ဆုံဆည်းပေးတာနဲ့
ခွဲခွာလိုက်တာကလွဲပြီး
+
ပထမဆောင်းမှာတော့
ဆန်းကြယ်စွာ တံခါးခေါက်ခဲ့တယ်
အဖြူရောင်နှင်းပေါက်တွေနဲ့ပေါ့…
+
အခုဆောင်းမှာတော့
ခြောက်သွေ့စွာ မီးတင်ရှို့ခဲ့တယ်
ကိုယ့်ရဲ့ မျှော်လင့်ချက် မြို့ပျက်ကြီးကိုပေါ့…
+
ချစ်သူရယ်…
ရင်ထဲမှာ နှင်းတွေကျနေတယ်…
+
တိတ်ဆိတ် ရင့်ရော်ပြီး
ပျင်းရိတဲ့ ဆောင်းက
နှင်းခဲတွေနဲ့ မီးမြှိုက်ပြီး
ပတ်ဝန်းကျင် တစ်ခုလုံးကို
မီးလောင်တိုက်သွင်းနေသလိုပဲ…
+
ရွက်ခြောက်တွေ ကျဆင်းတဲ့
ပင်စည်ခြေရင်းမှာ
အလွမ်းနှင်းတွေနဲ့ ကိုယ်…
မင်းကို လွမ်းလိုက်တာ…
+
ကျွမ်းမြေ့တဲ့ လွမ်းဆွတ်ခြင်းနဲ့ အကြည့်မှာ
ဒီဆောင်းဟာ
အရာရာကို ဖျက်ဆီးပြီး
ဥပေက္ခာနဲ့ စောင်းတီးနေသလိုပဲ…
+
ချစ်သူ…
မင်းမျက်ဝန်းတွေကို ရင်ခုန်ခွင့် မရမှတော့…
ကိုယ့်အတွက်…
နှင်းကျတာတောင် ကဗျာမဆန်တော့ပါဘူး…
+
(အမြင်အရ)
ဘာမှ မပြောင်းလဲပေမယ့်
မင်းကို ချစ်သွားတဲ့ ကံကြမ္မာနဲ့
မင်းကြောင့် ဖြစ်ပွားတဲ့ ဒဏ်ရာတွေနဲ့
မင်းနဲ့ မဝေးချင်တဲ့ ဝေဒနာတွေနဲ့
ကိုယ့်နှလုံးသားထဲကဆောင်း
ဒါပဲ ပြောင်းလဲသွားတာပါ…
+
မင်းနဲ့ တွေ့တဲ့ဆောင်း
မင်းနဲ့ ဝေးမယ့်ဆောင်း
တကယ်တော့
ဘာမှ မပြောင်းလဲပါဘူး…
+
(***ဆောင်းတွင်းပေါင်းများစွာ... ကြုံဖူးခဲ့ပေမယ့်... သူနဲ့စတွေ့တဲ့ဆောင်းကမှ… ကိုယ့်အတွက်…ပထမဆောင်းပါ…)
(ဒီကဗျာလေးကို 2000 ခုနှစ် Nov လောက်မှာ ရေးခဲ့တယ်... အဲဒီနှစ်က ဆောင်းစောစောဝင်တယ်... အိမ်နောက်က ဒညင်းပင်ကြီးအောက်မှာ စာမေးပွဲ အတွက် စာဖတ်ဖို့ ပြင်ရင်း ရေးခဲ့တာ)
3 comments:
ကဗျာ စာသားလေးတွေ ကြိုက်တယ်
ဆောင်းနှင့်အတူ လွမ်းမောသွားတယ်
ခံစားရတဲ့ဆောင်းပါပဲ စစ်
ဒါတောင် ၂၀၀၀ ကတည်းက စာမေးပွဲဖြေဖို့စာဖတ်ရင်း စပ်ခဲ့ပေလို့သာပဲ
ဘိုင်ဒဝေး စင်ကာပူမှာတော့ ဒီဇင်ဘာက ဆောင်းမဟုတ်ပဲ မိုးဖြစ်နေတာပါလား ဟရို့ :P
ဆောင်းကဗျာလေးကို လာဖတ်သွားတယ်။
ဒီမှာတော့ နှင်းတွေ မရှိဘူးပေါ့။ မိုးပဲရှိ။
Post a Comment