Showing posts with label My Favorite Myanmar Classic Songs. Show all posts
Showing posts with label My Favorite Myanmar Classic Songs. Show all posts

Monday, February 14, 2011

နှစ်ပိဿာခွဲ


နှစ်ပိဿာခွဲ
(တေးရေး - မြို့မငြိမ်း၊ တေးဆို - လေဘာတီ မမြရင်။
ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး)

စိန်ခြူးကြာညောင် လရောင်တွေလင်းပါလို့

မှန်ရွှေပြတင်းဆီက မယ်ခုမျှော်
သုံးချက်စည်တော် ရိုက်ဆော်ကာ ညှင်းတယ်လေး
လင်းပြန်လုနော်

ရှေးက လှိုင်ထိပ်ခေါင်တင် သခင်မမော်
သူ့မောင်တော်ပြန်လာခဲ စက်လည်းမပျော်
လာနိုးငယ်မျှော် ထူးတဲ့တစ်ကိုယ်တော်
သုံးချက်စည်ဆော်
သံချိုချို ရွှေဗဟိုရ်ညှင်းတယ်
တောင် တောင်ပံ နှက်သံပြင်းတယ်ကွယ်
လင်းကြက်တွန်သံကြော်

ခုနေခါ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင်
သခင်မကြီးထံတော် အရောက်သွားလို့
ဘုရားကျွန်မရဲ့ အဖြစ်တွေကို
ရှိကြတဲ့လူတွေနှင့် သူလည်းသိလေအောင်
စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်
ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့
အကြံလေးများ ပေးသနားပါလို့
တင်ရသော် တော်မလားနော်
လာနိုးမျှော် မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်

ရှင် ကျိန်တာတွေ အဟုတ်စူးမနော်
တမင်လိမ်တာတွေ မမြုပ်ဘူး ဗူးပေါ်သလိုပေါ်
ဟို နောက်များနော် သွေဖေါက်ပြားကာ မျက်နှာများခဲ့သော်
ကျိန်တာများလည်း ကောင်းတယ်မထင်နဲ့
မိုးကြိုးကျိန်ရင် မိုးကြိုး ခြေကျင်းငြိမှာ စိုးရသတော်
ရွှေလရောင်ထိုး လာနိုးမျှော်
မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်

အရုဏ်ကျင်းပါပေါ့
လင်းကြက်ကယ် ရွှေတောင်ပံ
နှက်သံပြင်း ယွင်းတဲ့ချိန်နော်
တွန်သံပေး ဝေးနီးခေါ် တကြော်ကြော်
အခန့်သင့် သူပြန်လာသော်
ဒါက ဘာကြက်တုန်းလို့
ခပ်ငေါ့ငေါ့နှင့် မေးလိုက်ရင်နော်
စစ်တကောင်းကြက်ကြီးပါကွာ
အချိန်မနည်းပေါင်
နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့ ဖြေပုံပေါ်။

you tube link
(ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး ဗားရှင်း)


စာသားတွေကို ဒီက ယူပါတယ်။

***

အမှုန့်ကြိတ်ပစ်ချင်လာပြီ တခါပြောမိတော့ "ပေါင်ဒါမှုန့်လို လုပ်ပြီးတော့တောင် လိမ်းထားချင်သေးလို့ မို့လား" လို့ ပြန်မေးတုန်းက အဲဒီ "စစ်တကောင်းကြက်ကြီးပါကွာ အချိန်မနည်းပေါင် နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့" ဆိုတဲ့ စာသားကို မဆိုင်လှပေမယ့် ဖျတ်ခနဲ သတိရမိသေးတယ်။

သူတို့တွေ တဖက်ကမ်းခတ်တဲ့အရာတစ်ခု ရှိတယ်။
အလုပ်မဟုတ်တာတစ်ခုခု လုပ်ထားပြီးရင် ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောပြီး ရူးချင်ယောင်ဆောင်တာ။

***
(Valentine Day အမှတ်မရ တရ)

Friday, February 11, 2011

မင်္ဂလာမောင်မယ်



မင်္ဂလာမောင်မယ် (တေးရေး - မြို့မငြိမ်း / တေးဆို - မေရှင်)

(သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆုထူးကို မောင်မယ်စုံချွေ
ဟိုရှေးရေစက် ခိုင်မြဲ လွဲမသွေ
ဖူးစာဖက် ချစ်သက်ဝေ ချစ်တဲ့သက်ဝေ)

မောင့်အသည်းဆိုင် မယ်ပဲလေ၊ မယ့်အသည်းဆိုင် မောင်ပါပဲလေ
စွဲမြဲတည်နေ ကမ္ဘာတိုင်အောင်လေ
သူနိုင် ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မှာတွေ

(မိဘဝတ္တရား ချီးမြှင့်အပ်သောအရွယ်ပေ

လျောက်ပတ်တင့်တယ် ရွေးချယ် မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်၌လေ
စုလျားရစ်ခွေ ဇောတိရသ် ပတ္တမြား နိတုံရွှေ)
မင်္ဂလာစုပေါင်းကျက်သရေ ရှိကြောင်းဆုချွေ

လိုရာအဖြာဖြာ အောင်ပါစေ မောင်မယ်တွေ

မြို့မ တေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့အောင်သံပေ
အေးမြမြ သာပေါ့ သာပေါ့ ဆွေ


(မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ

မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ

ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ

ဘော်သာခွာညို ပုလဲဖြူ မြင်သားပေါ့သက်ဝေ)

ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်ဆွေ

မယ်ကား လယ်မြေ မောင်ကား မိုးကောင်းရေ လောကီအမြုတေ

သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ

***
မင်္ဂလာဆောင်တွေမှာ မြန်မာလိုဆောင်ပြီး ဧည့်ခံတဲ့သီချင်းတွေက မြန်မာမင်္ဂဆောင်သီချင်း စစ်စစ်တွေမဟုတ်ရင် အဆီအငေါ်မတည့်သလို ထင်မိတော့ ကိုယ့်အလှည့်ကျ မြန်မာလို ဆောင်ပြီး၊ တီးဝိုင်းကလည်း မြန်မာသံနဲ့ သီချင်းတွေကိုလည်း တကယ့် မြန်မာမင်္ဂလာဆောင်သီချင်းစစ်စစ်တွေချည်း အဆိုတော်သေချာရွေးပြီး ဆိုခိုင်းမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတာ။ ဘယ်တုန်းကတည်းကလဲဆို မြန်မာသံတွေကို စ စိတ်ဝင်စားတဲ့ ၁၀ တန်းအောင်ပြီးကာစလောက်ကတည်းက၊ အချဉ်တော့ မဟုတ်ဘူး။ (အဲဒီစိတ်ကူးလည်း ဒီတသက်တော့ ဖြစ်မှ ဖြစ်ပါတော့မလားမသိ)

အဲဒီ ကိုယ့်အလှည့်အတွက် သေချာရွေးထားတဲ့ သီချင်းတွေထဲမှာ ဒီ "မင်္ဂလာမောင်မယ်" လည်း အပါအဝင်ပေါ့။ နားထောင်ရတာ အင်မတန်ကျက်သရေရှိတယ်လို့ ထင်မိတာအပြင် မင်္ဂလာမောင်မယ်ကို ဂရုတစိုက် ဆုတောင်းထားတဲ့ စကားစုလေးတွေက ထူးခြားတယ်လို့ ခံစားမိပါတယ်။

"
မင်္ဂလာစုပေါင်းကျက်သရေ ရှိကြောင်းဆုချွေ
လိုရာအဖြာဖြာ အောင်ပါစေ မောင်မယ်တွေ

မြို့မ တေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့အောင်သံပေ
အေးမြမြ သာပေါ့ သာပေါ့ ဆွေ
"
သီချင်း download လုပ်ရန်
စာသားတွေ ဒီက နဲ့ "မြို့မငြိမ်း နှစ် (၁၀၀) ပြည့် အနုပညာဘဝမှတ်တမ်း" စာအုပ်ကနေ ယူပါတယ်။

***
မသိတဲ့ စကားလုံးအဓိပ္ပါယ်တချို့ကို google မှာ ရိုက်ထည့်ကြည့်ရာက ရှာတွေ့တာတွေ...

* ဇောတိရသ် = the all wish-giving gem (ဇောတိရသ)
(မမေဓာဝီ ဘလော့ မှ)

* နိတုံ
= အပြစ်စင်သော မည်သည့် သဏ္ဌာန်မျှ ပုံဖော်ခြင်း မခံရသေးသော ရွှေစင်သန့်သန့်
(စိုင်းစိုင်းလားရှိုး ဘလော့ မှ
ဇောတိရသ် ပတ္တမြားကဲ့သို့ အရည်အသွေးရှိသော သတို့သားကောင်းအား စင်ကြယ်သန့်ရှင်းသော နိတုံ ရွှေစင်ကဲ့သို့ သတို့သမီးကောင်းနှင့် ပေါင်းဖက်ခြင်းဆိုတဲ့ ဂုဏ်ရည်ကို ပြတယ် ဆိုပါတယ်။)

သုဘဒြ နဲ့ ဘော်သာခွာညို ကိုတော့ ရှာလို့မတွေ့သေးဘူး။

***
(ကိုတီ နှင့် ကိုတီ့ ချစ်ဇနီး သို့)


--
Blogger ဇွန်မိုးစက် said...
ရီတာနဲ့အတူတူ ထပ်ပြီးဆုတောင်းပေးလိုက်တယ်။

ရီတာ့စိတ်ကူးလေးလည်း မကြာမီသောအနာဂတ်မှာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဇွန်ဆုတောင်းလိုက်တယ်နော်။း)
January 23, 2011 10:36 PM
Delete
Blogger Rita said...
ဇွန်

ဒုတိယဆုတောင်းအတွက် fb မှာတခါ သူများလာဆုတောင်းပေးတုန်းကလို ပြောရမယ်။ ဖွ ဖွ
=D (j/k)
January 23, 2011 10:40 PM
Delete
Blogger TZA said...
ကျေးဇူးတင်ပါတယ် Rita

သတိုးသမီးကိုယ်တိုင် ပရိသတ်ကိုသီဆိုဖျော်ဖြေမယ့် Rita ရဲ့ မင်္ဂလာပွဲလေး အမြန်ရောက်လာပါစေလို့ ဆုတောင်းပါတယ်။
January 24, 2011 12:10 AM
Delete
Blogger Rita said...
ဟမ်မ်မ်
ဆိုပြမယ် မပြောမိပါလား။
ဆိုပြမယ် ပြောသွားတာ ဘသူပါလိမ့်။
January 24, 2011 9:00 AM
Delete
Blogger Lun Lunn said...
လတ်စသတ်တော့ မရီတာက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သွားတာကိုး။

ကြော်ငြာသင့်ပါတယ်။ မသိရင် တော်တော်များများ ကျွန်တော်အပါအ၀င် အိမ်ထောင်သည်လို့ပဲ ထင်ချင် ထင်ကြမှာ။

ဒီနှစ် ၀ါကျွတ်မှာ လူပါ ကျွတ်ပြီး စိတ်ကူးတဲ့အတိုင်း ပျော်ရွှင်စွာ ကျင်းပနိုင်ပါစေ။
January 24, 2011 1:07 PM
Delete
Blogger Rita said...
ကြည့်ရတာ ဘလော့သိပ်မဖတ်မိဘူးထင်တယ်။ data တွေ အကုန် open ထားထားတာပါ။ ဘာရှိတယ် ဘာမရှိဘူးကအစ။

=D
January 24, 2011 1:08 PM
Delete
Blogger Thant said...
မင်္ဂလာဆောင် သီချင်းသံတွေ အကျယ်ကြီးဖွင့်ထားတာကြားရင် ရယ်ချင်လာတာပဲ... ((( ဟမ် ))) ... :P
January 24, 2011 3:41 PM
Delete
Blogger Thant said...
" မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်.... " ဝိဇ္ဇာကာတွန်းကို မြင်ယောင်မိပြန်ပြီ... ခွိ...
January 24, 2011 3:44 PM
Delete
Blogger Rita said...
ဒီမှာလာ အူမြူးနေပါ့လား =D

မင်္ဂလာဆောင်သီချင်းတွေ ကြားရင် ရယ်ချင်တတ်တာတော့တူတယ်။ (မင်္ဂလာဆောင်ထဲမှာဆိုရင်တော့ မရယ်ချင်ပါဘူး)

ဝိဇ္ဇာရဲ့ အဲဒီအကွက်တော့ မသိဘူး။ ဖတ်ပြီးမေ့နေတာများလား။
January 24, 2011 3:49 PM
Delete
Blogger အန်တီချမ်း said...
အော် ယူတော့မယ်ပေါ့
စိတ်လိုလက်ရ ထောင်ထဲဝင်ချင်တဲ့သူတွေက ရှိသေးတယ်
လုပ်ကြပါ
January 25, 2011 3:20 PM
Delete
Blogger Rita said...
မဟုတ်ပါဘူး ဘသူပြောလဲ
ဖွ ဖွ လွဲပါစေ ဖယ်ပါစေ
January 25, 2011 3:21 PM
Delete

Sunday, December 12, 2010

ယောက်မ

ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)



ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်

နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)

မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ
မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

ဂျာမဏီတွင် အရွယ်မနှောင်းစေချင်

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့

သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

download လုပ်ရန်။

***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။

"
အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။

ခုမှပဲ
post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။

စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။

စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

ဆိုတာလေးတွေ
သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်

ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်

ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။

"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။

အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။


***

Monday, August 23, 2010

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ - စန္ဒယား ချစ်ဆွေ

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက
သူနဲ့ကိုယ် နှလုံးသားက ခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ အတွေးများလည်း အတူတူပဲကွယ်
အမြဲတတွဲတွဲ စားစား သွားသွား ကစားရင်းနဲ့ အတူပျော်မဆုံး
ချစ်ခွန်းသီဖွဲ့ ခွန်းချိုစကားတွေဖလှယ်

ဘဝအဆက်ဆက်က အကျွမ်းတဝင် ခင်မင်လာခဲ့သူလေလား
ဝိုးတဝါးစိတ်ဝယ် ချစ်အားတက်မိပြန်သေးတယ်

ကိုယ့်ငယ်ကျွမ်းရဲ့ အသည်းလွှာပြင်ဝယ်
ချစ်အက္ခရာတင်ဖို့အတွက်တော့ ချစ်သတ္တိ အမှန်မရှိသူကွယ်

သူနဲ့တွေ့လေတိုင်း အရိုင်းစိတ်ကို ရင်မှာမြိုသိပ်
ချစ်စကားရိပ်သော်မှ ဖွဖွညင်သာ မဆိုရဲဘူးကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ အနေကြာလာခဲ့သည် မှန်သော်လည်း
သွေကွာဝေးရမယ့် စကားဆို တခွန်းသော်မှ ပြောမထွက်ရက်သူပါကွယ်

ကိုယ့်စိတ် ကိုယ့်ဘဝင် မတင်မကျ တငွေ့ငွေ့ ကြောင့်ကြပူပင် ဗျာပါသည်းနင်
ချစ်နှောင်ကြိုး မငင်ဝံ့သူမှာ
ရင်မော မော လှ ပါ ပြီ ကွယ်



Sunday, June 20, 2010

ချစ်တာ ပဓာန

ချစ်တာ ပဓာန (တေးရေး - မြို့မငြိမ်း)

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေပုံပေါ်မှာ စံရ
ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်

ခုလည်း ချစ်ကြမယ် နောင်လည်း ချစ်ကြပါစို့ မောင်ရယ်

ဘယ်သူ ဖျက်ပေမယ့် မပျက်တယ် သက်လယ် စိတ်မှာ မက်မပျယ်

နောင် ရိုးလှသော်လည်း မောင် တိုးလို့ ကြင်မယ်

တယောက်မျက်နှာ တယောက်မြင်ရင် မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင် ချစ်သမျှသဘော လှစ်ဟမပြော သိနိုင်တယ်

ညချမ်း ချိန်ခါဝယ် တူနွှဲ နှစ်ဖြာမောင်မယ်
ကျီစယ်လို့လား ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည့်နှယ်
ထက်မှူး ငွေယုန်ရယ် ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာ့ လှောင်နိုင်တယ်
ချစ်သမျှ အကြောင်းပြိုင်မယ်

ဘယ် သူ ရယ် ဖွယ် ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ ချစ်တာ ပဓာနပင် ထင်မိတယ်

အချစ်ကို ယုံစား ပုံကြတယ်
မြင်းမိုရ်ရွှေတောင်လုံး တုံးမှတ်ထင်တယ်
မိုးစွန်ထက်ဖျား သိကြားထံ
ကြယ်ပျံကို လိုသေး မောင် ယူပေးမယ်

ချစ်တာ သူက ပဓာနပဲ တဲ့
ရာ သက် တိုင် ရွယ် မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင်
ကပ်လုံး ဆုံး တိုင် တိုင်

အုန်းလှိုင်ကျော သဉ္ဇာလယ်
ချစ် ပင် လယ် ကျော တူ တကယ်မျောမူ
ဆယ် သော သူ မော လိမ့် မယ်

***
အောင်လင်း ရဲ့
ဝတ္ထုကို ပြန်ရိုက်ထားတဲ့ အရိုင်းစံပယ် ကားထဲမှာ စပြီး သတိထားမိတယ်။
အဲဒီ ဝတ္ထုလည်း မဖတ်ဖူး၊ အဲဒီကားကို ကြည့်ဖူးပေမယ့်လည်း မေ့သွားပြီ။
၅ တန်း၊ ၆ တန်းလောက်က ဆိုတော့...

တစ်ခုပဲ မှတ်မိတော့တယ်။ ကျော်သူပြောတဲ့ စကား...
" 'မ' တော့ မွဲပြီ" ဆိုတာ...

ဒါပေမဲ့ ဇာတ်ဝင်သီချင်းကဏ္ဍမှာတော့ ဒီသီချင်းကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။
အဲဒီတုန်းက နောက်ခံဆိုပေးတာ နှင်းနှင်းထူး
ဒီသီချင်းလည်း ချစ်သမျှကို ပါပဲ။

download လုပ်ရန်။
တေးဆို - ဟေမာနေဝင်း

***

Saturday, February 27, 2010

သစ္စာတိုင်ပတ်ပျိုး

သစ္စာတိုင်ပတ်ပျိုး

ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပလေ

လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး

အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်
ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ

မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။

တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း

ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။

သဖြန်။
ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့လိမ့်မလဲ။

(မမြကလေး)
(ဦးပြုံးချို - မဟာဂီတ ပေါင်းချုပ်ကြီး၊ သတ္တမအကြိမ်)

***
အညာကို ပြန်တုန်းက ကူးရေးလာခဲ့တာ။ ဖေဖေ့စာအုပ်တွေထဲက။

***

Wednesday, January 20, 2010

ရေချိုးဆိပ်

ရေချိုးဆိပ် (တေးရေး - မြို့မငြိမ်း)

ကမ်းဆိပ်ရိပ်သာ သီတာ ရေလျဉ် ယဉ်

ဧရာ ခွေဝန်း သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ် တဘက်ကျွန်းတွင်
ညနေချမ်းဆီ နေရီရီ

ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတဝှမ်း အလှဆန်းကြယ်


ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

နုမျစ် ပျိုရွယ် ဖူးသစ်စ လုံမယ်
ကိုယ်လက် သန့်ရှင်း ရေချိုးဆင်းရာဝယ်

ပျော်ပျော်မြူးမြူး ရေ (ကို) ကူးလို့ အထူး ကျန်းမာတယ်

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်

ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်


ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


စစ်သားကောင်းတို့ အမေ မိခင်
တော်ချင်သူရယ်
ဟောဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖုအဖု အဖုဖု
ထုထုပြီး ခရာချင်စရာငယ်
ထွားကျိုင်းတဲ့ မြန်မာလူငယ်


တော်စမ်းဟယ် ကောင်မရယ်
ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့

မျက်စောင်း ကလေးကချီ ရှုတော့ဖြင့် မတည်ရှာတယ်


အနားက အဘွားအို အဝတ်လျှော်နေရင်းက

ဆပ်ပြာကို ဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်

***
အရင်ဦးဆုံး ကသစ်ပန်း post မှာ ဝင်းဦး version ကို share ပေးတဲ့ မောင်အောင်ဖြိုး ကို ကျေးဇူးတင်ပါတယ်။ ဒီလို သီချင်းမျိုးကို ကိုယ့်ထက် ၁ဝ နှစ်လောက်ငယ်တဲ့သူတစ်ယောက် စိတ်ဝင်စားလိမ့်မယ် မထင်ထားတာမို့ အံ့လည်းသြမိပါတယ်။

***
သီချင်းကို နားထောင်ရင်းနဲ့ အင်မတန် နှစ်သက်လွန်းလို့ ပီတိဖြစ်ပြီး ပြုံးလို့တောင်မှ နေမိတယ်။

ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့ အသား ပနံစားတယ်

ရေချိုးနေတဲ့ လူတွေပေါ် ညနေ နေခြည် ထိုးကျလာတဲ့ မြင်ကွင်းလေး။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရူပက အလင်္ကာပါလိမ့်။

အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်

အလွန် အံ့သြစရာကောင်းတဲ့ အရေးအဖွဲ့ပါပဲ။

မြစ်ရေပြင်ရဲ့ ရနံ့ရယ်၊ ညနေခင်းလေပြည် နဲ့ ဝင်ခါနီး နေရောင်ဖျိုးဖျရယ်...

အနီးနားက လှော်သွားတဲ့ ငှက်သံလေးရယ်၊

ကမ်းပေါ်တနေရာက လူရွယ်လေးကို ကြည့်ရင်း
ရေချိုးရင်းကနေ အချင်းချင်းသာရှိလို့ ခပ်ကျိတ်ကျိတ် ခပ်ကဲကဲ စနောက်ရယ်မောနေတဲ့ အရွယ်ကောင်း မိန်းမပျိုလေးတစ်သိုက်ရယ်။

အဲဒီထဲကမှ အစအနောက်ခံရလို့ မချိုမချဉ် အပြုံးနဲ့ မျက်စောင်းချီနေမယ့် တစ်ယောက်သော မိန်းမငယ်လေးရယ်။ (စစ်သားကောင်းတို့ မိခင် တော်ချင်သူ ဆိုတာ သူပဲ ဖြစ်ရမယ်)။

မိန်းကလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်နေတာကို ကြည့်မရလို့ပဲလား၊
သူ့ဘာသာပဲ အဝတ်လျှော်တာ စိတ်တိုင်းမကျ ဖြစ်နေတာလား မသိနိုင်တဲ့ ငယ်ရာက ကြီးလာတဲ့ အဘွားအို တယောက်ရယ်...

သူတို့ဆီမှာ တဖျတ်ဖျတ်ခတ်နေတဲ့ နှလုံးသားလိပ်ပြာက ကိုယ့်ရင်ထဲထိ ကူးစက်လို့ ဝင်လာပါတယ်။
ဘယ်လောက်တောင် အေးချမ်းလွတ်လပ် ရှိလိုက်မယ့် ဘဝတွေပါလိမ့်။

တယောက်ယောက်က ရေဘောင်ဘင် ကူးလိုက်လို့ လွင့်စင်လာမယ့် ရေသံနဲ့ ရေစက်ကလေးတွေကိုတောင် အတွေးနဲ့ ခံစားမိပါတယ်။

သီချင်းက သရုပ်ဖော်ထားတဲ့ မြင်ကွင်းကို ပီပီပြင်ပြင် မြင်လာရင်း ရာဇဝင်များရဲ့ သတို့သမီး ကို MTV ရိုက်မယ့် ဆရာ ဒီသီချင်းကိုရော မရိုက်ချင်ဘူးလားလို့ မေးချင်လာမိတယ်။

***
သိပ်မကြာသေးခင်ကမှ ရွှေအမြုတေ မှာ ဖတ်လိုက်ရတဲ့ သုမောင် ရဲ့ ကဗျာ ဆိုတာ ဆဲတာပဲ (ဆောင်းပါးရဲ့ ခေါင်းစဉ် မဟုတ်ပါ) ဆိုတဲ့ ဆောင်းပါးထဲက အကြောင်းအရာ တစ်ခုနဲ့ ဆက်စပ်လို့ တွေးမိပါတယ်။ အဲဒီထဲမှာ သူက စကားလုံး နောက်ကွယ်မှာ စေတနာပါရင် ကြမ်းတမ်းတဲ့ စကားကတောင် နားဝင်ချို ပီတိဖြစ်စရာပါလို့ သူ့ကြီးတော် တစ်ယောက်နဲ့ ဥပမာပေးပြီး ပြောသွားတာ ထူးခြားလို့ စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိပါသေးတယ်။

မဖတ်ရသေးတဲ့သူများအတွက် နည်းနည်း အမြည်းထည့်ပေးချင်ပါတယ်။
အဲဒီ ကြီးတော်ကြီးဟာ စိတ်စေတနာ ကောင်းပေမယ့် အပြောဆိုးပါတယ် ဆိုတယ်။
သူတို့တွေကို မုန့်ခေါ်ကျွေးတာတောင်မှ "ဟဲ့ ဟိုအကောင်လေး လာခဲ့ မြိုလှည့်" ဆိုတာမျိုး။
သူ့ယောင်းမ (သုမောင်တို့ အမေ) ကိုလည်း ဒီလိုပဲ ပြောတတ်တယ် ဆိုတယ်။

တနေ့ ကြီးတော်ကြီး အတော်မကျန်းမာ ဖြစ်ပြီး သတိတော်တော်နဲ့ မရဖြစ်နေပါရော။
အဲဒီမှာ ယောင်းမ ဖြစ်သူက မနားမနေ ပြုစုရင်း အနားမှာ ထိုင်စောင့်နေတုန်း သူ သတိပြန်လည် လာပါတယ်။ သတိရရချင်း ဘေးမှာ တွေ့တဲ့ ယောင်းမကို

"ဟဲ့ ..... မ ညည်းအတော် ပင်ပန်းနေပြီ။ နားတော့။"

လို့ ပြောတော့ သုမောင်တို့ အမေမှာ သူ့ယောက်ျားဖြစ်သူကို လှမ်းခေါ်ရင်း "မမ ပြန်ဆဲနေပြီ။ ပြန်ဆဲနေပြီ။ သတိပြန်ရပြီ။" လို့ ဝမ်းသာအားရပြောရင်း မျက်ရည်တွေ လည်လာတယ် ဆိုတာပါ။

(..... ပြထားတဲ့ စကားလုံး ဘာလဲ လာမမေးကြပါနဲ့။ ကိုယ်လဲ မသိဘူး။ သူ့ဆောင်းပါးထဲမှာ အဲဒီတိုင်းပဲ ရေးထားတယ်)

***
ပြီးတော့ ဆရာငြိမ်းဟာ "ညည်းလင်ကြီးကို ညည်းဘာသာ ယူပေါ့ တဲ့" ဆိုတဲ့ စကားလုံးကို အနုပညာမြောက်ပြီး နှစ်သက်နားဆင်စရာဖြစ်အောင် ရေးတတ်နိုင်ခဲ့တာ ဘယ်လို မှော်အစွမ်းနဲ့များပါလိမ့်လို့ တွေးမိရပါတယ်။

မြို့မငြိမ်းဟာ gifted တစ်ယောက်ပါပဲလို့ လှိုက်လှိုက်လှဲလှဲ ခံစားမိစေတဲ့ သီချင်းပါပဲ။

***
ဝင်းဦး နဲ့ မာမာအေး version နှစ်မျိုးမှာ ကိုယ်ကတော့ မာမာအေး ဆိုတာကို ပိုနှစ်သက်မိပါတယ်။
သူ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်သွားနိုင်တာကြောင့်မို့လို့ကို ကျိတ်ပုန်းစား နေကြတဲ့ မိန်းကလေး တစ်သိုက်ရဲ့ သရုပ်က ပိုပေါ်လွင်လာတာပါပဲ။

ကိုယ်ကတော့ သီချင်းတစ်ပုဒ်မှာ အဆိုပညာတင်မကဘဲ mood ပါ အဓိက ကျတယ်လို့ ယူဆတာမို့ မာမာအေးဟာလဲ ပါရမီရှင်ပါပဲလို့ ခံစားမိပါတယ်။ (တကယ်တော့ အဲလို ရေးပြီး ချီးကျူးရမှာတောင် စိတ်ထဲမှာ မဝံ့ဘူး ဖြစ်မိတယ်။)

သရုပ်ပေါ်အောင် ရေးသူကိုရော၊ ရုပ်လုံးကြွအောင် ဆိုပေးသူကိုပါ နားထောင်နေရင်းက
တကယ်ပဲ ကျေးဇူး အထပ်ထပ် တင်နေမိတော့တယ်။

ကျိတ်ပုန်းစား ဆိုတဲ့ စကားလုံးကို ကျိတ်ပုန်းစလား ကျိတ်ပုန်းစားလား သေချာအောင် အတည်ပြုရပါသေးတယ်။ နောက်တော့ အားလုံး သဘောညီတဲ့ ကျိတ်ပုန်းစားကို အတည်ပြုလိုက်ပါတယ်။ တိတ်တိတ် ကျီစယ်စနောက် တာပါ။

ဖောင်စွန်းတိုင်ပင် ဆိုတာ အဝတ်လျှော်နေတဲ့ အဘွားက ထဆဲတော့ သူငယ်မတွေ မလုံမလဲ ဖြစ်ပြီး ကမန်းကတန်း ရေဆင်းကူးရာမှာ သူတို့ရေချိုးနေတဲ့ အနီးနားက ဖောင်ထိရောက်အောင် ရေတွေစင်ကုန်တာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။

အဲဒီ အဓိပ္ပါယ်တွေကို သေချာချင်လို့ လှမ်းပြီး အတည်ပြုချက်ယူရပါသေးတယ်။
ဆရာ ညီလင်းဆက် နဲ့ ဆရာ သက်ပိုင်သူ ကို ကျေးဇူးပါ။ :)

***
Download လုပ်ရန်

ဝင်းဦး
မာမာအေး

***
Update : 21st Jan '10 (9:45 AM) ခုပဲ အမှားပြင်ဆင်ချက်စာ ထပ်ရောက်လာလို့ မှားနေတဲ့ စကားလုံးတွေကို ဆရာ ပြင်ပေးတဲ့ အမှန် စကားလုံးတွေရဲ့ ဘေးမှာ strike through ထည့်ပြီး ပြင်ပေးလိုက်ရပါတယ်။


ဆရာ့ကို ကျေးဇူးအထူး တင်ရပါတယ်။

***
Update : 25th Jan '10 (8:25 PM)
ရီတာ မင်းအဓိပ္ပာယ်ယူတာတွေ လွဲနေတယ်
တိုက်တိုက်ဆိုင်ဆိုင် ဦးမင်းဒင်နဲ့ အဲဒီသီချင်းအကြောင်း တလောကပဲ ပြောမိကြသေးတယ် ကျိတ်ပုန်းစား ဆိုတာ အတင်းပြောကြတာလို့ ဆိုတယ် ပြီးတော့ အဘွားအိုက မိန်းမပျိုတွေကို မဆဲပါဘူး ဆပ်ပြာကို ဆဲတာပါ။ ဆဲတာလည်း အကြောင်းရှိပါတယ် ဖောင်စွန်းတိုင် ရေတွေစင်တာလည်း မိန်းမပျိုတွေ ရေထဲဆင်းကူးလို့ မဟုတ်ပါဘူး ဦးမင်းဒင်ကို သွားမေးကြပါကုန်။
(သူ သီချင်းထဲမှာ ပါတဲ့ အဓိပ္ပာယ်တွေ ဖွင့်ရေးမယ်လို့ ပြောဖူးထားကြောင်းပါ ဖွလိုက်ပါတယ်။)

(ကိုသင်ကာ)

***
သီချင်းရာဇဝင်ကို သေချာသိပြီးသွားရင် လွဲနေတာ တချို့ကို ပြန်ပြင်ပေးပါမယ်။

***

Friday, January 15, 2010

ကသစ်ပန်း

ကသစ်ပန်း (တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ ပုစွန့်လက်ရိုး အာလမ္ဗရာ
ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ
အုံ့မှိုင်းညိုပြာ မိုးထက်ကယ် ဝဠာ ကိုးရပ်နယ်မှာ
တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရယ်
သေနင်ဗျူဟာ နတ်အသူရာမင်းငယ်လေး...
စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ
ဂုမ္ဘာန် ယက္ခ စတုမဟာရာဇာ မခံနိုင်ညားလို့
သိကြားထွက်တဲ့အခါ

တွက်ရင် သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ
ရဲ တံခွန်လွှား ၃၃ ပါး သိကြားနယ်ပါ
နေ လ နတ်သား လေးပါး စစ်အင်္ဂါ
ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ
သိကြားနဲ့ အသူရာ
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ
ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

***
တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်နဲ့ သခွပ်ပင်ကလွဲရင် ကျန်တာ အားလုံး အတူတူလို့ ဆိုပါတယ်။ (ဘယ်စာအုပ်က အဲဒီလို ဆိုတာလဲလို့တော့ တဆိတ်ကျေးဇူးပြု၍ လာမမေးကြစေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုင်စရာ ဘာစာအုပ်မှ မရှိသောကြောင့် ဖြစ်ပါသည်။
ရှိလည်း စာအုပ်ထဲမှာ အဲလို ရေးထားပေမဲ့ တကယ်က ဟုတ်ချင်မှ ဟုတ်မှာပါ။
သူ့ဘာသာ ဘယ်နေရာမှာ ဘာပင်ပဲရှိရှိ ကိုယ်တွေ လူ့ပြည်ကနေ ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။)

ဟိုတပတ်ကပဲ မမ KOM စီဘောက်မှာ သိကြား ဆိုတဲ့ nick နဲ့ လာတဲ့ တစ်ယောက်ကို မေးမိတယ်။ သိကြားတို့ နေရာ တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်လေး တစ်ခုပဲ လွဲတာ၊ ကျန်တာ အကုန် တူတူပဲဆို လို့။ (တကယ်သာဆို တာဝတိံသာ လွမ်းလောက်ပါ့မလား???) ဒီလိုဆိုရင် ဘာဖြစ်လို့များ အလကားနေရင်း စစ်တိုက်နေကြတာလဲ။ အသူရာပြည်မှာ ကသစ်ပင်ကို မျိုးယူပြီး စိုက်ပါစေလား လို့။

***
ဒီသီချင်းကို တင်ချင်နေတာ ကြာပါပြီ။
စာလုံးပေါင်းသတ်ပုံ နဲ့ အဓိပ္ပါယ်ကြောင့် မတင်ဖြစ်သေးတာ။
မနှစ်က July လောက်က မဗေဒါက ခက်ဆစ်အဖွင့်၊ စကားပြေတွေနဲ့ တကွ သူ့ဘလော့မှာ တင်ထားပါတယ်။ အဲဒီ အတွက် ကိုနတ်သျှင်မြေသားက ကူညီတယ် လို့ ဆိုပါတယ်။ နောက် မဗေဒါရဲ့ သူငယ်ချင်း (ဗမာမဟုတ်) က You Tube မှာ ဒီ သီချင်းဆိုပြီး တင်ထားတာကိုလည်း ကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ ကြည့်ခဲ့ရတာကတော့ TV မှာပါပဲ။
လှမြင့်ဝင်း
ဆိုတာကို ကြည့်ခဲ့ရတာပါ။
ဒီသီချင်းအကြောင်း မမ KOM ရဲ့ cbox မှာ ပြောဖြစ်ကြတော့၊ ပလုံ က သီချင်းရဲ့ မူလနာမည်က သခွပ်ပန်း လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲမှာလဲ အဲဒီသီချင်းကို သခွပ်ပန်း လို့ပဲ စွဲနေခဲ့ပါတယ်။
လှမြင့်ဝင်း
ဆိုတဲ့အခါမှာ သခွပ်ပန်း လို့ပဲ စာတန်းထိုးသွားတယ် ထင်မိပါတယ်။

ဒါနဲ့ စင်ကာပူရောက်လို့ အဲဒီ သီချင်းတွေ နားထောင်ချင်လာမိတော့ ကိုယ်တိုင်လဲ မရှာတတ်တာနဲ့ မကြာပီ ကို အကူညီတောင်းမိပါတယ်။ သူက သခွပ်ပန်း သီချင်းတော့ မရှိလို့ ကသစ်ပန်း ပဲ ပေးလိုက်မယ် ဆိုပြီး၊ ကိုအံ့ကြီး version ကို ပို့လိုက်ပါတယ်။ ကိုယ်ကလဲ ကိုယ်တောင်းတဲ့ သီချင်းမဟုတ်ဘူး ဆိုပြီး dowload လုပ်ထားပြီး တော်တော်နဲ့ နားမထောင်ကြည့်မိပါဘူး။

နောက်တော့ ကိုယ့် blog reader ကိုခိုင်ခန့်ကျော် က side bar မှာ တင်ထားတဲ့ လိုချင်တဲ့ သီချင်းတွေ ခေါင်းစဉ်ကြည့်ပြီး၊ ကသစ်ပန်း ကို ကိုအံ့ကြီး version ပဲ ထပ်ပို့ပြန်တယ်။ သူနဲ့ကတော့ gtalk မှာ တိုက်ရိုက်ပြောဖြစ်တာမို့ ကိုယ်လိုချင်တာ အဲဒီသီချင်း မဟုတ်ဘူး။ သခွပ်ပန်း ပါ လို့ပြောမိတယ်။ သူက နားထောင်ကြည့်ပါဦး ဆိုတာနဲ့ နားထောင်ကြည့်မိတော့မှ ကိုယ်လိုချင်တာနဲ့ တူတူပဲမှန်း သိတော့တယ်။

ဒီသီချင်းကို ပေါ်လစီကားတစ်ခုမှာ မာမာအေး ဆိုတာလည်း ငယ်ငယ်တည်းက ကြားခဲ့ဖူးပါတယ်။ နောက်ပိုင်းကျ အဲဒီကားလွှင့်တော့ အဲဒီအပိုင်းကြီး ဖြုတ်ခဲ့တာပေါ့လေ။

ငယ်ငယ်တုန်းက ကလေးဘဝ သတိရမိတယ်။ မခေါ်ရင် ငါ့အိုးပုတ် ပြန်ပေး လုပ်တတ်တာမျိုးကို။

***

မြို့မငြိမ်း ကိုတော့ ပါရမီရှင်ပဲလို့ ထင်မိပါတယ်။
သူ့သီချင်းတွေကို သူရေးမှန်း မသိဘဲတောင် နှစ်ခြိုက်နေမိတတ်ပါတယ်။

ထူးအိမ်သင် တခါ ပြောဖူးပါတယ်။ သူ လေးစားနှစ်သက်တဲ့ သီချင်းရေးဆရာတွေ အများကြီး ရှိပါတယ်တဲ့။
ဒါပေမဲ့ သူ အားကျတာတော့ မြို့မငြိမ်း တစ်ယောက်တည်း လို့ ဆိုတယ်။

***
Down Load လုပ်ရန်

ကိုအံ့ကြီး

သုမောင်

You Tube Link

http://www.youtube.com/watch?v=JUhE2-PMGs8 (ကိုအံ့ကြီး)
http://www.youtube.com/watch?v=h7m07Fj82O0 (မာမာအေး)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (ရန်အောင်)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (Ma Baydar's friend)

MP3

http://www.naytthit.com/music/03-Sagaing%20Mountain/Track_001.MP3 (ဝင်းဦး)

မဗေဒါ
၊ စကားပြေနဲ့ ခက်ဆစ်တွေ ပြန်ပေးတဲ့ ကိုနတ်သျှင်မြေသား၊ သီဆိုသူ မဗေဒါ သူငယ်ချင်းတို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။ အဓိပ္ပါယ်နဲ့ တကွ သိချင်သူများ link ကိုနှိပ်ပြီး မဗေဒါ blog မှာ သွားကြည့်နိုင်ပါတယ်။

***
ဒီလို သီချင်းဟောင်း သီချင်းကောင်းတွေကို ကျောင်းတွေမှာ ကဗျာသင်သလို သင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ထုံးစံအတိုင်းပါပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်စိတ် ရှိလို့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ အနုပညာဆို သူများကိုလဲ ခံစားစေချင်လို့ပါ။

***
မြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ် သီချင်းနဲ့ ချစ်တာ ပဓာန လည်း ရရင် လိုချင်မိပါတယ်။

***

Friday, December 18, 2009

ရွှေအင်းဝ

ရွှေအင်းဝ (တေးရေး - အေဝမ်း ဆရာညှာ)

ခြေဆင်း။ ကကုသန် မြတ်စွာဘုရား ဘဂဝါ လက်ထက်တော်က ရတနာပူရ အမှန် ...
သုနာပရန္တ အမည် တွင်ခဲ့ပါပေသည်။ ခုနစ်ရာနှစ်ဆယ်နဲ့ ခြောက်ခုပဲ မှတ်ယူစွဲ ရွှေအင်းဝ နေပြည် မြို့တော်ကြီးတည်။

***
ဧရာဝတီ စမုံ ဒုဋ္ဌဝတီ ဇော်ဂျီ ပန်းလောင်
ချောင်း မြစ် ငါးလီ ပေါင်းလို့ ဆုံကြသည်

သန်လျက်စွန်းပေါ်တွင် အင်းလေးအင်းကို ဖို့၍ မြို့တည်
သတိုးဘုရား ရာဇာဘုရင် စိုးစံသည်
မကောင်းတဲ့ ရန်ဝေးအောင် ချိုးဖျက်နှိမ်နင်းမည်

သြော် ဥဇ္ဇေနာ မင်းယုတ် သုတ်သင်ပြန်ပါသည်
စောဥမ္မာ ခင်မဒီ ဒေဝီ ကောက်လို့ မြှောက်တင်စံစားသည်

(တို့တိုင်း ဌာနီ ရွှေနန်းတော်တည် ပြသာဒ် ဘုံမြင့်ဆီ
စိန်တောင် ရောင်ခြည် တောက်ထွန်းပေသည် ပြောလို့ မကုန်တော့သည်
မင်္ဂလာကျက်သရေ ဖြိုးဝေတင့်ကာ မြို့ရွှေအင်းဝ သာယာဝပြောစည်။) *

မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့် လာခဲ့သည်
တန်ခိုးလည်း အဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်
အလွန်ပင် စည်ကားသည် ဟိုစဉ် အခါကအတည်
နောင်လာ နောင်သား မှတ်ဖို့ စာစီ

ရွှေကူထူပါရုံ ထူးမြတ်တဲ့စေတီ ဦးခိုက် အဉ္ဇလီ ဖူးလိုက်ကြ ရွှေအင်းဝဆီ

()*

အတွင်သီချင်း ပြဆိုမည် ရွှေအင်းဝ မြို့ဆီ
ရောက်တဲ့အခါ အနောက်ဘက်သာ ရှုမျှော်ကြည့် တွေ့လိမ့်မည်

မြစ်ဧရာ တဘက်ကမ်းမှာ လှမ်းလို့ မြင်ရသည် ပျိုလွမ်းသည်
စစ်ကိုင်းချောင် တောင်ထိပ်ဆီ မြင့်မြင့်မောက်မောက် အံ့လောက်စရာ အတည်
ပုညရှင်က စေတီ စေတီ ကြည်နူးဖွယ် အတည်
သူတော်စင်များ ကိန်းအောင်းကြတဲ့ ဂူကျောင်းဘုရားတွေ ပေါလို့ ရှိခိုးမည်

()*

***
ခြေဆင်းမှာ ပါတဲ့ အနီရောင် နဲ့ ပြထားတဲ့ မြို့နာမည်က မသေမချာ စာလုံးပေါင်းထားတာပါ။
သိတဲ့လူ ရှိရင် ပြင်ပေးသွားနိုင်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ ဒီသီချင်းမျိုး blog ပေါ်မှာ တင်တာရယ်၊ ဒီသီချင်းမျိုး ကြိုက်တတ်တာရယ်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို နှစ်ခြိုက်မြတ်နိုးလွန်းလို့၊ ထိန်းသိမ်းချင်စိတ် ရှိလွန်းလို့ ထင်ချင်စရာပါပဲ။

အမှန်က ဘာမှ မဆိုင်ပါဘူး။
ကိုယ့်ဘာသာ ကြိုက်ချင်လို့ ကြိုက်တာပါ။
လူကဖြင့် ထမီတောင် ဝတ်ချင်တာ မဟုတ်ဘူး။

ထမီဆိုလို့ ထမီကလည်း မြန်မာ့ ယဉ်ကျေးမှုမှ မဟုတ်တာ။
ဘယ်တိုင်းပြည်က ရောက်လာတယ် သေချာ မသိပေမဲ့ ယိုးဒယားဘက်ကလို့ ထင်တာပဲ။

သေချာတာကတော့ ပေါက္ကံရာမ နေပြည်တော်ကြီး ဘုန်းမီးနေလ တောက်ပစဉ် အခါက ထိုဒေသတွင်နေသော အမျိုးသမီးများ ထမီ မဝတ်ဘူး ဆိုတာပါပဲ။

Update: မယုံရင် ဘုရားထဲက နံရံပန်းချီတွေ သွားကြည့်ပါလား။ ဒီဇိုင်းတွေက အလန်းချည်းပဲ။ အေးလေ မြန်မာပြည် အလယ်ပိုင်းက ပူတာကိုး။ အဲဒီ ဒီဇိုင်းမျိုးတွေ ဘာလို့ ခုထိ မထိန်းသိမ်းထားနိုင်သလဲ မသိဘူး။ နှမြောစရာ တော်တော် ကောင်းတယ်။ ခုနောက်ပိုင်း Fashion ပြပွဲတွေမှာ ပေါက္ကံရာမယဉ်ကျေးမှုကို ပြန်ဖော်ထုတ်လာကြပြီလို့ ထင်တာပဲ။ ကောင်းတဲ့ အလားအလာ ဖြစ်နိုင်တယ်။ ကိုယ်တော့ ဉာဏ်မမီပါဘူး။

အဲဒီ သီချင်းထဲက အင်းဝခေတ်ရောက်တော့ ဝတ်နေကြပြီလား ဘာလားတော့ မသိပါဘူး။
ဒါကတော့ ညီလင်းဆက် တို့၊ သက်ပိုင်သူ တို့ မှ သိမယ် ထင်တယ်။
ထုံးစံအတိုင်း တေးရေးကိုလည်း မသိပြန်ပါဘူး။
မြို့မငြိမ်း ပဲလို့ ထင်ပါတယ်။ သိရင် ပြောသွားပါ။

ကိုယ်ကတော့ သီချင်းကို ကြိုက်လို့ တင်တာပါပဲ။

ဒီသီချင်းမျိုးတင်တာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အားပေးပြီး ယခု လက်ရှိ နေပြည်တော်ကြီးကို ထောက်ခံနေတယ် လို့ ထင်မယ် ဆိုလည်း ထင်လို့ ရပါတယ်။ စိတ် လုံးဝ မဆိုးပါဘူး။ :)

"ယူသော် ရ၏" လေ။
တခါတခါကျ အတွေးတွေကို ဉာဏ်မမီလို့ မီသလောက် လိုက်တွေးကြည့်ထားတာ။
ဒေါ်ခင်မျိုးချစ် စကား
ပဲ သွားသွား သတိရမိတယ်။

"... ကိုယ်ဖြင့် ဉာဏ်ကို မမီဘူး။"

[တကယ်လဲ အဲဒီသီချင်းထဲ ပါသလိုသာဆို အဲဒီခေတ်က အတော် ကျက်သရေ မင်္ဂလာ ရှိမှာပဲ (လို့ ထင်တယ်)။ သုတ်သင် ဆိုတဲ့ စကားလုံးက လွဲလို့။ အေးလေ ဒါကလဲ ရှေးက ဘုရင်တွေ လုပ်နေကျပါ။]

***

အပေါ်က title အသေးကို click လုပ်ပြီး သီချင်းကို download လုပ်နိုင်ပါတယ်။

***
Update:

တေးရေး ဆရာညှာ
ဖြစ်ကြောင်းနဲ့ သုနာ ပရန္တကို စာလုံးပေါင်း အမှန် ပြောပြတဲ့ မမKOM စီဘောက်မှ ပလုံ ကို ကျေးဇူးတင်ပါတယ်။

***

Tuesday, June 2, 2009

ချစ်လွန်းတင်



ချစ်လွန်းတင်

(တေးရေး - မြို့မငြိမ်း

တေးဆို - မေရှင်)

မောင့်မျက်နှာ တရွာမှတ်ထင်

အချစ်ဓါတ် ရစ်ပတ်မိရင်
ကြာလေလေ ခိုင်မြဲလေလေ
အမြစ်ဖြတ် မရဘဲ အသည်းထဲ စွဲကာပင်

ဇွတ်နှစ်ပြီး ချစ်ရတော့မယ်
အားနွဲ့သူပါရှင်

ဆူးကျလည်း ဖက်၊ ဖက်ကျလည်း ဖက်

နာဖက်က မို့ပင်

မွှေးတုန်းတော့ လူရာဝင်

နောင်တွင် ရိုးမယ်ဖွဲ့ကာ ပစ်မှာစိုး
အမျိုးမျိုး ပူတယ်ရှင်

စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင်
တဦးသဘော တဦး ပြော၍ မနေချင်

တကယ်တမ်း မေတ္တာစစ်နဲ့ ချစ်ကြဖို့ပါရှင်

လွန်းပေါင်းတင် ချစ်တဲ့ကြိုးလို ပမာယှဉ်

နှစ်နှစ်ကာကာ တူပင်
သက်ဆုံးတိုင် ခိုင်မြဲချင်

ချစ်လျှင် အကျိုး၊ မြတ်နိုး သဒ္ဓါ
ရွှေမေတ္တာ တူတူဆိုရင်
တဲအိုပျက်ထဲမှာပင် ပန်းမွေ့ရာ ကြဲတယ်ထင်
ချစ်သူနဲ့ လွဲခဲ့ရင် ရွှေပုံလဲ ဖွဲအိတ်ထင်
ချစ်ငွေ့ကြူကြူ ချစ်သူသာပင်
ဘ၀တိုင်း ဖြစ်လေရာ
ဆုံပါတော့ နှစ်ကိုယ်ယှဉ်

စားစား သွားသွား တူပင်
သက်လုံးမောင်ကြင်
မေတ္တာရေစင် မွန်းအောင်
ချစ်လွန်းတင်

*****
မလှလား စာသားလေးတွေက။ "
စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင် တဦးသဘော တဦး ပြော၍ မနေချင်" ဆိုတာမျိုးလေးတွေက မြို့မငြိမ်း မို့လို့ ထွက်လာတာပဲ လို့ တွေးမိရအောင်ပါပဲ။ ကျွန်မတော့ အရင်ခေတ်က အမျိုးသား တေးရေးဆရာတွေကို သိပ် အံ့သြမိတယ်။ သူတို့ ဘယ်လိုများ မိန်းကလေးတစ်ယောက်ရဲ့ နူးနူးညံ့ညံ့ အတွင်းစိတ်ကို ပေါ်လွင်အောင် ဖွဲ့နိုင်ကြသလဲနော်။

တော်ရုံ စိတ်ဓါတ်တွေ ခက်ထန်နေချိန်မှာဆို ဒါမျိုးလေးတွေ နားထောင်လိုက်ရင်ပဲ နူးနူးညံ့ညံ့ ဖြစ်လာပါရော။
(ခုတလော tense ဖြစ်နေလို့ ကိုယ့်ဘာသာ နှစ်သိမ့်ပြီး တင်ထားတာပါ။)

ဒီနေရာမှာ နားထောင်ပါ။

Thursday, April 9, 2009

ပါရမီတော်

Photo from "Here"

ပါရမီတော်
(တေးဆို။ မေရှင်) (တေးရေး။ မြို့မငြိမ်း)

ရင်၌ဖြစ်သောသားလို မဟာကရုဏာပွား သနားတော်မူသည်။

သြဃာ ၀ဲသံသရာ ကျင်လည်ကြရှာ ဝေနေယျ ဘ၀ကြာရှည်
အမြိုက်ရေအေးတိုက်ကာ လူ နတ် ဗြဟ္မာအား တရားပြကယ်မည်။


ဗောဓိသတ် အလောင်းအလျာ ပါရမီ သင်္ချေများစွာ ကမ္ဘာက ဖြည့်ရှာသည်။
အလွန်အမင်း စွန့်ခြင်းငါးလီ ပဉ္စမဟာပရိစ္စာဂီ
လောကတ္ထ
... ဉာတတ္ထ ... ဗုဒ္ဓတတ္ထ
စရိယာ ကျင့်ရှာခဲ့သည်။


လောကသုံးပါးတို့၏ စီးပွားကို များအောင် ဆောင်မည်။

မျိုးတော် ဆွေတော် ရွေတော် အပေါင်း၏ ကောင်းကျိုးသာ မျှော်ကိုးရည်။

သဗ္ဗညုဉာဏ်ကို ရှေးရှု သမ္ဗောဓိ ဆုပန်သည်။


ဆည်းပူးခဲ့ရရှာသည် သုံးဆယ်အပြား ဘုရား ပါရမီ။

သဒ္ဓါသန်သည်

ဘုံနန်းဗိမာန် အိုးအိမ် စည်းစိမ် မယား ရင်ဝယ်သားလဲ မခင်ပြီ။

မဟာပထ၀ီ

နှစ်သိန်းလေးသောင်း ထုလို အသားတော်စု ဘယ်လိုပြုပြု လှူမည်။


အသွေးထုတ်ဝေ သမုဒ်ရေ အမျှညီ

ဘိသိတ်တော်ခံ မကိုဋ်ဆောင်းခေါင်းဖြတ်
ဒါန အလှူ ဘယ်သူမမီ။

စာမရီသားမျိုး ကျင့်ရိုးမှန်သည်။

မြီးဆံ တစ်မျှင်အတွက် အသက်သေပေစီ။
ထိုထုံးနှလုံးပြုကာ ကျင့်ရှာသည်
သီလ ပါရမီ။

စွန့်ခွာလေသည်
စကြ၀တေး စည်းစိမ် မခံလိုပြီ
ဆိပ်ငြိမ်ရာ၌ ခိုမှီ တော မြိုင်ရပ်ဆီ

ညွန့်ဖြာဝေစည်
တကမ္ဘာလုံး လင်းအောင် ကြံဆောင်မည်
ထို ပညာ မီးရောင်ခြည် ၀င်း ပေတော့သည်

ယောက်ျား ပီပီ လက်ရုံးရည်
ဘယ်ဆီ သောင်ကမ်း လမ်း မမြင်နိုင်သည်
သမုဒ္ဒရာ ခုနှစ်ရက်တောင် ကူးလျက် အောင်မြင်သည်
ဝီရိယ စွန်းထုတ် ကြိုးကုတ် ပါရမီ လောင်းမြတ် အာဇာနည်

အလျှံပြောင်ပြောင် လှံ ဓါး ထက်စွာများနှင့် လက် ခြေ အသား သူဖြတ်ညားလဲ မဖြုံပြီ

ရန်သူသည်
ကိုယ့်ထီးနန်းကို လုတောင် မေတ္တာ ပွား ကိုယ်ကျင့်တရားမြတ် ခန္တီ
တောသုံးတောင် မီးလောင် ပတ်လည်
မိန့်တော်မူသည်
မှန်သော စကားဖြင့် ထိုမီးကို ရှောင်စေပြီ။

ကိုယ်တော်ကို အမှုံ့ကြိတ် ရွှေစိတ် မတုန်သည်။

အဓိဋ္ဌာန် တော်ချက် မပြတ်တည်ကြည်
ချစ် မုန်းခြင်း ကင်းတဲ့
ဥပေက္ခာ တရား ပါရမီ။

____________________________________________


ပါရမီတော် (၁၀) ပါး


၁) ဒါန ပါရမီ

၂) သီလ ပါရမီ

၃) နေက္ခမ္မ ပါရမီ
၎) ပညာ ပါရမီ
၅) ၀ီရိယ ပါရမီ

၆) ခန္တီ ပါရမီ

ရ) သစ္စာ ပါရမီ
၈) မေတ္တာ ပါရမီ

၉) အဓိဋ္ဌာန် ပါရမီ
၁၀) ဥပေက္ခာ ပါရမီ


ဖြည့်ကျင့်နည်း (၃) နည်း

၁။ ရိုးရိုး ပါရမီ= ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။

၂။ ဥပ ပါရမီ= ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။
၃။ ပရမတ္ထ ပါရမီ= ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။

ပါရမီ (၁၀) ပါး အပြား (၃၀) ဆိုသည်မှာ- အထက်ပါ ပါရမီတော် (၁၀) ပါးကို ဖြည့်ကျင့်နည်း (၃) နည်းစီ ဖြည့်ကျင့်ရတာကြောင့် မြှောက်လျှင် ပါရမီတော် (၃၀) ရပါသည်။

Ref:
http://www.lknt.org/2008/04/blog-post_14.html
http://ywetwar.blogspot.com/2008/10/blog-post_04.html

လောကတ္ထ ... ဉာတတ္ထ ... ဗုဒ္ဓတတ္ထ စရိယာ
များအကြောင်းနှင့် ပါဠိ စာလုံးပေါင်း အမှားများကို gtalk မှ ရှင်းပြ ပြင်ပေးခဲ့သော ဆရာတော် ဦးဝိသုတ အား ကျေးဇူး အထူးတင်ပါသည်။
________________________________________


ကျွန်မ တော်တော်ကြိုက်နှစ်သက်မိတဲ့ သီချင်းပါ။
TV မှာ ရီရီသန့် ဆိုတာကို စ နားထောင်ဖူးတာပါ။
စောင်း မောင်နေ၀ါ လည်း ပါပါတယ်။
တော်တော်ကို နားထောင်လို့ ကောင်းပါတယ်။
ကြည်ညို သဒ္ဓါ တဖွားဖွား ပွားလာစေတယ် လို့ ခံစားရပါတယ်။

နောက် version တမျိုးကို တင်တင်မြ ဆိုပါသေးတယ်။
နောက်မှ နားထောင်ရတာဖြစ်တာရော၊ တင်တင်မြ version က လေးလွန်းတာရောကြောင့် သိပ် မကြိုက်လှပါဘူး။

ခု မေရှင် ဆိုတဲ့ version က ရီရီသန့် version နဲ့ တော်တော် တူပါတယ်။
သီချင်းပို့ပေးတဲ့ သူငယ်ချင်း နိုင်ဝင်း ကို ကျေးဇူး သိပ်တင်ပါတယ်။ (ရှာရှာဖွေဖွေ ဘယ်က ရလဲ မသိဘူး)

တေးရေး ဘယ်သူလဲ ကူပြီး စဉ်းစားပေးလို့ ရမလား။
ကျွန်မတော့ "ရွှေတိုင်ညွန့်" များလား ထင်မိတယ်။
"သပသ" များသိလေမလား။

It can be downloaded & listened "Here"

တေးရေး မြို့မငြိမ်း ဖြစ်ကြောင်းပြောပေးတဲ့ "ဖိုးစိန်" နှင့် "ညီလင်း"ကို ကျေးဇူးတင်ပါတယ်။

Sunday, March 8, 2009

ကိုယ်နဲ့ သက်ဝေ

မြန်မာသံတွေကို ငယ်ငယ် တတိယတန်းလောက်က တစ်ချက် စိတ်ဝင်စားဖူးတယ်။ အဲဒီတုန်းက မာမာအေးသီချင်းတစ်ခွေ နားထောင်ရင်းပေါ့။ အဲဒီထဲမှာ လေဘာတီ သီချင်းတွေ တော်တော်များများ ပါပါတယ်။ အလှူ့ရှင်တို့ ဘာတို့ ညာတို့... TV က ချစ်စရာ့ အရွယ် ကကြိုးသွယ် မှာ ကြားနေကျ သီချင်းတွေများတော့ နားရည်ဝပြီးဖြစ်လို့ ကြိုက်လွယ်သွားတာလဲ ဖြစ်မယ်။ အဲဒီ အခွေကို ခဏခဏ ပြန်နားထောင်နေခဲ့ဖူးတာ မှတ်မိတယ်။

ဒီလိုနဲ့ အသက် တဖြည်းဖြည်း ကြီးလာတော့ အာရုံတွေက ပြောင်းသွားပါတယ်...ဟေမာနေ၀င်း၊ မေဆွိ၊ ပိုးဒါလီ ကနေ ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ထွဏ်းထွဏ်း၊ သျှီ၊ တင်ဇာမော် တွေဖြစ်လာတာပေါ့။

(ဒါပေမယ့် ကိုယ်က စာဖတ်တဲ့ဘက် ပိုအလေးသာခဲ့တယ်။ အလယ်တန်း တလျှောက်လုံး နေခဲ့တဲ့ မြို့မှာ "မိတ်ဆွေများ" ဆိုတဲ့ စာကြည့်သင်း တစ်ခု ရှိနေတော့ ဘာပြောကောင်းမလဲ။
စာသမားတွေဆိုရင် သိနေ မှတ်မိနေဦးမယ် ထင်တယ်။ ဦးအောင်သင်းတို့ မောင်စိန်ဝင်း-ပုတီးကုန်းတို့ နဲ့တောင် ပြဿနာတွေ ပတ်လည် တက်ခဲ့ကြပါသေးရော။ ထားပါလေ .. ရေးမှာက သီချင်းကြောင်းပါ။ သီချင်းတွေက ဖေဖေ၀ယ်ပေးမှပဲ နားထောင်ဖြစ်တာ။ စာအုပ်ကတော့ ငှားဖတ်လို့ရတယ်လေ။)

၁ဝ တန်းအောင်ပြီးတဲ့ အချိန်မှာတော့ မြန်မာသံတွေ တော်တော် အာရုံဝင်စားလာပါတယ်။ အဲဒီ အချိန်မှာ
အထူးသဖြင့် နားထောင်ချင်နေခဲ့တာ စန္ဒရား လှထွဋ် နဲ့စန္ဒရား ချစ်ဆွေရဲ့ သီချင်းတွေ ... အာရုံပြောင်းသွားတာတော့ မဟုတ်ဘဲ ဖြန့်ကျက်လာခဲ့တာ။ ဒါပေမယ့် တော်တော်များများကို TV ကတဆင့်ပဲ နားထောင်ခဲ့ရတာ။

စန္ဒရား ချစ်ဆွေရဲ့ ချစ်အရိပ် သီချင်းထဲက "အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသော ညတစ်ညမှာ..." ဆိုတာကို ကြားရင် မြစ်ဝကျွန်းပေါ်မြို့ကြီးတစ်မြို့က လူစည်ကားတဲ့ လမ်းကျဉ်းလေးရဲ့ နွေရာသီ ညနေခင်း လေပြည်လေးတွေကို သတိရတတ်တယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ TV မကြည့်ဖြစ်တဲ့ ကြားက သီချင်းဟောင်းတွေ လာတာနဲ့ ကြုံရင် Video Tape နဲ့ ကူးထားပြီး နောက် ပြန်, ပြန်နားထောင်ဖြစ်တယ်။ နွဲ့ယဉ်ဝင်း ဆိုတဲ့ "ချစ်လွန်းတင် " သီချင်းလဲပါတယ်။
"မောင့်မျက်နှာ တစ်ရွာမှတ်ထင် အချစ်ဓါတ် ရစ်ပတ်မိရင် ကြာလေလေ ခိုင်မြဲလေလေ အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင် " ဆိုတာ.. မူရင်း အဆိုတော်တွေထက် ပြန်ဆိုတာတွေပဲ နားထောင်ခဲ့ရတာ ဆိုတော့ သူတို့ ဆိုတဲ့ version ကို ပို နားစွဲတယ်။ အဲဒီလို မိန်းမသား သိပ်ဆန်တဲ့ သီချင်းလေးတွေ နားထောင်ရတာ တော်တော် သဘောကျတယ်။ စာသားတွေက ချစ်စရာလေ...ရေးတာက "မြို့မငြိမ်း" ပါ။

ကျောင်းပြီးကာစ အဲဒါတွေနဲ့ တပြိုင်တည်း တွဲနားထောင်နေခဲ့တာ မြန်မာ ခေတ်သီချင်းတွေ မဟုတ်ဘဲ English Song တွေ။ West Life တို့... Celine Dion တို့... Christina တို့... Savage Garden တို့ ... Enrique Iglesious တို့... ဘာဖြစ်လို့လဲ ဆိုတော့ Listening အတွက်ပါ။

"သက်ဝေ" ကို နားထောင်ဖြစ်တာလည်း အဲဒီ အချိန်လောက်ကပါပဲ... TV မှာ ကလေးမလေး ၈နှစ်၊ ၉နှစ်လောက်ပဲ ရှိဦးမယ်...သူက Piano တီးပြီး "ရတနာဦး" နဲ့ နောက် အမျိုးသား အဆိုတော် တစ်ယောက် (ကိုတင်လင်း လို့ ထင်ပါတယ်) အဲဒါကို နားထောင်ဖူးတာ။ ရတနာဦး ဆိုတာလည်း တော်တော်ကောင်းပါတယ်။ သူ အဲဒီ သီချင်းကို ဆိုသွားတာလည်း မေရှင် flow လေး အတိုင်းပဲ... ခပ်ညည်းညည်းလေးလေ။ အမျိုးသား အဆိုတော်လည်း ကောင်းပါတယ်။ (ဒါပေမယ့် mood နည်းနည်းလိုတယ်)

Asia World မှာ အလုပ်ဝင်တဲ့အခါ အခန်းထဲမှာ City FM က အမြဲလို ဖွင့် ဖွင့်ထားတတ်တော့ အဲဒီက လာတဲ့ သီချင်းသစ်/ ဟောင်းတွေ နားထောင်ဖြစ်နေရာက... တနေ့တော့ "ဝါဝါဝင်းရွှေ" သူ့ အကြိုက်ရွေးတဲ့ အစီအစဉ်မှာ
"သက်ဝေ" သီချင်းကို မူရင်း နားထောင်ခဲ့ရတာပေါ့... ကိုယ်ကတော့ အရင် နားထောင်ဖြစ်တဲ့ ရတနာဦးတို့ အတွဲကို ပိုနားစွဲခဲ့ပါတယ်။

ဒါပေမယ့် ခုမူရင်းကို ပြန်နားထောင်တော့လည်း ပြည့်စုံကောင်းမွန်နေတာပါပဲ။ (ရှာပေးတဲ့သူ ကျေနပ်အောင်ပြောတာ မဟုတ်ပါဘူး။ တကယ်ပါ။ သူတို့ ဆိုဟန်နဲ့ mood ကို ခုမှ ပို attention ပေးမိလို့လဲ ဖြစ်ပါလိမ့်မယ်) "ခိုင်းတော့ သက်ဝေ .." အချီအချ နှစ်ပိုဒ်ကို သေချာ အာရုံစိုက်မိရင် ကိုယ်ပြောတာ ခံစားလို့ ရပါလိမ့်မယ်။

ဘာကြောင့် ကြိုက်တာလဲ ပြောရရင်တော့ တော်တော် ခက်ပါတယ်။ ကြိုက်ချင်လို့ ကြိုက်တာပါ။ သံစဉ် စာသား နှစ်ခုလုံး ဒါမှမဟုတ် တစ်ခုခုကို ငြိလိုက်ရင် ကြိုက်သွားတာပါပဲ။ ပြီးတော့ ကိုယ်က သီချင်း ဝါသနာပါတယ် ဆိုတာထက် ဂီတကို စိတ်ဝင်တစား ဝါသနာပါတယ် ပြောရင် ပိုမှန်မလားလို့။ ဘာဖြစ်လို့ဆိုတော့ တော်တော်များများလို တလမ်းမောင်း မဟုတ်ဘဲ လိုင်းစုံကို ခံစားနှစ်သက်မိတတ်လို့ပါ။

ကိုယ်တို့ batch တွေ နဲ့ တော်တော်မကိုက်တော့ဘူး ဆိုနိုင်တဲ့ ... "လှုပ်လှုပ်
လှုပ်လှုပ် မင်းလာတော့ ဒုတ်ဒုတ် ဒုတ်ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်းလိုလို ဟာကိုလဲ တော်တော်ကောင်းရှာသားပဲ လို့ ထင်ရင်ထင်နေတတ်တာမျိုး။ ဒါပေမယ့် စိတ်ထဲမှာ ကောင်မလေးက ဘာလှုပ်လာလဲမှ မသိတာလို့တော့ ဆက်တွေးမိသေးတယ် ... I am not 17 လေ :D (အဲဒီ သီချင်း ဘယ်သူ ဆိုတာလဲတော့ ခုထိ မသိပါဘူး)

ပြီးတော့ TV မှာ
မိုးရာသီအတွက် မိုးလေဝသ သတင်းတွေ လာတာနဲ့ ကြုံတဲ့အခါ....
ကိုစောညိမ်းရဲ့ "မိုးသက်လေနှင်" က "ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ကျေပြီထင်ရဲ့ ခိုမှီရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင်" ဆိုတဲ့ အပိုဒ်ကလေးရဲ့ နောက်ခံတေးသွားလေးကို ကြားရင် လုပ်လက်စ အလုပ်ကို ရပ်ပြီး အဲဒီ
ခဏလေးပဲ ကြားရတဲ့ တယောသံလေးကို စွဲစွဲမက်မက် နားထောင်ချင်တတ်တယ်။

ခုတောင် "သက်ပိုင်သူ" စပေးလို့ "ချစ်သမျှကို" ကို ပြောင်းရေးထားပြန်သေးတဲ့ မြို့မငြိမ်းရဲ့ "ချစ်တာ ပဓာန" သီချင်း နားထောင်ချင်လာပြန်တယ်။ "တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ရွှေပုံပေါ်မှာစံရ ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်"

"အချစ်ကို
ယုံလို့ ပုံကြတယ် ... ရွှေမြင်းမိုရ်တောင်လုံး တုံးမှတ် ခုန်မယ်..
မိုးစွန်ထက်ဖျား သိကြားထံ ကြယ်ပျံကို လိုသေး မောင်ယူပေးမယ်...
ချစ်တာ သူက ပဓာနပဲတဲ့ ရာသက် တိုင်ရွယ် ... မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင် ကပ်လုံးဆုံး တိုင် တိုင်
တူပြိုင်ကျော သဉ္ဇာဝယ် ချစ်ပင်လယ်ကျောအတူ တကယ်မျောမူ ဆယ်သောသူ မော လိမ့် မယ်"


ပြီးတော့ ရှိပါသေးတယ်။
"သနပ်ခါးခြေဆုံး ခေါင်းဆုံး မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့ ကျောထောက်နောက်ခံ ကူညီရန်ပဲ တကယ်..
တူနှစ်ကိုယ် စီးပွားရှာမယ် ကြီးပွားကာရယ် "
ဆိုတာလေ...
ဘာသီချင်းမှန်းတော့ မသိဘူး... ခုတလော ခေါင်းထဲ ရောက်နေတာ...
(သေချာတာတော့ ဒီမိန်းမ ဟင်းချက်တတ်ပုံမပေါ်ဘူး။ ဒါမှမဟုတ် အချက်ပျင်းပုံရတယ်...စီးပွားရှာမယ်ပဲ ဆိုနေတော့ကာ...) ။ အဲဒီ သီချင်းကို ခုနောက်ပိုင်း "ဂရေဟမ် နဲ့ ဖြူသီ" စုံတွဲ ဆိုထားတာ ရှိတယ်။ သီချင်းနာမည်တော့ လုံးဝ မမှတ်မိတော့ဘူး။

အင်း ပြောလက်စနဲ့ ကြုံတုန်း... ဟိုတလောကတောင် "သက်ပိုင်သူ" ကြောင့်ပဲ သီချင်းတစ်ပုဒ် သတိရမိသေးတာ။ ဘာမှတော့ မဟုတ်ပါဘူး။ မကြာသေးခင်က cbox မှာ တစ်ယောက်က လှတယ်နော် ပြောသွားတာကို မနာလို ဖြစ်ပြီး (မိန်းမချင်းကတော့ ဒီလိုပါပဲ တယောက်လှရင် တယောက်မနာလိုနေကျ) ပြောတဲ့လူကို မျက်စေ့သွားစမ်းဦး ဘာဦးနဲ့ ပြောလို့... လေဘာတီ မမြရင် သီချင်းကို သတိရမိတာ..."စံပယ်တင်မှဲ့" လေ...

"ကျွန်မကိုယ် ကျွန်မပင် ချောတယ် လှတယ် ဘယ်သောခါ မပြောဝံ့ပေါင်ရှင် ... အရုပ်ဆိုးကာ အကျည်းတန်တယ်လို့ထင်.."

(ကိုသီဟသစ်က ရေးဖို့ တောင်းဆိုလို့ပါ။ သူ့ကြောင့်
ရေးဖို့ idea ရသွားတာမို့ ကျေးဇူးတင်ပါတယ်။)

Friday, March 6, 2009

သက်ဝေ

သက်ဝေ
[ တေးဆို။ ပြည်လှဖေ ၊ မေရှင် ]
[ တေးရေး။ မြို့မငြိမ်း ]

[ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ

မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ
အသည်းမှာ စွဲမက် အသက်ကိုပုံမယ်လေ ] ၂

တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ

အသွေးယူ အသားကို လှူလှူ

စိတ်တူတယ် ရီရီ ပြုံးပြုံး
မဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရော စိတ်ပါ လိုက်ရောရပါမယ်လေ

[ ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေ ကွယ်စေ
မြမြင်းမိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ ] ၂

ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့ပြင်
ဆထမ်းပိုး တိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကိုခြွေ

သက်ဝေ.....

ချစ်မက်မပြေတယ်လေ

ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပေ
မငြိုငြင်ဘူးရှင့်
အသင့် လိုရာစေ

မခိုင်းရက်ဘူးကွယ့်
ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ

ချစ်သက်ဝေ နှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ

လှသထက် လှမယ်ဆိုရင်
ဆေးဘက်ဝင်ပါသလား
မောင့် အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ
အသုံးပြုပါလေ
ကြည်ဖြူပါတယ် လိုရာကို ယူစေ...

[ ဓူဝံကြယ် မြေမှာခကြွေ... သွေကွက်မယ် စိတ်ဝယ်မပွေ ]

***
Romantic !

"စာမျက်နှာ ၁၅" သီချင်းအပြီး ဒုတိယအကြိမ် တင်ဖြစ်တဲ့ သီချင်းပါ။ ကိုယ် တော်တော်ကြွေတဲ့ သီချင်းပေါ့။

" ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ.." ဆိုတာ မျိုးကျော့မြိုင် ပြန်ဆိုထားတဲ့ ဝင်းဦး သီချင်း "မောင်တို့ ချယ်ရီမြေ" အစမှာပါတဲ့ " အို မောင့်နော်ဇာ ရွှေကုံး ဂမုန်းခိုင်ရယ် " ဆိုတာမျိုးလို့ ထင်ပါတယ်။ (နော်ဇာ ဆိုတာ ကောင်မလေး နာမည်မဟုတ်ဘူး။ လည်ဆွဲ ဘယက်တမျိုးကို ခေါ်တာပါ။ ဒီဇိုင်းပေါ်မူတည်ပြီး ခေါ်တယ်လို့ ထင်ပါတယ်။ မှားရင်လည်း မှားလိမ့်မယ်။ လည်မှာဆွဲတဲ့ အဆင်တန်ဆာပါပဲ။ မှားရင်လည်း ပြင်ပေးနိုင်ပါတယ်။)

ပြီးတော့တွေးမိသေးတယ်။ " ပျော်သလို နေပါကွယ် " သီချင်းကို ထူးအိမ်သင် ရေးတော့ ဒီသီချင်းကိုများ သတိရမိခဲ့သေးလားလို့...
" ချစ်သက်ဝေနှမ စိတ်တိုင်းကျကျ ပျော်သလိုနေ "... ဆိုတာ တော်တော် စောတဲ့ ခေတ်ကနော်...

မျိုးကြီးရဲ့ " ကြယ်တွေ ကြွေသွားသည့်တိုင် " ဆိုတာလည်း သူ့ထက် အများကြီး နောက်ကျခဲ့သေးတယ်။
" ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေလတွေ ကွယ်စေ "

ဘယ်နှယ့်လဲ... စာသားတွေ လန်းတယ် ဟုတ် ? သီချင်းရေးတဲ့ သူ ဘယ်သူလဲ သိချင်မိပါရဲ့။ ( သိရင်လည်း ပြောသွားကြပါဦး )

စိတ်ဝင်စားမယ်လို့တော့ သိပ်မမျှော်လင့်ပါဘူး။ နားထောင်ချင်ရင်တော့ ဒီမှာပါ ...

မှတ်ချက်။ ။ post တွင်ပါဝင်သော သီချင်းများ အားလုံး post ရေးရင်း သတိရလာမိသော ကိုယ်နှစ်ခြိုက်စွဲလမ်းခဲ့သော သီချင်းများ ဖြစ်ပါသည်။

(သက်ဝေ သီချင်း ရှာပို့ခဲ့တဲ့ "ကိုခိုင်ခန့်ကျော်" ကို သိပ်ကျေးဇူးတင်ပါတယ်)
(တေးရေး ဆရာ "မြို့မငြိမ်း" ဖြစ်ကြောင်း ပြောပေးခဲ့တဲ့ "သက်ပိုင်သူ" ကိုလည်း ကျေးဇူးတင်ပါတယ်)

Sunday, October 5, 2008

ကျွန်မ ရှာဖွေနေသော မြန်မာ ဂန္ထ၀င် သီချင်းများ

မနေ့က "That & This (Not This & That)" ပို့စ် လေးကို တင်တော့ ဒေါ်မေရှင်ရဲ့ "ရွှေအင်းဝ" သီချင်းကို တငြိမ့်ငြိမ့် နားထောင်ရင်း တင်ခဲ့တာပေါ့.. အဲဒီ သီချင်းလေးကို မကြာပီ... ရဲ့ blog က မြန်မာ ဂန္ထ၀င် သီချင်းများ ရှိတဲ့ link ကနေ ရခဲ့တာပါ... ယုန်ထောင် ကြောင်မိတယ် ပြောရမလား
ကျွန်မသွားရှာတာ "ကသစ်ပန်း" သီချင်းရှင့်... " သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ.." ဆိုတဲ့ သီချင်းလေ...

ဒါပေမယ့် "ရွှေအင်းဝ" သီချင်းကို တွေ့တော့ ၀မ်းသာအားရပဲ download လုပ်မိတယ်.. ကံကောင်းချင်တော့ ဒေါ်မေရှင်ဆိုတဲ့ version ဖြစ်နေပါတယ်.. လိုချင်သူများ အထက်က လင့်ခ် မှာ သွားရှာနိုင်ပါတယ်

"စန္ဒကိန္နရီ" ကို နားထောင်မိတော့ မေမေ့ကို သတိရမိတယ်... "သုဝဏ္ဏသာမ" တို့
"စန္ဒကိန္နရီ" တို့ ကျွန်မ ငယ်ငယ်တုန်းက မေမေ ဆိုလေ့ရှိတတ်တာ အမှတ်ရမိတယ်... (မေမေ့ဆီတောင် ဖုန်းမဆက်ဖြစ်တာ ၄ ပတ်လောက်ရှိပြီ .. မဟုတ်တာတွေနဲ့သာ အချိန်ကုန်နေတယ်...ဒီညတော့ ဆက်ဖြစ်အောင်ဆက်ရမယ်)

အင်း .. ပေါက်ကရတွေးတတ်တဲ့ ဦးနှောက်က တကယ့် Classic သီချင်းကို နားထောင်ရင်းတောင်
" ချစ်လင်ကလွဲ ဖွဲ ဆန်ကွဲ ထင်တာ.." ဆိုတဲ့ အပိုဒ်ရောက်တော့ ဒါဆို ချစ်လင်ကလွဲ အကုန် တန်ဖိုးကြီးနေမှာပေါ့ လို့ တွေးမိသေးတယ်... :P
(ဒါပေမယ့်လည်း အေးပေါ့လေ ကိုယ့်လူကိုယ်တော့ ပုသိမ်ပေါ်ဆန်းမွှေး ချည်းပဲ ထင်ကြမှာပါ)

၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ ကျွန်မ မြန်မာသံတွေကို တော်တော် အာရုံဝင်စားလာခဲ့ပါတယ်... ဒီ့အရင်ကတော့ ထူးအိမ်သင် ၊ လေးဖြူ ၊ ဇော်ဝင်းထွဋ်...စတာတွေပါပဲ... အသက် ၁၈နှစ်နောက်ပိုင်းမှာကျတော့ ကျွန်မ စိတ်ဝင်စားမှုတွေက ပြောင်းလဲသွားတာ မဟုတ်ဘဲ ဖြန့်ကျက်လာတယ် လို့ပြောရမယ် ထင်ပါရဲ့... :)

ခုလဲ ကျွန်မ "ပါရမီတော်" သီချင်းနဲ့ "သခွပ်ပန်း" သီချင်းကို တော်တော် လိုချင်မိတယ်... ကျောင်းပြီးကာစက အဲဒီ သီချင်းနှစ်ပုဒ်ကို TV မှာလာတုန်း Video Tape နဲ့ ဖမ်းကူးထားလိုက်တာရှိတယ်...နောက် အလုပ်ရပြီး မေ့မေ့ ပျောက်ပျောက်နဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး ... ခုတလော အဲဒီ သီချင်းတွေကို တော်တော် ပြန်နားထောင်ချင်လာမှ ဘယ်မှာ ရှာရမှန်း မသိတော့ဘူး... အင်တာနက်က မကျွမ်း... အချိန်ကမရှိနဲ့...

ဒေါ်မေရှင်ရဲ့ ရွှေအင်းဝ သီချင်းလေးလဲ စိတ်ဝင်စားကြရင် နားထောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ...
ခြေဆင်း အပြီးမှာ စလာတဲ့ "...ဧရာဝတီ စမုံ ဒုဋ္ဌ၀တီ ဇော်ဂျီ ပန်းလောင်... " ဆိုတဲ့ စာသားလေး စကြားလိုက်ရပြီ ဆိုရင်ပဲ ရင်ထဲမှာ တငြိမ့်ငြိမ့်နဲ့ နှစ်သက် ပီတိဖြစ်မိတော့တာပါပဲရှင်...
ဒီသီချင်းမှာတော့ နှစ်ခွထွက်တဲ့ အဓိပ္ပါယ်နဲ့ ပေါက်ကရ လျှောက်တွေးစရာ မတွေ့မိဘူး..

အဲ...

"မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့်လာခဲ့ပြီ..
တန်ခိုးလဲအဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်...
အလွန်ပင်စည်ကားသည်...
ဟိုစဉ်အခါကအတည်...နောင်လာနောင်သား မှတ်ဖို့စာစီ" ဆိုတာလေးကတော့ ရှယ်ပဲ။

ဂီတ ဆိုတာ အဲလိုမှ... သံစဉ် နိမ့်မြင့် တက်ကျ... စာသား ထိထိမိမိ.. ရင်ထဲကို တိုက်ရိုက် hit ဖြစ်တယ်

မြန်မာပြည်ကို သတိရလိုက်တာ..