ကျွန်တော့်ကို စင်မြင့်တွင် စကားပြောကောင်းသူဟု မိတ်ဆွေများကလည်းကောင်း၊ စာရေးဆရာအချင်းချင်းကလည်းကောင်း ချီးမွမ်းကြပါသည်။ ထို့အတူ တပည့်များကလည်း စာသင်ကောင်းသောဆရာ၊ အပြောကောင်းသောဆရာဟု ချီးမွမ်းကြပါသည်။ သို့သော် ကျွန်တော်သည် တကယ်ကိုတော်သော ဆရာတစ်ယောက် မဟုတ်သေးကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် အသိဆုံးဖြစ်ပါသည်။
အထက်တန်းကျောင်းသားများကို သင်ကြားပေးရသည့် ဆရာမျိုးဖြစ်လျှင်တော့ လူတော်ဆရာစာရင်းဝင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သို့သော် အဆင့်မြင့်ပညာဟု ဆိုအပ်သည့် တက္ကသိုလ်ဆရာတစ်ယောက်အနေနှင့် စဉ်းစားလိုက်လျှင် ကျွန်တော်သည် ခပ်ညံ့ညံ့ ဆရာတစ်ယောက်မျှသာဖြစ်နေသည်ဟု တကယ့်ကို ဘဝင်ကျကျ လက်ခံမိပါသည်။
တက္ကသိုလ်အဆင့် ဆရာတစ်ယောက် 'တော်ပြီ' ဆိုလျှင် တကယ့်ကို လန့်လောက်အောင် တော်တတ်သည်ဟု ထင်မိပါသည်။ ကျွန်တော့်အဖို့ ကုသိုလ်ကောင်းခဲ့သည်မှာ ထိုကဲ့သို့ လန့်လောက်အောင် 'တော်သည့်' ဆရာများကို ကြုံခဲ့ရဖူးခြင်းပင် ဖြစ်ပါသည်။
သူတို့သည် ပြဋ္ဌာန်းထားသော စာများကိုသာ သင်ပေးနေကြသည့် ဆရာမျိုးမဟုတ်ကြ။ စာသင်သားများ၏ အတွေးလိပ်ပြာ နှိုးပစ်လိုက်နိုင်စွမ်း ရှိကြသည်။ ပြဋ္ဌာန်းစာတွင် တွေ့ရသော ခက်ရာခက်ဆစ် အပိုင်းများကို စာသင်သားများ လွယ်ကူစွာ နားလည်သွားလောက်အောင် ရှင်းလင်းသင်ကြားနည်းမျိုးကို ကျွန်တော်လည်း ထိုက်သင့်သလောက်တော့ လုပ်နိုင်ပါသည်။
ထိုထိုသော ခက်ရာခက်ဆစ်များကို စာသင်သားတွေ နားလည်လွယ်အောင် ဘယ်လိုလုပ်ပြီး သင်မလဲဆိုသည်ကို သွားရင်းလာရင်း စိတ်ကူးနေခြင်းဖြင့် ထိုအခက်အခဲကို လွန်မြောက်နိုင်ကြောင်း ကျွန်တော့်ကိုယ်တွေ့ဖြင့် သိခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အထက်တွင် ကျွန်တော်ပြောခဲ့သလို အတွေးလိပ်ပြာ နှိုးနိုင်သည့် အဆင့်သို့ ရောက်နိုင်သည် မဟုတ်ပါ။
ထိုကဲ့သို့ တကယ့်ကို တော်သည့် ဆရာများအနက် ဆရာနှစ်ပါးအကြောင်းကို ကျွန်တော့် ကိုယ်တွေ့အဖြစ် ထုတ်ဖော်တင်ပြလိုက်ချင်ပါသည်။
ပထမတစ်ယောက်က ဆရာကြီးဦးဝန် (မင်းသုဝဏ်) ဖြစ်ပါသည်။
ကျွန်တော် ဝိဇ္ဇာတန်းကို အောင်မြင်ပြီးနောက် ပညာရေးဘွဲ့ (ဘီအီးဒီ)အတွက် ပညာရေးတက္ကသိုလ်တွင် တက်ရောက် သင်ကြားနေခိုက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ ဆရာဦးဝန်က ပါမောက္ခအဖြစ် ဝင်ရောက် အမှုထမ်းရပါသည်။ ဆရာဦးဝန် ပါမောက္ခဖြစ်လာသောကြောင့်ပင်လျှင် ကျွန်တော်သည်လည်း မဟာဝိဇ္ဇာအရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် မြန်မာစာဌာနသို့ ပြောင်းရွှေ့ပြီး ပညာဆက်လက် သင်ယူခဲ့ရပါသည်။ ဤသို့အားဖြင့် ဆရာဦးဝန်၏ သင်ကြားပို့ချမှုကို နာယူခဲ့ရပါသည်။
ဆရာက ဘာသာစကားလေ့လာမှုကို သင်ကြားပေးသည်ဖြစ်သောကြောင့် ကျွန်တော်တို့မှာ ဘာသာစကားဆိုင်ရာ အသိဗဟုသုတပညာ အဘယ်မျှတိုးကြောင်းကို အထူးပြောနေစရာ မလိုပါ။ အံ့သြစရာလည်း မဟုတ်ပါ။ ရှေ့ကိုတိုးပြီးဖတ်ရန် မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်များကို သေချာပြပြီး အထူးပြုလေ့လာအပ်သည့် အဆစ်အပိုင်းတို့ကို ညွှန်ပြသင်ကြားပေးသောကြောင့် ကျွန်တော်တို့အဖို့ ပညာလေ့လာမှုလမ်း ပွင့်လာလိုက်သည်မှာလည်း ပြောစရာမရှိတော့ပါ။ ယခု ကျွန်တော်ပြောချင်သည့် အကြောင်းအရာမှာ ထိုမျှလောက်ကို ပြောလိုခြင်း မဟုတ်ပါ။
ဆရာက ကျွန်တော်တို့အား ဘာသာစကားဆိုင်ရာ လေ့လာမှုကို သင်ပေးသည်ဖြစ်သောကြောင့် မွန်ဘာသာဖြင့် ရေးထိုးထားသည့် 'ရွှေစည်းခုံကျောက်စာ' ကိုလည်း သင်ပေးရပါသည်။ ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာပြန်နှင့် တွဲပြီး ရိုက်နှိပ်ထားသော စာအုပ်ကိုပင် ပြဋ္ဌာန်းသင်ကြားပေးပါသည်။ ဆရာက မွန်ဘာသာ၏ ဝါကျဖွဲ့ပုံ၊ စကားဖွဲ့ပုံတို့ကို ဘာသာဗေဒသဘောနှင့် ရှင်းလင်းသင်ကြားပေးပါသည်။
တစ်နေ့တွင်တော့ဖြင့် ဆရာက...
"မင်းတို့ ဒီ ရွှေစည်းခုံကျောက်စာမှာ ညီတော်အာနန္ဒာကို 'အာနန်' လို့ပဲ ရေးထားတာကို သတိထားမိကြရဲ့လား"
ထိုအချက်ကို အထူးပြောနေစရာမလိုပါ။ ကျွန်တော်တို့အားလုံး သတိထားမိကြပါသည်။ ဥပမာအားဖြင့် "မြတ်စွာဘုရား ပြုံးရယ်တော်မူသည်ကို မြင်သောအခါ အာနန်လည်း ဤသို့လျှောက်၏" "ဘုရားသခင်လည်း အာနန်အား ဤသို့မိန့်၏" စသော အသုံးမျိုးကို ဆရာက ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ကလည်း သတိထားမိကြောင်းကို ပြောပြတော့ ဆရာက...
"အဲဒါ ဘာကြောင့်လဲ မင်းတို့ စဉ်းစားကြည့်ဖို့ကောင်းတယ်"
ကဲ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။ အာနန္ဒာကို အာနန်လို့ခေါ်တာ သူတို့ ခေါ်ချင်လို့ ခေါ်တာပဲပေါ့။ တိုအောင်လို့ ခေါ်တာဖြစ်မှာပေါ့။ အဲဒါကို ကျွန်တော်တို့က ဘာထပ်ပြီး စဉ်းစားနေရဦးမှာလဲ။ ဒါပေမယ့် ခက်သည်က စဉ်းစားလောက်စရာ ပါလို့သာ အစဉ်းစားခိုင်းတာဖြစ်မှာပဲဆိုတာ တွေးမိလိုက်တော့ ကျွန်တော်တို့ကလည်း စဉ်းစားပါသည်။ သို့သော်လည်း ဘာမှကို မစဉ်းစားတတ်ပါ။ ဆက်ပြီး အချိန်ယူ စဉ်းစားမယ် ဆိုလျှင်လည်း ခေါင်းက မီးခိုးတွေ အူလာဦးတော့ ဘာမျှ ထွက်လာမည် မထင်ပါ။
နောက်တော့ ဆရာက စဉ်းစားစရာ အချက်တစ်ခုကို ပေးပါသည်။
"ဆရာ စဉ်းစားမိတာက ဒီလိုကွ။ နာမည်ကို အပြည့်မခေါ်တော့ဘဲ အဲဒီလို အတိုချုံးပြီး ခေါ်တာဟာ အတော်လေးရင်းနှီးလာကြမှ ခေါ်လေ့ရှိတာ မဟုတ်လား။ ဥပမာကွာ ဆရာတော် ဦးကဝိန္ဒဆိုပါတော့။ ကိုယ့်ရွာ ကိုယ့်ဘုန်းကြီးအဖြစ် ရင်းနှီးလာရင် "ဦးကဝိန်" လို့ပဲ ခေါ်တတ်ကြတယ်။
ဒီတော့ မွန်လူမျိုးတွေဟာ မြစေတီကျောက်စာထက်တောင် စောသေးတဲ့ ဒီရွှေစည်းခုံကျောက်စာကို ရေးထိုးချိန်မှာ ညီတော်အာနန္ဒာနဲ့ အတော့်ကို ရင်းနှီးနေပြီလို့ မယူဆသင့်ဘူးလား၊ နောက်ပြီး ချစ်ခင်ကြည်ညိုတဲ့ အသံကလေးရော မပါဘူးလား၊ မွန်လူမျိုးတွေဟာ ဗုဒ္ဓဘာသာကိုရော ရှင်အာနန္ဒာစတဲ့ ဗုဒ္ဓဝင်ဇာတ်ကောင်တွေ အကြောင်းကိုရော ကြားနာပြောဆိုမှု အတော်ကြီးကို များနေပြီလို့ ဆိုနိုင်စရာ မရှိဘူးလား"
ကျွန်တော် တကယ့်ကို လန့်သွားတာပါ။ လန့်လောက်သည့် အတွေးအမြင် မဟုတ်ပေဘူးလား။ ဒီလို စုံထောက်မောင်စံရှား လုပ်နည်းမျိုးကို ကျွန်တော်ဖြင့် ယောင်လို့တောင် မတွေးခဲ့မိဖူးပါ။ ဆရာက ဆက်ပြီး ပြောပါသေးသည်။
"ဒါက ဆရာတွေးမိတာကို ပြောလိုက်တာနော်။ အခိုင်အမာတော့လည်း မယူလိုက်နဲ့ဦး။ ဆရာတွေးသလို ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ မင်းတို့ ဆက်ပြီး စဉ်းစားကြည့်ဖို့ ပြောလိုက်တာ"
ဒါကတော့ ဆရာ့ထုံးစံပါပဲ။ ဘယ်တော့မှ လှေနံဓားထစ် မှတ်ချက်မျိုး ဆိုလေ့မရှိပါ။ ဆရာ စာသင်ကြားပုံမှာ တပည့်များအား စာပေသင်ကြားပေးနေသည်နှင့် မတူဘဲ (တက္ကသိုလ်အဆင့်မြင့်သည့်အတိုင်း) တပည့်များရှေ့တွင် သုတေသနစာတမ်းတစ်စောင်ကို ဖတ်နေသည်နှင့်ပင် တူနေသေးတော့သည်ဟုပင် ကျွန်တော် မကြာခဏ အောက်မေ့မိပါသည်။
"ရှင်အာနန္ဒာ" ကို "အာနန်" ဟု ခေါ်လိုက်ပုံကလေးမှ အစပြုပြီး သမိုင်းကောက်ချက်ကြီးတစ်ခုထိအောင် ဆွဲယူသုံးသပ်လိုက်ပုံကို ကျွန်တော် ယခုထက်တိုင် မမေ့နိုင်တော့ပါ။ လေ့လာမှုဆိုသည်မှာ ဤသို့ပါတကားဟူသော အသိကလေးလည်း ဝင်းခနဲပေါ်လာခဲ့ရပါသည်။ ...
***