(scalpelorsword.blogspot.com)
ကြားဖြတ် post တစ်ခုပါပဲ
တင်ဖို့ အစီအစဉ် မရှိပါဘဲ စိတ်ကူးပေါက်လို့ တင်မိတာ
*
သူငယ်ချင်းတစ်ယောက်က ဒီ တပတ်အတွင်းမှာ "http://www.scribd.com" က တိုက်ရိုက် ဖတ်လို့ ရတဲ့ စာအုပ်စာရင်းရှည်ကြီး တစ်ခု ပို့ပေးတယ် .. ဘယ်လောက် သဘောတွေ့သွားလဲ ဆိုတာ ပြောပြစရာတောင် လိုမယ် မထင်.. (နိုင်ဝင်းရေ ကျေးဇူး စကြ၀ဠာ.. Sweep 1st prize ပေါက်သလိုပါပဲကွာ)
*
အဲဒီထဲက ဂျူးရဲ့ "မြရဲ့ လ" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကျွန်မ ပြန်ဖတ်ဖြစ်တယ်
အဲဒီ ၀တ္ထုကို ပထမဆုံး ဖတ်ဖူးတာ ၁၀ တန်းဖြေကာနီးမှာ.. Guide မမ က သူ ပန်းဆိုးတန်းက ၀ယ်လာတာ ဆိုပြီး ထုတ်ပြလို့ ကောက်ဖတ်ပစ်လိုက်တာ တစ်ထိုင်တည်း...
ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ ၀တ္ထုတိုတွေ တော်တော်များများကို ကြီးမှ ပြန်နားလည်လာတာ များပေမယ့် "မြရဲ့ လ" ကိုတော့ ဖတ်ဖတ်ချင်းပဲ နားလည်ပြီး ခံစားလို့ရသွားတယ်..
ဒါကလဲ ကျွန်မက အညာသူကိုး.. အဲဒါကလဲ အကြောင်းတစ်ချက်ပေါ့
ထားပါလေ...ပြောချင်တာက ဇာတ်လမ်း မဟုတ်ဘူး... ဇာတ်လမ်းထဲမှာ ပါတဲ့ ယောက်ျားတွေရဲ့ Characteristic ကို..
*
မြ ရဲ့ လ (ဂျူး)
["...သူခိုး ဓားပြ မရှိဘူးလို့ ကြွားချင်တာလား မြရဲ့ .. မြတို့ မြို့မှာ မရှိပေမယ့် မြတို့ဆီက လူဆိုးလူကောက်တွေကို တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပို့ပေးနေတာကိုး..."
"မဟုတ်ဘူးလေ အဲဒီလို ဆိုလိုချင်တာမဟုတ်ဘူး... မြတို့မြို့မှာ ထောင်ဟာ အရေးမကြီးဘူး.. အဲဒါကို ပြောမလို့"
လူဦးရေ လေး ငါးထောင်လောက်သာ ရှိသည့် မြို့ကလေးမှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန် ရုပ်ရှင်ကားတွေထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲ ဆိုတာကို ကျွန်တော် သိဖို့ မကြိုးစားခဲ့ပါ။
*
ကျွန်တော်နှင့် မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းကနဲ အလျှော့ပေးပြီး ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်..........ဟု ကိုယ့်ကိုကိုယ် လုံခြုံစွာ ဆင်ခြေပေးမိ၏။
ညဥ့်နက်မှ အိမ်သို့ ပြန်ဝင်လေ့ရှိပြီး အိမ်သို့ ရောက်သည့် အခါတိုင်း ကျွန်တော့် ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့ အဆင်သင့် စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။
သည့်အတွက် ကျွန်တော်သည် သဘောထားကြီးမြတ်သော ယောက်ျားအဖြစ် ကျေနပ် ဂုဏ်ယူလေ့လည်း ရှိပါသည်။
သို့သော် ယခု အချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ... ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ ၊ နာကြည်းမှုများ ၊ ၀မ်းနည်းမှုများ ကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။
.... မျက်နှာချင်းဆိုင် ရန်တွေ့ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။
ဒါတွေကို ကျွန်တော်မသိပါ။
...ကျွန်တော် မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသတို့ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲ ဟု မြကို ကျွန်တော်မမေးမိ။
ပထမပိုင်း ကာလများဆီကတော့ မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်း ကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည် ဟု စိတ်ချထားခဲ့၏။ မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့သော် နောက်ပိုင်းမှာ ထိုသို့မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။
မြသည် ကျွန်တော့်အပေါ်သက်ရောက်နေသော သူမ၏ ဒေါသအတွက် ဘယ်အရာဖြင့် အစားထိုး ပေးခဲ့သလဲ ။ ဘယ်အရာအပေါ် လမ်းလွှဲပေးခဲ့သလဲ ကျွန်တော် မသိနိုင်တော့သည့် အရာသာ ဖြစ်ပါသည်။
...
ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
...
ကျွန်တော် မြကို နားလည်ခဲ့သည် ဟုများ တစ်ခါတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန်မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ ]
မြ ရဲ့ လ (ဂျူး)
*
အကြောင်းအရာတခုကို အသဲအသန် ပုံစံနဲ့ စလာပြီး..တဖက်က အလေးအနက် တုံ့ပြန်တော့မှ...သဘောထားပဲ ကြီးသလိုလို...နားငြီးပဲ မခံနိုင်တော့သလိုလို...အဖက်ပဲ မလုပ်ချင်သလိုလိုနဲ့..ပြီးပြီးရော စကား ဖြတ်ပစ်တတ်တာလဲ ကိုယ့်အတွက်တော့ stupid work ပဲ
*
အဲဒါ သဘောထားကြီးတာ မဟုတ်ဘူး။ အနိုင်နဲ့ ပိုင်းတာလို့ ခေါ်တယ်။
*
ကိုယ့်ဘာသာ တဖက်သတ်ကြီး ပြောချင်ရာပြော.. အပြောခံရတဲ့ တဖက်လူက ဘာမှန်းမှ မသိရ.. သေချာရှင်းပါဆိုတော့လည်း ရူးချင်ယောင်ဆောင်ပြီး ဟိုစကားလွှဲ ဒီစကားလွှဲ ...
သေချာလဲ သိခွင့်မရ.. ရှင်းဖို့လဲ အခွင့်အရေးမပေး...
ဒီလိုနဲ့ပဲ စတဲ့သူက ပြီးလွယ် ပျောက်လွယ် ၊ စိတ်သဘောထား ကြီးမြတ်သူလိုလို ဘာလိုလို...
အလကား နေရင်းထိုင်ရင်း ပြဿနာ အရှာခံရလို့ အကြောင်းရင်းကို သိအောင် ဇွတ်မေးတော့ မေးတဲ့သူကပဲ ရစ်တာ..ကြပ်တာ.. လျှာရှည်တာ.. မိန်းမပီသတာ.. စကားများတာ ဖြစ်ရပြန်ရော..
ကျန်သေးတယ်။
နည်းနည်းလေး အပြောခံရတာကိုတောင် ခံနိုင်ရည်မရှိဘဲ ကယောင်ကတမ်း ဖြစ်နေတာ..တဲ့
(တခါမှ မကြားဖူးဘူး..အဲဒီလို မှတ်ချက်မျိုး.. ထူးထွေသည့် အံ့ရာ)
*
အဲဒီလို ယောက်ျားမျိုးတွေများ ကျွန်မတော့ ဂျူးရဲ့ အပေါ်က စာလုံးတွေ အပြန်ပြန် အလှန်လှန်သာ ဖတ်ခိုင်းချင်တော့တာပဲ...
ဖြစ်နိုင်ရင် ပြာချပြီးသာ တိုက်လိုက်ချင်တယ်...
Wednesday, January 28, 2009
Subscribe to:
Post Comments (Atom)
5 comments:
စိတ်လျှော့ပါလေ
သူ့ကုသိုလ်နဲ့သူ သွားပါလိမ့်မယ် :)
အဲတာကြောင့် ကွန်မန့် က တခုပဲရတာ ခိခိ
ဂျုးရဲ့ အမှတ်တရ ကိုတော့
အကြိုက်ဆုံးပဲ
ဒီပို့စ်လေးကို သဘောကျမိတယ်။
Rita ပြောတာကိုလဲသဘောကျမိတယ်...ဘာတဲ့ ဖြစ်နိုင်ရင် ပြာချပြီးသာ တိုက်လိုက်ချင်တယ်ဆိုတာကိုလေ ;)
သိရက်နဲ့ သတိ မထားနိုင်တဲ့လူမျိုးပါ...
ဖြစ်နိုင်ရင် ပြာချပြီး သောက်လိုက်ချင်ရဲ့...
သိရက်နဲ့မလုပ်နိုင်တာ ဘာတွေလဲ...
အတ္တလား
ဘာမှမဟုတ်တဲ့ မာနလား
ဒါမှမဟုတ် အရေးမပါတဲ့
ခပ်ညံညံ အတွေးတွေရှိခဲ့လို့လား...။
အားပါးပါး... မသိတာ ခပ်များများပါ။
Post a Comment