Showing posts with label Feeling. Show all posts
Showing posts with label Feeling. Show all posts

Friday, February 25, 2011

Phyu Phyu Kyaw Thein



ဖြူဖြူကျော်သိန်း

သူ့ကို စသိတော့ ကျောင်းတက်နေတုန်း သူ့ ပထမဆုံး စီးရီးကြော်ညာကနေပါပဲ။ သီချင်းတွေကို အာရုံနည်းနေတဲ့အချိန်ဆိုတော့ အမှတ်တမဲ့နဲ့။ အသံက တော်တော်ထူးခြားတော့ ကျောင်းမှာတော့ ပြန်ပြောဖြစ်တယ်။
အနီးကပ်ဆွဲပြတဲ့ သူ့မျက်နှာက ငယ်ရုပ်မပျောက်သေးတဲ့ပုံမို့ ဆယ်တန်းအောင်ပြီးကာစ ၁၇ နှစ်/ ၁၈ နှစ်လောက်လို့ ထင်ခဲ့ကြသေးတယ်။

အခွေတော့ သေချာ နားမထောင်ဖြစ်ပါဘူး။ သီချင်းတွေကတော့ မူရင်းတွေ ကျက်မိနေတာကြောင့် နားစွဲလွယ်ခဲ့တယ်။

***
ဇာတ်ဆရာအလိုကျ

ကျောင်းပြီးလို့ လိုင်းတစ်ခုကို သေချာရွေးမယ် စဉ်းစားပြီး ၃/ ၄ မျိုး တစ်ခုချင်းကို စုံစမ်းခဲ့တဲ့အချိန်... သင်တန်းကျောင်းတစ်ခုကို သွားဗျူးတော့ တာဝန်ခံက အဲဒီလိုင်းက နိုင်ငံတကာမှာ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းလွန်းတာကြောင့် သေချာပြန်စဉ်းစားပါဦး ပြောလိုက်တယ်။

သူငယ်ချင်း ၃ ယောက်သွားတယ်။ အပြန်မှာ mac burger ဝင်ထိုင်တော့ ဖွင့်ထားတဲ့ နံရံပေါ်က tv တွေမှာ ပြနေတာ "ဇာတ်ဆရာအလိုကျ"။ မှန်တာပြောရရင် အဲဒီသီချင်းကို သူဆိုနေတာ သီချင်းဆိုနေတာနဲ့ မတူဘူး။ မကောင်းဆိုးဝါးတွေ နှင်ထုတ်ဖို့ ဂါထာမန္တာန်တွေ ရွတ်ဖတ်သရစ္ဈာယ်နေတာနဲ့ ပိုတူတယ်လို့ ခံစားရတယ်။ သူ မဆိုခင် (၁၀) နှစ်လောက် အေးချမ်းမေ စ ဆိုကတည်းက တော်တော်ကို ကြွေခဲ့တဲ့သီချင်း။ အေးချမ်းမေ နားထောင်တုန်းက ရခဲ့တဲ့ feeling က သူ ပြန်ဆိုတာ ကြားလိုက်ရတော့ အစကို ရှာလို့မရတော့ဘူး။

ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ့်အာရုံက သီချင်းပေါ်မှာလည်း အပြည့်မရှိ၊ သူ့ အသံနဲ့ ဘေးက ပါဖောင်းမင့်တွေပေါ်မှာလည်း အပြည့်အဝမရှိဘူး။

ကြည့်စမ်း၊ သူ လုပ်ချင်တာ လုပ်နေတာ။ လုပ်ချင်တာကို လုပ်နေရရုံတင် မဟုတ်ဘူး။ ဘယ်သူကမှ မကန့်ကွက်ဘူး။ ပြန်စဉ်းစားလိုက်ပါဦးလားလို့ မပြောဘူး။ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းတယ်နော်လို့ သတိပေးမယ့်သူ မရှိဘူး။ အဲဒါအပြင် အားပေးမယ့်လူတွေပါ အလုံးအရင်းနဲ့ ရှိနေတယ် လို့ တွေးလည်း တွေးမိ၊ ပြောလည်း ပြောမိခဲ့တယ်။ (ပြောပြီးတော့ ဟားတာပေါ့။ ကျောင်းတက်တုန်းနဲ့ ကျောင်းပြီးကာစ ဘာမဆို အလွယ်တကူ ဟားနိုင်တယ်)

တကယ်တော့ ကိုယ်တွေမှာ ဘယ်သူ့ဘဝကိုတော့ဖြင့် အားကျလိုက်တာ ဆိုတဲ့စိတ် မရှိဘူး။ အထူးသဖြင့် အနုပညာသည်ဘဝကိုတော့ အားမကျဘူး။ အဲဒီ အခိုက်အတန့်မှာလည်း အားမကျဘူး။ ကိုယ်တွေအဖြစ်ကလည်း ဂွတော့ကျပေမယ့်၊ ဆိုးလိုက်တာလို့ ဆိုရမယ့် အနေအထား မဟုတ်တာလည်းပါတာပေါ့လေ။ သီချင်းဆိုစားဖို့ စဉ်းစားခဲ့ရမှာလို့ ပြောခဲ့မိတယ်ဆိုရင်တောင် အဲဒါ ရီစရာအနေနဲ့ ပြောတာပဲ။ ဒါပေမဲ့ ပိုက်ဆံ အတော်အကုန်ခံ ကိုယ်က ပေးပြီး တက်ရမယ့် သင်တန်းက ပြန်ပြီး စဉ်းစားပါဦးလားဆိုတဲ့ စကားကို ကြားလာရတဲ့ ခဏမှာ အထက်ကလိုတော့ တွေးခဲ့မိတယ်။

ခုချိန်ထိ အဲဒီသီချင်းကိုကြားတိုင်း အဲဒီအဖြစ်ကို ပြန်သတိရမိတယ်။

***
မညိုညိုသိန်း

အဲဒီနာမည် သူ့အင်တာဗျူးတချို့မှာ တွေ့ဖူးပေမယ့် အမှတ်တမဲ့ပဲ။
တကယ်တော့
အဲဒါ ကိုယ့်စိတ်ထဲ အမြဲ မှတ်မိနေတဲ့ ၃ ယောက်ပဲ ရှိတဲ့ ၁၀ တန်း ဂုဏ်ထူးရှင်အင်တာဗျူးတွေထဲက တဦးတည်းသော မိန်းကလေးရဲ့ နာမည်။ '91 မှာ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးရှင်။

အဲဒါကို မောင် ကိုကို နဲ့ မရီတာ ရေးဖြစ်တော့မှ ဇာတ်လမ်းထဲ ကိုယ့် ငယ်ငယ်က ရိုးလ်မော်ဒယ်တွေရဲ့ နာမည်တွေ အမှတ်တရ ထည့်မိတော့ တစ်ယောက်က လာပြောတယ်။ ဖြူဖြူကျော်သိန်းရဲ့အစ်မဆိုတာ။ ပထမတော့ ဟုတ်ရဲ့လားလို့ ဇဝေဇဝါနဲ့။ နောက်တော့ သိတဲ့လူတွေ လာ confirm လုပ်ကြတယ်။

ကမ္ဘာကြီးက အလုံးကြီးဆိုတော့ ပတ်ချာလည်နေတာ။

***

Fashion

ဒီရောက်ပြီး နောက်ပိုင်းလည်း သီချင်းပေါ်မှာ ဒီလောက် အာရုံမရှိခဲ့ဘူး။
2009 သင်္ကြန်တုန်းကလည်း ပွဲအစီအမံက ညံ့လွန်းလို့ မပြီးခင် ထပြန်လာခဲ့တော့ သူ့အလှည့်ကို မကြည့်ခဲ့ရဘူး။

အဝတ်အစား အဆင်အပြင်တွေ ချွန်ထွက်နေတာနဲ့ ပတ်သတ်လို့လည်း သူများအခွင့်အရေး ကဲ့ရဲ့တားမြစ်ချင်ရလောက်အောင်ထိ ဝါသနာမပါတော့ ဘယ်လိုမှ မနေပါဘူး။
ကြုံရင် ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ပဲ ကြည့်မိတယ်။ (ကိုယ့်အမြင်မှာ ဝတ်ချင်ရာ ဝတ်ထွက်တဲ့လူထက် ဘာအခွင့်အာဏာမှ လက်ဆုတ်လက်ကိုင်မရှိဘဲ တားချင်တယ်၊ ဆီးချင်တယ်ဆိုတဲ့ဟာတွေက ပိုကြောင်တယ်။ ဤကား (လူရာဝင်ဖို့လို့ နေရာတကာပါ) စကားချပ်) (နောက်တာနော်။ နောက်တာ) =D

အဲဒီလို ဝတ်ချင်တာ ဝတ်ထွက်တဲ့ သူ့ဒီဇိုင်းတွေရဲ့ နောက်က သူ့ရဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ စိတ်ကိုတော့ နဲနဲ သတိပြုခဲ့မိတယ်။

***
ကြော်ညာ

မြန်မာပြည်မှာ ရှိနေတုန်းကတော့ ကြော်ညာတွေ မတွေ့မိသေးဘူး။ နောက်တော့ သူ ကြော်ညာရိုက်တယ်ဆိုတာ ကြားတယ်။ အရက် ဆေးလိပ်ကြော်ညာတွေ မရိုက်ဘူး သူ ပြောတော့၊ အဲဒီလိုပဲ ဖြစ်နေရမယ် လို့ စိတ်ထဲ အားရနေမိတယ်။ အားရတယ်ဆိုတာ သောက်တဲ့လူတွေအတွက် မဟုတ်ဘူး။ သူ့အတွက် အားရတာ။ လူဟာ အထူးသဖြင့် သူ့လို ဆရာဝန်လည်း ဖြစ်သေးတဲ့သူတစ်ယောက်ဟာ အဲဒီလိုတော့ ကိုယ့်အင်းမေ့ဂ်ျကို ထူထောင်ရမှာပဲ။ (သူ မရိုက်လည်း ရိုက်ချင်တဲ့လူက ရိုက်ပြီး၊ သောက်ချင်တဲ့လူက သောက်မှာပဲ။ ကိုယ့်အတွက် ကိုယ်ကြည့်တတ်ဖို့က အဓိက)

အင်တာဗျူးတွေမှာ သူ ထည့် ထည့်ပြောတဲ့ ဉာဏ်ရည်ဆိုတာ အဲဒါ။ အပြောနဲ့ အလုပ်တော့ ညီတယ်။

***
သီချင်းများ

သူ့ကို ဘာကြိုက်တာလဲ မေးရင် ဘာကို ကြိုက်တာပါလို့ သီချင်းတွေ အများကြီး နားထောင်ပြီးတဲ့ထိ ပြောစရာ မယ်မယ်ရရ မရှိပါဘူး။

ဂီတ နဲ့ အဆိုပညာကို နားမလည်ပေမယ့် ခံစားမှုနဲ့တော့ ဆုံးဖြတ်မိတယ်။

အသံအားကောင်းတဲ့ အဆိုတော်တွေဟာ အများအားဖြင့် မုဒ် မကောင်းဘူး။
ခံစားချက်ကို သူ ထည့်ဆိုနေတယ်ဆိုတာ သိနေမိပေမယ့် သီချင်းစာသားနဲ့ သံစဉ်ကပေးမယ့် ခံစားမှုနဲ့ သူထည့်ဆိုပစ်လိုက်တဲ့ ခံစားမှုက ဘယ်လိုမှ အံမဝင်ဘူး။ အထူးသဖြင့် သူများသီချင်းတွေ ပြန်ဆိုရင် ပိုသိသာတယ်။
ဥပမာ - ဇာတ်ဆရာအလိုကျ၊ အချစ်တဲ့လား၊ အတွင်းကြေ။

တကယ့်ကို ကိုယ့်နားထဲကို သီချင်းအနေနဲ့ မရောက်ဘဲ ဂါထာမန္ထာန်တွေ အနေနဲ့ပဲ ဝင်လာကြတယ်။ ဒါပေမဲ့ သူ့ကို ကြိုက်တယ်။

မသေနိုင်သောအဆုံးမဲ့ ချစ်ခြင်းရူးလည်း ရူးပစေ ဆိုတာတွေတော့ အထူးသဖြင့် ကြိုက်ပါတယ်။

***
Solo Concert

ခု ၃ ရက်လောက် အတွင်းမှာတော့ သီချင်းအပုဒ် ၃၀ လောက်ပါတဲ့ သူ့ solo concert ကိုကြည့်ရင်း သူ့ စကားလုံးတွေကို အထူးသဖြင့် ကြိုက်နေမိတော့တယ်။

"မတော်လိုက်ရတဲ့ ယောက္ခမကြီး"
"ဖြူဖြူ့မှာ ရည်းစားဘယ်နှစ်ယောက်ရှိတယ် ထင်သလဲ"
"နင့်အသံ ပိုကျယ်လာတယ်လို့ ပြောတယ်"
"အဲဒီသီချင်းကို ဆိုမိတိုင်း ဖြူဖြူ့မှာ ရည်းစားတစ်ယောက် ရလိုက်သလို..."
"စတန့်ထွင်တယ် မထင်ကြပါနဲ့ ဖြူဖြူ့ဆရာကလည်း မြှောက်ပေးလို့ပါ"

နောက်... အတွင်းကြေ မဆိုခင်မှာ ပြောသွားတဲ့ အလွန်တရာရှည်လျားသော ကျေးဇူးတင်စကား။
ဒါတင်မကသေးဘူး။ ဘယ်သီချင်း ဆိုဖို့ အလုပ်မှာလဲ မသိ။ စကားပြောရင်း ပြောရင်း နောက်ရွှေ့သွားတာ ကျောခိုင်းထားတဲ့ conductor ကို ဝင်တိုက်မိတာရောပဲ။

***
ဂျူးရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဘရစ်တနီနဲ့ ပတ်သတ်လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။

ဒီအသက်ငယ်ငယ်ကလေးမလေးဟာ သီချင်းဆိုရင်း တွန့်လိမ်ကွေးကောက်ပြီး ကနေရုံသာပါပဲ ဆိုတာထက် ပိုတာတစ်ခု ရှိတယ်။ အဲဒါ စင်ပေါ်မှာ ဘာလုပ်ပြနေနေ သူ့မျက်လုံးတွေက ရိုးသားနေတာပါ တဲ့။ (အတိအကျမဟုတ်ပါ)

ဒီနေ့ပဲ cbox မှာ တယောက်ကပြောတယ်။ သူ ကြည့်ဖူးတဲ့ စတိတ်ရှိုးမှာ ဖြူဖြူကျော်သိန်း ခလုတ်တိုက်လဲတော့ ထိုင်ရက် ဆက်ဆိုပြခဲ့တယ် ဆိုတာ...

သီချင်းတွေ နားထောင်ရင်း၊ သူ့ပါဖောင်းမင့်တွေကြည့်ရင်း တဖြည်းဖြည်းနဲ့ ကိုယ်မြင်လာရတာတချို့ ရှိတယ်။ သူများအတွက်တော့ မှန်ချင်မှ မှန်မယ်။ အဲဒါ သူ အတွင်းစိတ်က အတော်ကို ရှင်းရှင်းလင်းလင်းရှိပြီး၊ လိပ်ပြာသန့်နေပုံရတာ။ အဲဒါကို သီချင်းဆိုနေတုန်းတင် မဟုတ်ဘဲ အင်တာဗျူးအဖြေတွေမှာ၊ စကားပြောတာတွေမှာပါ မြင်နေရတယ်။ (ခိုင်သင်းကြည် မှာလဲ အဲဒီ လိပ်ပြာမျိုးရှိတယ်)

***

ဂီတကို နားလည် (တယ်လို့ ထင်ရ) တဲ့ တယောက်ကတော့ ဖြူဖြူကျော်သိန်းမှာ အသံကလွဲရင် ဂီတ မရှိဘူး ဆိုတယ်။ အဲဒါ ဖြစ်နိုင်တာပဲ။ သူ သီချင်းဆိုပြနေတယ်လို့ ကိုယ်ခံစားရတဲ့ အပုဒ်ရေဟာ ဘယ်လောက်မှ မရှိဘူး။

ကိုယ်ကတော့ အဲဒါတွေကျော်ပြီး မြင်ရခဲ့တဲ့ သူ့ လိပ်ပြာကို နှစ်လိုနေမိတော့တယ်။

***

(စာကြွင်း။ သူ ရေးတဲ့ ဝတ္ထုတိုတစ်ပုဒ်လည်း ဖတ်ဖူးတယ်)

Friday, February 11, 2011

အိမ်ပြောင်းခြင်း အနုပညာ

Monday, January 10, 2011

အိမ်ပြောင်းခြင်း အနုပညာ


28th Dec 2010 မှာ အိမ်ခန်းဟောင်းကို အပြီးအပ်ရတယ်။ လက်ရှိနေနေတဲ့ နေရာတဝိုက်မှာ အခန်းဈေးတွေကလည်း တက်လာလိုက်တာ၊ စိတ်ကြိုက် (အခန်းရော၊ ဈေးရော) တော်တော်နဲ့ မရနိုင်။ ရမယ့်ရတော့လည်း 6th Jan 2011 ကျမှ တက်လို့ရမယ့် အခန်းဖြစ်နေတော့ ဒီကြားထဲမှာ နေဖို့ထိုင်ဖို့ အခက်တွေ့ကြပြန်ရော...။ ဘယ်သူ့မှ အပူမကပ်ချင်လို့ အခန်းငှားဖို့ ကြံကြ ဖန်ကြပေမယ့် ရက်က ကန့်လန့်ဖြစ်နေတော့ အဆင်မပြေ၊ ပြေပြန်တော့လည်း နေရာကဝေး၊ ဟိုတယ်ပေါ်တက်နေရမလိုလို ဖြစ်လိုက်သေးတယ်။

ဒါပေမဲ့ နောက်ဆုံးအချိန် မတိုင်ခင် အဝေးကြီးကတည်းက ၆ ယောက်လုံး သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေကုန်ပါတယ်။ နေစရာတစ်နေရာ မလွယ်တဲ့ စင်ကာပူလိုနေရာမှာ 10 ရက်လောက် အလကားတက်နေဖို့ ၆ ယောက်စလုံးအဆင်ပြေသွားတော့ တင်ပေးထားတဲ့ လူတွေအပြင် နောက်ထပ် ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တယောက်ယောက်ကို ကျေးဇူးတင်ချင်လိုက်တာ။

အမှန်တော့ ခေါ်ထားချင်တဲ့လူက ဘယ်လောက်တောင် ခေါ်ထားချင်လည်း သူ့အိမ်မှာ အဆင်ပြေမှ ဖြစ်တာ။ ခုလို အခြေအနေ အရပ်ရပ် အကုန်ကွက်တိကျတယ်ဆိုတာ ခရစ်ယာန်တွေ ဆိုရင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ကြမှာပဲ။ ဗုဒ္ဓဘာသာတွေမှာတော့ ကိုယ်ပြုခဲ့သမျှအကြောင်းတွေလို့မှတ်ပြီး ပထမ ခေါ်တင်တဲ့ အိမ်ရှင်တွေပြီးရင်၊ ဒုတိယ ကိုယ့်ဘာသာပဲ ကျေးဇူးတင်လိုက်ဖို့ရှိတယ်။ =)

နှစ်ပတ်လောက် အိမ်ခန်းငှားဖို့ gtalk status မှာ တင်လိုက်ကတည်းက ချက်ချင်း သူ့အိမ်မှာ လာနေပါလို့ ခေါ်တဲ့ သူကလေးကို ကျေးဇူးတင်တယ်။ ဒီဘလော့ရေးဖြစ်လို့ ဒီအကြောင်းဖြစ်လာမယ် မထင်ခဲ့ပေမယ့် ဖြစ်ချင်လည်း ဖြစ်လာတာပါပဲ။ သူက စောစောပြောင်းလာပါခေါ်လို့ 10 ရက်လောက် စောပြောင်းဖြစ်တယ်။ သူ့ဆီမှာ 18th Dec ~ 8th Jan ထိ (၃) ပတ်တောင်မှ။

မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ အဲဒါ မပြီးသေးဘူး။ ပစ္စည်းတွေ ကျန်ခဲ့သေးတယ်။ အရင်ဆုံးပြောင်းလိုက်မိလို့သာ တော်တော့တယ်။ အိမ်ဟောင်းမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို နောက်ရက်တွေမှ ရုံးအပြန် ဖြည်းဖြည်းချင်း ပြန်ယူရတယ်။ (ဒါနဲ့ ခဏနေတဲ့အိမ်ကနေ ထပ်ပြောင်းတော့ စုစုပေါင်း (18) ထုတ်)

အမှန်တော့ အဲဒီအိမ်ဟောင်းမှာနေဖြစ်တဲ့အတွင်း ဝယ်ဖြစ်တဲ့ ကြီးကြီးမားမားပစ္စည်းဆိုလို့ 3 in 1 printer တလုံးပဲ ရှိတယ်။ ကျန်တာ ဗြုတ်စဗျင်းတောင်း အဝတ်အစား၊ ဖိနပ်၊ အိတ်။ ဒါပေမဲ့ ခဏနေတဲ့အိမ်ကို မပြောင်းခင်နဲ့၊ ပြောင်းပြီး (၁) လလောက် အချိန်အတွင်းမှာ ထပ်ဝယ်ဖြစ်သေးတယ်။ မှတ်မှတ်ရရ ဂျင်းဘောင်းဘီက (၆) ထည်။ (နောက်အလုပ်တခု ထပ်မပြောင်းချင်ရတဲ့အထဲမှာ ဂျင်းဘောင်းဘီ ဝတ်မရမှာ စိုးတာလည်းပါတယ်)

သူများအိမ်တက်နေတဲ့ (၃) ပတ်လုံး အတော် ငြိမ်းချမ်းတယ်။ ရုံးဆင်းရင် အိမ်ဟောင်းကိုဝင် ညစာစား၊ ကျန်ခဲ့တဲ့ ပစ္စည်းတွေ လိုက်သိမ်း၊ နည်းနည်းပါးပါး ပွားပြီး 8 ခွဲ၊ 9 လောက်မှပြန်။ 9 နာရီခွဲ၊ 10 နာရီလောက် နေတဲ့အိမ်ရောက်၊ ရေချိုး ပြီးရင် အိမ်ရှင် သူငယ်ချင်းနဲ့ စကားလေး ဘာလေး နည်းနည်းပြောပြီး အိပ် (သူပဲ ပြောတာ များပါတယ်)။ 6 နာရီခွဲ ထ၊ 7 နာရီခွဲ ကားဂိတ်ထွက်၊ 8 ခွဲ ရုံးရောက်။ (အဝေးကြီးကနေ ရုံးတက်တော့ ရုံးလည်း နောက်မကျဘူး)။ အိမ်သစ်ကိုရောက်လည်း ညဘက် အင်တာနက်အသုံးလျှော့မယ် စိတ်ကူးတယ်။

weekends နှစ်ပတ်မှာ ပထမပတ် 25/26th Dec က အိမ်ဟောင်းကလူတွေ မပြောင်းကြသေးတော့ အဲဒီမှာပဲ ဆယ်လီဘရိတ်၊ နောက်တပတ် (1st/2nd Jan) ကျတော့ အကုန်သူများအိမ်ပေါ်ရောက်ကုန်ပြီ။ အိမ်ဟောင်းက ညီမလေးတစ်ယောက်နဲ့ နှစ်ရက်လုံး JP မှာ ခြေတိုအောင် နေကုန်နေခမ်းပတ်။ အိမ်စောစောပြန်နားမယ်ဆိုတာ စိတ်ကူးပဲ ရှိလိုက်တယ်။ 1 ရက်နေ့ ညမှာ သူနဲ့ ဖုန်းပြောတယ်၊ နာရီဝက်။ :*

ကြားရက်တရက်မှာမှာ အခန်းဖော် ညီမက ဖုန်းဆက်တယ်။ ဗုဒ္ဓဟူးနေ့ အိမ်ကို တက်ချင်ရင် တက်နေလို့ရပြီတဲ့။ ဒါပေမဲ့ ကြားရက်ကြီးတော့ မပြောင်းဖြစ်တော့ပါဘူး။ သူတို့ကတော့ 5th Jan (ဗုဒ္ဓဟူးနေ့တည်းက) ပြောင်းနေကြတယ်။

ကြာသပတေးညမှာ သူငယ်ချင်းနဲ့တူတူ အိမ်နားက ကမ်းခြေကို လမ်းလျှောက်ထွက်ကြတယ်။ ဒီလိုပဲ ဟိုသတင်း ဒီသတင်း၊ အလုပ်အကိုင် အချစ်ရေး နိုင်ငံရေး တိုင်းရေး ပြည်ရေး သာရေး နာရေး။ ကမ်းခြေက လွမ်းစရာကြီး။ ည ၁၀ နာရီလောက် မိန်းကလေးနှစ်ယောက်တည်း လူကျဲတဲ့ ကမ်းခြေမှာ အေးအေးချမ်းချမ်း စိတ်လုံလုံခြုံခြုံ လမ်းလျှောက်ထွက်နိုင်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ပြန်တယ်။ (နောက်ဆုံးနှစ်တုန်းက ရန်ကုန်မှာ သင်တန်းချိန်အပြီး ည ၉ နာရီကျော် သူငယ်ချင်းကို လမ်းတဝက်ထိ လိုက်ပို့ခိုင်း၊ အိမ်က လမ်းတဝက်ကနေ စောင့်ခေါ်ခိုင်းရတာ သတိရမိတယ်၊ ဘာဖြစ်နိုင်တာ မဖြစ်နိုင်တာထက် စိတ်လုံလုံခြုံခြုံနဲ့ လမ်းသွားလို့မရတာ)

ဒီလိုနဲ့ပဲ တပတ်ကုန်။ 8th စနေရုံးမတက်ဘဲ အိမ်ရှင်သူငယ်ချင်း သင်တန်းသွားနေတုန်း တခြားသူငယ်ချင်းတယောက် အကူအညီနဲ့ အိမ်သစ်ကို အောင်မြင်စွာ ပြောင်းလာခဲ့တယ်။

ကျေးဇူးစကား

* အိမ် ၂ ခါ ပြောင်းရတာမှာ အစအဆုံး လိုက်ကူပေးတဲ့ သူငယ်ချင်း စု၊
* အိမ်ပေါ်ခေါ်တင်ထားတဲ့ ခွေဖြူ၊
* အိမ်ဟောင်းက အထွက်နဲ့ အိမ်သစ်ကို အဝင်မှာ ကူသယ် ကူချ လုပ်ပေးတဲ့ အတူနေ ညီမများနဲ့ အစ်မ။

* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)။

* ဒီလိုလူတွေနဲ့ ဆုံဖြစ်အောင် အကြောင်းတရားတွေ ဖန်တီးထားနိုင်တဲ့ ကိုယ့်ဘာသာလည်း မပျက်မကွက် ကျေးဇူးတင်တယ်။

Bishan အိမ်ကနေ ဒီလူတွေ ရှိရာကို ပြောင်းလာတော့ မလွယ်ကူခဲ့သလို၊ ဒီလူတွေ ရှိရာကနေ ပြောင်းသွားရဦးမယ် ဆိုရင်လည်း ခက်ခဲဦးမှာပဲ။

***
အရင်အိမ်နဲ့စာရင် ပိုကျဉ်းသွားပေမယ့် အပြောင်းအလဲနဲ့ ကြုံရတဲ့ တခဏမှာ ဘာကိုမှ သိပ်မတွေးဘဲ အသစ်အဆန်းဖြစ်နေတယ်။ ကျန်တာ နောက်မှ နောင်ခါလာ နောင်ခါဈေး။ ကြိုမတွေးဘူး။

ပြောင်းမလာခင်က အရင်ပြောင်းနှင့်ထားတဲ့ ညီမလေးက အိမ်နားက food court အကြီးကြီးပဲ လို့ သတင်းပေးတယ်။ 3 ပတ်လုံး အပြင်စာပဲ စားနေရတဲ့ ကိုယ်က food court က အစာတွေ မစားချင်တော့ဘူး လို့ ပြန်ပြောမိတယ်။ ပြောင်းတဲ့ညကျ အိမ်မှာ gas သုံးလို့ မရသေးတော့ အဲဒီမှာပဲ သွားစားကြတယ်။ food court က ကြီးရုံမက၊ အမျိုးစုံ၊ မယုံနိုင်လောက်အောင် အရသာရှိ၊ ဒါ့အပြင် ဈေးကလည်း သက်သာသေးတယ်။ ကောင်းလေစွ ကောင်းလေစွ။

အိမ်ကို လှမ်းဖုန်းဆက်တယ်။ အိမ်ပြောင်းတာ သိနေတော့ အဆင်ပြေရဲ့လား စိတ်ပူနေကြတယ်။ မပူပါနဲ့ အကုန်ပြေပါတယ်။ အိမ်ပဲ ပြောင်းတာ၊ လူက ဒီလူတွေချည်းပါပဲလို့။ လောလောဆယ် ၁ ယောက် ရန်ကုန်ပြန်နေလို့ ၅ ယောက်တည်း။

ညကျ စောစော (11 နာရီ ကျော်ကျော်) အိပ်ရာဝင်တယ်။ 8 ရက်နေ့ ပြောင်းမယ် ဆိုတာကို သူ ဗမာပြည်မပြန်ခင် 28 ရက်နေ့ထိ နေပါဦးလို့ ပြောတဲ့ သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။

***
တနင်္ဂနွေနေ့ကျ စောစော နိုးတယ် (9 နာရီ)။ အိမ်က ညီမလေးတစ်ယောက်ရဲ့ ချစ်ချစ်က အိမ်လာပြီး လိုအပ်တာတွေ အကုန်လုပ်ပေးတယ်။ ဥပမာ ပလပ်စတစ်စင်ကလေးကို bathroom ထဲမှာ ထားလို့ရအောင် သွပ်နန်းကြိုးနဲ့ ဆိုင်းပေးတာမျိုး၊ အဝတ်လျှော်စက်ရဲ့ ရေထုတ်ပိုက်ကို extend လုပ်ပေးတာမျိုးကစ၊ အင်တာနက်ကိစ္စအဆုံးပေါ့။ အဲလို အသေးစိတ်ဆိုတာ ဘာမှ မဟုတ်ပေမယ့် ကိုယ်တွေအတွက်ကျ ခက်နေပြန်ရော။ ကျေးဇူးတင်လိုက်တာ။ ရီးစားဆိုတာ အဲဒါပဲ။ (တကယ်တော့ အိမ်က အမျိုးသား အဝင်မခံဘူး။ ဒီလိုအခြေအနေမျိုးကတော့ ခြွင်းချက်)

နေ့လည်ကျ ညီမလေးတယောက်နဲ့ တဘူတာကျော်က ဂျပန်ဆိုင်မှာ လိုတဲ့ပစ္စည်းတွေ သွားဝယ်။ နေ့လည်စာကို အိမ်နား food court မှာရှိတဲ့ ထိုင်းဆိုင်က ဝယ်လာပြီး စား။ ရှေ့ရေး နောက်ရေးတွေ ပြောရင်း စားလိုက်တာ 2 နာရီလောက်များ ကြာသွားလား မသိ။ နောက်တော့ ဒီတပတ် ဝတ်လို့ရအောင် တပတ်စာ အဝတ်အစားတွေ အပြင်ထုတ်ထားတယ်။ အိပ်ရာခင်း ပြင်ခင်းတယ်။ တော်ပြီ ဒီတပတ် နေလို့ရရင် ပြီးတာပဲ။ နောက်မှ လိုတာထုတ်သုံးရင်း သူ့အလိုလို နေသားတကျ ဖြစ်သွားလိမ့်မယ်။

ဒါနဲ့ မနေ့ညက မအိပ်ခင်ထိ အင်တာနက် သုံးနေလိုက်တယ်။
အွန်လိုင်းမှာ တချိန်လုံးမနေနိုင်ရင် စီဘောက်မှာ ကိုဘ အတင်းပြောတာ ခံရတတ်တယ်။
ရန်ကုန်ပြန်သွားတဲ့ ညီမလေးနဲ့ အွန်လိုင်းမှာတွေ့တော့ သူနဲ့ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်း မှာတဲ့သူက လာမယူဖြစ်သေးတာအတွက် လှမ်းတောင်းပန်ရတယ်။ မှာတုန်းက အသည်းအသန်မှာပြီး ရောက်တော့မှ ချက်ချင်း သွားမယူတာလောက် ထုချင်တာကို မရှိတော့ဘူး။ နေနှင့်ဦး။

ဪ အဲဒီညမှာ ဖြူးအကြောင်းရေးတဲ့ ပို့စ်အဟောင်းတခုကို ဖတ်မိတဲ့ Cyprus ရောက်နေတဲ့ ဖြူးက သူငယ်ချင်းတယောက်နဲ့ အွန်လိုင်းမှာ ပြန်ဆုံရတယ်။ တခန်းထဲနေခဲ့ဖူးတဲ့သူ မဟုတ်ပေမယ့် ဝမ်းသာမိတယ်။ တနှစ်တည်း တတန်းတည်း တခန်းတည်းလူတွေကို တယောက်မှ အွန်လိုင်းမှာ ပြန်မတွေ့ရဘူး။ ကိုယ် တခေါက်လောက် ပြန်ဦးမယ်ကွယ် အဲဒီကို။ သိခဲ့ဖူးတဲ့လူတွေ အတော်လျော့နေပြီ။ နောက်ထပ် ထပ်မလျော့ခင်၊ ကိုယ်လည်း ရှိနေသေးချိန်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်။

သွားချင်နေတဲ့ တခြားနိုင်ငံ ခရီးစဉ်တွေ ဘာတွေ ညာတွေ ခဏခေါက်ထားပြီး၊ နေခဲ့ဖူးတဲ့ နေရာက သိခဲ့ဖူးတဲ့လူတွေဆီ ပြန်ဖြစ်အောင်ပြန်တာ ပိုကောင်းမလား ပထမဆုံးအကြိမ်တွေးမိတယ်။ ဘဝဟာ တခဏလေးပဲ ကြာတယ်။ မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ ကိုယ်က ပြန်တွေ့ရရင် ဝမ်းသာအားရဖြစ်ရမယ့်၊ ကိုယ့်ကို တွေ့ရင် ဝမ်းသာအားရဖြစ်ကြမယ့် လူတွေ ရှိတယ်။

***
မနက်ကျ စောစော ထရတယ်။ ရုံးက အရင်လို လမ်းလျှောက်ရုံနဲ့ မရောက်တော့ဘူး။ BMW နဲ့ သွားမှ ရောက်တယ် (Bus, MRT, Walking)။ ဒီနေ့ရုံးကို စောစောရောက်တယ်။ ရုံးက ကလေးမ ဆံပင်ကောက်လာတာ ကြည့်ပြီး လှလိုက်တာလို့ ပြောရင်း အားကျရသေးတယ်။ ဆံပင် ကောက်ချင်တယ်။

ညနေကျ မျက်နှာက pimple အတွက် ချိန်းထားတဲ့ဆီ သွားတွေ့ရဦးမယ်။
အိမ်ပြန်ရောက်ရင် မသိမ်းရသေးဘဲ ပြန့်ကျဲနေတဲ့ အထုတ်တွေက ကြိုနေလိမ့်မယ်။

ဘယ်နေရာမှာ ဘာတွေ ဘယ်လို ထားရမယ်ဆိုတာ ခု မစဉ်းစားချင်သေးဘူး။ အဲဒီအကြောင်းတွေ ခု စဉ်းစားရင် ရူးသွားလိမ့်မယ်။ နောက်နေ့တွေကျမှ စဉ်းစားမယ်။

***
pic from here
Posted by Rita at 1/10/2011 04:41:00 PM

23 comments:

သိင်္ဂါကျော် said...

ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းရတာကတော့ စိတ်ညစ်စရာ ကောင်းပါတယ်နော်..ပစ္ဏည်းတွေ နေရာချရတာ တော်တော် စိတ်ရှုပ်စရာ ကောင်းမှာ..

January 10, 2011 5:00 PM
Rita said...

ဟုတ်ပ။ ဒါတောင် တကိုယ်စာ အသုံးအဆောင်မို့လို့။ တအိမ်လုံးစာ ပရိဘောဂက စလို့ ပြောင်းရမယ်ဆို တွေးတောင်မကြည့်ချင်ဘူး။

January 10, 2011 5:20 PM
rose said...

ကိုယ်ချင်းစာပါတယ် မရီတာ...ရို့စ်လည်း အိမ်ပြောင်းတာ ၂ ခါ ၃ခါလောက် ရှိနေပြီ။ မသယ်နိုင်တော့ရင်၊ သိပ်အသုံးမ၀င်တော့ဘူးလို့ ထင်တဲ့ ပစ္စည်းတွေ လွှင့်ပစ်ခဲ့ရရင် သိပ်နှမြောတာပဲ။ မပစ်ရင်လည်း မရဘူးလည်း ချစ်ချစ်က တဗျစ်ဗျစ်တောက်တောက်... ကိုယ်ကလည်း သတင်းစာ အပောာင်းလေးတွေက အစ သယ်ချင်တဲ့သူ ဆိုတော့ ခစ် ခစ်း)

January 10, 2011 8:05 PM
T T Sweet said...

အိမ်ပြောင်းမဲ့ အစားတော့ ကျားမြီးသာပြေးဆွဲချင်တော့တယ်။ ဒါကြောင့် ပစ္စည်းတွေ အများကြီး အပိုဝယ်မထားချင်တာ။ အရင် အိမ် ၆လုံးပြောင်းဖူးပြီးကထဲက သံဝေဂရပြီးသား။

January 10, 2011 8:22 PM
Vista said...

မကြားလိုဘာ မကြားလိုဘာာ ..

January 11, 2011 7:20 AM
myo said...

တို့က လကုန်ပြောင်းမှာ..

* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)
(တကယ်ကျေနပ်ဖို့ကောင်းတယ်)

January 11, 2011 10:08 AM
shin said...

ကိုယ်တို့နောက်ဆုံးတခေါက်အိမ်ပြောင်းတုံးက မလိုတဲ့ဟာတွေ(Mostly books,papers and clothes)ကို ညီမ၂ယောက် ညသန်းခေါင် Recycleပုံးထဲဆင်းပြစ်ကြတာ ပုံးကြီးပြည့်လုနီပါးဖြစ်သွားတယ်။

Pimpleအတွက်ဘယ်ဆေးခန်းမှာပြသလဲ။ မသိသေးဘူးဆိုညွန်းချင်လို့ပါ။ ကိုယ်အရင်က မျက်နာမှာဝက်ခြံတော်တော်ထွက်တုံးက Guardianက staffတယောက်ညွန်းလို့ အဲ့ဒီ clinicကိုသွားခဲ့ဖူးတယ်။ သူ့ဆီမှာပြပြီးတော့ တော်တော်သက်သာတယ်။ ဆရာဝန်ရဲ့ consultation fees က၃၀လောက်ပဲကျတယ်။ ပထမဆုံးတခါသွားတုန်းကတော့ ဆေးဖိုးအပါ၁၂၀လောက်ကုန်သွားတယ်။ နောက်ပိုင်း တွေကျတော့ပိုတောင် သက်သာတယ်။ ဆေးကကုန်တာပဲ ဝယ်ရတော့လို့။ ဒါပေမဲ့ တန်းစီရတာတော့တော်တော်ကြာတယ်။ clinic မဖွင့်ခင်ကထဲကသွားQueue နိုင်မှတော်ကာကြမှာ။ ညနေပိုင်းဆိုလူနာအကန့်အသန့်နဲ့ပဲ လက်ခံတယ်။
Just try it out if you want...You can do some research from internet as well...Clinic information are as below.

Maple clinic
http://www.nikspro.com/el_niksmaple.html
Fyi: The consultation fees I mentioned above is only for Tampines clinic as I only visit there before...

January 11, 2011 12:25 PM
suwai said...

ဘာလို့နံမည်ပြောရလဲ တော်ကြာ ကိုဘွိုင်တော့ တီဇက်အေတို့ မိန်းမနဲရန်ဖြစ်လို့ ခဏလာနေမယ်စို ဘယ်လိုလုပ်။
သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။ - ထားခဲ့ပြီ:မှ လာညာနေတယ်၊ ဒီမာဖြင့် တကိုယ်ရေညများဖြစ်နေပြီ

ခွေဖြူ

January 11, 2011 12:39 PM
Rita said...

@ Shin
ကျေးဇူးပါပဲ Shin

လောလောဆယ်တော့ ဆေးခန်းမပြဘဲ၊ ဓါတ်စာလို စားရတဲ့ product နှစ်မျိုးစားနေတယ်။ ပိုက်ဆံလည်းကုန်၊ မျက်နှာပေါ်မှာလည်း နည်းနည်းပါးသွားပြီလို့ ယူဆရတယ်။

ဆေးခန်းဆိုဒ်ကိုလည်း ဝင်ကြည့်လိုက်ပါဦးမယ်။ အစက NSC လား အဲဒီ သွားပြမလိုလို လုပ်ပြီးမှ၊ သူတို့ချိန်းတဲ့အချိန် သွားရမှာ၊ ကိုယ်က အလုပ်တဖက်နဲ့ ဖြစ်တာတွေးပြီး အသိတယောက်ညွှန်းတဲ့ product ဝယ်သုံးဖြစ်သွားတာ။

@ ခွေဖြူ
ဂယ်ပြောတာပါ။ မယုံဘူးလား။ အားလုံးလည်း သိနေကြပါပြီ =D

ကိုဘွိုင်း လာမှာတော့ မစိုးရိမ်နဲ့။ သူ့မှာ စိတ်ဆိုးစရာ မွီးမ မရှိသေးဘူး။ ကျိန်းကျေသွားဦးမယ်။

January 11, 2011 1:04 PM
နန်းညီ said...

တကယ်တော့လေ အိမ်ပြောင်းတယ်ဆိုတာ
ပိုက်ဆံသာရှိရင် ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်..
ပစ္စည်း အဆန်းလေးတွေ ၀ယ်ထည့်.. အသစ် အကောင်း အပြောင်းအလဲတွေ.. လူမပင်ပန်းအောင် ငွေနဲ့ ရသလောက်ကူ..
နော့် နော် နော်

January 11, 2011 3:42 PM
Rita said...

ဪ မှန်တာတွေ တော်တော်ပြောပါလား။

ပိုက်ဆံများ ရှိလို့ကတော့လေ... အိမ်ဟောင်းက ပစ္စည်းတွေ ဘာမှ မသယ်ဘဲ အကုန်လွှင့်ပစ်ခဲ့ဦးမှာ။

ကွန်ဒိုဝယ်ပြီး လိုသမျှ delivery နဲ့ ပို့ခိုင်းဦးမှာ။ ဒီဇိုင်နာ ခေါ်ပြီး decorate လုပ်ခိုင်းဦးမှာ။

January 11, 2011 3:45 PM
MrDBA said...

အိမ်သစ်တက်ပွဲ မုန့်လေးဘာလေး ကျွေးဖို့ အစီအစဉ် မရှိဘူးလားဟင် ...

January 11, 2011 5:02 PM
Rita said...

ကျွေးပါတယ်။ အိမ်နားက food court အရမ်းကိုကောင်းတယ်။

January 11, 2011 5:32 PM
အန်တီချမ်း said...

< မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ >

ကိုယ်ကတော့ ကံကောင်းတယ်ဆိုရမယ်
အိမ်တခုလုံးပြောင်းတာ သည်တာ ထုပ်တာ အကုန်မောင်ပဲ
ကိုယ်က နှမ်းတောင် နည်းနည်းပဲ ဖြူးရတာ
မောင် ပင်ပန်းရှာတယ်
ကိုယ့်လို ကံကောင်းချင်ရင် ဘာလုပ်ရမလဲ သိတယ်ဟုတ်
နောက်မှ အိမ်သစ်အကြောင်း ပိုစ့်တင်အုံးမယ်
လောလောဆယ်တော့ နေမကောင်းဖြစ်နေတယ်
စကားမကျန်အောင် ပြောရရင်တော့ ပြုစုရတာလဲ မောင်ပဲ
မမကွမ်ကတော့ ပြောမယ်
မောင်တွေသိပ်များတယ်လို့
တကယ်ကတော့ တယောက်ထဲပါ

January 11, 2011 7:38 PM
Rita said...

မှားပါတယ် မောင်ရယ်

January 11, 2011 10:27 PM
JulyDream said...

သူဌေးမကြီး မရီတာက BMW ကြီးနဲ့ ရုံးသွားနေတာကိုး... အားကျလာပြီနော်... ဂလု.....

January 13, 2011 3:56 PM
hninhnin said...

I like ur BMW.I don't want to discuss about moving house bcos i've to move from country to country.I don't even want to look at the boxes at least 6 months.But.....u know who has to manage it.C'est la vie,c'est la vie.:)...Gyidaw

January 17, 2011 10:31 PM
Rita said...

ကြီးတော်ကို တွေ့တွေ့နေတာ ကြာပြီ။ ခုထိ ဘယ်သူမှန်းမသိသေးဘူး။ စတည်းက မသိတဲ့လူပဲဖြစ်မယ်။

=D

January 18, 2011 10:34 AM
Lun Lunn said...

Ma Rita,

I have never encountered this difficulty as I am a housing agent ... :)

January 20, 2011 5:27 AM
Rita said...

housing agent ဆို အိမ်မပြောင်းရဘူးလား
=)

စကားမစပ် နောက်တခါပြောင်းရင် ဆက်သွယ်လိုက်မယ်။

January 20, 2011 9:48 AM
Lun Lunn said...

Ma Rita,

I also have to move out after I am sick and tired at old house but I have more chance to choose a nice house with reasonable rent.

Do u agree?

Regards,

January 20, 2011 8:28 PM
AZURE said...

BMW နဲ့ သွားမှ ရောက်တယ် ဆိုတဲ့ စကားလေး သဘောကျတယ်..။

January 24, 2011 11:38 AM
Su Su said...

"မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ " love it.

February 11, 2011 8:57 AM

Wednesday, December 29, 2010

စိတ်ကူးယဉ်ကောင်းကင်



လွန်ခဲ့သော 14 နှစ် လောက်ဆီက သူ အတွေးထဲ ဝင်လာခဲ့သည် ထင်၏။

အဲဒီအချိန်မှာ ဒါကို တွေးဖို့ သိပ်စောခဲ့သလား၊ ဒါမှမဟုတ် ပုံမှန်ပဲလေလား ကိုယ် မသိပါ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ ဒါကို ဆုံးဖြတ်နိုင်မည့် ပညာရှင်တို့အတွက်သာ ဒီအချက်က အရေးကြီးချင်ကြီးမည်။ စိတ်ကူးထဲက ဒီအကြောင်းတွေ ပြန်ရေးမည့် ကိုယ့်အတွက်တော့ ဘယ်အချိန်မှာ ကိုယ့်အတွေးထဲ ဝင်လာသလဲဆိုတာသာ
အဓိကကျတော့သည်။

ပြာလွင်သော အိပ်မက်တစ်ခုလို့သာ တင်စားချင်မိ၏။
ပန်းရောင်လွှမ်းသော ကိုယ်ပိုင်အခန်းထဲ ချဉ်းနင်းလာမည့် ကောင်းကင်မျက်နှာကျက်လေးတစ်ခုလိုပေါ့။ ကိုယ့်ကမ္ဘာထဲ နောက်ထပ်ဝင်လာမည့် အသွေးအရောင်ကလေး။ အသစ်အဆန်း အပြောင်းအလဲကိုသာ အလိုရှိတတ်လို့ ကိုယ်ဟာ အပြာရောင်ကောင်းကင်ကလေးအဖြစ် စိတ်ကူးတွေးထင်လိုချင်ခဲ့မိသည်လား မသိ။

နူးညံ့ပျော့အိကာ မွေးညင်းနုများဖုံးနေမည့် လက်တဖက်ကို ဖွဖွ ပွတ်သတ်ကြည့်မိလျှင် အနည်းငယ် ကြမ်းရှသော အထိအတွေ့ကြောင့် ထိတ်လန့်လေမည်လား။ သူ ဆတ်ခနဲ လှုပ်သွားမည်ဆိုလျှင်တော့ ကိုယ်ပါ ရောယောင်လန့်ကာ ခဏကြာမျှ မထိရက် မတို့ရက် မထိရဲ မကိုင်ရဲ ဖြစ်နေဦးမည်။ အလင်းရောင်ကို ကျင့်သားမရသေးသည့် မျက်လုံးများဖြင့် ကိုယ့်ကို လှမ်းကြည့်လေမည်လား။ ဒါဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကိုယ်အပိုင်ရလိုက်သလို ဖြစ်တော့မည်။ သေချာတာကတော့ သူ့အသံသဲ့သဲ့အားဖြင့် တညီးညီးတောက်လောင်ချင်သော ဘဝင်စိတ်များငြိမ်းသွားပေလိမ့်မည်။ ကိုယ့် လက်သန်းကလေးတစ်ချောင်းကို သူလက်ဖဝါးပြင်ထဲထည့်ကာ ဆုတ်ကိုင်စေချင်မိသည်။ ဘယ်လောက်များ နုအိနွေးထွေးလေမလဲ။

ကိုယ်နှင့်တူသည့် နှုတ်ခမ်းပါးလေးများရှိလိမ့်မည်။ မဟုတ်လျှင်တော့ ခပ်စူစူ ထူတွဲသည့် နှုတ်ခမ်းကလေးနှင့် ဖြစ်မှာပေါ့။ နှာတံပေါ်ပေါ်... ဒါတော့ သေချာသည်။ ပြီးတော့ ကိုယ်နှင့် မတူလျှင် နဖူးပြင်ကျယ်လိမ့်မည်။ ကိုယ်နဲ့ဘယ်နှစ်ရာခိုင်နှုန်းတောင် တူမှာလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းက မတူဘဲ ဖြစ်မှာလဲ၊ ဘယ်နှစ်ရာနှုန်းလောက် တူမှ ဒါမှမဟုတ် မတူဘဲနေမှ ပြီးပြည့်စုံတဲ့ ကောင်းကင်လေးဖြစ်မှာလဲဟု တစိမ့်စိမ့် တွေးမိပြန်သည်။

အင်းလေ ဒါတွေ သိပ်အရေးမကြီးပါဘူး။ ကိုယ်နဲ့ မတူလည်း ချစ်ရသူနဲ့ တူနေမှာပေါ့။ သူ့မှာ ဘာများ ရွေးစရာရှိလို့လဲ။ တစ်ခုပဲ၊ မျက်ခုံးထူထူတော့ မဖြစ်နိုင်ချေ။

ကိုယ် လုံးဝ မကြိုက်သည့် သကြားလုံး၊ ချော့ကလက်တွေကို သူ သိပ်များကြိုက်နေမလား။

အစဦးဆုံးနေ့ရက်တွေမှာ သူ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ရှိလိမ့်ဦးမည်။ သို့သော်လည်း ဒါတွေ တွေးလို့ မစိုးရိမ်ချင်သေး။ ကိုယ့်ကို ဘာမှန်းမသိသည့် တစိမ်းသက်သက်ကနေ သိသိမှတ်မှတ်ကြည့်ကာ မှတ်သားပြီး၊ မှတ်မိလာတဲ့ အပြုံးကလေးတွေလည်း ကြည့်မြင်ရလိမ့်မည်။ တကယ့်ကိုပဲ ကိုယ့်လိုအင်ဆန္ဒတွေကို နှစ်သိမ့်စေလိမ့်မလားကွယ်။

ဒီလိုနဲ့ပဲ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာချိန်ကျလေမည်။

သူကလေးဟာ ပျော်မြူးစရာကိုသာ ရှာတတ်လေမည်လား၊ ကိုယ့် အနှစ်သက်ဆုံး စာအုပ်ထဲက Tai-chan (Taiji Yamanouchi) လို စူးစိုက်တည်ကြည်ကာ ရည်မှန်းချက် ကြီးလေမည်လား။

သူဘာလဲဆိုတာ စောစီးသေချာစွာ ရိပ်မိသိရှိနိုင်ဖို့၊ ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်စွာ ဖေးမပေးနိုင်သူ ကိုယ် ဖြစ်လိုလှသည်။ ဘာပဲဖြစ်ဖြစ် ထိုအခိုက်အတန့်မှာတော့ နှစ်ပေါင်းများစွာ မသက်ဆိုင်သလိုဖြစ်နေခဲ့သည့် ပစ္စည်းပစ္စယများ၊ ကစားကွင်း နဲ့ ပန်းခြံ၊ ဆီးဆော၊ လျှော နဲ့ ဒန်းလို ပစ္စည်းများက သူနှင့်တွဲကာ ကိုယ့်ကို တရင်းတနှီး ပတ်သတ်လာလေဦးမည်။ အမှတ်တမဲ့ဖြတ်ကျော်လာနေကျ ထိုပစ္စည်းများအား အမှတ်ထင်ထင် ပြုံးရယ် ငေးကြည့်မိစေဦးမည်။

သူ့ကို သင်ကြားဖို့ ကြိုးစားရင်း၊ သူ့ဆီကလည်း မဆုံးနိုင်အောင် ပြန်လည်သင်ယူရပေဦးမည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ်ဟာ တလွဲတချော် အမှားများလည်း လုပ်မိဦးမည်။ ချစ်ခြင်းဆိုတာကိုက သင်ကြားတတ်မြောက်ရတာ မဟုတ်လားလေ။ ချစ်ခင်နှစ်လိုစိတ်နဲ့ ယှဉ်တော့ တာဝန်ဆိုတာ သူမတူအောင် ချိုမြိန်မှာပါပဲဟု ထိုတခဏမှာ ဘယ်သူမှ အတည်ပြုပေးစရာမလိုအောင် ယုံကြည်မိပြန်၏။

ဒီလိုနဲ့ပဲ အချိန်ကာလတွေ ကုန်ဆုံး၊ သူဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရမည့် ချစ်မြတ်နိုးစရာ အဖြစ်ကနေ၊ အားကိုးတွယ်တာရမည့် ဂုဏ်ယူဝံ့ကြွားစရာ အဖြစ်သို့ ပြောင်းလဲသွားမည်။ သွားလေရာ ကိုယ်မပါနိုင်သော်လည်း ကိုယ့်မေတ္တာတရားများ ပါသည်ဟူသော ယုံကြည်စိတ်ဖြင့် သူ့အား ခိုင်မတ်စေလိုလှ၏။ သူ နာကျင်လေတိုင်း နှစ်သိမ့်မည့်၊ သူ လဲကျလေတိုင်း ထူမတ်မည့်၊ သူ ပြန်လာချိန်တိုင်း ကြိုဆိုမည့် နေရာတစ်ခုအဖြစ် လုံခြုံစေလိုလှ၏။

နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာရုံသာမက၊ ကိုယ့်မျက်စေ့အောက်ကနေပါ ထွက်ခွာသွားပေလိမ့်မည်။

တကယ်တော့ ဒီဖြစ်စဉ်တွေကို လူပေါင်းများစွာ ကြုံဖူးခဲ့ကြပြီးပြီ။
သို့သော် ကိုယ့်ကျမှ ထူးဆန်းနေလေမည်လားဆိုတာ ထုံးစံအတိုင်း တွေးမိပြန်သည်။ ဘယ်သူတွေ ဘယ်လို သက်တောင့်သက်သာ ဖြတ်ကျော်လို့၊ ဘယ်သူတွေ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသလဲ။ ဒါကိုက ဘဝထဲက ဖြစ်ရပ်မှန်အနုပညာတရပ် ဖြစ်ပေမည်။

အရိပ်ကြည့် ချစ်မြတ်နိုးခဲ့ရသည့် အရာတစ်ခုကို လက်လွှတ်ရမည့်အချိန်မှာ နှစ်သိမ့်ဖြေသာစရာ အကြောင်းတစ်ခု ရှိဖို့တော့ အနူးအညွတ် မျှော်လင့်ချင်မိသည်။

***
သူ့ကို တချိန်ချိန်မှာ တွေ့မြင်ထွေးပွေ့ရမည်ဟု စိတ်ကူးဖြင့် ကြိုရူးခဲ့ရုံမျှသာ...

***
pic from here

Friday, December 3, 2010

ထိခိုက်လာသော စကားလုံးများ




"... တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့် မျက်လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲ ရှိကြလေသည်။ သည်တဒင်္ဂသည်ပင် မအိမ်ကံ၏ ဘဝတွင် အရိပ်များစွာ ထိုးခဲ့ပါ၏။ ဘဝ ဘဝက ပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခဏအတွင်း၌ပင် ဝင်းကနဲ ပြက်လိုက်သော လျှပ်စီးကဲ့သို့ ရှိလေပြီ။...
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြ၏။"

(ခင်ခင်ထူး ရဲ့ မအိမ်ကံ)

Bishan မှာနေတုန်း blog တောင် စမရေးခင်မှာ ရွှေအမြုတေ ဖတ်ဖြစ်တုန်းကပေါ့။

အစကတည်းက မီပေမယ့် အခန်းဆက်ကို မျှော်တလင့်လင့် မလုပ်ချင်တာနဲ့ စ မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်လပြီး တစ်လ ဝယ်မိရင်းနဲ့ လနည်းနည်းကျော်ပြီးမှ အမြည်းဖတ်မိတယ်။ နောက်ထပ် ၃ ပိုင်းလောက်ထိ ဖတ်ပြီး စာအုပ်လည်း ဆက်မဝယ်ဖြစ်တော့ပါဘူး။

အထက်က စာပိုဒ်က မအိမ်ကံ နဲ့ ကျောင်းဆရာလေး ကိုပြေသိမ်း စတွေ့တဲ့ အခန်းကို ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ 2001 လောက်က စလို့ ခံစားချက်နဲ့ ယှဉ်ပြီး၊ စာရော ကဗျာရော မရေးဖြစ်တော့တာဆိုတော့ ၇ နှစ်လောက်တောင် အဆက်ပြတ်နေပြီ ပြောလို့ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ပြန်ရေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်နေမိတယ်။

အဲဒီအခန်းလေးကို ဖတ်ရတော့ စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်သွားပြီး စာပြန်ရေးချင်စိတ်နဲ့ ရင်တောင်ခုန်လာသလို။

"
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသလို" ဆိုတာကို မကြာခဏ သတိရမိတယ်။

နောက် အခန်းဆက်ရေးဖြစ်တော့ အဲဒီစာသားလေး ဖတ်ရတုန်းက emotion ကို ပြန်သတိရပြီး အခန်းတခန်း ထည့်ရေးမိတယ်။ ဇာတ်ကောင်နှစ်ယောက် စတွေ့တဲ့ အခန်းမှာ။

***
တခါတခါ ဘာမှဟုတ်တဲ့ အကွက်လေးတွေက မိမိရရ ထိခိုက်လာတာ ရှိတယ်။ အဲဒီအခါ အချိန်တွေ အကြာကြီး မေ့မသွားဘဲ ပြန်ပြန်သတိရပြီး၊ စိတ်ထဲစွဲနေတော့တယ်။

"
ဘာဖြစ်မှန်းတစ်ကယ်ကိုယ်မသိခဲ့ပါဘူး. ကြာလာတော့စိတ်ထိခိုက်လာတယ်။ ဘာဖြစ်တာလဲ။ ဘာသဘောလဲ .တစ်ကယ်နားမလည်နိုင်ပါဘူး. မှတ်မှတ်ရရ..ကျောင်းစာသင်ခန်း theater ထဲက စားပွဲခုံတစ်ခုမှ မှောက်ပြီး တော်တော်ကြာအောင်ငြိမ်သက်ဝမ်းနည်းဘူးခဲ့တယ်။ နားမလည်နိုင်လွန်းလို့။"

အဲဒီ အကွက်ကလေးကိုလည်း ဖတ်ပြီးကတည်းက ခဏခဏ သတိရမိအောင် စွဲနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့
ဘာမှ မတတ်သာဘဲ လက်လျော့လိုက်ရတဲ့ အားမလိုအားမရ ခံစားမှုကို အဲဒီ တကွက်တည်းကနေ ဖောက်ထွင်းပြီး မြင်ယောင်လိုက်မိလို့။

***
နောက် ခုလောလောဆယ်
Boku No Imoto ဆိုတဲ့ ဂျပန်ကားတစ်ကားကြည့်မိတော့ (ကား သိပ်မကောင်း) ပြကွက်ကလေးတချို့က လာထိတယ်။

အစ်ကိုဖြစ်သူ surgeon ကို ညီမကလေးက "ငယ်ငယ်တုန်းကပေါ့..." "ဟိုးတုန်းကပေါ့..." "အဲဒီတုန်းကဆိုရင်လေ..." ဆိုပြီး အကြောင်းအရာတခုခုကို ပြန်ပြန်ပြောတဲ့ အခန်းတချို့ပါတယ်။

အဝေးမှာရောက်နေတုန်း (ကိုယ်တိုင်လည်း အဝေးမှာ၊ ကိုယ်နဲ့ သိကျွမ်းပတ်သတ်ခဲ့သူတွေလည်း သိကျွမ်းခဲ့ကြတဲ့ နေရာဌာနတွေနဲ့ အဝေးမှာ) ဆိုတော့ ဟိုးတုန်းကလို့ အစချီပြီး လွမ်းလို့ကောင်း၊ ပြောလို့ကောင်းနေချိန်မှာ ကြည့်မိတော့ အဲဒီလိုပုံစံမျိုးနဲ့ စာပြန်ရေးချင်လိုက်တာလို့ ဖြစ်မိတယ်။

***
တခါတခါ စွဲမိတာတွေက ဘယ်ကဆိုတာ မှတ်မိပြီး သိနေရင်တော့ ကောင်းပါရဲ့။
တခါတခါကျ စိတ်ထဲမှာ စွဲနေတာတွေကို ကိုယ့်ဟာလို အထင်ရောက်ပြီး ထည့်သုံးမိတာ ရှိသေးတယ်။

ခုပဲ ဝိုင်ဝိုင်းသီချင်း နားထောင်ရင်းနဲ့ ဖျတ်ခနဲ ကြားမိတယ်။

***
အဲလိုပဲ ပြီးခဲ့တဲ့ အပိုင်းဟောင်းတွေထဲမှာ ဝင်းဝင်းလတ် "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" ထဲက စကားတလုံး ပါသွားဖူးသေးတယ်။

"လတ်တလောရထားသော ဘဝပေး အသိဖြင့် ကိုယ့် နားထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့၏။" ဆိုတာ...

အကုန်လုံး မတူပေမယ့် အဲဒီသဘောမျိုးပါပဲ။

***
emotion တွေ ထိခိုက် ကူးစက်ပြီး စာရေးဖြစ်ရတာမှာ အရသာတမျိုးရှိတယ်။

***
photo from here

Saturday, July 3, 2010

သေကြောင်းကြံသူများ

ဒီရက်ပိုင်း မအားတဲ့ကြားက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူတွေအကြောင်း တွေးနေမိတယ်။
လေးလေးပင်ပင် ထိုင်းထိုင်းမှိုင်းမှိုင်းတွေ မဖြစ်ချင်ရင်တော့ ဆက်မဖတ်ပါနဲ့။ ခေါင်းစဉ်ကို တိုက်ရိုက် မသုံးဘဲ၊ သွယ်ဝိုက်တဲ့ စကားလုံး ရှာဦးမလို့ပါပဲ။ ဒါပေမဲ့ ဒီလို အကြောင်းအရာမျိုးကို မဖတ်ဘဲနေချင်သူတွေ ရှောင်နိုင်အောင် post မှာ ဘာပါမလဲ ဆိုတာကို သိသာစေတဲ့ ခေါင်းစဉ်မျိုးပဲ ရွေးလိုက်ပါတယ်။

Winter Sonata
က ဒုတိယမင်းသား လောလောလတ်လတ် ဒီနည်းလမ်းကို သုံးသွားတဲ့ သတင်းကြောင့် စတွေးမိတာပါ။ အဲဒီကားနဲ့ အဲဒီမင်းသားကို သေချာသိထားခဲ့တော့ ပိုလို့ ခေါင်းထဲရောက်လာတယ်။ သူ့ပရိသတ်တော့လည်း မဟုတ်ပါဘူး။ ထားပါတော့။

ဒီကိစ္စနဲ့ ပတ်သတ်လို့ မှတ်မှတ်ထင်ထင် အတွေးထဲရောက်လာတာ ('92) ၆ တန်းလောက်ကပါ။ မြားနတ်မောင်မဂ္ဂဇင်းမှာပါတဲ့ လွန်းထားထား ရဲ့ ဝတ္ထုတို တစ်ပုဒ်က။ (အဲဒီတုန်းက သူ့ဝတ္ထုတွေ သိပ်လည်း မပြင်းထန်သေးဘူး) မဂ္ဂဇင်း အထူးထုတ်ထဲမှာ ပါခဲ့တာဖြစ်လို့၊ ဆိုခဲ့တဲ့ ဝတ္ထုတိုမှာ ဝတ္ထုနဲ့ ပတ်သတ်တဲ့ စာရေးသူရဲ့ အမြင်ကို ရေးထားတာပါ ပါတယ်။

သူက ဒီလို လူမျိုးတွေ နဲ့ အဲဒီလူတွေ ဒီလမ်းကြောင်းကို ဘာကြောင့် ရွေးချယ်ကြတာလဲ၊ ဒီလိုလုပ်ခါနီးအချိန်မှာ သူတို့စိတ်အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း စိတ်ဝင်စားတဲ့အပြင် သူနဲ့ နီးစပ်တဲ့ အသိမိတ်ဆွေအစ်မတစ်ယောက် ဒီလို ဖြစ်သွားတော့ အတော်စိတ်မကောင်းဖြစ်ပြီး အဲဒီဝတ္ထုတိုကို ရေးဖြစ်တယ်လို့ ဆိုတယ်။ အဲဒီအဖြစ်မျိုးကို သူ့မိတ်ဆွေအပေါ်မှာ မဖြစ်စေချင်လို့ ဇာတ်သိမ်းကိုတော့ တမျိုး လှည့်ထားပါတယ် ဆိုတယ်။ (သူ့ဝတ္ထုထဲက ဇာတ်ကောင်က အဲဒီအဖြစ် မရောက်ခင်မှာ လှည့်ထွက်လာနိုင်ခဲ့တဲ့ပုံ ရေးထားပါတယ်)

ဝတ္ထုတိုမှာ ပြောသွားတာလား၊ သူ့အမှာစာမှာ ပြောသွားတာလား မမှတ်မိပေမယ့် စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အကြောင်းတစ်ခုတော့ရှိတယ်။ အဲဒါ "သူတို့တွေဟာ ကျန်ရစ်သူတွေကို (အထူးသဖြင့်ကတော့ သူတို့ကို ဒီလို အဖြစ်မျိုး ရွေးချယ်ဖို့ အကြောင်းဖန်လာစေသူကို ဖြစ်မှာပေါ့) သူတို့အဖြစ်အတွက် နောင်တရပြီး ကျန်ခဲ့စေချင်တဲ့ ဆန္ဒမျိုးရှိကြတယ်" ဆိုတာပါ။

***
နောက်တခေါက်ကတော့ ၁၀ တန်းအောင်ပြီးမှာ ဖတ်ရတဲ့ ကြည်အေး ရဲ့ "နွမ်းလျအိမ်ပြန်" မှာ။ ကိုယ့်ကိုယ်ကိုယ် ရေထဲဆင်း သေဖို့လို့ မြရာကုန်းချောင်းနား သွားသွားကြည့်နေပြီးမှ မအောင်မြင်ဘဲ ပြန်ပြန်လှည့်လာခဲ့တဲ့ တင်မေ။ အဲဒီထဲက အတွေးအရေးကလေး တစ်ခုတော့ စွဲနေတုန်းပဲ။ လူဟာ မသေခင်ခဏမှာတော့ ဘဝကို တွယ်တာတဲ့ ဇောနဲ့ ကြောက်လန့်ရုန်းကန်မိမှာပဲ... အဲဒီတခဏကို မာနနဲ့ ယှဉ်တွေးပြီး ရှက်နေမိလို့ ချောင်းထဲဆင်းဖို့ တွန့်ဆုတ်ခဲ့ရတယ် ဆိုတာ...

"တင်မေ ရေထဲ ကျသွားလျှင် ခုလိုပင် အသံမြည်၊ ရေပန်းစင်၊ ဂယက်ထ၊ မြုပ်ချီပေါ်ချီဖြစ်ကာ... နောက်ဆုံး နစ်ပြီး၍ သုံးလေးရက်ကြာသော်... ခုန ဇလပ်သီးလိုပင် ရေပေါ် ပေါလောပေါလော မျောလိုရာကို မျောရပေမည်။ တစ်ခုပဲ ကွာမည်။ မိမိက သက်ရှိသတ္တဝါဖြစ်၍ သေခြင်းနှင့် ရှင်ခြင်းကြားထဲက အလွန်တရာ သေးငယ်လှသည့် အချိန်ကလေးမှာ နောင်တတရား ဖြစ်ပေါ်ပြီး ကြောက်ရွံ့ရုန်းကန်မှု ရှိချင်ရှိလာမည်။ သည်တစ်ချိန်ကလေးကို မုန်းကာ သတ်သေဖို့ရာကို တင်မေ မာနကြီးခဲ့ခြင်း ဖြစ်လေသည်"

လူတစ်ယောက်ရဲ့ အဇ္ဈတ္တကို ပြဆိုတဲ့ အဲဒီ အတွေး နဲ့ အရေးဟာ ဘယ်လောက်များ အနုစိတ်လိုက်ပါလိမ့်။

***
နောက်တခေါက်ကတော့ တကယ့် အဖြစ်အပျက်ပါပဲ။

သူ့ကိုစသိတော့ ကိုယ်ကျောင်းမပြီးခင် တစ်နှစ်/ နှစ်နှစ်လောက်က ထင်ပါတယ်။ အတိအကျ မမှတ်မိတော့ဘူး။ ကိုယ့်အဒေါ်နဲ့ ဝန်ကြီးဌာနတူ။ သူက နယ်မှာ တာဝန်ကျရာကနေ၊ အခန်းချင်းကပ်ရပ်က ကိုယ်တို့ရဲ့ အသိတစ်ယောက်နဲ့ အတူတူ နိုင်ငံခြား သင်တန်းတစ်ခုသွားကြဖို့ ဖြစ်လာတော့ အိမ်မှာဝင်ထွက်ရင်း သိကြတာ။

သူ့အမျိုးသားနဲ့ သူနဲ့လည်း တကျောင်းတည်းထွက်၊ အမျိုးသားက တခြားဘက်က ရာထူးကြီးကြီးနဲ့။ ကလေး ၃ ယောက်လည်း ရှိတယ်။ သူ့အမျိုးသားက ကိုယ်တို့ နယ်ဘက်မှာ ငယ်ငယ်က နေခဲ့ဖူးတယ်ဆိုတယ်။ ကိုယ့် အဒေါ်ထက် ဂျူနီယာကျပေမယ့် အဒေါ်ကိုလည်း သိတယ် ဆိုတယ်။ ဒီလိုပဲ သူတို့ မသွားခင် ပြင်ကြ ဆင်ကြတာတွေနဲ့ အိမ်ကိုလည်း ဝင်ထွက် ဆွေမျိုးစပ် နေကြတာဆိုတော့ မှတ်မှတ်ထင်ထင်ပဲ။

နောက် ကိုယ် နောက်ဆုံးနှစ်မှာလား၊ ကျောင်းပြီးကာစလား မသိ။ သူ suicide လုပ်တဲ့ သတင်းကို ကြားရတယ်။ ဒီလိုကိစ္စနဲ့ ပတ်သတ်လို့ ပထမဆုံး နီးနီးစပ်စပ် ပတ်သတ် မြင်တွေ့ခဲ့ရတဲ့ထဲကဆိုတော့ ကြားကာစမှာ ရှော့ခ်တောင်ရချင်တယ်။ အကြောင်းရင်းကို သိတော့ ပိုဆိုးရောပဲ။ စက်ရုံမှာ သူတာဝန်ယူရတဲ့ အပိုင်းက စက်အသစ်တစ်ခု ပျက်စီးတာနဲ့ ဆိုင်တယ် ဆိုတယ်။

ကာယကံရှင်က လူကြီးတစ်ယောက်ဖြစ်တော့ ကျန်တဲ့ သတင်းတွေကို လူကြီးတွေဆီကပဲ တဆင့် သိခဲ့ရတယ်။ သိရသမျှမှာတော့ ပြဿနာကို ဒီလိုနည်းနဲ့ ဖြေရှင်းရလောက်တယ်လို့ ခုထိ မထင်မိဘူး။ ပြီးတော့ ကမ်မီကယ်နဲ့ ပြီးထားတဲ့သူ တစ်ယောက်၊ သုံးသွားတဲ့ ပစ္စည်းက ဆာလဖျူရစ်အက်ဆစ်။ ကလေးတွေ စာမေးပွဲ နီးချိန်မှာ။

ဘဝမှာ အတော် တုန်လှုပ်ခဲ့ရတဲ့ သတင်းပဲ။
ဗမာပြည်ရဲ့ အကောင်းဆုံးကျောင်းက ထွက်တဲ့သူတစ်ယောက်။ ဘာမဟုတ်တာလေးနဲ့။
စိတ်ရှိတိုင်းသာ ပြောရရင်တော့ တနွယ်ငင်တစင်ပါ ဖြစ်ကုန်တော့မှာပဲ။ (ကိုပေါ ပို့စ်တစ်ခုက comment တစ်ခုမှာ အဲဒီအကြောင်း စာဖတ်သူတစ်ယောက်က ပို့စ်နဲ့ ဆက်စပ်လို့ လာရေးသွားတာ ဖတ်ခဲ့ရဖူးတယ်)

အဲဒီလိုတွေ ကြားတိုင်းမှာ စိတ်မသက်မသာနဲ့ ကိုယ် အမြဲ စဉ်းစားမိတာ တစ်ခုရှိတယ်။
သူတို့ ဘာကြောင့် သက်တောင့် သက်သာနည်းကို မသုံးကြတာလဲ ဆိုတာ...
အဲဒီအခါ လွန်းထားထားရဲ့ ပြောသွားခဲ့တဲ့ msg က ဝင်လာတယ်။
"သူတို့က ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..."
တဲ့။
သက်သက်သာသာ ဖြစ်သွားပါတယ်လေ လို့တောင် ဖြေမတွေးစေချင်လောက်အောင် နောင်တရစေချင်ခဲ့တာများလား။

မဗေဒါ Park Yong Ha အကြောင်းရေးတော့ သူ့ဘလော့မှာ အထက်က လွန်းထားထားရဲ့ အဆိုကို မှတ်ချက်သွားရေးခဲ့သေးတယ်။ မဗေဒါ ပြန်ပြောတဲ့ အချက်မှာ "သူတို့အနေနဲ့ ကျန်ရစ်ခဲ့သူတွေရဲ့ စိတ်ကို ဆုံးဖြတ်လို့ မရနိုင်ဘူး" ဆိုတာရယ်၊ "သူတို့ သေချင်လောက်အောင် စိတ်ဓါတ်ကျနေချိန်မှာ ခံစားချက်မှန်သမျှကို ဖွင့်ဟပြောပြလို့ရနိုင်မယ့်သူ တစ်ယောက်ယောက် အနားမှာသာ ရှိနေခဲ့ရင် ဒီအဖြစ်မျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်" ဆိုတာရယ်ကို သဘောတူမိတယ်။

သွားနှင့်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေရဲ့ "ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..." ဆိုတဲ့ စိတ်အနေအထားကိုလည်း ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးပါလိမ့်။

***
မနှစ်ဆီက ကြည့်ဖြစ်တဲ့ Taxi Driver ကားကိုလည်း သတိရတယ်။
အဲဒီထဲက Robert Deniro ရဲ့ အပြုံးကို တော်တော်နဲ့ မျက်လုံးထဲက မထွက်ဘူး။ ပတ်ဝန်းကျင်နဲ့ တသီးတခြားဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမှတ်ထင်နေတဲ့ လူတစ်ယောက်ရဲ့ ပြိုကွဲနေတဲ့ အပြုံးမျိုးကို သူ ဘယ်လိုများ ပြုံးတတ်ပါလိမ့်လို့ တွေးရင်း သူတို့ သရုပ်ဆောင်တဲ့ အတတ်ပညာကိုလည်း တုန်လှုပ်ချီးမွမ်းမိပါတယ်။ အဲဒီကားက ကိုယ်ကြိုက်လေ့ရှိတဲ့ ရုပ်ရှင်အမျိုးအစားလည်း မဟုတ်ပါဘူး။ ကြည့်ပြီး မကြိုက်ပေမယ့် မမေ့နိုင်ဘဲ သတိရနေတတ်တဲ့ အမျိုးအစားပါပဲ။

ကိုယ့်ဘာသာ လုပ်ကြံတယ် ဆိုတာ သေချင်လို့ ဆိုတာထက်
* သူတို့ ရှင်သန်ခဲ့တယ် ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်ကို prove လုပ်ချင်တာ၊
* အသက်ရှင်စဉ်တုန်းက သူတို့ကို မေ့ထားတယ်လို့ သူတို့ထင်မြင်တဲ့ ပတ်ဝန်းကျင် (ဒါမှမဟုတ်) သူတို့ကို နာကျင်စေခဲ့တဲ့ ပတ်ဝန်းကျင်ကို သူတို့ ရှင်သန်ခဲ့တဲ့အကြောင်း ဂရုပြုမိစေချင်တာ၊
* တနည်းအားဖြင့် ရှင်စဉ်က ဂရုမစိုက်ခဲ့မိလေခြင်း၊ မှားလေခြင်းလို့ နောင်တပူပန်လို့ ကျန်နေခဲ့စေချင်တယ် ဆိုတာဟာ ကျန်ရစ်သူတွေအတွက် ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးဖြစ်ဖြစ် သူတို့ကတော့ အဲဒီလို တွေးသွားခဲ့မှာပဲလို့ လက်ခံမိတယ်။


***
အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ ကိစ္စကိုတော့ ကိုယ့်အနေနဲ့ ယုံတယ်လည်း မဟုတ်၊ မယုံဘူးလည်း မဟုတ်တော့ ပြောစရာ မရှိလှပါဘူး။

ဒါပေမဲ့ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘယ်အရာမဆို ကောင်းဆိုး၊ နိမ့်မြင့်၊ တက်ကျ ဆန့်ကျင်ဘက်တွေကို ရောမွှေလို့ ရင်ဆိုင်ရတာပဲ ယူဆမိတော့... ငြင်းပယ်သူ ရှိရင် လက်ခံသူ ရှိမယ်။ မေ့လျော့သူရှိရင် သတိရအောက်မေ့သူ ရှိမယ်။ မုန်းသူ ရှိရင် ချစ်သူ ရှိမှာပဲ။

ဆိုတော့... သွားနှင့်သူတွေအနေနဲ့ ခံစားစေချင်သူတွေကို သူတို့ ခံစားစေချင်တဲ့အတိုင်း လုပ်သွားနိုင်တယ်ပဲ ထားပါတော့... တဖက်မှာ သူတို့ မခံစားစေချင်တဲ့သူတွေမှာလည်း သူတို့ မခံစားစေချင်တဲ့ပုံစံနဲ့ ခံစားနေရလိမ့်ဦးမယ် ဆိုတာကို မမေ့သင့်ဘူး။ ဥပမာ - ရန်သူတွေကို နာကျင်စေနိုင်ခဲ့တယ် ဆိုရင် မိတ်ဆွေတွေမှာလည်း ပူဆွေးနေရဦးမယ်။ ကိုယ်ချစ်ခင်ရသူတွေကို နောင်တရစေချင်တာဆိုရင်လည်း မုန်းတီးရသူတွေက ဝမ်းသာကြလိမ့်ဦးမယ်။

လဲဖို့ရာ မတန်ပါဘူး။

***
ဆက်မရေးချင်တော့ဘူး။

"(ယုံကြည်ရတဲ့ သူငယ်ချင်းက စိတ်ကျရောဂါကို ထိထိရောက်ရောက် ပျောက်စေနိုင်တယ် ထင်တာပဲ)

ဟုတ်တယ်။
အဲဒါကို ကိုယ်လည်း ယုံကြည်တယ်။
သူတို့ အဲလို ဖြစ်ခါနီးမှာ နွေးထွေးမှု တခုခု ယုံကြည်မှီခိုရာ တခုခုကို ရလိုက်ရင် သူတို့ အဲဒီလမ်းကြောင်းကနေ လွဲသွားမယ် လို့ ယူဆမိတယ်။"

(အဲဒါ မဗေဒါဆီမှာ ရေးဖြစ်ခဲ့တဲ့ comment ပါ)

***

Saturday, June 19, 2010

မရယ်ကြေး မလွမ်းကြေး

စ သိလို့မှ မကြာခင် "ကိုယ် အသက်လည်း သိပ်ရှည်မယ် မထင်ဘူး" လို့ အဆက်အစပ်မရှိ သူ ပြောချလိုက်တော့ ကိုယ် အံ့သြသွားခဲ့သည်။ ဒါ့ထက် အံ့သြစရာကောင်းတာက သူ့စကားအဆုံးမှာ ကိုယ့်အတွက် လက်လွှတ်ဖို့ ခဲယဉ်းသော တစုံတရာကို ဆုံးရှုံးရတော့မလို ဝမ်းနည်းခံခက်သွားခြင်းပင်။

"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ အဲလိုပြောရတာလဲ"


"အော် ကိုယ့်ကိုယ်ကိုယ် သိနေလို့ပေါ့"


ဘယ်လိုလုပ်ပြီး သိနေရပြန်တာလဲ လို့ ကိုယ် ဆက်မမေးဖြစ်ခဲ့ဘူး ထင်သည်။


"မင်း သေသွားရင် ကိုယ်တော့ သိပ်ဝမ်းနည်းမှာ"


သူ ဘာမှ မတုန့်ပြန်ပါ။


"မသေပါနဲ့။ အသက်ရှည်ရှည်နေစမ်းပါ"


"ဘာလဲ မြန်မြန်သေသွားရင် ဒုက္ခတွေက မြန်မြန် လွတ်သွားမှာ စိုးလို့လား၊ သိပ်မနာကျင်လိုက်ရမှာ စိုးလို့လား"


"ကိုယ် အဲဒီလိုပြောတာ မဟုတ်မှန်း မင်းသိပါတယ်"


သူ တိတ်ဆိတ်နေပြန်သည်။

"အသက်အရှည်ကြီး အကြာကြီးလည်း မနေချင်ပါဘူး။ ဘဝမှာ လုပ်စရာရှိတာတွေ လုပ်ပြီးသွားရင် မြန်မြန်ဆန်ဆန်ပဲ သေသွားလိုက်ချင်တယ်"

"ဟင့်အင်း... မင်း သေသွားရင် ကိုယ်တော့ ငိုမှာပဲ"

"မငိုနဲ့။ ငိုတတ်တဲ့ မိန်းမတွေကို မုန်းတယ်။ မိန်းမတွေရဲ့ မျက်ရည်ကို မုန်းတယ်"


***
တခုခုဆို ဖတ်ခဲ့ဖူးတဲ့ စာတွေကို သတိရနေကျ ကိုယ့်မှာ "Dr Jose Rizal" အတ္ထုပ္ပတ္တိထဲက အကြောင်းအရာတစ်ခုကို ပြေးမြင်တော့သည်။

Rizal ဟာ
သူ့ကိုယ်သူ အချိန်မတန်ခင် ခပ်ငယ်ငယ်မှာပဲ သေရလိမ့်မယ် လို့ သိသည်တဲ့။
ငယ်စဉ်ကတည်းက ရုပ်ထုတွေလုပ်တမ်း ကစားရင်း အစ်မတွေကို ပြောတတ်သည်တဲ့။

"နောင်တစ်နေ့ကျရင် လူတွေဟာ ငါ့ရုပ်ထုကို ခုလိုပဲ ထုထားကြလိမ့်မယ်"

တကယ်ပဲ
Rizal အသက် ၃၅ နှစ်မှာ ဖိလစ်ပိုင်နိုင်ငံက သူ့ကို ဆုံးရှုံးခဲ့ရသည်။

ဟင့်အင်း...

တက်ကြွသော၊ လွတ်လပ်သော၊
ထက်မြက်ရဲရင့်သော၊ ထူးချွန်ဖြောင့်မတ်သော...
ဒါ့အပြင် လောက ပတ်ဝန်းကျင်ကို ထိရောက်စွာ အကျိုးပြုနိုင်သော၊ ငယ်ရွယ်ကျန်းမာသော လူငယ်လေးတစ်ယောက် လူ့လောက,ကနေ စောစောစီးစီး ထွက်ခွာသွားရတယ် ဆိုတာ ဘယ်လောက် မချိတင်ကဲ ဖြစ်စရာ အဖြစ်ပါလဲ။

***

စသိကြတဲ့ အခိုက်အတန့်မှာပဲ ဒီအကြောင်းအရာကို ဘာလို့ ရွေးချယ်ပြောဖြစ်ခဲ့တာလဲ ခု ပြန်တွေးတော့လည်း အဖြေမရှိပါ။

ကိုယ်ကရော ဘာဖြစ်လို့ သူနဲ့ ပတ်သတ်သည့် ဝမ်းနည်းထိခိုက်စိတ်ကို အမှန်တိုင်း ဖွင့်အံခဲ့ရတာလဲ မသိပါ။ တကယ်တော့ ကိုယ်သည် သူတစိမ်းတစ်ယောက်ကို ရင်းနှီး ကျွမ်းဝင်လွယ်သော၊ ရင်ထဲရှိသမျှ ဖွင့်ဟ ပြောဆိုလွယ်သောသူလည်း မဟုတ်ပါ။

ဒါဖြင့် ဘာကြောင့်များ ပြောထွက်ခဲ့တာလဲ။
မျက်မှောင်ကြုတ်လျက် ထပ်ကာ စဉ်းစားသောအခါ
အဖြေတစ်ခုက တိကျစွာ၊ မှန်ကန်စွာ...
ထို့ပြင် ဆန်းကြယ်လင်းချင်းစွာ ထွက်လာခဲ့၏။

"သူဟာ ကိုယ့်အတွက် စတွေ့ကတည်းက သူတစိမ်းတစ်ယောက် မဟုတ်လို့ပေါ့"

အတွေးအဆုံးမှာတော့ တိတ်ဆိတ်ပွင့်လင်းစွာ ကိုယ် ပြုံးမိသည်။

ဒါဖြင့် သူကရော...

***
အချိန်ကာလတွေ လွန်မြောက်သွားပြီးတဲ့နောက်တော့ ကိုယ်တို့ ဒီအကြောင်းကို နောက်တစ်ကြိမ် စကား မစပ်မိတော့ပြန်ပါ။ သို့သော် ကိုယ့်စိတ်ထဲမှာတော့ ထင်ကျန်နေဆဲ၊ တခါတခါ ပေါ်ထွက်လာပြီး နာကျင်စေဆဲ ဖြစ်သည်။

သူ ကျန်းမာရေးမကောင်းသည့် အခိုက်အတန့်ဆိုလျှင် ဘာမဟုတ်သည့် ဖျားနာခေါင်းကိုက်သတင်း ဖြစ်ပစေဦးတော့ သူ မမြင်နိုင်သည့်နေရာကနေ ကိုယ် မျက်နှာပျက်နေလောက်အောင်ပင် စိုးရိမ်ပူပန်ရှိခဲ့သည်။ အဲဒီအချိန်တွေကတော့ စာအုပ်တွေ ဖတ်ခဲ့ဖူးသမျှအတွက် နောင်တ အရမိဆုံး အချိန်တွေ ဖြစ်သည်။ ဂျုး ရေးသည့် နံရံ၏ အခြားတဖက် ဝတ္ထုမှာ ဇာတ်ကောင် မိန်းကလေးဟာ အပရိက ဖျားနာရာကနေ သေဆုံးခဲ့သည် မဟုတ်လား။

ဘာဖြစ်လို့များ စသိကာစ အချိန်တုန်းက ခုမှတွေ့သည့် မိန်းကလေးတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောခဲ့ရတာလဲ ဟု သူ့ကိုလည်း ပြန်မမေးကြည့်မိပါ။ အကြောင်းက သူ မကြိုက်မှာ စိုးသောကြောင့် ဖြစ်သည်။

ဟိုးလွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ပိုက်ဆံကို တခြားနေရာမှာ သုံးပစ်လိုက်လို့
ဆေးခန်းသွားပြဖို့ကို မသွားလိုက်ဘူး ဟု သတင်းကြားတော့ ကိုယ် ဝမ်းပမ်းတနည်း မျက်ရည်ကျချင်ကြောင်းလည်း သူ့ကို ပြန်မပြောပြခဲ့ပါ။ ဘာလို့ မျက်ရည်မကျခဲ့ဘဲ ကျချင်ရုံနဲ့ ပြီးသွားစေခဲ့သလဲဆိုတာတော့ ကိုယ် ပြန်ရှင်းပြဖို့ မလိုဘူးထင်သည်။

မျက်ရည်ကျလွယ်တဲ့ မိန်းမတွေကို သူ မကြိုက်ဘူး ဆိုသည်လေ။

အိမ်ကို ပြောပြပါလား ဟုလည်း သွားမပြောရဲ။
အဲလို ပြောတာကိုလည်း သူ မကြိုက်မှာသိနေလို့ ဖြစ်၏။

သူ မကြိုက်ဘူးဆိုသည့် အချက်တွေကလည်း ကိုယ့်အတွက်တော့ များပြားလွန်းလှသည်။

* ဝမ်းနည်းလွယ်၊ မျက်ရည်လွယ်တာ မကြိုက်၊
* စကားများတာ မကြိုက်၊
* သူ့အကြောင်းတွေ သူ မပြောဘဲ မေးတာ မကြိုက်၊
* သူများအကြောင်းပြောတာ မကြိုက်၊
* စပ်စပ်စုစု လုပ်တာ မကြိုက်၊
* ဖုန်းဆက်သည့်အခါ "ခု ဘယ်မှာရောက်နေလဲ၊ ဘာလုပ်နေလဲ" မေးတာကို မကြိုက်၊
* သူပြောသည့် အကြောင်းအရာတစ်ခုကို ချက်ချင်းနားမလည်ဘဲ တစ်ခုချင်း ပြန်မေးနေတာကို မကြိုက်၊

(အထက်က အချက်တွေကို ရှောင်ပေမယ့် သူမကြိုက်မှန်း သိသိနှင့် ကိုယ်လုပ်တတ်သည့် အချက်
တစ်ချက်တော့ ရှိသည်။ ဒါပေမဲ့ ဒီနေရာမှာ ထည့်မရေးတော့ပါ။ သူ မကြိုက်မှာ စိုးလို့ ဖြစ်သည်)

***
ခရီးဝေးတစ်ခု သူသွားတော့လည်း ရာသီဥတု အခြေအနေကြောင့် သူ့အတွက် စိုးရိမ်ပူပန်မိသည်။ ခရီးကြမ်းတစ်ခု သူသွားတော့လည်း ပင်ပန်းမှာ၊ ရေချိုးမှား အစားမှားမှာ ပူပန်မိသည်။ အလွန်အေးသည့် နိုင်ငံတစ်ခုသို့ ကျောင်းသွားတက်ရကောင်းမလား သူ ပြောတော့ "မင်းမှ အအေးနဲ့ မတည့်တာ" လို့ ကိုယ် ပြောမိသည်။ "မင်း သိပ် ဆရာကြီးလုပ်တယ်" ဟု သူက ပြန်ပြောခဲ့၏။

သန်းခေါင် သန်းလွှဲ လင်းအားကြီးမှ အိပ်ဖြစ်တယ်လို့ သိရရင်လည်း စောစောမအိပ်ရင် အိပ်ရေးမဝဘူး၊ အိပ်ရေးမဝရင် လွယ်လွယ်နဲ့ ရောဂါရတတ်တယ်လို့ စိတ်ပူရပြန်သည်။

အလကားနေရင်း ပူပူပင်ပင် ရှိတတ်တာကိုလည်း သူ ကြိုက်မှာ မဟုတ်ပြန်တာ သိလို့ ဒီအကြောင်းတွေလည်း ပြန်မပြောပါ။

gym သွားတယ်၊ ရေကူးတယ် ဆိုတာ ကြားရင်တော့ သူ့ကိုယ်သူ ဂရုစိုက်နေတယ် ဟု ကိုယ် ဝမ်းသာ ကျေနပ်ကာ "ခုတော့ အသက်ရှည်ရှည် နေချင်ပြီပေါ့လေ" ဟု သွားမေးဖူးသည်။

"မဟုတ်ပါဘူး၊ အိပ်ရာက ထရင် ကြည်ကြည်လင်လင် နိုးအောင်လို့ပါ" ဟု သံပြတ်ဖြင့် ပြောတတ်သေး၏။

ကိုယ့်မှာတော့ ကျေနပ်နေသည့်ကြားက ကိရိယာတွေနဲ့ ကစားရင်း အကြောအဆစ်များ လွဲသွားမလား၊ ရေကူးရင်း ကြွက်တက်မလား နဲ့ တွေးပူရပြန်သည်။

***
ကာလရှည်ကြာစွာ သူ နေနိုင်သရွေ့ လောက ပတ်ဝန်းကျင်အတွက် အဓိပ္ပါယ်ရှိစေမှာ သေချာသော သူလို လူတစ်ယောက်ကို ဘေးမသီ ရန်မခ၊ ချမ်းမြေ့ ကြည်သာစွာ အသက်ရှည်စေလိုတာကတော့ ကိုယ့်ရဲ့ မှန်သောသစ္စာပဲ ဖြစ်သည်။

"ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုတာတွေ၊ "အရှက်ကို အသက်နဲ့ လဲတယ်" ဆိုတာတွေ အဲဒီလောက် ဆိုးဝါးသည့် "ကိုယ့်အသက်နှင့် ယှဉ်၍..." ဆိုသော အခြေအနေတွေကို ကိုယ် မကြုံဖူးခဲ့တာမို့ ကြုံခဲ့ရင် ဘာကို ရွေးချယ်မိမယ်ဆိုတာလဲ ကိုယ့်ဘာသာ မဝေခွဲနိုင်ပါ။

ဒါကြောင့်
"အသက်တမျှ" ဆိုသော မြန်မာစကား ဘယ်လောက် လှပလေးနက်တယ် ဆိုတာ ကိုယ် မသိနိုင်။

သည့်အတွက် အသက်ချင်း လဲထပ်ဖို့ လို့ဆိုတဲ့ မဖြစ်နိုင်သေးတဲ့ ကိစ္စတွေ၊ မကြုံလာရသေးတဲ့ ကိစ္စတွေနဲ့လည်း အလွန်အကျွံ မပြောလို။ သူက ကိုယ့်ကို လှောင်ပြောင်ရယ်မောဖို့ အမြဲတစေ အသင့်ရှိသူ ဖြစ်သည်။ သူ မယုံသင်္ကာ ရယ်မောလိုက်မှာကို ကြောက်လို့ ဆိုတာထက် ကိုယ့်ရဲ့ အလေးအနက် ပူပန်မှုတွေ ပေါ့ဆသွားမှာ စိုးလို့ ဖြစ်ပါသည်။

***
တနေ့ညက အချိန်မတိုင်မီ ကွယ်လွန်ခဲ့သော၊ အောင်မြင်ကျော်ကြား ထူးချွန်သော အနုပညာရှင်တစ်ဦး၏ ကွယ်လွန်ပြီးမှ ပြုလုပ်သော ဝမ်းနည်းဖွယ် အမှတ်တရ အစီအစဉ်တစ်ခု ကြည့်မိသည်။ ထုံးစံအတိုင်း သူ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိတရ တွေးမိလျက် ထိခိုက်စွာ ခံစားရကြောင်း ပြောဖို့လိုမည် မထင်ပါ။

အဲဒီ အစီအစဉ်ကို အပြီးထိ မကြည့်နိုင်။ ငယ်ရွယ်သေးသော ကျန်ရစ်သူ ဇနီးသည်၏ ပရိဒေဝ က ခဏချင်းမှာပင် ကိုယ့်ကို ပင်ပန်းစွာ ကူးစက်စေခဲ့သည်။ ဘာရောဂါမှ ကြီးကြီးမားမား မရှိဘဲ၊ ငယ်ရွယ်ကျန်းမာဆဲ၊ အလုပ်လုပ်ကိုင် လှုပ်ရှားနေဆဲ ခင်ပွန်းသည် မျက်စေ့ရှေ့မှာ
ရုတ်တရက် ဆုံးပါးသွားတာကို မယုံကြည်နိုင်အောင်၊ လက်ခံလို့ မရအောင်ကို ခံခက် နာကျင်ရှာမှာပဲ။

ကိုယ် ချက်ချင်းပဲ ရှောင်လွှဲခဲ့ပါသည်။

***
အနည်းငယ်မျှသာရှိသည့် ချစ်ခင်တွယ်တာမိသူများအား တိုက်ဆိုင်မှုတွေနှင့်တွဲလျက် သတိရတတ်သူ တစ်ယောက်ကို သေခြင်းတရားနှင့်မှ ယှဉ်တွဲကာ သတိရစေတတ်ခဲ့တာအတွက် သူ့ကို ခုတလော ကိုယ် အပြစ်တင်ချင်နေသည်။

ဒါကို သူ သိရင်တော့ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ အမှုမထားလေဟန် ကိုယ့်ကို
မခံချိ မခံသာ ဖြစ်စေလေဦးမည်။

"ဟင် ကိုယ် အရင် သွားရမယ် မင့် ဘယ်သူပြောလဲ။ မင်းကသာ ကိုယ့်အရင် သွားနှင့်ချင် သွားနှင့်ရမှာ" ဟု ရန်စလေဦးမည်။

"သေလိုက်ပါလား" ဟု ကိုယ်က ပြန်ပြောလျှင်...

"မသေနိုင်သေးပါဘူး။ ကိုယ် မိန်းမယူရဦးမယ်။ ကလေးတွေ အများကြီး ယူရဦးမယ်" ဟု မချိုမချဉ် ပြုံးရင်း ပြောလိမ့်ဦးမည်။

အဲဒီအခါ ကိုယ်က သူ့ကို လှမ်းမမြင်နိုင်သည့် အရပ်မှာ ရောက်နေလျှင်ပင် မျက်လုံးထောင့်ကပ်ကြည့်ရင်း မကျေမချမ်း နှုတ်ခမ်းစူလျက် ဝမ်းနည်းစိတ်တွေကို မေ့ပစ်ရဦးမည်။

သူက မျက်ရည်ကျတာ မကြိုက်ဘူး ဆိုသည်လေ။

***

pic from here

Thursday, June 10, 2010

အားပေးနှစ်သိမ့်တဲ့ အင်ဥ





ပြီးခဲ့တဲ့ တနင်္ဂနွေ (6th June)
Bangkok က reader တစ်ယောက် ပို့လိုက်တဲ့ ပုံလေးတွေ။ အဲဒီ ညီမလေးရဲ့ comment တွေ ရဖူးပေမယ့် သူ့ comment က တခါတလေမှပဲ လာတာပါ။ ပြီးတော့ သူ့ကို S'pore ကလို့ပဲ ထင်နေခဲ့မိသေးတယ်။ နောက်ပြီး blog ကို ခြေရာခံမိသလောက် BKK က စာလာဖတ်သူ နည်းတယ်လို့ ထင်မိတော့ BKK ကဆိုရင် ရင်းရင်းနှီးနှီးသိတဲ့ Addy တစ်ယောက်ပဲ ပင်တိုင်ဖတ်သူ ရှိတယ်လို့ ထင်နေခဲ့တယ်။

သူက ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် က မရွှေဇင် နဲ့ အပြန်အလှန် ရေးထားကြတဲ့ comment တွေကို ဖတ်ပြီး ကိုယ်စားချင်တဲ့ အင်ဥဟင်း ဓါတ်ပုံ ပို့လိုက်တာ တဲ့။

ချက်နည်းလဲ ပါတယ်။


" ပို့စ်မှာ အင်ဥမပါဘဲ ဘာကြောင့်များ မန့် ထားပါလိမ့်လို့ တွေးနေမိသေးတယ်။ နောက်မှ မရွှေဇင်ဦး ဘလော့ကို သွားကြည့်လိုက်တော့မှ သဘောပေါက်သွားတယ်။
...
ဒီမှာ ကျွန်မတွေ့ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင် ဆေးပြီးသားတွေ။ တော်တော်လေးတော့ ဝမ်းသာသွားတယ်။

အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့ အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပါ။

ဒီက အင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုပါဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။"

(သူ့စာ တပိုင်းတစ)

***
"
ဓါတ်ပုံပြပြီး ထပ်နှိပ်စက်သလို ဖြစ်ပေမယ့် အဲလို နှိပ်စက်တာကို ခံချင်နေတာပါ။

မစားရ ဝခမန်း ကြည့်လိုက်ပါမယ် ညီမလေး :D

ပဲခူးတိုင်းမှာ နေခဲ့တုန်းကဆို မိုးတွင်းရောက်တာနဲ့ အိမ်မှာ ခဏခဏ ချက်ပြီ။ အဲဒီခါတိုင်း တလုံးချင်းကို ပွတ်ပြီး ၂ ခါလောက်ဆေးရတာ သိပ်ပျင်းတာပဲ။ အင်ဥအမဲက သိပ်ဆေးစရာမလိုဘူး။ ချောအိအိလေးနဲ့ သဲလဲ သိပ်မကပ်ဘူး။ အဖြူက သဲတွေကပ်နေတတ်လို့ သေချာ ဆေးရတယ်။

အဲဒီအကြောင်းကို ပြန်စဉ်းစားရတာ ရေစိမ်ထားတဲ့ အင်ဥမဲမဲလေး ဖြူဖြူလေးတွေဆီက ထွက်တဲ့ အနံ့နဲ့ သူတို့မှာ ကပ်နေတဲ့ သဲနံ့ကို နှာခေါင်းထဲမှာ ပြန်ရနေတယ်။ ဖြူးမှာ နေခဲ့တုန်းကပေါ့..."

(ကိုယ့်ပြန်စာ တပိုင်းတစ)

***
" ကျွန်မလည်း အင်ဥလှီးနေတုန်း ခဏခဏ ကောက်နမ်းကြည့်မိတယ်။

အိမ်ကို လွမ်းဘီဆို အနံ့လေးက အစ၊ ရာသီဥတုအခြေအနေလေးက အစ လွမ်းစရာလေးတွေချည်းပဲနော်။ မိုးရွာပြီးစ မြေသင်းနံ့၊ မြက်နံ့ဆို ဘယ်လိုချစ်မှန်းကိုမသိတာ။""

(သူ ထပ်ပြန်တဲ့ စာ)

***

ကိုယ့်မှာလဲ ရောဂါတစ်ခုက ဘာတဲ့ဆိုရင် ဖတ်ဖူးတဲ့ စာအုပ်တွေ ပြေးပြေး သတိရတာပါပဲ။
ခုလည်း အဲဒီ တနင်္ဂနွေနေ့က ဆရာမ ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" မှာပါတဲ့ အားပေးနှစ်သိမ့်သော မုန့်ဟင်းခါး ဆိုတာလေးကို သတိရမိတယ်။


အဲဒီ ဝတ္ထုထဲက စကားလုံးတွေ၊ အကြောင်းအရာတွေ တခုချင်းကို စွဲလမ်းနေခဲ့တော့ အကြောင်းတိုက်ဆိုင်တာနဲ့ ပြန်ပေါ်လာတာ သိပ်တော့ မဆန်းပါဘူး။

ဒေါက်တာ ခင်ဦးနွယ် ဆေးရုံက တိုင်စာကိစ္စ ရင်ဆိုင်ရခါနီး၊ သားနှစ်ယောက်ကို ခင်ပွန်းဟောင်းက ခဏ ခေါ်သွားချိန်၊ လုပ်ငန်းခွင်ကနေ အိမ်ပြန်ရောက်တော့ ကလေးတွေအသံ မကြားရ၊ တဘက်က ရင်ဆိုင်ရဦးမယ့် ပြဿနာ... အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေ လာပို့ထားကြတဲ့ မုန့်ဟင်းခါး နဲ့ ဘုရားပန်းကို ညွှန်းဆိုလိုက်တဲ့ စကားလုံးလေး... အားပေးနှစ်သိမ့်တဲ့ မုန့်ဟင်းခါး နဲ့ အားပေးနှစ်သိမ့်တဲ့ ဘုရားပန်း တဲ့။


ebook မှာတော့ စာမျက်နှာ 217 နဲ့ 218 မှာ...

***
ဘဝမှာ ဘာတွေပဲတွေ့တွေ့ ဒါတွေကြောင့်ပဲ နေပျော်ရပါတယ်။

:)))

***



ဒီပုံနဲ့ post နဲ့ သိပ်တော့ မဆိုင်ပေမယ့် "ကျေးဇူး post" တွေ ရေးဖြစ်တုန်းက side bar မှာ တင်ထားခဲ့လို့ ကိုပေါ နဲ့ ကိုဝတုတ်က ဒီ post မှာ comment ဝင်ရေးခဲ့တာကြောင့် ဒီ post မှာပဲ အဆက်အစပ်မိအောင် ပြန်သိမ်းထားလိုက်တယ်။

ပြီးတော့ အင်ဥပုံတွေ ပို့ပေးသူနဲ့ ဒီ ကာတွန်းပုံလေး ပို့ပေးသူ တစ်ယောက်တည်း ဖြစ်တာကြောင့်ရောပါ။

***

Wednesday, May 12, 2010

စာရေးဖော် သူငယ်ချင်း

2008 ခုနှစ် ကုန်ခါနီး လောက်မှာ သူ့ကို စ သတိထားခဲ့မိသည် ထင်ပါသည်။

အဲဒီတုန်းက blog တွေ စဖတ်ချိန်။ သိပ်အများကြီးလည်း မဖတ်မိသေး။ ဖတ်မိသမျှကိုလည်း မှန်မှန် မရောက်ဖြစ်သေး။ သို့သော် ဖတ်ခဲ့မိသမျှ နေရာတွေမှာ သူ့နာမည်နဲ့ comment တချို့ကို တွေ့ရသည်။ မှတ်မိလွယ်တဲ့ နာမည်မျိုးနဲ့။ ဘာဖြစ်လို့မှန်း မသိ pen name ကို ကြည့်ပြီး သူ့ blog ကို နိုင်ငံရေး blog လို့ (မဆီမဆိုင်) ထင်သွားသေး၏။ နာမည်ရင်းမဟုတ်မှန်း သိသာစေတဲ့ pen name နဲ့ တက်ခဲ့တဲ့ ကျောင်းနာမည်ကို ထည့်ထားခြင်းက ထင်သွားစေခဲ့တာလည်း ဖြစ်နိုင်သည်။ ကိုယ်တိုင်က အာရုံအမှားတွေ ရတတ်တာကြောင့်လည်း ဖြစ်နိုင်သည်။

နောက်တော့ သူ့စာတွေ ဖတ်ဖြစ်ပါသည်။
သိုင်းဝိုင်းဖွင့်ဆိုလေ့ရှိသော စာများ။ ကြိုက်တာလည်းရှိ၊ မကြိုက်တာလည်းရှိ။ ဒါပေမဲ့ အမြဲတော့ ဖတ်ဖြစ်ခဲ့သည်။ ကိုယ်တွေလို ပြောရိုးပြောစဉ်ပုံစံနဲ့ ရေးလေ့မရှိ။ ဘယ်တော့မဆို မဂ္ဂဇင်းတစ်စောင်စောင်ကို ပို့တော့မည့်ဟန်ဖြင့် ရေးသည် ထင်မိသည်။ သူရေးသော အကြောင်းအရာ၊ စကားလုံးတို့ထက် သူရပ်တည်သည့် ရှုထောင့်ကို ကိုယ် ပိုနှစ်သက်ပါသည်။

သူ့အဇ္ဈတ္တကို သူ့စာတွေထဲမှာ ရိုးရှင်းစွာပင် မြင်နိုင်သည်။ သူရေးသောစာတွေ ဘယ်လိုပင် သွယ်ဝိုက်လည်း သူ့မှာ မာယာ ပရိယာယ်ရှိသည့် အငွေ့အသက်ကို မခံစားရ။ သူ့ ကွေ့ဝိုက်ခြင်းသည် သူညွှန်းဆိုရာ အရာတစ်ခုကို တိုက်ရိုက်ထိမှန်သွားမည် စိုးသော ညှာတာချင်သည့် အတွင်းစိတ်ကြောင့်ဟု ကိုယ်ကတော့ ယုံမှတ်၏။ မစားဘဲရှောင်သော အစားအသောက်တစ်ခုခု၏ အနံ့အသက်ကို ရလျှင် ချက်ချင်းပင် ရိပ်မိသကဲ့သို့၊ ကိုယ့်မှာ မရှိသော အရည်အသွေးတစ်ခု သူ့ဆီမှာ ရှိတာကို စာဖတ်ရင်းက အကဲဖမ်းမိခဲ့ပါသည်။

မနှစ်ဆီက သူရေးသော ပို့စ်တစ်ခုကို ကိုယ် ပြန်လှန်ချေပ ရေးခဲ့ဖူးသည်။
ရန်တွေ့ဟန်ပါသည်ဟု ပြောနိုင်သော်လည်း တကယ်တော့ စကားနိုင်လုခြင်းသာ ဖြစ်ပါသည်။ (သူရေးသော ပို့စ်ကို အစာမကြေသည့်၊ သူနဲ့ရော ကိုယ်နဲ့ပါ သိသည့် စီနီယာ အစ်မတစ်ယောက်က ကိုယ်ပြန်ရေးသော ပို့စ်က အားပျော့သည် ဆိုသည်။ ကိုယ်က အဲဒါ တကယ် ရန်တွေ့ချင်လို့ မဟုတ်ပါဘူး လို့ ပြန်ပြောရသည်) ဒါကို သူလည်း နားလည်သည်ဟု တထစ်ချ ယုံကြည်သည်။

အဲဒီ ပို့စ်နောက်ပိုင်း သူနဲ့ကိုယ် gtalk မှာ တခါတရံ စကားပြောဖြစ်ခဲ့ပါသည်။ အဲဒီအခါတိုင်း ကိုယ် သူ့ကို ရည်ရွယ်ရေးသော ပို့စ်နှင့်ပတ်သတ်လို့ စိတ်ဆိုးဟန် မရှိပါ။ ကိုယ်ကမှ စကားစပ်လို့ ပြောဖြစ်သေး၏။ အဲဒီပို့စ်ရေးတုန်းက ပရိယာယ် မသုံးဘူး (ဟန်ဆောင်စေချင်သည့်သဘော မဟုတ်ပါ။ ရိုးရိုးစင်းစင်းပြတာထက်၊ ခပ်ပါးပါးတင်ပြတတ်ဖို့ ဆရာလုပ်ခြင်းမျှသာ)၊ ကိုယ်ရေးတဲ့စာကို မကာကွယ်တတ်ဘူး စသဖြင့်... ကိုယ်ပြောတော့ သူက ပြန်ပြောသည်။ ကိုယ့်ဘာသာကိုယ်တောင် မကာကွယ်တတ်ဘူး။ ရေးတဲ့စာဆို ပြောမနေနဲ့တော့ တဲ့။

ကိုယ့်အနေနဲ့တော့ သူရေးတဲ့ အဲဒီ ပို့စ် အတွက် မကျေမနပ်ဖြစ်လှတယ် မရှိပါ။ အကျင့်ပါနေသော စိတ်ဖြင့် ပြန်ကလိခြင်းမျှသာ။ မကျေမနပ်ဖြစ်တယ် ဆိုရင်တောင် သူ့ကိုဝေဖန်ကြသော အမျိုးသမီးအများစုကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ comment page ပိတ်ပစ်ပြီး နှုတ်ဆိတ်သွားခြင်းအတွက်သာ ဖြစ်မည်။ လုပ်ရပ်တစ်ခုကို လူနှစ်ယောက် အတူတူလုပ်သည့်တိုင်အောင် သက်ရောက်မှု ကွဲပြားမည် ထင်သည်။ ဥပမာ ကိုယ်လိုလူမျိုးက ထိုသို့ လုပ်ပါက ငါတကော ကောတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ လုပ်တော့ ဆိတ်ဆိတ်နေချင်လို့ လို့ ကိုယ် ကိုယ်တိုင်က မှတ်ယူမိသည်။

သူ့စာတွေမှာ ဒေါသသံကို မတွေ့ဖူးပါ။ သူ စိတ်ပျက်တာတွေ့လျှင် ခပ်ညည်းညည်း ပြောမည်။ သူ့ကိုယ်သူ အမှတ်မရှိသူဟု ခပ်ပါးပါး ပြောမည်။ သူက ရန်လိုမည့်အစား ဥပေက္ခာပြုမည့်သူသာ ဖြစ်၏။ သူ ဖြောင့်မတ်ကြောင်းကို သူ့စာတွေက တဆင့် ကိုယ် သိပါသည်။

စာဖတ်လျှင် စာရေးသူကို သိသည် ဟု ကိုယ်ပြောတော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတစ်ယောက်က အမှန်အတိုင်း မသိနိုင်ဘူး ဟု ငြင်းဖူး၏။ စာရေးတဲ့လူတွေဟာ သူတို့ ဖြစ်နေတာထက် သူတို့ ဖြစ်ချင်တဲ့ပုံစံ၊ လိုချင်တဲ့ပုံစံကိုသာ စံပြုရေးသည်ဟု သူ ပြောခဲ့သည်။ မင်းသိင်္ခ ရေးတာတွေ ဖတ်ပြီး သူ့ကို လူထူးဆန်းကြီး၊ လူစွန့်စားကြီးလို့ ထင်သလား ဟု သူငယ်ချင်းက ကိုယ့်ကို မေးခဲ့ဖူးသည်။ အဲဒီလို မဟုတ်ဘူး ဟုသာ ကိုယ် ပြန်ဖြေခဲ့သည်။ သူငယ်ချင်းကို သေချာ ရှင်းမပြခဲ့မိ။ အဲဒီအချိန်က စကားလုံးရှာမနေချင်တာရယ်။ အပြင်က သူငယ်ချင်းဆိုတော့ ဘယ်ချိန်ပြန်ပြောပြော ပြောလို့ရတာရယ်နဲ့ ဒီတိုင်း ပစ်ထားလိုက်သည်။ "လူတစ်ယောက်ကို သူရေးတဲ့စာတွေ ဖတ်ပြီး သိလို့ရတယ်" ဆိုတာ ကိုယ့်ဆိုလိုရင်းက ရေးထားတဲ့အတိုင်း အမှန်ထင် ယုံမှတ်ပြီး သိနိုင်တယ် ပြောချင်တာ မဟုတ်ပါ။

ဒါပေမဲ့ သူ့ကိုတော့ဖြင့် ကိုယ်သိပါသည်။ သူ ဖြောင့်မှန်ပြီး ဟန်မဆောင်တတ်တာ၊ အေးဆေးသော စိတ်သဘောထားကောင်းရှိတာ၊ ကူညီတတ်တာ (ကူညီလိုက်လို့ သူစိတ်ညစ်ညူးရ အကြည်ဓါတ်ပျက်ရသည့် အနေအထားမျိုးကြုံရင်တောင် ရန်လိုစကား မပြောတာ) တွေ ကိုယ် သိနေပါသည်။ မှန်ပါသည်။ ကိုယ့်သူငယ်ချင်း အဆိုအရ ဒါတွေက စာမျက်နှာပေါ်မှာ ဟန်လုပ်ရေးလို့ ရနိုင်ပါသည်။ အကောင်းအမွန်တွေချည်း ရေးလို့ စာရေးသူဟာ သူရေးထားတဲ့ စာတွေအတိုင်းပဲဟု ယုံကြည်မည့်သူ ကိုယ် မဟုတ်ပါ။ သို့သော် သူ့ကိုတော့ ယုံပါသည်။

အားလုံးနဲ့ ဆိုင်တဲ့ ပြဿနာတစ်ခု ဖြစ်တုန်းက အကုန်လုံး တစ်ယောက်တစ်ပေါက်နဲ့ ထကြွ ပူညံ ယိုင်နဲ့နေကြသလောက် သူ့ဆီက ဘာတစ်ခွန်းမှ မကြားရ။ ကိုယ်က ဖြေရှင်းမှ ရမည့် ပြဿနာကြီးတစ်ခုပမာ အတင်း စကားစပ်ပြီး သူ့ကို ပြောမိသည်။ သူက ဘာမှဖြစ်ပြမနေနဲ့ ပြောသည်။ တင်ပေးရင် စင်ပေါ်တက်ပြေးနေလိမ့်မယ် တဲ့။ ဒီတိုင်းသာ ထားလိုက် ဟု ပြောသည်။ ကိုယ်က စိန်ခေါ်သည် ထင်လျှင် တိမ်ပေါ်လိုက်ချင်သည့် စိတ်နှင့် သွေးကြွတတ်၊ ကိုယ့်ဘာသာ (ဘာမှမဟုတ်ဘဲ) ထင်တစ်လုံး ရှိတတ်တော့ တစ်ခုခု လုပ်ချင် သက်သေပြချင်နေသည်။ ကိုယ့်ကို သူ သေချာ သတိပေးပါသည်။ အရမ်းကာရော စွတ်မလုပ်ပါနဲ့။ တစ်ဖက်က အငြိုးအတေးကြီးသူ ဖြစ်လိမ့်မည်တဲ့။

အဲဒီကိစ္စတွေအားလုံး ပြီးသွားချိန်မှာ ပြန်စဉ်းစားကြည့်တော့ သူ မှန်ပါသည်။ ဘာမှမဟုတ်တာတွေ အဟုတ်လုပ်မိကြသည်။ သူက အေးဆေးပေမယ့် ယိုင်နဲ့တတ်သူ မဟုတ်။ တိတ်ဆိတ်ပေမယ့် မဆိုင်သလို နေမည့်သူ မဟုတ်။ ပြီးတော့ သူ ခန့်မှန်းတာ မှန်ပါသည်။ အငြိုးတကြီး ဖြစ်တာ ခံရလိမ့်မည် တဲ့။ :) ကိုယ်ကတော့ လုပ်ချင်တာ လုပ်ပြီးသွားရင် ဘာကိုမှ မမှုပါ။ ဒါပေမဲ့ သူသိရင် ဘာများပြောဦးမလဲတော့ သိချင်မိသည်။ စေတနာကောင်းဆိုတာဟာ အသိဉာဏ်က တိုက်ရိုက် လာသလား၊ စိတ်နှလုံးက တဆင့်ခံ လာသလား ကိုယ်မသိပါ။ ဒါပေမဲ့ သူ့ချင့်ချိန်နိုင်စွမ်းကိုရော၊ မထိခိုက်စေလိုသည့် စိတ်သဘောကိုပါ ကိုယ် ခံစားလို့ ရပါသည်။

ကိုယ် လူကဲခတ်လျှင်တော့ လွဲခဲပါသည်။ အဲဒါ တော်ခြင်း၊ မတော်ခြင်းနှင့် ဘာမှ မဆိုင်ပါ။ လူတယောက်ချင်းစီမှာ ပါလာတတ်တဲ့ မတူညီတဲ့ အားသာချက်တစ်ခုစီပဲ ဖြစ်မည်။ ထိုအချက်အားဖြင့် သူ့ကို အကဲဖြတ်မိပါသည်။ စိတ်သဘောထား မှန်ကန်သည်။ ဖြောင့်မှန်သည်။ ပရိယာယ်မရှိ စသဖြင့်...

ဒီလိုနဲ့ တစ်လတိတိ သူ့ကို မတွေ့မိတော့။ သူ့ contact acct. တစ်ခုကို ကြေညာပြီး ဖျက်လိုက်သည်။ အစကတော့ အမှတ်တမဲ့ပါပဲ။ ခဏတဖြုတ် နေမှာပဲ ထင်မိသည်။ နောက်တော့ တစ်ယောက်က သူ့အကြောင်းလာမေးတော့မှ ကိုယ် နည်းနည်း သံသယနှင့် စဉ်းစားမိလာသည်။ ဘာများ ဖြစ်ပါလိမ့်။ သူနဲ့နီးစပ်သည် ထင်မိတဲ့လူတွေကို လိုက်မေးကြည့်တော့ သူတို့လည်း မသိ။ ဖုန်းနံပါတ်ကိုပါ ခေါ်မရတော့ဘူး ပြောလာတော့ တစ်ခုခု အဆင်မပြေဖြစ်ခဲ့သလား၊ ဖြစ်နေသလား တွေးလာမိပါသည်။

သူ့ဘာသာ အေးအေးနေချင်လို့ အားလုံးကို သူ့စိတ်ကြိုက် အဆက်အသွယ်ဖြတ်သွားတယ် ဆိုရင်ဖြင့် သူနဲ့ စကားမပြောရမှာကိုလည်း ကိုယ် မပူပါ။ ကိုယ့်စာတွေ သူ လာမဖတ်တော့မှာကိုလည်း ကိုယ် မပူပါ။ သူနဲ့ကိုယ့်ကြားမှာ စစ်မှန်သော်ငြား ရှုပ်ထွေးမနေသော ကြိုးများသာရှိသည်။ အချိန်မရွေး ဖြေချလိုက်နိုင်သော စာရေးဖော်ဟူသည့် ပတ်သတ်မှုကြိုး။

သို့သော် တိတ်ဆိတ်နေတတ်သော သူ့အတွက် ပြဿနာတစ်စုံတစ်ရာကို တစ်ယောက်တည်း ခံစားနေရမှာတော့ စိုးမိသည်။ ကိုယ့်ဘက်က တစ်ခုခုလုပ်ပေးနိုင်တာ ရှိရက်သားနဲ့ မသိလိုက်ရလို့ လုပ်မပေးလိုက်နိုင်မှာ စိုးမိသည်။ သူ စိတ်မချမ်းသာစရာ ကြုံနေရသလား ဆိုတာ ဒီ ၃/၄ ရက်မှာ ကိုယ် တွေးနေမိသည်။

ဆုတောင်းတာကို ကိုယ်မယုံပါ။ သို့သော် ရုတ်တရက် အဆက်အသွယ်ဖြတ်သွားတဲ့ ဘာမှန်းမသိတဲ့ အကြောင်းရင်းအတွက် စိုးရိမ်မကင်းဖြစ်ရင်း သူ့ကို အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့စေချင်သည့် ဆန္ဒတော့ ပြင်းပြင်းပြပြ ဖြစ်နေမိပါသည်။

***