရ မချုပ်လို့ မရဘူး ။ နိုင်ငံခြားမှာဆိုပိုဆိုးတာပေါ့ ၊ ပိုင်ဆိုင်မှု ဘဏ်ဘာညာ ၊ အခွန်ဆောင်တာကအစလေ ။ ယောက်ျားဆောင်ရင် မိန်းမ မဆောင်နဲ့ ဆိုတော့ကာ စာချုပ်ပြရတယ် ။ မရှိခဲ့ရင်အလုပ်မဖြစ်ဘူး။
ကိုယ်တို့ အမေတွေခေတ်က မရှိခဲ့ဘူး။
အဲဒီမှာ ဘာတွေခက်ကုန်လည်းဆိုတော့ တချို့ ယောက်ျားဆုံးတော့မိန်းမကို ပိုင်ဆိုင်မှုတွေနာမည်လွဲရာမှာ ၊ အစစ်အမှန် သူ့ ဇနီး ဖြစ်ကြောင်းကျမ်းကျိန်ရတော့တာပဲ။ တကယ်ဆို လူတိုင်းသိပီးသားကိစ္စလေ ။ ကလေးတွေလည်း ကြီးလှပီ။ အဘိုးကြီးအဘွားကြီးတွေဖြစ်နေမှ စာချုပ်မရှိခဲ့တာနဲ့ ကျိန်ရတော့တာ ။ စာပြန်ချုပ်ဖို့ ယောကျာ်းကလည်းဆုံးသွားတော့ ။ အဲလိုအချိန်က ပိုခါးသီးတယ် ။ စိတ်ကုန်ဖို့ ကောင်းတယ် ။ ကြုံဖူးတဲ့လူတွေပို နားလည်မယ်။

ဇွန်မိုးစက် said...

အဲဒီဝတ္ထုကို ဇွန်ကောင်းကောင်းမှတ်မိတယ်။ ဇာတ်လမ်းအစ အင်းယားကန်ဘောင်မှာ အသက်၂၂နှစ်ပြည့်ပြီး ရည်းစားမရှိသေးတဲ့ ကောင်မလေးကနေ ချစ်သူတွေ့သွားပြီး...နောက်ဆုံးသူတို့ကွဲသွားကြတဲ့အထိ ကိုယ်မှတ်မိနေတယ်။ ကောင်လေးနာမည်မှာ 'ညီ' ပါတယ်။ ယောမင်းကြီးလမ်းက တိုက်ခန်းမှာ တစ်ယောက်တည်းနေတယ်...။ ဇာတ်လမ်းဖတ်အပြီး ကောင်လေးက လက်ထပ်စာချုပ်ချုပ်လိုက်ရင် ပြီးရော၊ ဒါလေးကို ဘာလို့မလုပ်နိုင်ရတာလဲလို့ တွေးမိတယ်။ ဇာတ်ကောင်မိန်းကလေးလောက်တော့ မခံစားရဘူး။ ကောင်လေးကို မချင့်မရဲဖြစ်မိတာ။

လက်ထပ်စာချုပ်နဲ့ ပတ်သက်ပြီး အတွေးနှစ်ခု ဝင်လာတယ်။

တစ်ခုက...
မြန်မာလက်ထပ်စာချုပ်မှာ အလုပ်အကိုင် ဘာလို့ထည့်ရတာလဲ၊ ထည့်စရာ တကယ်ပဲ လိုအပ်သလား။ လတ်တလော ဇွန့်သူငယ်ချင်းတစ်ယောက်တော့ လက်ထပ်စာချုပ်မှာ ဆရာဝန်လို့ typewrite က ထည့်လိုက်မိလို့ overseas ရောက်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါ အခက်အခဲဖြစ်သွားတယ်။

နောက်တစ်ခုက... အဝေးရောက် ချစ်သူချင်း စိတ်မချလို့ ကြိုတင်လက်မှတ်ရေးထိုးပြီးမှ အဆင်မပြေဖြစ်လို့ ကွဲကွာကြတဲ့အခါ စာချုပ်ပြန်တောင်းရတာနဲ့၊ တဖက်က မပေးချင်ရတာနဲ့ ကိစ္စတွေဖြစ်လာတာကို သူ့သူငယ်ချင်းတစ်ယောက်ကြုံဖူးလို့ ကြားရသေးတယ်။ မြန်မာပြည်မှာ နှစ်ခါပြန်လက်မှတ်ထိုးတာကို မသိနိုင်ဘူးလို့ ဆိုကြတယ်။ အဲဒါ... မကောင်းဘူးနော်။

ရီတာတို့မြို့မှာ စာချုပ်မလိုဘဲ လက်ထပ်တဲ့ အလေ့အထရှိတယ်ဆိုတာ ဇွန်အခုမှ သိတယ်။ ရန်ကုန်သူစစ်စစ်မို့ ထင်ပါရဲ့... အညာဓလေ့တွေနဲ့ သိပ်မရင်းနှီးဘူး။ :D

ဇွန်မိုးစက် said...

ဒါနဲ့ ရီတာ... အဲဒီ့ဘက်ဆဲလား ဆရာမရဲ့ 'လေရူးသုန်သုန်' ကို ကျောရိုးယူပြီး ရေးခဲ့တဲ့ ဝတ္ထုကို ဖတ်ဖူးလား။ (ဖဘမှာ သူရှိနေလို့ မမေးမိတာ)

Rita said...

ကိုယ်လည်း ကောင်းကောင်းမှတ်မိနေသေးတယ် အဲဒီဝတ္ထုကို...

ပြီးတော့ အဆုံးသတ်အတွေးကလည်း တို့နှစ်ယောက် သဘာဝကျကျကို မတူဘူး။

ကိုယ်ကျ မိန်းကလေးဘက်ကို "စာချုပ်မချုပ်လည်း ဘာအရေးလဲ၊ ဧည့်ခံပွဲတစ်ပွဲလောက် လုပ်လိုက်ရင် ကိစ္စပြတ်သွားတာပဲ" လို့သာ တွေးလိုက်မိတယ်။ =D

***
စာချုပ်နဲ့ပတ်သတ်တဲ့ ဇွန်ပြောတဲ့ ဒုတိယအချက်ကို ဆက်တွေးမိတယ်။ တကယ်တော့ လက်မှတ်ထိုးခဲ့တဲ့ တရားရုံးက မှတ်တမ်းထဲမှာတော့ ကျန်နေမှာပဲ။ ကာယကံရှင်နှစ်ယောက် ပြဿနာတက်ရင်တော့ အဲဒီအရင်းအမြစ်ကနေ ဖြေရှင်းလို့ရနိုင်မှာပဲ။

ဒါပေမဲ့ နောက်ကြောင်းမသိတဲ့ လူတစ်ယောက် ဘယ်မှာ ဘယ်သူနဲ့ လက်မှတ်ထိုးခဲ့တဲ့ ရာဇဝင်ရှိ/ မရှိကြတော့ ဘယ်ကို လိုက်လို့ လိုက်ရမှန်းသိမှာမဟုတ်ဘူးလို့ ခုမှ တွေးမိတယ်။ ကိုယ်မသိတာလည်း ဖြစ်နိုင်ပါတယ်လေ။ (အဲဒါတွေကြောင့် အွန်လိုင်းကဇာတ်လမ်းတွေအကြောင်း ကြားရရင် risk ယူရဲကြတာကို အံ့သြတယ်။ ဝေဖန်ချင်တာ မဟုတ်ဘူး။ ကိုယ်စိတ်ကူးဖို့မရဲတဲ့ ကိစ္စဖြစ်နေလို့ပါ။ ဒါပေမဲ့ အွန်လိုင်းမဟုတ်လည်း မသိနိုင်တာတွေ အများကြီးပါပဲ။ ဒါကြောင့် နယ်ကလူကြီး တော်တော်များများ ကိုယ့်ထဲကိုယ့်ဟာတွေကို ခုမှသိတဲ့ လူသူတစိမ်းနဲ့ထက် တသက်လုံးက မျိုးနဲ့ရိုးနဲ့ချီပြီး သိလာတဲ့ အတွင်းသိ အစင်းသိ လူတွေနဲ့သာ လက်ထပ်စေချင်ကြတာ)

ဇွန်ပြောတဲ့ ပထမ တချက် - အလုပ်အကိုင် ထည့်ရတယ်ဆိုလို့... အဲဒီအချက်ကိုတော့ ခုမှ သိတာပါ။

ဒါပေမဲ့ တဆက်တည်း 88 အပြီးမှာ လုပ်ကြရတဲ့ အစောဆုံး NRC Card တွေမှာ အဖေနာမည် မပါတာ သွားသတိရတယ်။ အဲဒီ အစပိုင်း NRC Card တွေမှာ အဖေနာမည်တွေ မပါရတဲ့ အကြောင်းရင်းရာဇဝင်ကိုလည်း ကျောင်းပြီးကာစမှာတက်ဖြစ်တဲ့ biz သင်တန်းတစ်ခုက ဆရာတစ်ယောက် ပြောတာ ကြားခဲ့ဖူးတယ်။ ဒီနေရာမှာတော့ ထည့်မရေးတော့ပါဘူး။ ငြိနေမှာစိုးလို့။

ဘာရယ်တော့ မဟုတ်ဘူး။ ဗမာပြည်မှာ မရောင်ရာသာ စွတ်ဆီလူးပြီး၊ တကယ့်အရေးကြီးကိစ္စကျမှ ကျော်သွားတာတွေ မှတ်ထားလိုက်တာ။

***
လက်ထပ်စာချုပ်ကိစ္စကတော့ လိုတာ မလိုတာက ဟိုးအရင်မှာ သိသာပေမယ့် နောက်ပိုင်းကာလတွေ ပြောင်းလာကြတဲ့အခါကျတော့ လိုလို့၊ မလိုလို့ ဆိုတာထက် လုပ်ရိုးလုပ်စဉ်မို့ လမ်းဟောင်းအတိုင်း ဆက်သွားကြတာပါပဲ။

တရားဝင်ဖို့ဆိုတာကတော့ ဥပဒေအရ စာချုပ်မလိုတာ အမှန်ပဲ။ ဒါပေမဲ့ Vista ပြောတဲ့ နောက်ပိုင်း ပိုင်ဆိုင်မှုနဲ့ဆိုင်တာတွေကျတော့လည်း စဉ်းစားစရာပေါ့။ ခင်ပွန်း ဇနီး တစ်ဦးဦးဆုံးပါးလို့ ကျန်ခဲ့သူမှာ ပိုင်ဆိုင်မှု အမည်ပေါက်အောင်လုပ်ဖို့ ကျမ်းကျိန်တဲ့ထိ လုပ်စရာလိုတယ်ဆိုတာတွေ ခုမှ သိတာပါ။ နယ်မှာတော့ ခုချိန်ထိ ဒီကိစ္စမျိုးတွေလည်း မရှိသလောက်ရှားမယ်လို့ ထင်တယ်။ လင်သေ မယားဆိုင်၊ မယားသေ လင်ဆိုင်ကို။

ရေးရင်း အတွေးတွေ အတော်ကို ပြန့်လာပြီ။ နောက်ထပ် အတွေးတစ်ခု ထပ်ရောက်လာတယ်။ ကိုယ်သိတာက အဖေဆုံးပါးသွားရင် သားသမီးတွေက အမေကို အမွေတောင်းပိုင်ခွင့်ရှိတယ်။ တကယ်လို့များ အမေ အရင်ဆုံး၊ အဖေက နောက်အိမ်ထောင်ပြုခဲ့လို့၊ ပြုပြီးမှ အဖေဆုံးရင် ပစ္စည်းတွေ နောက်အိမ်ထောင် (မိထွေး) လက်ထဲရောက်၊ သားသမီးတွေ အမွေတောင်းလို့ရသေးရဲ့လားမသိ။ မရဘူးဆိုရင်တော့ NRC Card မှာ အဖေနာမည် မပါတဲ့ကိစ္စလိုပဲ။ =D

***
လေရူးသုန်သုန် မူကွဲလည်း ဖတ်ခဲ့ဖူးတယ်။
မူရင်းကိုတော့ ဒီနှစ်မှ ဖတ်ရလို့ ကိုယ့်မှာ သိတာ မကြာသေးဘူး။ =)

တီချမ်း said...

လက်ထပ်စာချုပ် ချုပ်တော့ prenup ကလိုလာပြန်ရော
မခက်ခက်အောင် မရှုပ်ရှုပ်အောင်လုပ်ကြတာ
ရှေ့နေလဲ ထမင်းစားတာပဲလေ
နားလည်ကြပါ

တီချမ်း said...

နောက်ထပ်စဉ်းစားမိတာ ပေါ်လာလို့
ကိုယ်ကတော့ စာချုပ်ချုပ်ခြင်း ထက် လက်ထပ်ပွဲလုပ်ခြင်း ကို တမျိုးတွေးတယ်
ကိုယ့်ပွဲကို လာ ကိုယ်ကျွေးတာ ကို စားပြီး ကိုယ့်အတင်းပြောကြမယ့် ဟာကိုများ ပိုက်ဆံတွေအကုန်အကျခံ လုပ်နေလိုက်ကြတာ
မိန်းမတွေ တသက်တပွဲ (အရင်တုံးက အယူ) နဲ့လုပ်ကြတာ သဘောပေါက်ပါတယ် မဆန်းကျင်ပါဘူး လုပ်လဲ
တော်ရုံသင့်ရုံပေါ့ ရုံးတက် လက်မှတ်ထိုး ဟိုဘက်ဒီဘက် မိဘ သူငယ်ချင်းနည်းနည်း ကျွေးလိုက်ပြီးတာပဲ ဧည့်ခံပွဲ မှာ ကုန်မယ့် ငွေတွေကို နှစ်ယောက်အတူ စရင်ဆိုင်မယ့် ဘဝအတွက် ရင်းနှီး ရင် ပိုအဓိပ္ဗါယ် မရှိပါလား လို့ ခဏခဏ တွေးမိတယ်
မယောင်ရာဆီလူားး အဓိက နဲ့ သာမည အဓိပ္ဗါယ်ဖွင့်ဆိုပုံခြင်းမတူကြတာလား
ကိုယ်ကပဲ ဘုဂလန့်လားတော့ မသိ မသိ မသိ ဘာဘာ ဘာမှမသိ

Rita said...

(ဧည့်ခံပွဲ မှာ ကုန်မယ့် ငွေတွေကို နှစ်ယောက်အတူ စရင်ဆိုင်မယ့် ဘဝအတွက် ရင်းနှီး ရင် ပိုအဓိပ္ဗါယ် မရှိပါလား လို့ ခဏခဏ တွေးမိတယ်)

ဒါကတော့ တယောက်နဲ့တယောက် အယူအဆ မတူနိုင်ဘူးလေ။ ဘယ်သူ ဘယ်လောက်ချဲ့ချဲ့ သူ့ဂုဏ်သိက္ခာအတွက် သူချဲ့နိုင်လို့ ချဲ့တာပဲ။ နောက်ပြီး အရင်းအနှီးလုပ်မယ့်ငွေတွေ အထိပါးခံပြီးတော့တော့ ဘယ်သူမှ ဧည့်ခံပွဲ လုပ်မယ်မထင်ဘူး။ ပိုလို့ လျှံလို့သာ လုပ်ကြတာဖြစ်မှာလို့ တွေးမိတယ်။ ဒီလိုကိုယ်ရေးကိုယ်တာကိစ္စမျိုးကျ တယောက်နဲ့တယောက် ပေတံချင်းကလည်း မတူနိုင်ဘူးမဟုတ်လား။

နောက် လူ့လောကထဲနေတာ ဂုဏ်ပကာသနအရေးလုပ်ကြတာကို အပိုလို့ သိပ်မထင်ဘူး။ ဒါ အမှန်ပြောတာ။ လူတွေကြားမှာ ပကာသနကိစ္စဆိုတာ (အခြေခံလိုအပ်ချက်မဟုတ်ဘူးလို့ ဦးနှောက်က သိနေပေမယ့်) လုံးလုံး ပစ်ထားလို့မရဘူးလို့ ယူဆတယ်။ ဂုဏ်ပကာသနနောက် လိုက်ဖို့ဆိုတာ အတိုင်းအတာတခုထိ လိုအပ်တယ်။ တတ်နိုင်လို့ ကြီးကြီးကျယ်ကျယ် ဆောင်ကြတဲ့လူတွေကို ဝေဖန်ချင်စိတ် မရှိဘူး။ သူတို့နဲ့တန်ရာတန်ရာကို လုပ်ကြမှာပဲ။

တချို့တွေပြောတဲ့ နိုင်ငံမှာ ဘယ်သူတွေက ဘယ်လိုငတ်နေတာကို ဒီလောက်အကျယ်ချဲ့ပြီး ဆောင်ရသလား ဘာညာ ဘာညာ... ကိုယ့်အမြင်တော့ မသင့်တော်ဘူးထင်ရင် ကိုယ့်အလှည့်မှာ မလုပ်ရုံပဲ။ သူများ လုပ်ချင်လို့လုပ်တာတော့ ဘာမှ ပြစ်တင်ရန်မရှိလို့ ထင်တယ်။ ဒီလို စကားကပ်ပြောကြေးဆို သူတို့ အကြီးအကျယ်မဆောင်ဘဲနေတော့ရော ငတ်တဲ့လူတွေ ချမ်းသာလာမှာမှ မဟုတ်တာ။

NangNyi said...

ဘာမှကိုလုပ်မနေချင်ဘူး.. ချစ်တယ်ပေါ့.. မိဘတွေ လည်း သိတယ်ပေါ့.. အတူတူနေကြမယ်ပေါ့… ဘ၀ကို အတူတူဖြတ်သန်း ရင်ဆိုင်ကြမယ်ပေါ့.. ပြီးတာပဲပေါ့

Rita said...

ညည်း ငယ်သေးလို့ပါအေ။
=)

ဒါပေမဲ့ အဓိက ကတော့ ဒါပါပဲ။ ထောက်ခံတယ်။ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်၊ စာချုပ်ပဲဖြစ်ဖြစ်၊ လူသိရှင်ကြား အသိအမှတ်ပြုမှုဖြစ်ဖြစ်၊ ဥပဒေကြောင်းအရ တရားဝင်မှုဖြစ်ဖြစ် ပြင်ပအကြောင်းတွေက သူနဲ့ကိုယ်နဲ့ထက်တော့ အဓိက မကျဘူး။

လက်မထပ်ဘဲ အတူတူနေပြီး လက်တွဲသွားတယ်ဆိုတာ တာဝန်တွေ ရှောင်ချင်လို့၊ တာဝန်မယူချင်လို့ ရွေးကြတာဖြစ်နိုင်သလို၊ နှစ်ဦးနှစ်ဖက် ယုံကြည်မှုမြင့်မားလွန်းလို့ ရွေးချယ်နိုင်တာလည်း ဖြစ်နိုင်တာပဲ။

ဒါပေမဲ့ ဒီတသက်တော့ အဲဒီလမ်းကြောင်းကို ဘယ်လောက်ယုံကြည်နိုင်တယ်လို့ ကိုယ့်ဘာသာထင်နေသည်ဖြစ်စေ ရွေးမိလိမ့်မယ် မဟုတ်ပြန်ဘူး။

NangNyi said...

မမရီတာပြောသွားတာတွေ အားလုံးဟုတ်သည့်အတွက် အဲလိုပဲ ရွေးဖို့လည်း စိတ်ကူးရှိကြောင်းပါ..း)
ငယ်သေးလို့လည်း ဟုတ်မယ်..
သူနဲ့ကိုယ်ဟာ စာချုပ်နဲ့ ချည်ထားစရာမလိုဘဲ အချင်းချင်း အပြန်အလှန် တာဝန်ယူချစ်ခင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်မှု မြင့်မားလို့လည်း ဟုတ်တယ်.. (အစကတည်းက အဲလိုယုံကြည်ရတဲ့လူကိုပဲ ရွေးထားတာပဲ)..
ကိုယ့်ကိုကိုယ်များ ထင်နေလိုက်တာပြောလည်း ခံရရုံသာ..
စာရွက်ကလေး တစ်ရွက်ဟာ လူ့ဘောင်လောကမှာ အတော်လေးအရေးပါနေတာမြင်တော့ စိတ်အချဉ်လည်း ပေါက်မိတယ်

Rita said...

fb မှာဆိုရင်တော့ like လုပ်မိမှာပဲ
=)