အဲဒါ ထင်းရူးပင်တွေပါ (ဟုတ်တယ် မဟုတ်လားဟင် :P)
(ကျွန်မက သစ်ပင်ဆို အုန်းပင်နဲ့ ထန်းပင်တောင် အသီးကြည့်ပြီး ခွဲရတာမို့ မှားမှာစိုးလို့)
ရုံးက computer ရဲ့ desktop မှာ တင်ဖို့ Google ကနေ ပုံတွေရှာရင်း တွေ့ခဲ့တာ...
ဂျူး ရဲ့ ကျေးဇူးကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာကို ကြားဖူးနားဝ ရှိထားလေတော့ အဲဒီပုံကို ရှာဖို့ Google Search Box ထဲကို ရိုက်ထည့်လိုက်တဲ့ စကားလုံးက Green တဲ့...
အဲဒီ ပုံကိုမြင်တော့ ထင်းရူးပင်ဆိုလို့ တစ်ပင်မှ မရှိတဲ့ ကျွန်မရဲ့ မြို့ကလေးကို သတိရမိတယ်
တိုက်ဆိုင်မှုရှိမှ သတိရတယ် ဆိုတာ မြန်မာပြည်ထဲမှာ ရှိနေတုန်းကတော့ မှန်ကောင်းမှန်နိုင်ပေမယ့် ခုတော့ ဘာတစ်ခုမှ မတိုက်ဆိုင်လဲ သတိရတယ်။
ငယ်ငယ်တုန်းက ခဏခဏရောက်ခဲ့တဲ့ မြို့အနောက်ဖျားက ဘုန်းကြီးကျောင်းကို အာရုံထဲမှာ ထင်ထင်ရှားရှား လွမ်းမိတယ်။ (အော် ဘယ်တုန်းကများ ဒီလို လွမ်းတတ်သွားရတာပါလဲ)
မှတ်ဉာဏ်နည်းလွန်းတော့ အဲဒီ ဘုန်းကြီးကျောင်းတိုက် နာမည်ကို ခု ဘယ်လိုမှ ဖော်လို့မရတော့ ထည့်မရေးနိုင်တော့ဘူး ... (ဦးချင်း ကျောင်းတိုက်တော့ မဟုတ်တာ သေချာတယ်)
အဲဒီ ကျောင်းတိုက်ထဲမှာ အပင်တွေ သိပ်သိပ်သည်းသည်းရှိပြီး အေးအေးမြမြ ခံစားရတတ်တာကိုတော့ မှတ်မိနေတယ်။ (အဲဒီ ခံစားမှုကို ခုတောင် မျက်စေ့မှိတ်လိုက်ရုံနဲ့ ပြန်ခံစားလို့ရနေတယ်) ပူပြင်းတဲ့ အညာမှာ အဲဒီလို သစ်ပင်တွေဟာ ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာ ...
အခု အဲဒီလို အပင်တွေ ရှိသေးရဲ့လား
(အလည်ပြန်တိုင်းမှာ) အသက်ကြီးလာမှ ဘုန်းကြီးကျောင်းဆိုတာလဲ သွားရကောင်းသည် မအောက်မေ့တော့တာမို့ မသိတော့ဘူး...
အပူပိုင်းဒေသမှာ မြေတလင်းပြင်တွေဟာ အောက်အရပ်လို မဟုတ်ဘဲ မာမာပြောင်ပြောင်နဲ့ အဲဒီ အပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်ရတဲ့ အရသာကိုလည်း လက်တွေ့ ပြန်ခံစားချင်တယ်
နေပျောက်မထိုးတဲ့ သစ်ရိပ်အောက်က အေးစိမ့်စိမ့် မြေတလင်းပြင်မှာ စိတ်အေးလက်အေး ဘာအကြောင်းမှ မတွေးဘဲ...
ထားပါတော့လေ...
Nargis အပြီး ရန်ကုန်မြို့ကြီးမှာရော သစ်ပင်တွေ အခြေအနေ ဘယ်လိုရှိပါလဲ...နဂိုကမှ နည်းပါးရတဲ့ထဲ...
ဒီမှာတော့ သစ်ပင်တွေ သိပ်ပေါတာပဲ...
ဒီကို ရောက်ရောက်ချင်း Changi ကနေ Ang Mo Kio အသွား လမ်းမှာ လာကြိုတဲ့ ဖေဖေ့ ဆရာက " ရန်ကုန် နဲ့ ဒီနဲ့ ဘာကွာသလဲ " မေးတော့ " ဒီမှာ သစ်ပင်တွေ ပိုများတယ် " လို့သဘောတကျ ဖြေခဲ့တယ်
MRT နဲ့ခရီးသွားတိုင်း Red Line ပေါ်ကနေ Jurong East ဘက်ကို သွားရတဲ့ ခရီးစဉ်တွေကို ကျွန်မ ပိုပြီး နှစ်နှစ်သက်သက် ရှိတတ်တယ် ... သစ်တောတွေ အများကြီး မြင်ရလို့ပါ ... တကယ်တော့ အဲဒီဘက်က ဘူတာစဉ်တွေ တစ်ခုနဲ့ တစ်ခု ပိုဝေးပြီး ရထားကလဲ အဲဒီဘက်ရောက်လေ ပိုနှေးလေပဲ...
ဒါပေမယ့် ပတ်ဝန်းကျင်ကို ခံစားချင်တဲ့ ကျွန်မ အတွက် အဲဒီ လမ်းကြောင်းက ခရီးသွားရတာ အချိန်ကုန်လို့ ကုန်မှန်းမသိသာဘူး...
ရောက်တာ တစ်နှစ်မပြည့်သေးတော့ ရာသီဥတုကိုလည်း တပတ်လည်အောင် မကြုံရသေးပါဘူး...ဒါပေမယ့် ရန်ကုန်မှာလို ပေါင်းအိုးထဲ ထည့်ပြုတ်ခံရတဲ့ ခံစားမှုမျိုး မခံစားရဘူး..အဲဒါ သစ်ပင်တွေကြောင့် ဖြစ်လိမ့်မယ်..
ကျွန်မ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းလဲ သိပ်စိတ်မ၀င်စားလှပါဘူး... ဂေဟဗေဒ ... ပိုတောင်ဝေးသေး...
ဒါပေမယ့် သစ်ပင်တွေ သစ်တောတွေ နေရာအနှံ့မှာ ပေါပေါများများတွေ့ချင်မိပါတယ်...
"သစ်တောနဲ့ သစ်ပင်
ချစ်ခင်တဲ့ လူမျိုး
သစ်ပင်ကို နှစ်စဉ်စိုက်လို့
ရွှေတိုက်ကိုစိုး"

No comments:
Post a Comment