Monday, February 21, 2011

ပတ္တမြားခင် (သို့) ကိုယ်နဲ့ သင့်တဲ့စာ

အမေရိကားမှာ အခြေချကာစ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးကာလက ကျွန်မ ကားမောင်းလိုင်စင်သွားယူရင်း ကိုယ်ခန္ဓာအစိတ်အပိုင်း organ တွေကိုပါ တခါတည်း လှူဒါန်းဖို့ စာရင်းသွင်းထားခဲ့ပါတယ်။ ကားမောင်းလိုင်စင်ရတဲ့အခါကျတော့ လိုင်စင်ကဒ်ပြားပေါ်မှာ organ donor ဆိုတဲ့စာတန်း တပါတည်း နှိပ်ပြီးသားလေ။ အဲဒီ စာတန်းကို မြင်ရတိုင်း ကျွန်မရဲ့ အစိတ်အပိုင်းတွေနဲ့ အသက်ဆက်နိုင်ကြမယ့်သူတွေအတွက် ကြည်နူးပီတိ ခံစားရတာကြောင့် ဘဝရဲ့ နိဂုံးအတွက် ကြိုတင်ပြင်ဆင်တဲ့ စာတမ်းလေးတစ်ခု ရေးထားခဲ့ပါတယ်။

"တချိန်ချိန်မှာ ဆရာဝန်တစ်ဦးဦးက ကျွန်မရဲ့ ဦးနှောက်ဟာ ရပ်စဲသွားပြီလို့ ကြေညာရင်း ဘဝအဆုံးသတ်မှုကို အတည်ပြုပါလိမ့်မယ်။

အဲဒီအချိန်ကျရင် စက်ပစ္စည်းသုံးပြီး အသက်ရှင်မှု အတုအယောင်တစ်ခုတော့ မဖန်ဆင်းလိုက်ပါနဲ့။

အသုံးဝင်နေသေးတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တခြားလိုအပ်သူတွေ အသက်ဆက်ဖို့အတွက် လှူဒါန်းပြီးတဲ့နောက်...

ကျွန်မအိပ်စက် လဲလှောင်းခဲ့တဲ့ ခုတင်ဟာ အဆုံးသတ်မှုတစ်ခု ပြုခဲ့တဲ့နေရာမဟုတ်ဘဲ ရှင်သန်မှုတွေ တွေ့တဲ့နေရာ ဖြစ်လာပါလိမ့်မယ်။

ကျွန်မရဲ့ မျက်လုံးတွေဟာ...
နေရောင်ခြည်ကို တခါမှ မမြင်ဖူးတဲ့၊
အပြစ်မဲ့တဲ့ ကလေးတစ်ယောက်ရဲ့မျက်နှာကို မတွေ့ဖူးတဲ့၊
လူသားတစ်ဦးရဲ့ မျက်ဝန်းထဲက အချစ်ကို မခံစားဖူးတဲ့ လူတစ်ယောက်ထံမှာ ရှိပြီးတဲ့နောက်...

ကျွန်မရဲ့နှလုံးကို အစားထိုးရင်း နေ့စဉ်ခံစားနေရတဲ့ နာကျင်မှုက လွတ်မြောက်ခဲ့တဲ့ ဝေဒနာရှင်တစ်ယောက်ရှိပြီးတဲ့နောက်...

ကျွန်မရဲ့ကျောက်ကပ်ကြောင့် စက်ကို အားကိုးစရာမလိုတော့ဘဲ အသက်ရှင်နိုင်တဲ့ လူတစ်ယောက် ရှိပြီးတဲ့နောက်...

ကျွန်မရဲ့ အသွေးအကြောတွေကို လေ့လာအသုံးပြုပြီး မသန်စွမ်းတဲ့ကလေးတစ်ယောက် လမ်းလျှောက်နိုင်အောင် ဖန်တီးပြီးတဲ့နောက်မှ ကျွန်မရဲ့ အသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေကို ပြာချပြီး လှပတဲ့ ရောင်စုံပန်းတွေ ဖူးပွင့်ပါစေလား။

တစ်ခုခု မြှုပ်နှံရမှ ကျေနပ်မယ်ဆိုရင်လည်း မြေမြှုပ်သင်္ဂြိုလ်သင့်တာဟာ ကျွန်မရဲ့ မိုက်မဲမှု အပြစ်တွေ၊ အားနည်းချက်တွေ၊ မာန်မာနတရားတွေသာ ဖြစ်ပါစေတော့။

ကျွန်မရဲ့ မကောင်းမှုကုသိုလ်တွေကို ငရဲမင်းက မှတ်တမ်းတင်ပြီး ဖြစ်သလို၊ ကျွန်မ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ရှင်တော် မြတ်ဘုရားက သိကြားတော်မူပြီး ဖြစ်မှာပါပဲ။

တကယ်လို့များ ကျွန်မကို အမှတ်ရကြတဲ့အခါမျိုးရှိရင် အဲဒီအချိန်မှာ အနီးအနားက အကူအညီလိုအပ်နေသူတွေ စိတ်ချမ်းသာအောင် တစ်ခုခု ဆောင်ရွက်ကူညီပေးလိုက်ပါလားနော်။

ကျွန်မမှာခဲ့တဲ့ ဆန္ဒကိုသာ ဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်မကို ချစ်ခင်ကြသူများအတွက် ထာဝစဉ်ရှင်သန်နေဦးမှာပါ။"

ပတ္တမြားခင်
(ရွှေအမြုတေ ၁၈၇၊ June '05)

***
ပတ္တမြားခင်ကို စကြားဖူးတာတော့ မဟေသီ မှာ "ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ" အခန်းဆက်တွေကတည်းကပါပဲ။ ဒါပေမဲ့ နည်းနည်းပါးပါးကလွဲလို့ သေချာ မဖတ်ဖြစ်ခဲ့ဘူး။ အလယ်တန်း အထက်တန်း မဂ္ဂဇင်းတွေ ဖတ်ဖြစ်နေတုန်းကတည်းက ကလျာ ကိုကျ လုံးဝနီးပါး မဖတ်ဖြစ်တော့ အဲဒီမှာပါတဲ့ "သန္တာစမ်းမှ အလွမ်းစာ" (လို့ ထင်တယ်) ဆောင်းပါးစုတွေလည်း၊ နေ့လည်စာ တူတူစားနေကျ ဆရာမတွေဆီက ကြားရုံကြားဖူးပြီး မဖတ်ဖူးခဲ့ဘူး။

ကျောင်းပြီးတော့မှ ရွှေအမြုတေနဲ့ တခြား မမှတ်မိတော့တဲ့ မဂ္ဂဇင်းတချို့မှာပါတဲ့ သူ့ဆောင်းပါးတွေ သေချာဖတ်မိတယ်။ နူးမြေ့ပျော်ဝင်သွားအောင် ရေးနိုင်တဲ့ စာရေးသူတစ်ယောက်လို့ ခံစားမိခဲ့တယ်။

***
ဟိုတလောက အွန်လိုင်းမှာပဲ မြသန်းတင့်ရေးတဲ့ ပတ္တမြားခင် အကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်တယ်။ အဲဒီထဲမှာ ဆရာမြဆီပို့တဲ့ ပတ္တမြားခင်ရဲ့ ပေးစာတစ်စောင်ပါ ပါတယ်။ ခါတိုင်းလိုပါပဲ။ သူရေးတဲ့ စာတွေဖတ်ရတာ စိတ်နှလုံး ညွှတ်နူးပြီး ကြွေကျတော့မတတ်လိုပဲ။

အဲဒီဆောင်းပါးကို ဖတ်ရင်း ကူးရေးထားဖူးတဲ့
အထက်က စာပိုဒ်ကို သတိရမိတယ်။

***
အလယ်တန်းမှာ ဂျာနယ်ကျော်မမလေး ရဲ့ ရင်နင့်အောင်မွှေး ကို ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တယ်။ (တကယ်တော့ အဲဒါ သူငယ်ချင်းရဲ့ အမေ (ဆရာမ) က ကျောင်းစာကြည့်တိုက်မှာ တာဝန်ခံလုပ်တဲ့နှစ်မို့ ငှားလို့ရတာပါ။)

အဲဒါဖတ်ပြီးတော့ သူငယ်ချင်းကပြောတယ်။ ဂျူး ဆောင်းပါးတစ်ပုဒ်ထဲမှာ သူ မော့်လို (မီးဖိုချောင်မှာ ဖုံတမှုန်စာမျှ မရှိ) နေဖို့ ကြိုးစားကြည့်တာ တပတ်လောက်ပဲ ခံတယ်ဆိုတဲ့အကြောင်း ရေးထားတယ်တဲ့။ သူငယ်ချင်းကတော့ အဲလို အတုယူဖို့ စိတ်တော့ကူးမိတယ်၊ ဒါပေမဲ့ လက်တွေ့မလုပ်ဖြစ်လိုက်ဘူး ဆိုတယ်။ ကိုယ်အတွက်တော့ အဲဒါ မကြံကောင်း၊ မစည်ရာထဲပါလို့ စိတ်ကို မကူးလိုက်မိဘူး။

အဲဒီလို အဖြစ်တွေရှိခဲ့တော့ စာအုပ်တစ်အုပ်က လူတစ်ယောက်ကို အစိမ်းလိုက် ပြုပြင်ရေးလုပ်နိုင်တယ်ဆိုတာကို အဲဒီကတည်းက မယုံကြည်နိုင်တဲ့စိတ် ဝင်ခဲ့ပုံရတယ်။

ဒါပေမဲ့ ပဋ္ဌာန်းဆက်ဆိုရမလား၊ ရေစက်ဆိုရမလား ဘာရယ်လို့ အတိအကျမပြောနိုင်တဲ့ စာရေးသူနဲ့ ဖတ်သူကြားက တစ်စုံတစ်ရာ။ တရားစာအုပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ်နဲ့ သင့်တော်တဲ့ဆရာ (တရားပြသူ)၊ ကိုယ်နဲ့ သင့်တော်တဲ့တရား ဆိုတာမျိုးလို။ ပတ္တမြားခင်ရဲ့ အခုစာပိုဒ်ကို ဖတ်မိတော့ အဲဒီအချက်ကို တွေးမိစေခဲ့တယ်။

လူကိုယ်တိုင်မှာ တိမ်းညွှတ်မှုတစ်စုံတစ်ရာ ရှိနေတုန်း၊ သင့်တော်တဲ့ဆွဲဆောင်မှုတစ်ခုနဲ့ ကြုံခဲ့ရင်တော့ အဲဒီနောက်ကို (ကိုယ် နှုတ် နှလုံး သုံးပါးစလုံးနဲ့ဖြစ်ဖြစ်၊ အဲဒီထဲက တခုခုပဲဖြစ်ဖြစ်) လိုက်ချင်စိတ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ဆက်တွေးမိတယ်။

***
နောက် သူ့ကပြားမြေးမကလေးရဲ့ အက်ဆေးတစ်ပုဒ်ကို သူ ဘာသာပြန်တာ ဖတ်ခဲ့ဖူးတယ်။ အဲဒီနောက် မတူတဲ့ဓလေ့ထုံးတမ်းတွေ၊ မတူတဲ့ဘာသာတရားတွေ ပေါင်းစည်းမှုကြားက ဖြစ်လာမယ့် ကလေးတွေရဲ့ အနေအထားဆိုတာကို အကြာကြီး စဉ်းစားခဲ့ဖူးတယ်။

***
(စာကြွင်း။ ပတ္တမြားခင် ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ရည်းစားစာတွေလည်း ဖတ်ကြည့်ချင်လိုက်တာလို့ ဖြစ်ဖူးတယ်)

***

6 comments:

မောင်လေး said...

မြန်မာပြည်မှာတုန်းက မဂ္ဂဇင်းတွေပုံမှန်ဖတ်ဖြစ်တုန်းက
ဒေါ်ပတ္တမြားခင်ရဲ့ ဆောင်းပါးတွေကို
မလွတ်တမ်းဖတ်ဖြစ်ခဲ့တယ်...၊ခုစာလေးကိုတော့ မဖတ်မိဘူးဗျ...။သိပ်ကောင်းတာပဲ...၊

ရွှေရတုမှတ်တမ်း said...

အန်တီခင် က ငယ်ငယ်ကထဲက ပျော်ပျော်ရွှင်ရွှင်နေတတ်တာကို ဆရာသော်တာဆွေ ရေးတာ ဖတ်ဖူးပါရဲ့..
ခုလဲ အသက်သာ ၈၀ ကျော်လာတယ်..ပျော်ပျော်ရွှင်ရွှင်..သွက်သွက်လက်လက် နေတာမြင်ရတော့..သူ့စာတွေက စာဖတ်သူကို စိတ်ချမ်းသာစေတာဖြစ်မယ်ထင်ပါရဲ့..

ဇွန်မိုးစက် said...

ကိုယ်လည်း ပတ္တမြားခင်ရဲ့ ရွှေအမြူတေမှာပါတဲ့ အခန်းဆက်ဆောင်းပါးတွေကို မလွတ်တမ်း ဖတ်ခဲ့ဖူးတယ်။ သူ့ဘဝအတွေ့အကြုံတွေကို စိတ်ဝင်စားဖွယ် ရေးသားတတ်သူပါပဲ။ ဒီစာပိုဒ်လေးတော့ မဖတ်ဖူးဘူး။ မျှဝေပေးတဲ့ ရီတာ့ကို ကျေးဇူးပါ။

Thu said...

Sayamagyi's presentation is attractive and showing good sense.
She was a descendent of Thai, her grandmother's name is Daw Pu Ei that I remembered from one of her articles.

မောင်မျိုး said...

စိတ်ကောင်းနှလုံးကောင်း ရှိလို့လည်း သူ့ရုပ်သွင်ကော သူ့စာတွေပါ စာဖတ်သူရင်ထဲအေးမြသွားတာပေါ့ ။

Rita said...

@ မောင်မျိုး
ပြောလိုရင်းကတော့ အဲဒါမဟုတ်ဘူး။

(တရားစာအုပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ်နဲ့ သင့်တော်တဲ့ဆရာ (တရားပြသူ)၊ ကိုယ်နဲ့ သင့်တော်တဲ့တရား ဆိုတာမျိုးလို) <<< အဲဒါကမှ ပတ္တမြားခင် စာတွေ (အထူးသဖြင့် အထက်က စာပိုဒ်ကို) ဖတ်ရတဲ့အခါ ကိုယ့်မှာရတဲ့ feeling နဲ့ ပတ်သတ်လို့ ပြောလိုရင်း။

သူ့စာတွေ ဖတ်ပြီး အလကား ကြွားနေတာပါလို့ ထင်တဲ့လူကလည်း ထင်တယ်။

ကိုယ် ဘယ်လိုမှ မနေတဲ့ ဂျာနယ်ကျော် မမလေးရဲ့ မော့် ကို ဖတ်ပြီး အေးမြသွားတဲ့လူတွေလည်း မနည်းဘူး ရှိမှာပဲ။