Friday, February 11, 2011

အိမ်ပြောင်းခြင်း အနုပညာ

Monday, January 10, 2011

အိမ်ပြောင်းခြင်း အနုပညာ


28th Dec 2010 မှာ အိမ်ခန်းဟောင်းကို အပြီးအပ်ရတယ်။ လက်ရှိနေနေတဲ့ နေရာတဝိုက်မှာ အခန်းဈေးတွေကလည်း တက်လာလိုက်တာ၊ စိတ်ကြိုက် (အခန်းရော၊ ဈေးရော) တော်တော်နဲ့ မရနိုင်။ ရမယ့်ရတော့လည်း 6th Jan 2011 ကျမှ တက်လို့ရမယ့် အခန်းဖြစ်နေတော့ ဒီကြားထဲမှာ နေဖို့ထိုင်ဖို့ အခက်တွေ့ကြပြန်ရော...။ ဘယ်သူ့မှ အပူမကပ်ချင်လို့ အခန်းငှားဖို့ ကြံကြ ဖန်ကြပေမယ့် ရက်က ကန့်လန့်ဖြစ်နေတော့ အဆင်မပြေ၊ ပြေပြန်တော့လည်း နေရာကဝေး၊ ဟိုတယ်ပေါ်တက်နေရမလိုလို ဖြစ်လိုက်သေးတယ်။

ဒါပေမဲ့ နောက်ဆုံးအချိန် မတိုင်ခင် အဝေးကြီးကတည်းက ၆ ယောက်လုံး သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေကုန်ပါတယ်။ နေစရာတစ်နေရာ မလွယ်တဲ့ စင်ကာပူလိုနေရာမှာ 10 ရက်လောက် အလကားတက်နေဖို့ ၆ ယောက်စလုံးအဆင်ပြေသွားတော့ တင်ပေးထားတဲ့ လူတွေအပြင် နောက်ထပ် ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တယောက်ယောက်ကို ကျေးဇူးတင်ချင်လိုက်တာ။

အမှန်တော့ ခေါ်ထားချင်တဲ့လူက ဘယ်လောက်တောင် ခေါ်ထားချင်လည်း သူ့အိမ်မှာ အဆင်ပြေမှ ဖြစ်တာ။ ခုလို အခြေအနေ အရပ်ရပ် အကုန်ကွက်တိကျတယ်ဆိုတာ ခရစ်ယာန်တွေ ဆိုရင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ကြမှာပဲ။ ဗုဒ္ဓဘာသာတွေမှာတော့ ကိုယ်ပြုခဲ့သမျှအကြောင်းတွေလို့မှတ်ပြီး ပထမ ခေါ်တင်တဲ့ အိမ်ရှင်တွေပြီးရင်၊ ဒုတိယ ကိုယ့်ဘာသာပဲ ကျေးဇူးတင်လိုက်ဖို့ရှိတယ်။ =)

နှစ်ပတ်လောက် အိမ်ခန်းငှားဖို့ gtalk status မှာ တင်လိုက်ကတည်းက ချက်ချင်း သူ့အိမ်မှာ လာနေပါလို့ ခေါ်တဲ့ သူကလေးကို ကျေးဇူးတင်တယ်။ ဒီဘလော့ရေးဖြစ်လို့ ဒီအကြောင်းဖြစ်လာမယ် မထင်ခဲ့ပေမယ့် ဖြစ်ချင်လည်း ဖြစ်လာတာပါပဲ။ သူက စောစောပြောင်းလာပါခေါ်လို့ 10 ရက်လောက် စောပြောင်းဖြစ်တယ်။ သူ့ဆီမှာ 18th Dec ~ 8th Jan ထိ (၃) ပတ်တောင်မှ။

မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ အဲဒါ မပြီးသေးဘူး။ ပစ္စည်းတွေ ကျန်ခဲ့သေးတယ်။ အရင်ဆုံးပြောင်းလိုက်မိလို့သာ တော်တော့တယ်။ အိမ်ဟောင်းမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို နောက်ရက်တွေမှ ရုံးအပြန် ဖြည်းဖြည်းချင်း ပြန်ယူရတယ်။ (ဒါနဲ့ ခဏနေတဲ့အိမ်ကနေ ထပ်ပြောင်းတော့ စုစုပေါင်း (18) ထုတ်)

အမှန်တော့ အဲဒီအိမ်ဟောင်းမှာနေဖြစ်တဲ့အတွင်း ဝယ်ဖြစ်တဲ့ ကြီးကြီးမားမားပစ္စည်းဆိုလို့ 3 in 1 printer တလုံးပဲ ရှိတယ်။ ကျန်တာ ဗြုတ်စဗျင်းတောင်း အဝတ်အစား၊ ဖိနပ်၊ အိတ်။ ဒါပေမဲ့ ခဏနေတဲ့အိမ်ကို မပြောင်းခင်နဲ့၊ ပြောင်းပြီး (၁) လလောက် အချိန်အတွင်းမှာ ထပ်ဝယ်ဖြစ်သေးတယ်။ မှတ်မှတ်ရရ ဂျင်းဘောင်းဘီက (၆) ထည်။ (နောက်အလုပ်တခု ထပ်မပြောင်းချင်ရတဲ့အထဲမှာ ဂျင်းဘောင်းဘီ ဝတ်မရမှာ စိုးတာလည်းပါတယ်)

သူများအိမ်တက်နေတဲ့ (၃) ပတ်လုံး အတော် ငြိမ်းချမ်းတယ်။ ရုံးဆင်းရင် အိမ်ဟောင်းကိုဝင် ညစာစား၊ ကျန်ခဲ့တဲ့ ပစ္စည်းတွေ လိုက်သိမ်း၊ နည်းနည်းပါးပါး ပွားပြီး 8 ခွဲ၊ 9 လောက်မှပြန်။ 9 နာရီခွဲ၊ 10 နာရီလောက် နေတဲ့အိမ်ရောက်၊ ရေချိုး ပြီးရင် အိမ်ရှင် သူငယ်ချင်းနဲ့ စကားလေး ဘာလေး နည်းနည်းပြောပြီး အိပ် (သူပဲ ပြောတာ များပါတယ်)။ 6 နာရီခွဲ ထ၊ 7 နာရီခွဲ ကားဂိတ်ထွက်၊ 8 ခွဲ ရုံးရောက်။ (အဝေးကြီးကနေ ရုံးတက်တော့ ရုံးလည်း နောက်မကျဘူး)။ အိမ်သစ်ကိုရောက်လည်း ညဘက် အင်တာနက်အသုံးလျှော့မယ် စိတ်ကူးတယ်။

weekends နှစ်ပတ်မှာ ပထမပတ် 25/26th Dec က အိမ်ဟောင်းကလူတွေ မပြောင်းကြသေးတော့ အဲဒီမှာပဲ ဆယ်လီဘရိတ်၊ နောက်တပတ် (1st/2nd Jan) ကျတော့ အကုန်သူများအိမ်ပေါ်ရောက်ကုန်ပြီ။ အိမ်ဟောင်းက ညီမလေးတစ်ယောက်နဲ့ နှစ်ရက်လုံး JP မှာ ခြေတိုအောင် နေကုန်နေခမ်းပတ်။ အိမ်စောစောပြန်နားမယ်ဆိုတာ စိတ်ကူးပဲ ရှိလိုက်တယ်။ 1 ရက်နေ့ ညမှာ သူနဲ့ ဖုန်းပြောတယ်၊ နာရီဝက်။ :*

ကြားရက်တရက်မှာမှာ အခန်းဖော် ညီမက ဖုန်းဆက်တယ်။ ဗုဒ္ဓဟူးနေ့ အိမ်ကို တက်ချင်ရင် တက်နေလို့ရပြီတဲ့။ ဒါပေမဲ့ ကြားရက်ကြီးတော့ မပြောင်းဖြစ်တော့ပါဘူး။ သူတို့ကတော့ 5th Jan (ဗုဒ္ဓဟူးနေ့တည်းက) ပြောင်းနေကြတယ်။

ကြာသပတေးညမှာ သူငယ်ချင်းနဲ့တူတူ အိမ်နားက ကမ်းခြေကို လမ်းလျှောက်ထွက်ကြတယ်။ ဒီလိုပဲ ဟိုသတင်း ဒီသတင်း၊ အလုပ်အကိုင် အချစ်ရေး နိုင်ငံရေး တိုင်းရေး ပြည်ရေး သာရေး နာရေး။ ကမ်းခြေက လွမ်းစရာကြီး။ ည ၁၀ နာရီလောက် မိန်းကလေးနှစ်ယောက်တည်း လူကျဲတဲ့ ကမ်းခြေမှာ အေးအေးချမ်းချမ်း စိတ်လုံလုံခြုံခြုံ လမ်းလျှောက်ထွက်နိုင်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ပြန်တယ်။ (နောက်ဆုံးနှစ်တုန်းက ရန်ကုန်မှာ သင်တန်းချိန်အပြီး ည ၉ နာရီကျော် သူငယ်ချင်းကို လမ်းတဝက်ထိ လိုက်ပို့ခိုင်း၊ အိမ်က လမ်းတဝက်ကနေ စောင့်ခေါ်ခိုင်းရတာ သတိရမိတယ်၊ ဘာဖြစ်နိုင်တာ မဖြစ်နိုင်တာထက် စိတ်လုံလုံခြုံခြုံနဲ့ လမ်းသွားလို့မရတာ)

ဒီလိုနဲ့ပဲ တပတ်ကုန်။ 8th စနေရုံးမတက်ဘဲ အိမ်ရှင်သူငယ်ချင်း သင်တန်းသွားနေတုန်း တခြားသူငယ်ချင်းတယောက် အကူအညီနဲ့ အိမ်သစ်ကို အောင်မြင်စွာ ပြောင်းလာခဲ့တယ်။

ကျေးဇူးစကား

* အိမ် ၂ ခါ ပြောင်းရတာမှာ အစအဆုံး လိုက်ကူပေးတဲ့ သူငယ်ချင်း စု၊
* အိမ်ပေါ်ခေါ်တင်ထားတဲ့ ခွေဖြူ၊
* အိမ်ဟောင်းက အထွက်နဲ့ အိမ်သစ်ကို အဝင်မှာ ကူသယ် ကူချ လုပ်ပေးတဲ့ အတူနေ ညီမများနဲ့ အစ်မ။

* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)။

* ဒီလိုလူတွေနဲ့ ဆုံဖြစ်အောင် အကြောင်းတရားတွေ ဖန်တီးထားနိုင်တဲ့ ကိုယ့်ဘာသာလည်း မပျက်မကွက် ကျေးဇူးတင်တယ်။

Bishan အိမ်ကနေ ဒီလူတွေ ရှိရာကို ပြောင်းလာတော့ မလွယ်ကူခဲ့သလို၊ ဒီလူတွေ ရှိရာကနေ ပြောင်းသွားရဦးမယ် ဆိုရင်လည်း ခက်ခဲဦးမှာပဲ။

***
အရင်အိမ်နဲ့စာရင် ပိုကျဉ်းသွားပေမယ့် အပြောင်းအလဲနဲ့ ကြုံရတဲ့ တခဏမှာ ဘာကိုမှ သိပ်မတွေးဘဲ အသစ်အဆန်းဖြစ်နေတယ်။ ကျန်တာ နောက်မှ နောင်ခါလာ နောင်ခါဈေး။ ကြိုမတွေးဘူး။

ပြောင်းမလာခင်က အရင်ပြောင်းနှင့်ထားတဲ့ ညီမလေးက အိမ်နားက food court အကြီးကြီးပဲ လို့ သတင်းပေးတယ်။ 3 ပတ်လုံး အပြင်စာပဲ စားနေရတဲ့ ကိုယ်က food court က အစာတွေ မစားချင်တော့ဘူး လို့ ပြန်ပြောမိတယ်။ ပြောင်းတဲ့ညကျ အိမ်မှာ gas သုံးလို့ မရသေးတော့ အဲဒီမှာပဲ သွားစားကြတယ်။ food court က ကြီးရုံမက၊ အမျိုးစုံ၊ မယုံနိုင်လောက်အောင် အရသာရှိ၊ ဒါ့အပြင် ဈေးကလည်း သက်သာသေးတယ်။ ကောင်းလေစွ ကောင်းလေစွ။

အိမ်ကို လှမ်းဖုန်းဆက်တယ်။ အိမ်ပြောင်းတာ သိနေတော့ အဆင်ပြေရဲ့လား စိတ်ပူနေကြတယ်။ မပူပါနဲ့ အကုန်ပြေပါတယ်။ အိမ်ပဲ ပြောင်းတာ၊ လူက ဒီလူတွေချည်းပါပဲလို့။ လောလောဆယ် ၁ ယောက် ရန်ကုန်ပြန်နေလို့ ၅ ယောက်တည်း။

ညကျ စောစော (11 နာရီ ကျော်ကျော်) အိပ်ရာဝင်တယ်။ 8 ရက်နေ့ ပြောင်းမယ် ဆိုတာကို သူ ဗမာပြည်မပြန်ခင် 28 ရက်နေ့ထိ နေပါဦးလို့ ပြောတဲ့ သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။

***
တနင်္ဂနွေနေ့ကျ စောစော နိုးတယ် (9 နာရီ)။ အိမ်က ညီမလေးတစ်ယောက်ရဲ့ ချစ်ချစ်က အိမ်လာပြီး လိုအပ်တာတွေ အကုန်လုပ်ပေးတယ်။ ဥပမာ ပလပ်စတစ်စင်ကလေးကို bathroom ထဲမှာ ထားလို့ရအောင် သွပ်နန်းကြိုးနဲ့ ဆိုင်းပေးတာမျိုး၊ အဝတ်လျှော်စက်ရဲ့ ရေထုတ်ပိုက်ကို extend လုပ်ပေးတာမျိုးကစ၊ အင်တာနက်ကိစ္စအဆုံးပေါ့။ အဲလို အသေးစိတ်ဆိုတာ ဘာမှ မဟုတ်ပေမယ့် ကိုယ်တွေအတွက်ကျ ခက်နေပြန်ရော။ ကျေးဇူးတင်လိုက်တာ။ ရီးစားဆိုတာ အဲဒါပဲ။ (တကယ်တော့ အိမ်က အမျိုးသား အဝင်မခံဘူး။ ဒီလိုအခြေအနေမျိုးကတော့ ခြွင်းချက်)

နေ့လည်ကျ ညီမလေးတယောက်နဲ့ တဘူတာကျော်က ဂျပန်ဆိုင်မှာ လိုတဲ့ပစ္စည်းတွေ သွားဝယ်။ နေ့လည်စာကို အိမ်နား food court မှာရှိတဲ့ ထိုင်းဆိုင်က ဝယ်လာပြီး စား။ ရှေ့ရေး နောက်ရေးတွေ ပြောရင်း စားလိုက်တာ 2 နာရီလောက်များ ကြာသွားလား မသိ။ နောက်တော့ ဒီတပတ် ဝတ်လို့ရအောင် တပတ်စာ အဝတ်အစားတွေ အပြင်ထုတ်ထားတယ်။ အိပ်ရာခင်း ပြင်ခင်းတယ်။ တော်ပြီ ဒီတပတ် နေလို့ရရင် ပြီးတာပဲ။ နောက်မှ လိုတာထုတ်သုံးရင်း သူ့အလိုလို နေသားတကျ ဖြစ်သွားလိမ့်မယ်။

ဒါနဲ့ မနေ့ညက မအိပ်ခင်ထိ အင်တာနက် သုံးနေလိုက်တယ်။
အွန်လိုင်းမှာ တချိန်လုံးမနေနိုင်ရင် စီဘောက်မှာ ကိုဘ အတင်းပြောတာ ခံရတတ်တယ်။
ရန်ကုန်ပြန်သွားတဲ့ ညီမလေးနဲ့ အွန်လိုင်းမှာတွေ့တော့ သူနဲ့ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်း မှာတဲ့သူက လာမယူဖြစ်သေးတာအတွက် လှမ်းတောင်းပန်ရတယ်။ မှာတုန်းက အသည်းအသန်မှာပြီး ရောက်တော့မှ ချက်ချင်း သွားမယူတာလောက် ထုချင်တာကို မရှိတော့ဘူး။ နေနှင့်ဦး။

ဪ အဲဒီညမှာ ဖြူးအကြောင်းရေးတဲ့ ပို့စ်အဟောင်းတခုကို ဖတ်မိတဲ့ Cyprus ရောက်နေတဲ့ ဖြူးက သူငယ်ချင်းတယောက်နဲ့ အွန်လိုင်းမှာ ပြန်ဆုံရတယ်။ တခန်းထဲနေခဲ့ဖူးတဲ့သူ မဟုတ်ပေမယ့် ဝမ်းသာမိတယ်။ တနှစ်တည်း တတန်းတည်း တခန်းတည်းလူတွေကို တယောက်မှ အွန်လိုင်းမှာ ပြန်မတွေ့ရဘူး။ ကိုယ် တခေါက်လောက် ပြန်ဦးမယ်ကွယ် အဲဒီကို။ သိခဲ့ဖူးတဲ့လူတွေ အတော်လျော့နေပြီ။ နောက်ထပ် ထပ်မလျော့ခင်၊ ကိုယ်လည်း ရှိနေသေးချိန်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်။

သွားချင်နေတဲ့ တခြားနိုင်ငံ ခရီးစဉ်တွေ ဘာတွေ ညာတွေ ခဏခေါက်ထားပြီး၊ နေခဲ့ဖူးတဲ့ နေရာက သိခဲ့ဖူးတဲ့လူတွေဆီ ပြန်ဖြစ်အောင်ပြန်တာ ပိုကောင်းမလား ပထမဆုံးအကြိမ်တွေးမိတယ်။ ဘဝဟာ တခဏလေးပဲ ကြာတယ်။ မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ ကိုယ်က ပြန်တွေ့ရရင် ဝမ်းသာအားရဖြစ်ရမယ့်၊ ကိုယ့်ကို တွေ့ရင် ဝမ်းသာအားရဖြစ်ကြမယ့် လူတွေ ရှိတယ်။

***
မနက်ကျ စောစော ထရတယ်။ ရုံးက အရင်လို လမ်းလျှောက်ရုံနဲ့ မရောက်တော့ဘူး။ BMW နဲ့ သွားမှ ရောက်တယ် (Bus, MRT, Walking)။ ဒီနေ့ရုံးကို စောစောရောက်တယ်။ ရုံးက ကလေးမ ဆံပင်ကောက်လာတာ ကြည့်ပြီး လှလိုက်တာလို့ ပြောရင်း အားကျရသေးတယ်။ ဆံပင် ကောက်ချင်တယ်။

ညနေကျ မျက်နှာက pimple အတွက် ချိန်းထားတဲ့ဆီ သွားတွေ့ရဦးမယ်။
အိမ်ပြန်ရောက်ရင် မသိမ်းရသေးဘဲ ပြန့်ကျဲနေတဲ့ အထုတ်တွေက ကြိုနေလိမ့်မယ်။

ဘယ်နေရာမှာ ဘာတွေ ဘယ်လို ထားရမယ်ဆိုတာ ခု မစဉ်းစားချင်သေးဘူး။ အဲဒီအကြောင်းတွေ ခု စဉ်းစားရင် ရူးသွားလိမ့်မယ်။ နောက်နေ့တွေကျမှ စဉ်းစားမယ်။

***
pic from here
Posted by Rita at 1/10/2011 04:41:00 PM

23 comments:

သိင်္ဂါကျော် said...

ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းရတာကတော့ စိတ်ညစ်စရာ ကောင်းပါတယ်နော်..ပစ္ဏည်းတွေ နေရာချရတာ တော်တော် စိတ်ရှုပ်စရာ ကောင်းမှာ..

January 10, 2011 5:00 PM
Rita said...

ဟုတ်ပ။ ဒါတောင် တကိုယ်စာ အသုံးအဆောင်မို့လို့။ တအိမ်လုံးစာ ပရိဘောဂက စလို့ ပြောင်းရမယ်ဆို တွေးတောင်မကြည့်ချင်ဘူး။

January 10, 2011 5:20 PM
rose said...

ကိုယ်ချင်းစာပါတယ် မရီတာ...ရို့စ်လည်း အိမ်ပြောင်းတာ ၂ ခါ ၃ခါလောက် ရှိနေပြီ။ မသယ်နိုင်တော့ရင်၊ သိပ်အသုံးမ၀င်တော့ဘူးလို့ ထင်တဲ့ ပစ္စည်းတွေ လွှင့်ပစ်ခဲ့ရရင် သိပ်နှမြောတာပဲ။ မပစ်ရင်လည်း မရဘူးလည်း ချစ်ချစ်က တဗျစ်ဗျစ်တောက်တောက်... ကိုယ်ကလည်း သတင်းစာ အပောာင်းလေးတွေက အစ သယ်ချင်တဲ့သူ ဆိုတော့ ခစ် ခစ်း)

January 10, 2011 8:05 PM
T T Sweet said...

အိမ်ပြောင်းမဲ့ အစားတော့ ကျားမြီးသာပြေးဆွဲချင်တော့တယ်။ ဒါကြောင့် ပစ္စည်းတွေ အများကြီး အပိုဝယ်မထားချင်တာ။ အရင် အိမ် ၆လုံးပြောင်းဖူးပြီးကထဲက သံဝေဂရပြီးသား။

January 10, 2011 8:22 PM
Vista said...

မကြားလိုဘာ မကြားလိုဘာာ ..

January 11, 2011 7:20 AM
myo said...

တို့က လကုန်ပြောင်းမှာ..

* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)
(တကယ်ကျေနပ်ဖို့ကောင်းတယ်)

January 11, 2011 10:08 AM
shin said...

ကိုယ်တို့နောက်ဆုံးတခေါက်အိမ်ပြောင်းတုံးက မလိုတဲ့ဟာတွေ(Mostly books,papers and clothes)ကို ညီမ၂ယောက် ညသန်းခေါင် Recycleပုံးထဲဆင်းပြစ်ကြတာ ပုံးကြီးပြည့်လုနီပါးဖြစ်သွားတယ်။

Pimpleအတွက်ဘယ်ဆေးခန်းမှာပြသလဲ။ မသိသေးဘူးဆိုညွန်းချင်လို့ပါ။ ကိုယ်အရင်က မျက်နာမှာဝက်ခြံတော်တော်ထွက်တုံးက Guardianက staffတယောက်ညွန်းလို့ အဲ့ဒီ clinicကိုသွားခဲ့ဖူးတယ်။ သူ့ဆီမှာပြပြီးတော့ တော်တော်သက်သာတယ်။ ဆရာဝန်ရဲ့ consultation fees က၃၀လောက်ပဲကျတယ်။ ပထမဆုံးတခါသွားတုန်းကတော့ ဆေးဖိုးအပါ၁၂၀လောက်ကုန်သွားတယ်။ နောက်ပိုင်း တွေကျတော့ပိုတောင် သက်သာတယ်။ ဆေးကကုန်တာပဲ ဝယ်ရတော့လို့။ ဒါပေမဲ့ တန်းစီရတာတော့တော်တော်ကြာတယ်။ clinic မဖွင့်ခင်ကထဲကသွားQueue နိုင်မှတော်ကာကြမှာ။ ညနေပိုင်းဆိုလူနာအကန့်အသန့်နဲ့ပဲ လက်ခံတယ်။
Just try it out if you want...You can do some research from internet as well...Clinic information are as below.

Maple clinic
http://www.nikspro.com/el_niksmaple.html
Fyi: The consultation fees I mentioned above is only for Tampines clinic as I only visit there before...

January 11, 2011 12:25 PM
suwai said...

ဘာလို့နံမည်ပြောရလဲ တော်ကြာ ကိုဘွိုင်တော့ တီဇက်အေတို့ မိန်းမနဲရန်ဖြစ်လို့ ခဏလာနေမယ်စို ဘယ်လိုလုပ်။
သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။ - ထားခဲ့ပြီ:မှ လာညာနေတယ်၊ ဒီမာဖြင့် တကိုယ်ရေညများဖြစ်နေပြီ

ခွေဖြူ

January 11, 2011 12:39 PM
Rita said...

@ Shin
ကျေးဇူးပါပဲ Shin

လောလောဆယ်တော့ ဆေးခန်းမပြဘဲ၊ ဓါတ်စာလို စားရတဲ့ product နှစ်မျိုးစားနေတယ်။ ပိုက်ဆံလည်းကုန်၊ မျက်နှာပေါ်မှာလည်း နည်းနည်းပါးသွားပြီလို့ ယူဆရတယ်။

ဆေးခန်းဆိုဒ်ကိုလည်း ဝင်ကြည့်လိုက်ပါဦးမယ်။ အစက NSC လား အဲဒီ သွားပြမလိုလို လုပ်ပြီးမှ၊ သူတို့ချိန်းတဲ့အချိန် သွားရမှာ၊ ကိုယ်က အလုပ်တဖက်နဲ့ ဖြစ်တာတွေးပြီး အသိတယောက်ညွှန်းတဲ့ product ဝယ်သုံးဖြစ်သွားတာ။

@ ခွေဖြူ
ဂယ်ပြောတာပါ။ မယုံဘူးလား။ အားလုံးလည်း သိနေကြပါပြီ =D

ကိုဘွိုင်း လာမှာတော့ မစိုးရိမ်နဲ့။ သူ့မှာ စိတ်ဆိုးစရာ မွီးမ မရှိသေးဘူး။ ကျိန်းကျေသွားဦးမယ်။

January 11, 2011 1:04 PM
နန်းညီ said...

တကယ်တော့လေ အိမ်ပြောင်းတယ်ဆိုတာ
ပိုက်ဆံသာရှိရင် ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်..
ပစ္စည်း အဆန်းလေးတွေ ၀ယ်ထည့်.. အသစ် အကောင်း အပြောင်းအလဲတွေ.. လူမပင်ပန်းအောင် ငွေနဲ့ ရသလောက်ကူ..
နော့် နော် နော်

January 11, 2011 3:42 PM
Rita said...

ဪ မှန်တာတွေ တော်တော်ပြောပါလား။

ပိုက်ဆံများ ရှိလို့ကတော့လေ... အိမ်ဟောင်းက ပစ္စည်းတွေ ဘာမှ မသယ်ဘဲ အကုန်လွှင့်ပစ်ခဲ့ဦးမှာ။

ကွန်ဒိုဝယ်ပြီး လိုသမျှ delivery နဲ့ ပို့ခိုင်းဦးမှာ။ ဒီဇိုင်နာ ခေါ်ပြီး decorate လုပ်ခိုင်းဦးမှာ။

January 11, 2011 3:45 PM
MrDBA said...

အိမ်သစ်တက်ပွဲ မုန့်လေးဘာလေး ကျွေးဖို့ အစီအစဉ် မရှိဘူးလားဟင် ...

January 11, 2011 5:02 PM
Rita said...

ကျွေးပါတယ်။ အိမ်နားက food court အရမ်းကိုကောင်းတယ်။

January 11, 2011 5:32 PM
အန်တီချမ်း said...

< မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ >

ကိုယ်ကတော့ ကံကောင်းတယ်ဆိုရမယ်
အိမ်တခုလုံးပြောင်းတာ သည်တာ ထုပ်တာ အကုန်မောင်ပဲ
ကိုယ်က နှမ်းတောင် နည်းနည်းပဲ ဖြူးရတာ
မောင် ပင်ပန်းရှာတယ်
ကိုယ့်လို ကံကောင်းချင်ရင် ဘာလုပ်ရမလဲ သိတယ်ဟုတ်
နောက်မှ အိမ်သစ်အကြောင်း ပိုစ့်တင်အုံးမယ်
လောလောဆယ်တော့ နေမကောင်းဖြစ်နေတယ်
စကားမကျန်အောင် ပြောရရင်တော့ ပြုစုရတာလဲ မောင်ပဲ
မမကွမ်ကတော့ ပြောမယ်
မောင်တွေသိပ်များတယ်လို့
တကယ်ကတော့ တယောက်ထဲပါ

January 11, 2011 7:38 PM
Rita said...

မှားပါတယ် မောင်ရယ်

January 11, 2011 10:27 PM
JulyDream said...

သူဌေးမကြီး မရီတာက BMW ကြီးနဲ့ ရုံးသွားနေတာကိုး... အားကျလာပြီနော်... ဂလု.....

January 13, 2011 3:56 PM
hninhnin said...

I like ur BMW.I don't want to discuss about moving house bcos i've to move from country to country.I don't even want to look at the boxes at least 6 months.But.....u know who has to manage it.C'est la vie,c'est la vie.:)...Gyidaw

January 17, 2011 10:31 PM
Rita said...

ကြီးတော်ကို တွေ့တွေ့နေတာ ကြာပြီ။ ခုထိ ဘယ်သူမှန်းမသိသေးဘူး။ စတည်းက မသိတဲ့လူပဲဖြစ်မယ်။

=D

January 18, 2011 10:34 AM
Lun Lunn said...

Ma Rita,

I have never encountered this difficulty as I am a housing agent ... :)

January 20, 2011 5:27 AM
Rita said...

housing agent ဆို အိမ်မပြောင်းရဘူးလား
=)

စကားမစပ် နောက်တခါပြောင်းရင် ဆက်သွယ်လိုက်မယ်။

January 20, 2011 9:48 AM
Lun Lunn said...

Ma Rita,

I also have to move out after I am sick and tired at old house but I have more chance to choose a nice house with reasonable rent.

Do u agree?

Regards,

January 20, 2011 8:28 PM
AZURE said...

BMW နဲ့ သွားမှ ရောက်တယ် ဆိုတဲ့ စကားလေး သဘောကျတယ်..။

January 24, 2011 11:38 AM
Su Su said...

"မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ " love it.

February 11, 2011 8:57 AM

No comments: