Thursday, January 29, 2009
My Little Pet !
ရုံးက အပြန် Kallang Way တလျှောက် လမ်းလျှောက်လာရင်း တွေ့ခဲ့တာ... သူငယ်ချင်းနဲ့ ဖုန်းပြောရင်း သူ့ကို ရေမြောင်းထဲမှာ တွေ့လိုက်လို့ ဖုန်းပြောတာတောင်ရပ်ပြီး အမိအရ ဓာတ်ပုံရိုက်ယူခဲ့တာ...
ကျွန်မ ကြောင်ကလေးနဲ့ သိပ်တူတာပဲ
အဲဒီလိုပဲ သုံးရောင်ခြယ်...ဖြူတဲ့နေရာမှာ ဆွတ်ဆွတ်ဖြူ...အနက်ရောင်နေရာမှာ လုံးဝနက်...အ၀ါရောင်နေရာမှာ လုံး၀၀ါ (ကျွန်မ ကြောင်ကလေးကို ကောင်းကောင်းသိတဲ့ ကျွန်မ သူငယ်ချင်းကိုပြတော့ သူတောင် အံ့သြလို့...)
လူတူမရှား ကြောင်တူမရှား လောကကိုး..
အဲဒီလိုပဲ ခေါင်းလေးမှာ အ၀ါနဲ့ အနက်ကြားနေတယ်
ကျွန်မ ကြောင်ကလေးလိုပဲ မျက်လုံးမှာ အမဲကွက်လေးနှစ်ဖက် ရှိဦးမလား သူ့ကိုတော့ မျက်နှာသေချာ မကြည့်ခဲ့ရလို့ မသိဘူး (အဲဒီ အမဲရောင်လေးတွေ ကွက်နေလို့ တချို့က "မျက်မှန်" လို့လဲ ခေါ်ကြတယ်)
ကြောင်ကလေးကို ကျွန်မ နောက်ဆုံးနှစ် (Aug 2003) လောက်မှာ မွေးခဲ့တာ... ကျွန်မ အရင်က ကြောင် လုံးဝ မချစ်တတ်ဘူး...သူတို့ကို မွေးတဲ့ထိလည်း မချစ်ဘူး... အိမ်မှာလည်း ကြောင် မမွေးပါဘူး။ သူတို့ အမေကိုတော့ ကျွန်မ အဒေါ်က ထမင်းတွေ ဘာတွေ ကျွေး ကျွေးနေတော့ အိမ်နောက်ကိုတော့ ခဏခဏလာတယ်..ကျွန်မက ရှုပ်လို့ မကြိုက်ဘူး။
ဒီလိုနဲ့ အိမ်မှာ သူတို့ကို မွေးရော ဆိုပါတော့.. စိတ်ညစ်လိုက်တာ မပြောပါနဲ့တော့ ...မွေးတာလဲ သုံးကောင်တောင်မှ...တစ်ကောင်က အမေတူ..မီးခိုးရောင်၊ နောက် ဖြူဖျောဖျောနဲ့ တစ်ကောင်၊ နောက်ဆုံး ကတော့ သုံးရောင်ခြယ်ကလေးပေါ့...
သူ့အမေကလည်း မွေးပြီး မခွာတော့ဘူး...ကျွန်မက နေရာရွှေ့ပစ်ချင်တာ အဖြစ်ကလဲ မရှိ.. ကျွန်မအဒေါ်ကလည်း အကောင်ငယ်လေးတွေ ဆိုတော့ သနားလို့ထင်တယ်.."သူ့ဘာသာနေတာ ညည်းပွေ့ထားရလို့လား" တဲ့။ ပွေ့သာထားရရင်တော့ ..ဟင်း ဟင်း... မိုးမီးလောင်လို့ သိကြားမင်းတောင် နေစရာ မရှိ ဖြစ်သွားမယ်။
မျက်စိပွင့် နားပွင့်တဲ့ အရွယ်လဲ ရောက်ရော...အဲဒီ သုံးကောင် ဆော့လိုက်တာဆိုတာ လျှပ်စီးလက်သလား ထင်ရတယ်...(အဲဒါကြောင့်မို့ထင်တယ်..အကုန် ယောက်ျား စောစောရကုန်တယ်)
ကျွန်မကျောင်းက ပြန်လာရင် သူတို့နဲ့ တရန်..ခြေထောက်လာဆွဲ သွားနဲ့ လာခြစ်...ကျွန်မက အသည်းတယားယားနဲ့ .. ကိုင်ကလဲ မကိုင်ရဲ...တံမြက်စည်းနဲ့ ခြောက်ထုတ်ရတာ...(အမှန်ကတော့ ရိုက်ထုတ်တာပါ..နာတော့ မနာပါဘူး)... သိပ်မုန်းတာပဲ... ကြောင်ဆိုတဲ့ သတ္တဝါများ...
တရက်တော့ ကျွန်မ လှမ်းထားတဲ့ အ၀တ်တွေ ဆွဲချပြီး လုံးထွေး ဆော့နေကြတာနဲ့ ကျောင်းမသွားခင် မနက်စောစော ရေနဲ့ပက်ပြီး ဆုံးမ ပစ်လိုက်တယ်...ဒါပေမယ့် သိပ်လဲ မစိုပါဘူး ... လျှပ်စီးလက်နေကြတဲ့ ဟာတွေဆိုတော့ လှစ်ကနဲဆို ထွက်ပြေးကြတာ တန်းနေတာပဲ...
အိမ်မီးဖိုခန်းထဲမှာ သိပ်လဲ မသုံးဖြစ်တဲ့ မီးသွေးမီးဖို တစ်ခုရှိတယ်။ အဲဒီပေါ်မှာ ဝါးဆန်ကာလေးတစ်ခုလဲ မှောက်ထားတယ်။
ကျောင်းအားရက်တရက်မှာ ကျွန်မ အဲဒီ အခန်းထဲမှာ ရှိနေတုန်း အဲဒီ မီးဖိုပေါ်က ၀ါးဆန်ကာလေးပေါ်ကို သုံးကောင်သား ကုတ်ကတ်တက်နေကြပါရော...ခဏနေတော့ အောက်ဆင်းဆော့လိုက် ..အပေါ်ပြန်တက်လိုက်နဲ့ ၊ ဆန်ကာခုံးလေးက သေးသေး၊ သူတို့ကလည်း သေးသေးလေးတွေ ဆိုပေမယ့် နေရာ ကျဉ်းကျဉ်းကို ကုတ်ကပ်နေကြတာ...သုံးကောင်သား မျက်လုံးပြူးပြူး နားရွက်ကားကားနဲ့...
ကျွန်မ အဲဒါကို ကြည့်ရင်း စိတ်ထဲမှာ ဘယ်လို ချစ်သွားမှန်း မသိဘူး...
အဲဒီအချိန်ကစလို့ အဲဒီ ကြောင်ကွက်ကွက်လေးက ကျွန်မ အချစ်ဆုံး ကြောင်ကလေး ဖြစ်လာတာပဲ။
ဟုတ်တယ် .. အဲဒီ တစ်ကောင်ပဲ ချစ်တာ...သူက အဝဆုံး အလှဆုံးလေ။
သူကြီးလာတော့ သိပ်မဆော့တော့ဘူး...နောက်တစ်နှစ်လောက်ကြာတော့ သူ ကလေးလေးတွေ မွေးတယ်..ပထမဆုံးမွေးတာ နှစ်ကောင်..သိပ်မကြာဘူး တစ်ကောင်က ဆုံးသွားတယ်...မျက်စေ့ရှေ့တင်ဆိုတော့ သိပ် ဝမ်းနည်းတာပဲ...သူမွေးတာတွေ သိပ် အဖတ်မတင်ဘူး..ကျွန်မ ဒီကိုလာတော့ တတိယအကြိမ်မွေးတဲ့ ကလေး တစ်ကောင်နဲ့ပဲ ကျန်ခဲ့တာ..
နာဂစ်တုံးက သူတို့ကို သိပ်ပူရတာပဲ...အိမ်နဲ့ ဖုန်းအဆက်အသွယ်ရတော့လဲ ချက်ချင်း မမေးရဲဘူး..စိတ်ထဲမှာ မလွတ်လောက်ဘူးပဲ ထင်မိတယ်..အိမ်ဘေးက သစ်ပင်တွေ အကုန်လဲတယ် ပြောတာကိုး...၃, ၄ ခါဆက်ပြီးတော့မှ ကျွန်မ အဒေါ်ကို မေးရတယ်။ "အမလေး ဘာမှ မဖြစ်ဘူး" တဲ့...သူမွေးတဲ့ ကလေးကတောင် ကလေးလေးတွေ ဆက်ပေါက်နေတယ် ပြောတယ်။
ခုဆို သူ ၅နှစ်ခွဲတောင်ရှိပြီ
*
မသေခင်ထားခဲ့ရတာတွေ အများကြီးပဲနော်။
Labels:
Feeling,
remembrance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment