Sunday, June 27, 2010

လူ နဲ့ ဒိုင်ယာရီ










မနေ့က ဝါးတီး gathering တစ်ခု ပျက်သွားပြီး၊ shopping ပဲသွားလိုက်တာ။
ဒီနေ့က နောက်တစ်ခု။ နေ့လည် အိပ်ရာထတော့ လုံးဝမှ မလှုပ်ချင်ဘူး။
မနေ့က များသွားလို့ (လမ်းလျှောက်တာ)။

ဒီနေ့အဖွဲ့နဲ့က အရင်တခေါက်ကလည်း ကိုယ်က ပျက်ထားဖူးတာဆိုတော့ ဒီတခေါက်တော့ အားတင်းပြီး ထရတယ်။ သူတို့နဲ့က တကျောင်းတည်း ထွက်ပေမယ့်၊ အရင်တည်းက တွဲဖူးတဲ့လူတွေ မဟုတ်ပါဘူး။ မေဂျာလည်း မတူကြတော့ မျက်မှန်းတန်းမိရုံနဲ့ တချို့ဆို ခုမှ သတိထားမိတာ။ မေဂျာလည်းတူ၊ ကိုယ်နဲ့လည်း သိတဲ့လူက တစ်ယောက်ပဲ ပါတယ်။

ကိုယ်တိုင်ကလည်း သိပြီးသားလူတွေ ဆိုရင်သာ ဟီးဟား လုပ်တတ်တာ ဆိုတော့ ဒီနေ့က နေမကောင်းချင်တာနဲ့ ရောပြီး လူက အူကြောင်ကြောင်တောင် ဖြစ်နေတယ်။ ဒါပေမဲ့ ခဏပါပဲ။ အလုပ်တစ်ခုကို တူတူစုပေါင်းလုပ်ကြမှာ၊ လုပ်နေကြတာဆိုတော့ မကြာခင်ပဲ ဟီးဟီးဟားဟား ဖြစ်သွားပါတယ် (အားမရှိတာကလွဲလို့)။

ရီစရာ တစ်ခုက အထဲမှာ ဘလော့ဂါ နှစ်ယောက်ပါတယ်။ အဖွဲ့ကို နာမည်ပေးဖို့ နှစ်ယောက်လုံးက မစဉ်းစားလာဘူး။ ကိုယ်လည်း မစဉ်းစားဘူး။ သူများတွေပြောတဲ့ နာမည်ကိုမှ နည်းနည်းပါးပါး ဝင်နှမ်းဖြူးလိုက်တယ်။ ဟိုဟာက ဟိုလို၊ ဒီဟာက ဒီလိုနဲ့။ ဒါတောင် မနည်း အားတင်းပြီး ပြောရတယ်။

ဒီရောက်ပြီးမှ သေချာသိလိုက်တာ တစ်ခုက supporter နေရာမှာပဲ နေချင်တော့တယ် ဆိုတာပဲ။ တစ်ခုခုကို ခေါင်းပေါ်တင်မထားချင်တော့ဘူး။ ကုန်ကုန်ပြောရရင် ဟန်ချက်ကို ထိန်းထားရမှာစိုးလို့ ဒေါက်ဖိနပ်တောင် မစီးဖြစ်တော့ဘူး။ လောဘနည်းသွားတာ ဖြစ်နိုင်သလို၊ အပျင်းကြီးသွားတာလည်း ဖြစ်နိုင်တယ်။ ဘာလဲတော့ မသိဘူး။

***
လူ နဲ့ ဒိုင်ယာရီ ဆိုတာ စည်သူလွင် ရဲ့ သီချင်း series နာမည်။
ဘာရယ်မဟုတ်၊ ပြန်ရောက်တော့ အဲလိုလေး post တင်ချင်စိတ် ပေါက်လာလို့။

အောက်က ဒိုင်ယာရီတော့လည်း မဟုတ်ပါဘူး။ ဒိုင်ယာရီလည်း တခါမှ မရေးဖူးပါဘူး။ မှတ်စုတွေပါပဲ။ အဲဒီစာကြောင်းတွေ မနှစ်ဆီက ဒီ blog မှာပဲ တင်ဖူးတယ်။

လက်ရေးနဲ့ ရေးထားတဲ့ စာကို တင်ဦးမှပဲလို့ တွေးမိတာ scanner မဝယ်ခင်တည်းကပါပဲ။
ကဗျာတစ်ပုဒ်လောက် ရေးပြီး တင်မလို့ကို၊ ကဗျာအသစ်ရေးဖို့ ဆိုတာလည်း ဒီအချိန်မှာ မလွယ်တော့ပြန်ဘူး။ ဘလော့မှာ တင်ဖူးပြီးသား စာပဲ ဘေးနားမှာ အလွယ်ရှိလို့။ မလွယ်တာတွေလည်း အိပ်
အိတ်တွေဖွင့်ပြီး မရှာချင်တော့ဘူး။

နက်ဖန် ခွင့်ယူပြီး နှပ် နေရရင် ကောင်းမလား တွေးမိတယ်။

***

Wednesday, June 23, 2010

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

သလ္လာဝတီရဲ့ မြို့၊ သလ္လာဝတီနဲ့ မြို့

မြစ်လို့ စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ အရင်းနှီးဆုံး ပေါ်လာတာက သလ္လာဝတီ။ အဲဒီမြစ်ရဲ့ တောင်ဘက်ကမ်းကတော့ ကိုယ်တို့မြို့ပေါ့။ အဝေးပြေးကားလမ်းမမှာ မတည်ရှိတဲ့ မြို့တွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျတဲ့ မြို့ကလေး။

တမြို့လုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ စီးဆင်းပို့ဆောင်မှု အများစုကလည်း မြစ်ပေါ်မှာ တည်မှီပြန်တယ်။ ဟိုးအရင်ကတော့ အညာက လူတွေရဲ့ ထုံးစံ ပိုက်ဆံ ဘယ်လောက်ရှိလည်းပဲ ကိုယ်ပိုင်ကားကို ဇိမ်ခံစီးလေ့ မရှိကြ၊ ကုန်းတွင်းပိုင်းကျတဲ့ မြို့ကလေးရဲ့ ထုံးစံအတိုင်း ကားလမ်းနဲ့ လိုင်းကားတွေကလည်း မကောင်းလှတော့ ခရီးသွားရင်လည်း မြစ်ကိုပဲ အားထားကြတယ်။ ဒီတော့ မြစ်ကမ်းနားတလျှောက်က ကုန်စည်အဝင်အထွက်ရယ်၊ ခရီးသွားတွေရယ်နဲ့ မြို့ရဲ့ တခြား အစိတ်အပိုင်းတွေထက် စည်ကားတယ်။

မြစ်ကမ်းနဲ့ နီးတဲ့ ရပ်ကွက်က မြို့မရပ်လို့ အမည်တွင်တယ်။ နောက်တော့ မြို့မှာ မီးအကြီးအကျယ်လောင်တော့ ပြောင်းကြ ရွှေ့ကြရင်းနဲ့ လောလောဆယ် မြို့လည်ကျတဲ့ အပိုင်းက လူနေပိုများလာပြန်တယ်။ ကျေးဇူးတင်စရာတစ်ခုက မြို့ရဲ့ စီးပွားရေးတွေက မြစ်ပေါ်မှာ တည်မှီနေတာကြောင့်၊ တနည်းအားဖြင့် အဲဒီအချိန်မှာ မြစ်ပြင်ပေါ် ရောက်နေတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ခပ်မြန်မြန် နလန်ပြန်ထူနိုင်ခဲ့ကြတာပါပဲ။

ငယ်ငယ်ကတော့ ကိုယ်တို့ ပြောင်းနေပြီ ဖြစ်တဲ့ မြို့လည်ခေါင်မှာ ကတ္တရာလမ်း အပြည့်ခင်းပြီး၊ လမ်းမခင်းရသေးဘဲ မြေလမ်းပဲ အများစု ရှိနေသေးတဲ့ မြစ်ကမ်းနံဘေးက မြို့မရပ်ထဲ သွားရတဲ့အခါ ကိုယ်က ဒီဘက်က လမ်းတွေက မကောင်းဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီအခါတိုင်း မေမေက အရင်ကဆို ဒီအပိုင်းကမှ အစည်ကားဆုံးအပိုင်း၊ မြို့မပိုင်း၊ မီးလောင်ပြီးတဲ့နောက် လူတွေ ပြောင်းရွှေ့ကုန်ကြလို့သာ စိတ္တသုခတို့၊ ရန်ကင်းတို့ဆိုတာ ဖြစ်လာတာ။ အရင်ကဆို အဲဒီနေရာတွေ ဘာမှတောင် မရှိဘူး လို့ ပြန်ပြောတတ်တယ်။ သူက မြို့မရပ်သူကိုး။

အညာကလူတွေဟာ ဘာမဟုတ်တာလဲပဲ အစွဲကို ကြီးတယ်။ ပထမတော့ စိတ်ထဲမှာ ဘာမှ မရှိဘဲ ရိုးရိုးပြောတာပါ။ နောက်တော့ မေမေ့ကို စချင်လို့ မြို့မရပ်က မကောင်းတာတွေ တမင် ရှာပြောလေ့ရှိတယ်။ ပြောမယ့်သာပြောတာပါ။ ကိုယ့်ကိုလည်း မြို့မရပ်မှာပဲ ချက်မြှုပ်ခဲ့တာ။ :) အဲဒီဘက်ကို ရောက်တိုင်း အိမ်ဟောင်းရဲ့ ဘယ်နေရာလေးမှာ သမီးကို ချက်မြှုပ်ခဲ့တာဆိုတာကို မေမေက ပြတတ်တယ်။

အစွဲကြီးတတ်တဲ့ အညာကလူတွေ မီးလောင်ပြီးတဲ့ နောက်မှာ နေရာဟောင်းကို ဘာဖြစ်လို့ စွန့်ခွာကြတာလဲ၊ အိမ်နေရာဟောင်းမှာ အိမ်သစ်ပြန်မဆောက်ဘဲ နေရာသစ်တည်ကြတာလဲ ဆိုတာ ခု ဒီစာရေးရင်းမှ ကိုယ် စဉ်းစားနေမိတယ်။ အဖြေတော့ မရပါဘူး။ မီးလောင်တယ် ဆိုပေမယ့် မြေနေရာက ကိုယ်ပိုင်မြေနေရာအဖြစ် ကျန်နေရစ်တာပဲ။

မြို့မှာ ရေတွင်းကတော့ အိမ်တိုင်းလိုလို ရှိကြတယ်။ ဒါပေမဲ့ ထုံးဓါတ်ပါတဲ့ ရေစေးမို့ ဆေးကြောရုံ၊ ချိုးရေ သောက်ရေ လုပ်ရုံလောက်ပဲ သုံးပြီး၊ လျှော်လို့ ဖွပ်လို့ မကောင်းတော့ အဝတ်လျှော်၊ ခေါင်းလျှော်တာမျိုးလုပ်ဖို့ မြစ်ရေကို သီးသန့် ဝယ်သုံးရတယ်။ အိမ်မှာ ကူလုပ်တဲ့ အစ်မတွေ ရေစည်မှာဖို့လို့ တကူးတက အပြင်သွားကြရတယ်။ တခါတလေလည်း ဈေးကအပြန် အိမ်ကို ရေစည်လာပေးပါလို့ အကြုံဝင်ပြောရတယ်။ မြစ်ရေစည်တွန်းပြီး သွားလာ စီးပွားရှာနေကြသူတွေကလည်း မြို့ရဲ့ မြင်ကွင်းတစ်ခုပေါ့။

ကိုယ်တို့ လူမှန်းသိတဲ့အချိန်မှာ မြစ်နဲ့ မနီးတဲ့ မြို့လည်ပိုင်းကို ရောက်နေပြီ ဆိုပေမယ့်၊ မြစ်ကို ရင်းနှီးနေတုန်းပဲ။ ဆွေမျိုးသားချင်းတချို့ ခရီးသွားရင်လိုက်ပို့ရတဲ့ နေရာ၊ ရပ်ဝေးကနေ ပြန်ရောက်လာမယ့် ဆွေမျိုးတွေကို ကြိုဆိုရတဲ့ နေရာ၊ မြို့မရပ်မှာပဲ ဆက်နေ နေကြသေးတဲ့ မိတ်ဆွေဟောင်းတွေဆီ သွားလည်တိုင်း တကူးတက ဖြစ်နေပစေ ဝင်ကြည့်ရတဲ့ နေရာ ဖြစ်နေတုန်းပါပဲ။ ကိုယ်တိုင်လည်း မြစ်ကို ဖြတ်လို့ မကြာမကြာ ခရီးသွားရဖူးတာပေါ့။ မြစ်ကိုဖြတ်လို့ သွားရတဲ့ ခရီးတစ်ခုမှာ ဒီမြစ်ကိုကျော်ပြီး ဧရာဝတီထဲ အဝင် မြစ်နှစ်ခုကို ခြားထားတဲ့ ရေစည်းကြောင်း (ရေစီးကြောင်း မဟုတ်) တစ်ခုကို ထူးထူးခြားခြား မြင်ခဲ့ရဖူးတယ်။

ကလေးဘဝမှာ မြစ်ကို အချစ်ခင်ဆုံး၊ အစွဲလမ်းဆုံးနဲ့ အမှတ်တရ အရှိဆုံး အချိန်ကတော့ ဝါဆို ဝါခေါင် ရေကြီးတဲ့ အချိန်ပေါ့။ ကိုယ်အတူနေတဲ့ ဖေဖေ့ဘက်က အဘိုးအဘွားအိမ်က အမြင့်ပိုင်းကျလို့ ရေမဝင်ပေမယ့်၊ မေမေ့ဘက်က အဘိုးအဘွားတွေအိမ်က ရေဝင်တယ်။ အဲဒီတုန်းက အုတ်ခုံမြင့်မြင့်နဲ့ ခြေတံရှည် ပျဉ်ထောင်အိမ်။ (ရေဝင်တဲ့အပိုင်းဆိုတော့ ခြေတံ မရှည်လို့ မရဘူး)

ရေကြီးချိန်ကျလို့ ဘယ်အပိုင်းမှာ ရေတွေ ရောက်နေပြီတဲ့ လို့ ကြားလိုက်ရရင်ပဲ အူထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပျော်လာရတဲ့ အပျော်ကို ခုတော့ ဘယ်လိုအရာတွေကို ပိုင်ဆိုင်ရလို့မှ ပြန်ရနိုင်မယ် မထင်တော့ဘူး။ အိမ်နောက်ဘက် ခြံဝင်းတံခါး အစပ်ကို ရေရောက်လာပြီဆိုရင်တော့ ရေ ဆိုတဲ့အရာကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကမ္ဘာဦးလူလို အထူးအဆန်းလုပ်ပြီး ကြည့်ဖို့ ပြေးတော့တာပဲ။

တဖြည်းဖြည်းနဲ့ အိမ်ဝိုင်းထဲကို ရေဝင်လာရင်တော့ လူကြီးတွေနဲ့ ကလေးတွေဟာ တဆူဆူ ဖြစ်တော့တာပဲ။ ရေထဲ မဆင်းစေချင်တဲ့ လူကြီးတွေရယ်၊ ရေထဲကိုမှ ဆင်းဆော့ချင်နေတဲ့ ကလေးတွေရယ်... ကိုယ်လည်း အပါအဝင်ပါပဲ။ လူကြီးတွေအတွက်ကတော့ နေရာတကာကို ဖြတ်လာတဲ့ မသန့်ရှင်းတဲ့ မြစ်ရေ၊ သူတို့ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ မြစ်ရေ။ ကလေးတွေအတွက်တော့ ကစားစရာနေရာအသစ်၊ စွန့်စားခန်းအသစ်၊ မြင်ကွင်းအသစ်၊ လက်ပစ်ကူးရမယ့် ကမ္ဘာသစ်ကြီးပေါ့။

ကျောင်းကလည်း ဖွင့်ကာစ အချိန်။ အညာမှာတော့ ဇွန်၊ ဇူလိုင်က ပူတုန်းမို့ အဲဒီချိန်တွေဆို မနက်ပိုင်းလေးပဲ ကျောင်းတက်ရတယ်။ ကလေးတွေဟာ အချိန်ရှိသရွေ့ မြစ်ရေနားမှာချည်းပဲ။ သံပီပါကို ဒေါင်လိုက်ခြမ်းထားတဲ့ထဲကိုဝင်ပြီး လှေလုပ်စီးနေသူတွေ ရှိမယ်။ တကယ့်သစ်သားလှေကို စီးနေသူတွေ ရှိမယ်။ ရေထဲကို တကိုယ်လုံးဆင်းပြီး တဗွမ်းဗွမ်း ကူးနေသူတွေ ရှိမယ်။ ကိုယ့်လို လူကြီးတွေက ထိန်းထားလို့ ခြေထောက်ကလေးပဲ ရေစွတ်ရုံ ဆင်းရတဲ့သူတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် မြစ်ရေကြီးချိန်ဟာ ရေကိုမြင်နေ ကြည့်နေရရုံနဲ့ ကလေးတွေကို ပျော်ရွှင်မြူးထူးစေတဲ့ ထူးခြားတဲ့ ပွဲတော်ချိန်တစ်ခုပါပဲ။

ညနေတိုင်ရင်တော့ မြို့အဝင်လမ်းမှာ မြစ်ရေလာကြည့်တဲ့ လူတွေနဲ့ စည်ကားတယ်။ ထန်းတောတွေ ရှိတဲ့ အုံ့အုံ့ဆိုင်းဆိုင်း မြေကွက် အကျယ်ကြီးထဲမှာ မြစ်ရေတွေက ထန်းပင်တွေကို ဖြတ်ပြီး တလွင့်လွင့်စီးနေတဲ့ မြင်ကွင်းက မြစ်ကမ်းနဖူးမှာ တည်တဲ့မြို့၊ အိမ်ဝိုင်းထဲထိ ရေဝင်တတ်တဲ့မြို့က မြို့သူမြို့သားတွေ တကူးတက လာကြည့်ရလောက်အောင် ထိုက်တန်လို့ပါပဲ။

ဒီလိုနဲ့ မေမေ့ဘက်က အဘိုးအဘွားအိမ်ကို ပြင်ဆောက်လိုက်ကြတယ်။ ခြံဝန်းရှေ့ပိုင်းကို မြင့်သွားအောင် မြေဖို့လိုက်ကြတယ်။ ဒါကြောင့် ရေကြီးချိန်ကျ ရေက အိမ်နောက်ဘက်ကိုပဲ ဝင်ရတော့တယ်။ အရင်လို အိမ်ရှေ့ကို ပတ်ပြီး စီးလာတာ မတွေ့ရတော့ဘူး။ ကိုယ်လည်း မိဘတွေပြောင်းတဲ့ အောက်အရပ်ကို ရောက်လာတယ်။ နွေရာသီဆိုရင် အညာကို အလည် ခဏပြန်ရောက်ပြီး၊ ရေကြီးချိန်ရောက်တာနဲ့ ကျောင်းဖွင့်ပြီမို့ ပြန်ရတယ်။

အရင်လို ရေကြီးချိန်ကို လူကိုယ်တိုင် မကြုံရတော့ပေမယ့် တယ်လီဖုန်းနဲ့ သတင်းလှမ်းမေးရင်း အိမ်နောက်မှာ ရေတွေရောက်နေပြီတဲ့ လို့ ကြားရင်၊ အတွေးနဲ့ မြင်ယောင်ရင်း ပျော်ရွှင်ရင်း လွမ်းဆွတ်လာခဲ့ရတာ ကလေးဘဝမကုန်ခင် တလျှောက်လုံးပါပဲ။

ခုတော့ မြစ်ရေကို အိမ်အရောက် ရေပိုက်လိုင်းနဲ့ သွယ်လိုက်ကြပြီ။ မြစ်ရေလိုချင်ရင် ရေစည်ရောင်းသူကို ခေါ်စရာ မလိုတော့ဘူး။ အိမ်ရှေ့ စဉ့်အိုးကြီးတွေထဲက ရေကို သုံးမယ့်နေရာထိရောက်အောင် သယ်စရာမလိုတော့ဘူး။ မြစ်ရေပိုက်ခေါင်းလေးကို ဖွင့်ချလိုက်ရုံပဲ။ ဒါကို အရင်တည်းက ဖြစ်ချင်ခဲ့ဖူးတယ်။ တွင်းထဲကရေလိုပဲ မြစ်ရေကိုလည်း ရေပိုက်ခေါင်းလေး လှည့်ရုံနဲ့ ရချင်ခဲ့တာ။

လုပ်ငန်းရှင်တွေကလည်း ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ဖို့ ဆယ်ဘီးကားတွေ၊ ရှစ်ဘီးကားတွေကို ကိုယ်ပိုင်ထားပြီး အဓိက သုံးလာကြတယ်။ ကားလမ်းတွေက မြစ်ကြောင်းထက် အများကြီး ပိုမြန်တယ်လေ။ မြို့မှာလည်း လူစီးကား အမျိုးမျိုးကို မြင်နေရပြီ။ နောက် အညာသူတွေ ကိုယ်တိုင်က ဆိုင်ကယ်ကို ဖိနပ်လို သဘောထားစီးနေကြတယ်။ ဒီတခေါက်ပြန်တော့ သူငယ်ချင်းတစ်ယောက် ပုဂံ၊ ညောင်ဦးထိ ဆိုင်ကယ်နဲ့ သွားလို့ အားလုံး ဝိုင်းအော်ခဲ့ကြသေးတယ်။

***
အလယ်တန်းလောက်က ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ် ဖတ်ရင်း တွေးဖူးတယ်။ ကဗျာက လျှပ်စစ်မီးတွေနဲ့ မြို့ပြအလယ်မှာ လရောင်ကို တမ်းတမိတာ၊ လေအေးစက်တပ်ထားတဲ့ အခန်းတွေအလယ်မှာ နွေရာသီရဲ့ လေပြည်လေးနဲ့ ယပ်တောင်ကလေးတစ်ချောင်းကို တမ်းတမိတာ ဆိုတဲ့ အကြောင်းပါ။

ကိုယ်တွေးမိတယ်။ ဆရာ့နှယ် ဘာလုပ်ဖို့လဲ။ လရောင်ကို တမ်းတရင် တအိမ်လုံးကို မီးမှိတ်လိုက်ပေါ့။ အဲယားကွန်းတွေ ပိတ်ပြီး ယပ်တောင်လေး ခပ်နေပေါ့။ ဒါမှ မကျေနပ်သေးရင် သဘာဝနဲ့ ပိုနီးတဲ့ နယ်ကို ခဏ ခရီးထွက်လိုက်။ ဘယ့်နှယ် ကိုယ်တိုင် စက်မှုတက္ကသိုလ်က ဆင်းပြီး၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရက်နဲ့ လျှပ်စစ်မီးနဲ့ အဲယားကွန်းကို မကြည်ဖြူနိုင် ဖြစ်နေတယ်။ ဒါတွေ ဖြစ်လာဖို့ လူတွေမှာ ဘယ်လောက် တီထွင်ခဲ့ရသလဲ။

***
ဒီတခေါက် ပြန်တော့ မေမေက ပြောတယ်။ မြစ်ကို ရေကာတာတွေ ပြင်ဆောက်လိုက်တော့ ရေမတက်တော့ဘူးတဲ့။ အိမ်နောက်ဘက်ကို နောက်ဆို ဘယ်တော့မှ ရေဝင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူ သနပ်ခါးပင်တွေ စိုက်တော့မယ် ဆိုတယ်။

အိမ်ထဲကို ရေမဝင်တော့ဘူး။ ကိုယ်တို့မြို့မှာ မြစ်ရေကြီးချိန်ဆိုတာ နောက်ထပ် ဘယ်တော့မှ မရှိတော့ဘူး။ အဲဒီစကားအဆုံးမှာ ကိုယ့်အတွက်တော့ တခုခုကို ဆုံးရှုံးသွားသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်လေ... ကိုယ့်အိမ်ထဲ ရေမရောက်ခင်ကတည်းက ဘယ်နေရာထိ မြစ်ရေတွေ တက်လာပြီ ဆိုတဲ့ သတင်းကြားနဲ့တင် အူလိုက်သည်းလှိုက် ပျော်တတ်ခဲ့ရတဲ့ ကလေးဘဝက ဝါဆို ဝါခေါင်အချိန်တွေကတော့ အသေအချာကို ကုန်လွန်သွားခဲ့ပြီ။

***

Sunday, June 20, 2010

ချစ်တာ ပဓာန

ချစ်တာ ပဓာန (တေးရေး - မြို့မငြိမ်း)

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေပုံပေါ်မှာ စံရ
ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်

ခုလည်း ချစ်ကြမယ် နောင်လည်း ချစ်ကြပါစို့ မောင်ရယ်

ဘယ်သူ ဖျက်ပေမယ့် မပျက်တယ် သက်လယ် စိတ်မှာ မက်မပျယ်

နောင် ရိုးလှသော်လည်း မောင် တိုးလို့ ကြင်မယ်

တယောက်မျက်နှာ တယောက်မြင်ရင် မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင် ချစ်သမျှသဘော လှစ်ဟမပြော သိနိုင်တယ်

ညချမ်း ချိန်ခါဝယ် တူနွှဲ နှစ်ဖြာမောင်မယ်
ကျီစယ်လို့လား ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည့်နှယ်
ထက်မှူး ငွေယုန်ရယ် ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာ့ လှောင်နိုင်တယ်
ချစ်သမျှ အကြောင်းပြိုင်မယ်

ဘယ် သူ ရယ် ဖွယ် ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ ချစ်တာ ပဓာနပင် ထင်မိတယ်

အချစ်ကို ယုံစား ပုံကြတယ်
မြင်းမိုရ်ရွှေတောင်လုံး တုံးမှတ်ထင်တယ်
မိုးစွန်ထက်ဖျား သိကြားထံ
ကြယ်ပျံကို လိုသေး မောင် ယူပေးမယ်

ချစ်တာ သူက ပဓာနပဲ တဲ့
ရာ သက် တိုင် ရွယ် မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင်
ကပ်လုံး ဆုံး တိုင် တိုင်

အုန်းလှိုင်ကျော သဉ္ဇာလယ်
ချစ် ပင် လယ် ကျော တူ တကယ်မျောမူ
ဆယ် သော သူ မော လိမ့် မယ်

***
အောင်လင်း ရဲ့
ဝတ္ထုကို ပြန်ရိုက်ထားတဲ့ အရိုင်းစံပယ် ကားထဲမှာ စပြီး သတိထားမိတယ်။
အဲဒီ ဝတ္ထုလည်း မဖတ်ဖူး၊ အဲဒီကားကို ကြည့်ဖူးပေမယ့်လည်း မေ့သွားပြီ။
၅ တန်း၊ ၆ တန်းလောက်က ဆိုတော့...

တစ်ခုပဲ မှတ်မိတော့တယ်။ ကျော်သူပြောတဲ့ စကား...
" 'မ' တော့ မွဲပြီ" ဆိုတာ...

ဒါပေမဲ့ ဇာတ်ဝင်သီချင်းကဏ္ဍမှာတော့ ဒီသီချင်းကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။
အဲဒီတုန်းက နောက်ခံဆိုပေးတာ နှင်းနှင်းထူး
ဒီသီချင်းလည်း ချစ်သမျှကို ပါပဲ။

download လုပ်ရန်။
တေးဆို - ဟေမာနေဝင်း

***

Saturday, June 19, 2010

မရယ်ကြေး မလွမ်းကြေး

စ သိလို့မှ မကြာခင် "ကိုယ် အသက်လည်း သိပ်ရှည်မယ် မထင်ဘူး" လို့ အဆက်အစပ်မရှိ သူ ပြောချလိုက်တော့ ကိုယ် အံ့သြသွားခဲ့သည်။ ဒါ့ထက် အံ့သြစရာကောင်းတာက သူ့စကားအဆုံးမှာ ကိုယ့်အတွက် လက်လွှတ်ဖို့ ခဲယဉ်းသော တစုံတရာကို ဆုံးရှုံးရတော့မလို ဝမ်းနည်းခံခက်သွားခြင်းပင်။

"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ အဲလိုပြောရတာလဲ"


"အော် ကိုယ့်ကိုယ်ကိုယ် သိနေလို့ပေါ့"


ဘယ်လိုလုပ်ပြီး သိနေရပြန်တာလဲ လို့ ကိုယ် ဆက်မမေးဖြစ်ခဲ့ဘူး ထင်သည်။


"မင်း သေသွားရင် ကိုယ်တော့ သိပ်ဝမ်းနည်းမှာ"


သူ ဘာမှ မတုန့်ပြန်ပါ။


"မသေပါနဲ့။ အသက်ရှည်ရှည်နေစမ်းပါ"


"ဘာလဲ မြန်မြန်သေသွားရင် ဒုက္ခတွေက မြန်မြန် လွတ်သွားမှာ စိုးလို့လား၊ သိပ်မနာကျင်လိုက်ရမှာ စိုးလို့လား"


"ကိုယ် အဲဒီလိုပြောတာ မဟုတ်မှန်း မင်းသိပါတယ်"


သူ တိတ်ဆိတ်နေပြန်သည်။

"အသက်အရှည်ကြီး အကြာကြီးလည်း မနေချင်ပါဘူး။ ဘဝမှာ လုပ်စရာရှိတာတွေ လုပ်ပြီးသွားရင် မြန်မြန်ဆန်ဆန်ပဲ သေသွားလိုက်ချင်တယ်"

"ဟင့်အင်း... မင်း သေသွားရင် ကိုယ်တော့ ငိုမှာပဲ"

"မငိုနဲ့။ ငိုတတ်တဲ့ မိန်းမတွေကို မုန်းတယ်။ မိန်းမတွေရဲ့ မျက်ရည်ကို မုန်းတယ်"


***
တခုခုဆို ဖတ်ခဲ့ဖူးတဲ့ စာတွေကို သတိရနေကျ ကိုယ့်မှာ "Dr Jose Rizal" အတ္ထုပ္ပတ္တိထဲက အကြောင်းအရာတစ်ခုကို ပြေးမြင်တော့သည်။

Rizal ဟာ
သူ့ကိုယ်သူ အချိန်မတန်ခင် ခပ်ငယ်ငယ်မှာပဲ သေရလိမ့်မယ် လို့ သိသည်တဲ့။
ငယ်စဉ်ကတည်းက ရုပ်ထုတွေလုပ်တမ်း ကစားရင်း အစ်မတွေကို ပြောတတ်သည်တဲ့။

"နောင်တစ်နေ့ကျရင် လူတွေဟာ ငါ့ရုပ်ထုကို ခုလိုပဲ ထုထားကြလိမ့်မယ်"

တကယ်ပဲ
Rizal အသက် ၃၅ နှစ်မှာ ဖိလစ်ပိုင်နိုင်ငံက သူ့ကို ဆုံးရှုံးခဲ့ရသည်။

ဟင့်အင်း...

တက်ကြွသော၊ လွတ်လပ်သော၊
ထက်မြက်ရဲရင့်သော၊ ထူးချွန်ဖြောင့်မတ်သော...
ဒါ့အပြင် လောက ပတ်ဝန်းကျင်ကို ထိရောက်စွာ အကျိုးပြုနိုင်သော၊ ငယ်ရွယ်ကျန်းမာသော လူငယ်လေးတစ်ယောက် လူ့လောက,ကနေ စောစောစီးစီး ထွက်ခွာသွားရတယ် ဆိုတာ ဘယ်လောက် မချိတင်ကဲ ဖြစ်စရာ အဖြစ်ပါလဲ။

***

စသိကြတဲ့ အခိုက်အတန့်မှာပဲ ဒီအကြောင်းအရာကို ဘာလို့ ရွေးချယ်ပြောဖြစ်ခဲ့တာလဲ ခု ပြန်တွေးတော့လည်း အဖြေမရှိပါ။

ကိုယ်ကရော ဘာဖြစ်လို့ သူနဲ့ ပတ်သတ်သည့် ဝမ်းနည်းထိခိုက်စိတ်ကို အမှန်တိုင်း ဖွင့်အံခဲ့ရတာလဲ မသိပါ။ တကယ်တော့ ကိုယ်သည် သူတစိမ်းတစ်ယောက်ကို ရင်းနှီး ကျွမ်းဝင်လွယ်သော၊ ရင်ထဲရှိသမျှ ဖွင့်ဟ ပြောဆိုလွယ်သောသူလည်း မဟုတ်ပါ။

ဒါဖြင့် ဘာကြောင့်များ ပြောထွက်ခဲ့တာလဲ။
မျက်မှောင်ကြုတ်လျက် ထပ်ကာ စဉ်းစားသောအခါ
အဖြေတစ်ခုက တိကျစွာ၊ မှန်ကန်စွာ...
ထို့ပြင် ဆန်းကြယ်လင်းချင်းစွာ ထွက်လာခဲ့၏။

"သူဟာ ကိုယ့်အတွက် စတွေ့ကတည်းက သူတစိမ်းတစ်ယောက် မဟုတ်လို့ပေါ့"

အတွေးအဆုံးမှာတော့ တိတ်ဆိတ်ပွင့်လင်းစွာ ကိုယ် ပြုံးမိသည်။

ဒါဖြင့် သူကရော...

***
အချိန်ကာလတွေ လွန်မြောက်သွားပြီးတဲ့နောက်တော့ ကိုယ်တို့ ဒီအကြောင်းကို နောက်တစ်ကြိမ် စကား မစပ်မိတော့ပြန်ပါ။ သို့သော် ကိုယ့်စိတ်ထဲမှာတော့ ထင်ကျန်နေဆဲ၊ တခါတခါ ပေါ်ထွက်လာပြီး နာကျင်စေဆဲ ဖြစ်သည်။

သူ ကျန်းမာရေးမကောင်းသည့် အခိုက်အတန့်ဆိုလျှင် ဘာမဟုတ်သည့် ဖျားနာခေါင်းကိုက်သတင်း ဖြစ်ပစေဦးတော့ သူ မမြင်နိုင်သည့်နေရာကနေ ကိုယ် မျက်နှာပျက်နေလောက်အောင်ပင် စိုးရိမ်ပူပန်ရှိခဲ့သည်။ အဲဒီအချိန်တွေကတော့ စာအုပ်တွေ ဖတ်ခဲ့ဖူးသမျှအတွက် နောင်တ အရမိဆုံး အချိန်တွေ ဖြစ်သည်။ ဂျုး ရေးသည့် နံရံ၏ အခြားတဖက် ဝတ္ထုမှာ ဇာတ်ကောင် မိန်းကလေးဟာ အပရိက ဖျားနာရာကနေ သေဆုံးခဲ့သည် မဟုတ်လား။

ဘာဖြစ်လို့များ စသိကာစ အချိန်တုန်းက ခုမှတွေ့သည့် မိန်းကလေးတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောခဲ့ရတာလဲ ဟု သူ့ကိုလည်း ပြန်မမေးကြည့်မိပါ။ အကြောင်းက သူ မကြိုက်မှာ စိုးသောကြောင့် ဖြစ်သည်။

ဟိုးလွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ပိုက်ဆံကို တခြားနေရာမှာ သုံးပစ်လိုက်လို့
ဆေးခန်းသွားပြဖို့ကို မသွားလိုက်ဘူး ဟု သတင်းကြားတော့ ကိုယ် ဝမ်းပမ်းတနည်း မျက်ရည်ကျချင်ကြောင်းလည်း သူ့ကို ပြန်မပြောပြခဲ့ပါ။ ဘာလို့ မျက်ရည်မကျခဲ့ဘဲ ကျချင်ရုံနဲ့ ပြီးသွားစေခဲ့သလဲဆိုတာတော့ ကိုယ် ပြန်ရှင်းပြဖို့ မလိုဘူးထင်သည်။

မျက်ရည်ကျလွယ်တဲ့ မိန်းမတွေကို သူ မကြိုက်ဘူး ဆိုသည်လေ။

အိမ်ကို ပြောပြပါလား ဟုလည်း သွားမပြောရဲ။
အဲလို ပြောတာကိုလည်း သူ မကြိုက်မှာသိနေလို့ ဖြစ်၏။

သူ မကြိုက်ဘူးဆိုသည့် အချက်တွေကလည်း ကိုယ့်အတွက်တော့ များပြားလွန်းလှသည်။

* ဝမ်းနည်းလွယ်၊ မျက်ရည်လွယ်တာ မကြိုက်၊
* စကားများတာ မကြိုက်၊
* သူ့အကြောင်းတွေ သူ မပြောဘဲ မေးတာ မကြိုက်၊
* သူများအကြောင်းပြောတာ မကြိုက်၊
* စပ်စပ်စုစု လုပ်တာ မကြိုက်၊
* ဖုန်းဆက်သည့်အခါ "ခု ဘယ်မှာရောက်နေလဲ၊ ဘာလုပ်နေလဲ" မေးတာကို မကြိုက်၊
* သူပြောသည့် အကြောင်းအရာတစ်ခုကို ချက်ချင်းနားမလည်ဘဲ တစ်ခုချင်း ပြန်မေးနေတာကို မကြိုက်၊

(အထက်က အချက်တွေကို ရှောင်ပေမယ့် သူမကြိုက်မှန်း သိသိနှင့် ကိုယ်လုပ်တတ်သည့် အချက်
တစ်ချက်တော့ ရှိသည်။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ပါ။ သူ မကြိုက်မှာ စိုးလို့ ဖြစ်သည်)

***
ခရီးဝေးတစ်ခု သူသွားတော့လည်း ရာသီဥတု အခြေအနေကြောင့် သူ့အတွက် စိုးရိမ်ပူပန်မိသည်။ ခရီးကြမ်းတစ်ခု သူသွားတော့လည်း ပင်ပန်းမှာ၊ ရေချိုးမှား အစားမှားမှာ ပူပန်မိသည်။ အလွန်အေးသည့် နိုင်ငံတစ်ခုသို့ ကျောင်းသွားတက်ရကောင်းမလား သူ ပြောတော့ "မင်းမှ အအေးနဲ့ မတည့်တာ" လို့ ကိုယ် ပြောမိသည်။ "မင်း သိပ် ဆရာကြီးလုပ်တယ်" ဟု သူက ပြန်ပြောခဲ့၏။

သန်းခေါင် သန်းလွှဲ လင်းအားကြီးမှ အိပ်ဖြစ်တယ်လို့ သိရရင်လည်း စောစောမအိပ်ရင် အိပ်ရေးမဝဘူး၊ အိပ်ရေးမဝရင် လွယ်လွယ်နဲ့ ရောဂါရတတ်တယ်လို့ စိတ်ပူရပြန်သည်။

အလကားနေရင်း ပူပူပင်ပင် ရှိတတ်တာကိုလည်း သူ ကြိုက်မှာ မဟုတ်ပြန်တာ သိလို့ ဒီအကြောင်းတွေလည်း ပြန်မပြောပါ။

gym သွားတယ်၊ ရေကူးတယ် ဆိုတာ ကြားရင်တော့ သူ့ကိုယ်သူ ဂရုစိုက်နေတယ် ဟု ကိုယ် ဝမ်းသာ ကျေနပ်ကာ "ခုတော့ အသက်ရှည်ရှည် နေချင်ပြီပေါ့လေ" ဟု သွားမေးဖူးသည်။

"မဟုတ်ပါဘူး၊ အိပ်ရာက ထရင် ကြည်ကြည်လင်လင် နိုးအောင်လို့ပါ" ဟု သံပြတ်ဖြင့် ပြောတတ်သေး၏။

ကိုယ့်မှာတော့ ကျေနပ်နေသည့်ကြားက ကိရိယာတွေနဲ့ ကစားရင်း အကြောအဆစ်များ လွဲသွားမလား၊ ရေကူးရင်း ကြွက်တက်မလား နဲ့ တွေးပူရပြန်သည်။

***
ကာလရှည်ကြာစွာ သူ နေနိုင်သရွေ့ လောက ပတ်ဝန်းကျင်အတွက် အဓိပ္ပါယ်ရှိစေမှာ သေချာသော သူလို လူတစ်ယောက်ကို ဘေးမသီ ရန်မခ၊ ချမ်းမြေ့ ကြည်သာစွာ အသက်ရှည်စေလိုတာကတော့ ကိုယ့်ရဲ့ မှန်သောသစ္စာပဲ ဖြစ်သည်။

"ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုတာတွေ၊ "အရှက်ကို အသက်နဲ့ လဲတယ်" ဆိုတာတွေ အဲဒီလောက် ဆိုးဝါးသည့် "ကိုယ့်အသက်နှင့် ယှဉ်၍..." ဆိုသော အခြေအနေတွေကို ကိုယ် မကြုံဖူးခဲ့တာမို့ ကြုံခဲ့ရင် ဘာကို ရွေးချယ်မိမယ်ဆိုတာလဲ ကိုယ့်ဘာသာ မဝေခွဲနိုင်ပါ။

ဒါကြောင့်
"အသက်တမျှ" ဆိုသော မြန်မာစကား ဘယ်လောက် လှပလေးနက်တယ် ဆိုတာ ကိုယ် မသိနိုင်။

သည့်အတွက် အသက်ချင်း လဲထပ်ဖို့ လို့ဆိုတဲ့ မဖြစ်နိုင်သေးတဲ့ ကိစ္စတွေ၊ မကြုံလာရသေးတဲ့ ကိစ္စတွေနဲ့လည်း အလွန်အကျွံ မပြောလို။ သူက ကိုယ့်ကို လှောင်ပြောင်ရယ်မောဖို့ အမြဲတစေ အသင့်ရှိသူ ဖြစ်သည်။ သူ မယုံသင်္ကာ ရယ်မောလိုက်မှာကို ကြောက်လို့ ဆိုတာထက် ကိုယ့်ရဲ့ အလေးအနက် ပူပန်မှုတွေ ပေါ့ဆသွားမှာ စိုးလို့ ဖြစ်ပါသည်။

***
တနေ့ညက အချိန်မတိုင်မီ ကွယ်လွန်ခဲ့သော၊ အောင်မြင်ကျော်ကြား ထူးချွန်သော အနုပညာရှင်တစ်ဦး၏ ကွယ်လွန်ပြီးမှ ပြုလုပ်သော ဝမ်းနည်းဖွယ် အမှတ်တရ အစီအစဉ်တစ်ခု ကြည့်မိသည်။ ထုံးစံအတိုင်း သူ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိတရ တွေးမိလျက် ထိခိုက်စွာ ခံစားရကြောင်း ပြောဖို့လိုမည် မထင်ပါ။

အဲဒီ အစီအစဉ်ကို အပြီးထိ မကြည့်နိုင်။ ငယ်ရွယ်သေးသော ကျန်ရစ်သူ ဇနီးသည်၏ ပရိဒေဝ က ခဏချင်းမှာပင် ကိုယ့်ကို ပင်ပန်းစွာ ကူးစက်စေခဲ့သည်။ ဘာရောဂါမှ ကြီးကြီးမားမား မရှိဘဲ၊ ငယ်ရွယ်ကျန်းမာဆဲ၊ အလုပ်လုပ်ကိုင် လှုပ်ရှားနေဆဲ ခင်ပွန်းသည် မျက်စေ့ရှေ့မှာ
ရုတ်တရက် ဆုံးပါးသွားတာကို မယုံကြည်နိုင်အောင်၊ လက်ခံလို့ မရအောင်ကို ခံခက် နာကျင်ရှာမှာပဲ။

ကိုယ် ချက်ချင်းပဲ ရှောင်လွှဲခဲ့ပါသည်။

***
အနည်းငယ်မျှသာရှိသည့် ချစ်ခင်တွယ်တာမိသူများအား တိုက်ဆိုင်မှုတွေနှင့်တွဲလျက် သတိရတတ်သူ တစ်ယောက်ကို သေခြင်းတရားနှင့်မှ ယှဉ်တွဲကာ သတိရစေတတ်ခဲ့တာအတွက် သူ့ကို ခုတလော ကိုယ် အပြစ်တင်ချင်နေသည်။

ဒါကို သူ သိရင်တော့ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ အမှုမထားလေဟန် ကိုယ့်ကို
မခံချိ မခံသာ ဖြစ်စေလေဦးမည်။

"ဟင် ကိုယ် အရင် သွားရမယ် မင့် ဘယ်သူပြောလဲ။ မင်းကသာ ကိုယ့်အရင် သွားနှင့်ချင် သွားနှင့်ရမှာ" ဟု ရန်စလေဦးမည်။

"သေလိုက်ပါလား" ဟု ကိုယ်က ပြန်ပြောလျှင်...

"မသေနိုင်သေးပါဘူး။ ကိုယ် မိန်းမယူရဦးမယ်။ ကလေးတွေ အများကြီး ယူရဦးမယ်" ဟု မချိုမချဉ် ပြုံးရင်း ပြောလိမ့်ဦးမည်။

အဲဒီအခါ ကိုယ်က သူ့ကို လှမ်းမမြင်နိုင်သည့် အရပ်မှာ ရောက်နေလျှင်ပင် မျက်လုံးထောင့်ကပ်ကြည့်ရင်း မကျေမချမ်း နှုတ်ခမ်းစူလျက် ဝမ်းနည်းစိတ်တွေကို မေ့ပစ်ရဦးမည်။

သူက မျက်ရည်ကျတာ မကြိုက်ဘူး ဆိုသည်လေ။

***

pic from here

Friday, June 18, 2010

i-Air



ဒီတစ်ပါတ် Voice ဂျာနယ် Vol.6/No.31 Page 17 မှာ ဖော်ပြထားတဲ့ ကာတွန်း။

facebook မှာ အစ်ကို တစ်ယောက် တင်ထားတာ တွေ့လို့ fb မှာလဲ ပြန် share ပြီး၊ blog ပေါ်ထိ ပြန်တင်လိုက်တာ။

အဲဒီ မူရင်း page မှာ အပြန်အလှန်ရေးထားကြတဲ့ comment တွေလဲ သိပ်ကောင်းတယ်။ လင့်ခ်တော့ ချိတ်ပေးလိုက်တယ်။ ဒါပေမဲ့ ကြည့်လို့ရ မရတော့မသိဘူး။ setting ကို အကုန် ကြည့်လို့ရအောင် လုပ်ထားတာလား မေးတော့ သူလည်း မသိဘူး ပြောတယ်။ ကြည့်လို့ မရရင်တော့ comment တွေပါ ခွင့်တောင်းပြီး ပြန်တင်ပေးပါမယ်။

***
Post title အတွက်ကတော့ မမ KOM cbox က (ညောင်ရမ်း)ဂွတို သို့ credit ပါ။
iPhone ထက် မြင့်တာ iAir တဲ့။ အကောင်အထည်မရှိဘဲ လေထဲမှာပဲ သုံးရတယ်။
Iron Man သုံးတဲ့ system တွေလိုပဲ ဆိုတယ်။ ကိုယ်တော့ နားမလည်ပါဘူး။

comment တွေ သိပ်ကောင်းလို့ မူရင်း page ကို သွားဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

***

Tuesday, June 15, 2010

လူ နားမလည်အောင် ရေးတဲ့ စာ

၁) နီကိုရဲ ရဲ့ masterpiece "ချစ်ခြင်း၏ နဂ္ဂတစ်များ" ကို သတိရနေမိတယ်။

အဲဒီထဲက ရဲဝင်း နဲ့ ကြည်ပြာ ရဲ့ စကားပြောခန်း။

ကြည်ပြာက ရဲဝင်းကို မေးတယ်။

"နင် ငါ့ကို ချစ်ရဲ့လား" တဲ့။

... ဆိုတော့ ရဲဝင်း ခမျာ ချစ်သူရဲ့ အမေးမှာ အတော်ကြွေသွားတယ်။
သူက တကယ့်ကို နှစ်နှစ်ကာကာချစ်ရသူ ဖြစ်တာကိုး။
ကြည်ပြာ့အနေနဲ့ကတော့ သူငယ်ချင်းတွေထဲမှာ ကိုယ်စီ အတွဲရသွားပြီး ရဲဝင်းက သူ့ကို ချစ်ရေးဆိုလို့သာ လက်ခံလိုက်ရတာမျိုး ...

ရဲဝင်းက အားတက်သရောဖြေတယ်။

"ချစ်တာပေါ့ဟ။ ငါ နင့်ကို သိပ်ကို ချစ်တယ်။ ဒါပေမဲ့ နင်သိလား ကြည်ပြာ။ ငါ နင့်ကို ချစ်တယ် ဆိုတာ တကယ်တော့ ငါ့ကိုယ်ငါ ချစ်တာဟ"

"ဘာပြောတယ်"

"ဟုတ်တယ်ဟ။ နင့်ကို ချစ်လို့ နင့်အသံလေးကြားချင်တာ၊ နင့်မျက်နှာလေးကို မြင်ချင်တာတွေက ငါကိုယ်ငါ ချစ်နေတာပဲ။ နင့်အသံကို မကြားရရင်၊ နင့်မျက်နှာလေးကို မတွေ့ရရင် ခံစားနေရတဲ့ ငါ့ကိုယ်ငါ သနားမိတဲ့အတွက် နင့်ကို ငါ့နားမှာ အမြဲရှိနေစေချင်တာ။ တကယ်တော့ နင့်ကို ချစ်တယ် ဆိုတာ နင့်ကို ချစ်နေတာ မဟုတ်ဘူး။ နင့်ကို ချစ်တယ်ဆိုတာထက် ငါ့ကိုယ်ငါ ပိုချစ်နေတာပဲ"

အဲဒီမှာ သမီးရည်းစား ပြဿနာထတက်ကြလို့ သူငယ်ချင်းတွေ ဝိုင်းရှင်းပေးရတယ်။

ကြည်ပြာ က သူငယ်ချင်းတွေကို တိုင်တယ်။

"ငါက သူ့ကိုမေးတယ်လေ။ နင် ငါ့ကို ချစ်သလား လို့ ဆိုတော့ ဒီကောင် ဘာပြန်ပြောတယ် မှတ်သလဲ"

"အေး ဘာပြန်ပြောလဲ"

"ချစ်တယ်တဲ့။ ဒါပေမဲ့ ငါ့ကိုချစ်တယ် ဆိုတာ တကယ်တော့ ငါ့ကို ချစ်တာမဟုတ်ဘူးတဲ့။ သူ့ကိုယ်သူ ချစ်နေတာတဲ့။ ကြည့်စမ်း။ နင်တို့ စဉ်းစားကြည့်စမ်း။ ဒီကောင် ငါ့ကို ဘယ်လောက်တောင် စော်ကားသလဲလို့။ အဲဒါ ငါ့ကို စော်ကားလိုက်တာပဲ"

အဲဒီမှာ ရဲဝင်းရဲ့ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကား ကိုယ် အတော် သဘောကျတယ်။

"ဟေ့ကောင် ရဲဝင်း မင်းကလည်း ဒုက္ခပါပဲကွာ။ ချစ်လား မေးရင် ချစ်တယ် လို့ပဲ ဖြေလိုက်ပေါ့။ ဘာမှ စိတ်တို့၊ စေတသိတ်တို့၊ ရုပ်တို့၊ နာမ်တို့ လုပ်မနေနဲ့။ နောက်တခါ ချစ်လား မေးရင် ချစ်တယ်လို့ပဲပြော"

***
တိုက်ရိုက် တဲ့တိုးအကျဆုံး၊ အရိုးရှင်းဆုံး သဘောတရားနဲ့ အရိုးသားဆုံးပြောတဲ့ စကားတစ်ခွန်းကို အဓိပ္ပါယ်တလွဲ ကောက်လိုက်မိပြီဆိုရင် ပြောတဲ့လူကို ဝေ့လည်ကြောင်ပတ် လို့ ထင်စရာပဲ။

ဒုက္ခ ဒုက္ခ။

(မှတ်ချက်။ စာအုပ်မရှိလို့ အဆင်ပြေသလို ပြန်ရေးထားပါတယ်)

***
၂) မြသန်းတင့် ရဲ့ ကျွန်တော်နဲ့ ဂျာနယ်ကျော် မမလေး စာအုပ်က အကြောင်းအရာတစ်ခု။


"အားလုံးက ရင်ခွင်ထဲမှာ အမြတ်တနိုး ထည့်မထားဘူး။
အားလုံးကလည်း ခြေထောက်နဲ့ ကန်မပစ်ဘူး။
ဒီတော့ ခြေထောက်နဲ့ကန်ပစ်ချင်တဲ့ လူမျိုးကို ဒီစာအုပ်ကောင်းလှပါတယ် တိုက်တွန်းရုံနဲ့ ဒီလူ စိတ်ပြောင်းသွားမှာလား။ ဒီစာအုပ်မျိုးကိုမှ အမြတ်တနိုး စောင့်မျှော်နေတဲ့လူမျိုးကိုကော ဒါကောင်းတယ်လို့ ပြောစရာလိုသေးသလား။ ခင်ဗျား မပြောပေမယ့် သူကတော့ စောင့်ပြီး ကြိုဆိုနေမှာပဲ။


အခု ခင်ဗျားက သူ့ဝတ္ထုတွေကို ဘာသာပြန်တယ်။
ခု ခင်ဗျား ဘာသာပြန်နေတဲ့ စာအုပ်တွေကို အလင်းရောင်ရှာနေတဲ့လူတွေက ရင်ခွင်မှာထည့်ပြီး အပ်ထားကြလိမ့်မယ်။ အလင်းရောင်ကို လိုက်ပိတ်နေတဲ့သူတွေက ခင်ဗျား အခု ဘာသာပြန်ထားတဲ့စာအုပ်ကို ခြေထောက်နဲ့ နင်းပစ်ကြလိမ့်မယ်။ ကျွန်တော်က ကြားထဲကနေပြီးတော့ ဘာဝင်ရေးပေးရဦးမလဲ။ တစ်ခုပဲ ပြောချင်တယ်။ ခင်ဗျားလုပ်နေတဲ့ အလုပ်ကို ခင်ဗျား ယုံကြည်သလား။ ယုံကြည်ရင် နောက်မတွန့်ဘဲ ဆက်လုပ်။ ဒီစာအုပ်ပြီးရင် နောက်စာအုပ်တစ်အုပ် ပြန်ဦး။"

(ဂျာနယ်ကျော် ကိုစောဦး)

ဒါကိုတော့ မရွှေမိ ရဲ့ ဘလော့ က မ, လာတာပါ။
ဂေါ်ကီရဲ့ ဝတ္ထုတိုများ စာအုပ်ကို
ဆရာမြသန်းတင့် ဘာသာပြန်တော့ ရေးပေးခဲ့တဲ့ ကိုစောဦးရဲ့ အမှာစာ လို့ ဆိုပါတယ်။

ဘာလို့ ကြိုက်မိသလဲ ဆိုတော့ One Minute Interview post မှာ ကိုအင်ဒီရဲ့ အမေးကို ပြန်ဖြေခဲ့တဲ့ အဖြေထဲမှာ ထည့်ပြောဖြစ်ခဲ့တဲ့ သဘောတရားတစ်ခုနဲ့ တူနေလို့ပါ။

ကိုအင်ဒီက မေးတယ်။ "
ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး" ဆိုတာမှာ...

"ကျွန်မအနေနဲ့ တင်သင့်၊ မတင်သင့် ဆိုတဲ့ဘက်က ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ခံယူတဲ့သူနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ" လို့

ကိုစောဦး ပြောသွားတဲ့ သဘောကို အဲဒါကြောင့် ကြိုက်မိတယ်။

ဘယ်သူ့ကိုမှ ကိုယ့် အာဘော်တွေ အတင်း သွင်းပေးဖို့ စိတ်မဝင်စားဘူး။
ကိုယ့်ကို လာသွင်းပေးလည်း မကြိုက်ဘူး။

အယူအဆတစ်ခုကို ချပြလိုက်၊ ကြိုက်ချင်ရင် ကိုယ့်ဘာသာကိုယ် ကျေကျေနပ်နပ် ကြိုက်ပါမယ်။ ကိုယ်ကလည်း ကိုယ့်အယူအဆတစ်ခုကို ဒီတိုင်းပဲ ချပြမယ်။
သဘောတူခြင်း၊ မတူခြင်းကို ကျေကျေနပ်နပ်ပဲ လက်ခံမယ်။

သို့သော် စာ တလွဲ ဖတ်တတ်တာတွေကိုတော့ မှန်တာပြောရရင် စိတ်ကုန်တယ်။
ရှင်းပြရတာလည်း မကြိုက်လို့ guide လုပ်ဖို့တောင် မရွေးချယ်ခဲ့ဘူး။

***
၃) မနေ့က zoo သွားတော့ elephant show ကြည့်ခဲ့ရတယ်။
စိတ်ထဲမှာ ဖြေဖျော်ရာ ဖြစ်တယ်လို့ မထင်ဘူး။ သိပ်သနားတယ်။

ညီလင်းဆက် ရဲ့ ဆုတောင်း ကဗျာ ကို ဆက်ရေးချင်စိတ် ပေါက်မိတယ်။

"ကိုယ်သာ ဆင်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်...
သွားတိုင်းဖြစ်တဲ့ လမ်းတွေနဲ့
တောထဲက အရိုင်းအစိုင်းဘဝမှာပဲ နေချင်တယ်" လို့

ကိုယ့်သဘောအတိုင်းသာဆို ဘယ် တိရိစ္ဆာန်ကိုမှ လူကို ဖြေဖျော်မှုပေးရတဲ့ နေရာမှာ မထားဘူး။
သူတို့ဘာသာ တောထဲက အရိုင်းအစိုင်းဘဝမှာပဲ လွတ်လွတ်လပ်လပ် နေစေမယ်။

အင်း ဒါကလည်း နီကိုရဲ ပြောသလိုဆို သူတို့ ဖျော်ဖြေပေးနေတာကို ကြည့်ပြီး သနားစိတ်မကောင်းဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုတွေ ခံစားနေရတာကို သနားလို့ သူတို့ကို လွတ်လပ်ခွင့် ပေးချင်မိတာပါပဲ။

ကဲ ကြည့် ဝေ့လည်ချောင်ပတ်နဲ့။
တိရိစ္ဆာန်ကလေးတွေကို လွတ်လပ်ခွင့် ပေးချင်လိုက်တာ တို့၊ လွတ်လပ်ခွင့် ပေးလိုက်ကြပါ တို့ ဆိုတဲ့ စကားလုံးတွေနဲ့ ဘာဖြစ်လို့ လူတကာ နားလည်အောင်၊ လူတကာ လက်ခံချင်အောင် မပြောရတာလဲ။

ဘာဖြစ်လို့ သူတို့ကိုသနားမိပြီး ခံစားနေရတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားလို့ သူတို့ကို တောထဲမှာပဲ ဘေးမဲ့ပေးချင်တာလို့ လူအများ သဘောတူနိုင်တဲ့ ရှုထောင့်က ပြောရတာလဲ။

အထက်ကလို ပြောရင် ကိုယ့်ကို သနားကရုဏာစိတ် ကြီးလိုက်တာလို့ လူတကာ ချီးကျူးမှာစိုးလို့လား...

အောက်ကလို စကားလုံးတွေ သုံးပြီး ပြောတော့ ဟော... ဒီတစ်ယောက်ဟာ အတော်ကို အတ္တကြီးမားပါလား၊ သူ့အတွက်ပဲ သူသိတယ်။ အကောင်ပလောင်တွေ ဘေးမဲ့ပေးချင်တာတောင် သူ့ဘာသာ သနားမိတဲ့စိတ်ကို ပြန်သနားလို့တဲ့ ဆိုပြီး တွေးမိသွားစေချင်လို့လား...

အဲဒီကနေစလို့ အငြင်းအခုန် ထဖြစ်ရင်...

"
တချို့သူတွေက ဘာရည်ရွယ်ချက်လဲ တော့ မသိဗျာ အဲဒီလောက် အချိန်ကုန် အကုသိုလ် အပွားခံပြီး အလိုမတူ သူများတဲ့ စာတွေ တမင်ဆွရေး ပြီး တယောက်ချင်း ကို သေချာ လက်အညောင်းခံ လိုက်ပြန်ပြော နေတာ ခင်ဗျားမြင်တဲ့ အတိုင်းပဲ နော် ဟ..ဟ ဒါတောင် သူ့ဘလော့ မှာ မဟုတ်သေးဘူး အဲဒါလည်း သူ့ အစာ အာဟာရ ပဲ ထင်ပါရဲ့ဗျာ" တွေ ဘာတွေနဲ့ ဘာစတိုင်မှန်းမသိ တချောင်းငင်တွေ နှစ်ခါ ထပ်ရိုက်ပြီး လာပြောတာကို ကြားချင်မိလို့လား...

လား လား လား...

***

Thursday, June 10, 2010

အားပေးနှစ်သိမ့်တဲ့ အင်ဥ





ပြီးခဲ့တဲ့ တနင်္ဂနွေ (6th June)
Bangkok က reader တစ်ယောက် ပို့လိုက်တဲ့ ပုံလေးတွေ။ အဲဒီ ညီမလေးရဲ့ comment တွေ ရဖူးပေမယ့် သူ့ comment က တခါတလေမှပဲ လာတာပါ။ ပြီးတော့ သူ့ကို S'pore ကလို့ပဲ ထင်နေခဲ့မိသေးတယ်။ နောက်ပြီး blog ကို ခြေရာခံမိသလောက် BKK က စာလာဖတ်သူ နည်းတယ်လို့ ထင်မိတော့ BKK ကဆိုရင် ရင်းရင်းနှီးနှီးသိတဲ့ Addy တစ်ယောက်ပဲ ပင်တိုင်ဖတ်သူ ရှိတယ်လို့ ထင်နေခဲ့တယ်။

သူက ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် က မရွှေဇင် နဲ့ အပြန်အလှန် ရေးထားကြတဲ့ comment တွေကို ဖတ်ပြီး ကိုယ်စားချင်တဲ့ အင်ဥဟင်း ဓါတ်ပုံ ပို့လိုက်တာ တဲ့။

ချက်နည်းလဲ ပါတယ်။


" ပို့စ်မှာ အင်ဥမပါဘဲ ဘာကြောင့်များ မန့် ထားပါလိမ့်လို့ တွေးနေမိသေးတယ်။ နောက်မှ မရွှေဇင်ဦး ဘလော့ကို သွားကြည့်လိုက်တော့မှ သဘောပေါက်သွားတယ်။
...
ဒီမှာ ကျွန်မတွေ့ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင် ဆေးပြီးသားတွေ။ တော်တော်လေးတော့ ဝမ်းသာသွားတယ်။

အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့ အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပါ။

ဒီက အင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုပါဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။"

(သူ့စာ တပိုင်းတစ)

***
"
ဓါတ်ပုံပြပြီး ထပ်နှိပ်စက်သလို ဖြစ်ပေမယ့် အဲလို နှိပ်စက်တာကို ခံချင်နေတာပါ။

မစားရ ဝခမန်း ကြည့်လိုက်ပါမယ် ညီမလေး :D

ပဲခူးတိုင်းမှာ နေခဲ့တုန်းကဆို မိုးတွင်းရောက်တာနဲ့ အိမ်မှာ ခဏခဏ ချက်ပြီ။ အဲဒီခါတိုင်း တလုံးချင်းကို ပွတ်ပြီး ၂ ခါလောက်ဆေးရတာ သိပ်ပျင်းတာပဲ။ အင်ဥအမဲက သိပ်ဆေးစရာမလိုဘူး။ ချောအိအိလေးနဲ့ သဲလဲ သိပ်မကပ်ဘူး။ အဖြူက သဲတွေကပ်နေတတ်လို့ သေချာ ဆေးရတယ်။

အဲဒီအကြောင်းကို ပြန်စဉ်းစားရတာ ရေစိမ်ထားတဲ့ အင်ဥမဲမဲလေး ဖြူဖြူလေးတွေဆီက ထွက်တဲ့ အနံ့နဲ့ သူတို့မှာ ကပ်နေတဲ့ သဲနံ့ကို နှာခေါင်းထဲမှာ ပြန်ရနေတယ်။ ဖြူးမှာ နေခဲ့တုန်းကပေါ့..."

(ကိုယ့်ပြန်စာ တပိုင်းတစ)

***
" ကျွန်မလည်း အင်ဥလှီးနေတုန်း ခဏခဏ ကောက်နမ်းကြည့်မိတယ်။

အိမ်ကို လွမ်းဘီဆို အနံ့လေးက အစ၊ ရာသီဥတုအခြေအနေလေးက အစ လွမ်းစရာလေးတွေချည်းပဲနော်။ မိုးရွာပြီးစ မြေသင်းနံ့၊ မြက်နံ့ဆို ဘယ်လိုချစ်မှန်းကိုမသိတာ။""

(သူ ထပ်ပြန်တဲ့ စာ)

***

ကိုယ့်မှာလဲ ရောဂါတစ်ခုက ဘာတဲ့ဆိုရင် ဖတ်ဖူးတဲ့ စာအုပ်တွေ ပြေးပြေး သတိရတာပါပဲ။
ခုလည်း အဲဒီ တနင်္ဂနွေနေ့က ဆရာမ ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" မှာပါတဲ့ အားပေးနှစ်သိမ့်သော မုန့်ဟင်းခါး ဆိုတာလေးကို သတိရမိတယ်။


အဲဒီ ဝတ္ထုထဲက စကားလုံးတွေ၊ အကြောင်းအရာတွေ တခုချင်းကို စွဲလမ်းနေခဲ့တော့ အကြောင်းတိုက်ဆိုင်တာနဲ့ ပြန်ပေါ်လာတာ သိပ်တော့ မဆန်းပါဘူး။

ဒေါက်တာ ခင်ဦးနွယ် ဆေးရုံက တိုင်စာကိစ္စ ရင်ဆိုင်ရခါနီး၊ သားနှစ်ယောက်ကို ခင်ပွန်းဟောင်းက ခဏ ခေါ်သွားချိန်၊ လုပ်ငန်းခွင်ကနေ အိမ်ပြန်ရောက်တော့ ကလေးတွေအသံ မကြားရ၊ တဘက်က ရင်ဆိုင်ရဦးမယ့် ပြဿနာ... အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေ လာပို့ထားကြတဲ့ မုန့်ဟင်းခါး နဲ့ ဘုရားပန်းကို ညွှန်းဆိုလိုက်တဲ့ စကားလုံးလေး... အားပေးနှစ်သိမ့်တဲ့ မုန့်ဟင်းခါး နဲ့ အားပေးနှစ်သိမ့်တဲ့ ဘုရားပန်း တဲ့။


ebook မှာတော့ စာမျက်နှာ 217 နဲ့ 218 မှာ...

***
ဘဝမှာ ဘာတွေပဲတွေ့တွေ့ ဒါတွေကြောင့်ပဲ နေပျော်ရပါတယ်။

:)))

***



ဒီပုံနဲ့ post နဲ့ သိပ်တော့ မဆိုင်ပေမယ့် "ကျေးဇူး post" တွေ ရေးဖြစ်တုန်းက side bar မှာ တင်ထားခဲ့လို့ ကိုပေါ နဲ့ ကိုဝတုတ်က ဒီ post မှာ comment ဝင်ရေးခဲ့တာကြောင့် ဒီ post မှာပဲ အဆက်အစပ်မိအောင် ပြန်သိမ်းထားလိုက်တယ်။

ပြီးတော့ အင်ဥပုံတွေ ပို့ပေးသူနဲ့ ဒီ ကာတွန်းပုံလေး ပို့ပေးသူ တစ်ယောက်တည်း ဖြစ်တာကြောင့်ရောပါ။

***