Showing posts with label ကြည်အေး. Show all posts
Showing posts with label ကြည်အေး. Show all posts

Sunday, April 29, 2012

120429



တွေ့လိုက်ပြီးလျှင်ပြီးချင်း ကြင်လို့ ချစ်တာပါပဲဆိုတာ မပြောရက်နိုင်သလိုရှိလှတာကို သူတပါးနှင့်တကွ 'သူ' ပါ နားလည်မည်မထင်။ အရင့်အရင် မမြင်ဖူးခင် မကြားဖူးခင်က ချစ်ရတယ်ထင်သည်။ သည်လိုပင် ကိုယ်သေဆုံးပြီးသည့်နောက်အထိလည်း ကိုယ့်ရဲ့အချစ်က ထူးဆန်းသောနည်းတနည်းနှင့် ကျန်ရစ်ဦးမည်ထင်သည်။

တခါတရံတော့လည်း ချစ်ခြင်းမေတ္တာဆိုသည့် ကမ္ဘာမြေပေါ်မှာနေ၍ မိုးတိမ်ဗွေနှင့်လည်း လှမ်းမီသော အင်အားကြီးတစ်ခုသည် ကိုယ်၌ လာ၍ဖြစ်ပေါ်ပြီး 'သူ' ဟူသည့် ရုပ်တစ်စုံကို ဖန်ဆင်းသည်လို့ပင် ဆန်းပြားစွာထင်သည်။

ထို့ကြောင့် 'သူ' သည် ကိုယ်ပိုင်သော၊ ကိုယ်ကဖြစ်သော၊ သံသရာအစအဆုံးက ရင်းနှီးခဲ့သော 'သူ' ပါ ဟု ပြောပြရလျှင် အနည်းငယ် စိတ်ကျေနပ်သည်။

(ကြည်အေး - တမ်းတတတ်သည်)

*** 
photo from here

Sunday, September 11, 2011

ကေဖွဲ့ဆိုသီ နိဒါန်းအမှာစာ

ကြည်အေး စာတွေကို စဖတ်မိတော့ အတော်စောသေးတယ်။ အားမာန်သစ်က ပြန်ထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် အိမ်မှာရှိနေတော့ အလယ်တန်းလောက်မှာ ဖတ်ဖြစ်ခဲ့တာ။ အဲဒီအရွယ်က တချို့တလေကို နားလည်တယ်လို့ ထင်ခဲ့တယ်ဆိုရင်တောင် တကယ်နားလည်ခဲ့တာတော့ မဟုတ်ဘူးဆိုတာ ခုမှ ပြန်နားလည်လာတယ်။

ကေဖွဲ့ဆိုသီ ကို ၁၀ တန်းဖြေပြီးနောက်ပိုင်း အညာပြန်နေဖြစ်တဲ့ ၃/၄ လအတွင်းမှာ အိမ်နားက စာအုပ်ဆိုင်တဆိုင်ကနေ ငှားဖတ်ခဲ့ဖြစ်တယ်။ ပြန်စဉ်းစားရင် အဲဒါ အညာက ထွက်လာပြီးနောက်ပိုင်း အကြာဆုံး ပြန်နေဖြစ်တဲ့ ကာလပဲပေါ့။ အိမ်နားက စာအုပ်ငှားဆိုင်ပိုင်ရှင်ဆီမှာ စီးပွားဖြစ် ဘတ်ဆဲလားစာအုပ်တွေတင်မကဘဲ စာအုပ်ဟောင်းတွေပါ အများကြီး စုပြီးဆောင်းပြီး ရှိတယ်။ လာငှားတဲ့ လူတွေရဲ့ အရိပ်အခြေကို ကြည့်ပြီး သူက သူ့စာအုပ်ဟောင်းတွေ ထုတ်ပေးတတ်တယ်။

မှတ်မှတ်ရရ စီနီယာတစ်ယောက်က လှမ်းတိုက်တွန်းလို့ တက္ကသိုလ်ဘုန်းနိုင်တွေ ဖတ်ဖြစ်ခဲ့တာလည်း အဲဒီဆိုင်ကပဲ။ မှန်တာပြောရရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အဲဒီအချိန်ကျမှပဲ 'အမှတ်တရ' ကိုလည်း ဖတ်ဖူးတယ်။

'ကေဖွဲ့ဆိုသီ' နဲ့ 'မေတ္တာမီးအိမ်' ကိုလည်း အဲဒီစာအုပ်ဆိုင်ပိုင်ရှင် ညွှန်းပေးတာနဲ့ ဖတ်ဖြစ်တယ်။ အဲဒီတုန်းက ကြည်အေးကို သိပ်မခံစားတတ်ဘူး။ ဒါပေမဲ့ နောက် ရန်ကုန်ပြန်ရောက်တော့ 'နွမ်းလျအိမ်ပြန်' ကို ဝယ်ဖတ်ဖြစ်တယ် (ငှားစရာဆိုင် မရှိတော့လို့)။ အဲဒီထိလည်း ကြည်အေး စာတွေကို ကိုယ်ကြိုက်တဲ့စာလို့ မထင်မိသေးဘူး။

2000 လောက်မှာ 'ဖူးငုံပွင့်သစ်' ကို ကျောင်းစာကြည့်တိုက်မှာ ဖတ်ခဲ့ရတယ်။ ဘာကြောင့်မှန်းတော့မသိ၊ အိမ်ကို မငှားဘဲ အခန်းထဲမှာတင် ထိုင်ဖတ်ခဲ့တာ မှတ်မိနေတယ်။ ကျောင်းမပြီးခင်လေးမှာတော့ 'မှန်၏မှောင်ရိပ်' နဲ့ ကျောင်းပြီးတော့ 'အိမ်ဖြူလင်းသစ်' ဖတ်ဖြစ်တယ်။ (ဒီနှစ်ပြန်တော့ အဲဒီနှစ်အုပ် တပေါင်းတည်း ပြန်ထုတ်တာ တွေ့ခဲ့တယ်)။ နောက်ပိုင်း မီ၊ ကျွန်မပညာသည်၊ မောင် ကိုကို နဲ့ မြနန္ဒာ၊ အပြင်ကလူ၊ ဝတ္ထုတို ပေါင်းချုပ် စသဖြင့်...။ (ကဗျာတွေတော့ မဖတ်)


သူ့စာတွေက ကိုယ့်အတွက်တော့ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ စွဲလာခဲ့တာတွေ။ အဲဒီထဲမှာ ခုချိန်ထိ မစွဲမိတာကတော့ 'ကေဖွဲ့ဆိုသီ' နဲ့ 'အပြင်ကလူ'။ ဒါပေမဲ့ ဒီနှစ်ပြန်တော့ ကေဖွဲ့ဆိုသီ ကို ပြန်ဖတ်ချင်တာနဲ့ ကိုယ်ပိုင်လည်း မရှိသေးတော့ ဝယ်လာခဲ့တယ်။

အရင်ကတော့ စာအုပ်ဝယ်မယ်ဆို ချိန်နေရတယ်။ ဗမာပြည်ကလူတွေ စာ ဖတ် မဖတ်တော့ မသိဘူး။ တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လို့ အိမ်အသုံးအဆောင် (တီဗွီ/အောက်စက် စသဖြင့်) တွေ လူများစု လက်လှမ်းမီလောက်တဲ့ထိ ဈေးကျတဲ့ အခိုက်အတန့်တွေ ရှိတောင်မှ ကိုယ့်အတွေ့အကြုံအရ စာအုပ်ဈေးတွေဟာ ဘယ်တုန်းကမှ မကျခဲ့ဖူးဘူး။ မကျရုံတင်မဟုတ်ဘူး တန့်ကို မနေဘဲ အမြဲတစေကို တက်နေတတ်တာ။

... ဆိုတော့ လက်ထဲ ရှိတဲ့ ပိုက်ဆံနဲ့ လိုချင်တာနဲ့ မမျှရင် ပြန်ချထားပြီး၊ နောက် ကြုံတော့မှလို့ လုပ်ခဲ့ရတာတွေ ရှိတယ်။ တချို့စာအုပ်တွေဆို စာအုပ်ဆိုင်မှာ မြင်နေရချိန် ဦးစားပေးစာရင်းထဲ တခြားစာအုပ်တွေ ဝင်သွားလို့ မဝယ်နိုင်သေးဘူး။ ဝယ်မယ်လုပ်ရင် ဆိုင်မှာ မရှိတော့ဘူးဆိုတာမျိုး တအုပ်တည်းနဲ့ကို ၄/၅ ခါလောက် ကြုံလာရဖူးတယ်။


ဂျူး ဝတ္ထုဇာတ်လမ်းတွေကို feminism စကားလုံးနဲ့တွဲလို့ သူများတွေက ပြောကြရင် မျက်မှောင်ကျုံ့မိတဲ့ ကိုယ့်အနေနဲ့ ကြည်အေးရဲ့ ကေဖွဲ့ဆိုသီ ထဲက ကေ့ မေမေအကြောင်း တစွန်းတစအရေးအသားကိုတော့ ခုချိန်ထိ မှတ်မိနေတုန်းပဲ။ တကယ်တော့ ဂျူး ဝတ္ထုစာအုပ်တွေ ဖတ်ရတဲ့အခါ ကိုယ့် အာရုံကိုက အဲဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး မပါးလျားလို့ သာမန်မျှသာမြင်နေတာလည်း ဖြစ်နိုင်တယ်။ ဂျူး ဝတ္ထုတွေကို အဲဒီခေါင်းစဉ်နဲ့ တွဲပြီးတော့ကို မြင်လို့ မရတာ။ အဲဒီခေါင်းစဉ်ဟာ ဝင်းဝင်းလတ်တို့ ရေးတဲ့စာ၊ ကြည်အေးတို့ ရေးတဲ့စာတွေ ဖတ်မှသာ ကိုယ့်အတွက် သိလွယ် မြင်လွယ်ဖြစ်နေတာ ဖြစ်နိုင်တယ်။

(မှတ်ချက်။ ကိုယ်ကတော့ ဘယ်တော့မှ အဲဒီခေါင်းစဉ်အောက် ရောက်မယ်မထင်ဘူး။)


***
အမှန်တော့ ရေးမလို့ ရည်ရွယ်တာ အပေါ်ကဟာတွေ မဟုတ်ဘူး။

ခုမှ စာအုပ်အစက 'ဖူးငုံပွင့်သစ်' အတွက် စာရေးသူ အမှာတောင် ပြီးအောင် မဖတ်ရသေးဘူး။
သူ ကလောင်အမည် စယူပုံထိပဲ ရှိသေးတယ်။ အဲဒါကို ဖတ်ပြီး ရေးချင်လာမိတာ။ အမှာစာက သူ့အစ်ကိုကြီးကြောင့် တက္ကသိုလ်ရောက်လာရပုံအကြောင်း မှတ်မိနေပေမယ့် သူ့ကလောင် အမည်ယူခဲ့ပုံကိုတော့ မမှတ်မိတော့ဘူး။

'ကြည်အေး' ဆိုတဲ့နာမည်ဟာ သူ့အစ်ကို သူငယ်ချင်းဖြစ်သူ ဂျပန်တော်လှန်ရေးမှာ ကျသွားသူရဲ့ ငယ်နာမည်ကို ယူထားတယ် ဆိုတယ်။

"... အစ်ကိုကြီးသူငယ်ချင်း ဗကြည်ကို ဂျပန်တို့လိုက်ဖမ်းရာမှာ မိအောင် လက်ရ မဖမ်းဘဲ သူ ခိုအောင်းနေသော ဂူတွင်းကို လက်ပစ်ဗုံးသွင်းပြီး သတ်လိုက်သည်လို့ အစ်ကိုကြီးက ပြောပါသည်။ 'အဲဒီကောင်သေတော့ သူ့ရှပ်အင်္ကျီထဲက ရည်းစားစာတွေ တထပ်ကြီး ထွက်ကျလာတယ်တဲ့' ဟု အစ်ကိုကြီးက ပြောပြပါ၏။"

('မီ' ဝတ္ထုမှာ မောင်ကိုလေး တိုက်ပွဲကျတဲ့အကြောင်းရေးတော့ ထည့်ရေးခဲ့တဲ့ အကွက်ဟာ အဲဒီအစွဲအလမ်းကနေ ဖြစ်မှာပဲ။ စာရေးသူတွေဟာ သူတို့ ဘဝမှာ ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို စာထဲမှာ ပြန်ပြန် ထည့်ရေးပြီး ကျော်လွှားဖို့ ကြိုးစားကြတာဟာ တကယ်ပဲလား)


"ကျွန်မ၏ ငယ်ရွယ်သေးသော သညာမှာ ထိုသတင်းသည် ဖျက်မရသော မင်ဖြင့် ထွင်းနှိပ်လိုက်သလို စွဲမြဲခဲ့၏။ သေသည်အထိ ရည်းစားစာများ ရင်မှာအပ်ခဲ့သော၊ အသက် ၂၀ ကျော်မျှ ရှိသေးသော၊ ဖက်ဆစ်ဂျပန်ကို တော်လှန်သော၊ မျိုးချစ်စိတ် ရှိသော၊ အသက်စွန့်ခဲ့သော၊ ခုတော့ ဘယ်သူမှ သတိရတော့မယ်မဟုတ် အရိုးကျခဲ့ပြီ ထင်ရသော အစ်ကိုကြီးရဲ့ သူငယ်ချင်း၊ ကျွန်မနဲ့ စကားကောင်းကောင်းမပြောဖူးခဲ့သော ကိုဗကြည်၏ ပုံမနှိပ်ခဲ့ဖူးသော ကလောင်နာမည်ကို ကျွန်မ အမွေခံဖို့ ဆုံးဖြတ်လိုက်ပါသည်။ မပျောက်ပျက်ကောင်းဘူး လို့ ထင်ခဲ့၏"

***
ဘယ်လောက်ကောင်းလိုက်တဲ့ တသသ ပြန်ပြောချင်စရာ နာမည်ရွေးပုံပါလိမ့်။ တိုက်တန်းနစ်ထဲမှာ အဘွားရို့စ် ပြောသွားတဲ့

"
အညတရ ပန်းချီဆရာကလေးတစ်ယောက်...
သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။
" ဆိုတာလေးတောင် သတိရမိတယ်။

အဲဒီမှာလည်း ရို့စ် အကယ်ခံရပြီး တဘက်ကမ်းပေါ်ရောက်တော့ လူနာမည်စာရင်းလာကောက်တဲ့သူကို သူ့နာမည်နောက်မှာ Dawson ဆိုတဲ့ Jack ရဲ့ surname ထည့်ပြီး ပြောခဲ့တယ်။


***
ကိုယ်လည်းပဲ သူ့နာမည်လေး တလုံးတလေမှ အမှတ်တရရယ်လို့ မထည့်ခဲ့မိ။ အေးလေ လူရှိနေသေးတာပဲ။

***
ဖြည့်စွက် (12.9.2011 Mon 9:50 am) 


ဗမာပြည်မှာတုန်းက ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ပြောတာဆိုတာ ကြားရရင် မြန်မာအမျိုးသမီးများဟာ အနောက်နိုင်ငံက အမျိုးသမီးများလို လက်ထပ်ပြီးတာနဲ့ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံစရာမလို ဆိုတဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်တဲ့ စကားမျိုး အမြဲတမ်းကြားရတတ်တယ်။ အဲဒီတုန်းကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကိစ္စတွေကို အလကားနေရင်း ဆွဲထည့်နေတယ်ဆိုတာထက် ပိုပြီး ဘာမှ ဆက်မတွေးမိဘူး။

ခုမှ စဉ်းစားမိတယ်။
နောက်ပိုင်းမှာတော့ ထုံးစံဖြစ်သွားလို့ အစဉ်အလာအရ ခင်ပွန်းဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ဆက်ခံကြတာ ဖြစ်ပေမယ့် အဲဒီ အစဉ်အလာရဲ့ အစဦးမှာတော့ ချစ်ခင်တွယ်တာမှုနဲ့ အမြတ်တနိုးထည့်ခဲ့ကြတာသာ ဖြစ်မယ်။

***

Monday, August 9, 2010

'ကြည်အေး' အကြောင်းနဲ့ ဟိုဟိုဒီဒီ

Aung Phyoe: ‎" ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ " ကိုဖတ်ရမှ သည်ကဗျာလေးကို ပိုသဘောပေါက်လာမိသလိုပဲ ။ ဗညားမော်ဟာ ဆရာဒဂုန်တာရာ့ ရဲ့ကိုယ်ပွားလား ။

ငွေလှေပေါ်မှ အနမ်း


Me:
ရုပ်ရှင်တေးကဗျာမှာ နည်းနည်း ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုလား မသိ။


ဒဂုန်တာရာကို သိပ်မစွဲဘူး။ "မေ" ကလွဲလို့လဲ အပြီးထိ ဘာမှ မဖတ်ဖူးပါဘူး။ ဝတ္ထုတို/ရှည်တွေတော့ ဖတ်ဖူးတယ်။ သူ့စာတွေ ဖတ်ရရင် လတ်တလော ကာလမှာမဟုတ်ဘဲ တခြားကမ္ဘာရောက်သွားသလိုပဲ ထင်မိတယ်။


Aung Phyoe: ကြည်အေးကို ကြိုက်ရင် ဒဂုန်တာရာကိုလည်း ကြိုက်မှာပါ .. သူ့ ဝတ္ထုတိုတွေ ၊ ကဗျာတွေရော အရမ်းကောင်းပါတယ် ။ အရှည်တော့ သိပ်မရေးဘူး ထင်တယ် ... ကျတော်ကြိုက်တာက မေ ၊ မြိုင် ... နောက် ကြာပန်းရေစင်

http://www.facebook.com/note.php?note_id=470197151208&id=648609795&ref=mf#!/note.php?note_id=414351696208
သည်ကဗျာလေးလည်း အရမ်းကြိုက်တယ် ။


နောက်တစ်ခုက ကြည်အေးကဗျာတွေ နဲ့ ဒဂုန်တာရာ့ ကဗျာတွေ ယှဉ်ဖတ်ရင် ဆက်နွှယ် မှုတစ်ခုခုကို ခံစားရတတ်တယ် ...

Me: မေ ကို ကြိုက်ပါတယ်။ ကျန်တဲ့ လုံးချင်းတွေကျ မဖတ်ဖူးဘူး။ ဗညားမော်ပါတဲ့တစ်ခုကို နည်းနည်းဖတ်ဖူးတယ်လို့ ထင်နေတယ်။ တေးကဗျာမှာ ပါတဲ့ သူ့ အခန်းဆက်တွေ ဖတ်ဖူးပေမယ့် မကြိုက်ဘူး။ နောက် ဘယ်မဂ္ဂဇင်းမှာလဲ မသိပါသေးတယ် ။ စင်သီယာတို့ ဇာတ်ကောင်တွေနဲ့လေ။

ဝတ္ထုတိုစာအုပ် ဝယ်ဖတ်ဖူးတယ်။ အမှီးလည်းပါတယ်။ သူနဲ့ ကြည်အေးနဲ့ ဆင်ပေမယ့် ကြည်အေးကို အပြည့်အဝကြိုက်တယ်။ သူ့ကို အပြည့် မကြိုက်ဘူး။


ကဗျာကျတော့ နှစ်ယောက်လုံးကို သိပ်မကြိုက်လှတာ =D

ကဗျာ ပါရမီ နည်းတယ်လေ။ ရှည်ရင် ကျော်ဖတ်တော့တာ။ ဒါပေမဲ့ ကြည်အေးကဗျာ အတိုတွေတော့ သေချာ ဖတ်ဖြစ်ပြီး ကြိုက်လည်း ကြိုက်ပါတယ်။

တခါတခါကျ ကိုယ့်ဘာသာ ထင်မိတယ်။ ဟန်ချက်မညီဘူးလို့။

=)


Aung Phyoe: ကြည်အေးထဲမှာ ဖုန်းသက်တိုင် ကိုအကြိုက်ဆုံးပဲ ။ အခုဖတ်နေတယ်ဟုတ်. ... အမှန်ပြောရရင် မေမေစိန်လို မိန်းမမျိုးကို အပြင်မှာတွေ့ဖူးခဲ့တယ် .... ။ တင်တာနှေးရင် ဆောရီးအမရေ ... တစ်ဝက်လောက်ကျန်သေးတယ် ။ သည်တစ်ပတ်အပြီးတင်ပေးမယ် ။

Me: တဝက်တောင် ကျန်သေးတာလား။ ရှည်လိုက်တဲ့ မဂ္ဂဇင်း ဝတ္ထု။

ကြိုက်တယ် ဖုန်းသက်တိုင် ကို။ ခုချိန်ထိ မေမေစိန်နဲ့ ကိုဖုန်းခင် ဇာတ်လမ်းက တကယ်တော့ ဘာမှသိပ် မထူးဆန်းဘူး။ ဒါပေမဲ့ presentation နဲ့ စကားလုံးတွေက အတော်ထူးခြားတယ် ထင်မိတယ်။ ကြည်အေးက စာရေးဖို့ မွေးလာတာပဲ ထင်မိတယ်။


Aung Phyoe: ဟိုတလောက အဆက်အသွယ်ရတယ် ... သူရေးတဲ့အထဲက သူကြိုက်တာတွေရွေးပေးမယ်တဲ့ "မိုး နှင့် သရက်" ဖတ်မိတယ်မဟုတ်လား

Me: ‎'88 တဝိုက်မှာ အားမာန်သစ်က ထုတ်တဲ့ ကြည်အေး ဝတ္ထုတို စာအုပ် အိမ်မှာရှိတော့ ငယ်ငယ်တည်းက အဲဒီ ဝတ္ထုဖတ်ဖူးတယ်။ ငယ်ကတော့ ဘယ်နားလည်မလဲ။ ဒီလိုပဲ တွေ့ရာကောက်ဖတ်မိတာ။ ကြီးတော့ သူ့ စာရေးခြင်းအတတ်ကို အံ့သြမိတယ်။ အဲဒီ ဝတ္ထုတို စာအုပ်ထဲက ကိုယ် အကြိုက်ဆုံးက ရည်းစားကို အမျှော်စိုက်တဲ့ တစ်ပုဒ်ပဲ။ နာမည်ဖော်မရဖြစ်နေတယ်။ စောင့်နေတဲ့သူတစ်ယောက်နေရာက ရေးထားတာကွာ။ အကြောင်းအရာ ဘာမှ မရှိဘူး။ စကားလုံးတွေနဲ့ပဲ လက်ဖျားခါယူရတယ်။

Aung Phyoe: OMG ခုလေးတင်ဖတ်နေတာ တိုက်ဆိုင်လိုက်တာ "ရထားဘီး နှင့် ခဲလုံးများ" မဟုတ်လား

Me: အင်း ဟုတ်လိမ့်မယ်။
ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေသာ ပုံသဏ္ဍာန်တခုခု ခဏဖြစ်ဖြစ် ဆောင်နိုင်စွမ်းရှိရင် လေးထောင့်ကွက်လေးတွေ ပြုတ်ကျလာမည်... ဆိုတာလေးပါတယ်။
=)

အောင်ဖြိုး တင်ထားတဲ့ သူ့စာလေးကို ဖတ်မိပါတယ်။

သူ့ကို ဗျူးကြည့်ပါလား။ အင်တာဗျူး ဖတ်ချင်တယ်။ နောက် သူ့ဝတ္ထုတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု ပြောတာကို ကြားချင်မိတာ။ ဘယ်ဝတ္ထုက ဘယ်လိုဆိုတာမျိုးပေါ့။


နောက်ပြီး သူ နောက်ဆုံးထွက်တဲ့ "မှန်၏မှောင်ရိပ်" နဲ့ "အိမ်ဖြူလင်းသစ်" ကို ဖတ်ရတယ်။ ဒါပေမဲ့ မပြီးသေးဘူး လို့ စိတ်ထဲ ထင်နေတယ်။ ဆက်ထွက်တာလဲ မတွေ့မိဘူး။ အဲဒါ ဆက်ရေးဖြစ် မရေးဖြစ်၊ ထွက်ဖြစ် မထွက်ဖြစ် သိပ်သိချင်တာပဲ။


ကိုယ်က သူ့စာတွေဖတ်ရင် ပုံနှိပ်မှတ်တမ်းရော၊ ကိုယ်ရေးအကျဉ်းရောနဲ့ပါ တကူးတက ယှဉ်တွဲဖတ်မိခဲ့တော့ သူ့စာတွေနဲ့ ပတ်သတ်တဲ့ သူ့ အမြင်တွေကို သိပ်ကြားချင်မိတယ်။ တခြား စာရေးသူတွေလို မီဒီယာနဲ့ တွေ့ဖြစ်သူလည်း မဟုတ်တော့လေ။


Aung Phyoe:
သူ့ သမီးကတောင် မမေးရဲဘူးဆိုတော့ ကျတော်ဆို မပြောနဲ့တော့ .အမှန်ပြောရရင် ကြောက်တယ် ... ။ ကျတော်လည်း သိချင်ပါတယ် အချို့ စာတွေဆို တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...


Me: အော် အဲလိုလား။
ကိုယ်ကတော့ ဖတ်ချင်နေတယ် =(

ဒါနဲ့ (တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...) ဆိုတာကို ဖတ်မိတော့ "နွမ်းလျအိမ်ပြန်" ကို ချက်ချင်း သတိရတယ်။ အောင်ဖြိုးက ဘာတွေကို ပြောချင်တာလဲ။


(ကိုယ်က ဒီလိုပဲ တခုခု စလိုက်ရင် မပြီးတော့ဘူး။ အသက်ကြီးလာပြီလေ LOL)


Aung Phyoe: နွမ်းလျအိမ်ပြန် ၊ လွမ်းအိပ်မက် (ဝတ္ထုတို) ၊ ချိုထွေးနဲ့ ညိုလေး (တို) ...

Me: ‎=) တို နှစ်ပုဒ်ကို မသိဘူး။ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။

ဒီလာခါနီးမှာ ကြည်အေး ဝတ္ထုတို စာအုပ် ၂ အုပ် ဝယ်ဖတ်တယ်။ တအုပ်က ကြွေလုနှင်းဆီနဲ့ နောက်တခုကတော့ ပိုထူပြီး ပိုများတဲ့ ကြည်အေး ဝတ္ထုတိုများဆိုတာ... သေချာတော့ ဖတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလာခါနီး ဖတ်ခဲ့ရတာတွေကို မေ့ကုန်တာ များတယ်။


တော်မှ တော်မှ


Aung Phyoe:
မောင့်ဖို့ကြွေရုပ် ၊ မမြမှီ ၊ မြင့်မားရိပ် ၊ လက်စားချေခြင်း ( အတိုတွေပဲ )


Me: ပြန်တောင် ဖတ်ချင်လာပြီ။ တခုမှ ခေါင်းစဉ်နဲ့ စာ တွဲ မမှတ်မိတော့ဘူး။

Aung Phyoe: နောက်ပိုင်း ရွှေအမြုတေမှာ ရေးတဲ့ "သိမ်းဆည်းမထားမိသော ကောက်ရသည့် စာတစ်စောင်" series တွေထဲက ၂ ပုဒ်လောက်ရှိသေးတယ် ။

Me: ဟုတ်လား။ ခုနောက်ပိုင်းရေးတဲ့ လက်ရာလား။

Aung Phyoe: ၂၀၀၀ နောက်ပိုင်း ကြာတော့ကြာပြီ ။ နောက်ပိုင်းရေးတာ ကိုယ်ရေးအထ္ထုပတ္တိ ဆောင်းပါးတွေ သရဖူမှာ သေချာတော့မဖတ်ရဘူး ... ပေါင်းချုပ်ထုပ်မှာပါ .. သည်တော့မှ

Me: ဟုတ်လား အဲဒါတွေ ကိုယ် မသိဘူး။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖတ်ချင်လိုက်တာ။

Aung Phyoe: အာရင်ဘတ် ရဲ့ "လူများသက္ကရာဇ်များ ဘဝ " လိုပဲ သူသိတဲ့ လူတွေအကြောင်းရေးတာ နည်းနည်းစမ်းဖတ်ကြည့်ချင်ရင် အမြည်းရှိတယ်

http://www.tharahpumag.com/client/artview.php?art_id=261

***
facebook မှာ ပြောဖြစ်တာတွေ။ ဘာရယ်မဟုတ် မှတ်ထားလိုက်ချင်လို့။


***

Sunday, October 4, 2009

နွမ်းလျအိမ်ပြန်

"လူ့ဘ၀ဆိုတာ အဓိပ္ပါယ် ကင်းမဲ့တယ်လို့ အလ်ဒတ်စ် ဟတ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို အယူအဆ အတွေးအခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်။ တခြားကလေးတွေ နေတဲ့ကျောင်းကို ပို့ပြီး အသက်ကြီးလာတော့ တခြားလူတွေ နေသလို နေခိုင်းမလား။"

"တင်မေ့ သဘောကျ မွေးပေါ့ကွယ်"

"အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေနဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်။"

"တော်ပါတော့ မေရယ်။ မင်းဟာက အတွေး တ၀က်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ပဲ။"

"တင်မေ့ဘ၀ဟာလည်း တ၀က်ပြတ်ပါပဲ။"

***
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။


လှမ်းမီပေမယ့်

မောနေပါ့မယ် ခူးမလွယ်ဘူး

မြေ၀ယ်လျောင်းစင်း မောင့်ခြေရင်းက

သက်ဆင်းကြွေလွင့် ခရေပွင့်လေ...


အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

***

ဆရာက မောလျသည့် လေသံကလေးဖြင့် "ကြွေပွင့်ဆိုတာ ဘယ်သူလဲကွယ်" ဟု မေးလေရာ...

"ကိုကျော်နဲ့ ပေးစားမယ် ဆိုတဲ့ မိန်းကလေးလေ။"

တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင် စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှိ၏။
အချစ်သည် သေခြင်းလို ပြင်းထန်ပြီး၊ သ၀န်ကြောင်စိတ်သည် မြှုပ်သည့် ကျင်းပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာလေးသာ မှန်သောသစ္စာတရား ဖြစ်လျှင်တော့ တင်မေသည် ကိုကျော်ကို ချစ်လည်းမချစ်၊ သူ့ကောင်မလေးကိုလည်း သ၀န်မကြောင်ဟု ဆိုရပေတော့မည်။

ကိုယ့်ဘာသာလည်း ၀န်ခံ၊ ဖွင့်ပြီးလည်း ပြောမိသေးသည်မှာ...
"ဒီကောင်မလေးဟာ ကိုကျော့်အဖို့ တင်မေ့ထက် ပိုပြီး သင့်တော်တာပဲ။"

သူ့ကောင်မလေး၏ ထင်ရှားသည့် ဂုဏ်မှာ အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်။
မိခင်၏ ကြင်နာခြင်းမျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မိန်းမ၏ အချစ်အပြင် ရရှိပေဦးမည်။
ဘယ်လောက်တော်သည့် ယောက်ျားမျိုးပဲ ဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်မောသည်ဟု ထင်မိလေသည်။

ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။

(ကြည်အေး - နွမ်းလျအိမ်ပြန် မှ)

(စာကြွင်း။ ။ အဲဒီ Theory ကို ခုထိ နားကို မလည်နိုင်သေးဘူး။
ဘာကို ပြောချင်မှန်းကို မသိတာ။)

***

ဖတ်စရာ ရှိတာ၊ ကြည့်စရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ ပစ်ပြီး ခုတလော "နွမ်းလျအိမ်ပြန်" ကို ရောက်တဲ့နေရာက ကြုံသလို အပြန်ပြန် ဖတ်နေမိတယ်။

***
ဟိုအဝေးမှာ

မင်း...


ရှိသလား ... ချစ်သူရယ်...


တလက်လက် လင်းတဲ့ ကြယ်ကလေး ဆီမှာလေ...

(Rita - လွင့်ပါးပျောက်ရှ မှ)

***
Update :

အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။

'64 ခုနှစ်ဆီက အရေးအသားလေ။
(တကယ်ရေးခဲ့တဲ့ အချိန်က 1945 ၀န်းကျင်လောက်မှာ ဖြစ်နိုင်ပါတယ်... 1964 က 1st publication လုပ်တဲ့အချိန်)
ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။

တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
:)

(မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)

တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။

ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

***