Friday, June 4, 2010

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... - ဂျူး

"ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်... "

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် အိမ်ကလေးတစ်လုံး ဆောက်မည်။ ထိုအိမ်ကလေးသည် ရေပြင်ကျယ်ကျယ်တစ်ခုနှင့် နီးသောနေရာ ဖြစ်လျှင်ကောင်းမည်။ ဒါမှ ထိုအိမ်ကလေးကို မြကန်သာဟု နာမည်ပေးလို့ ရမည်။

(ရေပြင်ကိုတော့ ကိုယ်လည်း ကြိုက်တယ်။ အိမ်နောက်ဘက်က အင်းလျားကန်ဆို ကောင်းမယ်။ ဒါပေမဲ့ လာလည်တဲ့ ကလေးတွေနဲ့ အိမ်က ကလေးတွေ လူကြီးတွေ မသိအောင် သွားဆော့ပြီး တခုခုဖြစ်မှာ ပူနေရဦးမယ်။ နေပစေတော့။ အိမ်ရှေ့မှာတင် ရေကူးကန် အဝိုင်းလေး ပါရင်တော်ပြီ။

အိမ်ကိုတော့ မြကန်သာ လို့ နာမည် မပေးချင်ပါ။ ၁၀ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ်နေမယ့် အိမ် ကိုယ့်ဘာသာဆောက်ပြီး နာမည်ပေးကြဖို့ စိတ်ကူးယဉ်ဖူးတယ်။ အိမ်ကလေးကို ကိုယ်ပေးချင်တဲ့ နာမည်က "ဒေါင်းဖလ်ဝါ"။ ပြီးတော့ ခွေးကလေးတစ်ကောင် မွေးချင်ခဲ့တယ်။ ခွေးကလေးရဲ့ နာမည်က ဟီလီယို (helio)။ အဲဒီတုန်းက ကြောင်မချစ်တတ်သေးဘူး)

အိမ်ကလေးသည် သစ်သားအိမ်ကလေးပဲ ဖြစ်ဖို့များသည်။

(ကိုယ်ကတော့ အညာမှာမွေး၊ အောက်အရပ်မှာကြီးပြီး၊ နေရာတော်တော်များများ ပြောင်းရွှေ့နေခဲ့ဖူးတော့ အိမ်အမျိုးပေါင်းစုံနဲ့ နေခဲ့ဖူးတယ်။ ဘယ်အိမ်ကိုမှ ကိုယ်ကြာကြာနေရမယ့် အိမ်လို့ မမှတ်ခဲ့တော့ အဲဒီတုန်းက ဘာမှ မတွေးခဲ့ဖူးဘူး။

ကျောက်တုံး ကျောက်ချပ်တွေနဲ့ စီပြီးဆောက်ထားတဲ့ အိမ်ပုံစံမျိုးကို သဘောကျတယ်။
သစ်သားအိမ်...
အင်း နေချင်ပါတယ်။ ခြံဝန်းကျယ်ကျယ်ထဲမှာ နှစ်မျိုးလုံး ထည့်ဆောက်ထားနိုင်ရင် ကောင်းမယ်။
သား ရွှေအိုး ထမ်းလာတာ မြင်ရတော့ ပိုကောင်းတာပေါ့)

စိမ်းလန်းသော အိမ်ဖြစ်ဖို့အတွက် မှန်တွေကြားမှာ သစ်ပင်တွေကို စိုက်ပျိုးထားမည်။

သစ်ပင်ကတော့ ဘယ်နေရာမဆို များများရှိစေချင်တယ်။ အိမ်ရှေ့နဲ့ အိမ်ပတ်ပတ်လည်မှာ ပေ ၃၀ စီလောက် မြေပိုရှိချင်တယ်။ (မြေဈေးကို ခဏ မေ့ထားသည်။ မမေ့လည်း ကိစ္စမရှိပါ။ ကိုယ်မှ မဝယ်နိုင်တာ) ပြီးတော့ ကွန်ကရစ်ခင်းထားတဲ့ ခြံဝန်းထက် မြေကြီးတွေပဲ ရှိတဲ့ ခြံဝန်းကို ပိုကြိုက်တယ်။ ဒါမှ သစ်ပင်တွေ အများကြီး စိုက်လို့ရမယ်။ သစ်ရိပ်နဲ့ အေးနေတဲ့ မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်မယ်။

ပန်းပင်တွေထက် အရိပ်ကောင်းတဲ့ အပင်ကြီးတွေ ပိုစိုက်မယ်။ အိမ်ထဲမှာတော့ ကရိကထ မများတဲ့ ရှားစောင်းပင်ကလေးတွေ အရွယ်စုံ ပုံစံစုံ စိုက်ထားမယ်။ ယုန်နားရွက်ကလေးတွေနဲ့ တူတဲ့ ရှားစောင်းပင်ပုကလေးတွေ သိပ်ချစ်စရာကောင်းတယ်။)

အတိတ်ကို ပြန်စဉ်းစားကြည့်တော့လည်း လက်ထပ်ခြင်းကို တားဆီးထားသည့် အနှောင့်အယှက် အခက်အခဲ ဘာမှမရှိခဲ့။

(တခါတခါကျ အဲဒီ အနှောင့်အယှက် အခက်အခဲ ဆိုတာက တွန်းအားပေးတာတောင်မှ ဖြစ်သွားတတ်သေးတယ်။ တကယ်တော့ ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေက တချို့အရေးကိစ္စတွေကို သတ်မှတ်ပြဋ္ဌာန်းပစ်လိုက်တတ်တယ်။

သူငယ်ချင်း ယောက်ျားလေး တစ်ယောက်ကတော့ ပြောဖူးတယ်။ မိန်းမတွေဟာ မယူချင်ရင်လည်း လျှောက်စဉ်းစားနေပြီး၊ သူတို့ ယူချင်ရင်လည်း ဘာမှကို ထည့်မစဉ်းစားတော့ပါဘူး တဲ့။ ဒါကတော့ မိန်းမမှ ယောက်ျားမှ မဟုတ်ပါဘူး။ အကုန် တူတူပါပဲ)

ကောင်းကင် တနေရာရာမှာ ရှိနေသည့် ကြယ်တစ်စင်းကို မထိခိုက်စေဘဲ ကမ္ဘာမြေပေါ်က ပန်းတစ်ပွင့်ကို ခူးလို့မရပါ တဲ့။ သူနှင့်ကျွန်မ ချစ်ခဲ့မိသည့်အတွက် တစ်ခုခုကို၊ တစ်စုံတစ်ယောက်ကိုများ ကျွန်မ ထိခိုက်မိသွားသလား။

(အဲဒီအကြောင်းအရာကိုတော့ ကိုယ် ဘယ်သောအခါမှ ပြန်မတွေးချင်ပါ။ အဖြေက ဟုတ်တယ် လို့ ထွက်ခဲ့ရင်လည်း မချစ်ဘဲ နေခဲ့မှာမှ မဟုတ်တာလေ။ တခါတခါကျ ဘဝမှာ အကွက်ချထားပြီးသား အရာတွေအတွက် ဘာမှ မတတ်နိုင်ပါဘူး။ ဒါကို အကြောင်းပြတာသက်သက်လို့ ယူဆကြမယ်ဆိုရင်တောင်မှပဲ ကိုယ်ကတော့ ဘာမှ မတတ်နိုင်ပါဘူး)

ဆင်းရဲခြင်းတွေ ဖိနှိပ်ခြင်းတွေဖြင့် ပြည့်နေသည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ကိုယ်ရင်သွေးလေးကို ခေါ်ယူမွေးဖွားလိုက်ရမှာ တော်တော် အကုသိုလ်များသည့် အလုပ်တဲ့။

(ဒီ post ကို ကိုယ့်ရဲ့ fb မှာ ယူပြီး share တော့ ကိုယ် high light လုပ်ခဲ့တဲ့ စာပိုဒ်ပါပဲ။ ဘဝမှာ ဘာမှ တွေးမနေဘဲ သမားရိုးကျပဲ သဘာဝကျကျ ဖြတ်သန်းသွားချင်တဲ့သူတွေ အဖို့တော့ ဒါဟာ ကြောင်ကွက်တစ်ကွက် ဖြစ်မှာပေါ့။ ဒါပေမဲ့ လက်ဖမိုး လက်ဖဝါးကိစ္စပါပဲ။ တစ်ယောက်တည်း အတွက်တောင်မှ ဒီကိစ္စက လက်ဖမိုးဖြစ်လိုက်၊ လက်ဖဝါးဖြစ်လိုက်နဲ့)

အိုကွယ် တို့များ ဘယ်နေ့ပဲ ချစ်မိချစ်မိ၊ အဲဒီနေ့ဟာ ကြေကွဲဖွယ်ရာနေ့တွေထဲမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမှာပါပဲ။ ဘယ်နေ့မှာများ ဆိုးယုတ်မှုတစ်ခုခု မဖြစ်ပွားခဲ့ဘဲ နေမှာတဲ့လဲ။ သည်လောက်နှစ်တွေ ထောင်ချီနေသည့် ကမ္ဘာကြီး၊ ဆိုးယုတ်မှုတွေလည်း ပေါများလှသည့် ကမ္ဘာကြီးတွင် နေ့ တစ်နေ့တိုင်းဟာ တစ်နေရာရာမှာ ကြေကွဲမှု တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပွားနေခဲ့ဖူးမှာပဲ မဟုတ်လား။

(ဂျူး ရဲ့ အဲဒီလို အတွေးအမြင် အရေးအသားမျိုးတွေကို သိပ်ကို သဘောကျမိတယ်။

သမိုင်းမှာ အဖြစ်အပျက်ထက် ခုနှစ်တွေ ရက်စွဲတွေက ပိုအရေးကြီးနေကြတာ မုန်းစရာ အကောင်းဆုံးလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ အကျည်းတန်တဲ့ နေ့တစ်နေ့ကို သမိုင်းဝင်အောင် ကိုယ် ခုချိန်ထိ မလုပ်ခဲ့ဖူးဘူး။ ဒီလောက်ဆိုရင်ပဲ တော်ပါပြီ)

အဲဒီနေ့က ကျွန်မနှင့်သူသည် ကော်ဖီဆိုင်တစ်ခုမှာ ရှိခဲ့သည်။ လေအေးစက်ဖွင့်သည့် ကော်ဖီဆိုင်မဟုတ်။ ဆေးလိပ်ငွေ့တွေဖြင့် ပြည့်လွှမ်းနေသည့် ဆိုင်လည်းမဟုတ်။ ခြံဝန်းတစ်ခုထဲက သစ်ပင်တွေကြားမှာ စားပွဲ၊ ကုလားထိုင်တွေ ချထားသည့် အေးချမ်းသည့် ဆိုင်ကလေးဖြစ်သည်။

(MICT Park ကတော့ အရမ်းကို ပူတယ်။ နွေရာသီ တနေ့လည် အဲဒီထဲသွားပြီး ဖျားတောင်ယူတယ်။)

သူထိုနေ့က ဖတ်နေသောစာအုပ်က ခါလိဂျီဘရန် ၏ "ပုရောဟိတ်" ဖြစ်ပြီး ကျွန်မဖတ်နေသည့် စာအုပ်က ၁၉၉၅ ခုနှစ်ထုတ် ''လိပ်ပြာတို့၏ တချိန်တုန်းက'' ဝတ္ထုစာအုပ် ဖြစ်နေခဲ့တာမို့ ဘာကိုမှ ပြန်မပြောင်းချင်ပါ။

(သေချာ မမှတ်မိတော့။ အဲဒီအချိန်က Cronin စာအုပ်တွေ သည်းသည်းမည်းမည်း ကြိုးစားပမ်းစား လိုက်ဖတ်နေခဲ့တဲ့အချိန် ဖြစ်ချင်ဖြစ်မယ်။ သူ့စာအုပ်ကတော့ ပဲစင်းငုံ အကြောင်း ဖြစ်မှာပဲ)

အဲဒီနေ့က သူဝတ်ထားသည်က စက်ဆိုင်မှာ ချုပ်ထားသည့် ချည်ထည်စစ်စစ် အင်္ကျီဖြစ်နေခဲ့သည်။

(ကိုဝတုတ်တို့ရဲ့ Zizawa's Refuge မှာ မတရားမှုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကို ဖတ်ပြီး မကြာခင် ဂျူးရဲ့ ဒီစာကြောင်းကို ဖတ်ရတော့ ပိုပြီး အမှတ်ထင်ထင် ဖြစ်မိတယ်)

ကျွန်မက ချင်းပြည်နယ် ဖလမ်းမြို့မှ လက်ဆောင်ရသော ချင်းရိုးရာ ဆွဲကြိုးသေးသေးလေးတစ်ခုကို ဆွဲထားသည်။ ထိုဆွဲကြိုးလေးသည် ကျွန်မကူညီလိုက်လို့ ဆယ်တန်းအောင်သည်အထိ ပညာသင်နိုင်ခဲ့ပြီး ကလေးများနှင့် ပတ်သက်သည့် အဖွဲ့တစ်ခုမှာ အလုပ်ရသွားသည့် ကလေးမကလေးတစ်ယောက်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဆွဲကြိုးကို ကျွန်မကိုပေးဖို့ သူကိုယ်တိုင် သီကုံးထားခဲ့သည်။

(ဒီစာပိုဒ်ကို ဖတ်ရတော့ "သူ မင်းကို ဘယ်တော့မှ" ကို နက်နက်နဲနဲ သတိရမိတယ်။ ဘလော့တောင်မရေးသေးဘူးလား၊ ရေးကာစကလား မသိ တောကျောင်းဆရာ ရဲ့ ဘလော့မှာ comment ပေါင်းများစွာ ရေးခဲ့ကြတာကိုလည်း သတိရမိတယ်။ မှန်တာပြောရရင် အဲဒီ ဝတ္ထုက အမှတ်တရ လို၊ ကြာတော့သည်လည်း မောင့်စကား လို ကိုယ့်ကို တစွဲတလမ်း မနှစ်ခြိုက်စေခဲ့ပေမယ့် ဂျူး ဆိုတာကို ပိုပြီး ပီပီပြင်ပြင် မြင်မိစေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။

အဲဒီ ဝတ္ထုမှာ အနုပညာတွေ၊ ခံစားမှုတွေ ဆိုတာထက် စိတ်စေတနာ ဆိုတာကိုပဲ ပိုပြီး မြင်ခဲ့မိလို့ review တွေဖတ်ပြီး (ဝတ္ထုတောင် မဖတ်ရသေးဘဲ) ဂျူးဘက်က ဝင်ရေးခဲ့တယ်။ အဲဒီ ဝတ္ထုကို ဖတ်ပြီးသွားတဲ့အခါမှာတော့ မဖတ်ရသေးဘဲ ဝင်ရေးခဲ့တာအတွက် လုံးဝမှ နောင်တရစရာ မရှိတာ သေချာသွားပြန်တယ်)

နောက်ပြီး အဲဒီနေ့က သူသည် ကျွန်မအား ကတိတစ်ခု လက်ဆောင်ပေးခဲ့သည်။ အဲဒီကတိကတော့ သူ တစ်သက်လုံး မြန်မာနိုင်ငံကနေ ဘယ်တော့မှ ပြောင်းရွှေ့ထွက်ခွာမသွားပါတဲ့။ စာသင်သွားဖို့၊ အစည်းအဝေးသွားဖို့ ဒါမျိုးတော့ ခရီးတွေ ထွက်နေရမှာပါ။ သို့သော် နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး ကို ဘယ်တော့မှ မရောက်အောင် သူ ကြိုးစားပါမည် တဲ့။

:)))
(နိုင်ငံခြားကို မဖြစ်မနေ ထွက်ရတယ်ဆိုတာ တော်လို့လား ညံ့လို့လား ကိုယ် ခုထိ မသေချာသေးပါ။ ကိုယ့်အတွက်တော့ ဒုတိယတစ်ခု ဖြစ်ဖို့ ပိုများပါတယ်)

ကမ္ဘာကြီးကို ပိုပြီး ကောင်းမွန်အောင် ရှေ့သို့ တွန်းပို့ပေးနေသော အင်အားတွေထဲမှာ အကောင်းမြင်ခြင်းဆိုသည့် အင်အားလည်း ပါဝင်ကြောင်း ပြောဖြစ်ကြသည်။

(ကိုယ်ကတော့ အရှိအတိုင်း မြင်ရတာကို ပိုကြိုက်ပါတယ်။ အကောင်းမြင်နိုင်ရုံနဲ့တော့ ဘာမှ ထူး မထင်ပါ။ ကောင်းတာကို တတ်နိုင်သလောက် လုပ်မယ်။ ဒါဆို ရပြီ။ ကောင်းတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်စရာရှိတာတွေ လုပ်နေပါတယ်ဆိုတဲ့ လူတွေကိုယ်တိုင် မကောင်းတာကို အကောင်းမြင်ပေးဖို့ထိတော့ ကိုယ် စိတ်မဝင်စား)

ကျွန်မ မလှမ်းဖြစ်ခဲ့သည့် ခြေလှမ်းတွေ၏ ထိခိုက်မှုအကျိုးဆက်ကိုလည်း သူသိခွင့်ရခဲ့သည်။
...
ကျွန်မသာ စာပြန်ရေးပြီး သူ့အတွက် လမ်းညွှန်သူတစ်ယောက် အနည်းဆုံးပေါ့လေ အဖော်ကောင်းတစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် သူ ယခုလို ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာ သေကြောင်းကြံမိပါ့မလား။

("တစ်စုံတစ်ယောက်မှာ ကိုယ့် ပယောဂနဲ့ ထိခိုက်သွားရတယ်လို့ ထင်မိတဲ့အခါ..." အဲဒီ အကြောင်းအရာမျိုးကို ဂျူး ရေးတာ တစ်ခါမက ဖတ်ခဲ့ဖူးတယ်။ တိမ်နဲ့ချည်တဲ့ကြိုး မှာလည်း ထင်ထင်ရှားရှား တစ်ခါ...

စာရေးသူတွေဟာ သူတို့ဘဝမှာ နက်နက်နဲနဲ တွေ့ကြုံခံစားခဲ့ရတာတွေကို သူတို့စာမှာ ထပ်ကာ ထပ်ကာ ပြန်ထင်ဟပ်ကြတယ် ထင်တယ်။ Cronin လည်း ကျောက်မီးသွေးတွင်းပြိုတဲ့ကိစ္စကို တစ်ခါမက ရေးတာ ဖတ်ခဲ့ဖူးတယ်။ ခံစားဖို့ ခက်ခဲတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ထပ်ကာ ထပ်ကာ အန်ထုတ်ခြင်းအားဖြင့် အဲဒီ ခံစားမှုတွေဆီကနေ ကျော်လွန်ဖို့ သူတို့ ကြိုးစားကြတာများလား မသိ)

ဒီလို နှစ်ပတ်လည်နေ့မှာ ကျွန်မထံ ဖုန်းဆက်နေကျဖြစ်သည်။ နေကောင်းလား ဟု သူ မေးသည်။ ဘာတွေတိုးတက်နေလဲ ဟု သူ မေးသည်။ ဘာစာအုပ်တွေ ဖတ်နေလဲ ဟု သူ မေးသည်။ ကိုယ့်ကို သတိရရဲ့လား ဟု သူမေးသည်။ ကျွန်မလည်း သူ့ကို မောင် ဒီအတိုင်းကြီးပဲ နေသွားတော့မှာလား ဟု မေးလိုက်မည်။

အို... မင်းတောင် အပျိုကြီးဘဝနဲ့ နေနိုင်သေးတာ။ ကိုယ်က ဘာလို့ မနေနိုင်ရမလဲ။ ကိုယ် မင်းကို ချစ်တယ်လေ။ အဲဒီအခါကျ ကျွန်မ ပြောနေကျအတိုင်း ပြန်ပြောဦးမှာ။

ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်...

(ဂျူး)

***
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ဒီ ဆောင်းပါး ဖတ်ပြီးပြီးချင်း fb မှာ ချက်ချင်းပဲ share မိတယ်။
မူရင်းဆောင်းပါးကို စာပြန်ရိုက်ပြီး ဂျူး ပရိသတ်အတွက် ပြန်တင်ပေးတဲ့ Juu ရဲ့ FaceBook စာမျက်နှာ က admin အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

***

14 comments:

zizawa said...

အိမ်နံမယ်က ဒေါင်းဖလ်ဝါ၊ ခွေးနံမယ်က helio။ မိုးပေါ်ကကို ဆင်းချင်ပုံမရဘူး။ ဂျူးရဲ့ အဲဒိ ၀ထ္ထုကို ကောင်းကောင်း ‘သိ’ တယ်။ နောက်ဆုံး စာပိုဒ်ကိုလည်း ‘သိ’ တယ်။ ခုတလော နက်နက်ရှိုင်းရှိုင်း ခံစားရတာတွေ သိပ်များနေတယ်။ မနေ့ညကလည်း ဗိုလ်ချုပ်အကြောင်း စာတွေဖတ်နေရင်း ငွေတာရီရဲ့ ကဗျာလေးကို အမှတ်မထင်တွေ့လို့ ရွတ်ကြည့်ရင်း မျက်ရည် ဆို့မိတယ်။ ဇီဇ၀ါကတောင် အံအားသင့်လို့။ ဗိုလ်ချုပ်ကိုသတိရသလို ငွေတာရီကိုလည်း သတိရမိလို့ထင်တယ်။ ခုဂျူးတယောက် တိုးလာပြန်ပကော။ အမှတ်တရကို ဘယ်သူတွေဘာပြောပြော ခံစားမှု နက်နက်ရှိုင်းရှိုင်းရလို့ သိပ်သဘောကျတယ်။

naychi said...

(နိုင်ငံခြားကို မဖြစ်မနေ ထွက်ရတယ်ဆိုတာ တော်လို့လား ညံ့လို့လား ကိုယ် ခုထိ မသေချာသေးပါ။)

အဲဒါကို ခဏခဏ တွေးမိတယ်။ နှစ်မျိုးလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စူး said...

ဂျူး..ကိုအမ စသိတော့ ကြေမွသွားသောတိမ်တိုက်များအကြောင်း။
အဲ့မတိုင်ခင်က အမကို သူင်ချင်းကောင်လေးအချို့ကပြောသည် ၀တ္တုထဲကစာသားတွေခိုးမချနဲ့တဲ့။ ကိုယ်ကပြောသည် ငါ့ကိုယ်ပိုင်စကားလုံးတွေလို့..သူတို့ကမယုံ။ကိုယ်ကတကယ်လဲ ဂျူးဆိုသည်ကို နာမည်သာကြားဖူးပီး မဖတ်ဖူးခဲ့။ ဖတ်မဲ့ဖတ်တော့ အပေါ်ကစာ။ ဒီလိုနှင့် ကိုယ်ဂျူးကို အံ့သြခဲ့သည်။ ဇာတ်ကောင်ထဲကစရီုက်တွေကပီပြင်သလို ကိုယ်ရဲ့အတွေးတွေနှင့်တထပ်တည်းကျနေသည့် လုပ်ရပ်များကို အံ့သြမိခဲ့သည်။ ဒါကြောင့် ကိုယ်ဂျူးခရေစီဖြစ်သွားသည်။ အမှတ်တရကို ရအောင်ပြန်ရှာဖတ်မိသည်။ တိုက်ဆိုင်စွာပင် အမှတ်တရအတိုင်း ပုံစံကွဲပီး ကိုယ်လက်တွေ့ကြုံခဲ့သည်။ အခုချိန်ထိ ပြန်ဖတ်တိုင်း သတိရကြေကွဲရသည်။ ဂျူး ၏အတွေးအခေါ်ကို ကိုယ်ကြိုက်သည် သို့သော်အားလုံးတော့မဟုတ်။

အင်း..အမလဲ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးသည်။
အမအိမ်လေးက မနိမ့်မမြင့်တောင်ကုန်းမြင့်ကလေးပေါ်မှာ လျှောတံခါးတွေအကုန်တပ်မည်။ မှန်ပတ်လည်နှင့်..အောက်ခြေမှာ ပန်းပင်လေးတွေ စီရရီပုံဖော်ထားမည်။ အသင့်အတင့်ကျယ်ဝန်းသောခြံကလေးပေါ့။ ခြံကိုဖြတ်ရန် ကြိုးတံတားလေးလဲ ရှိရမည်။ စမ်းချောင်းကလေးက အိမ်ပတ်လည်မှာ ရှိနေမည်။ ဟီးးးး...ငယ်ငယ်က အမရဲ့အိမ်။

အနမ်း said...

ဂျူးစာသားတွေကို အရမ်းကြိုက်တယ်။ မျှဝေတာကျေးဇူးးးး
အဆင်ပြေပျော်ရွှင်ပါစေ။

Kyaw Hnin Se Lwin said...

ဆရာမဂျူးရဲ့ စာသားလေးတွေကို ရီတာ့အတွေးနဲ့ပေါင်းစပ်ပြီး reviewမဆန်တဆန်လေးရေးထားတော့ အရသာတမျိုးပဲ ဖတ်လို့သိပ်ကောင်းတယ်

Rita said...

@ Bro Watote, မိုးပေါ်က မဆင်းချင်တာ မဟုတ်ပါဘူး။ အဓိပ္ပါယ်တမျိုးတည်းကို လှည့်ပတ်ပြီး ပေးရတာ သဘောကျခဲ့လို့။ အဲဒီတုန်းက ကြောင်မွေးဖို့ပါ စိတ်ကူးမိခဲ့ရင် နာမည်က "solar" ဖြစ်မယ်ထင်တယ်။ :D

@ naychi, ဟုတ်တယ်။ နှစ်မျိုးလုံးပါပဲ။ "နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး" ဖတ်ရတော့ အတော်ပဲ ထိသွားတယ်။ (မျိုးချစ်စိတ် ဘာညာဘာညာ စကားလုံး အကြီးကြီးတွေနဲ့တော့ ဘာမှ မဆိုင်ပါဘူး။)

@ အစ်မမြတ်နိုး, ဟုတ်တယ် အစ်မ။ ဂျူးကို ကြိုက်တယ်။ ဒါပေမဲ့ ရေးသမျှ ကြိုက်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေးတဲ့စာတွေမှာ ခံစားမှုအရ မကြိုက်တာ ပါရင်တောင် သူ့ကိုတော့ impressive ဖြစ်နေတုန်းပါပဲ။

သူ့ကိုကြည့်ပြီး တွေးမိတာ တစ်ခုလည်း ရှိတယ်။ "နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး" မရောက်ချင်ဘဲ ရောက်ရတာမျိုး (အတိအကျ ပြောရရင် ညီမလိုလူမျိုးမှာ) မဖြစ်ချင်ရင် သူ့လို ပညာသိပ်တော် သိပ်တတ်နေဖို့၊ သူ့လို အားထုတ်ကြိုးစားနိုင်ဖို့ လိုတယ် လို့ တွေးမိတာ။ ပညာတတ်တယ်ဆိုတာ ဘာဘွဲ့တွေရတာ မရတာကို ပြောတာ မဟုတ်ပါဘူး။

မှန်တာ ပြောရရင် ညီမ ငယ်ငယ်တည်းက ပညာတတ်တွေကို ဘယ်လောက်တောင် အထင်ကြီးလဲ အားမကျခဲ့ဘူး။ ညီမ အားကျတဲ့လူတန်းစားက တမျိုး၊ လုပ်တတ်ကိုင်တတ် ရှာတတ်ဖွေတတ်တဲ့ လူမျိုးတွေ။ စီးပွားရေး ကျွမ်းကျင်တဲ့ လူမျိုးတွေ။

ဒါပေမဲ့ ဂျူး အကြောင်းတွေးမိရင်တော့ ပညာနဲ့ ပတ်သတ်တဲ့ အမြင်ဟာ အနဲဆုံး သူ့တယောက်နဲ့ ပတ်သတ်ပြီး ပြောင်းကို ပြောင်းသွားရတယ်။ "နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာရမည့် အဖြစ်မျိုး" ကို မရောက်အောင် နေနိုင်တဲ့လူတွေ အများကြီး ရှိပါတယ်။ သူ့လို ဆရာဝန်တယောက် နိုင်ငံခြားထွက် စာသင်၊ ဘွဲ့တွေ အများကြီး ယူလာပြီး ပြန်လာနေလည်း ဖြစ်တာပါပဲ။ best seller စာရေးဆရာတွေ စာရေးနေရုံနဲ့လည်း ရပ်တည်နိုင်တာ ရှိမှာပါပဲ။

ဒါပေမဲ့ ဂျူး ကတော့ ဒါ့ထက်အများကြီး ပိုတဲ့ လူမျိုးလို့ ခံစားမိတယ်။

@ အနမ်း, ကိုယ်က တဆင့် ပြန်မျှတာပါ။ fb က ဂျူး အဖွဲ့သားတွေ စာရိုက်တင်ကြတာ။

@ KHSL, :D တကယ်တော့ ဖတ်ပြီး ထင်ရာမြင်ရာ ပေါ်လာတဲ့ ခံစားမှုတွေကို ဒီတိုင်းချရေးချင်ခဲ့တာပါပဲ။ review ရေးရတာကျ နဲနဲ တာဝန်ကြီးတယ်ထင်လို့။

ပြီးတော့ အွန်လိုင်းမှာ ပြန်ညွှန်းပေးလို့ရတဲ့ စာမျိုးကို ရေးရတာတော့ ပိုကောင်းတယ်။ မူရင်းစာကို ဖတ်ချင်ရင် အညွှန်းကနေ ချက်ချင်းသွားဖတ်လိုက်ရုံပဲ။ အွန်လိုင်းမှာ မရှိတာကို ရေးမိရင်ကျ မူရင်း ဖတ်ချင်တဲ့သူတွေ ခက်ကုန်ရော။ ကိုယ်တိုင်လည်း ဖြစ်ဖူးလို့ပါ။

SHWE ZIN U said...

ညီမ ရေ

ဂျူးစာတွေ နဲ့ ညီမ အတွေးလေး ရေးထားတာ ဖတ်လို့ကောင်းတယ် မနေ့ည က မန့်မရလို့ အခုပြန်လာတယ်

အင်ဥ ဆိုတာ အင်ပင် ရှိတဲ့ ဘယ်ဒေသ မှာမဆို ပေါက် ပါတယ် စားလည်းစားကြပါတယ် ညီမ ရောက်တဲ့ အချိန်တွေက အင်ဥ ပေါ်တဲ့ အချိန် မဟုတ်လို့ ထင်ပါတယ်..

နောက်ပြီး သူ့ကို စား၇ဘို့ အချိန်က သိပ်တိုလွန်းတယ် ခဏနေ ဆို ရင့်သွားပြီ မကောင်းတော့ဘူး ပေါ်ဦးပေါ်ဖျားလေးမှ

ကျွေးချင်ပါတယ် ညီမရယ် နောက်မြန်မာပြည် ပြန်ရင် ဒီလို မိုးဦးကျလေး ပြန်ခဲ့ပါ အင်ဥပေါ်ချိန်ပေါ့
အမ လည်း တအားကြိုက်တော့ ကိုယ်ချင်းစာပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sonata-cantata said...

အမလည်း Kyaw Hnin Se Lwin ပြောသွားသလိုပဲ ပြောချင်ပါတယ်။ ငါလည်း ဘယ်လိုဆိုတာပါ လိုက်လိုက်တွေးမိစေတယ်...း)

zizawa said...

It, I mean the first line, was meant to be a joke, Rita..
:)

ဇွန်မိုးစက် said...

ကိုယ်မဖတ်ဖူးသေးဘူးထင်တယ်။ fb မှာ သွားပြန်ရှာပြီး ဖတ်ဦးမှ။

စာကြွေးတွေ အကုန်မရှင်းရသေးဘူး ရီတာ။

အိမ်လွမ်းနေတာနဲ့ စာပြန်ရေးဖို့ တော်တော်အားပြန်ယူနေရတယ်။ :(

Rita said...

@ မရွှေဇင်, အင်ဥ အင်ဥ အင်ဥ လို့ စိတ်ထဲမှာ တသသ ဖြစ်နေမိတယ် :D

@ မမသီတာ, ဟုတ်တယ် မမ။ အဲဒီ မူရင်းစာကို ဖတ်ရတာ သူနဲ့တူတူ လိုက်တွေးမိခဲ့တယ်။

@ Bro Watote, ya, I know what u mean, bro. swimming pool နာမည်တောင် "သူရကန်" ဖြစ်နိုင်တယ်။ တကယ်ကို အဲဒီ နာမည်ကို series လိုက် မှည့်ဖို့ စိတ်ကူးခဲ့တာ။ :D

@ ဇွန်, welcome back!
ကိုယ်လည်းပဲ ပြန်ရောက်ကာစက အလုပ်တောင် လုပ်မစားချင်တော့ပါဘူး ဖြစ်မိတယ်။ နောက်တော့လည်း အသားကျသွားတာပါပဲ။ စာမရေးချင်ရင် ရိုက်လာတဲ့ ဓါတ်ပုံလေးတွေနဲ့ စာနဲနဲ ပေါင်းရေးပြီး တင်လေ။ တသက်လုံး မြင်လာရတဲ့ မြန်မာပြည်ပုံတွေဖြစ်ပေမယ့် အဝေးရောက်နေတော့ ထူးဆန်းပြန်သေးတာပါပဲ။

မြတ်နိုး said...

ချောင်းမြောင်းလုပ်ကြံဖို့ထက် ရှေ့တည့်တည့်ကနေ သေနတ်နဲ့ ပစ်ချင်တတ်သူသာ ဖြစ်သည်။

ဟဲဟဲ..တူတူပဲ။။ ဒါပေမဲ့ အမက လူသတ်ဖို့လောက်အောင်မုန်းသူမရှိသေးဘူး။
ဒါပေမဲ့ ဖြစ်နိုင်ရင် ကိုယ့်ကို ဘာ..ဘာ..ဆိုပီးပြောသူတွေကို ပြုံးပြုံးလေးနဲ့ စကားလုံးတလုံးချင်း အချက်ကျကျလေးပြန်ပြောရတာကိုကြိုက်တယ်။

ပေါ်တင်ချဲရတာကို နှစ်သက်တယ်။

မြတ်နိုး said...

သြော်..ညီမ.. အမတော့ ညီမတွေးသလို မတွေးဘူး။
အမ အထင်တော့ မြန်မာပြည်မှာရှိနေပီး မထွက်လဲ ရတဲ့သူတွေ အများကြီးပဲလေ။

ပညာနဲ့တော့ သိပ်မဆိုင်ပေမဲ့ အရည်အချင်းနဲ့ဆိုင်မယ်ထင်ပါတယ်။ ပီးတော့ .. ဘ၀မှာ ငါ ဘယ်လိုနေထိုင်ချင်လဲနဲ့လဲဆိုင်မယ်ထင်တယ်။ အိပ်ချင်ပီညီမရေ..အွန်လိုင်းမှာပဲ နောက်မှထပ်ဆွေးနွေးမယ်။

မေ said...


အင်းယားကန်က (လှေပြိုင်ပွဲ)
ယောင်းမအိမ်ရှေ့က (ရေကန်လေးရယ်)
အခိုးခံလိုက်ရတဲ့ခွေးလေး(အင်းခွေးတဲ့...)
ကြောင်အရမ်းချစ်တဲ့အကျင့်ရယ်
မှန်လုံခန်းထဲမှာအိပ်ခန်းထဲက သူငယ်ချင်းကောင်လေးရယ်...
ရှားစောင်းပင်ပုလေးစိုက်တက်တဲ့အကျင့်ရယ်...
အင်ကြင်းပင်ကမွေးတဲ့ သူဖြစ်တာရယ်
ဆင်းရဲခြင်းတွေ ဖိနှိပ်ခြင်းတွေဖြင့် ပြည့်နေသည့် ပတ်ဝန်းကျင်တစ်ခုထဲသို့ ကိုယ်ရင်သွေးလေးကို ခေါ်ယူမွေးဖွားလိုက်ရမှာ တော်တော် အကုသိုလ်များသည့် အလုပ်ဆိုတဲ့ စကားကိုဘုရားနဲ့အတိုက်အခံပြောတက်တဲ့အကျင့်ရယ်...
လက်ဖမိုး လက်ဖဝါးကိစ္စရယ်
"ပုရောဟိတ်" "လိပ်ပြာတို့၏ တချိန်တုန်းက''
MICT Park မှာဆင်းသွားတဲ့ ကောင်လေးချောချောလေးတစ်ယောက်ရယ်...(အဲဒီနေ့က မြေနီကုန်းကို စာသင်ဖို့သွားတာဆိုတော့)
တိမ်နဲ့ချည်တဲ့ကြိုးဆိုရင် မေမေငယ်ငယ်ကပြောပြောနေတဲ့ သူ့သူငယ်ချင်း စာရေးဆရာမလေးဟာ ဆရာမဂျူးများလားတောင်မသိဘူးနော်...
မသိရင် သမီးကိုရေးထားတဲ့အတိုင်းပဲ...ဟာဟ
(ကျွန်မ၏သစ်ပင်စာအုပ်ကို ရန်အောင်စိုးကိုဝယ်ခိုင်းဖူးတယ်သူကတော့ ယဉ်ယဉ်နဲ့တူတယ်တဲ့...)
ဖမ်းတဲ့သူထက်အရင်မိတယ်ဆိုရင်...ဟန်ဇာ့ကိုတောင်သနားမိတယ်... ချင်းမလေးတွေတော်တယ်မို့လား...မွေးစာရင်းမရှိဘူးနော်...ဟိ