မနေ့က "That & This (Not This & That)" ပို့စ် လေးကို တင်တော့ ဒေါ်မေရှင်ရဲ့ "ရွှေအင်းဝ" သီချင်းကို တငြိမ့်ငြိမ့် နားထောင်ရင်း တင်ခဲ့တာပေါ့.. အဲဒီ သီချင်းလေးကို မကြာပီ... ရဲ့ blog က မြန်မာ ဂန္ထ၀င် သီချင်းများ ရှိတဲ့ link ကနေ ရခဲ့တာပါ... ယုန်ထောင် ကြောင်မိတယ် ပြောရမလား
ကျွန်မသွားရှာတာ "ကသစ်ပန်း" သီချင်းရှင့်... " သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ.." ဆိုတဲ့ သီချင်းလေ...
ဒါပေမယ့် "ရွှေအင်းဝ" သီချင်းကို တွေ့တော့ ၀မ်းသာအားရပဲ download လုပ်မိတယ်.. ကံကောင်းချင်တော့ ဒေါ်မေရှင်ဆိုတဲ့ version ဖြစ်နေပါတယ်.. လိုချင်သူများ အထက်က လင့်ခ် မှာ သွားရှာနိုင်ပါတယ်
"စန္ဒကိန္နရီ" ကို နားထောင်မိတော့ မေမေ့ကို သတိရမိတယ်... "သုဝဏ္ဏသာမ" တို့ "စန္ဒကိန္နရီ" တို့ ကျွန်မ ငယ်ငယ်တုန်းက မေမေ ဆိုလေ့ရှိတတ်တာ အမှတ်ရမိတယ်... (မေမေ့ဆီတောင် ဖုန်းမဆက်ဖြစ်တာ ၄ ပတ်လောက်ရှိပြီ .. မဟုတ်တာတွေနဲ့သာ အချိန်ကုန်နေတယ်...ဒီညတော့ ဆက်ဖြစ်အောင်ဆက်ရမယ်)
အင်း .. ပေါက်ကရတွေးတတ်တဲ့ ဦးနှောက်က တကယ့် Classic သီချင်းကို နားထောင်ရင်းတောင်
" ချစ်လင်ကလွဲ ဖွဲ ဆန်ကွဲ ထင်တာ.." ဆိုတဲ့ အပိုဒ်ရောက်တော့ ဒါဆို ချစ်လင်ကလွဲ အကုန် တန်ဖိုးကြီးနေမှာပေါ့ လို့ တွေးမိသေးတယ်... :P
(ဒါပေမယ့်လည်း အေးပေါ့လေ ကိုယ့်လူကိုယ်တော့ ပုသိမ်ပေါ်ဆန်းမွှေး ချည်းပဲ ထင်ကြမှာပါ)
၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ ကျွန်မ မြန်မာသံတွေကို တော်တော် အာရုံဝင်စားလာခဲ့ပါတယ်... ဒီ့အရင်ကတော့ ထူးအိမ်သင် ၊ လေးဖြူ ၊ ဇော်ဝင်းထွဋ်...စတာတွေပါပဲ... အသက် ၁၈နှစ်နောက်ပိုင်းမှာကျတော့ ကျွန်မ စိတ်ဝင်စားမှုတွေက ပြောင်းလဲသွားတာ မဟုတ်ဘဲ ဖြန့်ကျက်လာတယ် လို့ပြောရမယ် ထင်ပါရဲ့... :)
ခုလဲ ကျွန်မ "ပါရမီတော်" သီချင်းနဲ့ "သခွပ်ပန်း" သီချင်းကို တော်တော် လိုချင်မိတယ်... ကျောင်းပြီးကာစက အဲဒီ သီချင်းနှစ်ပုဒ်ကို TV မှာလာတုန်း Video Tape နဲ့ ဖမ်းကူးထားလိုက်တာရှိတယ်...နောက် အလုပ်ရပြီး မေ့မေ့ ပျောက်ပျောက်နဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး ... ခုတလော အဲဒီ သီချင်းတွေကို တော်တော် ပြန်နားထောင်ချင်လာမှ ဘယ်မှာ ရှာရမှန်း မသိတော့ဘူး... အင်တာနက်က မကျွမ်း... အချိန်ကမရှိနဲ့...
ဒေါ်မေရှင်ရဲ့ ရွှေအင်းဝ သီချင်းလေးလဲ စိတ်ဝင်စားကြရင် နားထောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ...
ခြေဆင်း အပြီးမှာ စလာတဲ့ "...ဧရာဝတီ စမုံ ဒုဋ္ဌ၀တီ ဇော်ဂျီ ပန်းလောင်... " ဆိုတဲ့ စာသားလေး စကြားလိုက်ရပြီ ဆိုရင်ပဲ ရင်ထဲမှာ တငြိမ့်ငြိမ့်နဲ့ နှစ်သက် ပီတိဖြစ်မိတော့တာပါပဲရှင်...
ဒီသီချင်းမှာတော့ နှစ်ခွထွက်တဲ့ အဓိပ္ပါယ်နဲ့ ပေါက်ကရ လျှောက်တွေးစရာ မတွေ့မိဘူး..
အဲ...
"မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့်လာခဲ့ပြီ..
တန်ခိုးလဲအဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်...
အလွန်ပင်စည်ကားသည်...
ဟိုစဉ်အခါကအတည်...နောင်လာနောင်သား မှတ်ဖို့စာစီ" ဆိုတာလေးကတော့ ရှယ်ပဲ။
ဂီတ ဆိုတာ အဲလိုမှ... သံစဉ် နိမ့်မြင့် တက်ကျ... စာသား ထိထိမိမိ.. ရင်ထဲကို တိုက်ရိုက် hit ဖြစ်တယ်
မြန်မာပြည်ကို သတိရလိုက်တာ..
Sunday, October 5, 2008
Subscribe to:
Post Comments (Atom)
1 comment:
မရီတာလည်းမေရှင်ကြိုက်တယ်လား
Post a Comment