(snoedel.punt.nl/
အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်… ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…
ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ကျွန်မ ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…
စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသောစိတ်…
မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …
အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…
…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…
အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို ကျွန်မ အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို ကျွန်မ စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…
အဖြူရောင်က ကျွန်မ၏ ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..
တဆိတ် ကျေးဇူးပြုပြီး သံသယ မ၀င်စေလိုပါ…
ယခင်က ကျွန်မသည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…
*
(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်
ခူးယူခဲ့ပြီး ပြန်တော့ မစိုက်မိဘူး)
*
သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…
ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကျွန်မ၏ အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…
*
ကျွန်မကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…
ဂရုစိုက် အရိပ်ကြည့်နေချင်သည်…
လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…
အဖြူရောင်ကို ၀တ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…
လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ကျွန်မ ခံယူလာခဲ့ပါသည်
*
ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကျွန်မ စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။
(to be continued)
2 comments:
ကျွန်မကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…
ဂရုစိုက် အရိပ်ကြည့်နေချင်သည်…
လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…
အရမ်းသဘောကျသွားတယ်..
အမြဲတမ်းလိုချင်နေ အမြဲတမ်းရချင်နေ .. အမြဲတမ်း ... အမြဲတမ်း ကိုယ်ကပဲ ပိုင်ဆိုင်ချင်နေတာတွေ ဆိုတာ ကြာတော့လည်း တကယ်ကို ငြီးငွေ့ဖို့ ကောင်းလာပါတယ် ... ရလွန်းလို့ မလိုချင်တော့တာ မျိုးတော့ မဟုတ်ဘူး ... လိုတော့လိုချင်တယ် .. ဒါပေမယ့် ကိုယ်ကချည်းပဲ မလိုချင်တော့ဘူး .. သူတို့အတွက် ( ဝါ ) တစ်စုံတစ်ယောက်အတွက် ပြန်ပြီး ပေးဆပ်ချင်လာတယ် ... ဒါက ကောင်းတဲ့ အလားအလာတော့ ဟုတ်တယ် .. ဒါပေမယ့် သူ့မှာ မကောင်းတဲ့ အလားအလာလေး တစ်ခုတော့ ရှိသေးတယ် ... ကိုယ်ကပေးဆပ်ရင်း .. ပေးဆပ်ရင်းနဲ့ ကိုယ်ပေးဆပ်တာကို အသိအမှတ်ပြု မခံရတာ များလာပြီဆိုရင်လည်း ငါကချည်းပေးဆပ်နေရတာ သူကတော့ ငါ့ကို ရှိတယ်လို့ တောင် မြင်တာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုးတွေ ဝင်လာတတ်သေးတယ် .. အဲလိုဖြစ်လာပြီဆိုရင် ခုနက ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပေးဆပ်ချင်တဲ့ စိတ်တွေ ပျောက်ပြီး အသည်းအသန်ရယူချင်စိတ်တွေ ပြန်ရောက်လာပြန်ရော .... အဲလိုအချိန်ကျရင်တော့ ကိုယ်ပေးဆပ်တာတွေက သူ့ကိုပေးချင်လို့ ပေးဆပ်တာ မဟုတ်တော့ဘူး .. ကိုယ် သူ့ဆီက ပြန်လိုချင်လို့ ပေးဆပ်တာမျိုး ဖြစ်သွားတယ် ... .. ကျွန်တော်လည်း အဲလိုစိတ်မျိုးတွေ ခဏခဏ ဖြစ်ဖူးတယ် .. တကယ်မကောင်းပါဘူး .... ကောမန့်လည်း ရှည်ပြီ .. တစ်ခုလေး ပြောခဲ့ချင်ပါတယ် ... ပေးဆပ်ပါ ပေးဆပ်ပါ .. ဒါပေမယ့် ကိုယ်ပေးဆပ်နေရပါလားလို့တော့ ဘယ်တော့မှ မမြင်မိပါနဲ့ ... အဲဒါမှ အကောင်းဆုံးသော ပေးဆပ်ခြင်း ဖြစ်နိုင်ပါတယ် ... စကားမစပ် စာတွေရေးပါဦး ... ဘလော့တကာလှည့်နေတာ မို့လို့ နဲနဲချင်းစီ ပြန်လိုက်ဖတ်နေတာ ... ဒီနေ့အတွက်တော့ ၃ ပုဒ် ..
Post a Comment