Showing posts with label tag. Show all posts
Showing posts with label tag. Show all posts

Sunday, April 10, 2011

All about him...

တခါတခါ ပေါ်လာတတ်တဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ရာ ခပ်ရေးရေးကလေးကို ကြိုက်တယ်။

လူကြုံရှိတယ် ဘာမှာမလဲ မေးတဲ့အခါ မှာမယ့်ဟာကို ဘယ်တော့မှ အရင်မပြောဘဲ "စင်ကာပူသူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှလေးတစ်ယောက်လောက် မှာချင်တယ်။ ပိန်လှီပိန်လှပ်မလိုချင်ဘူး" လို့ ပြောလေ့ရှိတာကိုလည်း ကြိုက်တယ်။

ဘာမှ အဆက်အစပ်မရှိဘဲ "(ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို) သိပ်ကြိုက်နေလို့ ကယ်ပါဦး" လို့ ချက်ချင်းကြီး ထပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။ (နာမည်ထည့်မရေးဘူး။ စိတ်နာလွန်းလို့)

သူကြိုက်တဲ့ မင်းသမီးတွေကို ဝေဖန်မိတဲ့အခါ "အေးပေါ့ မင်းလို ပိန်ပိန်ပါးပါးကတော့ သူတို့ကို မနာလို ဖြစ်နေမှာပေါ့" လို့ မခံချင်အောင် ပြန်ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

"လူကြုံထည့်ပေးလိုက်တာ ကောင်မလေးချောချောဆို အပြင်မှာ ဒိတ်ပြီး ကော်ဖီတိုက်လိုက်မယ်" လို့ ပြောတတ်တာကိုလည်း ကြိုက်တယ်။

မှာတုန်းက အသည်းအသန်မှာလို့ ထည့်ပေးလိုက်တဲ့ပစ္စည်း ချက်ချင်းသွားမယူသေးဘဲ လှမ်းပြောတဲ့အခါ ရူးချင်ယောင်ဆောင်နေတတ်တာကို (ဒေါသထွက်နေတဲ့ကြားက) ကြိုက်တယ်။

မှာတာတွေ များနေတဲ့အခါ "ခုတလော မင်း အတော်ဖြုန်းတီးနေပါလား" လို့ စိတ်ထဲက မပါဘဲ လှမ်းပြောရတာကို ကြိုက်တယ်။

စိုက်ဝယ်ပေးထားတဲ့ ပစ္စည်းတွေအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပေးတဲ့အခါ "ဟမ် အဲလောက်တောင်မှ များလား၊ ပြန် မဆပ်နိုင်တော့ဘူး။ လူကို ယူပါ၊ အသည်းကို ချမ်းသာပေးပါ" လို့ ပြန်ပြောတတ်တာကို ကြိုက်တယ်။
(ယောက်ျားလေးတွေ အဲဒီစကား တော်တော်တော့ ပြောကြတယ်။ သူငယ်ချင်းတွေ အသိတွေထဲမှာလည်း ကြုံဖူးတယ်)

အဲဒီအခါ "အသည်းကမှ ဒုတ်ထိုးလုပ်စားလို့ ရဦးမယ်။ လူ ဘာလုပ်ရမလဲ" လို့ ပြန်ပြောရတာ ကြိုက်တယ်။

မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုးထက်ပိုပြီး ငွေပြန်ရှင်းပေးတတ်တာကို ကြိုက်တယ်။

"ဟေ့ မင့်သူငယ်ချင်းက လာပြောနေတယ်။ ငယ်ငယ်တုန်းကဆို မိန်းကလေးလိုပဲ သိပ် စိတ်ဆိုးတတ်တယ် တဲ့" လို့ စပေးပြီး၊ "မဟာယောက်ျားသားဝါဒီကွ" လို့ ပြန်အော်တတ်တာကို နားထောင်ရတာ ကြိုက်တယ်။

တချို့ အင်းဆက်တွေကို ကိုယ်ကြောက်တယ်လို့ ထင်ပြီး ဟာသ လုပ်ချင်နေတတ်တာကို ကြိုက်တယ်။ (အမှန်တော့ ဒီလောက်လည်း မကြောက်တတ်ပါဘူး။ အကောင်ပလောင်တွေကို စိတ်ရှုပ်တာ)

တချို့ကိစ္စတွေ သူ မေးလို့ မသိတဲ့အခါ "ဟမ် မင်း ခုလို နိုင်ငံခြားသွားအလုပ်လုပ်နေတာ ပိုက်ဆံကလွဲလို့ ဘာတွေများ အသိပညာဗဟုသုတတွေ ပိုရလာသလဲ" လို့ တိုက်ရိုက်ထိမယ့် စကားမျိုး ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဒါမှမဟုတ် သူခိုင်းတာတွေ တလွဲ လုပ်မိတဲ့အခါ "အဲဒါ ဘာများခက်လို့လဲ အင်ဂြင်နယာမကြီးရဲ့" လို့ အငေါ်တူးတဲ့လေသံနဲ့ ပြောခံရတာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဘာကိစ္စဖြစ်ဖြစ် မေးမိတဲ့အခါ "ပြောတာ သေချာနားထောင်
တခုချင်း ပြန်မမေးနဲ့၊ ပြီးရင် ကိုယ့်ဘာသာ ရအောင်လုပ်" လို့ ပြောတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

ဒီမှာရောက်နေတဲ့ ကိုယ်နဲ့လည်းသိတဲ့ သူ့ငယ်သူငယ်ချင်းတချို့အကြောင်း သတိတရ မေးလေ့ရှိတတ်တာကို ကြိုက်တယ်။

"ခုတလော အိပ်ရေးတွေပျက်တယ်၊ body weight လည်း ကျတယ်၊ သိပ်လည်း နေမကောင်းဘူး" လို့ သတင်းကြေညာတဲ့လေသံနဲ့ လှမ်းပြောပြတတ်တာကို ကြိုက်တယ်။

ဂျူး စာအုပ်
အသစ်၊ ဟုတ်လား၊ ဖတ်မနေပါနဲ့ကွာ၊ မင်း သူ့နေရာဝင်ယူလို့ ရနေပါပြီ လို့ သိသိသာသာ လှောင်ပြောင်ချင်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

စာအုပ်တစ်ခုခုကို ညွှန်းပြီး ဖတ်ကြည့်ပါလား ပြောတဲ့အခါ "အချစ်အကြောင်းမို့လား၊ တော်ပါ၊ အချစ်ဆိုရင် ကြောက်လွန်းလို့ဘာာာာ" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်ဆိုးစရာ လုပ်မိတဲ့အခါ သူ့ဘာသာ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး ပြန်ခေါ်ချင်တဲ့အချိန်ကျမှ
သူ့ဘာသာ လာခေါ်တတ်တာကိုလည်း ကြိုက်တယ်။

ကိုယ့်ကို သူ့ဘာသာ block လုပ်၊ သူ့ဘာသာ စိတ်ပြေတဲ့အခါ ပြန်ဖွင့်ပြီး၊ မတွေ့တာတောင် ကြာပြီ လို့ ခပ်တည်တည် စပြောတဲ့အခါ အေး ဟုတ်တယ် ကိုယ် မင်းကို block လုပ်ထားတာလို့ ပြန်ပြောရတာ ကြိုက်တယ်။

သူ မကြိုက်ဘူးဆိုတာ ပြောထားရက်နဲ့ "ခု ဘယ်မှာရောက်နေလဲ" မေးရင် "massage"၊ "ဘာလုပ်နေလဲ" မေးရင် "အရက်သောက်နေတယ်" လို့ အရွဲ့တိုက် ပြန်ဖြေတတ်တာကို
(အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

"အညာသူတွေနဲ့ စကားမပြောချင်ဘူး" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်မတို တိုအောင် လိုက်စနေတတ်တာကို ကြိုက်တယ်။

သူ့နာမည်ရှေ့မှာ 'ခွေး' တပ်ခေါ်ရတာ ကြိုက်တယ်။

ဒေါသထွက်တုန်း ရေးလိုက်မိတဲ့ စာမှာ သူ့နာမည်အစား 'Darling' လို့ ပြန်ပြင်ပြီး စာပြန်ရေး ဆက်စ နေတတ်တာကို ကြိုက်တယ်။

သူ့အလုပ်က တချို့ အောင်မြင်မှုတွေအကြောင်း "ဘယ်သူ့မှ ပြန်မပြောရဘူးနော်" လို့ စကားခံပြီး ကိုယ့်ကို လာအသိပေးတတ်တာကို ကြိုက်တယ်။ (အဲဒါ အပေးအယူတွေပါမှန်း သိနေပေမယ့်...)

***
တခါတရံမှာ
(အသေးအဖွဲလေးပဲ ဖြစ်ဖြစ်) သူ့အတွက် လုပ်ပေးနိုင်နေတာကို ကြိုက်တယ်။

တခါတရံမှာ (မဖြစ်စလောက် အတိုင်းအတာလေးပဲဖြစ်ဖြစ်) သူ လိုအပ်တာ ခံရပြီး သူ့အတွက် အသုံးဝင်နေတာကို ကြိုက်တယ်။

ရေချမ်းကပ်တဲ့အခါ သူ့စိတ်နှလုံးထဲ အဲဒီလို ကြည်လင်ချမ်းမြေ့နေပါစေ လို့ အာရုံပြုပေးရတာကို ကြိုက်တယ်။

အရာအတော်များများ အသိပေးနေကျ သူငယ်ချင်း နှစ်ယောက်က "ဟိုကနေ တခုခု ဆိုတာနဲ့ ဒီဘက်မှာ ပျာနေပြီ" လို့ ပြောပြီး အမြင်ကတ်ခံနေရတာကို ကြိုက်တယ်။

***
ပြောလိုက်တဲ့အထဲ စကားလုံးအတွဲဆန်းတခုခု အမှတ်တမဲ့ပါသွားရင် modify ပြန်လုပ်ပြီး "သမီးလေးဆိုရင် အဲဒီနာမည်ပေးမယ်" လို့ သူ့ဘာသာ တယောက်တည်းပြောသလို ပြောဖူးတာကို ကြိုက်တယ်။

ဖတ်ထားတယ် ဝန်မခံဘဲ "မင်း ကိုကိုတွေ ကက်ကက်တွေနဲ့လည်း တွေ့နေဦးမယ်" လို့ ပြောဖူးတာကို ကြိုက်တယ်။

***
(အစဟာ ဘယ်လိုဖြစ်ဖြစ်၊ အလယ်မှာ ဘာတွေကြုံကြုံ၊ အဆုံး ဘယ်လိုသတ်သတ်) တွေ့ခဲ့ရတာကို ကြိုက်တယ်။

***
ပေါက် က ကြိုက် ဆိုတဲ့ စကားလုံးနဲ့ တဂ်လို့ ရေးလိုက်ပေမယ့်၊ စကားလုံးက တိမ်လို့ ဒီအကြောင်းအရာတွေမှာ ထည့်ရေးရတဲ့ "
ကြိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကိုတော့ မကြိုက်ဘူး။

နေ့စဉ်အလုပ်တွေက အကြိုက်ကို ရေးခိုင်းတာမှန်း သိပေမယ့် ပိုက်ဆံရတဲ့အလုပ်ကလွဲလို့ ဝေယျာဝစ္စတွေ ကိုယ့်ဘာကိုယ် လုပ်နေရတဲ့ အဖြစ်ကို မကြိုက်နိုင်တော့ အဲဒီအကြောင်းတွေကျ ရေးလို့ မရဘူး။ မကြိုက်တာတွေကို နှစ်ချီလုပ်ပြီး နေနိုင်တဲ့ ကိုယ့်ဘာသာတော့ ကြိုက်တယ်။


***
ဖြည့်စွက် (11.4.11, 11:40 AM)

အလုပ်မရခင်က ဒီကို ခဏ ကြွလာတဲ့ ဆရာတော်တပါးဆီ သွားဖူးဖြစ်မယ် ပြောမိတော့ "အဲဒီဆရာတော်ကို ကိုယ်တော့ မယုံဘူး။ ဒါပေမဲ့ မင်း ယုံရင် သွားပါ။ ယုံကြည်မှုဆိုတာ ခွန်အားတမျိုး မောင်းနှင်အားတမျိုးပဲ"
လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ကိုယ် ကြိုက်လို့ သယ်လာတဲ့ သုတ္တန်တစ်ခု အနက်ဖွင့်တဲ့ စာအုပ်အကြောင်း ပြောမိတဲ့အခါ "အဲဒါ သူ(စာရေးဆရာ) ထင်ရာ မြင်ရာတွေ စွတ်ရေးထားတာ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ဒီရောက်ပြီး အလုပ် တော်တော်နဲ့ မရလို့ သိပ်ဝမ်းနည်းနေခဲ့တဲ့ တချိန်တုန်းက ဖုန်းထဲကနေ ကိုယ့်နာမည်အလိုက်အတိုင်း လေချွန်ပြခဲ့ဖူးတာကိုလည်း ကြိုက်တယ်။

***

Thursday, March 18, 2010

ဥဒ္ဓိစ္စများ

မမချစ်ကြည် tag လို့ပါ။ တွေးမိတာတွေဆိုလို့ စိတ်ထဲ ရောက်နေတာတွေ ချရေးလိုက်မိတယ်။

***
၁) လွမ်းနေတုန်း အိပ်မက်



အဲဒီသီချင်းကို ထပ်ကာထပ်ကာ နားထောင်နေမိတယ်။

သီချင်းထက် ရိုက်ထားတဲ့ ပုံစံလေးက ပိုထိပါတယ်။

အနုပညာကို အတုံးလိုက် အတစ်လိုက် ပြတာပဲဖြစ်ဖြစ်၊ သိပ်ကို ဖုံးကွယ် လျှို့ဝှက် သွယ်ဝိုက်နေတာပဲဖြစ်ဖြစ် မကြိုက်တတ်ပါလား လို့ တွေးနေမိတယ်။ အဲဒီ သီချင်းလေးလို ခပ်ပါးပါးလေးနဲ့ ခံစားသူတောင် မရိပ်မိလောက်အောင် လှစ်ခနဲ ရင်ထဲထည့်သွားတာမျိုး ကြိုက်နေမိတယ်။


ပရိသတ်ကို ဘယ်တော့မှ အပြည့်မပေးရဘူး ဆိုတာကို သဘောတူမိတယ်။

ရဲလေး သီချင်းတစ်ပုဒ်မှာ မြန်မာဗွီဒီယို ဇာတ်လမ်းကြီးလို သူက သွေးကင်ဆာဖြစ်ပြ ကောင်မလေးကို စိတ်နာအောင် တမင်လုပ်၊ ပြီးမှ သေလုမျောပါးဖြစ် ဆိုတာမျိုးတွေ ကြည့်တောင် မကြည့်ချင်တော့ဘူး။

လွမ်းနေတုန်းအိပ်မက် ကလေးကတော့ မိုက်နေတာပဲ။
အဲဒီထဲက သရုပ်ဆောင် ကောင်လေးကိုလည်း သဘောကျမိတယ်။
သူ့ရုပ်ကလေးနဲ့ အမူအယာလေးတွေလည်း ကြိုက်မိပါတယ်။
အရမ်းကြီး မချောပေမယ့် ရယ်လိုက်ရင် ချစ်စရာကောင်းတယ်။

အသက်ကြီးလာလို့လား မသိ။ ငယ်တဲ့လူတွေပဲ ကြည့်ချင်နေတော့တယ်။
ဒါပေမဲ့ cbox မှာတော့ မလွှဲမရှောင်သာ အသက် ၄ဝ တန်းတွေနဲ့ပဲ စကားပြောနေရတာပေါ့။
ကောင်ကောင်မို တို့၊ ပလုံ တို့၊ ကိုဘ တို့၊ Simon တို့။ :(


***
လွမ်းနေတုန်းမို့ ခဏခဏ အိပ်မက်တယ်။

"ဟို အရင်လို ကိုယ့်အနား တိုးလို့ စကားလေး ပြောတဲ့အခါ..."

***

၂) စာရေးသူများ

အပေါ်က အကြောင်းအရာနဲ့ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတာ...
ဟိုးအရင်ကတည်းကလည်း တွေးခဲ့မိဖူးတာက...

အမျိုးသား စာရေးဆရာတွေနဲ့ အမျိုးသမီး စာရေးဆရာတွေအပေါ် ကိုယ်မျှော်လင့်တတ်တဲ့ သဘောထား...

အမျိုးသားစာရေးဆရာတွေဆီက ကိုယ်မျှော်လင့်တတ်တာ ဖွဲ့နွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွေ၊ အရေးအသားတွေ မဟုတ်ဘူး။ မိန်းမတွေဆီက မျှော်လင့်လို့ မရနိုင်တဲ့၊ မိန်းမတွေ လက်လှမ်းမီဖို့ ခဲယဉ်းတဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုပဲ မျှော်လင့်မိတတ်တယ်။

အမျိုးသမီးစာရေးသူတွေ ဖွဲ့နွဲ့ရင် အပိုမလိုမရှိ ကွက်တိ ခံစားလို့ ရတတ်ပေမယ့်၊ အမျိုးသားတွေ ဖွဲ့နွဲ့နေရင် ဖွဲ့တာများလေ ဖတ်ရတာ အူကြောင်ကြောင်နိုင်လာလေပဲ လို့ ခံစားရတတ်တယ်။

အဲဒါကြောင့် အမျိုးသားတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ သိပ်မဖတ်ချင်တတ်ဘူး။
ချွင်းချက်တော့ ရှိတယ်။ နေနော် အစပိုင်း ရေးတဲ့ အရေးအသားတွေ (အကြောင်းအရာ မပါ) တော့ မဆိုးလှဘူး။ ကြိုက်လို့ရပါတယ်။ နောက် ဟိုးအရင် မြားနတ်မောင် မှာ နည်းနည်းပဲ ဖတ်ခဲ့ရဖူးတဲ့ ဧကံဖြိုး ရဲ့ ဝတ္ထုတို/ ရှည်လေးတွေ...

အဲဒီ စိတ်အခြေခံနဲ့ ဖတ်တဲ့အခါ တက္ကသိုလ်ဘုန်းနိုင် နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ အရေးအသားမျိုးတွေကို ခံစားလို့ မရတော့ဘူး။ (ဒီလိုပြောလို့ အမျိုးသားစာရေးဆရာတွေ အချစ်ဇာတ်လမ်းရေးရင် ဘာရေးရေး မကြိုက်ဘူး ပြောချင်တာ မဟုတ်ဘူး။ အချစ်ဝတ္ထုရေးတဲ့အခါမှာ အမျိုးသားစာရေးဆရာတွေရဲ့ သိပ်ဖွဲ့နွဲ့တဲ့ စာသားတွေကို ခံစားလို့မရတာ။)

ခင်နှင်းယု အရေးအသားလေး အမှတ်ရမိတယ်။
"ပြုံးဖို့မေ့နေတာ ကြာပါပြီ" လို့ မိန်းကလေးက ပြောတော့..."ကိုယ့်ကို မြင်ရင်ရော မပြုံးချင်ဘူးလားဟင်" ဆိုတာ... ပြီးတော့ ခင့်ကို ပြုံးအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ် ဆိုလား... အဲဒီစာအုပ်ပျောက်သွားလို့ စကားလုံးတွေ မမှတ်မိတော့ဘူး။ အဲဒီ သဘောလေးပေမယ့် အဲဒီလို ရိုးစင်းစင်း ရေးသွားတာ မဟုတ်ဘူး။

ခင်နှင်းယု စာတွေ ကြိုက်လွန်းတယ်လည်း မဟုတ်ပါဘူး။ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိတယ်။ ကြိုက်တယ် ဆိုတဲ့ထဲမှာကို မကြိုက်တာတွေ ပါနေတတ်ပြီး၊ မကြိုက်ဘူး ဆိုတဲ့ထဲမှာလည်း ကြိုက်တာတွေ ပါနေတတ်တယ်။

ဒါပေမဲ့ သူ့စာထဲက မိန်းကလေးတွေရဲ့ character အဖွဲ့လေးတွေကိုတော့ သဘောကျမိတယ်။ character ကိုတော့ သဘောကျချင်မှ ကျမှာ ဖြစ်ပေမယ့် ပုံဖော်ထားတဲ့ အရေးအသားကတော့ တို့ထိရုံနဲ့ ပြည့်စုံသွားတယ် လို့ ခံစားမိပါတယ်။ မိန်းမ စာရေးသူတွေမှာ အဲဒီအရည်အချင်း ရှိကြတယ်။

ကိုယ်တိုင်က စာရေးဖြစ်နေလို့ ဖြစ်လိမ့်မယ်။

စာဖတ်တဲ့အခါမှာ ရေးတဲ့ အကြောင်းအရာသက်သက်ကို ခံစားတာထက် ဘယ်နေရာမှာ ဘယ်လိုရေးတယ် ဆိုတဲ့ ရေးပုံရေးနည်းကိုပါ တပါတည်း ကြည့်မြင်မိသွားတာ။ ဆိုတော့ ကြိုက် မကြိုက် ပြောတော့မယ် ဆိုရင် ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာအပေါ်မှာချည်း တန်းခနဲ ပြောလို့မရတော့ဘဲ ဘယ်အပိုင်းက ဘယ်လို ဆိုတာတွေ ပါလာတော့တယ်။

ရုပ်ရှင် ကြည့်ဖြစ်ရင်လည်း အဲဒီလိုပဲ။ တင်ပြတဲ့သူ (ဒါရိုက်တာ) နေရာက ဝင်ကြည့်နေမိတတ်တယ်။
"အမျှင်" ဇာတ်ကားကို ရေးတော့လည်း အဲဒီ သဘောတွေပါသွားတယ်လို့ ထင်မိတယ်။

***
၃) Feminist


ကိုယ့်ကို Feminist လို့ စွပ်စွဲတဲ့ လူတွေရှိတယ်။
အဲဒါ လုံးဝမှားတယ် ဆိုတာ စာရေးဆရာ နဲ့ စာရေးဆရာမတွေဆီက မတူညီတဲ့ ကိုယ့်မျှော်လင့်ချက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ တကယ်တော့ ကိုယ်က Feminist ဆိုတဲ့ အဓိပ္ပါယ်တောင် သေချာဂဏ သိတဲ့လူ မဟုတ်ဘူး။ ဘာဖြစ်လို့ မသိလဲ ဆိုတော့ စိတ်မဝင်စားလို့။

ယောက်ျားနဲ့ မိန်းမမှာ မတူတာတွေ ရှိကို ရှိတယ်၊ အဲဒီ မတူတာတွေဟာ မတူတဲ့အတိုင်း ရှိကို ရှိနေရမယ် လို့ လက်ခံတဲ့သူသာ ဖြစ်တယ်။ တချို့သော မိန်းမ အခွင့်အရေးတွေ ကိုယ် လုံးဝ စိတ်မဝင်စားဘူး။

ဘယ်သူတွေဘာပြောပြော ကိုယ် Feminist မဟုတ်ဘူး ဆိုတာကို အနည်းဆုံး တစ်ယောက်တော့ သိပါတယ်။

***
၎) စစ်သားနှင့် သင်္ဘောသား

ကိုယ်သိတတ်စ အရွယ်ကတည်းက လူများစု မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကြတဲ့လူတွေကို စိတ်ဝင်စားတယ်။

အထူးသဖြင့် သင်္ဘောသားတွေနဲ့ စစ်သားတွေရဲ့ life ကို စိတ်ဝင်စားမိတယ်။
သူ့တို့ရဲ့ စွန့်စားခန်းသက်သက်တင် ဆိုလိုတာ မဟုတ်ဘူး။
သူတို့ဖြတ်သန်းလာတဲ့ သူမတူတဲ့ အဖြစ်အပျက် အတွေ့အကြုံနဲ့ အဲဒီအပေါ်က ထွက်လာမယ့် အတွေးအမြင်တွေ...


[စကားချပ်။ ။ စိတ်ဝင်စားတာနဲ့ နှစ်သက်တာ မတူ။
ကျန်တာတွေ ဖယ်ထားလိုက်ဦး။ ကိုယ့် မောင်တွေထဲက အဲဒီလိုင်းတွေ လိုက်မယ်ဆိုရင်တောင် ကိုယ် ဘယ်တော့မှ သဘောမတူတတ်ဘူး။ အဲဒါ နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ကိုယ့်နိုင်ငံ ဒီလိုဖြစ်နေလို့ စစ်ဆိုရင် ဘာဖြစ်တယ် ဆိုတဲ့... သတင်းစာကနေ အနောက်မယ်တော်လို့ လှမ်းရိတာမျိုးနဲ့ တူတဲ့ အထာနဲ့လည်း မဟုတ်ဘူး။

ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ကိုယ်နဲ့ နီးစပ် ပတ်သတ်သူတွေကို အဲဒီအလုပ်တွေ မလုပ်စေချင်ဘူး။ လုပ်တဲ့သူတွေရဲ့ life ကို စိတ်ဝင်စားတာက တပိုင်းပဲ။

ဘာဖြစ်လို့ မလုပ်စေချင်ရသလဲ ဆိုတဲ့ အကြောင်းကတော့ သိပ်ရှင်းပါတယ်။ ကိုယ့်ဘာသာ ချစ်လို့ပါ။ သူတို့ကို ချစ်တဲ့ ကိုယ့်မှာ သူတို့အတွက် တွေးပြီး စိတ်ပူစိုးရိမ် မနေချင်တဲ့ ကိုယ့်ဘာသာ ချစ်တဲ့ ငဲ့ညှာတဲ့ စိတ်ကြောင့်ပါပဲ။] မောထှာ။ ရှင်းရတာ။

ဒါပေမဲ့ ကိုယ့်မောင်တွေထဲမှာ စစ်သားသာ မရှိတာ၊ အားနေ ရေကြောင်းပဲ သွားနေကြတယ်။

ဝင်းဝင်းလတ် ရဲ့ ဝတ္ထုရှည်တစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးတယ်။
"မိန်းမတွေ လိုက်မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်တဲ့ ယောက်ျားမျိုးပဲ အထင်ကြီးတယ်။ ဥပမာ - စစ်သားတို့ သင်္ဘောသားတို့" ဆိုတာ။ "ကျောင်းသွားဖော် သူငယ်ချင်း" ဆိုတဲ့ ဝတ္ထုမှာ ထင်တယ်။ ကိုယ်ကတော့ ဒါမျိုးပဲ အထင်ကြီးတယ် ဆိုတာလောက် မဟုတ်ပါဘူး။ ပိုစိတ်ဝင်စား သိချင်ရုံလောက်ပါပဲ။

ဆရာဝန်၊ အင်ဂျင်နီယာ ယောက်ျားတွေရဲ့ life ကိုတော့ ထူးပြီး စိတ်မဝင်စားမိဘူး။
(သူတို့မှာ စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဆရာဝန်မို့လို့ အင်ဂျင်နီယာမို့လို့ ဆိုပြီးတော့တော့ စိတ်မဝင်စားဘူး။ ဒီအလုပ်တွေ မိန်းမလဲ လုပ်လို့ရတာပဲ။)

စီးပွားရေးသမား လည်း စိတ်ဝင်စားတယ်။

(ဒီလိုရေးလိုက်ရင် ကိုကိုအင်ဂျင်နီယာတို့ ကိုကိုဒေါက်တာတို့များ စိတ်ခုစရာ ဖြစ်ကုန်မလား မသိ။ ဘလော့ဂါတွေထဲ အင်ဂျင်နီယာက များပါဘိသနဲ့။ တချို့ စိတ်ဆိုးလို့ comment ပိတ်ပစ်တတ်တဲ့ ဘလော့ဂါ အင်ဂျင်နီယာကိုကိုတို့ဆို ကိုယ့်တောင် gmail မှာ block ပစ်ချင်ပစ်နိုင်တယ်။)

***
၅) ကြိုးကြာများ

Cyber English Center
မှာ တက်တော့ ဆရာတွေက အင်္ဂလန်ပြန်၊ အသက် ၃ဝ ပတ်ဝန်းကျင်တွေ။ ဦးဖြိုးပိုင်ဦးတို့ပေါ့။
(ဦးမျိုးမင်းဦးရဲ့ Mart II ကို ခုထိ မျက်စေ့ထဲ မြင်တုန်းပဲ။ ဦးဖြိုးပိုင်ဦးက '96 မတိုင်ခင်တုန်းက Archi မှာ တက်နေဆဲလို့ ပြောတယ်။)

ကိုယ့်မှာ တွေးမိတယ်။
ဆရာတို့နှယ် ဟိုမှာ ဘာလို့များ ဆက်မနေကြလဲ။
ဘာလို့များ ပြန်လာပြီး၊ ဒီကျောင်းမှာ စာတွေသင်နေရလဲ...
တွေးရုံနဲ့တင် မပြီးဘူး။ နီးစပ်ရာကိုပါ လိုက်ပြောနေသေးတယ်။

ခုတော့လည်း ငါ့နှယ် ဘာဖြစ်လို့ ပြန်လာကြတာလဲ ဆိုတဲ့အတွေးမျိုးကို ဘာဖြစ်လို့များ တွေးခဲ့မိပါလိမ့် လို့ ပြန်စဉ်းစားမိပြန်တယ်။

ရုံးက စီနီယာအစ်မက ဒီနှစ်ထဲ သူ့အမျိုးသားရှိရာ လိုက်တော့မှာ ဆိုတော့ ကိုယ်ပြောမိတယ်။ "အစ်မ လွမ်းနေရမှာနော်" လို့။ သူကလည်း ကိုယ့်လို ပေယျာလကံသမား၊ ရွက်ကျပင်ပေါက်လို လူမျိုး၊ ဒါ့အပြင် ခုလောလောဆယ် အချိန်က ထွက်ရဖို့ကို ထက်ထက်သန်သန် ကြိုးစားနေတဲ့အချိန်ဆိုတော့ "ငါတော့ သိပ်လွမ်းမယ် မထင်ပါဘူး။ မလွမ်းတတ်ဘူး။" လို့ ပြောတယ်။

ကိုယ် သူ့ကို ပြုံးကြည့်နေမိတယ်။ ပြီးတော့ "အစ်မ မသွားရသေးလို့ ဒီစကားမျိုး ပြောတာပါ" လို့။

လူဆိုတာ ကိုယ် မွေးဖွားကြီးပြင်းခဲ့တဲ့နေရာ၊
ကိုယ်ကျင်လည် ဝင်ဆန့်တဲ့ အသိုက်အဝန်းရှိတဲ့နေရာ၊
ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်တဲ့ ချစ်သူတွေ ရှိတဲ့နေရာကို စွဲလမ်းဖက်တွယ်ချင်တာပဲ။
(အဲဒါကို အတင်းရော ဇွတ်ရော ကိုယ်သာလျှင် ချစ်တတ်တဲ့ အာဝေနိက ဂုဏ်တရပ်လို လုပ်ပြောနေရင်တော့ မေတ္တာတုံးတယ်။ ပြီးတော့ အယုံအကြည်မရှိဘူး။ အဲဒါ ဠင်းတလောက်တော့ ငှက်တိုင်းလှတဲ့ အတ္တပဲ။)

***
၆) သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ


ဆန့်ကျင်ပါတယ်

ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်

(ဘာမှ မဟုတ်ဘူး။ အော်ကြည့်တာ။ တခုခုများ ဖြစ်သွားမလားလို့။
)

***

Sunday, October 25, 2009

Top 10 in my mind !

1) မောင်










2) Bill Gates



အကြောင်းပြချက် ရေးစရာ လိုမယ် မထင်ပါဘူး။
ကျွန်တော် လုပ်မယ်လို့ စိတ်ဆုံးဖြတ်တဲ့ အရာမှန်သမျှကို ကျွန်တော် လုပ်နိုင်တယ် တဲ့။


3) A J Cronin



သူ့စာတွေကို စိတ်ဝင်စားရာကနေ သူ့ life ကိုပါ စိတ်ဝင်စားလာမိတယ်။ သူရေးသမျှမှာ စိတ်အဝင်စားမိဆုံးကတော့ Autobiography ပြောလို့ရတဲ့ "Adventure in the Two Worlds" ပဲ။ အဲဒီထဲကမှ စိတ်အဝင်စားမိဆုံး အပိုင်းက အောင်မြင်နေတဲ့ ပထမ professional ကနေ စာရေးဆရာဘဝကို ပြောင်းခဲ့တဲ့
တဆစ်ချိုးအကွေ့ပါပဲ။ မိဘမဲ့ လူငယ်တစ်ယောက်အနေနဲ့ အစောပိုင်းကာလမှာ ဘယ်လောက်တောင် ခက်ခဲခဲ့လည်း နောက်ပိုင်းမှာတော့ သူရွေးချယ်ခဲ့တဲ့ ဘဝနှစ်ခုလုံးမှာ အံ့မခန်း အောင်မြင်ခဲ့တယ်။ ဘာလုပ်လုပ် ပြောစမှတ်ဖြစ်လောက်အောင် အောင်မြင်ခဲ့တဲ့လူ။

4) Don Vito Corleone (Marlon Brando)



ကိုယ်က ရုပ်ရှင်ထက် စာအုပ်တွေကို ပိုကြိုက်တော့ Marlon Brando ဆိုတာထက် God Father, Don Corleone ဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်။
ယောက်ျားပီသတဲ့သူ၊ သစ္စာရှိတဲ့သူ၊ အောက်တန်းကျတဲ့ နည်းနဲ့ အနိုင်မယူတတ်တဲ့သူ၊ ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့သူ၊ တိကျပြတ်သားတဲ့သူ၊ ပြီးတော့ ... သတ်ရဲတဲ့သူ၊ သေရဲတဲ့သူ။

ကြုံလို့ပြောရရင် ကိုယ် ဦးချစ်မောင်ကို ခံစားလို့ မရတာ တကယ်တော့ ဘာမှ မဆန်းဘူး။

5) Michael Corleone (Al Pacino)



အဖေကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိတဲ့ သား
တွေကို သဘောကျတယ်။
Cronin မှာ သား (၃) ယောက် ရှိတယ်။
ဒေါက်တာဝင်းဝင်းရှိန် (ဝင်းဝင်းလတ်) မှာ သား (၃) ယောက် ရှိတယ်။

Don Corleone မှာလည်း သား (၃) ယောက် ရှိတယ်။

ကိုယ်သဘောကျတဲ့ လူတွေမှာ တိုက်တိုက်ဆိုင်ဆိုင် သား (၃) ယောက်စီ ရှိတယ်။
နောက် အပြင်လောကမှာလည်း ရှိသေးတယ်။ တော်တဲ့လူတွေမှာ သား (၃) ယောက်စီ ရှိတတ်တာလား မသိဘူးလို့ အူကြောင်ကြောင် တွေးမိတယ်။ တချိန်က ကိုယ်လဲ အားကျခဲ့ဖူးတယ်။ ခုတော့ မကျတော့ပါဘူး။

6) Brad Pitt



အလယ်တန်း ၇ တန်း၊ ၈ တန်းလောက်က Interview with the Vampire ကြည့်ပြီး ကြိုက်ခဲ့တာ။
Jennifer နဲ့ Jolie ထက် ကိုယ်က အများကြီး စောပါတယ်။
Hollywood Star ဆိုတော့ ဘာမှတော့ သိပ်ပြောစရာ မရှိပါဘူး။
သူဘာဝတ်ဝတ် စတိုင်ကျတာ။ ဘယ်လိုနေနေ ကြည့်ကောင်းတာလောက်ပဲ ပြောစရာရှိပါတယ်။
ထူးခြားတာ ဆိုလို့ သူ့မိဘတွေက ငယ်လင် ငယ်မယားတွေ ဆိုတယ်။ ခုချိန်ထိပေါ့။

7) Keanu Reeves



သူ့ကိုလည်း Pitt နဲ့ မရှေးမနှောင်းလောက်မှာပဲ ကြည့်ဖြစ်တာ။
Speed မှာလေ။ Bus ကားအောက် ဝင်ပြီး time bomb ဖြုတ်ရတဲ့ ရဲ အရာရှိ Jack ဆိုတာ။
Hollywood က မင်းသားတွေ ဘာမှ သိပ်ပြောစရာ မရှိဘူး။
ကြည့်လို့ အဆင်ပြေရင် ကြိုက်လိုက်တာပါပဲ။

8) BYJ



သူ့ကားတွေ သိပ်မကြည့်မိပါဘူး။ ကြည့်ရသလောက် ကြိုက်ပါတယ်။
Winter Sonata ကိုတော့ လုံးဝကို မကြိုက်ပါ။
ဘိုးတော်ဘုရားခေတ်က ဇာတ်လမ်းမျိုး အတင်းကြီးပဲ မို့လို့။

ကိုယ် ပထမဆုံး ကြည့်ဖူးတာ Winter Sonata လဲ မဟုတ်၊ Hotel လဲ မဟုတ်ဘူး။
ဟိုတယ်ကားကတော့ ခုထိ မကြည့်ဖူးပါဘူး။
ဆရာမနဲ့ ကားလေ။ နောက်တော့ သူ ဦးနှောက် ကင်ဆာနဲ့ ဆုံးသွားတယ်။
မတုန်မလှုပ် အေးတိအေးစက်၊ ခေါင်းမာမာ ပုံစံနဲ့ ဘဝနာခဲ့တဲ့၊ အထက်တန်းလွှာထဲကို ဝင်ဆန့်ချင်တဲ့ လူငယ်တစ်ယောက် အကြောင်း။

အပြင်မှာ တွေ့ရင်တော့ ကြိုက်မယ် မထင်ဘူး။ မိန်းမနဲ့ တူလို့။

9) Zaw Win Htut



မြန်မာပြည်က တစ်ယောက်လောက်တော့ ထည့်ဦးမှလို့ စဉ်းစားမိတော့... တော်တော် ခေါင်းစားပါတယ်။ မင်းသားတွေ တစ်ယောက်မှ ကြည့်လို့ မရဘူး။ လွင်မိုး တစ်ယောက်လောက်တော့ ကြည့်ရ သလိုလို ရှိတယ်။ ဒါပေမဲ့ သူ့လည်း မကြိုက်တော့ မထည့်ချင်တာနဲ့။ အဆိုတော်ထဲကပဲ စဉ်းစားရပါတယ်။

သူနဲ့ ပတ်သတ်လို့ ခေါင်းထဲ ပေါ်လာတာ တစ်ခုရှိတယ်။
ဆရာမ မေငြိမ်း ရေးတဲ့ အသံသစ် ပြတိုက် ထဲမှာ ဖတ်ခဲ့ရတဲ့ သူ့အမျိုးသမီးကို ပေးခဲ့တဲ့ စာ ကလေး။ (Not Sparrow)

သူက စပြီး ကမ်းလှမ်းတော့ အသက်ကလည်းငယ် သီချင်းလဲ ဆိုနေပြီဆိုလား ... ဆိုတော့ အကျင့်စရိုက်ချင်းကလဲ တူမှာ မဟုတ်ဘူး ဆိုပြီး
မေခိုင်က ငြင်းလိုက်တယ်။... အဲဒီမှာ သူ စာရေးခဲ့တယ်။

"... ကိုယ် နောက်ဆုတ်သွားတာ မဟုတ်ဘူးနော်။
မေခိုင် စိတ်ညစ်မှာ စိုးလို့ နေရာမှာတင် ရပ်စောင့်နေတာ"

နောက်တော့လည်း စောင့်ရကျိုးနပ်သွားရော နေမှာပေါ့။

10) Cze Republic



အချစ်ဦးပေါ့။ ၁၆ နှစ်ကတည်းက Euro '96 မှာ အားပေးလာရတာ။
ပွဲစဉ်တွေမှာ သူတို့ ပျော်လျှင် ပျော်ခြင်း၊ သူတို့ ဝမ်းနည်းလျှင် ဝမ်းနည်းခြင်း၊ သူတို့ စိတ်လှုပ်ရှားလျှင် စိတ်လှုပ်ရှားခြင်းနဲ့ တစိတ်တည်း တဝမ်းတည်း ဖြစ်လာခဲ့တာ။

Final မှာ ဂျာမနီကို penalty နဲ့ ရှုံးတော့ ဂိုးသမား ထိုင်ကျသွားတဲ့ပုံကို မျက်စေ့ထဲက မထွက်တော့ဘူး။ ကိုယ့်စိတ်ထင် penalty ကိုပဲ ၅ လုံးစီ တကျော့တည်း မကဘူး ထင်တယ်။

အရေးကြီးတဲ့ တလုံးကို တယောက်က ကန်သွင်းမယ် ဆိုတော့... ကျန်တဲ့သူတွေ အားလုံးက မကြည့်ရဲလို့ စက်ဝိုင်းပုံ ဝိုင်းလို့ တယောက်ပုခုံး တယောက်ဖက်ပြီး တူတူ ခေါင်းတွေငုံ့ထားကြတာလဲ ဘယ်လို အမှတ်ရနေမိမှန်း မသိဘူး။ အဲဒီတည်းက အမျိုးတွေလို စိတ်ထဲမှတ်နေခဲ့တာ။ တကယ်တော့ နာမည်တွေတောင် နှစ်ယောက် ထက် ပိုမသိခဲ့ပါဘူး။

ကျောင်းပြီးကာစကတော့ Euro 2004 ကို ကြည့်ဖြစ်ပြန်တယ်။
ငယ်ချစ်ဦးမို့ သူတို့ကိုပဲ attention ပေးပြီး ကြည့်မိပြန်ရော။
ရှုံးပွဲ မရှိနဲ့ တောက်လျှောက် တက်လာခဲ့ပြီးမှ ရှုံးထွက်ပွဲလည်း ရောက်ရော တန်းပြီး ရှုံးတော့တာပါလား။
အသည်းကွဲတယ် ဆိုတာ အဲဒီမှာ နားလည်သွားတယ်။

နောက်နေ့မနက် အိပ်ရာနိုးတော့တောင် "ညက Cze အသင်းတော့ ရှုံးသွားရှာပြီ" ဆိုတဲ့ စိတ်နဲ့ နိုးခဲ့ရတယ်။

***
နှစ်သက်မိသော အမျိုးသားများ ဆိုတဲ့ post ကို ရေးပေးဖို့
ဖြူတုတ်လေး က tag လို့ပါ။
သူ မတဂ်လည်း ရေးမလို့ပါပဲ။

ခုလည်း gtalk မှာ ပြောရင်း ဒီ post အကြောင်းလည်း သိရော ရေးစရာတွေ အများကြီးရှိလို့ ရေးချင်လှချည်ရဲ့ ဆိုပြီး တောင်းတောင်းပန်ပန် tag ခိုင်းတဲ့ Addy ကို ဆက် tag လိုက်ပါတယ်။

***

Wednesday, August 26, 2009

ကိုယ် နှင့် ပန်းပွင့်ပင်လယ်

တစ်ယောက်ယောက်က ကိုယ့်ကို ချစ်တဲ့အခါ တလောကလုံး ပန်းတွေအကုန် ပွင့်သွားတယ်လို့ ခံစားရတာမျိုးကို ကြုံခဲ့ဖူးပါသလား။

အဲဒါ ကိုယ့်ရဲ့ ပြင်ပကမ္ဘာက ပန်းတွေပေါ့။

ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ...

အဲဒီအခါမှာတော့ ရင်ထဲမှာ ပန်းတစ်ပွင့် ပွင့်လာလိမ့်မယ်။

***
တစ်ချိန်က ပန်းဖူးလေးကနေ ပန်းပွင့်လာတာကို စောင့်ကြည့်ခဲ့ဖူးတယ်။

***
နေကြာပန်း (စောင့်မျှော်ခြင်း)



ပန်းဖူးကလေးကနေ ပန်းပွင့်လေးတစ်ပွင့် ပွင့်လာဖို့ကို စောင့်မျှော်ရသလိုပဲ။
မောင့်ဆီက အချစ်ကို စောင့်မျှော်နေခဲ့ချိန်တုန်းကလဲ ရင်ခုန်ကြည်နူးစွာ စိတ်လှုပ်ရှားရသလောက်၊ စိုးရိမ်နွမ်းလျစွာ ပင်ပန်းခဲ့ရတယ်။

***
အဲဒီ အခိုက်အတန့်တွေမှာ...

သူ့လေချွန်သံ သဲ့သဲ့လေးကိုတောင်မှ သိမ်းဆည်းချင်မိတဲ့စိတ်...
သူ့အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်မိတဲ့စိတ်...
သူ့ရယ်မောသံ ခပ်
ပါးပါးလေးကိုသော်မှ အမိအရ ဖမ်းဆုတ်ပုံဖော်ချင်တဲ့စိတ်...
ကိုယ့်မျက်ကွယ်ရာမှာ ပြုံးလိုက်မယ့် သူ့အပြုံးကလေးကိုတောင်မှ နှမျောတမ်းတမိတဲ့စိတ်...

အဲဒီစိတ်တွေနဲ့ မောရမှန်း၊ ပင်ပန်းရကောင်းမှန်းလည်း မသိခဲ့တဲ့ အချိန်ပေါ့။

***
အနီရောင်နှင်းဆီ (ချစ်ခြင်း)



"ကိုယ် မင်းကို ချစ်နေတယ်"

အဲဒီအခိုက်အတန့်မှာပဲ ကမ္ဘာလည်တာ ရပ်သွားတယ်။
သူ့ရှေ့မှာ ခြေစုံရပ်ရင်း၊ သူ့မျက်နှာကို အမှတ်မဲ့ ငေးမောရင်း၊ ကိုယ့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်လုံးများအောက်မှာ အပြီးတိုင် ကျဆုံးရင်း...
တလောကလုံးမှာ သူနဲ့ကိုယ်သာ ရှိတော့တယ်လို့ ထင်မိတယ်။

***
ရောင်စုံကျူးလစ်ပ် (ပျော်ရွှင်လွတ်လပ်ခြင်း)



ချစ်ခဲ့တဲ့ အချိန်တွေကတော့ အထူးပြောစရာလိုမယ် မထင်ပါ။

***
ပန်းရောင်ဖျော့ဖျော့ နှင်းဆီ (နှစ်သိမ့်စွာ ရောင့်ရဲခြင်း (သို့) ဖျော့တော့သော အလွမ်း)



"ခုမှ ပြန်ရောက်တာလား။ ရေအရင် သွားသောက်လိုက်ပါဦး။"
"နောက်ကျမှ ခေါင်းမလျှော်နဲ့လေ။"
"မအိပ်ခင် နွားနို့သောက်ဦးနော်"
"လည်ချောင်းရော နာသေးလား"
"ဘယ်တော့ ပြန်လာမှာလဲ"
"အော် နွားနို့သောက်ရင် ပျားရည်ပါ ထည့်သောက်ဖို့ မမေ့နဲ့။"
"အေးလေ မချက်ချင်ရင် ချက်မစားနဲ့ပေါ့။ အပြင်မှာ ထွက်စား။"
"ဘာဖြစ်လဲ မီးပူမတိုက်ချင်ရင် ပင်မင်းလက်ကို အပ်လိုက်။ ပိုက်ဆံရှာတာ ဘာလုပ်ဖို့လဲ။"
"စိတ်ညစ်ရင် ပြန်လာခဲ့"

***
ခရမ်းရောင် နှင်းဆီ (ဝေးကွာခြင်း= ပြင်းပြင်းပျပျအလွမ်း)



မောင့်ဆီကို ကိုယ် ဘယ်တော့မှ ပြန်မလာတော့ဘူး။

ကိုယ့်ကို ချစ်ရင် ကိုယ်ရှိတဲ့ဆီကို လိုက်လာခဲ့။

***

ကိုယ်က တစ်ယောက်ယောက်ကို တသက်လုံးအတွက် တကယ်ချစ်မိသွားတဲ့အခါ...

အဲဒီအခါမှာတော့ ရင်ထဲမှာ ပန်းတစ်ပွင့် ပွင့်လာလိမ့်မယ်။
အဲဒါ ရင်တွင်းမှာ ပွင့်တဲ့ပန်းပေါ့။


မယုံမရှိကြနဲ့။
..... ဆိုတာ တကယ်ရှိတယ် ပြောတယ်။

***
ကိုရွာသား တဂ်လို့ ရေးပါတယ်။
ဒီလိုပုံစံနဲ့ ရေးခိုင်းတာ မဟုတ်ဘူးလို့ သိပေမယ့်... သူရေးစေချင်တဲ့ ပုံစံနဲ့ မရေးချင်လို့... ရေးချင်သလို ရေးပစ်လိုက်ပါတယ်။

ပန်းတွေဘေးက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလဲ တကယ် မထင်ကြပါနဲ့။
ခုမှ ချက်ချင်းလက်ငင်း ကောက်ပြီး ထင်ရာမြင်ရာ အ
ဓိပ္ပါယ်ဖွင့်ပစ်လိုက်တာပါ။

စာသားတွေအားလုံး လံကြုတ်တွေပါလို့ ပြောရင် ယုံကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီအသက်အရွယ်မှာ ဒါမျိုးတွေ ရေးဖို့ တော်တော် ခက်သွားပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသာ လာတဂ်လို့ကတော့ ဘာပြောကောင်းမလဲ။

"သူသွားရင် ရနံ့ပေး
သူမွှေးရင် ပျော်ရွှင်လို့
သူမမြင် သူမကြည့်ပေမယ့်
သူသိရင် ကျေနပ်ပါရဲ့" တွေ ဘာတွေ ရေးလိုက်ချင်ပေမယ့်

အဲဒီကဗျာက ဆရာ မောင်စိန်ဝင်း ရေးပြီးသားကြီး ဖြစ်သွားပြီ။
(လူဖြစ်နောက်ကျတာ နာလိုက်တာ။ အိုင်ဒီယာတွေ သူများ ဦးကုန်လို့။)

:D

***

Sunday, August 16, 2009

For the moment



















ခုတလော တွေးနေမိတာက

၁) အိပ်ရေးဝဖို့လိုတယ်။

၂) Sweep Lottery တွေ
ထိုးထားပြီး တိုက်ဖို့ သတိမရဘူး။ ရလဲ တော်တော်နဲ့ မတိုက်ကြည့်ဘူး။ တကယ်တော့ ကိုယ် ငပျင်းပဲ။ ဘီလျှံနာ ဖြစ်ဖို့တောင် ပျင်းနေသေးတယ်။

ထီတိုက်စရာ မလိုဘဲ ပေါက်ရင် ဖုန်းကို message ပို့ အကြောင်းကြားတဲ့ စနစ်လုပ်ထားရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အဓိပ္ပါယ်မရှိ အချိန်ဖြုန်းတာတွေ ရပ်ဖို့ကောင်းပြီ။


ကျန်းမာရေး

ဒီရောက်ကတည်းက တခါမှ မဖျားသေးဘူး။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကြည်အေးရဲ့ တမ်းတတတ်သည် (အဲဒီစာအုပ် မဖတ်ဖူးသေးဘူး) ဟိုတပတ်က စဖတ်တယ်။
၂ မျက်နှာကနေ မတက်တော့ဘူး။

ebook တွေ ဖတ်ရင် အဲလိုပဲ။


ရေးနေမိတာက

အသုံးစာရင်း


ရောက်နေဖြစ်တာက

ရုံးနဲ့ အိမ် ၊ အိမ်နဲ့ ရုံး ပြီးတော့ ဟိုနား ဒီနား shopping
& gathering

နားထောင်ဖြစ်နေတာက

Nothing gonna change my love for you (Glenn Medeiro)


ရွတ်နေမိတဲ့ကဗျာက

၁) This, too, will pass!

နောက်တစ်ပုဒ်က.. ရွတ်ဖြစ်နေတာတော့ မဟုတ်ဘူး။ စိတ်ထဲအမြဲရောက်နေတဲ့ ကဗျာ..

ပါပီလေး ပုတုတု
သူ့စကား ၀ုဝု၀ု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။

ဖြစ်ချင်နေတာက
နောက်ထပ
ဘာမှ ဖြစ်ချင်စရာ မလိုတော့တဲ့သူ (ရှိတယ် ထင်တာပဲလေ)
(ဥပမာ Melinda Gates လိုမျိုး)

စားဖြစ်နေတာက

Terrible S'porean Food

သနားနေမိတာက

ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီး သနားစရာကောင်းတာကို ရှာမတွေ့ပါဘူး။


လွမ်းနေမိတာက

ထမင်းပွဲရှေ့ရောက် အချိန်တွေ။
အပြင်မှာ ကြိုက်တာ တူတူထွက်စားခဲ့တဲ့ အချိန်တွေ။

မေ့လျော့ပစ်နေမိတာက

တမင် မေ့ပစ်နေမိတာ မရှိပါဘူး။ အလိုလို နေရင်းမှ မေ့တတ်ရတဲ့ထဲ။
၁၀ တန်းအောင်တာ ၃ နှစ်လောက်ပဲ ရှိသေးတယ်ချည်း ထင်နေမိလို့။

ခါးသက်နေမိတာက
သားရွှေအိုးထမ်းလာတာပဲ မြင်ချင်နေမိတဲ့ ကိုယ့်ဆန္ဒတွေ

တမ်းတနေမိတာက
အားလပ်ချိန်


ကြိတ်ပြီးချီးကျူးနေမိတာက
Melinda Gates ပဲ


ကြိတ်ပြီးအထင်သေးနေမိတာက
ဗြောင်ပဲ အထင်သေးတယ်။

၁) ကိုယ့်ကိုယ်ကိုယ် အမြင့်က စပျစ်သီးလို့ထင်နေပြီး၊ တကယ်တော့ မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းနေတဲ့ ပေါချာချာ ချဉ်စုတ်စုတ်တွေ။

(ခက်ဆစ်။ ။ပေါချာချာ = ချာတူးလန်အောင် ပေါသည်။ မြေခွေးတွေ မုသာဝါဒကံ မမြောက်လောက်အောင် ပေါသည်)
(မှတ်ချက်။ ။ ကံကောင်းလို့ အပြင်မှာ ဒါမျိုး တခါမှ မကြုံဖူးဘူး။ အပြင်မှာ မကြုံဖူးဘူး ဆိုတော့ ဘယ်မှာ ကြုံဖူးလဲ တွေးသာကြည့်ကြပါတော့။)


၂) အသံကောင်း ဟစ်တတ်တဲ့ လူမျိုး။
ဥပမာ ကိုယ်လုပ်တတ်တာတစ်ခုကို သူများလဲ လုပ်တတ်နေတာပဲ။
ဒါကို ဒီတိုင်းရိုးရိုး မရေးဘဲ "ဗိုင်းတောင့်ခဲဖိ" မို့လို့ ဆိုတဲ့ စကားနဲ့ စရေးတာမျိုး။

ကိုယ့်အမျိုးအကြောင်း ကိုယ် ရေးတာ ရိုးရိုးမရေးဘဲ "သူများနဲ့ မတူဘူး" ဆိုတဲ့ စကားထည့်ရေးတာမျိုး။
လူတိုင်းမှာ ဖြစ်တတ်တဲ့ ဠင်းတလောက်တော့ ငှက်တိုင်းလှ ကိစ္စကို ဆောင်ပုဒ်သဖွယ် စကားလုပ်ပြောတာမျိုး။


(အဲဒီလို အပိုပြောတတ်တာတွေ တွေ့ရင် ကိုယ်နဲ့ မဆိုင်လဲပဲ ၀င်ပြီး fighter လုပ်ချင်တာ ဘယ်လို ဆုပန်ခဲ့မိလို့လဲ မသိ။ အပိုတွေ အပိုတွေ... မသိတာလဲ မဟုတ်။)


ဆန္ဒမရှိတဲ့နေရာ
မြန်မာပြည်


ဆန္ဒရှိနေတဲ့ကိစ္စ

မြန်မာပြည် ပြန်ရန်

မုန်းတီးနေမိတာက

အထက်ပါ ပေါချာချာ အချဉ်သီးများ

ချစ်နေတာက
စိတ်ဝင်စားရင် ဒီမှာသာ ကလစ်ခေါက် ကြည့်ပေတော့ရှင်!

စိတ်ပျက်နေမိတာက

ဘလော့နဲ့ အချိန်ကုန်ခြင်း


စွဲလမ်းနေမိတာက
ဘလော့နဲ့ အချိန်ကုန်ခြင်း


သဘောကျနေမိတာက
အင်တာဗျူးမှာ "BE တွေ..... " လို့ ပြောလို့ ခုံကို ဆွဲလှဲပစ်ခဲ့တဲ့ သစ်သစ် (Bravo ! ကွ)
အဲလိုကို ဖြစ်နေရမယ်။ fighter ဆိုတာ ဒါပဲ။


လိုအပ်နေတာက

အများသားပဲ


တောင်းနေမိတဲ့ဆု

အမျှပဲ ဝေဖြစ်နေတယ်
(အမျှ အမျှ အမျှ)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

စားဖို့ပျင်း အိပ်ဖို့ပျင်း ငါဟာ ပျင်းရမှာတောင် ပျင်း
(မောင်မောင်ဇော်လတ် သီချင်း)

ဝန်ခံချင်တာက

ဘ၀မှာ အမှန်တွေချည်း (ကိုယ်ကတော့ မှန်တယ် ထင်တာတွေချည်း) မကွယ်မ၀ှက် လုပ်ခဲ့သလောက်... ဘာဖြစ်လို့များ မလိုအပ်ဘဲ ၀န်ခံစရာတွေ ကြုံလာရမှန်း မသိဘူး။

လုံလောက်ခဲ့ပါပြီ။ နောက်ထပ် မလိုတော့ဘူး။

လောဘ ဒေါသ မောဟတွေလည်း... အတိုင်းသားမြင်နေရတယ် လို့ ယူဆမိလို့ ၀န်ခံစရာ မလိုဟု ထပ်မံ ယူဆပါသည်။

*****
မမြတ်နိုး တက်ဂ် လို့ ကျေးဇူးတင်စွာ ရေးပါသည်။ အပိုပြောတာ မဟုတ်ပါ။ တက်ဂ်ရင် သတိတရရှိတာကို သိရလို့ ကျေးဇူး တကယ်တင်မိတာပါ။

မနေ့တည်းက သူတက်ဂ်ချင်နေပြီ ဆိုတာ သိသားပဲ။ မသိချင်ယောင်ဆောင်နေတာ မရဘူး။ ရအောင် တက်ဂ်သွားတယ်။ ဘာပဲပြောပြော သိပ်မစဉ်းစားရဘဲ post တစ်ခု ရတာပေါ့။

*****

Wednesday, June 3, 2009

ရွှေရတု မတိုင်မီ (သို့) Before Golden Jubilee



မတန်ခူး tag လို့ ပါ။ ကျေးဇူးတင်စွာနဲ့ ရေးပါတယ်။ မမက အပြုံးချိုချိုလေးနဲ့ လို့ ညွှန်းထားတော့ အညွှန်းကို ဖတ်ပြီးမှပဲ ပြုံးမိသွားပါတယ်။ မပြုံးဖြစ်တာတောင် ကြာပါပြီကော။ :)

ရွာသားရေးတာ ဖတ်ပြီးတော့ ဘီးတဲလ်စ် အဖွဲ့ရဲ့ When I am 64 သီချင်းလေး သွားသတိရမိပါတယ်။ သူ့ post နဲ့ တိုက်ရိုက်တော့ မဆိုင်လှပါဘူး။ ဒါပေမယ့် လူက ခေတ်ပျက်ကြီးထဲ ကြီးလာရတော့ ထင်မိထင်ရာပါပဲ။ (နောင် အနှစ် ၂၀ မှာ 64 လဲ မရှိသေးပါဘူး။ ရွှေရတုတောင် မတိုင်သေးဘူး။)

ကျွန်မလို ဘာ plan မှ မရှိတဲ့ လူအဖို့ နောင်အနှစ် ၂၀ အကြောင်း ကြိုတွေးရတာ လန့်စရာပါပဲ။ ဒီခေါင်းစဉ်ကို ကြည့်ပြီးတော့လည်း ဘယ်လမ်းကြောင်းကို approach လုပ်ပြီး ရေးရမလဲ ဆိုတာ အရင် စဉ်းစားမိပါတယ်။

နောင် အနှစ် ၂၀ ကြာတဲ့အခါ ဖြစ်ချင်တဲ့ ကိုယ့် စိတ်ကူးလေးကို ရေးရမှာလား။
ဒါမှမဟုတ် အဲဒီ အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ ကိုယ့်အနေအထားကို သုံးသပ်ပြီး ရေးရမှာလား။
ဒုတိယ တစ်ခုပဲ ရေးတော့မယ်။

သေချာတာကတော့... နောက် အနှစ် ၂၀ ဆို ကျွန်မ အသက် အနှစ် ၂၀ ပိုကြီးသွားပြီ။
(ဘွားဘွားတို့ ခေတ်ကတော့ သားကို ချွေးမတောင်းပေးရမယ့် အရွယ်ဖြစ်မှာပေါ့နော်။)

ကံကောင်းတစ်ချက်လောက်သာ မထောက်မခဲ့ရင်တော့ ကျွန်မ မြန်မာပြည် ပြန်နေဖြစ်မှာ မဟုတ်ဘဲ ကမ္ဘာပတ်နေဖြစ်ဦးမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ အပြောင်းအလဲတွေ အမျိုးမျိုး ကြုံလာခဲ့သမျှ ကျောခိုင်းခဲ့ပြီးတဲ့ နေရာတွေကို (ပြန်ချင်သည် ဖြစ်စေ၊ မပြန်ချင်သည် ဖြစ်စေ) ပြန်မရောက်ဖြစ်တော့တာက များနေလို့ပါပဲ။ ငယ်ငယ်ထဲကလည်း တစ်နေရာတည်းမှာ အခြေတကျ နေဖို့ထက် နေရာအနှံ့ကို သွားလာချင်တဲ့ ဆန္ဒမျိုးလည်း ရှိခဲ့ဖူးပါတယ်။

(A J Cronin လို)

*****

တကယ်လို့များ အဲဒီ အချိန်မှာ သားတွေ သမီးတွေ ရနေခဲ့မယ် ဆိုရင်တော့ သူတို့ ကိစ္စ အ၀၀မှာ ၀င်ရောက်ပါဝင် စီမံခန့်ခွဲ သြဇာပေးရင်း အသက်ကြီးသွားပေမယ့် စိတ်က ခုထိ မချသေးဘူးလို့ ကွယ်ရာမှာ
ကလေးတွေ အတင်းပြောတာ ခံရမယ့် အဘွားကြီး ဖြစ်နေနိုင်ပါတယ်။ ကလေးတွေ ကိစ္စ မင်း ၀င်မပါစမ်းပါနဲ့ လို့ တားမြစ်မယ့် ကလေးတွေ အဖေနဲ့ ရန်ဖြစ်ရင်းပေါ့။

စိတ်တိုင်းကတော့ ကျမယ်မထင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်က မြန်မာပြည်မှာ အနှစ် ၃၀ နီးနီး နေထိုင်ကြီးပြင်းလာတဲ့သူ။ မြန်မာမှ အညာသူတောင် ဖြစ်နေလိုက်သေးဆိုတော့...။ သူတို့ကတော့ နိုင်ငံရပ်ခြား လူမျိုးခြားတွေထဲမှာ ဒီဒေသက အကျင့်စရိုက်တွေနဲ့ မွေးကတည်းက ကျင့်သားရလာတဲ့သူတွေ ဖြစ်နေမှာကိုး။
(အင်း ဒုက္ခ ဒုက္ခ)
အဲဒီလိုဆိုရင် ကျွန်မ ကမ္ဘာပတ် ခရီးထွက်ရင် သူတို့တွေ ၀မ်းသာအားရ ဖြစ်နေကြတော့မှာပဲ။
ဒါတော့ ဘယ်ဖြစ်မလဲ။ ကလေးတွေ ၀မ်းသာချင် သာပါစေ။ ကလေးတွေ အဖေ ၀မ်းမသာနဲ့။

လာ ကိုယ်နဲ့ တူတူလိုက်ခဲ့။

ဒီကမ္ဘာကြီး အဆုံးကို ကိုယ်သွားမယ်။

*****

အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး တစ်ခုခုလည်း ထူထောင်ထားနိုင်ချင်ပါတယ်။
အင်း Social Welfare Activity တစ်ခုခုမှာလည်း ၀င်ပြီး အမှုဆောင်ချင်မိပါတယ်။
ကိုယ့်နာမည်နဲ့ Fund တစ်ခုလောက်လည်း ထောင်ချင်တယ်။
မိဘမဲ့ ကလေးကျောင်းလို၊ ဆေးသုတေသနလို၊ ပညာသင် ထောက်ပံ့ရေးလို ကိစ္စမျိုးတွေ အတွက်ပေါ့။

(Melinda Gates ပဲ ဖြစ်လိုက်ပါတော့။ ငါ့နှယ်...)

*****
ကိုယ့် အတွေ့အကြုံတွေကို Share လုပ်ဖို့ စာလည်း ရေးချင်ပါတယ်။ ငယ်ငယ်က ခဏတဖြုတ် စိတ်ကူးခဲ့ဖူးတဲ့ အချစ်ဝတ္ထု ရေးမယ့် ကိစ္စတော့ ထားလိုက်ပါပြီ။

ဖြစ်နိုင်မယ်ဆိုရင် Margaret Michelle လို တအုပ်တည်းနဲ့ ကမ္ဘာကျော်ချင်မိပါတယ်။ (သက်သာအောင်လို့)

*****

အနှစ် ၂၀ အကြောင်း ရေးကြပုံ အမျိုးမျိုးကို သဘောတကျ ဖတ်ခဲ့ရပါတယ်။
ကျွန်မကို tag တဲ့ မမတန်ခူး ရေးတဲ့ post လေးကိုဖတ်ရတော့ ဘာကြောင့်မှန်းမသိ ထိထိခိုက်ခိုက် ခံစားမိပါတယ်။ ငါတော့ ဒီဘ၀မျိုး မရနိုင်တော့ဘူးလို့ sense ရနေတာကြောင့်လားတော့ မသိပါဘူး။ အညာကို ချစ်ပေမယ့် ကိုယ်နဲ့ သိပ် ကီးကိုက်တယ်လဲ မထင်မိတော့ပါဘူး။

မယုံမရှိနဲ့။ အညာမှာပဲ တောက်လျှောက် နေနေတဲ့ သူငယ်ချင်းတွေ ရှိရင် စကားပြောကြည့်ပါလား။ ပြောစရာအကြောင်းအရာတွေ တော်တော် ရှားပါးနေတာ တွေ့လိမ့်မယ်။ အထက်တန်းအောင်ပြီးကာစ ကာလတွေလို ရေပက်မ၀င်တဲ့ စကားတွေ တော်တော် ဆိတ်သုဉ်းနေပါပြီ။

သံယောဇဉ်ဟာ သံယောဇဉ်... အခြေအနေဟာ အခြေအနေပါပဲလေ။

*****
ဘယ်လိုပဲ သဘာဝလောကကို ချစ်လည်း အခြေအနေတွေသာ မထင်မှတ်လောက်အောင် ပြောင်းလဲနိုင်စရာ မရှိဘူး ဆိုရင် ကျွန်မတော့ Urban Area မှာပဲ ဘ၀ကို ကုန်ဆုံး ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ ကမ္ဘာကျော် အနုပညာရပ်တွေ၊ စာပေတွေကို ထိတွေ့လေ့လာခွင့်ရပြီး၊ ခေတ်ပေါ်နည်းပညာတွေကိုလည်း မျက်ခြေမပြတ်တဲ့ ခေတ်မီတဲ့ အဘွားကြီး ဖြစ်ချင်ပါတယ်။

ဒီ video file လေးထဲကလို

အဲဒီအချိန်မှာ ငယ်ငယ်တုန်းက မသင်ခဲ့ဖူးတဲ့ ပညာရပ် တစ်ခုခုကိုလည်း သင်ကြားခွင့် ရချင်မိပါတယ်။


(မှတ်ချက်။ ။ ဟင်းချက်နည်း နှင့် ဇာထိုးပန်းထိုးနည်း မပါ)

(စာရေးဆရာမ (ဒေါ်) မမြတ်လေး လို။ သူက အသက် ၈၀ လား၊ ၉၀လား နီးမှ Applied Psychology ကို မြေးတွေနဲ့တူတူ တက်ပြီး Diploma ယူခဲ့သေးသတဲ့။ တကယ်ကို ဦးညွှတ်ပါတယ်။ အာဂမိန်းမ !!!)


*****
ဖြည့်စွက်ချက်။ ။ ဘုရားကြောင်း၊ တရားကြောင်းလေး ထည့်ရေးဖို့ မေ့သွားလို့။ ကဲပါလေ။ မေ့လက်စနဲ့ ထားလိုက်ပါတော့။ အသက်မှ ၅၀ မကျော်သေးတာ။ ၅၀ ကျော်တော့ အလိုလို သတိရပါလိမ့်မယ် (ထင်တာပဲ)။


ဘီးတဲလ်စ် သီချင်းလေး နားထောင်သွားပါဦး။




(The Beatles - When I am 64)

When I get older, losing my hair
Many years from now

Will you still be sending me

a Valentine Birthday greetings, bottle of wine

If I'd been out till quarter to three

Would you lock the door

Will you still need me

Will you still feed me

When I'm sixty four


You'll be older too
And if you say the word

I could stay with you

I could be handy, mending a fuse

When your lights have gone

You can knit a sweater
by the fireside
Sunday morning go for a ride

Doing the garden,
digging the weeds
Who could ask for more

Will you still need me

Will you still feed me

When I'm sixty four


Every summer we can rent a cottage
In the isle of Wight, if it's not too dear

We shall scrimp and save

Grandchildren on your knee

Vera Chuck and Dave


Send me a postcard drop me a line
Stating point of view

Indicate precisely
what you mean to say
Yours sincerely wasting away

Give me an answer, fill in a form
Mine for evermore
Will you still need me

Will you still feed me

When I'm sixty four

*****